အခန်း ၃၁၇
Vol. 32 Ch. 317
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၇)
အချိန်များ ကုန်လွန်သွားခဲ့သည်။ တစ်နာရီ၊ နှစ်နာရီ နေ့အလင်းရောင် ပျောက်ကွယ်သွားပြီး တစ်ညလုံး ကုန်လွန်သွားသည်အထိပင် ဖြစ်သည်။
အရုဏ်တက်ချိန်တွင် ဝေမြို့တော်တစ်ခုလုံးက ရေလွှမ်းမိုးမှုအောက် နစ်မြှုပ်သွားခဲ့သည်။ ရာစုနှစ်သက်တမ်းရှိသော မြို့တော်ကြီးက အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားခဲ့သည်။ ရေလှိုင်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ပျက်စီးနေသော မြို့ရိုးများနှင့် အိမ်များကလည်း ပြိုကျပျက်စီးသွားခဲ့သည်။
မြို့ထဲမှ ရေမျက်နှာပြင်ကို ကြည့်ရသည်မှာ ပြန်လည်ကျဆင်းသွားရန် အချိန်ယူရမည့်ပုံပေါ်သည်။ သို့သော် ဝေဝူကျိ သေချာပြင်ဆင်ထားသော ခံတပ်ကြီးက ရေဘေးအောက်တွင် ဘာအဓိပ္ပါယ်မှမရှိတော့ပေ။
ထိုအချိန်တွင် ဝေမြို့တော်၏ ရှေ့ရှိ စီးဆင်းနေဆဲ ဖြစ်သော ရေပြင်အထက်တွင် ဖောင်များနှင့် လှေပြားများက ဝေမြို့တော်ဆီသို့ ဦးတည်လာနေကြသည်။ ၎င်းတို့အပေါ်တွင် လက်နက်များကို ကိုင်ဆောင်ထားသော ချင်စစ်သည်များ ရှိနေကြသည်။
" နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ မြို့တော်ကြီးက အခုတော့ အပျက်အစီးပုံကြီး ဖြစ်သွားခဲ့ပြီ။ "
" စစ်သေနာပတိချုပ်ရဲ့ ဗျူဟာတစ်ခုတည်းက ဝူအန်းစခန်းက စစ်သည်သောင်းချီ အဆုံးရှုံးခံရမယ့် အသက်ဘေးကနေ ရှောင်လွှဲနိုင်ခဲ့တယ်။ "
ရေလွှမ်းနေသော ဝေမြို့တော်ကို ကြည့်ပြီး ချင်စစ်သည်များက အံ့ဩတုန်လှုပ်သွားကြသည်။ ရေမြောင်းများ တူးဖော်ခဲ့သူများက သူတို့ကိုယ်တိုင်ဖြစ်သော်လည်း သူတို့ရှေ့မှ မြင်ကွင်းက အမှန်တကယ် ကြောက်စရာကောင်းလှသည်။
ကျောက်ဖုန်းက ဘာအမူအရာမှ မပြဘဲ မြို့တော်ကို စိုက်ကြည့်နေသည်။
" မြို့ထဲကို ဝင်ကြစို့။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" မြို့ထဲကို ဝင်ကြ။ " ကျန်းမင်က အော်ဟစ်လိုက်သည်။
ဖောင်များနှင့် လှေပြားများက ရေစီးကြောင်းအတိုင်း ဝေမြို့တော်ထဲသို့ ဝင်ရောက်သွားကြသည်။ နေရာတိုင်းတွင် အလောင်းများ ရှိနေပြီး ရုန်းကန်နေကြဆဲ ဖြစ်သော ဝေစစ်သည်များလည်း ရှိနေသည်။
" ကျွန်တော်ကို ကယ်ပါဦး။ ကျွန်တော် လက်နက်ချပါတယ်။ "
" ကျွန်တော်လက်နက်ချပါတယ်။ စစ်သေနာပတိချုပ် ကျွန်တော်ကို ကယ်ပါဦး။ "
ချင်စစ်တပ်၏ ဖောင်နှင့် လှေများရောက်လာသည်ကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူများက မျှော်လင့်ချက်ရှိသွားကြပြီး ကျယ်လောင်စွာ အော်ဟစ်အကူအညီတောင်းလိုက်ကြသည်။
