← Chapters

အခန်း ၂၁၄၃

Vol. 133 Ch. 2143

အခန်း ၂၁၄၃

Vol. 133 Ch. 2143

အခန်း (၂၁၄၃) သိရှိမှု နောက်ကျခြင်း

“သခင်”

“စစ်သူကြီး”

မူလက သေသပ်စွာ စီတန်းထားသော ယွီစန်းသံချပ်ကာမြင်းတပ် အစီအစဉ်မှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး ဘာများဖြစ်သွားသလဲဆိုသည်ကို မည်သူမျှ မသိနိုင်ကြချေ။ စစ်သူကြီးချုပ် နန်ရီစုန့်ထျန်း၏ တည်ငြိမ်လေးနက်မှုမှာ ယွီစန်းအင်ပါယာ တစ်ခုလုံး သိထားကြသော်လည်း၊ ယခုကဲ့သို့ စာတစ်စောင်တည်းဖြင့် သူ့အား ထိတ်လန့်သွားအောင် လုပ်နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြပေ။

“အခုချက်ချင်း သွားကြစို့”

သို့သော်လည်း အဝေးဆီမှ လူတိုင်း၏မေးခွန်းများကို ပြန်လည်တုံ့ပြန်လိုက်သည်မှာ နန်ရီစုန့်ထျန်း၏ ကောင်းကင်တုန်ဟိန်းမတတ် အော်ဟစ်သံကြီးသာ ဖြစ်၏။ ဝမ်ချောင်သည် အနောက် တာ့ခ်သို့ ရုတ်တရက် ရောက်ရှိလာကာ အခြေအနေ အားလုံးကို ထိန်းချုပ်လိုက်ရုံသာမက ဘက်ပေါင်းစုံကိုပါ နှိမ်နင်းလိုက်သည်မှာ နန်ရီစုန့်ထျန်း လုံးဝမတွေးမိခဲ့သော ကိစ္စပင် ဖြစ်သည်။ ပို၍ဆိုးရွားသည်မှာ ဝမ်ချောင်သာ ထိုနေရာ၌ ရှိနေပါက သူနှင့် ယွီစန်းကြား အကွာအဝေးမှာလည်း အလွန် နီးကပ်နေပြီ ဖြစ်ခြင်းပင်။

ယွီစန်းအင်ပါယာ တစ်ခုလုံးတွင် နန်ရီစုန့်ထျန်းထက် ဝမ်ချောင်၏ အကျင့်စရိုက်ကို ပိုသိသူ မရှိချေ။ ဤလူသားသည် တစ်လောကလုံးကို တုန်လှုပ်စေသည့် သတ်ဖြတ်ခြင်း နတ်ဘုရား ဖြစ်နေခဲ့ပြီဖြစ်ရာ ယွီစန်းအပေါ် သူ လက်ဦးမှု ယူလာမည်လားဆိုသည်မှာ ပြောရန် ခက်ခဲလှ၏။ သူ၏အနောက်တွင် ယွီစန်းသံချပ်ကာမြင်းတပ် သောင်းနှင့်ချီ ရှိနေပါစေဦး၊ နန်ရီစုန့်ထျန်းအနေဖြင့် ဤစစ်နတ်ဘုရား၏ လက်ထဲမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ရန်အတွက် လုံးဝ အာမခံချက် မရှိပါချေ။

ကျယ်လောင်သော မြည်သံများနှင့်အတူ နောက်တစ်ခဏ၌ နန်ရီစုန့်ထျန်း၏ ဦးဆောင်မှုအောက်တွင် သောင်းနှင့်ချီသော ယွီစန်းသံချပ်ကာမြင်းတပ်များမှာ အစီအစဉ်မကျဘဲ အဝေးဆီသို့ ဖရိုဖရဲ ဆုတ်ခွာသွားကြတော့သည်။ ၎င်းမှာ တကယ်ပင် မတိုက်ရသေးဘဲ ရှုံးနိမ့်သွားခြင်း ဖြစ်တော့၏။ သို့သော် နန်ရီစုန့်ထျန်း ပျောက်ကွယ်သွားပြီး များမကြာမီမှာပင် မြင်းခွာသံများ ထွက်ပေါ်လာခဲ့ပြီးနောက်၊ နန်ရီစုန့်ထျန်း မူလက ရပ်နေခဲ့သော နေရာသို့ ပုံရိပ်အချို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

