အခန်း ၂၁၄၁
Vol. 133 Ch. 2141
အခန်း (၂၁၄၁) သဘာဝနတ်စွမ်းအား
အနောက် တာ့ခ် အင်ပါယာ တစ်ခုလုံးတွင် တစ်ဦးတည်းသော စိုးရိမ်စရာဟူ၍ ရှိသည်မှာ ရှာပိုလို ခါဂန်း၊ အီဖီဒီယွန်း နှင့် ဝူနိုရှီပိ တို့သာ ဖြစ်ပေသည်။ ယခုအခါ ဝမ်ချောင်ကိုယ်တိုင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ ဤသူတို့မှာ စိုးရိမ်စရာ မဟုတ်တော့ချေ။
ကျန်ရှိနေသော အခြားသူများမှာမူ ခေါင်းဆောင်ကင်းမဲ့နေကြပြီ ဖြစ်သဖြင့် ဟူးဘားရှ်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့သည်မှာ သဘာဝပင် ဖြစ်၏။
“ဒါနဲ့... မင်းသား”
ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ မလှမ်းမကမ်းတွင် ရပ်နေသော ဝံပုလွေစစ်သူကြီးဒူဝူစီလီသည် ကိုယ်ကို တစ်ချက် ခုန်လိုက်ကာ ဝမ်ချောင်၏ရှေ့မှောက်၌ ရုတ်တရက် ပိတ်ဆို့ရပ်တန့်လိုက်လေသည်။
မိမိ၏ရှေ့တွင် မောက်မာလှသော အကြည့်များဖြင့် ရပ်နေသည့် ဝမ်ချောင်အား ကြည့်ရင်း ဒူဝူစီလီမှာ စကားပြောရန် ပြင်လိုက်သော်လည်း တွေဝေနေမိ၏။ သူသည် အနည်းငယ်မျှ ကြောက်ရွံ့နေပုံ ရသော်လည်း စိတ်အားထက်သန်မှုများလည်း ရှိနေပေသည်။
“မင်းသား... အရင်က ကျွန်တော်မျိုးကို ကတိပေးခဲ့တဲ့ အခြေအနေက……”
ဒူဝူစီလီသည် နောက်ဆုံး၌ မနေနိုင်တော့ဘဲ စကားဆိုလာတော့သည်။
“ဪ... ဒါကိုး”
ဝမ်ချောင်က ထိုစကားကို ကြားသည့်အခါ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည် -
“ပန်းဝမ်အနေနဲ့ ခင်ဗျားရဲ့သွေးလေချောက်ချားတဲ့ ဒဏ်ရာကို အမြစ်ပြတ် ကုသပေးမယ်လို့ ကတိပေးခဲ့တာပဲ၊ သေချာပေါက် လုပ်ပေးမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။”
“နားလည်ပါပြီ... နားလည်ပါပြီ”
ဒူဝူစီလီသည် ထိုစကားကို ကြားလိုက်ရသည့်အခါမှသာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်ပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားတော့သည်။
ယခင် တာ့လော့စီ စစ်ပွဲအတွင်း၌ သူသည် စစ်ကြောင်း ကောင်းကင်ပုံရိပ်ကို ကျင့်ကြံခဲ့ရာမှ နောက်ဆုံးတွင် သွေးလေချောက်ချားကာ အင်အားများ အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့ရပြီး၊ သူ၏အထွတ်အထိပ် အင်အား၏ ထက်ဝက်ခန့်ပင် မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် ဝမ်ချောင်ကိုယ်တိုင် ထွက်ပေါ်လာခဲ့ပြီး မဟာလော့ဝ်ကျင့်စဉ်ကို အသုံးပြု၍ သူ၏ ကိုယ်တွင်းဒဏ်ရာများကို ကုသပေးခဲ့ရုံတင်မကဘဲ၊ သူ၏ကျင့်စဉ်အဆင့်ကိုပါ မြှင့်တင်ပေးခဲ့သဖြင့် "ရှေးဦးနတ်ဝံပုလွေ" အင်အားဖြင့် ဝူနိုရှီပိအား အနိုင်ယူကာ လူတိုင်းကို အံ့အားသင့်စေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဝမ်ချောင်က သူ့အား ကူညီစဉ်ကတည်းက ကြိုတင်၍ ပြောကြားထားခဲ့ပြီး ဖြစ်သည်။ ဤကဲ့သို့သော အဆင့်မြှင့်တင်မှုမှာ ယာယီသာဖြစ်ပြီး၊ အတွင်းဒဏ်ရာဟောင်းများကို လုံးဝရှင်းလင်းလိုပါက သူကိုယ်တိုင် ဒုတိယအကြိမ် ကုသမှုပေးရန် လိုအပ်ကြောင်းပင် ဖြစ်တော့သည်။
“ရှူး!”
