အခန်း ၃၁၆
Vol. 32 Ch. 316
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၆)
" အရှင် စစ်သူကြီးတုဆွေက ရေကာတာကို ချိုးဖျက်ပြီး မြို့တော်ကို ရေလွှမ်းမိုးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ သတင်းပို့ပါတယ်။ " ဟန်ရှန်းယန်က လျင်မြန်စွာ ရောက်လာပြီး အစီရင်ခံလိုက်သည်။
" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး လက်ဝှေ့ရမ်းလိုက်သည်။ " မီးအချက်ပြမှုလုပ်လိုက်တော့။ "
" အရှင်က အမိန့်ပေးလိုက်ပြီ။ မီးအချက်ပြမှုလုပ်တော့။ " ကျန်းမင်က အော်ပြောလိုက်သည်။
သူတို့က မလှမ်းမကမ်းတွင် မီးအချက်ပြရန်အတွက် ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ ကျောက်ဖုန်း၏ အမိန့်ရသည်နှင့် ကိုယ်ရံတော်အချို့က မီးတုတ်များကို မြှောက်ပြီး မီးရှို့လိုက်ကြသည်။ ရုတ်တရက် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။
အချက်ပြမီးခိုးများက ကောင်းကင်သို့ ပျံတက်သွားပြီး မိုင်ပေါင်းများစွာ အကွာအဝေးမှ မီးခိုးများကို မြင်နိုင်သည်။ တောင်ထိပ်ပေါ်မှ အချက်ပြမီးထွက်ပေါ်လာသည်နှင့်အမျှ အနီးမှ တောင်များကလည်း အချက်ပြမီးများ ထုတ်လွှတ်လိုက်ကြသည်။
" တလျန်မြို့ကို ရေလွှမ်းမိုးပစ်မယ်။ ခဏအတွင်း တလျန်မြို့က ရေအောက်ကို နစ်မြှုပ်သွားလိမ့်မယ်။ " ကျောက်ဖုန်းက တလျန်မြို့ကို ကြည့်နေသည်။
" ဝေက ခေါင်းမာပြီး မိုက်မဲလွန်းတယ်။ အရှင်က သူတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ ပြီးတော့ သူတို့က ကျွန်တော်တို့ စစ်တပ်ကို ရင်ဆိုင်ဖို့ မြို့ကိုတောင် မီးရှို့ခဲ့ကြသေးတာပဲ။ ဒါက သူတို့ရဲ့ ပြည်သူတွေကို ဂရုမစိုက်ဘူးဆိုတာ ပြနေတာမလို့ ချင်နဲ့ ဘာမှမဆိုင်ပါဘူး။ " ကျန်းမင်က ပြောလိုက်သည်။
" ရေစီးကြောင်းက တလျန်မြို့တော်ကို ချိုးဖျက်လိုက်တာနဲ့ လှေတွေသုံးပြီး တိုက်ခိုက်ကြ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကိုယ်ရံတော်များက ချက်ချင်း ပြန်ပြောလိုက်ကြသည်။
တလျန်မြို့တော်။
အရာအားလုံးက ငြိမ်သက်နေပြီး နေ့တိုင်း လာရောက်နှောက်ယှက်နေသော ချင်စစ်တပ်ကိုလည်း မတွေ့ရတော့ပေ။ ယခုအချိန်တွင် မြို့ရှေ့မျက်နှာစာတစ်ခုလုံးက တိတ်ဆိတ်နေသည်။
" တစ်လတောင် ရှိနေပြီ။ ချင်စစ်တပ်က ဘာလို့မတိုက်သေးတာလဲ။ သူတို့က နေ့တိုင်း မြားနဲ့ပစ်တာကလွဲရင် တိုက်ခိုက်မယ့် အရိပ်အယောင်မပြသေးဘူး။ "
" ငါက အဲ့ဒီကောက်ကျစ်တဲ့ ချင်လူမျိုးတွေကို သတ်ဖို့ အသင့်ပြင်ထားတာ။ သူတို့က အခုထိ ရောက်မလာသေးဘူး။ ချင်စစ်တပ်က ငါတို့ကို ကြောက်နေတာထင်တယ်။ "
" တစ်ခုခုမှားနေတယ်။ အရင်အတိုင်းဆိုရင် ချင်စစ်တပ်က အခုအချိန်မှာ မြားတွေပစ်နေရမှာ။ ဒီနေ့ကျ ဘာလို့မပစ်တာလဲ။ ပြီးတော့ ချင်စစ်သားတွေကိုလည်း မတွေ့ရတော့ဘူး။ " ဝေစစ်သည်တစ်ယောက်က အံ့ဩစွာဖြင့် ပြောလိုက်သည်။
၎င်းကို ကြားသောအခါ အခြားဝေစစ်သည်များလည်း ထူးဆန်းသွားကြသည်။
" ဟုတ်တယ်။ ဒီနေ့ ချင်စစ်တပ်က ဘာလို့မတိုက်တာလဲ။ တစ်ခုခုမူမမှန်ဘူး။ "
" ငါတို့ သွားပြီး အစီရင်ခံရမယ်။ "
" မြန်မြန် အရှင်ကို သွားပြီး အစီရင်ခံကြ။ "
