အခန်း ၃၁၃
Vol. 32 Ch. 313
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၃)
" ဝေရဲ့ အရှင်ရှင်းလင်း ရှိပါလား။ " ကျန်းမင်က မြို့ရိုးအောက်သို့ ရောက်သည်နှင့် အော်ပြောလိုက်သည်။
" ငါဒီမှာ ရှိတယ်။ မင်းအညံ့ခံဖို့ လာဖြောင့်ဖျတာဆိုရင် စကားတွေ ပြောနေစရာ မလိုတော့ဘူး။ " ဝေဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျုပ်တို့ စစ်သေနာပတိချုပ်က အရှင်ရှင်းလင်းနဲ့ တွေ့ဆုံချင်ပါတယ်။ " ကျန်းမင်က ပြောလိုက်သည်။
" ကျောက်ဖုန်းက ငါနဲ့ တွေ့ချင်လို့လား။ " ဝေဝူကျိက အနည်းငယ် အံ့ဩသွားသည်။
" ကျုပ်က စစ်သေနာပတိချုပ်ရဲ့ အမိန့်အရ လာရောက်ဖိတ်ခေါ်တာပါ။ "
"အရှင် မြို့ထဲက ထွက်မသွားသင့်ပါဘူး။ "
" ဟုတ်ပါတယ်။ အရှင်က ကျွန်တော်တို့ ဝေရဲ့ အဓိကထောက်တိုင်ပါ။ တကယ်လို့ ကျောက်ဖုန်းက ရန်ပြုဖို့ ကြိုးစားလာရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ "
" အရှင် သေချာစဉ်းစားပါ။ "
ဝေတပ်မှူးများက လျင်မြန်စွာ တားဆီးလိုက်ကြသည်။
" တကယ်လို့ ကျောက်ဖုန်းက ဒီလိုလုပ်ပြီး ငါ့ကို သတ်မယ်ဆိုရင် တစ်လောကလုံးက သူကို ကဲ့ရဲ့ကြလိမ့်မယ်။ ပြီးတော့ ငါတကယ်ပဲ ကျောက်ဖုန်းနဲ့ တွေ့ပြီး စကားပြောချင်တယ်။ " ဝေဝူကျိက လက်မြှောက်ပြီး ပြောလိုက်သည်။
" ခြင်းတောင်းနဲ့ အတင်အချလုပ်ဖို့ ပြင်လိုက်။ " ဝေဝူကျိက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
" ဒါဆို ကျုပ် စစ်သေနာပတိချုပ်ကို အကြောင်းကြားလိုက်ပါမယ်။ " ကျန်းမင်က နောက်ပြန်လှည့်သွားသည်။
ထိုအချိန်တွင် ဝေဝူကျိက မြို့ရိုးပေါ်မှ ခြင်းတောင်းထဲသို့ ဝင်ပြီး အောက်သို့ ဆင်းလာခဲ့သည်။
ချင်စစ်တပ်တွင်။
" စစ်သေနာပတိချုပ် ဝေဝူကျိက တွေဖို့ သဘောတူလိုက်ပါတယ်။ " ကျန်းမင်က ရိုသေစွာ အစီရင်ခံလိုက်သည်။
" စစ်ပြိုင်ခေတ်က အရှင်လေးပါးက အမည်ခံသက်သက် မဟုတ်ကြဘူးပဲ။ " ကျောက်ဖုန်းက ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ဝေဝူကျိက ချင်စစ်တပ်ဆီသို့ တစ်ယောက်တည်း လမ်းလျှောက်လာသည်ကို မြင်သောအခါ ကျောက်ဖုန်းက စစ်ရထားပေါ်မှ ဆင်းကာ ရှေ့သို့ လျှောက်သွားလိုက်သည်။
" စားပွဲယူလာခဲ့စမ်း။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ ထိုနေရာသို့ မလာမီ ကျောက်ဖုန်းက သူ၏ ကိုယ်ရံတော်များကို စားပွဲနှင့် ထိုင်ခုံများ ပြင်ဆင်ခိုင်းထားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် သူက ဝေဝူကျိနှင့် အမှန်တကယ် စကားပြောချင်ပေသည်။
မကြာမီ ချင်စစ်တပ်၏ ရှေ့တွင် ဝေဝူကျိနှင့် ကျောက်ဖုန်းတို့က မျက်နှာချင်းဆိုင်ရပ်နေကြသည်။
" အရှင်ရှင်းလင်း အရှင်နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး အရိုအသေပေးလိုက်သည်။
" ချင်ရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်း ငါလည်း မင်းနာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ " ဝေဝူကျိက ကျောက်ဖုန်း၏ ငယ်ရွယ်သော ရုပ်ရည်နှင့် ယုံကြည်မှုရှိသော အမူအရာတို့ကို မြင်သောအခါ သူက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
