အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) အကျပ်အတည်းတစ်ခုပြီးတစ်ခု ဆိုက်ရောက်လာခြင်း
ဒဏ်ရာများ သက်သာလာပြီးနောက် ရှုချွမ်းက ဂူအတွင်းမှ ထွက်လာခဲ့ပြီး 'အမှောင်ဝိညာဉ်တောင်တန်း' ၏ အတွင်းပိုင်းနယ်မြေဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။
ဤအချိန်တွင် အမှောင်ဝိညာဉ်တောင်တန်း၏ အပြင်ဘက်နယ်မြေတစ်ခုလုံးမှာ ရှုချွမ်းကို လိုက်လံရှာဖွေနေသူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
သူတို့အားလုံးမှာ လင်အန်းခရိုင်ရှိ အင်အားစုအသီးသီးမှ လူများဖြစ်ကြပြီး အချို့မှာ ချန်မိသားစုက စည်းရုံးထားသော 'တစ်ကိုယ်တော်ကျင့်ကြံသူ' များ ဖြစ်ကြသည်။
ချန်မိသားစု ဘိုးဘေးကြီးမှာ ရှုချွမ်း၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း သိလိုက်ရပြီးနောက် ချန်မိသားစုက ဆုငွေ ကို ထုတ်ပြန်ခဲ့ပြီး ရှုချွမ်းကို လိုက်လံဖမ်းဆီးသတ်ဖြတ်ရန်အတွက် သိုင်းပညာရှင်အမျိုးမျိုးကို ဆုလာဘ်များဖြင့် ဆွဲဆောင်ခဲ့သည်။
ဤလူများက အပြင်ဘက်နယ်မြေ၏ ထောင့်စေ့နေရာတိုင်းကို မြေလှန်ရှာဖွေခဲ့ကြသည်။
မကြာမီမှာပင် ရှုချွမ်း၏ တတည်နေရာမှာ ပေါ်သွားခဲ့သည်။
“မြို့စားမင်း... အဲ့ဒီကောင်လေးရဲ့ ခြေရာကို ရှာတွေ့ပါပြီ”
ရှုချွမ်း၏ သွေးစွန်းနေသော အဝတ်အစားများကို ကိုင်ဆောင်ထားသည့် သံချပ်ကာဝတ် တစ်ဦးက စွမ်းအားကြီးမားသော အော်ရာ များ ထုတ်လွှတ်နေသည့် မြင့်မြတ်သော ဝတ်ရုံဝတ်ဆင်ထားသူတစ်ဦးကို လှမ်း၍ ပြောလိုက်သည်။
သိသာထင်ရှားသည်မှာ ဤပုဂ္ဂိုလ်က လင်အန်းခရိုင်၏ မြို့စားမင်း 'လီအန်းနန်'ပင် ဖြစ်သည်။
သူက လင်အန်းခရိုင်အတွင်း ကျင့်ကြံမှုအဆင့် အမြင့်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပြီး 'နတ်ဘုရားစွမ်းအားနယ်ပယ်' အဆင့် ၉ ကျင့်ကြံခြင်း ရှိသည်။
သူသည်လည်း ကောင်းကင်အဆင့် လက်နက်နှင့် ဝိညာဉ်ခရစ်စတယ် သတင်းကြောင့် လှုပ်ခတ်သွားခဲ့ရပြီး ချက်ချင်းပင် စစ်သည်များကို ဦးဆောင်ကာ ရှုချွမ်း၏ ခြေရာကို ရှာဖွေရန် အမှောင်ဝိညာဉ်တောင်တန်းထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူက သွေးစွန်းနေသော အဝတ်အစားများကို ယူ၍ ခဏမျှ စဉ်းစားလိုက်သည်။
ထို့နောက် ချန်မိသားစု၏ လက်ရှိခေါင်းဆောင် 'ချန်ဒေါင်ရှန်း'ကို ခေါ်ခိုင်းလိုက်သည်။