“တုံ့ပြန်မှုကတော့ တကယ်ကို မြန်သားပဲ”

စွန်ကျီမင်သည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးပြီးနောက် ရုတ်တရက် မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။

“မြေပြင်ပေါ်က ခြေရာတွေကို ကြည့်ရတာ ခုနလေးတင်မှ ဆုတ်သွားတာပဲ ဖြစ်ရမယ်။ ခြေရာတွေ ဒီလောက် ရှုပ်ထွေးနေတာ ကြည့်ရင်တော့ လေးသံကြားရုံနဲ့ လန့်နေတဲ့ ငှက်တွေလို ဖြစ်နေမှာပဲ”

“ဒီနန်ရီစုန့်ထျန်းက တုံ့ပြန်မှု မြန်တယ်လို့ ပြောရမှာပဲ။ အခု ကုန်းမြေတစ်ခုလုံးမှာ အရှင့်ကို မကြောက်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ။ နန်ရီစုန့်ထျန်းအနေနဲ့ တွေဝေမနေဘဲ ချက်ချင်း ဝေးဝေးကို ပြေးနိုင်တာကတော့ အနည်းဆုံး သူဟာ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ဦး ဖြစ်နေသေးတယ်ဆိုတာကို သက်သေပြနေတာပဲ”

ဘေးနားမှ ခပ်ဖွဖွ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ချန်ပုရန်သည်လည်း မြင်းပေါ်မှ ဆင်းလိုက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးမှ ပြန်လည် မတ်တပ်ရပ်လိုက်သည်။ သာမန်စစ်သည်ငယ်တစ်ဦးက လောကတစ်ခွင် ကျော်ကြားလှသော စစ်သူကြီးချုပ် တစ်ဦးအား ပြောင်လှောင်ဝံ့ခြင်းမှာ ယခင်ကဆိုလျှင် မဖြစ်နိုင်သော ကိစ္စပင်။ သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ၊ သူတို့နောက်တွင် ရှိနေသူမှာ တစ်လောကလုံး ကျော်ကြားလှသည့် စစ်နတ်ဘုရား ဖြစ်နေခြင်းကြောင့်ပင် ဖြစ်၏။

“ဒါပေမဲ့ သူ အကဲခတ်မြန်လို့ပေါ့၊ မဟုတ်ရင် ဒီနေ့ ယွီစန်းကုန်းမြင့်ပေါ်မှာ အလောင်းပေါင်း သောင်းနဲ့ချီပြီး ထပ်တိုးသွားမှာ သေချာတယ်” ချန်ပုရန်က အေးအေးဆေးဆေးပင် ဆိုလိုက်လေသည်။

ကပ်ဘေးကာလတွင် ပြင်းထန်သော နည်းလမ်းများကို သုံးရသည် မဟုတ်ပါလော။ သူနှင့် စွန်ကျီမင်တို့မှာ ကြိုတင်၍ လာရောက်စုံစမ်းခြင်းသာ ဖြစ်သော်လည်း၊ အကယ်၍ နန်ရီစုန့်ထျန်း မဆုတ်ခွာခဲ့ပါက နောက်ထပ် သူတို့ကို ကြိုဆိုနေမည်မှာ တကယ့် စစ်ပွဲကြီးတစ်ခုပင် ဖြစ်တော့မည်။ မဟာထန်နှင့် ယိုကျိုးတို့၏ စစ်ပွဲမှာ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ရာ၊ ယွီစန်းကပါ မရိုးမသား ပြုမူလာပါက ဝမ်ချောင်ဘက်မှလည်း ဤမျှလောက်ကို ငဲ့ညှာနေတော့မည် မဟုတ်ချေ။

“သွားကြစို့”

တစ်ခွန်းတည်းသော စကားနှင့်အတူ ချန်ပုရန်သည် မြင်းပေါ်သို့ လျင်မြန်စွာ တက်လိုက်ပြီးနောက် စွန်ကျီမင်တို့နှင့်အတူ ယွီစန်းကုန်းမြင့် တစ်ပြင်လုံးမှ လှည့်ထွက်ခွာသွားကြတော့သည်။

