လီမိသားစု ရောက်လာခြင်း
Vol. 113 Ch. 1694
ချုံးချီ၏ခေါင်းပေါ်မှ ကြက်ကတုံးက ဟားတိုက် ရယ်မောလေသည်။
“ရူးကြောင်ကြောင်ကျားတဲ့၊ ရူးကြောင်ကြောင်ကျား ဟုတ်သားပဲဟ”
“ဟ ကြက်ကတုံးလည်း ရှိတာလား”
ယောင်ချန်က ကြက်ကတုံးကို တအံ့တဩ ကြည့်လာသည်။ ကြက်ကတုံး၏ ရယ်သံက တိခနဲ ရပ်သွားသည်။
“အစ်ကိုကျား သူ့ကို သတ်ချင်လား၊ ကျွန်တော်လည်း ပါမယ်”
ချုံးချီ၏ ခန္ဓာကိုယ်က တုန်ခါလာပြီး ဒေါသတကြီး နားကွဲမတတ် အော်သံဖြင့် ဟိန်းလိုက်သည်။ ကြောက်စရာ ကောင်းသော အသံစွမ်းအားက လောကကိုပင် အပြတ်ရှင်းနိုင်လောက်သည်။
“မင်းက … ချုံးချီလား”
ယောင်ချန် ထိတ်လန့်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်မိသည်။
“မင်း ချုံးချီကို လက်ပါးစေအဖြစ် ထားနိုင်တာလား၊ မင်းက ဘယ်သူလဲ”
ချုံးချီသည် အလွန် ရှေးကျသော မိစ္ဆာကောင်ဖြစ်ပြီး မည်သူမှ သူ့အား အညံ့ခံအောင် မလုပ်နိုင်ပါ။ သူတော်စင် အဆင့် တောင်မှ မလုပ်နိုင်ပေ။
သို့သော် သူ့အရှေ့မှ လူငယ်လေးက ချုံးချီကို လက်ပါးစေအဖြစ် သိမ်းသွင်းနိုင်သဖြင့် အံ့ဩစရာ ကောင်းလျပေသည်။
“ဆရာ့ရဲ့ နောက်ကြောင်းက ဆန်းကြယ်တယ်၊ ရှင် သိချင်တိုင်း သိလို့ရမယ် ထင်နေလား”
အိုးရန်ယွင် ကမန်းကတမ်း ဝင်မာန်လိုက်သည်။ယဲ့ဖန်၏ နောက်ကြောင်းက ထူးခြားလွန်းပြီး လူအများ သိနေ၍ မဖြစ်ကြောင်း ရိပ်မိပါသည်။
ယောင်ချန်က အေးတိအေးစက် ခနဲ့သံ ပြုလိုက်သည်။
“မင်း ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး၊ ငါ သင်ပြီးတာနဲ့ မင်းကို ဆရာအဖြစ်က ဖယ်ထုတ်မယ်၊ နောက်ဆို ငါ မင်းနဲ့ ဘာမှမဆိုင်ဘူး”
မနူးမနပ် လူငယ်လေးအား တစ်သက်လုံး သူ့ဆရာအဖြစ် မတင်ထားနိုင်ပါ။
“ခင်ဗျား သဘောပဲလေ”
ယဲ့ဖန် ပြုံးနေပြီး ဆက်ပြောလိုက်သည်။
“ဝမ်ရှန်းမြို့ကို သွားပြီးတော့ ကျုပ်ကို အရင် စောင့်နေပါ၊ ကျုပ် ကိစ္စရှင်းပြီးတာနဲ့ ခင်ဗျားဆီ လာခဲ့မယ်၊ ကျုပ် ခင်ဗျားကို ဆေး ဘယ်လို ဖော်စပ်ရမလဲ သင်ပေးမယ်”
“ငါ့ကို အကြာကြီး မစောင့်ခိုင်းနဲ့၊ မင်း ငါ့ကို လှည့်စားရဲလို့ကတော့ ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”
ယောင်ချန်က ခြိမ်းခြောက်လိုက်ပြီး ဝမ်ရှန်းမြို့ရှိရာအရပ်သို့ လျင်မြန်စွာ ထွက်ခွာသွားသည်။