“ချန်မိသားစုခေါင်းဆောင်... ငါ့ရဲ့ လက်အောက်ငယ်သားတွေက အဲ့ဒီကောင်လေးရဲ့ ခြေရာကို ရှာတွေ့ပြီ။ သူ့ကို ဖမ်းမိတဲ့အခါ မင်း ဘယ်လို စီရင်ဖို့ ပြင်ထားလဲ”
လီအန်းနန်က အထက်စီးဆန်သော ပုံစံဖြင့် ချန်ဒေါင်ရှန်းကို မေးလိုက်သည်။
“မြို့စားမင်း... ကျွန်တော် အဲ့ဒီကောင်လေးကို သေတာထက် ပိုဆိုးတဲ့ ငရဲမျိုး ခံစားရစေချင်ပါတယ်။ သူ့သွေးတွေကို ဖောက်ထုတ်ပစ်မယ်၊ သူ့ခေါင်းကို ဖြတ်ပြီး ကျင်ငယ်အိုးအဖြစ် သုံးမယ်၊ သူ့အရေပြားကို ခွာပြီး ကောင်းကင်မီးအိမ်အဖြစ် သုံးပစ်မယ်။ သူ ဘယ်တော့မှ လူပြန်မဖြစ်နိုင်စေဘဲ ကောင်းကင်ဘုံမှာရှိတဲ့ ကျွန်တော်တို့ ဘိုးဘေးကြီးရဲ့ ဝိညာဉ်ကို နှစ်သိမ့်ပေးချင်ပါတယ်”
ချန်ဒေါင်ရှန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဘိုးဘေးကြီး သေဆုံးသွားပြီဖြစ်ရာ သူ၏ ချန်မိသားစုမှာ အင်အားကြီးအဖွဲ့အစည်းများ၏ ခွဲဝေဝါးမြိုခြင်းကို ခံရတော့မည် ဖြစ်သည်။
သူက ဤအရာအားလုံးအတွက် ရှုချွမ်းကိုသာ အပြစ်ပုံချထားသည်။
သူက ရှုချွမ်း၏ အရိုးကို ဝါးစား၊ အသားကို စားပြီး သွေးကို သောက်ချင်စိတ် ပေါက်နေခဲ့သည်။
ချန်ဒေါင်ရှန်း၏ ရူးသွပ်လုနီးပါး အခြေအနေကို မြင်သောအခါ လီအန်းနန်က သူ့ကို စိတ်မလောရန် ပြောလိုက်သည်။
“ငါ မင်းကို ကူညီပြီး ဒီကောင်လေးကို ဖမ်းပေးရင် ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာလဲ”
လီအန်းနန်က အေးစက်စက် ပြောလိုက်သည်။
သူက သူ့အတွက် အကျိုးမရှိသော အလုပ်ကို ဘယ်တော့မှ လုပ်မည့်သူ မဟုတ်ပေ
“မြို့စားမင်း... ကျွန်တော့်ရဲ့ ချန်မိသားစုကို ကူညီပြီး ဒီကောင်လေးကို ဖမ်းပေးသရွေ့တော့ သူ့ဆီမှာရှိတဲ့ ကောင်းကင်အဆင့် ရတနာဓားနဲ့ ဝိညာဉ်ခရစ်စတယ်တွေက မြို့စားမင်းရဲ့ အပိုင် ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အခုကစပြီး ကျွန်တော့်ရဲ့ ချန်မိသားစုက မြို့စားမင်းရဲ့ အမိန့်ကိုပဲ နာခံပါတော့မယ်”
ချန်ဒေါင်ရှန်းက ရိုသေစွာ ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ချန်မိသားစု၏ ကံကြမ္မာက အခွဲဝေခံရတော့မည် ဖြစ်ရာ ဘိုးဘေးကြီးအတွက် ကလဲ့စားလည်း ချေနိုင်ရန် အစွမ်းထက်သော အဖွဲ့အစည်းတစ်ခုကို အရင်ဆုံး အမှီသဟဲပြုလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
