အခန်း ၃၁၉
Vol. 32 Ch. 319
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၉)
" ဝူအန်းစခန်းက မလှုပ်ရှားဘူးဆိုရင် ဖန်ဝူကို ရင်ဆိုင်ဖို့ အနောက်ဘက်ကို ဘာလို့မချီတက်လာတာလဲ။ ဒီလိုဆိုရင် ကျွန်တော်တို့ စခန်းနှစ်ခု ပူးပေါင်းပြီး ဖန်ဝူကို ချေမှုန်းနိုင်မှာ ဖြစ်သလို ဝေမြို့တော်ကိုလည်း အတူတူ တိုက်ခိုက်နိုင်လိမ့်မယ်။ " လီရှင်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
" မင်းဘယ်တုန်းကစပြီး ဒီလောက်ထိ စိတ်သဘောထားသေးသိမ်သွားတာလဲ။ " ဟွမ်ယိက လီရှင်းကို အထင်သေးစွာ ကြည့်လိုက်သည်။
" စစ်သေနာပတိချုပ် " လီရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။
" စစ်မြေပြင်မှာ ပြိုင်ဆိုင်မှုက စစ်ရေးစွမ်းဆောင်မှုအပေါ် မူတည်တယ်။ ဒီတစ်ခေါက် အရှင်မင်းကြီးက ဟန်ကုနဲ့ ဝူအန်းကို စေလွှတ်တာဟာ ဝေကို ဖျက်ဆီးဖို့တင်မကဘဲ ငါတို့ စစ်စခန်းနှစ်ခုကို ယှဉ်ပြိုင်စေချင်လို့ပဲ။ ဝူအန်းစခန်းက ငါတို့ကို ကူညီဖို့အတွက် သူတို့ရဲ့ အောင်မြင်မှုတွေကို အဆုံးရှုံးခံလိမ့်မယ်လို့ မင်းဘာလို့ထင်နေတာလဲ။ မင်းက ဒါကို ဘာလို့ဖြစ်သင့်တယ်လို့ ထင်နေတာလဲ။ တကယ်လို့ ငါတို့ ဟန်ကုစခန်းကသာ ဝေမြို့တော်ကို အရင်ရောက်ခဲ့ရင် မင်းက ဝူအန်းစခန်းကို ကူညီမယ့်အစား ဝေမြို့တော်ကို မင်းခွန်အားရှိသမျှ တိုက်ခိုက်ဖို့ပဲ တွေးမှာ မဟုတ်လား။ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။
လီရှင်းက စိတ်မသက်မသာ ဖြစ်သွားပြီး ခေါင်းငုံ့ကာ စကားထပ်မပြောရဲတော့ပေ။
" စစ်မြေပြင်က စစ်သေနာပတိချုပ်တွေက အခြေအနေအပေါ် မူတည်ပြီး လိုက်လျောညီထွေ လုပ်ကြရတာပဲ။ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်လာတာ နှစ်အတော်ကြာပြီ။ မင်း သူလက်လျှော့သွားတာ ဘယ်နှစ်ခါမြင်ဖူးလို့လဲ။ ဒီတစ်လအတွင်းမှာသူက ဝေမြို့ကို ထိုးဖောက်ဖို့ ဗျူဟာတစ်ခုကို သေချာပေါက် စီစဉ်နေတာဖြစ်ရမယ်။ " ဟွမ်ယိက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" ဒါပေမယ့် ဝေဝူကျိက ဝေမြို့တော်ကို အသေပိတ်ထားတာပဲ။ အတင်းအကျပ် တိုက်ခိုက်တာကလွဲရင် အခြားနည်းလမ်းမရှိလောက်ဘူး။ စစ်သေနာပတိချုပ် ကျောက်ဖုန်းက မြို့ကို ထိုးဖောက်ဖို့ အခြားနည်းလမ်းရှိပါ့မလား။ " လီရှင်းက ပြောလိုက်သည်။
" လီရှင်း မင်းက ကျောက်ဖုန်းထက် အသက်ကြီးပေမယ့် ကျောက်ဖုန်းနဲ့ ယှဉ်ရင် အများကြီး နိမ့်ကျသေးတယ်။ မင်း ဘာတွေးနေလဲဆိုတာ ငါသိတယ်။ မင်းကိုမင်း ဝမ်ပင်းနဲ့ မုန့်ထျန်းတို့ထက် ပိုသာတယ်လို့ ထင်နေတာ။ ဒါပေမယ့် မင်းမှာ သူတို့လို တည်ငြိမ်မှုမရှိဘဲ သူတို့ထက် ပိုတဲ့ မောက်မာမှုတွေပဲရှိတယ်။ တကယ်လို့ ဒီတိုင်းသာဆက်သွားရင် မင်း တစ်နေ့မှာ အမှားတစ်ခုကို သေချာပေါက် လုပ်မိလိမ့်မယ်။ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။ သူက လီရှင်းကို ဆရာတစ်ယောက်အနေဖြင့် ဆုံးမနေခြင်းဖြစ်သည်။
