အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇)
လက်ရည်သွေးခြင်းထက် ပိုသောအရာ မရှိ
အခမဲ့မှစ၍၊ အသင်းဝင်ရန် (၁) လီ ပေးရခြင်း၊ ထို့နောက် ဆံပင်ဆိုးရန် (၅) ဖန် ပေးရခြင်း၊ နောက်ဆုံးတွင် ဆံပင်ပေါင်းတင်ရန် (၅) ဖန် ပေးရခြင်းအထိ...၊
စုစုပေါင်းအားဖြင့် ထျန်ဝမ်သည် ဆံသဆိုင်မှ (၅.၆) ဖန်အထိ အလိမ်ခံလိုက်ရလေသည်။ ယနေ့ခေတ် (၅.၆) ဖန် သည် ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ် (၅၆,၀၀၀) နှင့် ညီမျှကြောင်း သိထားသင့် ပေ သည်။ ရိုးရှင်းစွာ ဆံပင်ညှပ်လိုရုံမျှဖြင့် ဤမျှ ငွေများစွာ ကုန်ကျခဲ့ခြင်းကို မည်သူမျှ လက်ခံနိုင်မည် မဟုတ်ပေ။
ထို့ပြင် ထျန်ဝမ်သည် သားဖြစ်သူ လျန်ထျန်းက သူမ၏ ဘဏ်စာရင်းထဲသို့ ငွေများစွာ ထည့်ပေးထားသော်လည်း အမြဲတမ်း ဆင်းရဲချို့တဲ့စွာ နေထိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ကုန်ကျသွားသော ငွေပမာဏမှာ... မဟုတ်ပေ၊ အလိမ်ခံလိုက်ရသော ငွေပမာဏမှာ သူမအတွက် ခံနိုင်ရည်ရှိသည့် ပမာဏထက် များပြားလွန်းနေသဖြင့် စိတ်ဖိစီးမှုများ စုပုံလာကာ ယခင်ရောဂါဟောင်း ပြန်လည် ဖောက်လာခဲ့တော့သည်။
ထို့နောက် လျန်သရှန်းက သားဖြစ်သူ လျန်ထျန်းထံ အမြန်ဖုန်းဆက်ခဲ့ရာ လျန်ထျန်းလည်း အက်စ်မြို့တော်မှ ညတွင်းချင်း အပြေးအလွှား ပြန်လာခဲ့လေသည်။ အကြောင်းစုံကို နားလည်သွားပြီးနောက် ဆေးရုံကုတင်ပေါ် တွင် ငိုကြွေးနေသော မိခင်ဖြစ်သူကို မြင်သောအခါ လျန်ထျန်းက အမြန် နှစ်သိမ့်ပေးလိုက်သည်။
"မေမေ... ဘာမှမဖြစ်ဘူး၊ အခုချိန်မှာ ဒီလောက် ငွေပမာဏက သားအတွက် ဘာမှမဟုတ်ပါဘူး...။"
"ပြီးတော့ မေမေ အလိမ်ခံရတယ်ဆိုတာ တခြားလူတွေလည်း အများကြီး အလိမ်ခံရနိုင်တယ်ဆိုတဲ့ သဘောပဲ...၊ သားက အလိမ်ခံရတဲ့ သူတွေအားလုံးကို စုစည်းပြီး မေမေ့အတွက် တရားမျှတမှု ရအောင် လုပ်ပေးမယ်...။"
လျန်ထျန်း၏ စကားကို ကြားပြီးနောက် ထျန်ဝမ်က စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်။
"သား...၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့...။ အဲ့ဓီ ဆံသဆိုင်မှာ အလုပ်မလုပ်ဘဲ လူမိုက်ရုပ်ပေါက်နေတဲ့ သူတွေ အများကြီး ရှိတယ်...။ သူတို့ လက်မောင်းတွေမှာလည်း တက်တူးတွေ အပြည့်ပဲ...။"