တစ်ချိန်တည်းမှာပင် အလွန်ဝေးကွာလှသော အရှေ့မြောက်ဘက်ရှိ ယိုကျိုး၌ ဖြစ်၏။

ကောင်းကင်ယံမှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုပါက ဧရာမ သားရဲကြီးတစ်ကောင် ဝပ်နေသည့်နှယ် ခန့်ညားထည်ဝါလှသော အန်းတုန်း၏ ပတ်ဝန်းကျင်၌ မြို့ရိုးတစ်ပတ် ထပ်မံတိုးပွားလာသည်ကို မြင်တွေ့ရပေမည်။ သေသေချာချာ ကြည့်ရှုလိုက်ပါက ထိုမြို့ရိုးမှာ အသစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိသာလှပေသည်။ ကျန်းရှို့ကွေး၏ ခေတ်ကာလတွင် အန်းတုန်း ပတ်ပတ်လည်၌ ကာကွယ်ရေး မြို့ရိုးဟူသည် မရှိခဲ့ချေ။ ယိုကျိုးတပ်များ အားလုံးမှာ တိုက်စစ်ကိုသာ အဓိကထားသည့် မဟာဗျူဟာကို ကျင့်သုံးခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း အန်းယာလုရှန်းမှာမူ ထိုသို့ မဟုတ်ပါချေ။ တောင်ဘက်ရှိ ထိုသံမဏိခံတပ်ကြီးက သူ့အား အလွန်အမင်း ဖိအားပေးနေခဲ့ပြီ ဖြစ်သည်။

“ဝမ်ချောင်... မင်း အရမ်း ပျော်မနေပါနဲ့ဦး။ ငါ အနောက် တာ့ခ်ကို ကိုင်တွယ်ပြီးတာနဲ့၊ ငါတို့ အသေအလဲ တိုက်ရမယ့် အချိန် ရောက်လာတော့မှာပဲ”

အန်းယာလုရှန်းသည် တောင်ဘက်ရှိ ချန်းကျိုးအရပ်ကို လှမ်းကြည့်ရင်း၊ ဝေးကွာလှသော အနောက် တာ့ခ် အင်ပါယာ တစ်ခုလုံး၌ ဖြစ်ပျက်နေမည့် ကိစ္စများကို စဉ်းစားကာ သူ၏ရင်ထဲ၌ ကြီးမားလှသော ရည်မှန်းချက်များ တစ်ကျော့ပြန် ပေါ်ထွက်လာတော့သည်။ အရာအားလုံးက အသင့်ဖြစ်နေပြီဖြစ်သော်လည်း အရေးကြီးဆုံးအချက်တစ်ခုသာ လိုတော့ခြင်း ဖြစ်၏။ လက်ရှိ သူ ရရှိထားသော သတင်းများအရ၊ ရှာပိုလို ခါဂန်းသည် ဆုံးဖြတ်ချက် ချရန် နှေးကွေးနေသော်လည်း၊ လက်တွေ့၌မူ ဆုံးဖြတ်ချက် မချခြင်းမှာပင် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေခြင်းကို ဖော်ပြနေပေသည်။

ဝမ်ချောင်၏ ထိုစဉ်က "ဆန်မီတောင်မှာ အမဲလိုက်ကြစို့" ဟူသော စာမှာ လောကတစ်ခွင် ကျော်ကြားလှရာ၊ နိုင်ငံအသီးသီးတွင် မသိသူ မရှိသလောက်ပင် ဖြစ်၏။ ရှာပိုလို ခါဂန်း၏ မောက်မာမှုအရ ဤကဲ့သို့သော အရှက်ခွဲမှုကို မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။ အန်းယာလုရှန်းအတွက်မူ သူလုပ်ဆောင်ရန် လိုသည်မှာ မီးလောင်ရာ လေပင့်ပေးရုံမျှသာ ဖြစ်ပြီး၊ ရှာပိုလို ခါဂန်းအား သူ၏ ရင်ထဲ၌ ရှိပြီးသား ဖြစ်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန် ကူညီပေးရုံသာ ဖြစ်ပေသည်။