" ကျွန်တော်က စစ်သေနာပတိချုပ်ရဲ့ သွန်သင်မှုတွေကို မှတ်သားထားပါမယ်။ " လီရှင်းက ချက်ချင်း ပြန်ပြောလိုက်သော်လည်း ဟွမ်ယိ၏ ဆုံးမမှုကို စိတ်ထဲမထည့်သေးကြောင်း ပြသနေသည်။
" ဟူး..." ဟွမ်ယိက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
ချူးရှမြို့၊ မြိုးရိုးမျှော်စင်ပေါ်တွင်။
" စစ်သေနာပတိချုပ် ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုက ပိုပြီး ပြင်းထန်လာတယ်။ ကျွန်တော်တို့စစ်တပ်က အမြဲတမ်း ဆုတ်ခွာနေခဲ့ရတယ်။ စစ်သည်အင်အား ဆုံးရှုံးတဲ့အပြင် စိတ်ဓာတ်တွေလည်း ထိခိုက်နေပြီ။ ပြီးတော့ စစ်ပြေးတော်တော်များများလည်း ရှိနေပါတယ်။ ဒီပုံအတိုင်းဆို ကျွန်တော်တို့ ချင်ရဲ့ ဟန်ကုစခန်းကို ကြာကြာတားဆီးနိုင်တော့မှာမဟုတ်ပါဘူး။ " လက်ထောက်စစ်သူကြီးတစ်ယောက်က ဖန်ဝူကို ပြောလိုက်သည်။
" အရှင်က အမိန့်ထုတ်ထားတယ်။ ငါတို့စစ်တပ်က ချင်စစ်တပ်ချီတက်တာကို ပိတ်ဆို့ထားဖို့ ကျိန်ဆိုထားတယ်။ ငါတို့ နောက်ဆုံး စစ်သည်တစ်ယောက် ကျန်တဲ့အထိ တိုက်ရရင်တောင် ဘယ်တော့မှ ဆုတ်ခွာလို့မဖြစ်ဘူး။ " ဖန်ဝူက ပြင်းပြသော စိတ်ဓာတ်များနှင့် ပြည့်နှက်နေသည်။
" နားလည်ပါပြီ။ " လက်ထောက်စစ်သူကြီးက ဦးညွှတ်ပြီး ဘာမှမပြောတော့ပေ။
" ငါတို့ စစ်သည်အင်အား ဘယ်လောက်ကျန်သေးလဲ။ " ဖန်ဝူက လေးနက်စွာဖြင့် ပြောလိုက်သည်။
" စစ်သေနာပတိချုပ် မူလက ကျွန်တော်တို့ စစ်သည်နှစ်သိန်းခွဲရှိခဲ့ပေမယ့် ချင်စစ်တပ်နဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်တဲ့ စစ်သည်အင်အား တစ်သိန်းခွဲတောင် မပြည့်တော့ပါဘူး။ " လက်ထောက်စစ်သူကြီးတစ်ယောက်က ပြောလိုက်သည်။
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဒီမြို့ကို ဆက်ပြီးတော့ ခုခံကာကွယ်ကြစို့။ ကိုယ့်တာဝန်ကျတဲ့ နေရာကို စွန့်ခွာရဲတဲ့သူ ဘယ်သူမဆို ကွပ်မျက်ခြင်းခံရမယ်။ ထွက်ပြေးတဲ့သူ ဘယ်သူမဆို ကွပ်မျက်ခြင်းခံရမယ်။ " ဖန်ဝူက အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " ဝေတပ်မှူးများက ပြန်ပြောလိုက်ကြသည်။
" သတင်းပို့ပါတယ်။ မြို့ရဲ့ အနောက်ဘက်မှာ ချင်စစ်တပ်တစ်ခု ပေါ်လာပါတယ်။ " ကင်းထောက်တစ်ယောက်က ထိတ်လန့်စွာဖြင့် သတင်းပို့လိုက်သည်။
" မင်း ဘာပြောလိုက်တာလဲ။ မြို့ရဲ့ အနောက်ဘက်မှာ ချင်စစ်တပ်တစ်ခု ပေါ်လာတယ်ဟုတ်လား။ " ဖန်ဝူက မျက်မှောင်ကြုတ်သွားပြီး သူ၏ အမူအရာက ထိတ်လန့်တုန်လှုပ်သွားသည်။