"သားအဖေက ရဲကို ဖုန်းဆက်ပြီးပြီ၊ သူတို့ အားတဲ့အခါ စုံစမ်းပေးမယ်လို့ ပြောတယ်...။ အဲ့ဒါကြောင့် အမေတို့ စောင့်နေလိုက်ရင် မကောင်းဘူးလား...။"
မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ လျန်ထျန်းမှာ ပြုံး၍သာ ထပ်မံ နှစ်သိမ့်ပေးလိုက်ရလေသည်။
"စိတ်မပူပါနဲ့ မေမေ...။ သား ဘာလုပ်ရမလဲဆိုတာ သေချာ သိပါတယ်...။"
တကယ်တမ်းတွင်လည်း လျန်ထျန်းသည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို တိကျစွာ သိရှိထားလေ သည်။ တန်ကော်ဟွာ အက်စ်မြို့တော်သို့ ပြောင်းရွှေ့မသွားမီက အယ်လ်မြို့တော်တွင် ဤကဲ့သို့သော အခြေအနေ မျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးပေ။ တိုက်ဆိုင်လိုက်သည်ဖြစ်ခြင်း၊ တန်ကော်ဟွာ ပြောင်းရွှေ့သွားပြီး မကြာမီမှာပင် အယ်လ်မြို့တော်၌ ဤကိစ္စရပ် ဖြစ်ပေါ်လာခဲ့သည်။
ဤသည်က ထိုဆံသဆိုင်တွင် "အဆက်အသွယ်များ" ရှိနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေပြီး၊ ထိုသို့မဟုတ်ပါက နေ့ခင်းကြောင်တောင် ဤကဲ့သို့ လူများကို လိမ်လည်ရဲမည် မဟုတ်ပေ။
ဆေးရုံမှ ထွက်လာပြီးနောက် လျန်ထျန်းသည် သူ စီးနင်းလာခဲ့သော ရဲကားပေါ်သို့ ပြန်တက်လိုက်လေသည်။ ဟုတ်ပေသည်၊ လျန်ထျန်းကို အယ်လ်မြို့တော်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ရဲအရာရှိမှာ ပြန်မသွားသေးပေ။ ယင်းအစား ညွှန်ကြားရေးမှူးတန်၏ ညွှန်ကြားချက်အတိုင်း လျန်ထျန်းကို ဆက်လက် ကူညီပေးရန် ကျန်ရစ်နေ ခဲ့ခြင်း ဖြစ်သည်။
ဤရဲအရာရှိမှာ အယ်လ်မြို့တော်၌ရှိစဉ်က တန်ကော်ဟွာ၏ ယုံကြည်ရသော လက်ယုံတစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါ တွင် ရွှေရောင်လိုင်းနှစ်ကြောင်းနှင့် ကြယ်သုံးပွင့်ပါရှိသော အကြီးတန်း ရဲမှူးတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ရာထူးအ ဆင့်အရ ဆိုရလျှင် သူသည် အယ်လ်မြို့တော် ရဲဌာနချုပ်၏ ညွှန်ကြားရေးမှူးအသစ်နှင့် တန်းတူဖြစ်သည်။ အကယ်၍ သူတို့သာ ဆုံတွေ့ခဲ့ပါက တစ်ဖက်လူက သူ့ကို ပို၍ပင် ရိုသေလေးစားရပေလိမ့်မည်။
လျန်ထျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ့အား ပြောလိုက်လေသည်။
"အရာရှိလီ...၊ ကျွန်တော့်အမေ အလိမ်ခံလိုက်ရတယ်...။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရင် အကောင်းဆုံး ဖြစ်မလဲ...။"