“ဆရာ ရှင်က သိပ်ထူးချွန်တာပဲ၊ သူတော်စင်အဆင့်ကိုတောင် တပည့်အဖြစ် လက်ခံလိုက်တာပဲ”
အိုးရန်ယွင်က ယဲ့ဖန်အား လေးစားသော အကြည့်ဖြင့် ကြည့်နေသည်။ သူမ ချစ်ခင်နေဟန်အား လုံးဝ ဖုံးကွယ်ထားခြင်း မရှိပေ။
ယဲ့ဖန်က သူမကို စိတ်ဆိုးစွာ ကြည့်လိုက်သည်။
“မင်း အဲ့လိုပြောရဲသေးတယ်ပေါ့လေ၊ မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီလောက် အရှက်ရမှာ မဟုတ်ဘူး”
အိုးရန်ယွင်က လျှာလေးထုတ်၍ ပြုံးစစ လုပ်နေသည်။
…
ထို့နောက်တွင်မူ ယဲ့ဖန် အိုးရန်မျိုးနွယ်သို့ ပြန်လာ၏။ သို့သော် သိုင်းလေ့ကျင့်ရေး ဧရိယာ၌ အပြင်လူတစ်စုကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများက သူတို့နှင့် စကားပြောနေလေသည်။
ထိုလူများ၏ မျက်နှာက အိုးပူထဲ ကျနေသော ပုရွက်ဆိတ်များကဲ့သို့ စိုးရိမ်တုန်လှုပ်၍ ရတက်မအေး ဖြစ်နေသည်ကို အတိုင်းသား မြင်နေရသည်။
“ဒုသခင်လေး၊ တတိယ သခင်လေး၊ ကျုပ်တို့ကို ခင်ဗျားတို့ ကူညီမှ ဖြစ်မယ်၊ မဟုတ်ရင် ကျုပ်တို့ တကယ် အဆုံးသတ်သွားလိမ့်မယ်”
အဘိုးအိုတစ်ယောက်က အသနားခံသည်။ သူက အိုမင်းနေသော်လည်း သူ့ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းပြီး တောင်တစ်လုံးမျှ သန်မာပေသည်။ သိုင်းအဆင့်ကလည်း အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်ည်။
သူ့အနောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပါလာသည်။ ထိုနှစ်ယောက်လုံးက သူတော်စင်သခင်အဆင့်များ ဖြစ်ပြီး ဤအဘိုးအို၏ မျိုးနွယ်များဖြစ်ကြောင်း သိသာလှသည်။
ထိုစဉ် အိုးရန်ယွင်က ယဲ့ဖန်နားနားကပ်၍ ပြောလာသည်။
“သူတို့က ရွှေယွင်စံအိမ်က လူတွေပါ၊ ရွှေယွင်စံအိမ်က ကျွန်မတို့ အိုးရန်မျိုးနွယ်ရဲ့ လက်အောက်က”
ယဲ့ဖန် ခေါင်းညိတ်၍ နားလည်ကြောင်း ပြလိုက်သည်။
အဘိုးအို၏ စကားကြောင့် အိုးရန်ရှန့်ဖုန်းက ပြုံးရယ်ခြင်းမရှိ ပြောလာသည်။
“မစ္စတာလီ ကျုပ် မကူညီချင်လို့ မဟုတ်ဘူး၊ ကျုပ်တို့နှစ်ယောက်က ဒီအိုးရန်မျိုးနွယ်ရဲ့ တာဝန်ရှိသူတွေ မဟုတ်တော့ဘူး”
“ဒါဆို ဘယ်သူက တာဝန်ယူရတာလဲ”
ထိုစကားကြောင့် မစ္စတာလီ အံ့ဩသွားသည်။