အခြားတစ်ဖက်တွင်မူ ဝမ်ချောင်သည် ဝူနိုရှီပိနှင့်ရှာပိုလို ခါဂန်းတို့အား ဒူဝူစီလီထံ ခေတ္တ အပ်နှံထားခဲ့ပြီးနောက် တောင်ထိပ်ဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။
ရှာပိုလို ခါဂန်း တို့ဘက်မှ ပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်ရာ၊ ကျန်ရှိနေသည်မှာ တောင်ထိပ်ပေါ်ရှိ ထိုက်စန်းနှင့် ယွန်စန်းတို့ နှစ်ဦးသာ ဖြစ်တော့သည်။
ဤသူနှစ်ဦးအား နှိမ်နင်းနိုင်မှသာ အနောက် တာ့ခ် အင်ပါယာ၏ ဤပြည်တွင်းစစ်မှာ လုံးဝ အဆုံးသတ်သွားမည် ဖြစ်ပေသည်။
“လူတွေ လာကြစမ်း ငါ့ရဲ့ အမိန့်ကို ကြေညာလိုက်... ခါဂန်းက မဟာထန်ဆီ ခိုလှုံဖို့ အမိန့်ပေးလိုက်ပြီ”
“မာမူအာ၊ ဘူတုတီ၊ မင်းတို့က ခမည်းတော်နဲ့ စစ်သူကြီးချုပ် ဝူနိုရှီပိတို့ရဲ့ အမိန့်ပေးတံဆိပ်တွေကို ယူပြီး တောင်အောက်က စစ်ပွဲတွေကို သွားပြီး ငြိမ်သက်အောင် လုပ်ကြစမ်း”
“ခမည်းတော်၊ စစ်သူကြီး...ခဏ သည်းခံပေးကြပါဦး”
“ဒူဝူစီလီ... ယွီစန်းနဲ့ယိုကျိုး သံတမန်အဖွဲ့တွေကိုတော့ ခင်ဗျားပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ”
...
ဝမ်ချောင်လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဟူးဘားရှ်သည်လည်း လျင်မြန်စွာပင် အမိန့်များကို ဆက်တိုက် ထုတ်ပြန်လိုက်တော့သည်။
ထိုကဲ့သို့သော တည်ငြိမ်ပြီး ပြတ်သားလှသောအသံကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်ဝန်းထဲ၌ ကျေနပ်သော အရိပ်အယောင်များ လက်ခနဲ ပေါ်ထွက်သွား၏။
သူသည် စတုတ္ထမင်းသား ဟူးဘားရှ်အား ရွေးချယ်ခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါချေ။ လွန်ခဲ့သော တစ်နှစ်ကျော်က ပထမဆုံး တွေ့ဆုံခဲ့စဉ်နှင့် နှိုင်းယှဉ်လျှင်၊ ယခုအခါ ဟူးဘားရှ်မှာ သတ္တိရှိသလို အကြံအစည်လည်းရှိပြီး၊ တည်ငြိမ်ကာ အမြော်အမြင် ရှိလှသဖြင့် လူတစ်ကိုယ်လုံး အသွင်ပြောင်းလဲသွားသကဲ့သို့ပင် ရှိပေသည်။
ယခုအခါ သူ၏ ကိုယ်ပေါ်တွင် ဧရာမ အင်ပါယာတစ်ခု၏ အရှင်သခင် အရှိန်အဝါများ မသိမသာ ပေါ်ထွက်နေပြီ ဖြစ်ရာ၊ သူ၏အရည်အချင်းနှင့် ဒူဝူစီလီ၏ ဘေးမှ ကူညီမှုတို့ ရှိနေပါက တစ်အနောက် တာ့ခ် အင်ပါယာ လုံးကို ထိန်းချုပ်ရန် လုံလောက်လှပေသည်။
သေချာသည်မှာ ဝမ်ချောင်အနေဖြင့် ဟူးဘားရှ်မှာ အပြင်ပန်းတွင် နာခံပြပြီး ကွယ်ရာ၌ မရိုးမသား ပြုမူလာမည်ကိုလည်း စိုးရိမ်ခြင်း မရှိချေ။ အကယ်၍ ထိုသို့သာ လုပ်ဆောင်လာပါက သူသည် မိမိ၏ သေတွင်းကို မိမိ ပြန်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤအတွေးများမှာ ဦးနှောက်ထဲ၌ လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့ပြီးနောက် ဝမ်ချောင်သည် အရှိန်ကို မြှင့်တင်ကာ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားတော့သည်။
