အခန်း ၂၁၄၂
Vol. 133 Ch. 2142
အခန်း (၂၁၄၂) ထိတ်လန့်တုန်လှုပ်သွားသော နန်ရီစုန့်ထျန်း
“ဟူး”
အတန်ကြာပြီးနောက် ကောင်းကင်ယံထက်၌ ဝမ်ချောင်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ရာ သူ၏တစ်ကိုယ်လုံးရှိ အရိုးများမှာ တချွတ်ချွတ် မြည်ဟည်းသွားတော့သည်။
ယွန်စန်း၏ စွမ်းအားများမှာ သူ၏ကိုယ်တွင်းသို့ စီးဝင်လာသည်နှင့်အမျှ၊ ဝမ်ချောင်၏ ခွန်အားမှာလည်း ဒီရေတက်သည့်အလား တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြန်သည်။
ဤမျှသာမကဘဲ ဝမ်ချောင်၏စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ တွန့်လိမ်သွားခဲ့ပြီး၊ သူ၏ပတ်ပတ်လည်၌ လေဟာနယ် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာကာ ဂန်ချီများဖြင့် ဖွဲ့စည်းထားသော ဥက္ကာခဲများမှာလည်း သူ၏ ဘေးနား၌ လွင့်မျောနေတော့သည်။
အမှောင် ကြယ်တာရာ…
ယွန်စန်း၏ စွမ်းအားအားလုံးကို စုပ်ယူလိုက်ပြီးနောက်၊ ဝမ်ချောင်သည် ယွန်စန်း၏ ကိုယ်တွင်းရှိ အမှောင် ကြယ်တာရာစွမ်းဆောင်ရည်ကိုပါ ရရှိသွားခဲ့ခြင်းပင် ဖြစ်၏။
အသစ်စက်စက်ဖြစ်သလို ရှေးကျလှသော၊ အနုစိတ်နယ်ပယ် အဆင့်စွမ်းအားများနှင့် လုံးဝ ကွဲပြားခြားနားလှသည့် ထိုစွမ်းအားကြီးများမှာ သူ၏ကိုယ်တွင်း၌ ပြင်းထန်စွာ စီးဆင်းနေသည်။ ဝမ်ချောင်သည် ဦးခေါင်းကို မော့ကြည့်လိုက်၏။ ကောင်းကင်ယံ၌ နှင်းမုန်တိုင်းများမှာ ပြင်းထန်စွာ တိုက်ခတ်နေပြီး တိမ်တိုက်များကလည်း အုပ်မိုးနေပါသော်လည်း၊ ဝမ်ချောင်ကမူ အာကာသလွှာများ၏ နက်ရှိုင်းရာ နေရာရှိ သာမန်မျက်စိဖြင့် မမြင်နိုင်သော ထိုဥက္ကာခဲကြီးများကို ခံစားမိနေပေသည်။
သူတို့ကြား၌ အလွန်ထူးဆန်းလှသော ဆက်နွှယ်မှုတစ်ခု ရှိနေသည့်အလား၊ ဝမ်ချောင်သည် ထိုအဆုံးမရှိသော ဟာလာဟင်းလင်းပြင်ထဲမှနေ၍ စွမ်းအားများကို ဆွဲထုတ်ကာ မိမိကိုယ်ကို ပိုမို သန်မာလာအောင် ပြုလုပ်နိုင်စွမ်း ရှိပေသည်။
ဤသည်မှာ စကြဝဠာ စွမ်းအင်၏ အခြားသော ပုံစံတစ်ခုပင် ဖြစ်တော့သည်။
“ဒီတစ်ခေါက် အနောက် တာ့ခ် ခရီးစဉ်ကတော့ တကယ်ကို အလာကျိုးနပ်တာပဲ”
ဝမ်ချောင်သည် သူ၏ ရင်ထဲ၌ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။
သူသည် လက်ဝါးကို တစ်ချက်လှည့်လိုက်ရာ၊ သူ၏လက်ထဲတွင် အဖမ်းခံထားရသော ယွန်စန်း၏ လည်ပင်းမှာ အဝတ်စုတ်အိတ်တစ်ခုအလား လွယ်လင့်တကူပင် ကျိုးသွားခဲ့ပြီး၊ ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျရောက်သွားကာ နှင်းမှုန်များ လွင့်စင်သွားတော့သည်။
ဝမ်ချောင်က အကြည့်ကို ပြောင်းလိုက်ပြီး ဆရာဖြစ်သူ၏ လက်ထဲ၌ အဖမ်းခံထားရဆဲ ဖြစ်သော ထိုက်စန်းဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ဝမ်ချောင်မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး။ နတ်ဘုရားတွေကို ဆန့်ကျင်တဲ့ လူသားဆိုတာ ဘယ်တော့မှ အဆုံးသတ် မကောင်းခဲ့ဘူး!”
