တောင်းပန်နိုင်မယ့် အခွင့်အရေး
Vol. 113 Ch. 1695
*ဆရာတဲ့လား*
လီချန်ကျစ်နှင့် အခြားသူများ ရုတ်ချည်းဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ အိုးရန်ယွင်က နတ်ဘုရင်အဆင့် ဖြစ်ကြောင်း သူတို့ သတိထားမိသည်။ သို့သော် သူမက ယဲ့ဖန်ကို ဆရာအဖြစ် တင်မြှောက် ထားသည်။ ဤသည်က အံ့ဩစရာ ကောင်းလှသည် မဟုတ်ပါလော။
*မဟုတ်မှလွဲရော ဒီလူငယ်လေးနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားနေတာမျိုး တကယ် ရှိနေတာလား*
“မင်းတို့ သူ ပြောတာကို နားထောင်မနေနဲ့၊ အဲ့ကောင်မလေးကလည်း သူ့အဘိုးလို အရူးပဲ၊ ဒီကောင်က အိုးရန်ချင်ရွှယ်ရဲ့ သားလို့ ကြားလိုက်တာနဲ့ အပျော်လွန်ပြီး ကျွန်ဖြစ်ခံတော့တာလေ”
အိုးရန်ယုက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
သူ့စကားကိုကြားသော် အဘိုးအိုလီနှင့် ကျန်လူများသည် အဖြစ်အပျက်ကို နားလည်သွားပြီး မျက်နှာပေါ်၌ စိတ်ပျက်သော အမူအရာများ ပေါ်လာသည်။
ယဲ့ဖန်က ပြုံးမြဲပြုံးနေပြီး ဆက်ပြောလိုက်သည်။
“အဘိုးကြီး ကျုပ် ဒီလို ပြောရဲတယ်ဆိုမှတော့ ကျုပ်မှာလည်း အကြောင်းရှိလို့ပေါ့၊ ခင်ဗျား ကျုပ်ကို ကြိုးစားခွင့် မပေးချင်ဘူးလား”
“ထားလိုက်တော့ ငါ့ဘာသာပဲ နည်းလမ်း ရှာတော့မယ်”
လီလောင်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး ယဲ့ဖန်အား ကြည့်ပင် မကြည့်ချေ။ ရလဒ်က သိသာနေပြီ မဟုတ်ပါတကား။
ထိုသို့ပြောပြီးနောက် သူသည် သူ့မြေးနှင့် မြေးမတို့ကို ခေါ်၍ ထွက်သွားရန် ပြင်လိုက်သည်။ အိုးရန်မျိုးနွယ်အပေါ် သူ အလွန်အမင်း စိတ်ပျက်သွားလေပြီ။
အိုးရန်မျိုးနွယ်အတွက် သူ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အဆုံးသတ်၌ စွန့်ပစ်ခံခဲ့ရသည်။ ဤခံစားချက်အား ဝမ်းနည်းပူဆွေး၍ မခံမရပ်နိုင် ဖြစ်သော ခံစားချက်ဟု ဆိုရပေမည်။
ယဲ့ဖန် ပြုံးနေပြီး ဘာဆိုဘာမှမပြောချေ။ တစ်ဖက်လူကို သူ အခွင့်အရေး ပေးလိုက်ပြီး ဖြစ်သော်လည်း တစ်ဖက်က မယူချေ။ ထို့ကြောင့် သူ ဘာဆိုဘာမှ တုံ့ပြန်မည် မဟုတ်ပါ။