ထိုစကားကို ကြားသောအခါ လီအန်းနန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူ၏ ရည်မှန်းချက်မှာလည်း ရှုချွမ်း ဖြစ်သော်လည်း တချိန်တည်းမှာပင် ထိပ်တန်းမိသားစုတစ်ခုကိုပါ လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်မည် ဖြစ်ရာ ဘာကြောင့် ငြင်းပယ်ရပါမည်နည်း။
“လူအားလုံးကို စေလွှတ်လိုက်၊ ပြီးတော့ ဒီကောင်လေးကို အစွမ်းကုန် လိုက်ရှာကြ။ တခြား အင်အားစုတွေထက် အရင်ဦးအောင် ရှာတွေ့ဖို့ သေချာပါစေ”
လီအန်းနန်က သူ့ဘေးရှိ စစ်သူကြီးကို အမိန့်ပေးလိုက်သည်။
“လက်အောက်ငယ်သား နာခံပါတယ်”
သူ့ဘေးရှိ စစ်သူကြီးက ခေါင်းညိတ်ပြီး ထွက်ခွာသွားကာ လီအန်းနန်၏ အမိန့်ကို လွှဲပြောင်းပေးလိုက်သည်။
ထို့နောက် ထိုစစ်သူကြီး၏ ဦးဆောင်မှုအောက်တွင် လီအန်းနန် ခေါ်ဆောင်လာသော စစ်တပ်က လူအနည်းငယ်စီပါဝင်သော အဖွဲ့ငယ်များအဖြစ် ကွဲပြားသွားပြီး အမှောင်ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းနယ်မြေထဲသို့ ဝင်ရောက်ကာ ပိုက်စိပ်တိုက် ရှာဖွေခြင်းကို စတင်ခဲ့ကြသည်။
အခြားသော အင်အားစုများမှ လူများနှင့်ပါ ပေါင်းစပ်လိုက်သောအခါ အမှောင်ဝိညာဉ်တောင်တန်း၏ အပြင်ဘက်နယ်မြေတစ်ခုလုံးမှာ ရုတ်တရက် မီးရောင်များဖြင့် ထိန်ထိန်လင်းသွားပြီး ထူးထူးခြားခြား စည်ကားသွားခဲ့သည်။
တောင်တန်းထဲရှိ သားရဲများသည်လည်း လူသားများ၏ အရှိန်အဝါကို ခံစားမိသဖြင့် အားလုံး ထွက်ပြေးတိမ်းရှောင်သွားကြသည်။
အခြားတစ်ဖက်တွင်မူ ရှုချွမ်းက လက်ရှိ၌ ချောက်ကမ်းပါးတစ်ခု၏ အောက်ခြေတွင် ပုန်းနေခဲ့သည်။
ဤအချိန်တွင် သူ၏ ပုံစံမှာ အလွန်တရာ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာအမြောက်အမြား ရရှိထားသည်။ သူ အသစ်လဲလှယ်ထားသော အဝတ်အစားများမှာလည်း သွေးများဖြင့် စွန်းထင်းနေသဖြင့် မူလအရောင်ကိုပင် ခွဲခြားမရတော့ဘဲ သူ၏ ဆံပင်များမှာလည်း သွေးခဲများကြောင့် လိပ်ကပ်နေကာ စူးရှသော သွေးညှီနံ့များ ထွက်ပေါ်နေခဲ့သည်။
သို့သော်လည်း သူက ချက်ချင်း သေဆုံးနိုင်သော အန္တရာယ်မျိုး မရှိသေးဘဲ အနည်းငယ် ချုံးချုံး ကျနေခြင်းသာ ဖြစ်သည်။
သူက ဂူအတွင်းမှ ထွက်လာပြီးနောက် အဖွဲ့အချို့၏ ချုံခိုတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူ့ကို လိုက်လံဖမ်းဆီးနေသော ကျင့်ကြံသူများအုပ်စုမှာ ခွေးရူးများကဲ့သို့ပင် သူ့ကို မလွှတ်တမ်း လိုက်လံကိုက်ခဲနေကြပြီး အသက်ရှူရန်ပင် အခွင့်အရေး မပေးခဲ့ကြပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်ပါးသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ အလွန်မြင့်မားလှပြီး၊ 'မဟာယန် ကျင့်စဉ်' မှ ကျင့်ကြံရရှိထားသော 'မဟာယန်မူလချီ' များက သူ၏ ဒဏ်ရာများကို အဆက်မပြတ် ပြန်လည်ပြုပြင်ပေးနေခဲ့သည်။