“အီဖီဒီယွန်း... ငါ မင်းကို အစွမ်းကုန် ကူညီပေးခဲ့ပြီးပြီ၊ အခုတော့ မင်းရဲ့အစီအစဉ်တွေအပေါ်မှာပဲ မူတည်တော့တယ်”

အန်းယာလုရှန်းက မျက်လုံးများကို အနည်းငယ် ကျုံ့လျက် သူ၏ ရင်ထဲ၌ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ ရှာပိုလို ခါဂန်းပင်လျှင် သိရှိလိမ့်မည် မဟုတ်သည်မှာ၊ သူနှင့် အီဖီဒီယွန်းတို့ကြား၌ တိတ်တဆိတ် ရင်းနှီးသော ဆက်သွယ်မှုများ ရှိနေခဲ့ခြင်းပင် ဖြစ်၏။ သေသေချာချာ ပြန်လည် ဆန်းစစ်ကြည့်မည်ဆိုပါက သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ နိုင်ငံပေါင်းစုံ စားပွဲကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး၊ မြို့တော်မှ ပြန်လာပြီးနောက်ပိုင်းတွင်လည်း သူတို့နှစ်ဦးမှာ တိတ်တဆိတ် မဟာမိတ်ဖွဲ့ရန် သဘောတူညီချက်များ ရရှိထားခဲ့ကြပြီး ဖြစ်သည်။

အီဖီဒီယွန်းဘက်မှလည်း များမကြာမီကပင် သူ၏အစီအစဉ် အားလုံးကို အသေးစိတ် ဖွင့်ဟခဲ့ဖူးသည်။ မည်သည့် အမှားအယွင်းမျှ မရှိပါက ရှာမူလယ်၏ လုပ်ကြံမှု သတင်း ထွက်ပေါ်လာသည်နှင့် ရှာပိုလို ခါဂန်းအနေဖြင့် ဟူးဘားရှ်အား အပြစ်မပေးချင်ပါစေဦး၊ အခြေအနေများကြောင့် မလွဲမသွေ အပြစ်ပေးရတော့မည်သာ ဖြစ်၏။

“ကောင်းရှန်း... ဘာမှ ထပ်မတွေ့သေးဘူးလား?”

နှင်းမှုန်များ တဖွဲဖွဲ ကျဆင်းနေစဉ် အန်းယာလုရှန်းက အနောက်သို့ လှည့်မကြည့်ဘဲ ရုတ်တရက် မေးမြန်းလိုက်သည်။ အနောက် တာ့ခ်မှ ယိုကျိုးအထိမှာ ခရီးလမ်း အလွန် ဝေးကွာလှသဖြင့် အမြန်ဆုံးသော သိမ်းငှက်ပင်လျှင် ရက်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။ သို့သော်လည်း ကောင်းကင်လျှို့ဝှက်ချက် နည်းစနစ်ကမူ ထိုကဲ့သို့သော အကန့်အသတ်မျိုး မရှိချေ။ ကောင်းရှန်းကဲ့သို့ အစွမ်းထက်လှသော အကြံပေးနှင့် ကောင်းကင်လျှို့ဝှက်ချက် ပညာရှင်တစ်ဦးကို ပိုင်ဆိုင်ထားခြင်းကြောင့်၊ အနောက် တာ့ခ်၌ မည်သည့် အပြောင်းအလဲမျိုးမဆို ဖြစ်ပေါ်လာပါက ကောင်းရှန်းက ချက်ချင်း သိရှိနိုင်စွမ်း ရှိပေသည်။

လက်တွေ့၌မူ ထိုက်စန်းနှင့် ယွန်စန်းတို့ မထွက်ခွာမီကတည်းက၊ ကောင်းရှန်းသည် အနောက် တာ့ခ်၏ ကောင်းကင်ယံ အပြောင်းအလဲများကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။ မဟာထန်၏ ပတ်ဝန်းကျင်ရှိ နိုင်ငံများသည် ဘုရင့်တရားကို အလေးမထားကြသဖြင့် ဘုရင့်အရှိန်အဝါမှာ အားနည်းသော်လည်း၊ ကောင်းကင်ယံ အပြောင်းအလဲများမှာမူ အရာခပ်သိမ်းကို လွှမ်းခြုံထားပေရာ၊ အနောက် တာ့ခ်ကဲ့သို့သော နိုင်ငံကြီးတစ်နိုင်ငံမှာလည်း အပါအဝင် ဖြစ်ပေသည်။ အနည်းငယ်မျှ အာရုံစိုက်လိုက်သည်နှင့် လေ့လာနိုင်သော်လည်း၊ လုပ်ဆောင်ချက် အနည်းငယ်တော့ လိုအပ်ပေသည်။