အိုးရန်ယွင်ကလည်း စိတ်ထဲမှနေ၍ အရူးဟု ကျိန်ဆဲနေပြီး အထင်သေး စက်ဆုပ်သော အကြည့်ဖြင့် ကြည့်နေသည်။
“ဟေ့ကောင် ငါ မင်းနဲ့ တိုက်ချင်တယ်၊ မင်း ငါ့ကို အနိုင်ယူနိုင်တယ်ဆိုရင် မင်းမှာ ငါတို့ကို ကူညီနိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ငါ လက်ခံမယ်”
ထိုသို့သောအချိန်၌ ခပ်မာမာ အသံတစ်သံ ထွက်လာပြီး လီချန်ကျစ်က လေ့ကျင့်ရေး ဧရိယာထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး ယဲ့ဖန်အား အထင်သေးသော အကြည့်ဖြင့် ကြည့်လာသည်။
ယဲ့ဖန်က လီချန်ကျစ်ကို တစ်ချက်ကြည့်လိုက်ပြီး သရော်ပြုံး ပြုံးလိုက်သည်။
“ကျစ်အော် မဟုတ်တာတွေ မလုပ်နဲ့”
အဘိုးအိုလီက ချက်ချင်း ကြိမ်းမောင်းလိုက်သည်။ ယဲ့ဖန်က မည်မျှ အသုံးမကျသူ ဖြစ်နေပါစေ အိုးရန်ကျန်း၏ မြေး ဖြစ်နေဆဲသာ။ သူ့ကိုသာ အထိနာအောင် လုပ်မိလျင် အဆုံးသတ်၌ ကံဆိုးမည့်သူက သူတို့ပင်။
သို့သော် လီချန်ကျစ်က အဘိုးအိုလီ၏ စကားကို မကြားချင်ယောင်ဆောင်၍ ယဲ့ဖန်အား အထက်စီးဖြင့် ကြည့်နေသည်။
“ဘာလဲ မင်း မလုပ်ရဲဘူးလား”
“ငါ မင်းကို ဘာမှသက်သေ ပြနေစရာ မလိုဘူး၊ အခု မင်းက ငါ့ကို မေးနေတာ၊ ငါ မဟုတ်ဘူး”
ယဲ့ဖန် ခံစားချက်ကင်းမဲ့စွာ ပြုံးနေပြီး သူ့အား လျစ်လျူရှုကာ နောက်လှည့်၍ ထွက်သွားရန် ပြင်လိုက်သည်။ သို့ရာတွင် သူ ပြောလိုက်သော စကားအား လီချန်ကျစ်နှင့် အခြားသူများ၏ စိတ်ထဲ၌ ဆင်ခြေဟုသာ မြင်သွား လေသည်။
လီချန်ကျစ်က ယဲ့ဖန် ကြောက်နေသည်ဟု ထင်သွားပြီး သူ့နောက်ကျောကို လှမ်းကြည့်၍ အော်ပြောလေသည်။
“မျိုးမစစ်ကောင် စောက်ရမ်းကို အရေးမပါတာတွေ ပြောလွန်းတယ်၊ မင်းအမေက လောကကို ဦးဆောင်နိုင်တဲ့ သူရဲကောင်း ဖြစ်ပင်မယ့် မင်းက သတ္တိမရှိတဲ့ ငကြောက်ပဲ၊ မင်းက အိုးရန်ချင်ရွှယ်ရဲ့ မျက်နှာကို အိုးမည်း သုတ်တဲ့ကောင်”
“ကောင်းလိုက်တဲ့စကား”
လီစစ်ယွီကလည်း လက်ခုပ်တီး၍ ပြောလာသည်။ သူမအစ်ကို ပြောသောစကားက မှန်သည်ဟု ခံစားမိနေသည်။
“မင်း သေချင်နေတာပဲ”
အိုးရန်ဟွာနှင့် အခြားသူများ ချက်ချင်း ဒေါသထွက်သွားပြီး သူတို့မျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်လာသည်။
