အခန်း ၃၂၀
Vol. 32 Ch. 320
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၂၀)
ကျန်းမင်က မြင်းကျောပေါ်မှ ဓားတစ်လက်ကို ဖြုတ်ယူပြီး မျှော်စင်ဆီသို့ လွှင့်ပစ်လိုက်သည်။ ဓားက လေထုကို ထိုးခွင်းသွားပြီး မျှော်စင်၏ ကြမ်းပြင်တွင် စိုက်ဝင်သွားသည်။
ဓားကို မြင်လိုက်ရသောအခါ ဖန်ဝူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထိုဓားက ဝေဝျကျိ၏ ဓားဖြစ်ပြီး ဝေတော်ဝင်မိသားစုမှ ဆင်းသက်လာသော နတ်ဘုရားဓားဖြစ်သည်။
ဖန်ဝူက မည်မျှမယုံကြည်သည်ဖြစ်စေ ထိုဓားကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာက ဖြူဖျော့လာသည်။
" မင်းတို့ရဲ့ အရှင်က သူ မသေဆုံးခင်မှာ ငါတို့ စစ်သေနာပတိချုပ်ကို စိန်ခေါ်ခဲ့တယ်။ စိန်မခေါ်ခင်မှာ သူက ဝေစစ်တပ်ကို အဓိပ္ပါယ်မဲ့ အသက်မစွန့်စေချင်ဘူးလို့ ပြောခဲ့တယ်။ ဒီနေ့ ငါလာတာက မင်းတို့ ဝေနိုင်ငံရဲ့ တော်ဝင်အမိန့်နဲ့ မင်းတို့ရဲ့ စစ်တပ်ကို လက်နက်ချဖို့ အမိန့်လာပေးတာပဲ။ ဒါကလည်း ဟွာရှလူမျိုးအချင်းချင်း သတ်ဖြတ်ခြင်းခံရမှာကနေ ကာကွယ်ဖို့အတွက်ဖြစ်တယ်။ " ကျန်းမင်က ဖန်ဝူကို အော်ပြောလိုက်သည်။
ဝေဝူကျိသေဆုံးသွားသည်မှာ သေချာနေပြီဖြစ်သည်။ ဖန်ဝူက သူ၏ နောက်ဆုံး အင်အားများ ဆုံးရှုံးသွားပုံရပြီး သူ၏ ခန္ဓာကိုယ်က လဲကျလုနီးပါးဖြစ်သွားသည်။
" အရှင်ရဲ့ ရုပ်အလောင်း ဘယ်မှာလဲ။ " ဖန်ဝူက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
" မစိုးရိမ်ပါနဲ့။ ငါတို့ စစ်သေနာပတိချုပ်က ဖြောင့်မတ်ပြီး သစ္စာရှိတဲ့သူကို မကောင်းဆက်ဆံမှာမဟုတ်ဘူး။ ငါတို့ စစ်သေနာပတိချုပ်က အရှင်ရှင်းလင်းရဲ့ ရုပ်အလောင်းကို တလျန်တောင်ကုန်းရဲ့ ခန်းမဆောင်မှာ မြှုပ်နှံပေးပြီးသွားပြီ။ ဒါကြောင့် သူက ဝေမြေပြင်ကို ထာဝရကြည့်ရှုနိုင်လိမ့်မယ်။ " ကျန်းမင်က ပြန်လည်ဖြေကြားလိုက်သည်။
ဝေဝူကျိက ဝေနိုင်ငံတွင် အလွန်မြင့်မားသော လေးစားမှုကို ခံယူထားသည်။ အကယ်၍ သူ၏ ရုပ်အလောင်းကို ဂုဏ်သိက္ခါညှိုးနွမ်းအောင် လုပ်ခဲ့လျှင် ဝေစစ်တပ်ကို ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။
ကျောက်ဖုန်းအနေဖြင့် ဝေဝူကျိကဲ့သို့ သစ္စာရှိပြီး ဖြောင့်မတ်သူတစ်ယောက်ကို ရန်သူဖြစ်နေလျှင်တောင် ဂုဏ်သိက္ခါညှိုးနွမ်းအောင် လုပ်မည်ဖြစ်မဟုတ်ပေ။ ဝေဝူကျိက လေးစားမှုနှင့် ထိုက်တန်သူတစ်ယောက်ဖြစ်သည်။
" စစ်သေနာပတိချုပ်ကျောက်ဖုန်း ဘယ်မှာလဲ။ " ဖန်ဝူက ထပ်မေးလိုက်သည်။