" မြန်မြန် မြို့အနောက်ဘက်ကို သွားကြမယ်။ စစ်သူကြီးကောင်း မင်းက မြို့အရှေ့ဘက်ကို စောင့်ကြပ်ထား။ ချင်စစ်တပ်ကို လုံးဝ အခွင့်အရေးမပေးနဲ့။ " ဖန်ဝူက လေးနက်စွာ ပြောလိုက်သည်။
မြို့အနောက်ဘက်တွင် အရေအတွက် နှစ်ထောင်မပြည့်သော ချင်စစ်တပ်က မြို့ရှေ့တွင် ရပ်နေကြသည်။ သူတို့က စနစ်တကျ ရပ်နေကြသော်လည်း မြို့ကို တိုက်ခိုက်ခြင်းမရှိပေ။
" ဒါ တကယ်ချင်စစ်တပ်ပဲ။ သူတို့က ငါတည်ဆောက်ထားတဲ့ ခံစစ်စည်းကို ဖြတ်ကျော်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်။ သူတို့က မြို့တော်က လာကြတာပဲ။ မြို့တော်က တစ်ခုခုဖြစ်သွားပြီလားမသိဘူး။ " ဖန်ဝူ၏ မျက်နှာက မှောင်မဲနေသည်။
အကယ်၍ မြို့တော်က ထိုးဖောက်ခံလိုက်ရလျှင် သူတို့စစ်သည်တစ်သိန်းခွဲကျော်က ချင်စစ်တပ်၏ ဝန်းရံခြင်းခံရမည်ဖြစ်သည့်အပြင် သူတို့က ခိုကိုးရာမဲ့သောသူများ ဖြစ်သွားကြပေလိမ့်မည်။
" စစ်သေနာပတိချုပ် တလျန်မြို့မှာ တစ်ခုခုဖြစ်သွားတာလား။ " လက်ထောက်စစ်သူကြီးတစ်ယောက်က မေးလိုက်သည်။
" ငါတို့ အရှင်ရှိနေတာမလို့ ငါတို့မြို့တော်ကို ချင်စစ်တပ်က ထိုးဖောက်နိုင်စရာအကြောင်းမရှိဘူး။ ဒါက ချင်စစ်တပ်ရဲ့ ကင်းထောက်အဖွဲ့သက်သက်ဖြစ်လိမ့်မယ်။ " ဖန်ဝူက ပြောလိုက်သည်။
ထိုအချိန်တွင် မြေပြင်ပေါ်မှ ချင်စစ်တပ်က လှုပ်ရှားလာခဲ့သည်။ ချင်မြင်းစီးစစ်သည်တစ်ယောက်က တစ်စုံတစ်ခုကို ကိုင်ထားပြီး မြို့ဆီသို့ မောင်းနှင်လာသည်။
" စစ်သေနာပတိချုပ် အဲ့ဒီချင်စစ်သည်က ဘာလုပ်ချင်နေတာလဲ။ ကျွန်တော်တို့ မြားနဲ့ပစ်လိုက်ရမလား။ " ဝေတပ်မှူးတစ်ယောက်က မေးလိုက်သည်။
" ငါ့အမိန့်မရှိဘဲ ဘယ်သူမှမလှုပ်ရှားနဲ့။ " ဖန်ဝူက စစ်သည်တွေကို တားဆီးလိုက်သည်။
မြို့ဆီသို့ ချဉ်းကပ်လာသူက ကျောက်ဖုန်း၏ ကိုယ်ရံတော်တပ်မှူး ကျန်းမင်ဖြစ်သည်။
" ဝေနိုင်ငံရဲ့ စစ်သေနာပတိချုပ် ဘယ်မှာလဲ။ " ကျန်းမင်က မျှော်စင်ကို ကြည့်ပြီး မေးလိုက်သည်။
" ငါဒီမှာပဲ။ " ဖန်ဝူက မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်သည်။
" ကျုပ်က ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ လက်အောက်က ကိုယ်ရံတော်တပ်မှူးပဲ။ စစ်သေနာပတိချုပ်ရဲ့ အမိန့်အရ စစ်သေနာပတိချုပ်ဖန်ဝူကို တစ်ခုခုလာပေးတာပါ။ " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက လက်မြှောက်ပြီး ဝေဘုရင်ကိုယ်တိုင်ရေးသားထားသော အမိန့်စာကို မျှော်စင်ဆီသို့ လွှင့်ပစ်လိုက်သည်။
" စစ်သေနာပတိချုပ် သတိထား။ " ဝေတပ်မှူးများက လန့်ဖျပ်သွားကြသည်။ သို့သော် တော်ဝင်အမိန့်စာက ဖန်ဝူ၏ ရှေ့သို့ ရောက်ရှိလာသည်။