တစ်ဖက်လူသည် အိုးရန်မျိုးနွယ်၏ လက်ပါးစေသာ ဖြစ်သည်။ သို့သော် ထိုသူက အိုးရန်မျိုးနွယ်၏ တန်ဖိုးအထားရဆုံး လူနှစ်ယောက်ကို တစ်ပြိုင်တည်း စော်ကားပြောဆိုခဲ့သည်။ ယင်းကို သူတို့ ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။
ယဲ့ဖန် လက်မြှောက်၍ သူတို့ကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။ သို့သော် လက်ရှိအချိန်၌ သူ့မျက်လုံးတွင် အေးစက်စက် အရိပ်အယောင်များ ဖုံးလွှမ်းနေ၏။
“မင်းကို တောင်းပန်နိုင်မယ့် အခွင့်အရေး ပေးမယ်”
*တောင်းပန် ဟုတ်လား*
လီချန်ကျစ် ပြုံးလိုက်ပြီးမှ အသံမာမာဖြင့် ပြောလိုက်သည်။
“ငါ ပြောတဲ့စကားက အမှန်ပဲလေ၊ ဘာလို့ ငါက တောင်းပန်ရမှာလဲ”
“ငါ့ကို တောင်းပန်စေချင်တာလား၊ ဒါဆိုလည်း မင်းမှာ အဲ့လို အရည်အချင်း ရှိလား ကြည့်ကြည့်တာပေါ့”
လီချန်ကျစ်က ယဲ့ဖန်ကို ရန်စသော မျက်နှာထားနှင့် ပြန်တုံ့ပြန်လေသည်။
*မတောင်းပန်ရင် မင်းက ငါ့ကို ချနိုင်လို့လား*
“မင်းကို အနိုင်ယူဖို့လား၊ မဟုတ်သေးဘူး မင်းက ဒီမှာ သေရမှာ”
ယဲ့ဖန်က လီချန်ကျစ်ကို စူးရှသော မျက်လုံးများဖြင့် စူးစိုက်ကြည့်၍ ရှေ့သို့ လျှောက်လှမ်းလာသည်။
လီချန်ကျစ်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ဒေါသသံဖြင့် ရယ်မောလိုက်သည်။
“မင်းရဲ့ ယုံကြည်မှုကိုသာ ငါ သဘောကျသား၊ မင်း ငါ့ဆီမှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ မတောင်းပန် ရဘူးလို့ မျှော်လင့်ပါတယ်”
ဘုရင်အဆင့်လေး တစ်ယောက်က သူ့ကို ဤသို့ ပြောရဲနေသည့်အဖြစ်က သေတွင်းတူးနေသော အဖြစ်ပင်။
အိုးရန်မျိုးနွယ်အတွက် သူတို့ ကျွဲလိုနွားလို အလုပ်အကျွေး ပြုခဲ့သည်ကိုလည်း သူ မခံနိုင်တော့ပေ။ ယခု အိုးရန်မျိုးနွယ်ကို သူ့အကြောင်းသိအောင် အနည်းငယ် ပြသရပေမည်။
“သူတို့ကို မြန်မြန်တားကြပါ၊ ငါ့မြေးက စတိုက်တာနဲ့ သွေးထွက်သံယို မဖြစ်မချင်း ရပ်မှာ မဟုတ်ဘူး၊ ငါ့မြေးကို နစ်နာအောင် မလုပ်နဲ့”
လီလောင် ခပ်သွက်သွက် ပြောလိုက်ပြီး စိတ်ထဲ၌ လီချန်ကျစ်ကြောင့် မီးတောက်နေ၏။