မဟုတ်လျှင် အခြားမည်သူမဆို သူတို့၏ ဖမ်းဆီးခြင်းကို ခံရသည်မှာ ကြာပြီ ဖြစ်သည်။
ရှုချွမ်း၏ မျက်နှာမှာ အေးစက်နေပြီး သူ၏ လက်ထဲရှိ နတ်ဘုရားသတ်ဓားတွင်လည်း ရန်သူ့သွေးများ စွန်းထင်းနေကာ ဓားသွားထက်မှ သွေးစက်များ ဖြည်းညှင်းစွာ စီးကျနေခဲ့သည်။
“ငါ့ကို လွတ်မသွားပါစေနဲ့လို့ပဲ ဆုတောင်းထားကြ။ မဟုတ်လို့ ငါသာ နတ်ဘုရားစွမ်းအားနယ်ပယ်အထိ ကျင့်ကြံပြီးသွားရင် မင်းတို့အားလုံး သေရမယ်”
ဒါဟာ သူ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ကတည်းက ကြုံတွေ့ခဲ့ရသမျှ အကြီးမားဆုံး အကျပ်အတည်း ဖြစ်သည်။
ချန်မိသားစုက သူ့ကို လိုက်လံဖမ်းဆီးသည်မှာ ထားပါတော့၊ အခြားသော အင်အားစုများကပါ ဤပွဲထဲသို့ ဝင်ရောက်ချင်နေကြသည်။
အားလုံးက သူ၏ လက်ထဲရှိ ကောင်းကင်အဆင့် ရတနာဓားအတွက် ဖြစ်သည်။
ဒါဆိုရင်လည်း တိုက်ကြတာပေါ့
ဤလိုက်လံဖမ်းဆီးခြင်း ခံရမှုက သူ၏ စိတ်ထဲ၌ စွမ်းအားအပေါ် ပြင်းပြသော တောင့်တမှုကို မီးညှိပေးလိုက်သည်။
သူ စွမ်းအားကြီးမားလာမှသာ အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်မည်ဖြစ်ပြီး ဤကဲ့သို့ အခြေအနေမျိုးနှင့် ထပ်မံ ရင်မဆိုင်ရတော့မည် ဖြစ်သည်။
“သူ ဒီမှာ ရှိတယ် သူ့ကို မလွတ်စေနဲ့”
ရှုချွမ်း ရှာတွေ့ခံလိုက်ရပြန်သည်။
မကြာမီမှာပင် 'သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ်' ကျင့်ကြံသူများ ဦးဆောင်ပြီး 'ချီစုစည်းခြင်းနယ်ပယ်' ကျင့်ကြံသူ အများအပြား ပါဝင်သော အဖွဲ့ငယ်အချို့က ရှုချွမ်းရှိရာ တည်နေရာဆီသို့ အရူးအမူး ပြေးဝင်လာကြသည်။
“သေစမ်း”
ရှုချွမ်းက ဓားကို မြှောက်ကာ စကားပြောလိုက်သူကို တိုက်ရိုက်ပင် နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။
“မြန်မြန်... သူ ဒဏ်ရာရနေပြီ အားလုံး အတူတူ ဝိုင်းတိုက်ကြ”
“မကြောက်ကြနဲ့ သူ့ကို ဖမ်းမိသရွေ့တော့ ပြန်ရောက်တာနဲ့ ယွမ်ကျောက်တုံး တစ်သိန်း ဆုလာဘ် ရမှာ”
ရောက်ရှိလာသော အဖွဲ့များက ရှုချွမ်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကြောက်လန့်တုန်လှုပ်သွားကြပြီး ဝိညာဉ်များပင် လွင့်စင်မတတ် ဖြစ်သွားခဲ့သည်။