ဝေဝူကျိ၏ စံအိမ်တွင်။
" မင်းဘာပြောတောလဲ။ ချင်စစ်တပ်က ဒီနေ့ မတိုက်ခိုက်ဘူးလား။ မြို့ပြင်မှာလည်း ချင်စစ်သည်တွေ မရှိတော့ဘူးလား။ " ဝေဝူကျိက မျက်မှောင်ကြုတ်သွားသည်။
" ဟုတ်ပါတယ် အရှင်။ ချင်စစ်တပ်က ဆုတ်ခွာသွားပုံရတယ်။ မြို့ပြင်မှာ ချင်စစ်တပ်ရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ဘူး။ ကျွန်တော်တိူ့ ချင်စစ်တပ်ရဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်နေပါတယ်။ " ဝေတပ်မှူးက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
ဝေဝူကျိက မျက်မှောင်ကြုတ်နေပြီး မလုံခြုံသော ခံစားမှုတစ်ခုက ရုတ်တရက် မြင့်တက်လာသည်။
" ချင်စစ်တပ်က တိုက်ခိုက်တာကို ရပ်လိုက်ရုံတင်မကဘဲ တိုက်ရိုက်ဆုတ်ခွာသွားခဲ့တယ်။ ဘာလို့လဲ။ တစ်လလုံး သူတို့က လုံးဝမတိုက်ဘဲ မြားတွေပစ်ပြီး နှောက်ယှက်ရုံပဲ လုပ်ခဲ့တယ်။ အခုကျတော့ စစ်တပ်ကို တိုက်ရိုက်ရုတ်သိမ်းသွားတယ်။ သူတို့ ဘာကို ကြံစည်နေတာလဲ။ " ဝေဝူကျိက အခြေအနေကို ထိုးဖောက်မြင်နိုင်ခြင်းမရှိပေ။
ဝေဝူကျိက အတွေးနက်နေပြီး သူ၏ အကြည့်က မြေပုံပေါ်သို့ ကျရောက်သွားသည်။ ရုတ်တရက် သူ၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာသည်။ ဝေဝူကျိက မြေပုံဆီသို့ ရုတ်တရက် ပြေးသွားပြီး သူ၏ မျက်လုံးများက နီရဲလာကာ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လာသည်။
" အရှင်ဘာဖြစ်လို့လဲ။ " ဝေတပ်မှူးက ချက်ချင်း မေးလိုက်သည်။
ဝေဝူကျိ၏ အမူအရာက ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားသည်။
" မြစ်ဝါမြစ်၊ ဟုန်မြောင်း မြစ်ရေကို လမ်းလွှဲပြီး ငါတို့ တလျန်မြို့တော်ကို ရေလွှမ်းမိုးပစ်ဖို့ပဲ။ မကောင်းတော့ဘူး။ " ဝေဝူကျိ၏ မျက်နှာက လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားသည်။ သူက နောက်ဆုံးတွင် ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။
" အရှင် ဘာဖြစ်တာလဲ။ " အခြားဝေတပ်မှူးများကလည်း ခန်းမထဲသို့ ပြေးဝင်လာကြသည်။
" မြန်မြန် စစ်သည်တွေကို မြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းခိုင်းလိုက်။ ရေဘေးအတွက် ပြင်ဆင်ကြ။ ပြီးတော့ အနောက်ဘက်မြို့တံခါးကို ရိုက်ချိုးဖွင့်ခိုင်းလိုက်။ မြန်မြန်လုပ်။ " ဝေဝူကျိက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" အရှင် တကယ်ဘာဖြစ်တာလဲ။ " အနီးရှိ ဝေတပ်မှူးတစ်ယောက်က အခြေအနေ၏ အရေးကြီးပုံကို နားမလည်သေးပေ။
" ချင်စစ်တပ်က မြစ်ဝါမြစ်နဲ့ ဟုန်မြောင်းက ရေတွေကို လမ်းလွှဲပြီး ငါတို့မြို့တော်ကို ရေလွှမ်းပစ်ဖို့ ရည်ရွယ်နေတာပဲ။ " ဝေဝူကျိက သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုပြီး အော်ဟစ်လိုက်သည်။
သူ၏ စကားများကို ကြားသောအခါ ဝေတပ်မှူးအားလုံးက မျက်နှာပျက်သွားကြသည်။ သူတို့က ထိုစကားများကို အခြားတစ်ယောက်ပြောလျှင် ချက်ချင်း ယုံကြည်ကြမည်မဟုတ်ပေ။ သို့သော် ယခု ဝေဝူကျိကိုယ်တိုင် ပြောလိုက်ခြင်းဖြစ်သည်။