*မင်းကိုယ်မင်း အမှိုက်ကောင်နဲ့ ဘာလို့ ယှဉ်နေမှာလဲ*
*ဒီအရူးကို သတ်လိုက်ရင် အိုးရန်မျိုးနွယ်ကို ရန်စသလို ဖြစ်သွားပြီ၊ ဒါ လုံးဝ နစ်နာတယ်ကွ*
အိုးရန်ရှန့်ဖုန်း ကျေနပ်အားရစွာ ပြုံးနေသည်။ ယခုတစ်ခေါက်၌ ယဲ့ဖန်က လက်ပါးစေကြောင့် ရှုံးသွားခဲ့လျင် မိသားစုခေါင်းဆောင် နေရာကို သူ ယူနိုင်ပေမည်။ နောင်တွင် ယဲ့ဖန် လူအများအား အမိန့်နာခံလာအောင် ဘယ်လိုလုပ်မလဲ သူ သိချင်နေ၏။
လီချန်ကျစ်ကြောင့် ယဲ့ဖန် ဒုက္ခိတဖြစ်သွားရန် သူ မျှော်လင့်နေသည်။ ယင်းက သူ့ကို တန်းသတ်လိုက်သည်ထက် ပိုကောင်းပေသည်။ သို့မှသာ သူ့ကို သတ်ရန် မိမိအတွက် မခက်ခဲတော့မှာ ဖြစ်သည်။
သို့သော် အိုးရန်ယွင်က အေးစက်စက် လှောင်ရယ်လာသည်။
“ဘယ်သူ ထိခိုက်မလဲ ကြည့်ကြသေးတာပေါ့”
လူတိုင်းက အိုးရန်ယွင်အား အရူးကို ကြည့်သကဲ့သို့ ကြည့်လာပြီး သူမ၏ ရိုးအမှုကို သရော်လာသည်။
*မဟုတ်မှလွဲရော ဒီအရူးမလေးက ဟိုကောင် နိုင်မယ်လို့ ထင်နေတာလား*
လီချန်ကျစ်သည် လူငယ်မျိုးဆက်အတွင်း၌ ခေါင်းဆောင်ဟုပင် သတ်မှတ်နိုင်သည်။ သူသည် လီစစ်ယွီကဲ့သို့ ဆက်ခံသူ အလောင်းအလျာအဖြစ် လေ့ကျင့်သင့်ကြားခံရသူ ဖြစ်သည်။ လူငယ်မျိုးဆက် အချို့ဆိုလျင် သူ့ကို မယှဉ်နိုင်ချေ။
အိုးရန်ကျန်းတောင်မှ လီချန်ကျစ်ကို မြင်စဉ်က မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့သည်။
ယခု ယဲ့ဖန်က သူနှင့် ယှဉ်ပြိုင်မည်ဆိုလျင် သေလမ်းသာ ရှိပေလိမ့်မည်။
“ဪ ဒါနဲ့ ငါ မင်းကို ပြောဖို့မေ့နေတာ၊ ငါက သူတော်စင်သခင်အဆင့် မဟုတ်တော့ဘူး၊ နတ်ဘုရင်အဆင့်ကို ရောက်နေပြီ”
လီချန်ကျစ်က အပြုံးကြီး ပြုံးနေပြီး အရှိန်အဝါကို ဖော်ထုတ်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ပင်လယ် ဒီရေလှိုင်းသဖွယ် ပြင်းထန်သော စွမ်းအင်တစ်ခုက လေ့ကျင့်ရေး ဧရိယာ တစ်ခုလုံးသို့ ပျံ့လွင့်လာ၏။
ဘေးလူများအားလုံး မျက်နှာထား ပြောင်းလဲသွားကြသည်။
“သူ့ကို မြန်မြန်တားကြ၊ မဟုတ်ရင် လွန်ကုန်လိမ့်မယ်”
အဘိုးအိုလီက အော်ဟစ်၍ လူတိုင်းကို သတိပေးလိုက်သည်။ ယခု မတားဆီးနိုင်လျင် ယဲ့ဖန် သေဆုံးရန် ၉၉ ရာခိုင်နှုန်း သေချာနေလေပြီ။