ထို့နောက် လျန်ထျန်းက မိခင်ဖြစ်သူ မည်သို့ အလိမ်ခံခဲ့ရသည်ဟူသော အသေးစိတ်အချက်အလက်များကို အရာရှိလီအား ပြောပြလိုက်လေသည်။ တန်ကော်ဟွာ ယုံကြည်ရသူများကို လျန်ထျန်းကလည်း များစွာ ရိုသေ လေးစားပြီး သူတို့နှင့် စကားပြောရာတွင် အမြဲတမ်း ယဉ်ကျေးသော အသုံးအနှုန်းများကိုသာ သုံးနှုန်းလေ့ရှိသည်။
နားထောင်ပြီးနောက် အရာရှိလီက ခေါင်းညိတ်ကာ ခေတ္တမျှ စဉ်းစားပြီး ပြန်လည်ဖြေကြားလေသည်။
"မစ္စတာလျန်...၊ စိတ်မပူပါနဲ့...။ ညွှန်ကြားရေးမှူးတန်က ကျွန်တော့်ကို ခင်ဗျားကို ကူညီဖို့ ပြန်လွှတ်လိုက် ကတည်းက ကိစ္စအားလုံးကို သေချာ ဖြေရှင်းပြီးမှပဲ ပြန်သွားမှာပါ...။"
"တပြိုင်နက်တည်းမှာပဲ အဲ့ဒီဆိုင်က တော်တော်လေး ရဲတင်းလွန်းနေတယ်...။ ကျွန်တော်တို့ ဒီကနေ ထွက်သွား တာ သိပ်မကြာသေးဘူး၊ သူတို့က ဒီလောက်ထိ မိုက်ရိုင်းရဲတယ်ဆိုတော့ သူတို့နောက်ကွယ်မှာ တစ်ယောက် ယောက်တော့ ကျိန်းသေ ရှိနေရမယ်...။"
"ကျွန်တော် အယ်လ်မြို့တော် ရဲဌာနချုပ်ကို စုံစမ်းခိုင်းလိုက်မယ်...။ ပြီးတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင် ဖက်ဟောင်း တချို့ကိုလည်း ဘာတွေဖြစ်နေလဲဆိုတာ စုံစမ်းခိုင်းလိုက်မယ်...။ အဲ့ဒီနောက်မှာတော့ ဒီကိစ္စရဲ့ နောက်ကွယ်က လက်မည်းကြီးကို ရှာဖွေပြီး ဖြတ်တောက်စ်ပစ်ရမှာပဲ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ များစွာ ဝမ်းသာသွားလေသည်။
"ကျေးဇူးတင်ပါတယ် အရာရှိလီ...။ ကျွန်တော်လည်း အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းကို စုံစမ်းခိုင်းလိုက်ပါ့မယ်...။ ကျွန်တော်တို့ ဘက်ပေါင်းစုံကနေ ပူးပေါင်းပြီး အလုပ်လုပ်ကြတာပေါ့...။"
"အကယ်၍ တစ်ချို့နေရာတွေမှာ အတားအဆီးတွေနဲ့ ကြုံလာရရင်တောင် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ဖြစ်တဲ့ မစ္စတာဝမ်ကို ဝင်ပါခိုင်းလို့ ရပါတယ်...။ အရာရှိလီ...၊ ဒီကိစ္စအတွက် အကူအညီလိုရင် အချိန်မရွေး ပြောပါ...။"
နေ့ဝက်ခန့်အကြာတွင်တော့ ဆံသဆိုင်နှင့် ပတ်သက်သည့် အချက်အလက်အားလုံး လျန်ထျန်း၏ လက်ထဲသို့ ရောက်ရှိလာခဲ့လေသည်။ အချက်အလက်များကို ဖတ်ရှုပြီးနောက် လျန်ထျန်းမှာ အလွန်ဒေါသထွက်သွားသဖြင့် နဖူးမှ သွေးကြောများပင် ထောင်တက်လာကာ စားပွဲကို ညာဘက်လက်သီးဖြင့် အပြင်းအထန် ထုချလိုက် တော့သည်။
“’ဒုန်း...”