" ချင်က တကယ် ကောင်းကင်ဘုံက ကောင်းချီးပေးထားတာပဲ။ ထူးချွန်တဲ့ လူတွေ အဆက်မပြတ် ထွက်ပေါ်နေတယ်။ ပိုင်ချီသေသွားတုန်းက အခြားနိုင်ငံတွေအားလုံး ဝမ်းသာခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဝမ်ကျန့်နဲ့ မုန့်ဝူတို့ ပေါ်လာကြတယ်။ အခု သူတို့ထက်တေညင် ပိုငယ်ပြီး စစ်တပ်ကို ဦးဆောင်ရာမှာ ပိုကျွမ်းကျင်တဲ့ ကျောက်ဖုန်း ပေါ်လာပြန်တယ်။ "
ထိုအချိန်တွင် ကိုယ်ရံတော်များက စားပွဲတစ်လုံးနှင့် ထိုင်ဖုံနှစ်ခုကို ပြင်ဆင်လိုက်ကြသည်။ စားပွဲပေါ်တွင် အကောင်းစား ဝိုင်တစ်အိုးနှင့် ခွက်နှစ်ခွက်ရှိနေသည်။
" အရှင်ရှင်းလင်း ထိုင်ပါဦး။ " ကျောက်ဖုန်းက လက်ဟန်ပြလိုက်သည်။
ဝေဝူကျိက တုန့်ဆိုင်းခြင်းမရှိဘဲ ထိုင်လိုက်သကဲ့သို့ ကျောက်ဖုန်းကလည်း သူ၏ နေရာတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ကျောက်ဖုန်းက ဝိုင်အိုးကို မပြီး ခွက်နှစ်ခွက်လုံးထဲသို့ အပြည့်ထည့်လိုက်သည်။
"အရှင်ရှင်းလင်း ဒီနေ့ ကျုပ်ကျောက်ဖုန်းက အရှင်ကို ဝိုင်နဲ့ ဧည့်ခံပါမယ်။ ဒီအင်မော်တယ်ဝိုင်ခန်းမက ဝိုင်က တကယ်ကို အဆင့်မြင့်တယ်။ " ကျောက်ဖုန်းက ခွက်ကို မြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ဝေဝူကျိက ကျောက်ဖုန်း ဝိုင်ထဲတွင် အဆိပ်ခတ်ထားလိမ့်မည်ဟု သံသယမရှိခဲ့ပေ။ ထိုကဲ့သို့ အဆင့်အတန်းမျိုးနှင့် အောက်တန်းကျသော လုပ်ရပ်များကို လုပ်ဆောင်လျှင် တစ်လောကလုံး၏ ကဲ့ရဲ့မှုကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် ဝေဝူကျိက သူ၏ ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
" မှန်တယ်။ အင်မော်ဝိုင်ခန်းမရဲ့ ဝိုင်က တကယ်ကို ထူးခြားတာပဲ။ " ဝေဝူကျိက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
" အရှင်ရှင်းလင်းကလည်း ဝိုင်ကောင်းတွေကို သဘောကျပုံရတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
ဝေဝူကျိကလည်း ပြုံးလိုက်သည်။ သူတို့နှစ်ယောက်က အပြန်အလှန် စကားပြောနေကြသည်။ အကယ်၍ ဝေမြို့တော်ရှေ့တွင် တပ်စွဲထားသော ချင်စစ်တပ်ကြီးသာ မရှိခဲ့လျှင် သူတို့နှစ်ယောက်က မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ကြသည်ဟု ထင်ကြပေလိမ့်မည်။
" အစက မင်း ငါ့ကို အညံ့ခံဖို့ လာပြောတယ်ထင်နေတာ။ အခုတော့ အဲ့လိုမဟုတ်တဲ့ပုံပဲ။ " ဝေဝူကျိက နောက်တစ်ကျိုက် မော့သောက်လိုက်ပြီး ပြောလိုက်သည်။
" အညံ့ခံဖို့ ပြောတာလား။ " ကျောက်ဖုန်းက ပြုံး၍ ခေါင်းခါလိုက်သည်။ " သစ္စာတရားနဲ့ ဖြောင့်မတ်မှုကို နားမလည်တဲ့ လူတွေအတွက်တော့ ဒါက အလုပ်ဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် အရှင်ရှင်းလင်းအတွက်တော့ ဒါက မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ အရှင်ရှင်းလင်းက ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူးဆိုတာ ကျုပ် သိနေလို့ပဲ။ ဒီနေ့ အရှင်ရှင်းလင်းနဲ့ တွေ့ဆုံတာဟာ အရှင်အပေါ် လေးစားမှုသက်သက်ကြောင့်ပါပဲ။ "