သို့သော်လည်း မကြာမီမှာပင် တစ်စုံတစ်ယောက်က ရှုချွမ်း ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို သတိပြုမိသွားပြီး ရှုချွမ်းကို အရှင်ဖမ်းရန်အတွက် သူ့လူများကို ချက်ချင်း ဝိုင်းရံတိုက်ခိုက်ရန် လှုံ့ဆော်လိုက်သည်။
“သတ်ကြ သူ့ကို အချိန်ဆွဲထားကြ နတ်ဘုရားစွမ်းအားနယ်ပယ် သိုင်းပညာရှင်တွေ မကြာခင် ရောက်လာတော့မယ်”
သေမျိုးအဆင့်ကျော်လွန်ခြင်း အဆင့် ၁ ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်ပြီး သူ၏ ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ ရှုချွမ်းဆီသို့ ပြေးဝင်လာခဲ့သည်။
ဓားအလင်းမှာ ထက်မြလှပြီး စွမ်းအားမှာလည်း အံ့ဩစရာ ကောင်းလှသည်။
ဝင်လာသော ဓားရှည်ကို ရင်ဆိုင်ရသော်လည်း ရှုချွမ်းက ကြောက်ရွံ့မှု အလျင်းမရှိပေ။ သူက နတ်ဘုရားစွမ်းအားနယ်ပယ်ရှိသော ချန်မိသားစု ဘိုးဘေးကြီးကိုပင် သတ်ဖြတ်ခဲ့သူ ဖြစ်ရာ သေမျိုးအဆင့်ကျော်လွန်ခြင်း အဆင့် ၁ ကျင့်ကြံသူနှင့် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်ကို ဘာကြောင့် ကြောက်နေရမည်နည်း ဒါက ဟာသတစ်ခုသာ ဖြစ်သည်။
ကလန်
ဓားချင်း ထိမိသွားသည့် ခဏ၌ ထိုလူ၏ လက်ထဲရှိ ဓားရှည်မှာ အပိုင်းပိုင်း အစအန ဖြစ်သွားခဲ့သည်။
ထို့နောက် ဓားမြည်သံတစ်ခုက တိတ်ဆိတ်နေသော တောအုပ်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။
နတ်ဘုရားသတ်ဓား၏ အောက်တွင် နောက်ထပ် ဝိညာဉ်တစ်ခု ထပ်မံ တိုးပွားသွားခဲ့ပြန်သည်။
ရှုချွမ်းက ရှေ့သို့ လှမ်းလျှောက်သွားပြီး ထိုလူ၏ ခေါင်းကို ခြေထောက်ဖြင့် နင်းခြေဖျက်ဆီးပစ်လိုက်ရာ သွေးများ နေရာအနှံ့ လွင့်စင်သွားတော့သည်။
“လာကြစမ်း လာပြီး ငါ့ကို သတ်ကြစမ်း”
ရှုချွမ်းက မျက်လုံးများ နီမြန်းနေလျက် ကျန်ရှိနေသော လူအနည်းငယ်ကို လှမ်း၍ အော်ဟစ်လိုက်သည်။
ပြန်လည်သန့်စင်ပြီးနောက်တွင် နတ်ဘုရားသတ်ဓားက ကောင်းကင်အဆင့် လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် ကျင့်ကြံသူသာဖြစ်သော ရှုချွမ်းက ၎င်းကို အချိန်အကြာကြီး မသုံးနိုင်ပေ။
သူက လက်ရှိ၌ နတ်ဘုရားသတ်ဓားအတွင်းရှိ 'သတ်ဖြတ်ခြင်း ဓားအသိ ' နှင့် 'နတ်ဆိုးချီ' များ၏ ဝါးမြိုခြင်းကို ခံနေရသည်။