"တောက်...၊ ဒါက ဆံသဆိုင် မဟုတ်ဘူး၊ မသမာတဲ့ ဂိုဏ်းတစ်ခုပဲ...။"
"ကျွန်တော့်အမေလို လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေတင် မဟုတ်ဘူး၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက သာမန် ပြည်သူတွေလည်း အများကြီးပဲ...။"
"ရက်အနည်းငယ်အတွင်းမှာတင် လူဒါဇင်ပေါင်းများစွာ အလိမ်ခံခဲ့ရတယ်...။ သူတို့က ပိုက်ဆံရှိတဲ့သူနဲ့ တွေ့ရင် နောက်ထပ် လီအနည်းငယ် ပိုပြီး လိမ်ဖို့ ကြိုးစားကြတယ်...။"
"ပိုက်ဆံမရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေလို လူတွေကိုတောင် အွန်လိုင်းကနေ ငွေချေးဖို့ အတင်းအကျပ် ခိုင်း စေကြတယ်...။ သူတို့ ပြန်ဆပ်နိုင်မလားဆိုတာကို လုံးဝ ဂရုမစိုက်ကြဘူး...။"
သူ၏ဘေးတွင် အရာရှိလီကလည်း မှုန်ကုပ်နေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
"ရဲစခန်းက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်ဟောင်း တချို့ ပေးပို့လာတဲ့ အချက်အလက်တွေအရ သူတို့လည်း မကြာ သေးခင်က သည်ဆံသဆိုင်နဲ့ ပတ်သက်ပြီး တိုင်ကြားစာတွေ အများကြီး လက်ခံရရှိခဲ့တယ်လို့ ဆိုတယ်...။"
"ဒါပေမဲ့ သူတို့ သွားရောက် စစ်ဆေးဖို့ ကြိုးစားတိုင်း ညွှန်ကြားရေးမှူးအသစ်က လူလွှတ်ပြီး တားဆီးတယ်...။ ဒီကိစ္စက စျေးကွက်ကြီးကြပ်ရေးဌာနက ကိုင်တွယ်ရမယ့် ကိစ္စဖြစ်လို့ ရဲတွေ ဝင်စွက်ဖက်ခွင့် မရှိဘူးလို့ ပြောတယ်တဲ့...။"
"ညွှန်ကြားရေးမှူးအသစ်က အပြင်ကနေ ပြောင်းလာတာဆိုတော့ ပါဝင်ပတ်သက်နေတဲ့ အကျိုးစီးပွားတွေ အများကြီး ရှိနိုင်တယ်...။ ဒီကိစ္စကို ရဲတွေကိုချည်း အားကိုးပြီး တိုက်ရိုက် ဖြေရှင်းဖို့ဆိုတာ ခက်ခဲလိမ့်မယ်..။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ဝါးစားပစ်ချင်လောက်အောင်ပင် ဒေါသထွက်သွားရလေသည်။
"ဒါတောင်မှ အယ်လ်မြို့တော်ရဲ့ ဆံသစျေးကွက်ကို ဒီကင်ဆာဆဲလ်က ဖျက်ဆီးပစ်တာကို ကျွန်တော်တို့ ခွင့်ပြုလို့ မရဘူး...။"
"ဒီပြဿနာရဲ့ ဇစ်မြစ်က အဲ့သည် ညွှန်ကြားရေးမှူးအသစ်ဆီမှာ ရှိနေမှတော့ သူ့ဆီ ရောက်နိုင်မယ့် နည်းလမ်း တစ်ခုခုကို ကျွန်တော် ရှာရလိမ့်မယ်...။"
နောက်တစ်နေ့တွင် မစ္စတာဝမ်၏ မိတ်ဆက်ပေးမှုမှတစ်ဆင့် လျန်ထျန်းသည် အချမ်းသာဆုံးကော်ပိုရေးရှင်း၏ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး အနေဖြင့် ညွှန်ကြားရေးမှူးအသစ်နှင့် တွေ့ဆုံခဲ့လေသည်။ တွေ့ဆုံပြီးနောက် လျန်ထျန်းက ပြုံးကာ သူ့အနေဖြင့် မိတ်ဆွေဖွဲ့လိုကြောင်း ပြောဆိုလိုက်သည်။ ထို့နောက် သေတ္တာအနည်းငယ်ကို ယူလာစေခဲ့ရာ ယင်းသေတ္တာများထဲတွင် ရွှေများ အပြည့်ပါဝင်နေလေသည်။