ဝေဝူကျိ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအရာ ပေါ်လာသည်။ " တကယ်နှမြောစရာပဲ။ တကယ်လို့ မင်းသာ ဝေလူမျိုးတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လော်ကောင်းမလဲ။ မင်းရဲ့ စွမ်းရည်နဲ့ဆို ဝေရဲ့ ကံကြမ္မာကို ကာကွယ်နိုင်လိမ့်မယ်။ "
" အရှင်ရှင်းလင်းက နောက်နေပြပါပြီ။ တကယ်လို့ ကျုပ်သာ ဝေလူမျိုးဖြစ်ခဲ့ရင် အခုလို ရာထူးမျိုးကို ရလာနိုင်ဖို့ မလွယ်ပါဘူး။ ဝေနိုင်ငံမှာ စစ်ရေးစွမ်းဆောင်မှုအလိုက် ရာထူးတိုးပေးတာမျိုး မရှိဘူး။ စစ်မြေပြင်မှာ ရန်သူတွေကို သတ်နိုင်တဲ့သူတွေအတွက် ရာထူးတိုးစနစ်မရှိဘူး။ အရာအားလုံးက အဆင့်အတန်းပေါ်ပဲ အခြေခံထားတယ်။ အထက်အဆင့် အောက်အဆင့်က သတ်မှတ်ထားပြီးသားပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မှန်ပါတယ်။ " ဝေဝူကျိ၏ အမူအရာက ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။ " တစ်လောကလုံးမှာ ချင်နိုင်ငံတစ်ခုတည်းပဲ ပြုပြင်ပြောင်းလဲရေးကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ အခြားနိုင်ငံတွေက ဘယ်သူမှမယှဉ်နိုင်ဘူး။ "
ဝေဝူကျိက လုပ်ချင်ခဲ့သော်လည်း ကန့်ကွက်သူ အလွန်များခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၎င်းက အထက်တန်းလွှာအားလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသောကြောင့် သူတို့က ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။ ချင်နိုင်ငံက ပြုပြင်ပြောင်းလဲမှုကို အောင်မြင်ခဲ့သော်လည်း ပေးဆပ်မှုကြီးမားခဲ့သည်။
" ဝေနိုင်ငံက ပျက်စီးတော့မှာ။ အရှင်ရှင်းလင်းလည်း ဒါကို နားလည်မှာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မှန်တယ်။ ဝေနိုင်ငံက ပျက်စီးတော့မှာပဲ။ ဒါပေမယ့် ငါတို့ မပျက်စီးခင် ချင်နိုင်ငံကို အထိနာအောင် တစ်ချက်လောက် လုပ်နိုင်ရင် အဲ့ဒါက ထိုက်တန်ပါတယ်။ " ဝေဝူကျိက ရယ်မောလိုက်သည်။ ထို့နောက် သူက အနောက်မှ တလျန်မြို့တော်ကို ညွှန်ပြလိုက်သည်။
" ကျောက်ဖုန်း ဒီမြို့ကို ငါ ကြီးကြပ်နေတာ သုံးနှစ်ရှိပြီ။ တံခါးတွေလည်း ပိတ်ထားတယ်။ လူခွန်အားနဲ့တော့ ဖွင့်လို့မရနိုင်ဘူး။ မင်းတို့ချင်က ဒါကို ထိုးဖောက်နိုင်ပါ့မလား။ " ဝေဝူကျိက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ကျောက်ဖုန်းက ယုံကြည်မှုရှိနေသော ဝေဝူကျိကို ကြည့်ပြီး အဝေးမှ တလျန်မြို့တော်ကို တစ်ချက်ကြည့်လိုက်သည်။
" တကယ်ပဲ ထိုးဖောက်ဖို့ ခက်ခဲတဲ့ ခံတပ်ကြီးပဲ။ ဒါပေမယ့် တကယ်လို့ ဒါကို ထိုးဖောက်နိုင်ခဲ့ရင်ရော။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
