အခန်း ၃၁၄
Vol. 32 Ch. 314
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၄)
" ဒီနေ့ မင်းနဲ့ တွေ့ရတာ ကျန်တဲ့ စိုးရိမ်မှုတစ်ခုကို ဖြေရှင်းပေးလိုက်သလိုပဲ။ ကောင်လေး ငါမင်းနဲ့ ဆက်မနေပေးတော့ဘူး။ တကယ်လို့ မင်းက ဝေကို ဖျက်ဆီးချင်တယ်ဆိုရင် လာခဲ့ပါ။ ငါလည်း မကြောက်သလို ဝေကလည်း မကြောက်ပါဘူး။ " ဝေဝူကျိက ဖြည်းညင်းစွာ ထရပ်ပြီး ကျောက်ဖုန်းကို ကြည့်လိုက်သည်။ သူက တလျန်မြို့တော်ဆီသို့ ပြန်လျှောက်သွားခဲ့သည်။
ကျောက်ဖုန်းကလည်း ဘာမှမပြောတော့ဘဲ ချင်စစ်တပ်ဆီသို့ ပြန်လာခဲ့သည်။
ဝေဝူကျိ မြို့ရိုးပေါ်သို့ ပြန်ရောက်ချိန်တွင်။
" အရှင် ကျောက်ဖုန်းက ဘာပြောတာလဲ။ သူက ကျွန်တော်တို့ကို အညံ့ခံဖို့ ဖြောင့်ဖျတာလား။ "
" အရှင် ကျွန်တော်တို့က ဘယ်တော့မှ အညံ့မခံဖို့ သစ္စာပြုထားပါတယ်။ "
ဝေဝူကျိ ပြန်ရောက်လာသောအခါ ဝေတပ်မှူးများက တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။ ဝေဝူကျိက လက်မြှောက်လိုက်ပြီး အားလုံးကို တိတ်ဆိတ်စေလိုက်သည်။
" ငါက ဘာလို့အညံ့ခံရမှာလဲ။ ငါ ကျောက်ဖုန်းကို စိန်ခေါ်ပြီးပြီ။ သူတကယ်လာရဲရင် တိုက်သာတိုက်ပါ။ ဒီနေ့ကစပြီး မြို့ကို သေချာစောင့်ကြပ်ကြ။ ကင်းစောင့်တွေက နေ့တိုင်း တာဝန်ယူရမယ်။ ချင်စစ်တပ်ကို အလစ်ငိုက်တိုက်ခိုက်ခွင့်ပြုလို့မရဘူး။ " ဝေဝူကျိက အေးစက်စွာ ပြောလိုက်သည်။
" အရှင်က အမြော်အမြင်ကြီးလှပါတယ်။ " ဝေတပ်မှူးများက ပြောလိုက်ကြသည်။
ဝေဝူကျိက ချင်စစ်တပ်ကို လှည့်ကြည့်လိုက်သည်။ "ကျောက်ဖုန်း ချင် မင်းတို့ လာရဲရင် လာခဲ့ကြစမ်း။ ငါကိုယ်တိုင် မင်းတို့ကို တလျန်မြို့တော်အောက်မှာ မြှုပ်နှံပစ်မယ်။ မင်းတို့ကို ဝေနဲ့အတူ ပျက်သုဉ်းသွားစေရမယ်။ "
" တပ်ပြန်ဆုတ်မယ်။ မြို့ပြင်ငါးမိုင်အကွာမှာ စခန်းချပြီး ကင်ထောက်တွေကို မိုင်သုံးဆယ်အထိ ရှာဖွေခိုင်းလိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " တုဆွေ၊ ကျန်းဟန်နှင့် လီယောင်တို့က ခေါင်းညိမ့်လိုက်ကြသည်။ မကြာမီ စစ်တပ်က စနစ်တကျ ပြန်လည်ဆုတ်ခွာသွားသည်။
ညဦးပိုင်းသို့ ရောက်သောအခါ စခန်းအတွင်း၌ ကျောက်ဖုန်းက အဓိကနေရာတွင် ထိုင်နေပြီး ဘေးတွင် စစ်သူကြီးသုံးယောက်ရှိနေသည်။
" စစ်သေနာပတိချုပ် ဝေမြို့တော်ရဲ့ ခံစစ်အနေထားက လှေကားတွေသုံးပြီး တိုက်တာကလွဲရင် အခြားနည်းလမ်းမရှိသလိုပဲ။ ဒီနှစ်တွေမှာ ဝေဝူကျိက မြို့ရိုးကို ထူထဲအောင် ပြင်ထားသလို မြို့တံခါးကိုလည်း လုံးဝပိတ်ထားတယ်။ လူခွန်အားနဲ့တော့ ထိုးဖောက်လို့ မရနိုင်ဘူး။ ဒီပုံအတိုင်းဆို ကျွန်တော်တို့က မြို့တော်ကို သိမ်းပိုက်ချင်ရင် ကျွန်တော်တို့ရဲ့ ဝူအန်းစခန်းက အထိနာနိုင်တယ်။ " တုဆွေက လေးနက်စွာ ပြောလိုက်သည်။