ဘုရင်အဆင့်က သူတော်စင်သခင်အဆင့်ကို ယှဉ်တိုက်နိုင်သော်လည်း နတ်ဘုရင်အဆင့်နှင့် ယှဉ်လျင် စက္ကန့်ပိုင်း အတွင်း အသတ်ခံရပေလိမ့်မည်။
အိုးရန်ဟွာနှင့် အခြားသူများလည်း စိတ်ပူသွားကြသည်။ သို့သော် ဤသည်က ယဲ့ဖန်၏ ရွေးချယ်မှု ဖြစ်သဖြင့် သူတို့ ဝင်တားပိုင်ခွင့် မရှိပါ။
အိုးရန်ဟွာ ရှေ့တိုးတော့မည့်အချိန်၌ အိုးရန်ရှန့်ဖုန်းက သူ့ရှေ့ ပိတ်ရပ်၍ ညစ်ကျယ်ကျယ် ပြုံးကာ ပြောလာသည်။
“ဒုတိယဦးလေး၊ မျိုးနွယ် စည်းကမ်းတွေကို မေ့နေပြီလား”
အိုးရန်ဟွာ ထိတ်လန့်သွားပြီး အခက်တွေ့သော မျက်နှာ အမူအရာ ဖြစ်သွားလေသည်။ အိုးရန်မျိုးနွယ်တွင်း၌ ခိုင်မာသော စည်းကမ်းတစ်ခု ရှိသည်။ သိုင်းပညာရှင်နှစ်ယောက် ယှဉ်တိုက်ရန် ဆုံးဖြတ်လာပါ မည်သူမှ ဝင်စွက်ဖက်ပိုင်ခွင့် မရှိခြင်းပင်။
ထိုသို့မဟုတ်ပါက ပြိုင်ပွဲကို စော်ကားသည်ဟု သတ်မှတ်ကြသည်။
ဤစည်းကမ်းသည် အိုးရန်မျိုးနွယ် တည်ရှိကတည်းက လက်ဆင့်ကမ်းလာခဲ့ကြပြီး တစ်ခါမှ မပြောင်းလဲဖူးချေ။
အိုးရန်ရှန့်ဖုန်းက သူ့အကြံကို အိုးရန်ဟွာ ဝင်မဖျက်မိအောင် တမင် တားဆီးနေ၏။ အိုးရန်ဟွာသာ ဝင်ပါလာလျင် ဘယ်လိုလုပ် ယဲ့ဖန် သေပါတော့မည်နည်း။
ထိုစဉ် လီချန်ကျစ်က ယဲ့ဖန်အား အထင်သေးစွာ ကြည့်၍ ပြောလာသည်။
“တစ်ကွက်တည်းနဲ့ ငါ မင်းကို ဒူးထောက်လာအောင် လုပ်ပြမယ်”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ သူ၏ နောက်ဆုံးသော သည်းခံနိုင်စွမ်းက လီချန်ကျစ်၏ မောက်မာမှုကြောင့် ပျက်စီးသွားလေပြီ။
ထို့နောက် သူ အေးစက်စွာ ပြောလိုက်သည်။
“ဒီနေ့ မင်း ငါ့လက်ထဲမှာ ရှုံးသွားရင် မင်းတို့ ယွင်ရွှေ စံအိမ်က ငါတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး၊ နောင်ကို ငါတို့ မင်းတို့နဲ့ ဘာမှပူးပေါင်းမှာ မဟုတ်ဘူး”
ထိုစကားကိုကြားသော် လီစစ်ယွီက လှောင်ရယ်လေသည်။
*အဲ့ကောင် လေသံက မသိရင် သူ နိုင်မှာ ကျနေတာပဲ*
*ရယ်ချင်စရာ ကောင်းလိုက်တာ၊ သူက ငါ့အစ်ကိုကို နိုင်မှာတဲ့လား*
ထိုစကားကြောင့် လီချန်ကျစ်က ထရယ်သည်။