*ဒီညီအစ်ကိုနှစ်ယောက်က အိုးရန်မျိုးနွယ်ရဲ့ ကိစ္စကြီးငယ်မဆိုကို တာဝန်ယူနေတာ မဟုတ်ဘူးလား*
“ဪ … ခေါင်းဆောင် ရောက်လာတာပါလား’
အိုးရန်ရှန့်ဖုန်းက ယဲ့ဖန်ကို အထင်သေးသော အပြုံးနှင့် လှမ်းကြည့်လာသည်။
လီအဘိုးအိုနှင့် ကျန်နှစ်ယောက်သည်လည်း လှမ်းကြည့်လိုက်ကြပြီး ယဲ့ဖန်က ဘုရင်အဆင့်သာ ရှိသည်ကို မြင်ကာ မျက်နှာထား မသာယာတော့ချေ။
“ဒုသခင်လေး ကျုပ်ကို လာမနောက်ပါနဲ့၊ ဘယ်လိုလုပ် ဘုရင်အဆင့်လေးက အိမ်တော်ရဲ့ ခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်း ရှိမှာပါလဲ”
လီအဘိုးအိုက မသိမသာ မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
“ဟ … မစ္စတာလီ ကျုပ်ရဲ့ ဒုအစ်ကိုက ခင်ဗျားကို နောက်နေတာ မဟုတ်ဘူး၊ ခင်ဗျားရှေ့မှ ရပ်နေတဲ့လူက နာမည်ကျော် အိုးရန်ချင်ရွှယ်ရဲ့သားပဲ၊ နောက်ဆို အိုးရန်မျိုးနွယ်ကို သူပဲ စီမံမှာ”
အိုးရန်ယုကလည်း ရယ်ကျဲကျဲနှင့် ပြောလေသည်။
“နောက်ဘဝကျရင် ကျုပ်လည်း ကောင်းကောင်းမွန်မွန် မွေးလာမှဖြစ်မယ်၊ ဒါမှ အသုံးမကျတဲ့သူ ဖြစ်ရင်တောင်မှ အားလုံးရဲ့အထက်မှာ နေနိုင်မှာ”
မနေ့ညက ဆွေးနွေးတိုင်ပင်မှုအပြီး၌ သူတို့သည် ယဲ့ဖန်၌ ထူးခြားသော တစ်စုံတစ်ရာမှမရှိဟု ခံစားမိကြသည်။
ဘယ်လိုလုပ် ဘုရင်အဆင့်တစ်ယောက်က အဆက်အသွယ်များစွာ ရှိနေသနည်း။
ဤလူများသည် အိုးရန်ချင်ရွှယ်၏ မိတ်ဆွေဟောင်းများ ဖြစ်ကောင်းဖြစ်နိုင်သလို နက်ဗျူလာဟူသော မိစ္ဆာ၏ မိတ်ဆွေများ ဖြစ်နိုင်ပေသည်။
သူတို့ တမင်သက်သက် အိုးရန်မျိုးနွယ်ဆီလာ၍ ယဲ့ဖန် မျက်နှာရအောင် လုပ်ပေးပြီး ယဲ့ဖန်က အိုးရန်မျိုးနွယ် တစ်ခုလုံးအား လက်ဝါးကြီးအုပ်နိုင်အောင် ကူညီလိုခြင်း ဖြစ်ပေမည်။
ဤနယ်မြေက ခွန်အားကိုသာ လေးစားသော နေရာတစ်ခု ဖြစ်သည်။ သန်မာသော ခွန်အား အထောက်အပံ့ မရှိလျင် ဘယ်လိုလုပ် အခြားသူများက မိမိကို နာခံပါမည်နည်း။
ယွိချီဖုန့်ရှောင်ကိစ္စမှာမူ သူသည် ယခင်ကတည်းက အိုးရန်ချင်ရွှယ်အား သူ့လက်အောက်၌ အမှုထမ်းရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်. ထို့ကြောင့် သူ ကူညီရန် ရောက်လာခြင်းက နားလည်နိုင်ပေသည်။