ထိုက်စန်း၏ မျက်နှာပေါ်တွင် နာကျည်းမှုများ ပြည့်နှက်နေပြီး မျက်နှာချင်းဆိုင်မှ ဝမ်ချောင်အား စိုက်ကြည့်ရင်း ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
“ထိုက်ရှီ အရှင်ကလည်း မင်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး”
“ဘာလဲ၊ သူ မသေသေးဘူးလား?”
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်က ဆန့်ကျင်ဘက်အနေဖြင့် ရယ်မောလိုက်ပြီး
“ကြည့်ရတာ ပြီးခဲ့တဲ့ တစ်ခေါက်က ငါ့ရဲ့ လက်ချက်က မပြင်းသေးလို့ သူ ထွက်ပြေးသွားနိုင်တာပဲ။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ သူ ဒီလောက် ကံကောင်းမှာ မဟုတ်တော့ဘူး!”
“မင်း သိပ်ပြီး မောက်မာမနေနဲ့။ ထိုက်ရှီ အရှင်က ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပြီးပြီ၊ ပြီးတော့ 'ထျန်း' ကလည်း ရတနာတွေ ချီးမြှင့်ပေးထားသေးတယ်။ သူက အရင်ထက်တောင် ပိုပြီး သန်မာလာလိမ့်မယ်။ မင်းမှာတော့ အရင်လို 'ရှောင်ကျိုကျိုး အစီအရင်'ရဲ့ ကာကွယ်မှု ရှိတော့မှာ မဟုတ်ဘူး!”
ထိုက်စန်း က ဦးခေါင်းကို မော့လျက် ရက်စက်လှသော အမူအရာဖြင့် ဆိုလိုက်သည်။
အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်မည်ဆိုပါက၊ ဝမ်ချောင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးသွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။
“ဪ…”
ဝမ်ချောင်၏ မျက်မှောင်များမှာ အနည်းငယ် မြင့်တက်သွားခဲ့ရ၏။ ဤအရာမှာ တကယ်ပင် မထင်မှတ်ထားသော ရလဒ်တစ်ခု ဖြစ်ပေသည်။
မြို့တော်မှ တိုက်ပွဲတွင် ထိုက်ရှီ၏ကိုယ်ထည်မှာ သူ၏လက်ဝါးချက်ဖြင့် အစိပ်စိပ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ပြီး၊ ဝိညာဉ်တစ်ခုတည်းသာလျှင် ထိတ်လန့်တုန်လှုပ်လျက် ထွက်ပြေးသွားခဲ့သည်ကို သူ အသေအချာ မှတ်မိနေပေသည်။
သို့သော်လည်း ထိုက်စန်း၏စကားအရဆိုလျှင်၊ သူသည် ပြန်လည် နာလန်ထရုံတင်မကဘဲ ခန္ဓာကိုယ်သစ်တစ်ခုကိုပါ ရရှိထားခဲ့ပြီ ဖြစ်သည်။
အနက်ရောင်ဝတ် အဖွဲ့အစည်းမှာ ခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးနိုင်သည့် နတ်စွမ်းအားမျိုး တကယ်ပင် ပိုင်ဆိုင်ထားသည်ပေါ့။
ဤကဲ့သို့သော စွမ်းဆောင်ရည်မှာ တကယ်ကို တုန်လှုပ်စရာ ကောင်းလှသဖြင့် ဝမ်ချောင်ပင်လျှင် ရင်ထဲ၌ တစ်ချက် လန့်သွားခဲ့ရပြီး စိုးရိမ်စိတ်များ ပိုမိုတိုးပွားလာခဲ့သည်။
သို့သော်လည်း ဝမ်ချောင်သည် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
“စိတ်ချပါ၊ ဒီတစ်ခါတော့ ငါ သူ့ကို အခွင့်အရေး ထပ်မပေးတော့ဘူး။ ထိုက်ရှီဟာ လုံးဝ ပျက်သုဉ်းသွားရလိမ့်မယ်”
ဝမ်ချောင်သည် ဤစကားကို ပြောဆိုပြီးနောက် အေးစိမ့်စွာ ပြုံးလိုက်ကာ စကားအများကြီး ဆက်မပြောတော့ဘဲ၊ လက်ဝါးဖြင့် ထိုက်စန်း၏ ဦးခေါင်းကို တိုက်ရိုက်ပင် ဖမ်းဆုပ်လိုက်လေတော့သည်။
ဝုန်း!