ဝမ်ချောင်ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ ဘာကြောင့်မှန်းမသိ အသစ်ပေါ်ထွက်လာသော ဤကောင်းကင်နတ်ဘုရား အဖွဲ့အစည်းမှ ကျွမ်းကျင်သူ နှစ်ဦးသည် သူ့အား အလွန်ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
သူတို့၏ စွမ်းအားမှာ... အလွန်ပင် ထူးခြားလှပေသည်။
“ကျီးစုတ်!”
ကောင်းကင်ယံ၌ ထိုက်စန်း၊ ယွန်စန်းတို့နှင့် မိစ္ဆာဧကရာဇ်၊ ဝူရှန်းရွာသူကြီးတို့ကြားမှ တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်လှပေသည်။
သူတို့နှစ်ဦးသည် မြေပြင်ပေါ်မှ တိုက်ပွဲကို အစောပိုင်းကတည်းက သတိပြုမိထားသလို၊ မြေအောက်မှနေ၍ ဟာလာဟင်းလင်း ပေါ်ထွက်လာသော ဝမ်ချောင်အားလည်း သတိပြုမိထားကြသည်။
သူတို့နှစ်ဦးသည် မိစ္ဆာဧကရာဇ်နှင့်ဝူရှန်းရွာသူကြီးတို့အား အမြန်ဆုံး သတ်ဖြတ်ပြီး အောက်ခြေမှ စစ်ပွဲကို ဝင်ရောက် စွက်ဖက်ရန် အကြိမ်ကြိမ် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အားလုံးမှာ ကျရှုံးခဲ့ရသည်။
ဤလူသားအဖိုးအို နှစ်ဦးမှာ သူတို့ ထင်ထားသည်ထက် များစွာပိုမိုကိုင်တွယ်ရ ခက်ခဲလှပေသည်။
ပို၍ဆိုးရွားသည်မှာ နောက်ဆုံးမှ ပေါ်ထွက်လာသော ထိုလူသားလူငယ်မှာလည်း သူတို့အား အလွန်အမင်း ထိတ်လန့်တုန်လှုပ်စေသော ခံစားချက်ကို ပေးစွမ်းနေခြင်းပင် ဖြစ်၏။
သူတို့နှစ်ဦး၏ စွမ်းအားဖြင့် ဝူရှန်းရွာသူကြီးနှင့်မိစ္ဆာဧကရာဇ်တို့ကို ရင်ဆိုင်ရန်မှာ မခက်ခဲလှသော်လည်း၊ ဤကဲ့သို့သော အဆင့်အတန်းရှိသည့် နောက်ထပ် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ထပ်မံပါဝင်လာခြင်းမှာမူ သူတို့၏ ခံနိုင်ရည်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
စစ်ပွဲ၏ အခြေအနေမှာ သူတို့အတွက် လျင်မြန်စွာ ဆိုးရွားလာတော့သည်။
“ဝမ်ချောင်... ငါတို့တွေ လက်တွဲပြီး သူတို့ကို အမြန်ဆုံး သတ်ပစ်ကြစို့”
ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေကြီးကြား၌ ခန့်ညားလှသော အသံကြီးတစ်ခု ဟိန်းထွက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် မိစ္ဆာဧကရာဇ်သည်လည်း လျင်မြန်စွာ အနားသို့ ရောက်ရှိလာသော ဝမ်ချောင်အား သတိပြုမိသွားကာ ဆိုလိုက်သည်။
“ဒီလူနှစ်ယောက်ရဲ့ ဂန်ချီထဲမှာ ရှေးဟောင်း သဘာဝစွမ်းအားတွေ ကိန်းအောင်းနေတယ်။ မင်းရဲ့ 'မဟာ ယင်ယန် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အတတ်'ကို သုံးပြီး သူတို့ကို စုပ်ယူလိုက်စမ်း၊ မင်းအတွက် အများကြီး အကူအညီ ဖြစ်မှာ သေချာတယ်”
“သဘာဝစွမ်းအား ဟုတ်လား”
ဝမ်ချောင်၏ အမူအရာမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ ဤကဲ့သို့သော စွမ်းအားအမျိုးအစားကို သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။
“ခွေးကောင်တွေ... ငါက မင်းတို့ကို မသတ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား!”