သူတို့ တွေးလေလေ ထိုသို့ဖြစ်လိမ့်မည်ဟု ပိုခံစားမိလေလေပင်။ ထို့ကြောင့် ယဲ့ဖန်အပေါ် သူတို့ အံ့ဩစိတ်တို့ တဖြည်းဖြည်း ပျောက်ကွယ်ကုန်သည်။
“ဒါက…”
မစ္စတာလီ၏ မျက်နှာတွင် အနည်းငယ် ထူးဆန်းသယောင် ပေါ်လာသည်။ မျိုးနွယ်တစ်ခုလုံးကို ဘုရင်အဆင့်သာ ရှိသည့် လူငယ်လေး၏ လက်ထဲ လွှဲပြောင်းပေးသည်တဲ့လား။ ဤသည်က ဟာသနှင့်ပင် တူနေပါတကား။
*အလိုလေး ငါ အစက နတ်ဘုရားမျိုးနွယ်နဲ့ မပူးပေါင်းမိတာကို တကယ် နောင်တရတယ်*
ဤသည်ကိုကြည့်ပြီး အိုးရန်မျိုးနွယ်၌ အနာဂတ်မရှိတော့ဟု သူ သေချာလုနီးပါး ဖြစ်သွားသည်။ ဘာအရည်အချင်းမှ မရှိသော အမှိုက်ကောင်အား ဦးဆောင်ခိုင်းမှတော့ ဤမျိုးနွယ်က ကျဆင်းရန် ကံပါနေလေပြီ။
ထို့ကြောင့် ယခုအခါ၌ သူသည် ယခင်က သူ၏ ရွေးချယ်မှုကို နောင်တရစပြုလာသည်။
မစ္စတာလီ၏ အနောက်မှ လူငယ်လေးနှင့် မိန်းမပျိုလေးတိုကလည်း ယဲ့ဖန်အား အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လေသည်။
*ဘုရင်အဆင့်က ငါတို့ထက်တောင် ပိုဆိုးသေးတယ်၊ ဘယ်လိုလုပ် သူက အိုးရန်မျိုးနွယ်တစ်ခုလုံးကို ကိုင်တွယ် နိုင်မှာလဲ*
*အဓိပ္ပာယ်မရှိလိုက်တာ*
*သူတို့အားလုံး ရူးချင်နေပြီလား မသိဘူး*
လူငယ်များဖြစ်သော သူတို့တောင်မှ အိုးရန်မျိုးနွယ်၏ ဆုံးဖြတ်ချက်က မိုက်ရူးရဲဆန်သည်ဟုပင် ခံစားမိကြသည်။
ထိုစည် ယဲ့ဖန်ကလည်း အနားရောက်လာပြီး သူတို့ကို မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
မစ္စတာလီက ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။ အစက သူ မဖြေချင်သော်လည်း ယဲ့ဖန်က အိုးရန်ချင်ရွှယ်၏ သား ဖြစ်နေသောကြောင့် သူ ပြန်ပြောလိုက်လေသည်။
“နတ်ဘုရားမျိုးနွယ်က ကျုပ်တပည့်တွေကို သတ်နေတာ တော်တော်များနေပြီ၊ အခု ကျုပ်တို့ ရွှေယွင်စံအိမ်က အဆုံးသတ် ရောက်တော့မယ်”
မနေ့ညကတည်းက ဒါဇင်ချီသော စပါးကျီများ မီးရှို့ခံရပြီး ရာချီသော လူများ ထိခိုက်သေကြေရပြီး မည်သူမှ အသက်မရှင်ချေ။
“တစ်ဖက်က ရာဇသံပေးလာတယ်၊ ကျုပ်တို့ ဒီညကုန်တဲ့အချိန်အထိ သူတို့ကို အညံ့မခံရင် ကျုပ်တစ်မိသားစုလုံးကို ဖျက်ဆီးမယ်တဲ့”
ယခု သူတို့၏ ရွှေယွင်စံအိမ် ဖရိုဖရဲ ဖြစ်နေသည်ဟုပင် ဆိုနိုင်ပေသည်။