ရာထူးအသစ် ခန့်အပ်ခံရသော ညွှန်ကြားရေးမှူးသည် ဝါရင့်တစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။ သူသည် ဤအခြေအနေကို အနည်းငယ်မျှပင် အံ့ဩခြင်း မရှိဘဲ တုံ့ဆိုင်းခြင်းမရှိ လက်ခံလိုက်လေသည်။ လှုပ်ရှားမှုမှာ ချောမွေ့လွန်းလှပြီး ကျွမ်းကျင်လှသဖြင့် သူ၏ အတွေ့အကြုံများစွာ ရှိကြောင်းကို ပြသနေလေသည်။
သို့သော်လည်း သူရရှိထားသောအရာများကို မခံစားရမီမှာပင် အရာရှိလီနှင့်အတူ အစိုးရရှေ့နေများက သူ၏ ရုံးခန်းထဲသို့ ဝင်ရောက်လာကာ သက်သေခံပစ္စည်းများနှင့်အတူ သူ့အား ဖမ်းဆီးလိုက်တော့သည်။
သတင်းအချက်အလက်များကို အပြည့်အဝ ပိတ်ဆို့ထားပြီး နာရီပေါင်းများစွာ လျှို့ဝှက် စစ်ဆေးမေးမြန်းပြီး နောက်တွင် ညွှန်ကြားရေးမှူးအသစ်သည် အယ်လ်မြို့တော်သို့ မပြောင်းရွှေ့မီက သူကျူးလွန်ခဲ့သမျှ အရာအားလုံး အပါအဝင် အကြောင်းစုံကို ဝန်ခံလိုက်တော့သည်။
စစ်ဆင်ရေး တစ်လျှောက်လုံးတွင် လျန်ထျန်းက သူ၏ ပုံမှန် စီးပွားရေးလုပ်ငန်းများ၌ "အခက်အခဲများ ကြုံတွေ့ စေရန်" ဖန်တီးခံရသဖြင့် ညွှန်ကြားရေးမှူးအသစ်အား ငွေအမြောက်အမြား ပေးရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ကြောင်း ဇာတ်လမ်းတစ်ပုဒ် ဖန်တီးခဲ့လေသည်။ ထို့ပြင် ဤလုပ်ငန်းစဉ်အတွင်း မည်သည့် မတရား သော အကျိုးအမြတ်ကိုမျှ မရရှိခဲ့သဖြင့် ဤသည်မှာ လာဘ်ပေးလာဘ်ယူမှု မမြောက်သဖြင့် လျန်ထျန်းမှာ အပြစ်ကင်းလွတ်သွားလေသည်။
ချက်ချင်းပင် လျန်ထျန်းသည် ဆံသဆိုင်သို့ တစ်ဦးတည်း ထွက်လာခဲ့လေသည်။ ဤအချိန်တွင် ဆံသဆိုင်ရှေ့၌ လူအုပ်ကြီး စုရုံးနေကြပြီး သူတို့အားလုံးမှာ ယခင်က အလိမ်ခံခဲ့ရသူများ ဖြစ်ကြသည်။
သို့သော် ရွှေရောင် ဆံပင်ဆိုးထားသော မိန်းမလျာဆန်ဆန် အမျိုးသားတစ်ဦးက ဆိုင်ထဲမှ ထွက်လာပြီး လူအုပ် ကြီးအား ပြောလိုက်သည်။
"ကျွန်တော့်ကို လာမရှာကြပါနဲ့တော့...။ ဒီဆိုင်က ပိုင်ရှင်ပြောင်းသွားပါပြီ...၊ ကျွန်တော်က ဆံပင်ညှပ်ဆရာ အသစ် တိုတီ ပါ...။"
"ခင်ဗျားတို့ အရင်က ဒီမှာ လုပ်ခဲ့တာတွေ၊ ငွေဖြည့်ခဲ့တာတွေ အားလုံးအတွက် ငွေပြန်အမ်းပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး...။"