" ငါတို့ စစ်သေနာပတိချုပ် အနောက်ဘက်မှာရှိပါတယ်။ " ကျန်းမင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ဟူး..." ဖန်ဝူက သက်ပြင်းချပြီး မြို့ရိုးပေါ်မှ ဝေစစ်သည်များကို ကြည့်လိုက်သည်။
သူတို့အထဲမှ အများစုက သာမန်လယ်သမားများဖြစ်ကြပြီး စစ်တပ်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခံထားရသူများဖြစ်သည်။ ယခု သူတို့၏ သေခြင်းရှင်ခြင်းက သူ၏ လက်ထဲတွင် ရှိနေသည်။
" အရှင် အဓိပ္ပါယ်မဲ့ အသက်စွန့်တာလား။ ဘယ်လိုအခြေအနေမျိုးက အရှင်ကို ဒီလိုစကားမျိုး ပြောထွက်စေခဲ့တာလဲ။ ကျွန်တော်မြို့တော်က ထွက်လာတုန်းက အရှင် ဒီလိုပြောခဲ့ဖူးတယ်။ " ဖန်ဝူက စိတ်ထဲမှ တွေးလိုက်သည်။
အကယ်၍ ကျန်းမင်က ထိုစကားကို မပြောခဲ့လျှင် ဖန်ဝူအနေဖြင့် ဝေမြို့တော်အတွက် မျှော်လင့်ချက်အချို့ ရှိပေလိမ့်မည်။ ထိုစကားလေးတစ်ခွန်းက ဖန်ဝူကို မယုံကြည်ဘဲ မနေနိုင်ဖြစ်စေခဲ့သည်။
" ငါ ဖန်ဝူက စစ်သေနာပတိချုပ် ကျောက်ဖုန်းနဲ့ တွေ့ဆုံချင်ပါတယ်။ " ဖန်ဝူက သက်ပြင်းချပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်က နောက်မှာ ရှိပါတယ်။ အချိန်မရွေး အဆင်သင့်ပါပဲ။ " ကျန်းမင်က ပြောပြီး လှည့်ထွက်သွားသည်။
" မြို့တံခါးတွေကို ဖွင့်လိုက်။ " ဖန်ဝူက လှည့်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ တကယ်ပဲ လက်နက်ချတော့မှာလား။ " ဝေတပ်မှူးများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။
" မြို့တော်က ကျဆုံးသွားပြီ။ ငါတို့အရှင်လည်း သေဆုံးသွားပြီ။ ငါတို့စစ်တပ်က ချင်စစ်တပ်ရဲ့ ဝန်းရံခြင်းကို ခံလိုက်ရပြီ။ ငါတို့မှာ ဘာရွေးချယ်စရာရှိဦးမှာလဲ။ ငါက ဒီစစ်သည်တစ်သိန်းကျော်ကို တကယ်ပဲ သေတွင်းထဲ ဆွဲခေါ်သွားရမှာလား။ " ဖန်ဝူက ဝမ်းနည်းစွာ ပြုံးလိုက်သည်။
" ဒါပေမယ့် ဒါက ချင်စစ်တပ်ရဲ့ လှည့်ကွက်တစ်ခု ဖြစ်နိုင်လား။ ဒီဓားက အတုလုပ်လို့ရတာပဲ။ မြို့တော်က မကျဆုံးသေးဘဲ သူတို့ လိမ်ညာတာလည်း ဖြစ်နိုင်တာပဲ။ " ဝေတပ်မှူတစ်ယောက်က သံသယများနှင့် ပြောလိုက်သည်။
" အဓိပ္ပါယ်မဲ့ အသက်စွန့်ခြင်းဆိုတဲ့ စကား။ ဒါကို အရှင်က ငါ့ကို ပြောခဲ့တယ်။ ငါသာ ဒီစကားကို ကြားတဲ့နေ့ကျရင် လက်နက်ချလိုက်ပါတဲ့။ ငါ ဖန်ဝူက သေမှာကြောက်တယ်လို့ မင်းတို့ ထင်နေတာလား။ " ဖန်ဝူက ခါးသီးစွာ ပြုံးလိုက်သည်။
မကြာမီ မြို့တံခါးများ ပွင့်သွားခဲ့သည်။ ဖန်ဝူက ယိုင်နဲ့နဲ့ဖြင့် မြို့ပြင်သို့ လမ်းလျှောက်ထွက်လာသည်။ သူ၏ နောက်မှ ဝေတပ်မှူးများ လိုက်လာကြသည်။ ကိုယ်ရံတော်တပ်ဖွဲ့ရှေ့သို့ ရောက်သောအခါ သူက ကျောက်ဖုန်းကို တွေ့လိုက်ရသည်။