“ဒီအရေးကြီးကိစ္စကို မင်း ဖြေရှင်းနိုင်မယ်လို့ ငါ ယုံတယ် တူလေး၊ အဲ့ဒါကြောင့် ဒီကိစ္စကို ငါ မင်းလက်ထဲ လွှဲလိုက်ပြီ”
အိုးရန်ယုက မခိုးမခန့် ပြုံးနေ၏။
ယဲ့ဖန်ကို သူတို့ ခေါင်းပုံလွှဲချချင်နေကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။
“ဟုတ်တယ်၊ တူလေးက ငါတို့ အိုးရန်မျိုးနွယ်ရဲ့ ပဲကိုင် ဖြစ်လာပြီဆိုတော့ အိုးရန်မျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုတွေကို ဦးဆောင်ထိန်းသိမ်းပြီး ငါတို့ မဟာမိတ်တွေရဲ့ ပြဿနာတွေကို ကူညီပေးသင့်တာပေါ့”
အိုးရန်ရှန့််ဖုန်းကလည်း အလိုက်သင့် ဝင်ပြောသည်။
ဤသည်ကိုမြင်သော် မစ္စတာလီသည် ဘာဖြစ်နေမှန်း မသိသော်လည်း ယဲ့ဖန်အပေါ် အငြိုးထား မုန်းတီးမိသည်။
ယဲ့ဖန်သာ လုပ်ပိုင်ခွင့်ကို လုမယူခဲ့ဘူးဆိုလျင် အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကိုနှစ်ယောက်က ယခုကဲ့သို့ ဘေးထွက် ရပ်နေမည် မဟုတ်ပါ။
ယဲ့ဖန်လည်း ရယ်လိုက်မိသည်။ တစ်ဖက်လူက ပြဿနာကို သူ့ထံ တမင်သက်သက် ပုတ်ထုတ်နေမှန်း သူ မသိဘဲ နေပါ့မလား။ ထို့ကြောင့် သူ ပြန်မေးလိုက်သည်။
“ဆိုတော့ ဦးလေးတို့နှစ်ယောက်က ဘေးထွက်ပြီး ကြည့်နေဖို့ စိတ်ကူးထားတာလား”
“အင်း … ငါတို့လည်း နည်းလမ်းရှာဖို့ ကြိုးစားနေပါတယ်၊ ဒါပေမဲ့ အခုတလော အရေးကြီးကိစ္စလေးတစ်ခု ပေါ်လာလို့ မင်းရဲ့ တတိယဦးလေးနဲ့ ငါနဲ့ သွားရှင်းရဦးမယ်၊ အဲ့ဒါကြောင့် ကူညီဖို့ အချိန်မရဘူး၊ ငါ တကယ် မတတ်နိုင်လို့ပါ စိတ်မကောင်းပါဘူး”
အိုးရန်ရှန့်ဖုန်းက လေးနက်တည်ကြည်သော အသံဖြင့် ပြောလာသည်။
“ယဲ့ဖန် မင်းမှာ မိတ်ဆွေတွေ အများကြီး ရှိတယ်မဟုတ်လား၊ သူတို့ကို ခေါ်လိုက်ရင် ပြဿနာကို ရှင်းလို့ ရပြီ မဟုတ်လား၊ ဦးလေးတို့ မင်းကို ယုံတယ်”
အိုးရန်ယုကလည်း ယဲ့ဖန်ကို သရော်ပြုံးနှင့် ကြည့်နေသည်။ ထိုလူများ ယဲ့ဖန်၏ အမိန့်ကို တကယ် နာခံလေသလား ဆိုသည်ကို သူ သိချင်နေ၏။
“မလိုဘူး၊ အမှိုက်ကောင် တစ်သိုက်ပဲ မဟုတ်ဘူးလား၊ ကျုပ်တစ်ယောက်တည်း ရင်ဆိုင်ရုံနဲ့တင် လုံလောက်တယ်”
ယဲ့ဖန်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်ပြီး မာနကြီးသော မျက်နှာထားနှင့် ပြောလိုက်သည်။
“ရှေ့ကသွားပါ”