သူက မြို့ကို ဘယ်လိုတိုက်ရမလဲ သိပြီးသားဖြစ်သည်။ သို့သော် သမိုင်းတွင် ထိုနည်းလမ်းက အမှန်တကယ် ရှိခဲ့သည်။ သမိုင်းတွင် ဝမ်ပင်းက ဘုရင်အမိန့်ဖြင့် ဝေကို တိုက်ခိုက်ခဲ့သော်လည်း ဝေမြို့တော်၏ ခုခံမှုက အလွန်တင်းကျပ်ပြီး ထိုးဖောက်ရန် ခက်ခဲခဲ့သည်။ နောက်ဆုံးတွင် ဝမ်ပင်းက ဟုန်မြောင်းအတိုင်း မြစ်ရေများကို လမ်းလွှဲပြီး တလျန်မြို့တော်ကို ရေလွှမ်းမိုးစေခဲ့သည်။
အခိုင်ခံဆုံး မြို့ရိုးများပင် သဘာဝတရား၏ စွမ်းအားကို မတွန်းလှန်နိုင်ပေ။ နောက်ဆုံးတွင် တလျန်မြို့တော်က ရေလွှမ်းမိုးမှုကြောင့် စစ်တပ်များနှင် ရိက္ခာအားလုံးက ရေထဲမျောပါပြီး ဘာမှမကျန်တော့ပေ။ ထိုအခြေအနေတွင် ဝေဘုရင်က အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဦးဆောင်ပြီး အညံ့ခံရန် ဟန်ဆောင်ခဲ့ရသည်။
" မင်းထိုးဖောက်နိုင်ပေမယ့် မင်းရဲ့ ဝူအန်းစခန်းကလည်း ပေးဆပ်မှုကြီးလိမ့်မယ်။ ဒါက ငါတို့ဝေအတွက်တော့ ထိုက်တန်ပါတယ်။ " ဝေဝူကျိက ရယ်မောပြီး ပြောလိုက်သည်။
ဝေနိုင်ငံ ပျက်စီးတော့မည်ကို သူသိပြီးသားဖြစ်သော်လည်း ချင်ကိုပါ အထိနာအောင် ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းက သူ၏ ရည်ရွယ်ချက် ဖြစ်သည်။
" အရှင်ရှင်းလင်းက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ပြီပဲ။ တလျန်မြို့က လူတွေ သေဆုံးသွားရင်တောင် အရှင်ရှင်းလင်းက ချင်စစ်တပ်ကို တားဆီးနေဦးမှာပဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ စကားထဲတွင် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
ဟုန်မြောင်းနှင့် မြစ်ရေကို လမ်းလွှဲပြီး ရေလွှမ်းမိုးစေခြင်း။ တလျန်မြို့တော်၏ မြေမျက်နှာသွင်ပြင်ကြောင့် မြို့တော်က သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားမည်မဟုတ်သော်လည်း လူသေဆုံးမှုအမြောက်အများကို ဖြစ်စေလိမ့်မည်။ ထို့အတူ ခိုင်ခံ့သော မြို့ကလည်း နောက်ဆုံးတွင် ရေဘေးကြောင့် ပျက်စီးသွားခဲ့သည်။
" ကျောက်ဖုန်း မင်း ငါတို့ရဲ့ ဝေမြို့တော်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ ငါတကယ် သိချင်မိတယ်။ " ဝေဝူကျိက ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။
ဝေဝူကျိ၏ အမူအရာကို မြင်သောအခါ ကျောက်ဖုန်းက ခေါင်းခါလိုက်ပြီး ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။ သို့သော် တလျန်မြို့ကို ရေလွှမ်းမိုးမည့်ဗျူဟာက ဆုံးဖြတ်ပြီးသားဖြစ်သည်။ ထိုရေဘေးက တလျန်ကို ဖျက်ဆီးပြီး လူသေဆုံးမှုလည်း အလွန်များပေလိမ့်မည်။ သို့သော် ၎င်းက စစ်ပွဲဖြစ်သည်။
အောင်ပွဲအတွက် ဝေနှင့် ဝေဝူကျိတို့က ယန်ကောင်းမြို့တွင် လူပေါင်းများစွာကို မြို့နှင့်အတူ မီးရှို့သတ်ရန် ဝန်မလေးခဲ့ပေ။ သူတို့က ဂရုမစိုက်ခြင်းဖြစ်သော်လည်း ကျောက်ဖုန်းက ပို၍ ဂရုမစိုက်ပေ။ ယခုအချိန်တွင် သူတို့က ရင်ဆိုင်နေရခြင်းဖြစ်ပြီး ဝေဝူကျိက ဝူအန်းစခန်းကို ဝေနှင့်အတူ ပျက်စီးစေချင်နေသည်။ ကျောက်ဖုန်းကလည်း မြစ်ရေကို လမ်းလွှဲပြီး ရေလွှမ်းစေမည့်အစီအစဉ်ကို ပြောပြမည်မဟုတ်ပေ။