လေထဲတွင် ထိုက်စန်းသည် မိစ္ဆာဧကရာဇ်၏စကားကို ကြားလိုက်ရသည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ဝုန်း!”
အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ သူ၏ ကိုယ်တွင်းမှဂန်ချီများ ပေါက်ကွဲထွက်လာခဲ့ပြီး၊ သူ၏ အနောက်ရှိ ကြောက်မက်ဖွယ်ကောင်းလှသော ချောက်နက်ကြီးအတွင်းမှနေ၍ ပြိုင်ဘက်ကင်းလှသော အင်အားတစ်ခုမှာ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာကာ၊ ဟာလာဟင်းလင်းပြင်ထဲ၌ လိမ့်တက်လာသော အနက်ရောင် တိမ်တိုက်ကြီးများအဖြစ် ပြောင်းလဲသွားလျက်၊ စစ်မြင်းပေါင်း သောင်းနှင့်ချီ၍ တစ်ဟုန်ထိုး ပြေးလွှားနေသည့်အလား မိစ္ဆာဧကရာဇ်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။
“စွမ်းအားပေါင်းသောင်းခြောက်ထောင် တစ်စုတစ်စည်းတည်းဖြစ်ခြင်း”
မိစ္ဆာဧကရာဇ်၏ အနက်ရောင်ဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေ၏။ သူ၏ညာလက်မှ လက်ညှိုးနှင့် လက်ခလယ်ကို ထောင်မတ်လိုက်သည့်အခါ၊ ချက်ချင်းပင် လေထုမှာ ဟိန်းဟောက်သွားခဲ့ပြီး ပင်လယ်လှိုင်းတံပိုးများအလား ပြင်းထန်လှသော အဟုန်တို့မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သော ဧရာမ ဓားရှည်ကြီးများအဖြစ် ပြောင်းလဲသွားကာ၊ ထိုက်စန်း၏တိုက်ကွက်နှင့် ပြင်းထန်စွာ ထိခတ်သွားတော့သည်။
တူညီသော စွမ်းအားပေါင်းသောင်းခြောက်ထောင် တစ်စုတစ်စည်းတည်းဖြစ်ခြင်း နည်းစနစ် ဖြစ်သော်လည်း၊ ယခုအခါ မိစ္ဆာဧကရာဇ်၏လက်ထဲ၌ ဖော်ဆောင်လိုက်သည့်အခါတွင်မူ အချိန်နှင့်အာကာသကို ဆွဲဖြဲနိုင်စွမ်းရှိသော စွမ်းအားများ ပါဝင်နေသလို၊ မှောင်ရွှေရောင် ဓားအရှိန်အဝါများမှာလည်း မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်မည့်အလား ခံစားရပေသည်။
ဘုန်း ဘုန်း ဘုန်း
ပြင်းထန်လှသော အဟုန်တို့မှာ တစ်ခုနှင့်တစ်ခု အဆက်မပြတ် ထိခတ်မိနေကြပြီး၊ ထိုက်စန်း မည်မျှပင် ဒေါသထွက်နေပါစေဦး၊ နောက်ဆုံးတွင်မူ မိစ္ဆာဧကရာဇ်၏ တားဆီးမှုကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ချေ။
“သွားကြစို့”
မိစ္ဆာဧကရာဇ်အား အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း အနိုင်မရရှိသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ထိုက်စန်၏ အကြည့်များမှာ လှုပ်ခါသွားခဲ့ပြီး ရင်ထဲ၌ဆုတ်ခွာလိုသော စိတ်ဆန္ဒများ ပေါ်ထွက်လာတော့သည်။