“ကောင်းကင်ယံက အနည်းငယ် ဝေဝါးနေတယ်၊ နှောင့်ယှက်မှုတွေကလည်း အတော်လေး ပြင်းထန်နေတာကြောင့် အစစ်အမှန် အခြေအနေကိုတော့ ခဏလောက်အထိ ထုတ်ဖော်လို့ မရသေးဘူး!”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အနောက်ဘက်ဆီမှ ကောင်းရှန်း၏အသံ ထွက်ပေါ်လာလေသည်။ သူသည် ပညာတတ်ဝတ်စုံပေါ်တွင် ထူထဲလှသော မြေခွေးသားမွှေးဝတ်ရုံကို ဆင်မြန်းထားကာ မြို့ရိုးပေါ်၌ တင်ပလ္လင်ခွေထိုင်လျက် လက်ချောင်းများကို အဆက်မပြတ် လှုပ်ရှားနေ၏။ လွန်ခဲ့သော နာရီဝက်ခန့်ကတည်းက သူသည် အဆက်မပြတ် တွက်ချက်နေခဲ့ခြင်းပင် ဖြစ်သည်။

“မဟာထန်ဘက်က ကောင်းကင်ယံ အပြောင်းအလဲ အဖွဲ့တွေက အဲဒီလောက်တောင် သန်မာတာလား?”

အန်းယာလုရှန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ရင်ထဲ၌ လေးလံသွားခဲ့ပြီး မျက်မှောင်ကိုလည်း အနည်းငယ် ကြုတ်လိုက်မိသည်။ မဟာထန်ဘက်တွင် လီဟန်မှာ ငယ်ရွယ်ပါသော်လည်း၊ ယခု ကြည့်ရသည်မှာ သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာလှသလို ရန်စရန် လွယ်ကူသူလည်း မဟုတ်ပါချေ။ နိုင်ငံပေါင်းစုံ စားပွဲ၌ နဂါးအရှိန်အဝါ ခိုးယူခံရသည့် ဖြစ်ရပ် ဖြစ်ပွားပြီးနောက်၊ လီဟန်သည် တစ်လောကလုံးရှိ ထိပ်တန်းပညာရှင်များကို စုစည်းကာ ကောင်းကင်ယံ အပြောင်းအလဲ အဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ အချို့သော အချိန်များတွင် ကောင်းကင်လျှို့ဝှက်ချက်များကို နှောင့်ယှက်ကာ ယိုကျိုး၏ လှုပ်ရှားမှုအခုကို တားဆီးရန် ကြိုးစားခဲ့ခြင်းပင် ဖြစ်၏။ ဤအချက် တစ်ခုတည်းကပင် အန်းယာလုရှန်းအား သူ့အပေါ် အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်သွားစေတော့သည်။

“အလယ်ပိုင်းဒေသက ဧကရာဇ်အရှိန်အဝါတွေရဲ့ အချက်အချာ နေရာဖြစ်တာကြောင့်၊ အဲဒီမှာ ကျင့်စဉ်တွေ ဖော်ဆောင်တဲ့ ပညာရှင်တွေအတွက် အောင်မြင်မှုက ပိုပြီး လွယ်ကူတာပေါ့။ ဒါပေမဲ့ လူသားတွေရဲ့ ခွန်အားဟာ ကောင်းကင်ယံ အပြောင်းအလဲတွေနဲ့ နှိုင်းယှဉ်ရင် နောက်ဆုံးတော့ အရမ်းပဲ သေးငယ်လွန်းလှပါတယ်။ သေးငယ်တဲ့ အပြောင်းအလဲတွေကိုတော့ သူတို့တွေ ဖုံးကွယ်ပြီး နှောင့်ယှက်နိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီဆိုရင်တော့၊ အဲဒါဟာ တောင်ပြိုသလိုမျိုးပဲ ဖြစ်နေမှာမို့ ဘယ်သူကမှ ဖုံးကွယ်ထားလို့ ဒါမှမဟုတ် တားဆီးထားလို့ ရမှာ မဟုတ်တော့ပါဘူး”