" နောက်ဆုတ်စမ်း။ " ဖန်ဝူက အေးစက်စွာ ပြောလိုက်ပြီး အမိန့်စာကို ကောက်ယူလိုက်သည်။
" ဒါက ငါတို့ရဲ့ တော်ဝင်အမိန့်တော်ပဲ။ " ဝေတပ်မှူးတစ်ယောက်က ပြောလိုက်သည်။
ဖန်ဝူက စိုးရိမ်စွာဖြင့် တော်ဝင်အမိန့်တော်ကို ဖွင့်ဖတ်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူ၏ မျက်နှာက ဖြူဖျော့သွားသည်။ ထို့နောက် တော်ဝင်အမိန့်တော်ကို ပြန်ပိတ်လိုက်သည်။
" မင်းက ငါတို့ ဝေရဲ့ တော်ဝင်အမိန့်တော်ကို အတုလုပ်ပြီး ဒီလိုယုတ်မာတဲ့ နည်းလမ်းတွေ သုံးရဲတယ်ပေါ့။ " ဖန်ဝူက အေးစက်စွာ ပြောလိုက်သည်။
" တကယ်လို့ မင်းတို့ ဝေရဲ့ တော်ဝင်အမိန့်တော်ကို အတုလုပ်လို့ရနေရင် မင်းတို့ဝေက အရင်ကတည်းက ပျက်စီးသွားလောက်ပြီ။ ဒါက မင်းတို့ဘုရင်ကိုယ်တိုင် ရေးထားတာပဲ။ မင်းတို့ ဝေရဲ့ တော်ဝင်တံဆိပ်တုံးပါ ရိုက်နှိပ်ထားတာ။ မင်းတို့ဝေမြို့တော်က မရှိတော့ဘူး။ မင်းတို့ရဲ့ မြို့တော်ကို ချင်က ဖျက်ဆီးလိုက်ပြီ။ မင်းတို့ ဘုရင်ကလည်း လက်နက်ချသွားပြီ။ "
" စစ်သေနာပတိချုပ်ဖန်ဝူ အသက်တွေကို အဓိပ္ပါယ်မရှိဘဲ မစွန့်လွှတ်ပါနဲ့။ " ကျန်းမင်က လေးနက်စွာ ပြောလိုက်သည်။
ထိုစကာများဆုံးသွားသည်နှင့် ဖန်ဝူ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားသည်။ သူဘေးနားမှ တပ်မှူးများနှင့် စစ်သည်များကလည်း ဖြူဖျော့သွားကြသည်။
" မဖြစ်နိုင်ဘူး။ မြို့တော်မှာ ငါတို့အရှင်ကိုယ်တိုင်စောင့်ကြပ်နေတာ။ ဝေစစ်သည်လေးသိန်းနီးပါးလည်း စောင့်ကြပ်နေတယ်။ မင်းတို့ ချင်းစစ်တပ်က ဘယ်လောက်ပဲ သန်မာပါစေ မြို့တော်ကို ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ "
" မင်းက ငါတို့ကို လိမ်နေတာပဲ။ ငါတို့က အဲ့လောက်ထိ မအဘူး။ မြို့တော်ကို မင်းတို့ ချင်စစ်တပ်က ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ ငါတို့ အရှင်က ရှုံးနိမ့်စရာ အကြောင်းမရှိဘူး။ "
ဖန်ဝူ စကားမပြောနိုင်မီ ဝေတပ်မှူးများက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ကြသည်။
" မင်းတို့ရဲ့ အရှင် ကျဆုံးသွားပြီ။ ဝေမြို့တော်ကို စောင့်ကြပ်နေတဲ့ စစ်သည်တစ်ဝက်လောက်ကလည်း သေဆုံးသွားပြီ။ မင်းတို့ရဲ့ ဝေမြို့တော်က မရှိတော့ဘူး။ " ကျန်းမင်က လေးနက်စွာ ပြောလိုက်သည်။
" မဖြစ်နိုင်ဘူး။ တလျန်မြို့တော်က လူခွန်အားနဲ့ ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။ " ဝေတပ်မှူးတစ်ယောက်က ငြင်းဆိုလိုက်သည်။
" တကယ်လို့ မင်းတို့ရဲ့ မြို့တော်ကို ထိုးဖောက်ခဲ့တာ လူသားအင်အားမဟုတ်ဘဲ သဘာဝတရားရဲ့ စွမ်းအားလို့ ပြောရင်ရော။ " ကျန်းမင်က အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။