“မင်း စိတ်ပူနေစရာ မလိုဘူး၊ ဘာလို့လဲဆိုတော့ အဲ့လို ကိစ္စမျိုး ဖြစ်လာမှာ မဟုတ်လို့ပဲ၊ ဒီနေ့ မင်း ရှုံးမှာ သေချာတယ်”
ထိုစကားအဆုံး၌ လီချန်ကျစ်က တန်း၍ လှုပ်ရှားလာပြီး သူ့အင်္ကျီလက်စထဲမှ ကြေးနီရောင် ဓားပျံနှစ်လက် ထွက်ပေါ်လာ၏။
“ဒါ ယွင်ရွှေစံအိမ်ရဲ့ ဘိုးဘွားပိုင် လက်နက်ပဲ၊ ချီးပဲ”
အိုးရန်ဟွာ၏ မျက်နှာက မည်းမှောင်နေပြီး အဘိုးအိုလီအား စူးစိုက်ကြည့်လိုက်သည်။
အဘိုးအိုလီ ငိုချင်သွားလေသည်။ လီချန်ကျစ်က အလွန် အတင့်ရဲ၍ မောက်မာလိမ့်မည်ဟု သူ ထင်မထားမိပါ။ တစ်ဖက်လူကို သူ ရန်စသည့်အပြင် ဤသို့သော လက်နက်ကိုပါ ထုတ်လာသေးသည်။
*ဒီကောင် မနေချင်တော့ဘူးလား*
*သွားပြီ*
*အားလုံး ပြီးသွားပြီ*
ယဲ့ဖန် သေသွားလျင် သူတို့ ယွင်ရွှေစံအိမ် သေချာပေါက် ဒဏ်ခတ်ခံရပေလိမ့်မည်။
အိုးရန်မျိုးနွယ်မှလူများအားလုံး ဒေါသူပုန် ထနေကြသည်။ လီချန်ကျစ်သည် ယဲ့ဖန်ထက် သိုင်းအဆင့် ပိုမြင့်နေသည့် အပြင်ကိုမှ လက်နက်ပါ ထုတ်သုံးလာသဖြင့် တရားလွန်နေလေပြီ။
အနိုင်ကျင့်လိုခြင်းမှန်း သိသာလှ၏။
“သူ လွန်လာလို့ကတော့ မင်းတို့ ယွင်ရွှေစံအိမ် ဖျက်ဆီးခံရမယ်”
အိုးရန်ဟွာက အေးစက်စွာ ပြောလိုက်သည်။
“ဒါက … အာ …”
အဘိုးအိုလီသည်လည်း ဒေါသထွက်သွားသည်။
*ဘာတွေဖြစ်ကုန်တာလဲ*
အစက သူသည် အကူအညီ တောင်းခံရန် လာရောက်ခြင်း ဖြစ်သည်။ သို့သော် ရလဒ်က အကူအညီ မရသည့်အပြင် ရန်ပါ စမိသွားလေသည်။
*ငါ့ယွင်ရွှေစံအိမ် သေဆုံးတော့မှာလား*
သို့သော် အိုးရန်ရှန့်ဖုန်းသည် လီချန်က ဘိုးဘွားပိုင် လက်နက်ကိုပါ ထုတ်သုံးလာသည်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ အားပေးမိသည်။
“သေစမ်း၊ သေလိုက် သောက်မျိုးမစစ်ကောင်”
အိုးရန်ရှန့်ဖုန်းက ရူးသွပ်နေသော မျက်လုံးများဖြင့် ကြိတ်အော်နေ၏။
“အခြေအနေကို မသိတဲ့ အရူးကောင်”
အိုးရန်ယုကလည်း ခနဲ့လေသည်။
“ဂျွတ် ဂျွတ် ဂျွတ်”
ထိုစဉ် ကြမ်းပြင်သည် ဓားပျံ၏ ဖိအားကို မခံနိုင်သဖြင့် အက်ကွဲလာပြီး ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းက ကောင်းကင်ယံအထိ တိုးတက်သွားသည်။
ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှပေသည်။
အိုးရန်မျိုးနွယ်များအားလုံး ကြောက်လန့်သွားသည်။ ဤမြင်ကွင်းက အလွန် ကြောက်ဖို့ကောင်းနေပြီ ဖြစ်ပြီး ဓားပျံမှ ထွက်ပေါ်နေသော ဓားချီစွမ်းအင်က သူတို့ကို အသာလေး ခုတ်ဖြတ်နိုင်၏။
ထိုသို့သောအချိန်၌ သူတော်စင်အဆင့်တစ်ယောက် ဟစ်ကြွေး၍ မိုးမြေကို ဖျက်ဆီးလာသည်ဟုပင် ထင်မှတ်ထားရသော စွမ်းအင်က ယဲ့ဖန်ထံ ကျဆင်းလာသည်။
“ရပ်စမ်း”
“ယဲ့ဖန် ထွက်ပြေးတော့”
သွေးပျက်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဤဓားပျံနှစ်လက်နှင့် နေလ အင်မော်တယ်ဓားဟု လူသိများပြီး ရာချီသော တောင်များနှင့် မြစ်များကို ဖြတ်တောက်နိုင်ပေသည်။
လီချန်ကျစ်က သရော်ပြုံး ပြုံးနေပြီး သူ့ခန္ဓာကိုယ်က အင်မော်တယ် အလင်းများ ဖြာနေကာ ပြင်းထန် ကြမ်းကြုတ်သော အရှိန်အဝါဖြင့် ရှေ့တက်လာ၏။
သူသည် ယဲ့ဖန်အား မသန်စွမ်းဖြစ်အောင် လုပ်ပြီး သွေးနားထင်ရောက်နေသော သူ့စိတ်အတွက် တန်ကြေး ပေးရအောင် လုပ်ချင်နေသည်။
ထိုသို့လုပ်မိလျင် သူချက်ချင်း နတ်ဘုရားမျိုးနွယ်ဘက် ပြောင်း၍ သစ္စာခံလိုက်မည်။ အိုးရန်မျိုးနွယ်က သူ့ကို ဘာလုပ်နိုင်တော့မည်နည်း။
သူ့စိတ်ထဲ၌ ထိုအတွေးက ခိုင်မာစွဲမြဲလာပြီး လီချန်ကျစ်၏ လှုပ်ရှားမှုတိုင်းက ပို၍ ကြမ်းတမ်းလာသည်။ ဓားပျံနှစ်လက်က ဒုံးပျံအလား ယဲ့ဖန်ကို ထိမှန်လာသည်။
သို့သော် ယဲ့ဖန်က ငြိမ်မြဲငြိမ်နေသည်။ သူသည် လက်ပိုက်၍ တည်ငြိမ်ပြတ်သားသော မျက်နှာနှင့် ရှိနေကာ ဘေးလူများ၏ အော်သံကို ဥပေက္ခာ ပြုထားသည်။
“ဟားဟား ဒီအရူး အခုကတည်းက ကြောက်နေပြီလား မသိဘူး”
အိုးရန်ရှောက်ကျွင်း လှောင်ရယ်လိုက်သည်။
“ငါ စဉ်စားကြည့်မိတယ်၊ တစ်ဖက်လူက နတ်ဘုရင်အဆင့်ဆိုတော့ သူ့အရှိန်အဝါအောက်မှ ဘုရင်အဆင့်က ဖိအား များနေမှာ ထုံးစံပဲ”
အိုးရန်မိန်လင်ကလည်း နောက်မှ လိုက်ပြောလာသည်။ သူမစိတ်ထဲ၌ ယဲ့ဖန် ကြောက်နေသည်ဟု ထင်နေ၏။
ထိုစဉ် ကျယ်လောင်ပြတ်သား၍ အားကြီးသော အသံတစ်သံက ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့တုန်ခါသွားလေသည်။
စာစဉ် ၁၁၃ ဤတွင် ပြီးပါပြီ။