" ဒါက ဝေဝူကျိရဲ့ ဗျူဟာပဲ။ သူက တလျန်ကို ကာကွယ်ဖို့ သူအင်အားအကုန်သုံးထားတယ်။ ချင်က သေချာပေါက် တိုက်မယ်ဆိုတာ သူသိနေတယ်။ " လီယောင်က သက်ပြင်းချပြီး ပြောလိုက်သည်။
ဘေးမှ ကျန်းဟန်က တိတ်ဆိတ်နေသော်လည်း သူ၏ မျက်နှာတွင်လည်း စိုးရိမ်မှုများ ရှိနေသည်။ ယခုအချိန်တွင် သူတို့က အကျပ်အတည်း အခြေအနေသို့ ရောက်နေသည်။ မြို့ကို ထိုးဖောက်ရန် ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလှသည်။
" မြေပုံယူခဲ့။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ " ကျန်းမင်က ဘေးမှ မြေပုံကို ထုတ်ယူလိုက်ပြီး ကိုယ်ရံတော်အချို့နှင့် မြေပုံကို ဖြန့်လိုက်သည်။
ကျောက်ဖုန်းက ထရပ်ကာ မြေပုံဆီသို့ လျှောက်သွားလိုက်ပြီး စစ်သူကြီးသုံးယောက်ကလည်း နောက်မှ လိုက်လာသည်။
" မြို့ကို ထိုးဖောက်ဖို့အတွက် အင်အားသုံးပြီး တိုက်တာကိုပဲ အားကိုးလို့မရဘူး။ ဒါပေမယ့် လက်ရှိအခြေအနေအရ ကျွန်တော်တို့က တိုက်ရိုက်ထိုးစစ်ဆင်ရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိဘူးထင်ပါတယ်။ " လီယောက်က ပြောလိုက်ပြီး တုဆွေနှင့် ကျန်းဟန်တို့ကလည်း ခေါင်းညိမ့်လိုက်ကြသည်။
ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး မြေပုံပေါ်ရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ " ဒီနေရာက ဘာလဲဆိုတာ မင်းတို့သိကြလား။ "
" အဲ့ဒါက မြစ်ဝါမြစ်ရဲ့ ပင်မရေစီးကြောင်းပဲ။ ကျွန်တော်တို့ အရင်တပ်စွဲခဲ့တဲ့ ဝေမြို့က ဝေမြစ်က ဒီမြစ်ကြီးရဲ့ မြစ်လက်တက်တစ်ခုပဲ။ " ကျန်းဟန်က ပြောလိုက်သည်။
" ဒါဆို ဒီနေရာကရော။ " ကျောက်ဖုန်းက ပြုံးပြီး နောက်ထပ်နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
" ဟုန်မြောင်းပါ။ မြစ်ဝါမြစ်ရဲ့ ကျယ်ပြောမှုနဲ့ မယှဉ်နိုင်ပေမယ့် အဲ့ဒါကလည်း ဝေမြစ်ထက်တောင် ပိုကျယ်ပါသေးတယ်။ " တုဆွေက ပြောလိုက်သည်။
ထိုအချိန်တွင် စစ်သူကြီးသုံးယောက်လုံးခေါင်းမော့လာကြပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့အားလုံးက မြို့တော်ကို ထိုးဖောက်နိုင်မည့် ဗျူဟာတစ်ခုကို တွေမိသွားကြသည်။
" ရေကာတာကို ချိုးပြီး တလျန်မြို့ကို ရေလွှမ်းမိုးစေမှာလား။ " စစ်သူကြီးသုံးယောက်က အံ့အားသင့်သွားကြသည်။
" မြို့ရိုးတွေကို ဘယ်လောက်ပဲ ခိုင်ခံ့အောင်လုပ်လုပ် ဟုန်မြောင်းက ရေတွေကို သူတို့ တောင့်ခံနိုင်ပါ့မလား။ သဘာဝစွမ်းအားရဲ့ ရှေ့မှာ ဘယ်လိုခံတပ်မဆို ပျက်စီးသွားရမှာပဲ။ ဝေဝူကျိက ငါတို့ ဝူအန်းစခန်းကို သူရဲ့ ဝေနဲ့အတူ ပျက်စီးစေချင်နေမှတော့ ငါကလည်း ဝေကို ရေလွှမ်းပစ်မယ်။ ငါတို့ စစ်သည်တစ်ယောက်တောင် အဆုံးရှုံးခံမှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်က အမြော်အမြင်ကြီးလှပါတယ်။ " စစ်သူကြီးသုံးယောက်က ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။