ကျောက်ဖုန်းက သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ " လက်နက်ချတဲ့သူတွေကို ကယ်တင်ပေးလိုက်ပါ။ လက်နက်မချတဲ့သူတွေကိုတော့ သက်သာအောင် တစ်ခါတည်း စီရင်ပေးလိုက်ကြ။ "
" ဟုတ်ကဲ့ပါ။ " ချင်စစ်သည်များက ကျောက်ဖုန်း၏ အမိန်အတိုင်း ချက်ချင်း လုပ်ဆောင်လိုက်ကြသည်။
ကျောက်ဖုန်း၏ လှေက အတားအဆီးမရှိဘဲ မြို့ထဲသို့ ဆက်လက်ဝင်ရောက်သွားခဲ့သည်။
" ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားက တကယ်ကို တားဆီးလို့မရပါလား။ ဒီလိုအရာမျိုးကို စွမ်းဆောင်နိုင်ဖို့ ငါ့ရဲ့ စွမ်းရည်တွေ ဘယ်လောက်ထိ ရောက်ဖို့လိုမလဲဆိုတာ ငါသိချင်မိတယ်။ အနာဂတ်မှာ ငါဒီအဆင့်ကို ရောက်နိုင်ပါ့မလား။ ဒီလိုအရာမျိုးကို အင်မော်တယ်တစ်ပါးပဲ လုပ်နိုင်လိမ့်မယ်။ "
သူ၏ ရေလွှမ်းမိုးသည့် ဗျူဟာကြောင့် ဝေမြို့တော်ကို သွေးတစ်စက်မှမကျဘဲ သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ရေနဲ့အတူ မျောပါနေသော အလောင်းများစွာကို ကြည့်ရင်း သူ ဘာမှမခံစားဘူးဟု ပြောလျှင် လိမ်ညာရာကျပေလိမ့်မည်။ သို့သော် စစ်ပွဲက စစ်ပွဲသာဖြစ်သည်။
ဝေနန်းတော်က ဝေမြို့တော်တွင် အမြင့်ဆုံးနေရာဖြစ်သည်။ ရေလွှမ်းမိုးမှုက နန်းတော်၏ အစိတ်အပိုင်းများစွာကို ပြိုကျပျက်စီးစေခဲ့သည်။ နန်းတော်၏ ပင်မခန်းမ၏ ရှေ့တွင် ရေဘေးကြောင့် ပျက်စီးသွားသော ဝေမြို့တော်ကို ကြည့်ပြီး ဝေဝူကျိ၏ မျက်နှာတွင် သေလူတစ်ယောက်ကဲ့သို့ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ဖောင်များနှင့် လှေများက သင်္ဘောတစ်စီးကို ဝန်းရံပြီး နန်းတော်၏ ပင်မခန်းမဆီသို့ ချဉ်းကပ်လာခဲ့သည်။ သင်္ဘောက ရေးစီးကြောင်းအတိုင်း အနှောက်အယှက်မရှိဘဲ ခန်းမရှေ့သို့ ရောက်လာခဲ့သည်။
ကျောက်ဖုန်းက သင်္ဘောပေါ်တွင် ရပ်ပြီး သူ၏ အကြည့်က ခန်းမရှေ့တွင် ရပ်နေသော ဝေဝူကျိပေါ်သို့ ကျရောက်သွားသည်။ သင်္ဘောဆိုက်ကပ်သွားသည်နှင့် ခန်းမထဲမှ နန်းတွင်းကိုယ်ရံတော်များက လှုပ်ရှားရန် မဝံ့ရဲကြတော့ပေ။ ချင်စစ်သည်များက လေးများဖြင့် ချိန်ရွယ်ထားကြပြီး သူတို့သာ လှုပ်ရှားခဲ့လျှင် မြားမိုးများ ရွာကျလာပေလိမ့်မည်။
" မင်း.... နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။ " ဝေဝူကျိက ခေါင်းမော့ပြီး သင်္ဘောပေါ်မှ ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ဟုတ်တယ်။ ကျုပ်ရောက်လာပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
သူ၏ ရှေ့မှ ဝေဝူကျိက လွန်ခဲ့သော တစ်လကဲ့သို့ စိတ်အားတက်ကြွမှုများနှင့် ယုံကြည်မှုများ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