"ဒါပေမဲ့ ကျွန်တော်က သဘောကောင်းတဲ့သူမို့လို့ ခင်ဗျားတို့ ကြုံတွေ့ခဲ့ရတာတွေအတွက် အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်... ။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ချက်ချင်းပဲ ချမှတ်လိုက်တာပါ...။"
"အကယ်၍ ခင်ဗျားတို့ အခု ကျွန်တော့်ဆီမှာ ငွေပမာဏတစ်ခု ထပ်ဖြည့်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ယခင် အသင်း ဝင်ကဒ်ထဲက လက်ကျန်ငွေကို ကျွန်တော် အသိအမှတ်ပြုပေးပါ့မယ်...။"
"လာကြ...၊ လာကြ...။ နေရာအကန့်အသတ်ပဲ ရှိပါတယ်...။ ပထမဆုံး လူ (၁၀၀) အတွက်ပဲ သတ်မှတ်ထားတာ ပါ...။ နောက်ကျရင်တော့ လွဲသွားလိမ့်မယ်...။ မြန်မြန် တန်းစီကြပါ...။"
လျန်ထျန်းသည် ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရလေသည်။ မည်သူမှ ထပ်ပြီး အရူးခံရမည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း အံ့သြစရာကောင်းလောက်အောင်ပင် အချို့သောသူများမှာ အမှန်တကယ် တန်းစီကာ သူတို့၏ အကောင့်များထဲသို့ ငွေများ ထပ်ဖြည့်နေကြလေသည်။
သို့သော် သေချာ ပြန်စဉ်းစားကြည့်မည်ဆိုပါက သူတို့ကိုလည်း အပြစ်တင်၍ မရနိုင်ပေ။ လူတိုင်းတွင် နစ်မြုပ်နေ သော ကုန်ကျစရိတ်များအပေါ် နှမြောတွန့်တိုတတ်သည့် စိတ်ပညာ သဘောတရား ရှိနေကြသည်။ နစ်မြုပ်နေ သော ကုန်ကျစရိတ် စိတ်ပညာဟူသည်မှာ လူတို့သည် မိမိတို့ ရင်းနှီးမြှုပ်နှံထားသော အချိန်၊ ကြိုးစားအားထုတ် မှုနှင့် ငွေကြေးများကြောင့် ဆုံးရှုံးမှုများကို လက်ခံရန် ခက်ခဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
ဆက်လက် လုပ်ဆောင်ခြင်းက ပိုမိုကြီးမားသော ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေမည်ကို သိထားသော်လည်း သူ တို့သည် အခြေအနေကို ကယ်တင်နိုင်မည်ဟူသော မျှော်လင့်ချက်လေးတစ်ခုကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဤကိစ္စတွင် ဆိုင်ပိုင်ရှင် ပြောင်းသွားသောကြောင့် သူတို့ ယခင်က ဖြည့်သွင်းထားသော ငွေများကို အသင်းဝင် ကဒ် လက်ကျန်ငွေအဖြစ် အသိအမှတ် မပြုတော့ပေ။
ဤအချိန်တွင် ဆိုင်က ရုတ်တရက် သူတို့ကို သနားစာနာဟန်ပြကာ "ကိုယ်ချင်းစာ" ကြောင်းနှင့် ငွေအနည်းငယ် ထပ်ဖြည့်ပါက ယခင် အသင်းဝင်ကတ် လက်ကျန်ငွေကို အသိအမှတ်ပြုပေးမည်ဟု ဆိုလာသည်။
ပြင်ပလူတစ်ဦးအနေဖြင့် ဤအကြောင်းကို ကြားသည်နှင့်တစ်ပြိုင်နက် ဤသည်မှာ နောက်ထပ် လှည့်ကွက် တစ်ခုမျှသာ ဖြစ်ကြောင်းကို ချက်ချင်း နားလည်နိုင်ပေသည်။