သစ်ပင်ရှိနေသရွေ့ ထင်းအတွက် ပူစရာမလို မဟုတ်ပါလော။ ယခုအခါ တစ်ဖက်လူ၏ ထိပ်တန်း ကျွမ်းကျင်သူ အရေအတွက်မှာ မိမိတို့ထက် များစွာသာလွန်နေသလို၊ ရှာပိုလို ခါဂန်း မှာလည်း ကျင့်စဉ်များ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ၊ အနောက် တာ့ခ် ရှိ နိုင်ငံအသီးသီး၏ အရှိန်အဝါမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်၌ အရေးကြီးဆုံးမှာ အလျင်အမြန် ဆုတ်ခွာပြီး မိမိတို့၏ အင်အားကို ထိန်းသိမ်းရန်သာ ဖြစ်၏။ နောင်တစ်ချိန်ကျမှသာ အနောက် တာ့ခ် အင်ပါယာအား ပြန်လည် စည်းရုံးရန် နည်းလမ်းရှာရပေလိမ့်မည်။
“ဟွန်း… အခုမှ ထွက်ပြေးဖို့ စဉ်းစားတာလား... နောက်ကျသွားပြီ”
နားထဲသို့ အလွန်အမင်း အေးစိမ့်လှသော အသံတစ်ခု တိုးဝင်လာခဲ့၏။ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ထိုအခိုက်အတန့်၌ ဝမ်ချောင်သည် ရုတ်တရက် လက်တွေ့လုပ်ဆောင်လိုက်တော့သည်။
“မဟာ ဖျက်ဆီးခြင်း အတတ်”
ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက်၊ ပတ်ဝန်းကျင် မိုင်ပေါင်း ဆယ်ချီအတွင်းရှိ မြေကြီးမှာ တုန်ခါသွားခဲ့ရသည်။ ဧရာမ ဆန်မီတောင်ကြီး တစ်ခုလုံးပင် လှုပ်ရှားသွားခဲ့ရကာ၊ ပြိုင်ဘက်ကင်းလှသော မြေကမ္ဘာ၏ စွမ်းအားများမှာ မသိမသာသော စွမ်းအားတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး၊ မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်သော အရှိန်ဖြင့် ဝမ်ချောင်၏ကိုယ်တွင်းသို့ စီးဝင်သွားကာ၊ နောက်ဆုံးတွင်မူ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်မည့် ဧရာမတိုက်ကွက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအခိုက်အတန့်၌ ဟာလာဟင်းလင်းပြင်ကြီးပင် ကွဲအက်သွားသကဲ့သို့ ရှိပေရာ၊ ကြောက်မက်ဖွယ်ကောင်းလှသော စိမ်းနက်ရောင် အရှိန်အဝါများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလျက် အနောက်ဘက်မှနေ၍ ထိုက်စန်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။
ထိုအခိုက်အတန့်၌ တစ်ကမ္ဘာလုံးပင် အရောင်မှိန်သွားသကဲ့သို့ ရှိတော့၏။
“မကောင်းတော့ဘူး”
ထိုက်စန်း၏ရင်ထဲ၌ ထိတ်လန့်သွားခဲ့ရပြီး ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များကို ချက်ချင်း ခံစားလိုက်ရတော့သည်။
အကယ်၍ မျက်နှာချင်းဆိုင်၌ လူတစ်ဦးတည်းသာ ရှိနေမည်ဆိုပါက၊ မိစ္ဆာဧကရာဇ် ဖြစ်စေ၊ ဝမ်ချောင်ဖြစ်စေ သူသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။ သို့သော်လည်း သူတို့နှစ်ဦး လက်တွဲသွားသည့်အခါတွင်မူ အခြေအနေမှာ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ရှေးဦး မိုးကြိုးနတ်ဘုရား”