ကောင်းရှန်းသည် မြေပြင်ပေါ်၌ ထိုင်နေရင်း တည်ငြိမ်စွာ ဆိုလိုက်လေသည်။ မဟာထန်မှာ ဧကရာဇ်တပ်မတော်ဟု အမည်နာမ ရှိသည့်အတိုင်း၊ ဝမ်ချောင်ရှိနေသည်ကို ထည့်တွက်မည်ဆိုပါက လှုပ်ရှားမှုများ ရှိနေခြင်းမှာ သဘာဝပင် ဖြစ်၏။ ဘာလှုပ်ရှားမှုမှ မရှိခြင်းကသာ ထူးဆန်းနေပေလိမ့်မည်။

“ဒါ့အပြင် သခင် စိတ်ပူမနေပါနဲ့။ လွန်ခဲ့တဲ့ အချိန်တွေက ကြည့်ရင် အနောက် တာ့ခ်ရဲ့ ဘုရင့်အရှိန်အဝါတွေက နိုင်ငံအသီးသီးနဲ့ ပေါင်းစည်းဖို့ မသိမသာ ရှိနေတာမို့၊ ရှာပိုလို ခါဂန်းက ကြိုတင် ဆုံးဖြတ်ချက် ချထားပြီးသားဆိုတာ သေချာပါတယ်။ ကျွန်တော်တို့က လေပင့်ပေးရုံပဲ လုပ်လိုက်ရတာပါ။ ထိုက်စန်းနဲ့ ယွန်စန်းတို့ရဲ့ အကူအညီလည်း ပါတာကြောင့်၊ အနောက် တာ့ခ် အင်ပါယာ အနေနဲ့ နောက်ဆုံးမှာ မဟာမိတ်တပ်ဖွဲ့ထဲ ပါလာဖို့ဆိုတာ ဘာအမှားအယွင်းမှ ရှိမှာ မဟုတ်ပါဘူး။”

အန်းယာလုရှန်းသည် ထိုစကားကို ကြားရသည့်အခါ ခေါင်းညိတ်လိုက်ပြီး သူ၏မျက်ဝန်းထဲမှ အလင်းရောင်များမှာလည်း ပို၍စူးရှလာတော့သည်။ ကောင်းရှန်းမှာ ကောင်းကင်လျှို့ဝှက်ချက် နည်းစနစ်များတွင် ကျွမ်းကျင်သူ ဖြစ်ရာ၊ သူကပင် ပြဿနာ မရှိနိုင်ဟု ဆိုပါက ဤကဲ့သို့သော ကိစ္စတွင် မည်သည့် အမှားအယွင်းမျှ ရှိမည် မဟုတ်တော့ချေ။

“ချွေချန်းယုံ၊ ထျန်းချန်ကျန်း... မင်းတို့ နှစ်ယောက်ကရော ဘယ်လို ပြင်ဆင်ထားသလဲ?” အန်းယာလုရှန်းက ရုတ်တရက် မေးမြန်းလိုက်၏။

“အရှင်သခင်ကို လျှောက်တင်ပါတယ်၊ စစ်သည်သစ် အားလုံးကို လေ့ကျင့်ပေးပြီးပါပြီ။ လက်နက်နဲ့ စစ်အသုံးအဆောင်တွေလည်း အကုန်လုံး အဆင်သင့် ဖြစ်နေတာမို့ အချိန်မရွေး တိုက်ပွဲဝင်နိုင်ပါတယ်!”

“နိုင်ငံအသီးသီးနဲ့လည်း ဆွေးနွေးမှုတွေ ပြီးဆုံးခဲ့သလို မဟာမိတ်ဖွဲ့တဲ့ ပုံစံကိုလည်း သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။ အရှေ့ တာ့ခ်၊ ဂိုဂူလျော အင်ပါယာ၊ ရှီ နဲ့ ခီတန် အားလုံးကလည်း မဟာထန်ကို ကျူးကျော်တိုက်ခိုက်တဲ့ အခါမှာ အရှင်သခင်ကိုပဲ ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး ကျွန်တော်တို့ စစ်တပ်ရဲ့ အမိန့်ကိုပဲ နာခံမယ်လို့ သဘောတူထားကြပါတယ်!”