မဟာ ယင်ယန် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အတတ်ကို လှုံ့ဆော်လိုက်သည့်အခါ၊ ထိုက်စန်း၏ ကိုယ်တွင်းရှိ သဘာဝနတ်စွမ်းအားများ ကိန်းအောင်းနေသော ဂန်ချီများမှာ မြစ်ရေအလား တစ်ဟုန်ထိုးဖြင့် ဝမ်ချောင်၏ ကိုယ်တွင်းသို့ စီးဝင်လာပြီး သူ၏ကျင့်စဉ်များကို တိုးမြင့်ပေးနေတော့သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားလိုက်ရာ ပြိုင်ဘက်ကင်းလှသော စိတ်ဝိညာဉ် စွမ်းအားများမှာ သူ၏ ကိုယ်တွင်းမှ ထွက်လာခဲ့ပြီး၊ ရေလှိုင်းများအလား ထိုက်စန်း၏ ဦးနှောက်အတွင်းသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။
ထိုက်စန်းက မည်မျှပင် ပြောဆိုပါစေဦး၊ နောက်ဆုံးတွင် သူ ကိုယ်တိုင် စိတ်ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြု၍ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ သတင်းအချက်အလက်များကို ရယူခြင်းလောက် မသေချာနိုင်ပါချေ။
ထိုက်စန်း ကဲ့သို့သော အဆင့်အတန်းရှိသည့် ကျွမ်းကျင်သူမှာ သတင်းအချက်အလက် အမြောက်အမြားကို သိရှိထားနိုင်ပြီ ဖြစ်သော်လည်း၊ လက်ရှိ ဝမ်ချောင်အသိချင်ဆုံး အရာမှာ တစ်ခုတည်းသာ ရှိပေသည်။
ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ အဓိကနေရာကြီးမှာ တကယ်တော့ ဘယ်နေရာမှာ ရှိနေသလဲ ဆိုသည်ပင် ဖြစ်၏။
ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားများမှာ ပြဒါးများအလား ထိုက်စန်း၏ သိစိတ်ပင်လယ်အတွင်းသို့ တိုးဝင်သွားသည့်အခါ၊ ဝီ ဟူသော အသံနှင့်အတူ ရွှေရောင်အလင်းများ ဝင်းလက်သွားခဲ့ပြီး၊ ဝမ်ချောင်သည် သံမဏိသဖွယ် မာကျောလှသော ကြီးမားလှသည့် အချုပ်အနှောင်တစ်ခုကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
အခြားသော အနက်ရောင်ဝတ် လူများကဲ့သို့ပင် ထိုက်စန်း၏ ဦးနှောက်အချက်အချာ နေရာ၌လည်း စိတ်ဝိညာဉ် အတားအဆီးတစ်ခု ရှိနေပေသည်။ သို့သော် သာမန်အနက်ရောင်ဝတ် လူများနှင့် မတူညီသည်မှာ၊ ဤကောင်းကင်ကြမ္မာ နတ်ဘုရားသုံးပါး၏ ဦးနှောက်အတွင်းရှိ အတားအဆီးမှာ ပြင်ပလူများ ဝင်ရောက်ခြင်းကို တားဆီးရန်အတွက်သာ ဖြစ်ပုံရပြီး၊ သူတို့ကိုယ်တိုင် အခြေစိုက်စခန်းသို့ ဝင်ထွက်သွားလာခြင်းကိုမူ အနှောင့်အယှက် မဖြစ်စေပါချေ။
“မင်း အချည်းနှီး အိပ်မက် မက်မနေပါနဲ့။ အဓိကနေရာရဲ့ လျှို့ဝှက်ချက်ကို မင်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး။ အဲဒီနေရာကနေ ထွက်လာတဲ့ သူတိုင်းရဲ့ ဦးနှောက်ထဲမှာ ထျန်း ကိုယ်တိုင် ချမှတ်ထားတဲ့ အစီအရင် အတားအဆီးတွေ အလိုအလျောက် ပေါ်လာတာပဲ။ ဒါကို ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး။ မင်းက ဘယ်လောက်ပဲ သန်မာနေပါစေဦး၊ နောက်ဆုံးတော့ ပုရွက်ဆိတ်လို သာမန် လူသားတစ်ယောက်ပါပဲ”
