အခန်း ၃၁၅
Vol. 32 Ch. 315
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၅)
စစ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် ရပ်နေသော ဝမ်ကျန့်က ချက်ချင်း ထရပ်လိုက်သည်။ မကြာသေးမီက သူက လန်ထျန်းစခန်းမှ ပြန်ရောက်လာခြင်းဖြစ်သည်။
" ဝန်ကြီးချုပ်ဝန် ဒါက ဘာကိုဆိုလိုတာလဲ။ ကျောက်ဖုန်းက စစ်ရေးလှုပ်ရှားမှုတွေကို တမင်အချိန်ဆွဲနေတယ်လို့ မင်းက ပြောချင်တာလား။ ဒါမှမဟုတ် ကျောက်ဖုန်းက သူရဲဘောကြောင်ပြီး တိုက်ပွဲကို ရှောင်လွှဲနေတယ်လို့ ပြောချင်တာလား။ " ဝမ်ကျန့်က လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်က ကျုပ်ကို အထင်လွဲနေပါပြီ။ ကျုပ်က အရှင်မင်းကြီးကို အစီရင်ခံရုံသက်သက်ပါပဲ။ အခု ဝူအန်းစခန်းက ဝေမြို့တော်ကို ရောက်နေပြီဆိုတော့ မြို့ကို ဝန်းရံထားတာက သဘာဝကျပါတယ်။ " ဝမ်ဝမ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
" စစ်မြေပြင်မှာ အခြေအနေတွေက ပြောင်းလဲနေတာ။ ကျောက်ဖုန်းမှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသားပါ။ ဝန်ကြီးချုပ်အနေနဲ့ စိတ်ပူမနေပါနဲ့။ " ဝမ်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ရဲ့ စကားက မှန်ပါတယ်။ စစ်မြေပြင်ရဲ့ အခြေအနေတွေက ပြောင်းလဲနေတာ။ ကျောက်ဖုန်းမှာလည်း သူ့အစီအစဉ်နဲ့သူ ရှိမှာပါ။ သုံးလမပြည့်ခင် သူက ဝေရဲ့ မြောက်ဘက်ကနေ ဝေမြို့တော်အထိ မိုင်ပေါင်းထောင်ချီ ဖြတ်ကျော်လာခဲ့တာပဲ။ ဒီလိုမျိုး စွမ်းဆောင်နိုင်တဲ့သူ ရှိသေးလို့လား။ " ရင်ကျန့်က ပြောလိုက်သည်။
" ဝန်ကြီးချုပ်ဝမ် အခု မင်းက ထောက်ပို့တာဝန်ကို ယူထားရတာ။ ရိက္ခါပို့ဆောင်ရေးကိုပဲ အဆင်ပြေအောင် လုပ်ပါ။ စစ်ရေးဗျူဟာတွေကိုတော့ စစ်တပ်လက်ထဲကိုပဲ လွှတ်ထားလိုက်ပါ။ " ရင်ကျန့်က အပြစ်တင်သော လေသံနှင့် ပြောလိုက်သည်။
" ကျွန်တော်မျိုးနားလည်ပါပြီ။ " ဝမ်ဝမ်က ကြောက်ရွံ့သွားပြီး ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီး တလျန်မြို့တော်ကို ဝေဝူကျိက သုံးနှစ်တိုင်တိုင် ခိုင်ခံ့အောင် လုပ်ထားတာပါ။ မြို့ရိုးတွေကို ထူထဲအောင်လုပ်ပြီး မြို့တံခါးတွေကို အသေပိတ်ထားတာမလို့ အင်အားသုံးပြီး ထိုးဖောက်ဖို့က မဖြစ်နိုင်ပါဘူး။ အတင်းအကျပ်တိုက်ခိုက်ရင် အကျအဆုံးများပါလိမ့်မယ်။ ဖြစ်နိုင်တာကတော့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက မြို့ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာ အဖြေရှာနေတာ ဖြစ်ပါလိမ့်မယ်။ " ယွီလျောင်က ပြောလိုက်သည်။
" ယွီချင်းပြောသလိုဆို ဒီမြို့က ထိုးဖောက်လို့ မရနိုင်တော့ဘူးလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။