လျှပ်စစ်မီးပွင့်သည့်အလား မြန်ဆန်လှသော အရှိန်အတွင်း၌ ကောင်းကင်နှင့်မြေကြီးကို တုန်ဟိန်းစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ထိုက်စန်း၏ တစ်ကိုယ်လုံး၌ မိုးကြိုးအလင်းများ တစ်ဟုန်ထိုး ထွက်ပေါ်လာတော့သည်။ သဘာဝတရား၏ စွမ်းအားများ ကိန်းအောင်းနေကာ၊ အနုစိတ်နယ်ပယ်အဆင့် ဂန်ချီများထက်ပင် များစွာပိုမိုကြမ်းတမ်းလှသော အမှောင်စွမ်းအားများမှာ ထိုက်စန်း၏ကိုယ်ပေါ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ရာ ထိုစူးရှလှသော အလင်းတန်းများကြောင့် လူတိုင်းမှာ မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရ၏။
ဤမျှသာမကဘဲ ဤတိုက်ကွက်ကို ထိုက်စန်း ဖော်ဆောင်လိုက်သည့်အခါ၊ တိမ်တိုက်များ၏ နက်ရှိုင်းရာ နေရာမှနေ၍ မိုးကြိုးလျှပ်စီးများမှာ ဟိန်းဟောက်လာခဲ့ပြီး၊ ငွေရောင် လျှပ်စစ်နဂါးများမှာ အာကာသလွှာများကို ဖြတ်ကျော်လျက်၊ လွင့်မျောနေသော နှင်းမုန်တိုင်းများကို ဖောက်ထွက်ကာ ထိုက်စန်း၏ အနောက်ဘက်၌ ထွက်ပေါ်လာတော့သည်။
ထိုရှေးဦးစွမ်းအားများ၏ ကူညီမှုကြောင့် ထိုက်စန်း၏အင်အားမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး၊ သူ၏ မျက်ခုံးကြား၌ပင်လျှင် လျှို့ဝှက်ဆန်းကြယ်လှသော ရွှေရောင် သင်္ကေတတစ်ခု ပေါ်ထွက်လာတော့သည်။
ထိုရွှေရောင်သင်္ကေတမှာ အနည်းငယ် ဝေဝါးနေသေးသဖြင့် လုံးဝပြည့်စုံခြင်း မရှိသေးကြောင်း သိသာလှပေသည်။
“ဝုန်း”
ခဏတာမျှ အချိန်အတွင်းမှာပင် ထိုက်စန်း၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အမှောင်မိုးကြိုး အလင်းတန်းများမှာ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်တို့၏ တိုက်ကွက်များနှင့် ပြင်းထန်စွာ ထိခတ်သွားတော့သည်။ ထိုအခိုက်အတန့်၌ ကောင်းကင်ကြီးမှာ မှောင်မိုက်သွားခဲ့ပြီး၊ ဆန်မီတောင် ထိပ်၏ ကောင်းကင်ယံကြီးတစ်ခုလုံး ဆွဲဖြဲခြင်း ခံလိုက်ရသကဲ့သို့ ရှိပေရာ၊ သူတို့ သုံးဦးရှိရာ နေရာကို ဗဟိုပြုလျက် ရှုပ်ထွေးပြီး ကြမ်းတမ်းလှသောအဟုန်တို့မှာ အဆုံးမရှိဘဲ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားတော့သည်။
ကောင်းကင်ယံရှိ နှင်းပွင့်များပင်လျှင် ရပ်တန့်သွားသကဲ့သို့ ရှိပြီး၊ အရာအားလုံးမှာ တန့်သွားခဲ့ရ၏။
သို့သော်ငြားလည်း ထိုအရာမှာ ခဏတာမျှသာ ဖြစ်၏။ အသားထဲသို့ လက်နက်တစ်ခု စိုက်ဝင်သွားသံ ထွက်ပေါ်လာလေသည်။