“သာမန်လူသားဟာ စစ်မှန်တဲ့ နတ်ဘုရားတွေကို ဘယ်တော့မှ ဆန့်ကျင်လို့ မရဘူး!”
ထိုအချိန်မှာပင် ကျယ်လောင်လှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုက်စန်း၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သွေးများမှာလည်း အဆက်မပြတ် စီးကျနေပေသည်။ သူ၏ ကိုယ်တွင်းရှိ ကျင့်စဉ်များမှာလည်း အဆက်မပြတ် ယိုစီးနေပြီး တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာလည်း တဖြည်းဖြည်း အားနည်းလာနေကာ၊ များမကြာမီမှာပင် ယွန်စန်းကဲ့သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သော်လည်း၊ ထိုက်စန်းမှာမူ ထိုအရာများကို အနည်းငယ်မျှ ဂရုစိုက်ပုံ မရချေ။
သူသည် ရူးသွပ်နေသည့်အလား ဝမ်ချောင်အား သရော်လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေပြီး၊ သေလူတစ်ယောက်ကို ကြည့်နေသည့်နှယ် ရှိပေသည်။
မိုက်မဲလှတဲ့ သာမန်လူသား…
အရင်က ယွန်စန်းကို ကိုင်တွယ်စဉ်ကတည်းက ဝမ်ချောင်သည် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ အမြင့်ဆုံး လျှို့ဝှက်ချက်များကို လိုချင်နေကြောင်း သူ ရိပ်မိခဲ့သည်။ သို့သော်လည်း ၎င်းမှာ အချည်းနှီး အိပ်မက်တစ်ခုသာ ဖြစ်၏။ နှစ်ပေါင်း သောင်းနှင့်ချီ၍၊ သို့မဟုတ်ပါက မရေမတွက်နိုင်သော ကမ္ဘာ့ခေတ် အဆက်ဆက် တည်ရှိခဲ့သော အဖွဲ့အစည်းကြီးတစ်ခုမှာ ဤကဲ့သို့သော ဟာကွက်မျိုးကို မည်သို့လျှင် ချန်ထားပါမည်နည်း။
လူသားများမှာ မည်မျှပင် သန်မာပါစေဦး၊ နောက်ဆုံးတွင်မူ အလွန်ပင် သေးငယ်လှပေသည်။
“ဟုတ်လား”
ဝမ်ချောင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အေးစိမ့်စွာ ပြုံးလိုက်ပြီး ဒေါသလည်း မထွက်ပါချေ။
“အိပ်မက်ဆိုးသားရဲ... မင်းကိုပဲ အားကိုးရတော့မယ်။ ဆရာ၊ ရွာသူကြီး... ကျွန်တော့်ကို ကူညီပေးကြပါဦး”
ဝမ်ချောင်၏ အသံနှင့်အတူ၊ ဝမ်ချောင်ထက်ပင် များစွာ ပိုမို အစွမ်းထက်လှသော စိတ်ဝိညာဉ် စွမ်းအားကြီးတစ်ခုမှာ ဝမ်ချောင်၏ ရင်ခွင်ထဲမှနေ၍ ဟာလာဟင်းလင်းပြင်ကို ဖောက်ထွက်လာတော့သည်။ တစ်ချိန်တည်းမှာပင် ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ်တို့သည်လည်း ဝမ်ချောင်၏ ဘေးနား၌ ပေါ်ထွက်လာပြီး၊ နှစ်ဦးသားက ဝမ်ချောင်၏ ကိုယ်ပေါ်သို့ လက်ဝါးများ တင်လိုက်ကြတော့သည်။
ဝုန်း….