“ဒါ့အပြင် အရင်က ဆွေးနွေးထားတဲ့အတိုင်း စစ်ဆင်ရေး လမ်းကြောင်း အားလုံးကိုလည်း အသေအချာ စီစဉ်ထားပြီးပါပြီ!”

ချွေချန်းယုံနှင့် ထျန်းချန်ကျန်းတို့မှာ ဘယ်ညာမှ ကိုယ်ကိုကိုင်းလျက် တစ်ပြိုင်နက်တည်း လျှောက်တင်လိုက်ကြသည်။

“ကောင်းပြီ!”

ထိုစကားကို ကြားလိုက်ရသည့်အခါ အန်းယာလုရှန်း၏ ရင်ထဲ၌ မောက်မာလှသော စိတ်ဆန္ဒများ တစ်ဟုန်ထိုး ပေါ်ထွက်လာတော့သည်။

“အနောက် တာ့ခ်ဘက်က သတင်းရတာနဲ့ တစ်ပြိုင်နက် ငါတို့ စစ်တပ်ကြီး ချီတက်ပြီး မဟာထန်ကို အမြစ်ပြတ် ချေမှုန်းပစ်မယ်!”

အန်းယာလုရှန်းသည် တောင်ဘက်ရှိ သံမဏိခံတပ် အရပ်ဆီသို့ လှမ်းကြည့်ရင်း သူ၏ ရင်ထဲ၌ နောက်ဆုံး စကားတစ်ခွန်းကို ထပ်မံ ဖြည့်စွက်လိုက်မိသည်။

“…… ပြီးတော့ အဲဒီကောင်ကိုပါ အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် သတ်ပစ်မယ်”

“အရေးကြီး သတင်း လာပါပြီ!”

လျှပ်စစ်မီးပွင့်သည့်အလား မြန်ဆန်လှသော အရှိန်အတွင်း၌၊ အန်းတုန်း၏အနောက်ဘက်ခြမ်းမှ မြင်းခွာသံများ အလွန် အရေးတကြီး ထွက်ပေါ်လာခဲ့သည်။ မြင်းပေါ်မှ စစ်သည်မှာ ထိတ်လန့်နေသော မျက်နှာထားဖြင့် စာတစ်စောင်ကို ကိုင်မြှောက်ထားလျက်၊ နှင်းမှုန်များကြားမှ အန်းတုန်းဆီသို့ တစ်ဟုန်ထိုး မြင်းနှင်လာတော့သည်။ ရုတ်တရက် ပေါ်ထွက်လာသော ဤလှုပ်ရှားမှုမှာ မြို့ရိုးပေါ်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။ အန်းယာလုရှန်း၊ ချွေချန်းယုံနှင့် ထျန်းချန်ကျန်းတို့ အပါအဝင် လူတိုင်း၏ အကြည့်များမှာ ထိုသတင်းပို့ စစ်သည်ဆီသို့ ရောက်ရှိသွားတော့သည်။

“ချွေချန်းယုံ... သွားကြည့်စမ်း၊ ဘာကိစ္စလဲ။ ဒီလောက်အဖြစ် ပျာယာခတ်နေရတာ၊ စည်းကမ်းမရှိလိုက်တာ” အန်းယာလုရှန်းက အေးစိမ့်စွာ ဟိန်းဟောက်လိုက်၏။

အန်းယာလုရှန်းမှာ ယခုအခါ စစ်တပ်ကို စည်းကမ်းစနစ်တကျ ရှိစေရန် ပိုမိုအလေးထားလာခဲ့ပြီ ဖြစ်သည်။ တစ်ယိုကျိုးလုံး၌ စစ်သည်ပေါင်း ခြောက်သိန်းကျော် စုစည်းထားသလို၊ နိုင်ငံအသီးသီးမှ စစ်သည်များနှင့်ပါ ပေါင်းလိုက်မည်ဆိုပါက စုစုပေါင်း သန်းနှင့်ချီသော စစ်တပ်ကြီး ဖြစ်လာတော့မည် မဟုတ်ပါလော။ စည်းကမ်းမရှိပါက မည်သည့်အရာမျှ မအောင်မြင်နိုင်ဟု သူ ယူဆထားခြင်း ဖြစ်၏။