" အပေါ်ယံကြည့်ရင်တော့ စစ်သည်တွေ အဆုံးရှုံးခံပြီး အတင်းအကျပ် တိုက်ခိုက်တာလွဲလို့ အခြားနည်းလမ်းမရှိပါဘူး။ ဒါပေမယ့်လည်း စစ်သေနာပတိချုပ်ကျောက်ဖုန်းက တစ်လကြာအောင် မတိုက်သေးတာက သူ နောက်ထပ် နည်းလမ်းတစ်ခုခု ရှာတွေ့ထားလို့ ဖြစ်ပါလိမ့်မယ်။ " ယွီလျောင်က တစ်စုံတစ်ခုကို တွေးမိပြီး ပြုံး၍ ပြောလိုက်သည်။
" ညီလာခံသိမ်းမယ်။ " ရင်ကျန့်ကလည်း ယွီလျောင်၏ အမူအရာကို သတိထားမိသွားပြီး လက်ဝှေ့ရမ်းကာ ပြောလိုက်သည်။
ကျန်းထိုင်နန်းဆောင်။
" ယွီချင်း ကျောက်ဖုန်းက ဘာတွေပြင်ဆင်နေတယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး နောက်ခန်းမဆီ ကြွပါ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
ရင်ကျန့်က အနောက်ခန်းမဆီသို့ ချက်ချင်း လျှောက်သွားလိုက်သည်။ နောက်ခန်းမတွင် ကြီးမားသော မြေပုံကြီးတစ်ခုရှိနေသည်။ ကျောက်နှင့် ဟန်က မရှိတော့ဘဲ ဝေနိုင်ငံ၏ မြို့တော်တော်များများကလည်း ချင်အလံများဖြင့် အစားထိုးထားသည်။ ထိုမြေပုံကြီးက ချင်နယ်မြေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခြင်းက ရင်ကျန့်အတွက် ကြီးမညးသော အောင်မြင်မှုကို ခံစားရစေသည်။
" အရှင်မင်းကြီး မြေပုံပေါ်က ဝေမြို့တော်ရဲ့ တည်နေရာကို ကြည့်လိုက်ပါ။ " ယွီလျောင်က ပြုံးပြီး ဝေမြို့တော်ကို ညွှန်ပြလိုက်သည်။
ရင်ကျန့်၏ အကြည့်က ဝေမြို့တော်ပေါ်သို့ ကျရောက်သွားသည်။
" ပြီးရင် မြစ်ဝါမြစ်နဲ့ ဟုန်မြောင်းကို ကြည့်လိုက်ပါ။ " ယွီလျောင်က ပြုံး၍ ဆက်ပြောလိုက်သည်။
ရင်ကျန့်၏ အကြည့်က ရပ်တန့်သွားပြီး ခဏအတွင်း နားလည်သွားသည်။
" မြစ်ဝါမြစ်နဲ့ ဟုန်မြောင်းက ရေတွေကို သုံးပြီး ဝေမြို့တော်ကို ရေလွှမ်းမိုးဖို့ပေါ့။ ရေစွမ်းအားအောက်မှာ ဝေမြို့တော်က ဘယ်လောက်ပဲခိုင်ခံ့ပါစေ နောက်ဆုံးမှာ တောင့်ခံနိုင်မှာမဟုတ်ဘူး။ ဒါဆို ဝူအန်းစခန်းက သွေးတစ်စက်မှ မကျဘဲ အောင်ပွဲခံနိုင်လိမ့်မယ်။ " ရင်ကျန့်က ကျေနပ်စွာ ပြုံးလိုက်သည်။
" အခု စစ်သေနာပတိချုပ်က ဒီဗျူဟာကို အသုံးပြုပါ့မလား မသုံးဘူးလားဆိုတာအပေါ်ပဲ မူတည်တော့တယ်။ တကယ်လို့ အသုံးပြုခဲ့ရင် ဝေဝူကျိရဲ့ သုံးနှစ်တာ ပြင်ဆင်မှုတွေက ရယ်စရာတစ်ခု ဖြစ်သွားလိမ့်မယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ယွီချင်း မင်းက တကယ်ပဲ ကွေ့ကုကျိရဲ့ တပည့် ပီသပါတယ်။ ဒီလိုဗျူဟာမျိုးပို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်။ ငါ့အထင်တော့ ကျောက်ဖုန်းက ဒီဗျူဟာကို တကယ်ပဲ အသုံးပြုလိမ့်မယ်လို့ ငါထင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" လက်ရှိအခြေအနေအရတော့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက ဒီဗျူဟာကို တကယ်ပဲ အကောင်အထည် ဖော်နေပုံရပါတယ်။ ဘာလို့လဲဆိုတော့ စစ်သေနာပတိချုပ် ကျောက်ဖုန်းအနေနဲ့ မတိုက်ခိုက်ဘဲ တစ်လလုံးလုံး အချိန်ဖြုန်းနေမှာမဟုတ်ဘူး။ " ယွီလျောင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" တစ်လ စစ်သည်သုံးသိန်းနဲ့ မြောင်းတွေကို တူးဆွပြီး လှေတွေဆောက်လုပ်ဖို့ဆိုရင် ဒီအချိန်က တကယ်ပဲ ကိုက်ညီမှုရှိတယ်။ " ရင်ကျန့်က ပြုံးလိုက်သည်။
" ကြည့်ရတာအနာဂတ်စစ်ဦးစီးချုပ်ရာထူးက စစ်သေနာပတိချုပ် ကျောက်ဖုန်းရရှိဖို့ တကယ်ပဲ အခွင့်အလမ်းအများကြီး ရှိနေပုံပဲ။ ဒီတစ်ခါ ဝေနိုင်ငံကို သိမ်းပိုက်နိုင်ရင် သူ့ရဲ့ စစ်သေနာပတိချုပ်ရာထူးက လုံးဝခိုင်မာသွားပြီး စစ်ဦးစီးချုပ်ဖြစ်ဖို့အတွက် ပိုကြီးမားတဲ့ စွမ်းဆောင်မှုတွေပဲ လိုအပ်လိမ့်မယ်။ " ယွီလျောင်က ပြောလိုက်သည်။
" အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ဝေမြို့တော်ဖြစ်တော်ဖြစ်သော တလျန်မြို့ရှေ့တွင် ချင်စစ်သည်များက နေရာယူထားကြပြီး တလျန်မြို့ပေါ်သို့ မြားမိုးရွာချနေသည်။ ကျောက်လုံးပစ်စက်များကလည်း မြို့ပေါ်သို့ ပစ်ခတ်နေသည်။ သို့သော် ထိုတိုက်ခိုက်မှုများက ဝေစစ်တပ်ကို ထိခိုက်မှုအချို့ ဖြစ်စေခဲ့သော်လည်း သက်ရောက်မှုက မကြီးမားလှပေ။
မြို့ထဲရှိ ဝေဝူကျိ၏ စံအိမ်။
" အရှင် ချင်စစ်တပ်က ထပ်ပြီး နှောက်ယှက်နေပြန်ပြီ။ ဒါပေမယ့် သူတို့က ထိုးစစ်မဆင်ဘူး။ မြားတွေပစ်ပြီးရင် သူတို့က ပြန်ဆုတ်သွားလိမ့်မယ်။ " ဝေတပ်မှူးတစ်ယောက်က ဝေဝူကျိကို အစိရင်ခံလိုက်သည်။
" စစ်သည်အားလုံး ပေါ့ပေါ့ဆဆ မနေကြနဲ့။ ချင်စစ်တပ်ကို အမြဲတမ်း သတိရှိရှိနဲ့ စောင့်ကြည့်နေပါ။ " ဝေဝူကျိက ညွှန်ကြားလိုက်သည်။
" ဟုတ်ကဲ့။ " ဝေတပ်မှူးက ပြောလိုက်သည်။
ထိုအချိန်တွင် ဝေဝူကျိက မျက်မှောင်ကြုတ်နေပြီး တစ်စုံတစ်ခုကို စဉ်းစားမရဖြစ်နေသည်။
" အရှင် တစ်လတောင် ကြာသွားပြီ။ ချင်စစ်တပ်က နေ့တိုင်းလာနှောက်ယှက်နေပြီး မတိုက်ခိုက်ဘူး။ ကျွန်တော်တို့ စစ်သည်တွေက ထိခိုက်မှုအချို့ရှိပေမယ့် စစ်ပွဲအခြေအနေကိုတော့ အပြောင်းအလဲမရှိသလောက်ပါပဲ။ ချင်စစ်တပ်က တကယ်ဘာလုပ်ချင်နေတာလဲ။ " ဝေတပ်မှူးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ဒီကိစ္စက တကယ်စဉ်းစားရခက်တယ်။ ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ကတည်းက သူက တိုက်ပွဲကို ဘယ်တော့မှမရပ်နားခဲ့ဘူး။ အခု မြို့တော်ကို ရောက်မှ သူက ဘာလို့မတိုက်ဘဲနေနေတာလဲ။ "