မြစ်ရေများကို လမ်းလွှဲလိုက်သည်နှင့် မြို့တော်ကို မည်မျှခိုင်ခံ့အောင် လုပ်ထားသည်ဖြစ်စေ တောင့်ခံနိုင်မည်မဟုတ်ပေ။ ဝေဝူကျိက ရိပ်မိသွားခဲ့လျှင်တောင် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ သူက တလျန်မြို့တော်ကို ခိုင်ခံ့အောင် ပိတ်ဆို့ထားခဲ့ပြီး အပြင်လူများ မဝင်နိုင်ရုံသာမက အတွင်းမှလူများလည်း မထွက်နိုင်ပေ။
ချင်ကို တားဆီးရန် အသုံးပြုခဲ့သောအရာက သူတို့အတွက် အကျဉ်းထောင်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ အကယ်၍ သူတို့က မြို့တံခါးများကို အသေပိတ်မထားခဲ့လျှင် လူအများကြီး ထွက်ပြေးနိုင်ပြီး အင်အားအချို့ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ သို့သော် ယခုတော့ အချိန်နှောင်းသွားခဲ့လေပြီ။
" သတင်းပို့ပါတယ်။ အရှင် ရေ ရေတွေ ရောက်လာပါပြီ။ ရေတွေက တလျန်မြို့ကို တဟုန်ထိုး စီးဆင်းလာနေပါတယ်။ " ဝေစစ်သည်တစ်ယောက်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လာရောက်အစီရင်ခံသည်။
ဝေဝူကျိက ခွန်အားအားလုံး ဆုံးရှုံးသွားပုံရပြီး အင်အားချိနဲ့စွာ လဲပြိုသွားသည်။
" ရှုံးပြီ။ တကယ်ပဲ ရှုံးနိမ့်သွားခဲ့ပြီ။ ကျောက်ဖုန်း ဘယ်လောက်တောင် ကောက်ကျစ်ပြီး ထက်မြက်တဲ့ ဗျူဟာလဲ။ ငါတို့ရဲ့ ရာစုနှစ်သမိုင်းကြောင်းရှိတဲ့ မြို့တော်က ဒီနေ့ပြီးရင် ပျက်စီးပျောက်ကွယ်သွားတော့မှာပဲ။ " ဝေဝူကျိ၏ အသံက ခါးသီးမှုများ၊ မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
အရာအားလုံး ပြီးဆုံးသွားလေပြီ။ ဝေနိုင်ငံကြီး ပျက်စီးတော့မည်ဖြစ်သည်။ ချင်စစ်တပ်ကို သူတို့နှင့်အတူ သေတွင်းထဲသို့ ဆွဲခေါ်သွားမည့် အကြံအသည်ကလည်း အချည်းနှီးဖြစ်သွားခဲ့လေပြီ။ ထို့အပြင် ချင်က သွေးတစ်စက်မထွက်ဘဲ သူ၏ ဝေနိုင်ငံကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် ကြီးမားသော ရေလုံးကြီးက ချင်စစ်တပ် တပ်စွဲခဲ့သော နေရာသို့ လွှမ်းခြုံသွားပြီး တလျန်မြို့တော်သို့ လျင်မြန်စွာ တိုးဝင်သွားသည်။ မြို့ရိုးကို လာရောက်ရိုက်ခတ်နေသော ရေလှိုင်းလုံးများ၏ အသံက ခံတပ်တစ်ခုလုံးကို တုန်ခါသွားစေသည်ဟု ထင်ရသည်။
" ရေတွေက ဘယ်ကရောက်လာတာလဲ။ ငါတို့ ဝေမြို့တော်က ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရေကြီးတာမျိုးနဲ့ မကြုံခဲ့ပါဘူး။ အခုမှ ဘာဖြစ်တာလဲ။ "
" ငါတို့မျှော်စင်တွေက ရေလှိုင်းတွေကို တားဆီးနိုင်ပါ့မလား။ ငါတို့ ဆုတ်ခွာသင့်လား။ "
"ဆုတ်ခွာဖို့လား။ အထက်က အမိန့်ထုတ်ထားတယ်။ အရှင်ရဲ့ အမိန့်မရှိဘဲ ဘယ်သူမှမဆုတ်ခွာရဘူး။ ဆုတ်ခွာရင် ကွပ်မျက်ခံရလိမ့်မယ်။ "
" ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ ဒီမျှော်စင်သာ ရေစီးနဲ့ မျောပါသွားရင် ငါတို့တော့ သေပြီပဲ။ "
မျှော်စင်ပေါ်ရှိ ဝေစစ်သည်များက အောက်မှ ရေလှိုင်းကြီးများကို ကြည့်ပြီး ဆုတ်ခွာချင်သော်လည်း မဆုတ်ခွာရဲကြပေ။ သို့သော် ရေလှိုင်းများ ပိုတိုးလာသည်နှင့်အမျှ မျှော်စင်က ပို၍ လှုပ်ခါလာသည်။ ၎င်းက ဝေစစ်သည်များကို ထိတ်လန့်သွားစေသည်။
" ရေက မြင့်လာပြီ။ မျှော်စင်ထဲတောင် ဝင်နေပြီ။ မျှော်စင်က တောင့်ခံနိုင်မှာမဟုတ်ဘူး။ "
ထိုအချိန်တွင်....