နောက်တစ်ခဏ၌ လူသုံးဦးနှင့် သတ္တဝါတစ်ကောင်၏ စွမ်းအားများ ပေါင်းစပ်သွားခဲ့ပြီးနောက်၊ ထိုက်စန်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကြား၌၊ ပြိုင်ဘက်ကင်း စိတ်ဝိညာဉ် စွမ်းအားကြီးတစ်ခုမှာ ထိုက်စန်း၏ဦးနှောက်အတွင်းသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ထိုက်စန်း၏ ဦးနှောက်အတွင်းရှိ သံမဏိသဖွယ် မာကျောလှသော ထိုရွှေရောင်အချုပ်အနှောင်ကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
ထိုအဓိကအတားအဆီးမှာ ပြင်ပအင်အား၏ ကျူးကျော်မှုကို ခံရပြီး အကန့်အသတ်တစ်ခုသို့ ရောက်ရှိသွားပါက လုံးဝပေါက်ကွဲသွားမည် ဖြစ်သော်လည်း၊ ယခုတစ်ကြိမ်မှာမူ ထူးခြားနေပေသည်။ ရွှေရောင် အချုပ်အနှောင်ကြီး ပေါက်ကွဲသွားသည့် အခိုက်အတန့်၌ ဝမ်ချောင်သည် ယခင် ယွန်စန်းဆီတွင် မြင်တွေ့ခဲ့ရခြင်း မရှိသော ရွှေရောင် အစအနလေးများကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။
ထိုအရာများမှာ ထိုက်စန်း၏ စိတ်ဝိညာဉ်အတွင်း ပိတ်ဆို့ခံထားရသော အရေးကြီးလှသည့် မှတ်ဉာဏ် အစအနများပင် ဖြစ်ပေသည်။
“အကယ်၍ အနောက် တာ့ခ်ကသာ ပြန်လည် ခုခံမယ်ဆိုရင်၊ ရှာပိုလိုကို သတ်ပစ်လိုက်။ သုတ်သင်ရှင်းလင်းရေး အစီအစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ရမယ်!”
“အာရပ်ဘက်ကိုတော့ ဖူလင်လူမျိုးတွေက ကူညီပြီး ထိန်းချုပ်ပေးလိမ့်မယ်!”
“အများဆုံး နောက်ထပ် ၁၀ ရက်အတွင်းမှာပဲ တရားဝင် စတင် လှုပ်ရှားပြီး မဟာထန်ကို ဖျက်ဆီးပစ်ရမယ်!”
“ရွဲလော့ဟယ် စစ်သည် သုံးသောင်းရဲ့ ကူညီမှုနဲ့ဆိုရင်၊ အန်ယာလုရှန်းအနေနဲ့ အောင်မြင်ဖို့ နီးစပ်နေပြီ”
“အရာရာတိုင်းကို ဖျက်ဆီးပစ်ရမယ်။ အကယ်၍ ဒါကမှ မအောင်မြင်ဘူးဆိုရင်တော့ 'ကောင်းကင်စစ်သည်တော်' တွေကို စေလွှတ်ရတော့မယ်”
...