" အရှင်ရှင်းလင်း ခင်ဗျား ရှုံးသွားပြီ။ ဝေနိုင်ငံက ပျက်စီးသွားပြီ။ ပြီးတော့ ဝူအန်းစခန်းကို ချေမှုန်းမယ့် ခင်ဗျားရဲ့ အစီအစဉ်တွေလည်း ကျရှုံးသွားပြီ။ ကျုပ်ရဲ့ ဝူအန်းစခန်းက သွေးတစ်သက်မှမကျဘဲ ဝေမြို့တော်ထဲကို ဝင်ရောက်နိုင်ခဲ့ပြီ။ " ကျောက်ဖုန်းက အောင်နိုင်သူတစ်ယောက်ကဲ့သို့ အေးစက်စွာ ပြောလိုက်သည်။
" မှန်တယ်။ ငါရှုံးသွားပြီ။ လုံးဝကို ပြိုလဲပျက်စီးသွားတဲ့ ရှုံးနိမ့်မှုပဲ။ " ဝေဝူကျိက ခါးသီးစွာ ရယ်မောလိုက်ပြီး ခံစားချက်မဲ့သော မျက်လုံးများဖြင့် ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။
" ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်း အတိတ်တုန်းက ဝေမြို့တိုက်ပွဲမှာ ငါရှုံးခဲ့တယ်။ အခု မြို့တော်တိုက်ပွဲမှာလည်း ငါ ထပ်ပြီး ရှုံးပြန်ပြီ။ ငါ... အိုနေပါပြီ။ " ဝေဝူကျိက သက်ပြင်းချလိုက်သည်။
" ဒါဆို အရှင်ရှင်းလင်းက လက်နက်ချမှာလား မချဘူးလား။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
ဝေဝူကျိက ပြုံးပြီး သူ၏ ခါးမှ ဓားကို ဆွဲထုတ်ကာ ကျောက်ဖုန်းကို ချိန်ရွယ်လိုက်သည်။ " ဝေနိုင်ငံရဲ့ အရှင်ရှင်းလင်းဖြစ်တဲ့ ငါ ဝေဝူကျိက မင်းကို တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိန်ခေါ်တယ်။ "
ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ခန်းမ၏ လှေကားထစ်များပေါ်သို့ ခုန်ဆင်းလိုက်သည်။ လုံချွမ်ဓားက ဓားအိမ်မှ ဖြည်းညင်းစွာ ထွက်လာသည်။
" ချင်ရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက စိန်ခေါ်မှုကို လက်ခံတယ်။ " ကျောက်ဖုန်းက လုံချွမ်ဓားကို ဝေဝူကျိဆီသို့ ချိန်ရွယ်လိုက်သည်။
" တိုက်ကြစို့။ " ကျောက်ဖုန်း ဓားဆွဲထုတ်လိုက်သည်ကို မြင်သောအခါ ဝေဝူကျိက သူ၏ နောက်ဆုံးဆန္ဒပြည့်ဝသွားသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူက ဓားကိုင်ပြီး ကျောက်ဖုန်းဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။ သို့သော် သူက အိုမင်းနေပြီဖြစ်သောကြောင့် သူ၏ တိုက်ခိုက်မှုခွန်အားနှင့် အရှိန်က အားနည်းနေခဲ့သည်။ ကျောက်ဖုန်းကို သူအနိုင်ယူရန် မဖြစ်နိုင်သောအရာဖြစ်သည်။
ကျောက်ဖုန်းက ရှေ့သို့တက်လိုက်ပြီး လုံချွမ်ဓားကို ထိုးသွင်းလိုက်သည်။ ဓားက ဝေဝူကျိ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။ ဝေဝူကျိ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် နာကျင်မှုထက် စိတ်သက်သာရာရသော အမူအရာ ပေါ်လာခဲ့သည်။
" ငါ့ နိုင်ငံအတွက် ငါသေရတာ နောင်တမရှိဘဲ သေဆုံးနိုင်ပါပြီ။ အတိတ်က ဝေဘုရင်တို့ ငါ ဝေဝူကျိက မင်းတို့ကို ရင်ဆိုင်ဖို့ ရှက်စရာမလိုတော့ပါဘူး။ " ဝေဝူကျိက နောက်ဆုံးစကားများကို အော်ဟစ်လိုက်ပြီး အသက်ဝိညာဉ်က ချုပ်ငြိမ်းသွားခဲ့သည်။ သူက ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။