" ဒါက ထောင်ချောက်တစ်ခု ဖြစ်နေမလား။ ဒါမှမဟုတ် ကျောက်ဖုန်းက ဟန်ကုစခန်းနဲ့ ပူးပေါင်းဖို့ စောင့်နေတာလား။ "
" မြို့တော်က အရှင်ရဲ့ စီမံမှုအောက်မှာ ထိုးဖောက်မရတဲ့ ခံတပ်ကြီးတစ်ခုလို ဖြစ်နေပြီ။ ကျောက်ဖုန်းက တိုက်ရိုက်ထိုးစစ်ဆင်တာအပြင် အခြားနည်းလမ်း တွေးမိထားလို့များလား။ "
ဝေတပ်မှူးများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ သူတို့က ကျောက်ဖုန်းမတိုက်ခိုက်ရသည့် အကြောင်းရင်းကို အံ့ဩနေကြသည်။ လွန်ခဲ့သော တစ်လလုံးလုံး ချင်စစ်တပ်က နှောက်ယှက်ရုံမှလွဲပြီး တိုက်ခိုက်ခြင်းမရှိပေ။
" ကောင်းပြီ။ မင်းတို့ အားလုံးသွားကြတော့။ " ဝေဝူကျိက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " တပ်မှူးများက ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
ဝေဝူကျိက ထရပ်လိုက်ပြီး ဝေနယ်မြေ၏ မြေပုံကို ကြည့်လိုက်သည်။ သူ၏ မျက်နှာက တင်းမာနေပြီး အတွေးနက်နေပုံရသည်။
" ကျောက်ဖုန်းက တကယ် ဘာလုပ်ချင်နေတာလဲ။ တိုက်ခိုက်မှုကို လက်လျှော့ဖို့က သူဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ချင်စစ်သူကြီးဖြစ်ကတည်းက ကျောက်ဖုန်းက စစ်ရေးအောင်မြင်မှုတွေကို အခြားဘယ်သူတွေမှ မပေးခဲ့ဘူး။ တိုက်ပွဲတိုင်း သူက အစွမ်းကုန် ကြိုးစားခဲ့တယ်။ အခု သူက ငါတို့ မြို့တော်ရှေ့ ရောက်နေပြီဆိုတော့ ဒီလိုကြီးမားတဲ့ စွမ်းဆောင်မှုကို လက်လွှတ်ခံမှာမဟုတ်ဘူး။ သူက သေချာပေါက် တစ်ခုခုကို ကြံစည်နေတာပဲ။ ဒါပေမယ့် သူက တကယ် ဘာကို ကြံစည်နေတာလဲ။ တလျန်မြို့တော်ကို ထိုးဖောက်ဖို့ အခြားနည်းလမ်းတစ်ခု ရှိနေလို့လား။ " ဝေဝူကျိက မြေပုံကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာတွင် စိုးရိမ်မှုများ ရှိနေသည်။
ကျောက်ဖုန်းက မြို့တော်ကို တိုက်ခိုက်ရန် မည်သည့်နည်းလမ်းအား အသုံးပြုမည်ကို သူက စဉ်းစားမရဖြစ်နေသည်။ ဝေဝူကျိက မြေပုံရှေ့တွင် ရပ်ပြီး အတွေးနက်နေခဲ့သည်။
အချိန်များကုန်လွန်သွားခဲ့သည်။ ဝေမြို့တော်၏ နယ်မြေအတွင်းရှိ တောင်တစ်လုံး၏ ပတ်လည်တွင် ဆောက်လုပ်ပြီးသော ဖောင်များနှင့် လှေများ ရှိနေသည်။ ကိုယ်ရံတော် ၁၅၀၀က တောင်ပတ်ပတ်လည်တွင် ဖြန့်ကျက်ထားသည်။ လူတိုင်းက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားများချိတ်ကာ ကျောတွင် မြားနှင့် လေးများကို လွယ်ထားကြသည်။
တောင်ပေါ်တွင် ကျောက်ဖုန်းက လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေပြီး စစ်ဝတ်စုံကို ဝတ်ဆင်ကာ ခါးတွင် လုံချွမ်ဓားကို ချိတ်ဆွဲထားသည်။ သူက ရှေ့သို့ စိုက်ကြည့်နေပြီး တလျန်မြို့တော်ကို ဝေဝါးစွာ မြင်နေရသည်။