စစ်သည်များကို အသေခံတိုက်ခိုက်ခိုင်းမည့်အစား မြစ်ရေကို အသုံးပြု၍ တလျန်မြို့ကို ရေလွှမ်းမိုးစေခြင်းက အကောင်းဆုံးဗျူဟာပင် ဖြစ်သည်။ ရေဘေးကြောင့် ဝေမြို့တော်တွင် လူဘယ်လောက်သေမလဲဆိုတာကိုတော့ သူတို့ ဂရုစိုက်ရမည့် ကိစ္စမဟုတ်ပေ။ စစ်မြေပြင်တွင် ဂရုဏာထားစရာ နေရာမရှိပေ။ ရန်သူအပေါ် သက်ညှာခြင်းက ကိုယ့်ကိုကိုယ် ရက်စက်ခြင်းပင်ဖြစ်သည်။
" တုဆွေ " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ကျွန်တော်ရှိပါတယ်။ " တုဆွေက ချက်ခြင်း ပြန်ပြောလိုက်သည်။
" မင်းရဲ့ စစ်သည်တစ်သိန်းကို ဦးဆောင်ပါ။ ငါးသောင်းကို မြစ်ဝါမြစ်ကို လွှတ်လိုက်။ ကျန်တဲ့ ငါးသောင်းကို ဟုန်မြောင်းဆီလွှတ်ပြီး မြောင်းတွေနဲ့ ရေကာတာတွေ တူးခိုင်းလိုက်။ ငါမင်းကို တစ်လအချိန်ပေးမယ်။ တစ်လအတွင်းမှာ မြစ်ရေတွေက တလျန်မြို့တော်ကို ဝါမြိုသွားတာကို ငါမြင်ချင်တယ်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " တုဆွေက ချက်ချင်း ပြန်ပြောလိုက်သည်။
" လီယောင် " ကျောက်ဖုန်းက ဆက်ပြောလိုက်သည်။ " မင်းရဲ့ စစ်သည်ရှစ်သောင်းကို စုစည်းပြီး သစ်ပင်တွေခုတ်ခိုင်း။ တတ်နိုင်သမျှ လှေတွေ ဆောက်ခိုင်း။ စစ်သည်နှစ်သောင်းကို တလျန်မြို့ပြင်မှာ တပ်စွဲထား။ ငါတို့ အစီအစဉ်ကို သူတို့မသိအောင် နေ့တိုင်း မြားတွေနဲ့ ပစ်ခတ်နှောက်ယှက်ထားပါ။ "
" အမိန့်အတိုင်းပါ။ " လီယောင်က အမိန့်ကို နာခံလိုက်သည်။
" ကျန်းဟန်ကတော့ " ကျောက်ဖုန်းက ကျန်းဟန်ကို ကြည့်လိုက်သည်။ " မြင်းတပ်အားလုံးကို ဖြန့်လိုက်။ မြစ်ဝါမြစ်နဲ့ ဟုန်မြောင်းရဲ့ ရေအောက်ပိုင်းဒေသမှာရှိတဲ့ ပြည်သူတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးလိုက်။ ဒါပေမယ့် ဘေးလွှတ်ရာကို ရွှေ့ပြောင်းပြီးရင် တလျန်မြို့တော်ကို ရေမလွှမ်းခင်အထိ သူတို့ကို တခြားကို ထွက်သွားခွင့်မပြုနဲ့။ သူတို့ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထား။ တလျန်ပျက်စီးသွားမှ သူတို့ကို စီစဉ်မယ်။ တစ်ချိန်တည်းမှာ မြင်းတပ်က သတိရှိရှိ စောင့်ကြည့်ရမယ်။ ဝေစစ်သည်တွေတွေ့ရင် တစ်ခါတည်း သတ်ပစ်လိုက်။ " ကေကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
သူတို့က ဝေပြည်သူများဖြစ်သော်လည်း အနာဂတ်မှာ ချင်ပြည်သူများ ဖြစ်လာပေလိမ့်မည်။ သူတို့က ဟွာရှလူမျိုးများ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ အကယ်၍ သေဆုံးမှုများကို ရှောင်လွှဲနိုင်လျှင် ကျောက်ဖုန်းက ၎င်းကို ပြုလုပ်ပေိမ့်မည်။
" အမိန့်အတိုင်းပါ။ " ကျန်းဟန်က ပြောလိုက်သည်။