" ဝေနိုင်ငံရဲ့ အရှင်ရှင်းလင်းကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ နိုင်ငံတော် ကံကြမ္မာကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် အဆင့်နှစ်ရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ "
ကျောက်ဖုန်းက ၎င်းကို ဂရုမစိုက်နိုင်ပေ။ သူက ခန်းမကို ဝန်းရံထားသော နန်းတွင်းကိုယ်ရံတော်များကို ကြည့်လိုက်သည်။
" မင်းတို့အားလုံး ဆက်တိုက်မှာလား အညံ့ခံမလား။ " ကျောက်ဖုန်းက အေးစက်စွာ မေးလိုက်သည်။
သူ၏ စကားဆုံးသွားသည်နှင့် ချင်စစ်သည်များစွာက လေးမြားများဖြင့် နန်းတွင်းကိုယ်ရံတော်များကို ချိန်ရွယ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက် လှုပ်ရှားလိုက်သည်နှင့် မြားမိုးများ ရွာကျလာမည်ဖြစ်သည်။
" ကျွန်တော်တို့ လက်နက်ချပါမယ်။ "
" ကျွန်တော်တို့ လက်နက်ချချင်ပါတယ်။ "
နန်းတွင်းကုယ်ရံတော်များက တစ်ယောက်ပြီးတစ်ယောက် လက်နက်များချပြီး ဒူးထောက်လိုက်ကြသည်။ ဝေဝူကျိက အသကတည်းက သူတို့ကို ညွှန်ကြားထားပုံရသည်။ မည်သို့ပင်ဖြစ်စေ ဝေနိုင်ငံ၏ ကျရှုံးမှုက ရှောင်လွှဲ၍ မရတော့ပေ။ ဝေစစ်သည်များ လက်နက်ချသည်ကို မြင်သောအခါ ကျောက်ဖုန်းက သူတို့၏ လက်နက်ချမှုကို လက်ခံလိုက်သည်။
ထို့နောက် ကျောက်ဖုန်းက ညီလာခံခန်းမဆီသို့ ကြည့်လိုက်ပြီး ထိုနေရာဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ကိုယ်ရံတော်များကလည်း သူ၏ နောက်မှ လိုက်ပါလာကြပြီး ခန်းမဆီသို့ အတူတူလျှောက်သွားကြသည်။
ခန်းမအတွင်း၌ ဝေဘုရင်က သူ၏ ဝန်ကြီးများနှင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် စုဝေးနေကြသည်။ ထို့အပြင် ထိုခန်းမက နန်းတော်တွင် အမြင့်ဆုံးနေရာဖြစ်သောကြောင့် လူပေါင်းထောင်ချီက ခိုလှုံနေကြသည်။
ကျန်းမင်က ကိုယ်ရံတော်များကို ဦးဆောင်ပြီး ခန်းမတံခါးကို ဖွင့်လိုက်သည်။ ကျောက်ဖုန်းက ခန်းမထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားသည်။ ကျောက်ဖုန်းကို မြင်လိုက်ရသောအခါ ခန်းမထဲမှ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။
ကျောက်ဖုန်းက ဖြည်းညင်းစွာ လျှောက်လာသည်နှင့်အမျှ သူတို့က ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်သွားကြသည်။ ပလ္လင်ပေါ်မှ ဝေဘုရင်ကလည်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
ကျောက်ဖုန်းက လူတိုင်းကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ အကြည့်က နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်နေသော ဝေဘုရင်ဆီတွင် ရပ်တန့်သွားသည်။