လေထဲတွင် ထိုက်စန်း၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားခဲ့ပြီး၊ သူ၏မျက်လုံးများမှာ ပြင်းထန်စွာ ပြူးသွားခဲ့ရကာ၊ ထို့နောက်တွင်မူ သူသည် ဦးခေါင်းကို ဖြည်းညင်းစွာ ငုံ့ကြည့်လိုက်မိသည်။ သူ၏ရင်ဘတ်အတွင်း၌၊ မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည် မသိဘဲ ပြိုင်ဘက်ကင်းလှသော ရွှေရောင် လှံတိုတစ်ချောင်းမှာ သူ၏ ကျောဘက်မှနေ၍ ရင်ဘတ်အထိ ထိုးဖောက် ထွက်ပေါ်နေခြင်းပင် ဖြစ်၏။ နီရဲလှသော သွေးများမှာ လှံဖျားမှနေ၍ အဆက်မပြတ် စီးကျနေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
လှံဖျား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုက်စန်းသည်လည်း မိမိ၏ကိုယ်တွင်းမှ စွမ်းအားများမှာ ပေါက်ပြဲသွားသော ဘောလုံးတစ်ခုအလား တစ်ဟုန်ထိုး ယိုစီးသွားကြောင်း ခံစားလိုက်ရပြီး၊ တစ်ကိုယ်လုံးမှာလည်း လျင်မြန်စွာ အားနည်းသွားတော့သည်။
“ဒါက... ထိုက်ချန်ရဲ့ လက်နက်ပဲ……”
ရင်ဘတ်မှ ထိုးထွက်နေသော ထို ရွှေရောင် လှံတိုကို ကြည့်ရင်း ထိုက်စန်း၏ မျက်နှာမှာ ဖြူလျော့သွားခဲ့ရပြီး၊ လုံးဝမယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေပေသည်။
ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း အတွင်း၌ 'ထိုက်' မျိုးဆက် ကျွမ်းကျင်သူတိုင်းမှာ သာမန်လူများ မဟုတ်ကြချေ။ အထူးသဖြင့် ထိုက်ချန်၏ ရွှေရောင် လှံတိုမှာ ဂန်ချီများကို ဖျက်ဆီးနိုင်သော ပြိုင်ဘက်ကင်း အစွမ်းရှိသဖြင့်၊ သူတို့ ကောင်းကင်ကြမ္မာ နတ်ဘုရားသုံးပါး ပင်လျှင် ခုခံနိုင်စွမ်း မရှိပါချေ။
ထိုက်ချန်၏ ထိုနတ်လက်နက်ကြီးမှာ ဝမ်ချောင်၏ လက်ထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိသလို၊ တစ်ဖက်လူမှာလည်း ရွှေရောင်လှံတို၏ ထိုဂန်ချီဖျက်ဆီးခြင်း အစွမ်းကို အောင်မြင်စွာ လှုံ့ဆော်နိုင်လိမ့်မည်ဟုလည်း သူ မထင်ထားခဲ့မိချေ။
“မဖြစ်ဘူး”
ထိုအချိန်မှာပင် အလွန်အမင်း နာကျင်ကြေကွဲဖွယ် အော်ဟစ်သံတစ်ခု မလှမ်းမကမ်းမှ ထွက်ပေါ်လာခဲ့၏။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ယွန်စန်းသည် မျက်လုံးများ ပြင်းထန်စွာ ပြူးသွားခဲ့ရပြီး တစ်ကိုယ်လုံး အသက်ရှူပင် ရပ်တန့်လုမတတ် ဖြစ်သွားခဲ့ရသည်။
ထိုက်စန်းမှာ မသေသေးသော်လည်း သေလူနှင့် မခြားတော့ချေ။
ယွန်စန်း လုံးဝမထင်မှတ်ထားခဲ့သည်မှာ ထိုက်စန်း၏စွမ်းအားဖြင့်ပင် ဝမ်ချောင်၏တိုက်ကွက် တစ်ကွက်တည်းကိုပင် မခံနိုင်ဘဲ ရှိနေခြင်းပင် ဖြစ်၏။
အရာအားလုံးမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် သူ တားဆီးရန်ပင် အချိန်မရလိုက်ပါချေ။