" ဝေနိုင်ငံရဲ့ ဖန်ဝူ လက်နက်ချဖို့ ဆန္ဒရှိပါတယ်။ " ဖန်ဝူက တုန့်ဆိုင်းမနေဘဲ ကျောက်ဖုန်း၏ ရှေ့တွင် တိုက်ရိုက်ဒူးထောက်လိုက်သည်။
ဖန်ဝူက အခြေအနေကို နားလည်သည်ကို မြင်ရသောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။
" ဝေနိုင်ငံက ပျက်စီးသွားပြီ။ ဒီတစ်ခါ ချင်ဘုရင်က ငါ့ကို ဘယ်လိုဆုလာဘ်တွေ ပေးမလဲမသိဘူး။ အနည်းဆုံးတော့ ဘွဲ့ထူးတစ်ခု တိုးမယ်ထက်တယ်။ စစ်ဦးစီးချုပ်ရာထူးလမ်းကြောင်းကလည်း ပိုခိုင်မာသွားလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
သူက ၁၅ ဆင့်မြောက် ဘွဲ့ထူးကို ပိုင်ဆိုင်ထားပြီဖြသ်ပြီး နောက်တစ်ဆင့်တိုးလျှင် သူ၏ ယောက္ခမ ဝမ်ကျန့်နှင့် အဆင့်တူဖြစ်သွားပေလိမ့်မည်။ နောက်ထပ် ကျောက်ဖုန်း၏ တာဝန်က တလျန်မြို့မှ စစ်သည်များနှင့် အရပ်သားများကို စီမံခန့်ခွဲရန် စစ်အင်အားကို ဖြန့်ကျက်ရမည်ဖြစ်သည်။ အကယ်၍ ကပ်ရောဂါတစ်ခု ဖြစ်ပွားခဲ့လျှင် ၎င်းက အဓိကပြဿနာကြီး ဖြစ်လာပေလိမ့်မည်။
အချိန်များက ကုန်လွန်သွားခဲ့သည်။
ရှန်းယန်မြို့တော်။
" သတင်းကောင်းပါ။ ဝေနိုင်ငံမှာ အောင်ပွဲရရှိခဲ့ပါပြီ။ ဝူအန်းစခန်းက ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါပြီ။ " သတင်းပို့သူက အမိန့်အလံကို မြှောက်ကိုင်ထားပြီး မြို့ထဲသို့ မြင်းစီးဝင်ရောက်လာသည်။
" ဝူအန်းစခန်းက စစ်သေနာပတိချုပ်ကျောက်ဖုန်းက မြစ်ဝါမြစ်နဲ့ ဟုန်ပြောင်းက ရေတွေကို အသုံးပြုပြီး ဝေမြို့တော်ကို ရေလွှမ်းစေခဲ့တယ်။ ချင်ရဲ့ ဝူအန်းစခန်းက သွေးတစ်စက်မှမကျဘဲ ဝေမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ "
ဝမ်ဝမ်၏ စံအိမ်။
" သခင်ကြီး သတင်းရောက်လာပါတယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်းက ဝေမြို့တော်ကို ထိုးဖောက်လိုက်ပါတယ်။ " အိမ်တော်ထိန်းက ဝမ်ဝမ်ရှေ့သို့ အပြေးအလွှားရောက်လာသည်။
" မင်းဘာပြောတယ်။ ဝေမြို့တော်က ထိုးဖောက်ခံလိုက်ရတယ်ဟုတ်လား။ " ဝမ်ဝမ်က ရုတ်တရက် စိုးရိမ်သ်ားသည်။
" သတင်းပို့သူရဲ့ အသံက မြို့တစ်ခုလုံး ပျံ့နှံ့နေပါတယ်။ " အိမ်တော်ထိန်းက ပြန်ဖြေလိုက်သည်။
" ရထားလုံး မြန်မြန်ပြင်။ နန်းတော်ကို သွားမယ်။ " ဝမ်ဝမ်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " အိမ်တော်ထိန်းက ချက်ချင်း ထွက်ခွာသွားသည်။
" တကယ်ပဲ ကျောက်ဖုန်းက ဝေမြို့တော်ကို ထိုးဖောက်နိုင်ခဲ့တာလား။ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ ဝေဝူကျိရဲ့ ခံစစ်က ဒီလောက်တင်းကျပ်တာ တစ်လအတွင်းမှာ ဘယ်လိုလုပ် ထိုးဖောက်ခံရမှာလဲ။ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ရှိနေတာလား။ " ဝမ်ဝမ်က မျက်မှောင်ကြုတ်သွားသည်။ ကျောက်ဖုန်းက ဝေမြို့တော်အား ထိုးဖောက်နိုင်ခဲ့သည်ကို သူ မလိုလားခဲ့ပေ။