" ကောင်းပြီ။ မင်းတို့ သွားပြီး စီစဉ်ကြတော့။ ငါက ဒီစခန်းမှာပဲ ရှိနေမယ်။ တစ်ခုခုဖြစ်ရင် လူလွှတ်ပြီး အစီရင်ခံခိုင်းလိုက်။ ဒီကိစ္စက ဝူအန်းစခန်းက စစ်သည်သုံးသိန်းရဲ့ ရှင်သန်ရေးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ကျရှုံးလို့မဖြစ်ဘူး။ သွားကြတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " စစ်သူကြီးသုံးယောက်က ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
" အရှင် ဒါဆိုရင်တော့ ဝေဝူကျိရဲ့ ခံစစ်က ရယ်စရာတစ်ခု ဖြစ်သွားတော့မှာပဲ။ မြစ်ရေတွေနဲ့ ရင်ဆိုင်ရရင် သူတို့ ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ မြို့ရိုးတွေ ဘယ်လောက်ပဲ ခိုင်ခံ့ပါစေ နောက်ဆုံးမှာတော့ ရေစီးနဲ့အတူ မျောသွားလိမ့်မယ်။ " ကျန်းမင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" စစ်မြေပြင်က ရက်စက်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဒါက ဝေဘက်က စတာပဲ။ " ကျန်းမင်က ပြုံး၍ ပြန်ဖြေလိုက်သည်။
" ယန်ထင်ရဲ့ အခြေအနေ ဘယ်လိုလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ညွှန်ကြားထားတဲ့အတိုင်းပါပဲ။ ချင်က ဝေကို ကျူးကျော်ကတည်းက ယန်ထင်က ဒုက္ခသည်တွေထဲမှာ သင့်တော်တဲ့ လူငယ်တွေကို လိုက်ရှာနေခဲ့တယ်။ အခု လူအများစုကို ယန်ထင်ကို ခေါ်လာပြီး လေ့ကျင့်ပေးနေပါပြီ။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ရတဲ့ငွေက လောက်ရဲ့လား။" ကျောက်ဖုန်းက မေးလိုက်သည်။
" စိတ်ချပါအရှင်။ အားလုံး အဆင်ပြေပါတယ်။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။
" ကောင်းတယ်။ အင်မော်တယ်ဝိုင်ခန်းမက ငွေ လုံလောက်နေသရွေ့ ယင်ပုနဲ့ ဟန်ရှီတို့ကို ဆက်ပြီး ရှာခိုင်းထားလိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းမင်က ရိုသေစွာ ခေါင်းညိမ့်လိုက်သည်။
ကျောက်ဖုန်းက အများကြီး တွေးစရာမလိုတော့ပေ။ ဟုန်မြောင်း၏ ရေမြောင်းများကို တူးပြီး ရေလမ်းလွှဲလိုက်သည်နှင့် တလျန်မြို့တော်က မကြာခင် ပျက်စီးသွားပေလိမ့်မည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။
ရှန်းယန်မြို့တော်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ဟန်ကုစခန်းက အရှိန်အဟုန်နဲ့ ချီတက်နေပါတယ်။ ဝေရဲ့အနောက်ဘက်ခံစစ်စည်းက မခုခံနိုင်တော့ပါဘူး။ နှစ်လအတွင်းမှာ ဝေမြို့တော်ကို ရောက်ပါလိမ့်မယ်။ " ယွီလျောင်က အစီရင်ခံလိုက်သည်။
" အရှင်မင်းကြီး ဟန်ကုနဲ့ ဝူအန်းစခန်းနှစ်ခုလုံးမှာ ရိက္ခါနဲ့ ထောက်ပံ့ရေးတွေ အားလုံး လောက်ငှပါတယ်။ ဒါပေမယ့် ဝူအန်းစခန်းက ဝေမြို့တော်၏ အပြင်မှာ တပ်စွဲထားတာ အခုဆိုရင် ရက်ပေါင်းနှစ်ဆယ်ကျော်နေပါပြီ။ ဒါပေမယ့် စစ်သေနာပတိချုပ် ကျောက်ဖုန်းက ဝေမြို့တော်ကို အခုထိ မတိုက်ခိုက်သေးပါဘူး။ " ဝမ်ဝမ်က တုန့်ဆိုင်းသော အမူအရာနှင့် ပြောလိုက်သည်။