အကယ်၍ ဤသို့သာ ဆက်သွားနေပါက သူသည် နတ်ဘုရားသတ်ဓား၏ ထိန်းချုပ်မှုကို ခံရသော၊ အသိစိတ်မရှိဘဲ သတ်ဖြတ်ခြင်းကိုသာ သိသည့် 'ဓားကျွန်' တစ်ဦး ဖြစ်လာပေလိမ့်မည်။
သူက ဓားကို ကိုင်ကာ ကျန်ရှိနေသော လူအနည်းငယ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
“သူက လူမဟုတ်ဘူး ပြေးကြ”
ကျန်ရှိနေသော လူအနည်းငယ်မှာ ဤမြင်ကွင်းကြောင့် ခြောက်လှန့်ခြင်း ခံလိုက်ရသည်။ သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် ကျင့်ကြံသူပင်လျှင် သူ၏ ဓားတစ်ချက်တည်းဖြင့် ခေါင်းပြတ်သွားခဲ့ရသည်။ သူတို့ မည်သို့မျှ နိုင်နိုင်စရာ အကြောင်းမရှိပေ။ ဆက်ပြီး စောင့်နေလျှင် သေခြင်းတရားသာ ရှိတော့သည်။
“မင်းတို့ထဲက ဘယ်သူက ဒီနေ့ လွတ်အောင် ပြေးနိုင်မှာလဲ အားလုံး သေရမယ်”
ရှုချွမ်းက အော်ဟစ်လိုက်ရင်း နတ်ဘုရားသတ်ဓားကို လှမ်းပစ်လိုက်ရာ ထွက်ပြေးနေသော လူများ၏ ခေါင်းနောက်စေ့ကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့သည်။
ဓားတစ်ချက်တည်းဖြင့်ပင် လူအများအပြား ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်။
ရှုချွမ်း၏ မျက်လုံးများမှာ ပို၍ပင် နီမြန်းလာခဲ့သည်။
သိသာထင်ရှားသည်မှာ နတ်ဘုရားသတ်ဓားက လူအများကြီး သတ်လေလေ၊ ရှုချွမ်းက သတ်ဖြတ်လိုစိတ်များနှင့် နတ်ဆိုးချီများ၏ ဝါးမြိုခြင်းကို ပို၍ ပြင်းထန်စွာ ခံရလေလေ ဖြစ်သည်။
သူက စိတ်ကို လုံးဝ ထိန်းချုပ်မရတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ သတ်ရန်၊ သူမြင်သမျှ အရာအားလုံးနှင့် လူအားလုံးကို သတ်ပစ်ရန် ဖြစ်သည်။
ဤကမ္ဘာ ထဲရှိ အရာအားလုံးကို သတ်ဖြတ်ပစ်ရန် ဖြစ်သည်
ရှုချွမ်းက နတ်ဘုရားသတ်ဓား၏ လုံးလုံးလျားလျား ထိန်းချုပ်ခြင်းကို ခံရတော့မည့် ဆဲဆဲမှာပင်...
သူ၏ တာအိုစောင့်ရှောက်သူ ချန်ထားခဲ့သော နောက်ဆုံးအစီအရင်မှာ ရုတ်တရက် အသက်ဝင်လာခဲ့သည်။ ကြည်လင်သော အလင်းတန်းတစ်ခုက သူ၏ စိတ်အတွင်းသို့ ချက်ချင်း တိုးဝင်သွားခဲ့ပြီး သူ၏ စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်များနှင့် နတ်ဆိုးချီအားလုံးကို မောင်းထုတ်ပစ်လိုက်သည်။
ရှုချွမ်းက ချက်ချင်းပင် အသိ ပြန် ဝင်လာခဲ့သည်။
အသိပြန်ဝင်လာသော ရှုချွမ်းက အဝေးရှိ မြေပြင်ပေါ်တွင် စိုက်နေသော နတ်ဘုရားသတ်ဓားကို ကြည့်ရင်း စိတ်ထဲတွင် ကြောက်လန့်တုန်လှုပ်မှုများက အရှိန်အဟုန်ဖြင့် လှိုင်းထလာခဲ့တော့သည်။