ထိုစကားကိုကြားသော် မစ္စတာလီနှင့် အခြားသူများ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။
*အမှိုက်ကောင်တစ်သိုက်တဲ့လား*
*မင်းက ဘုရင်အဆင့်လေးပဲကို၊ ဒီလိုပြောလို့ မိုးကြိုးပစ်ခံရမှာကို မကြောက်ဘူးလား*
“လူငယ်လေး စနောက်မနေနဲ့၊ နတ်ဘုရားမျိုးနွယ်အပြင် သူတို့ရဲ့ လက်ပါးစေ ကျီရှန်းထျန်းပါ ရှိနေတာ၊ အင်မော်တယ် ဧကရာဇ်အဆင့်ကလည်း လေးယောက်လောက် ရှိတယ်၊ အဆင်မခြင် မလုပ်နဲ့”
မစ္စတာလီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
*မွေးကင်းစ နွားပေါက်တွေက ကျားကို မကြောက်ဘူးဆိုတာ ဟုတ်နေပါလား*
*ဒါပေမဲ့ မင်းက သေချင်ပင်မယ့် ငါက မသေချင်ဘူးကွ*
“အင်မော်တယ် ဧကရာဇ်အဆင့်ပဲ မဟုတ်လား၊ လက်ဖျောက်တီးလိုက်ရုံနဲ့ သတ်နိုင်နေတာကို၊ ဘာမှကြောက်ဖို့ မလိုပါဘူး”
သို့သော် ယဲ့ဖန်က တည်ငြိမ်မြဲ တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ခိုင်မာနေ၏။ သို့သော် သူ့အပြုအမူအား အားလုံး၏ စိတ်ထဲ၌ ရူးနေသည်ဟုသာ မြင်နေကြသည်။
*ဘုရင်အဆင့်လေးက အင်မော်တယ် ဧကရာဇ်အဆင့်ကို လက်ဖျောက်တီးရုံနဲ့ သတ်နိုင်တယ်လို့ တကယ်ကြီး ပြောနေတာလား၊ ဘယ်ကနေ ယုံကြည်ချက် ရလာတာလဲ*
*ဒီကောင် စိတ်လွတ်နေတာလား*
ချက်ချင်းဆိုသလိုပင် မစ္စတာလီ၏ မြေးဖြစ်သူ လီချန်းကျစ်က အထင်သေးသော အရိပ်အယောင်များ ပေါ်လွင်နေသည့် အကြည့်တို့ဖြင့် ဝင်ပြောလာသည်။
“ဘာမဟုတ်တဲ့ ဘုရင်အဆင့်လေးက ပြောရဲဆိုရဲလှချည်လား၊ မင်းရဲ့ အရည်အချင်းနဲ့ဆို ကျီရှန်းထျန်း မပြောနဲ့၊ ငါ့ကိုတောင် မင်း မနိုင်နိုင်ဘူး”
လီချန်းကျစ်သာမက မစ္စတာလီ၏ မြေးမဖြစ်သူ လီစစ်ယွီပင် မနေနိုင်ဘဲ ပေါ်တင် ပြောလာသည်။
“နင်က ငါတို့ ရွှေယွင်စံအိမ်အတွက် ရှေ့ထွက် ရပ်တည်ပေးဖို့ အရည်အချင်း မရှိဘူး”
ဤသည်ကိုမြင်သော် အိုးရန်မျိုးနွယ်များသည် ယဲ့ဖန်အတွက် ဝင်ပြောပေးချင်ပါသော်လည်း ဘယ်လို ပြောရမှန်း မသိ ဖြစ်နေ၏။
သူတို့အရှေ့မှ ယဲ့ဖန်က ဘုရင်အဆင့်သာ ဖြစ်နေသည် မဟုတ်ပါလော။
အရည်အချင်း ရှိပါသော်လည်း ဘုရင်အဆင့်မျှသာ ဖြစ်သဖြင့် အင်မော်တယ် ဧကရာဇ်အဆင့် လေးယောက်နှင့် ရင်ဆိုင်လျင် သေပွဲသာ ဝင်ရပေလိမ့်မည်။