သို့သော် အခြေအနေတစ်ခုအတွင်း နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေသူများသည် မိမိကိုယ်ကို ရုန်းထွက်ရန် မကြာ ခဏ ခက်ခဲတတ်ကြပြီး ဤအချိန်မျိုးတွင် သူတို့အား အလင်းပြပေးမည့် တစ်စုံတစ်ယောက် ပေါ်လာရန် လိုအပ် ပေသည်။
"အားလုံးပဲ ခဏလေး စောင့်ကြပါဦး...။ ခင်ဗျားတို့ အရူးခံရတာ မလုံလောက်သေးဘူးလား...။"
အသံချဲ့စက်မှတစ်ဆင့် ထွက်ပေါ်လာသော ကျယ်လောင်သည့် အော်သံကြောင့် လူတိုင်း၏ အာရုံစိုက်မှုသည် သူတို့၏ အနောက်ဘက်ဆီသို့ ရောက်ရှိသွားလေသည်။ ထိုသူမှာ အသံချဲ့စက်အကြီးကြီးကို ကိုင်ဆောင်ထား သော လျန်ထျန်းပင် ဖြစ်ပြီး သူ၏ အော်ဟစ်သံက လိမ်လည်ခံရတော့မည့် သူများအား ချောက်ကမ်းပါးစွန်းမှ နောက်သို့ ပြန်ဆွဲခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ချက်ချင်းပင် လျန်ထျန်းသည် လူအုပ်ကြီးကြားမှ ဖြတ်လျှောက်သွားကာ အသံချဲ့စက်ဖြင့် ဆက်လက် အော်ဟစ် လိုက်လေသည်။
"ခင်ဗျားတို့ ဘယ်လို အလိမ်ခံခဲ့ရလဲဆိုတာ သေချာ ပြန်စဉ်းစားကြည့်ကြပါ...။ သူက ခင်ဗျားတို့ရဲ့ အသင်းဝင် ကဒ်ထဲက ငွေတွေကို အသိအမှတ်ပြုတယ်ဆိုရင်တောင် ဘာလုပ်လို့ရမှာလဲ...။"
"ခင်ဗျားတို့ ငွေထပ်ဖြည့်လိုက်တာနဲ့ သေချာပေါက် ဆက်ပြီး အခေါင်းခံရ၊ အလိမ်ခံရမှာပဲ...။ ဒီလောက် ငွေ ပမာဏနဲ့ဆိုရင် တရားဝင် ဆံသဆိုင်တစ်ဆိုင်မှာ နှစ်ပေါင်းများစွာ သုံးလို့ရနိုင်ပါတယ်...။"
"ကျွန်တော့်အမေလည်း ဒီမှာ အလိမ်ခံခဲ့ရတဲ့ သားကောင်တွေထဲက တစ်ယောက်ပါပဲ...။ ဆံပင်ဆိုးတာကို ဦးရေပြား ဧရိယာအကြီး (၁၂) ခု၊ ဧရိယာအသေး (၁၂၀) ခွဲပြီး စုစုပေါင်း (၁.၂) ဖန်တောင် ကုန်ကျခဲ့တာ...။"
"ပိုပြီး ဒေါသထွက်စရာ ကောင်းတာက ဆံပင်ဆိုးပြီးနောက်ပိုင်း ထိန်းသိမ်းတဲ့ ကိစ္စပဲ...။ ဆံပင်တစ်ချောင်းချင်းစီ အလိုက် ပိုက်ဆံကောက်တာမျိုး ခင်ဗျားတို့ ကြားဖူးသလား...။ ဆံပင်တစ်ချောင်းကို တစ်မီလီတဲ့...။ လူတစ် ယောက်မှာ ပုံမှန်အားဖြင့် ဆံပင် တစ်သိန်းလောက် ရှိတော့ စုစုပေါင်း တစ်ဖန်တောင် ကျသင့်တယ်လေ...။"
"သည်လို ဈေးနှုန်းမျိုးနဲ့ဆိုရင် ငွေထပ်ဖြည့်တာက ဘာအဓိပ္ပာယ် ရှိမှာလဲ...။ အဲ့ဒါက ခင်ဗျားတို့ကို တစ်ခါတည်းနဲ့ အမြစ်ပြတ်အောင် ရိတ်သင်ပစ်လိုက်မှာပဲ၊ ပြီးတော့ ခင်ဗျားတို့ တဖြည်းဖြည်း ပြန်ရှည်လာတဲ့အခါကျရင်လည်း ထပ်ခါတလဲလဲ အရိတ်ခံရဦးမှာပဲ...။"