စစ်သေနာပတိချုပ် ဝမ်ကျန့်၏ ဝမ်စံအိမ်။
" ဟားဟားဟား...ငါ့သမက်ကတော့ ထူးချွန်လှပါပေတယ်။ ဝေမြို့တော်ကို ရေလွှမ်းပြီး သွေးတစ်စက်မှမကျဘဲ သိမ်းပိုက်ခဲ့တယ်။ " အိမ်တော်ထိန်း၏ စကားများကို ကြားသောအခါ ဝမ်ကျန့်က အားရပါးရ ရယ်မောလိုက်သည်။
" သခင်ကြီး နန်းတော်ကို သွားဖို့ ရထားလုံးပြင်လိုက်ရမလား။ " အိမ်တော်ထိန်းက မေးလိုက်သည်။
" ဒီနေ့က နံနက်ခင်း ညီလာခံမဟုတ်ပေမယ့် ဒီလိုအောင်ပွဲသတင်းရောက်လာတာမလို့ အရှင်မင်းကြီးက ဝန်ကြီးတွေကို သေချာပေါက် ဆင့်ခေါ်လိမ့်မယ်။ ငါ့ရဲ့ တော်ဝင်ဝတ်စုံကို ပြင်ဆင်လိုက်။ "
" ပြီးတော့ ကျောက်စံအိမ်ကို လူလွှတ်လိုက်ဦး။ ယန်အာကို ဒီနေ့ ကလေးနှစ်ယောက်ကို အိမ်ခေါ်လာဖို့ ပြောလိုက်။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။ သူက အလွန်ဝမ်းသာနေပုံရသည်။
" ဟုတ်ကဲ့။ " အိမ်တော်ထိန်းက ချက်ချင်း ပြန်ပြောလိုက်သည်။
အောင်ပွဲသတင်းက ရှန်းယန်မြို့တော်သို့ ရောက်လာသည်နှင့် အရပ်မျက်နှာအသီးသီးမှ ရထားလုံးများက ယခုအခါ နန်းတော်သို့ ချီတက်နေကြသည်။ နန်းတော်၏ ဝင်ပေါက်တွင် ရထားလုံးများက စနစ်တကျ တန်းစီနေကြသည်။ သို့သော် ဝန်ကြီးကိုးယောက်အဆင့်ရှိသော ဝန်ကြီးများနှင်အ စစ်သေနာပတိချုပ်များက အခွင့်ထူးများကို ရရှိထားပြီး နန်းတော်ထဲသို့ တိုက်ရိုက်မောင်းနှင်သွားကြသည်။
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီး ဝေနယ်မြေက အောင်ပွဲသတင်းရောက်လာပါပြီ။ စစ်သေနာပတိချုပ်က တလျန်မြို့တော်ကို ရေလွှမ်းမိုးပစ်ပြီး ကြီးမားတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ " ကျောက်ကောင်းက ခန်းမထဲသို့ ဝင်ရောက်လာပြီး ပြောလိုက်သည်။
" ကျောက်ဖုန်း တကယ်ကို ထူးချွန်တာပဲ။ သူ ငါ့ကို စိတ်ပျက်အောင်မလုပ်ခဲ့ဘူး။ " ရင်ကျန့်၏ မျက်နှာတွင် မျှော်လင့်ထားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
" သတင်းပို့သူက ညီလာခံခန်းမမှာ စောင့်နေပါတယ်။ အရာရှိအားလုံးလည်း ရောက်နေပါပြီ။ အရှင်မင်းကြီး တော်ဝင်ဝတ်စုံကို လဲပြီး ကြွတော့မှာလား။ " ကျောက်ကောင်းက ရိုသေစွာ မေးလိုက်သည်။
" လဲနေစရာမလိုဘူး။ ညီလာခံခန်းမကို တိုက်ရိုက်သွားကြစို့။ " ရင်ကျန့်က ရယ်မောပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ခန်းမ၏ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။