“မကောင်းတော့ဘူး”

သို့သော် အန်းယာလုရှန်း၏ စကားပင် မဆုံးသေးမီမှာပင်၊ အနောက်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ မြေပြင်ပေါ်၌ ထိုင်နေသော ကောင်းရှန်း၏ ကိုယ်ထည်မှာ တစ်ချက် တုန်ခါသွားခဲ့ပြီး၊ မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ၏ မျက်နှာမှာ လျင်မြန်စွာပင် ဖြူလျော့သွားတော့သည်။

“အနောက် တာ့ခ်မှာ အပြောင်းအလဲတွေ ဖြစ်သွားပြီ၊ ခါဂန်းက တခြားသူ ဖြစ်သွားခဲ့ပြီ။ အဲဒါ အီဖီဒီယွန်း မဟုတ်ဘဲ ဟူးဘားရှ် ဖြစ်နေတယ်!”

“အနောက် တာ့ခ် အင်ပါယာ တစ်ခုလုံး မဟာထန်ဘက်ကို လုံးဝ ပါသွားပြီ”

“ဘာ”

ကောင်းရှန်း၏ စကားအနည်းငယ်မှာ ရှေ့မှ လူများ၏ နားထဲသို့ ရောက်သွားသည့်အခါ မိုးကြိုးပစ်ချလိုက်သည့်အလား တုန်လှုပ်သွားကြရပြီး၊ ချွေချန်းယုံနှင့် ထျန်းချန်ကျန်းတို့ အပါအဝင် စစ်သူကြီးများ အားလုံးမှာ မျက်နှာများ ပျက်ယွင်းသွားကြလျက် တစ်စုံတစ်ရာမျှ ပြန်လည် မပြောနိုင်လောက်အောင် ဖြစ်သွားကြတော့သည်။

“ဟူးဘားရှ် နန်းတက်တယ် ဟုတ်လား?”

“အနောက် တာ့ခ်က မဟာထန်ဘက် ပါသွားတယ် ဟုတ်လား?”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!”

ထိုက်စန်းနှင့် ယွန်စန်းဟူသော ထိပ်တန်း ကျွမ်းကျင်သူ နှစ်ဦး လက်တွဲထားသလို၊ အတွင်းလူအဖြစ် အီဖီဒီယွန်းလည်း ရှိနေခဲ့သည် မဟုတ်ပါလော။ ရှာပိုလို ခါဂန်း ပင်လျှင် နိုင်ငံအသီးသီးဘက်သို့ ပါဝင်ရန် ဆုံးဖြတ်ထားပါလျက်နှင့်၊ ဤမျှလောက်နှင့်ပင် အနောက် တာ့ခ် အင်ပါယာကို မကိုင်တွယ်နိုင်ခဲ့ဘူးလား… ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

သို့သော်လည်း ယခုအခိုက်အတန့်၌ ကောင်းရှန်းမှာမူ အခြားသူများကို ငဲ့ကြည့်နေရန် အချိန်မရှိတော့ချေ။ ထိုစကားများကို ပြောဆိုပြီးနောက် သူ၏ ရင်ထဲ၌ လှိုင်းလုံးကြီးများ တစ်ဟုန်ထိုး ပေါ်ထွက်နေတော့သည်။ အန်းယာလုရှန်းနှင့် ချွေချန်းယုံတို့မှာ ကောင်းကင်လျှို့ဝှက်ချက် နည်းစနစ်များကို မသိနားမလည်ကြသဖြင့် မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်ကြသော်လည်း၊ ကောင်းရှန်း၏အမြင်၌မူ တစ်ကောင်းကင်ယံ တစ်ပြင်လုံးမှာ အစွမ်းထက်လှသော အရှိန်အဝါများဖြင့် တုန်ခါနေခဲ့ပြီ ဖြစ်ကာ၊ တစ်လောကလုံးလည်း လျင်မြန်စွာ အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည် ဖြစ်ပေသည်။

******

All Chapters