လက်ရှိတွင် သူတို့သည် အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကိုကိုသာ ဖိတ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အိုးရန်ကျန်းကိုသာ ဖိတ်ပါက အားနည်းသူကို အနိုင်ကျင့်သည်ဟု ထင်ကြပေလိမ့်မည်။ အိုးရန်ကျန်းသာ တိုက်ခိုက်ပါက ရှုပ်ထွေးကုန်ပေမည်။
မျိုးနွယ်နှစ်ခုကြား၌ တိုက်ပွဲကြီးပင် ဖြစ်လာနိုင်၏။
အပြင်လူများကလည်း အိုးရန်မျိုးနွယ်တွင်း၌ ထူးချွန်သူမရှိဟု ပြောလာကြပေမည်။ ထို့ကြောင့် လက်ရှိတွင် သူတော်စင်အဆင့်သာ တိုက်ခိုက်ပါက ဆိုးကျိုးသာ ရှိပေလိမ့်မည်။
“အဘိုး အိုးရန်မျိုးနွယ်က ကျွန်မတို့ကို ကူညီဖို့ လုံးဝ စိတ်ကူးမရှိတဲ့ပုံပဲ၊ သူတို့အတွက် ကျွန်မတို့ အသေခံခဲ့ရတာ ရှက်ဖို့ကောင်းတယ်၊ သူတို့က ဒီလို အမှိုက်ကောင်ကိုလွှတ်ပြီး ကျွန်မတို့ကို စွန့်ပစ်တာပဲ၊ ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် အစကတည်းက နတ်ဘုရားမျိုးနွယ်နဲ့ မိတ်ဖွဲ့လိုက်တာကမှ ပိုကောင်းဦးမယ်”
လီစစ်ယွီက သူမအဘိုးအတွက် မကျေမနပ်ဖြင့် စိတ်ဆိုးမာန်ဆိုး ပြောလေသည်။
“ပါးစပ်ပိတ်ထား မဟုတ်တာတွေ မပြောနဲ့”
လီလောင်က လီစစ်ယွီကို စိုက်ကြည့်လိုက်သည်။
ဤသို့ ရဲတင်းသော စကားမျိုးကို အိုးရန်မျိုးနွယ်တွင်း၌ ထုတ်ပြောလိုက်ခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ မဟုတ်ပါတကား။
ထိုစကားကိုကြားသော် အနောက်၌ ရပ်နေသည့် အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကိုနှစ်ယောက်က သရော်ပြုံး ပြုံးလိုက်ကြသည်။ ဤသည်က သူတို့ မြင်ချင်နေသည့် မြင်ကွင်းပင်တည်း။
ဤသည်ကြောင့်ပင် ပုန်ကန်ခြင်းဟူသည့် ကိစ္စမျိုး ဖြစ်လာခြင်း ဖြစ်သည်။ လက်အောက်ငယ်သားများက အာဏာပိုင်အား မေးခွန်းထုတ်စပြုလာလျင် ပုန်ကန်မှု ဖြစ်လာရန် သိပ်မလိုတော့ချေ။
ထိုသို့သောအချိန်မျိုး၌ အားလုံးက အိုးရန်မျိုးနွယ်တွင်း၌ သူတို့ ညီအစ်ကိုနှစ်ယောက်ကိုသာ အားကိုးအားထား ပြုနိုင်ကြောင်း သိလာပေလိမ့်မည်။
“ရယ်ချင်စရာ ကောင်းလိုက်တာ၊ ငါ့ဆရာရဲ့ ပညာ အတိမ်အနက်ကို နင်တို့လို သာမန်လူတွေက တိုင်းတာနိုင်လို့လား”
ရုတ်တရက် အိုးရန်ယွင်က မကျေနပ်သော အကြည့်ဖြင့် မာန်မဲလာ၏။