နောက်တစ်ခဏ၌ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ယွန်စန်းသည် ကိုယ်ကို လှုပ်ခါလျက် ဝူရှန်းရွာသူကြီးအား စွန့်ပစ်လိုက်ပြီး အနောက်သို့ လုံးဝလှည့်မကြည့်ဘဲ အဝေးသို့ တစ်ဟုန်ထိုး ထွက်ပြေးတော့သည်။
သို့သော်လည်း ယွန်စန်း၏တုံ့ပြန်မှုမှာ မြန်ဆန်လှသော်လည်း၊ ဝူရှန်းရွာသူကြီး၏ တုံ့ပြန်မှုမှာမူ ပို၍ပင် မြန်ဆန်လှပေသည်။
ထိုအခိုက်အတန့်၌ ဝူရှန်းရွာသူကြီး၏ မျက်ဝန်းထဲ၌ အလင်းရောင် တစ်ချက်လက်သွားခဲ့ပြီး၊ သူ၏လက်ထဲရှိ အဖြူရောင် တောင်ဝှေးကို ချက်ချင်းပင် ပစ်ပေါက်လိုက်လေသည်။ ကျယ်လောင်လှသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာပြီးနောက်၊ ထိုအဖြူရောင် သစ်ကိုင်းတောင်ဝှေးမှာ လေထဲသို့ ပျံတက်သွားခဲ့ပြီး နဂါးဖြူကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလျက်၊ လျှပ်စီးတန်းတစ်ခုအလား ယွန်စန်း၏ အနောက်သို့ လိုက်လံ ဖမ်းဆီးတော့သည်။
“အာ!”
ကျယ်လောင်စွာ အော်ဟစ်လိုက်သံနှင့်အတူ မိမိ၏အနောက်မှ အန္တရာယ်ကို ခံစားလိုက်ရသဖြင့် ယွန်စန်းမှာ မတတ်သာဘဲ အနောက်သို့ လှည့်ကာ တစ်ချက် ပြန်လည် တိုက်ခိုက်လိုက်ရပြီး၊ ဝူရှန်းရွာသူကြီး၏တိုက်ကွက်ကို ခုခံလိုက်ရတော့သည်။
သို့သော်လည်း ထိုကဲ့သို့သော ခေတ္တမျှ နှောင့်နှေးသွားခြင်းကပင် ယွန်စန်း၏ကံကြမ္မာကို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေတော့သည်။
“သတ်စမ်း”
ဝမ်ချောင်၏အကြည့်များမှာ အေးစိမ့်သွားခဲ့ပြီး လက်တစ်ဖက်ဖြင့် ထိုက်စန်းကို ဖမ်းချုပ်ထားလျက်၊ မိုးကြိုးလျှပ်စီးတစ်ခုအလား ယွန်စန်း ရှိရာသို့ ချက်ချင်း လိုက်လံ ဖမ်းဆီးတော့သည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာဧကရာဇ်သည်လည်း နောက်မှနေ၍ တစ်ဟုန်ထိုး လိုက်ပါလာခဲ့၏။
ထိပ်တန်း ကျွမ်းကျင်သူများ၏ တိုက်ပွဲတွင် စက္ကန့်ပိုင်းမျှပင် အရေးကြီးလှပေသည် မဟုတ်ပါလော။
ယွန်စန်းအနေဖြင့် ခဏတာမျှသာ တန့်သွားခဲ့သည်ဟု ထင်ရသော်လည်း၊ ထိုအရာမှာ ဝမ်ချောင်တို့အတွက်မူ လုံလောက်သည်ထက်ပင် ပိုနေပြီ ဖြစ်၏။
ဝမ်ချောင်၊ မိစ္ဆာဧကရာဇ်နှင့် ဝူရှန်းရွာသူကြီးတို့ သုံးဦး၏ စွမ်းအားရှေ့မှောက်၌မူ၊ ထိုက်ရှီကဲ့သို့သော အဆင့်အတန်းရှိသည့် ကျွမ်းကျင်သူမှလွဲ၍ မည်သူမျှ တားဆီးနိုင်စွမ်း မရှိပါချေ။
အားးးးးးး
ခဏတာမျှ အချိန်အတွင်းမှာပင် ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့ပြီး တိုက်ပွဲမှာလည်း လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့လေတော့သည်။
******