ဤစကားများက လူအုပ်ကြီး၏ ရင်ထဲသို့ နက်ရှိုင်းစွာ ရိုက်ခတ်သွားလေသည်။ သို့သော် ဆံပင်ညှပ်ဆရာ တိုတီ က ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ အောင်မြင်လု နီးပါး ဖြစ်နေချိန်တွင် လျန်ထျန်းက သူ၏ အစီအစဉ်များကို ဖျက်ဆီးပစ်လိုက်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် တိုတီသည် ဟန်ဆောင်အပြုံးတစ်ခုကို အမြန်ဆင်မြန်းကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ တစ်ခြားဆိုင်ရဲ့ အမှားအတွက် ကျွန်တော်တို့ကို အပြစ်လာတင်လို့ မရဘူးလေ...။ ကျွန်တော်တို့က အပြစ်ကင်းပါတယ်...။"
"ပြီးတော့ ဒီတစ်ခါ ကျွန်တော်တို့က ဈေးနှုန်းတွေ အားလုံးကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာမို့ အားလုံး စိတ်ချလို့ ရပါတယ်...။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျွန်တော်က စေတနာသက်သက်နဲ့ လုပ်ပေးတာမို့လို့ နောက်ကျရင်တော့ ကုန်သွားလိမ့်မယ်...။"
"ဟေး...၊ တန်းစီနေတဲ့အထဲက အရှေ့ဆုံးက လူ၊ ခင်ဗျား ငွေဖြည့်မှာလား၊ မဖြည့်ဘူးလား...။ မဖြည့်ဘူးဆိုရင် ဘေးဖယ်လိုက်...။ ခင်ဗျားနောက်မှာ တန်းစီစောင့်နေတဲ့ လူတွေ ရှိသေးတယ်...။ သူတို့ကို အချိန်မဆွဲပါနဲ့...။"
ဤလိမ်လည်သူများမှာ အတော်လေး ကျွမ်းကျင်ကြသည်ဟု ဆိုရပေမည်။ ချီတုံချတုံ ဖြစ်နေသူများပင် ငွေပြန် ဖြည့်လိုစိတ် ပေါ်လာကြပြန်သည်။ အခြေအနေမှာ သူမျှော်လင့်ထားသည်ထက် ပိုမို ဆိုးရွားလာသည်ကို မြင်သောအခါ လျန်ထျန်းက အံကြိတ်ကာ ခြေဆောင့်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားကာ ငွေပေးချေတော့မည့် သူအား တိုက်ရိုက် တားဆီးလိုက်လေသည်။
သို့သော် ယခုအခါတွင် သူသည် ဆံသဆိုင်၏ စီးပွားရေးကို 'ခိုးယူ' နေခြင်း ဖြစ်သောကြောင့် ဆံပင်ညှပ်ဆရာ တိုတီအနေဖြင့် မည်သို့ လျစ်လျူရှုထားနိုင်မည်နည်း။
"ခွေးကောင်...၊ မင်းက သေချင်နေတာလား...။"
သို့သော် တိုတီ၏ ကြမ်းတမ်းသော စကားများ မဆုံးမီ၊ သူ၏လက်ထဲတွင် ကတ်ကြေးကို တစ်ဝက်တစ်ပျက် မြှောက်ထားဆဲဖြင့် ခေတ္တမျှ ဟန်ရေးပြနေစဉ်မှာပင်။ လျန်ထျန်း၏ လက်ချောင်းများကြားတွင် တစ်ယွမ်တန် ငွေစက္ကူတစ်ရွက် ပါရှိနေပြီး၊ စကားပြောရပ်တန့်သွားကာ လှုပ်ရှားမှုများ ရပ်တန့်သွားသော တိုတီအား ဆိုလိုက်သည်။
"ဒီငွေကို ငါ ဖြည့်လိုက်မယ်...။ မင်း ငါ့ကို သည်ငွေတွေအကုန် သုံးခွင့်ပေးဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာ ကြည့်ကြသေးတာပေါ့...။"