ဟာလာဟင်းလင်း ဖြစ်နေသော အပြာရောင် အာကာသလွှာ တစ်ခုအတွင်း၌၊ မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုသူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ မုန်တိုင်းတစ်ခုအလား ပြင်းထန်လှပေရာ၊ ထိုသူ၏မျက်နှာကို တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း ဝမ်ချောင်သည် သူ၏ အသံကို ချက်ချင်းပင် မှတ်မိလိုက်သည်။
ထိုက်ရှီ။
သူ တကယ်ကို မသေသေးဘူးပဲ။
ထို့ပြင် သူသည် ခန္ဓာကိုယ်သစ်တစ်ခုကိုပါ အမှန်တကယ် လဲလှယ်ထားခဲ့ပြီး ကြည့်ရသည်မှာ ယခင်ကထက် များစွာပိုမိုအစွမ်းထက်နေပုံ ရပေသည်။
ရွှေရောင် အစအနလေးများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်သည် အခြားသော အစအနလေးများကို ထပ်မံဖမ်းဆုပ်နိုင်လိုက်ပြန်သဖြင့်၊ ပြတ်တောက်နေသော သတင်းအချက်အလက် မြောက်မြားစွာမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်းသို့ ပေါ်ထွက်လာတော့သည်။
ဝမ်ချောင်သည် ဟာလာဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသော ဧရာမတောင်တန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသလို၊ နောက်တစ်ခဏ၌မူ ဖြူဖွေးလှသော ဧရာမသားရဲကြီးများမှာ ဦးခေါင်းကို မော့လျက် ဟိန်းဟောက်နေသည်ကိုလည်း မြင်တွေ့လိုက်ရပြန်သည်။
အရာရာတိုင်းမှာ လျင်မြန်စွာ ရောက်ရှိလာသလို၊ လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားကြတော့သည်။
အတန်ကြာပြီးနောက်တွင်မူ ဝမ်ချောင်သည် နောက်ဆုံး၌ မျက်လုံးများကို ဖွင့်လိုက်တော့သည်။
“ဘယ်လိုလဲ”
ဆရာဖြစ်သူ မိစ္ဆာဧကရာဇ်၏အသံမှာ နားထဲသို့ တိုးဝင်လာခဲ့၏။
“ရှာမတွေ့သေးဘူး၊ ဒါပေမဲ့ သဲလွန်စအချို့တော့ ရလိုက်ပြီ”
ဝမ်ချောင်က ဆိုရင်း လက်ဝါးကို တစ်ချက် လှုပ်ရှားလိုက်ရာ ထိုက်စန်း၏လည်ပင်းမှာ ကျိုးသွားခဲ့ပြီး သူ၏အလောင်းကိုလည်း လေထဲမှနေ၍ အောက်သို့ ပစ်ချလိုက်တော့သည်။
ဝမ်ချောင်၏ ကိုယ်တွင်းရှိ ဒန်ထျန်မှာ လှုပ်ရှားသွားခဲ့ပြီး တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာလည်း ရူးသွပ်မတတ် တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။
သူ၏ ကိုယ်အပြင်ဘက်၌မူ ဟာလာဟင်းလင်းပြင်မှာ တွန့်လိမ်သွားခဲ့ပြီး၊ ထိုနည်းတူစွာပင် အမှောင် ချောက်နက်ကြီး၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာတော့သည်။
ထိုက်စန်း၏ တစ်သက်တာကျင့်စဉ်များကို ဝမ်ချောင်မှ လုံးဝသိမ်းပိုက်လိုက်ပြီ ဖြစ်သော်လည်း၊ သူ၏ ကိယ်တွင်းရှိ သဘာဝစွမ်းအားများကို လုံးဝခြေဖျက်ပြီး အသုံးချနိုင်ရန်အတွက်မူ အချိန်အနည်းငယ် လိုအပ်ဦးမည်သာ ဖြစ်သည်။
“နောက်ထပ်... နောက်တစ်ဆင့် လှုပ်ရှားမှုတွေကို စတင်ရတော့မယ်”
ဝမ်ချောင်က တည်ငြိမ်စွာ ဆိုလိုက်ရင်း ဦးခေါင်းကို မော့ကြည့်လိုက်ရာ၊ ထိုအခိုက်အတန့်၌ သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်စရာကောင်းလှသော အေးစိမ့်သည့် အလင်းရောင်များ လက်ခနဲ ဖြတ်ပြေးသွားတော့သည်။
ဟူး!