ခရက် ခရက် ခရက်....
အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ခိုင်ခံ့လှသော မျှော်စင်ကြီးက ရေဘေးကြောင့် အက်ကွဲကြောင်းများ ပေါ်လာပြီး ရေများက ပိုမိုစိမ့်ဝင်လာခဲ့သည်။
" ပြေးကြ။မျှော်စင်က ရေတွေကို မတားဆီးနိုင်ဘူး။ မြန်မြန်ပြေးကြ။ " မျှော်စင်ပေါ်မှ ဝေစစ်သည်များက ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ လျင်မြန်စွာ ထွက်ပြေးလိုက်ကြသည်။
ဂျွတ် ဂျွတ် ဝုန်း ဝုန်း...
ဝေဝူကျိ ခိုင်ခံ့အောင် ပြင်ဆင်ထားသော မျှော်စင်ကြီးက တဟုန်ထိုး စီးဆင်းလာသော ရေလှိုင်းများအောက်တွင် ပြိုကျပျက်စီးသွားခဲ့သည်။ ၎င်းက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မျှော်စင်၏ တစ်ဝက်နီးပါးက တစ်ပြိုင်နက်တည်း ပြိုကျသွားခဲ့သည်။
" အား...."
" အား... ကယ်ကြပါဦး။ ငါ ရေမကူးတတ်ဘူး။ "
" ကယ်ကြပါ။ "
ဝေစစ်သည်များ၏ ထိတ်လန့်စွာ အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။ ဝေစစ်သည်များစွာက ပြိုကျသွားသော မြို့ရိုးများအောက်တွင် နစ်မြှုပ်သွားပြီး သူတို့၏ အသက်ဝိညာဉ်များ ချုပ်ငြိမ်းသွားခဲ့သည်။ အခြားဝေစစ်သည်များစွာကလည်း ရေထဲတွင် ရူးသွပ်စွာ ရုန်းကန်နေကြသည်။
သဘာဝတရား၏ စွမ်းအားရှေ့တွင် လူသားများ၏ ကြိုးစားရုန်းကန်မှုက အလွန်ပင် သေးငယ်လှသည်။ ရေလှိုင်းများက လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဝါးမျိုပစ်ခဲ့သည်။ အိမ်များစွာကလည်း ခဏအတွင်း ပြိုကျသွားခဲ့ပြီး လူများစွာကလည်း ရေစီးနှင့် မျောပါသွားကြသည်။ အချို့က ပြိုကျနေသော အဆောက်အဦးများအောင်တွင် ပိမိပြီး သေဆုံးသွားခဲ့ကြသည်။
မြို့ထဲမှ သိန်းချီသော စစ်တပ်က ရေလှိုင်းများအောက်တွင် ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။ ရေနှင့်မီးက ကရုဏာတရားမရှိဟုဆိုသော စကားကို ယခုအချိန်တွင် ကောင်းကောင်းသက်သေပြနေသည်။ ဝေဝူကျိတည်ဆောက်ထားသော မြို့ကြီးက ယခုအခါ အိုးကြီးတစ်လုံးကဲ့သို့ အတွင်းမှ လူတိုင်းအတွက် ထွက်ပေါက်မရှိအောင် ပိတ်လှောင်ထားသည်။