အေးစိမ့်လှသော လေပြင်းများမှာ တစ်ဝူးဝူး တိုက်ခတ်နေ၏။ အနောက် တာ့ခ် အင်ပါယာနှင့် အနီးကပ်ဆုံးသော နေရာ၌၊ စစ်မြင်းများမှာ အဆုံးမရှိဘဲ ယွီစန်း ကုန်းမြင့်၏ မြောက်ဘက်ခြမ်းမှနေ၍ အနောက် တာ့ခ်ဘက်သို့ လှမ်းကြည့်နေကြသည်။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိ စစ်သည်အင်အားများ၏ ရှေ့ဆုံး၌၊ ခံ့ညားထည်ဝါလှသော စစ်သူကြီးတစ်ဦးမှာ ကိုယ်လုံးထွားကျိုင်းလှပြီး၊ သူ၏တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာ မီးတောက်များ လောင်ကျွမ်းနေသည့်အလား ပြင်းထန်လှပေရာ၊ ယွီစန်းတစ်ခုလုံးတွင် ဤကဲ့သို့သော သွေးသားအရှိန်အဝါ ပြင်းထန်သူမှာ နန်ရီစုန့်ထျန်း တစ်ဦးတည်းသာ ရှိပေသည်။
“သတင်း မရသေးဘူးလား”
နန်ရီစုန့်ထျန်းသည် မြင့်မားလှသော ယွီစန်းစစ်မြင်းပေါ်၌ ထိုင်နေရင်း ရုတ်တရက် မေးမြန်းလိုက်၏။
သူ၏ အနောက်တွင် ယွီစန်း၏ အတော်ဆုံးဖြစ်သော ထိပ်တန်း သံချပ်ကာမြင်းတပ် သုံးသောင်းကျော် ရှိနေပြီး၊ သူတို့ တစ်ဦးချင်းစီတိုင်းမှာ ကျင့်စဉ်အဆင့် မြင့်မားကြသူများ ဖြစ်ကြသဖြင့်၊ ဤကဲ့သို့သော အေးစိမ့်လှသော ရာသီဥတုအောက်၌ ထိခိုက်မှုမှာ မရှိသလောက်ပင် ဖြစ်သည်။
ဤယွီစန်းသံချပ်ကာမြင်းတပ်များမှာ နန်ရီစုန့်ထျန်းမှ ယွီစန်းတစ်ခုလုံးမှ အသေအချာ ရွေးချယ်ထားခြင်း ဖြစ်သည်။ သူ၏ မူလအစီအစဉ်အရဆိုလျှင်၊ သံတမန်အဖွဲ့ဘက်မှ အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူသည် သူ၏ အနောက်ရှိ သံချပ်ကာမြင်းတပ် သုံးသောင်းကျော်ကို ဦးဆောင်ကာ မြောက်ဘက်သို့ အမြန်ဆုံး ချီတက်ပြီး၊ အနောက် တာ့ခ် ပထမမင်းသား အီဖီဒီယွန်းနှင့်ပူးပေါင်းကာ ပုန်ကန်မှုကို တစ်ပြိုင်နက်တည်း နှိမ်နင်းပြီးလျှင်၊ အနောက် တာ့ခ်၏ အခြေအနေကို အမြစ်ပြတ် သတ်မှတ်ပေးကာ အနောက် တာ့ခ်အား နိုင်ငံအသီးသီးဘက်သို့ လုံးဝပါဝင်လာစေရန်ပင် ဖြစ်၏။
အကယ်၍ သံတမန်အဖွဲ့ဘက်မှ အချက်မပြသေးဘဲနှင့်၊ ယွီစန်းသံချပ်ကာမြင်းတပ် သုံးသောင်းမှာ ပစ်မှတ်ကြီးလွန်းသဖြင့် အနောက် တာ့ခ် မြက်ခင်းပြင်အတွင်းသို့ အဆင်အခြင်မဲ့ ဝင်ရောက်သွားပါက ပြဿနာကြီးများ ဖြစ်ပေါ်လာနိုင်ပေသည်။
ရှာပိုလို ခါဂန်းမှာလည်း လွယ်လင့်တကူ ရန်စ၍ရသော ပုဂ္ဂိုလ် မဟုတ်ပါချေ။
“အစီရင်ခံပါတယ် သခင် မြောက်ဘက်ကနေ ဘာသတင်းမှ မရသေးပါဘူး”
ဘေးနားရှိ သတင်းပို့စစ်သည်က ဆိုလိုက်သည်။
“သံတမန်အဖွဲ့ဘက်က သတင်း မပို့တာ ဘယ်လောက် ကြာပြီလဲ”
နန်ရီစုန့်ထျန်းက မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။
“အကျိုးအကြောင်းအရဆိုရင် အောင်မြင်တာပဲဖြစ်ဖြစ်၊ ရှုံးနိမ့်တာပဲဖြစ်ဖြစ်၊ လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက သတင်းရောက်လာသင့်တာပါ”
သတင်းပို့စစ်သည်က ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။
နန်ရီစုန့်ထျန်းက စကားမဆိုတော့ဘဲ မျက်မှောင်ကိုသာ ပိုမို၍ ကြုတ်လိုက်မိတော့သည်။ ဘာကြောင့်မှန်းမသိ သူ၏ရင်ထဲ၌ အလွန်အမင်း မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့၏။
ဖလက် ဖလက်…
ထိုအချိန်မှာပင် အတောင်ပံ ခတ်သံတစ်ခု နားထဲသို့ တိုးဝင်လာခဲ့သဖြင့် နန်ရီစုန့်ထျန်း၏ ရင်ထဲ၌ တစ်ချက် တုန်ခါသွားခဲ့ပြီး မော့ကြည့်လိုက်ရာ၊ သိမ်းငှက်တစ်ကောင်မှာ မြားတစ်စင်းအလား အဆုံးမရှိသော နှင်းမုန်တိုင်းများကို ဖြတ်ကျော်လျက် သူရှိရာဆီသို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။
နန်ရီစုန့်ထျန်းသည် သိမ်းငှက်ကို ဖမ်းယူလိုက်ကာ စာလိပ်ကို အမြန် ဖြုတ်ဖတ်လိုက်ရာ၊ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် သူ၏မျက်နှာမှာ ချက်ချင်းပင် ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သူက ဘာလို့ အဲဒီမှာ ရှိနေရတာလဲ”
နန်ရီစုန့်ထျန်း တစ်ကိုယ်လုံးမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား မှင်တက်သွားခဲ့ရပြီး မျက်နှာမှာ ဖြူလျော့လျက်၊ စာလိပ်ကို ကိုင်ထားသော သူ၏လက်ဝါးများပင်လျှင် တုန်ခါနေတော့သည်။
ထိုပုဂ္ဂိုလ်၏လှုပ်ရှားမှုမှာ တကယ်ကို ရုတ်တရက် ဆန်လွန်းလှသလို၊ တကယ်လည်း တုန်လှုပ်စရာ ကောင်းလှပေသည်။
“သွားကြစို့! သွားကြစို့! သွားကြစို့”
“လူတိုင်း အခုချက်ချင်း ဆုတ်ခွာကြစမ်း၊ တစ်စက္ကန့်လေးတောင် မနေနဲ့!”
နန်ရီစုန့်ထျန်းသည် ဤစကားကို ပြောဆိုပြီးနောက် ဇက်ကြိုးကို ပြင်းထန်စွာ ဆွဲလိုက်ကာ၊ အနောက်သို့ လုံးဝလှည့်မကြည့်တော့ဘဲ ယွီစန်းကုန်းမြင့်၏ အတွင်းပိုင်းဆီသို့ တစ်ဟုန်ထိုး မြင်းနှင် ထွက်ပြေးသွားလေတော့သည်။
******