← Chapters

အခန်း ၂၁၄၄

Vol. 133 Ch. 2144

အခန်း ၂၁၄၄

Vol. 133 Ch. 2144

အခန်း (၂၁၄၄) တတိယမြောက် ရွဲလော့ဟယ် တပ်ဖွဲ့ ရောက်ရှိလာခြင်း

ဝေးကွာလှသော အနောက်ဘက် အရပ်မျက်နှာ၌၊ အနောက် တာ့ခ် အင်ပါယာကို ကိုယ်စားပြုသော နေရာတွင် ရှာပိုလို ခါဂန်း ပိုင်ဆိုင်သည့် ကြမ္မာကြယ်မှာ ရုတ်တရက် မှိန်ဖျော့သွားခဲ့လေသည်။ ၎င်း၏ နေရာတွင် အစားထိုး၍ အလင်းရောင် တောက်ပလာသည်မှာ အခြားသော ကြယ်တစ်လုံး ဖြစ်နေပေရာ၊ ၎င်းမှာ အီဖီဒီယွန်း မဟုတ်ဘဲ ဟူးဘားရှ်ပင် ဖြစ်တော့၏။

ဤမျှသာမကဘဲ ဟူးဘားရှ် နန်းတက်လိုက်သည့် အခိုက်အတန့်၌ တစ်ကမ္ဘာလုံးရှိ မြေကမ္ဘာအရှိန်အဝါ (တိချီ) နှင့် နဂါးအရှိန်အဝါ (လုံချီ) များသည်လည်း လိုက်ပါ ပြောင်းလဲသွားခဲ့ပြီး၊ နိုင်ငံအသီးသီး၏ ဘုရင့်အရှိန်အဝါများမှာလည်း ပြောင်းလဲကုန်ကြတော့သည်။ တောင်ဘက်အရပ်မှ မဟာထန်ကို ကိုယ်စားပြုသော နဂါးအရှိန်အဝါမှာ လျင်မြန်စွာ စူးရှတောက်ပလာပြီး၊ အရှေ့ တာ့ခ်ဘက်မှ အရှိန်အဝါမှာမူ ရုတ်တရက် တုန်ခါနှောင့်ယှက်ခြင်း ခံလိုက်ရလေသည်။

ထို့ပြင် ယိုကျိုး ကောင်းကင်ယံထက်မှ မူလက ရှင်းလင်းနေသော ကောင်းကင်ယံ အပြောင်းအလဲများသည်လည်း နှောင့်ယှက်မှုများနှင့်အတူ ပြောင်းလဲသွားခဲ့ရ၏။

ခဏတာမျှ အချိန်အတွင်းမှာပင် ကောင်းကင်ယံ ကမ္ဘာအတွင်း၌ ကြီးမားလှသော လှိုင်းလုံးကြီးများအလား အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပေသည်။ ဤသို့သော အပြောင်းအလဲများမှာ အတွေ့အကြုံ ရင့်ကျက်လှသည့် အကြံပေးပညာရှင် ကောင်းရှန်းကဲ့သို့သော သူအတွက်ပင်လျှင် စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည့် တုန်လှုပ်မှုကြီးကို ပေးစွမ်းနေတော့သည်။

သို့သော်လည်း အရာရာမှာ ပြီးဆုံးသွားခြင်း မရှိသေးချေ။ ကောင်းရှန်း၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သတင်းပို့စစ်သည်၏ အသံမှာလည်း ထပ်မံထွက်ပေါ်လာတော့သည်။

“အရှင်သခင်... မကောင်းတော့ပါဘူး။ အနောက် တာ့ခ်ကနေ သတင်း ရောက်လာပါတယ်။ စတုတ္ထမင်းသား ဟူးဘားရှ် တရားဝင် နန်းတက်လိုက်ပြီ ဖြစ်သလို၊ မဟာထန်နဲ့လည်း မဟာမိတ်ဖွဲ့ပြီး ဂိုဂူလျော အင်ပါယာကို ပူးပေါင်း တိုက်ခိုက်တော့မယ်လို့ သိရပါတယ်!”

“ဒါ့အပြင် အနောက် တာ့ခ် အင်ပါယာက အရှေ့ တာ့ခ် အင်ပါယာကို တရားဝင် စစ်ကြေညာလိုက်ပြီး စစ်ပွဲတွေကိုလည်း စတင်လိုက်ပါပြီ!”

“!!!”

တုန်လှုပ်စရာပင်… အတိုင်းထက်အလွန် တုန်လှုပ်စရာ ကောင်းလှပေသည်။

အရှင်နှင့် အမတ်များမှာ မြို့ရိုးပေါ်၌ မှင်တက်စွာ ရပ်နေမိကြပြီး ဦးနှောက်တစ်ခုလုံးမှာလည်း ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရ၏။ တစ်ရက်တာမျှသော အချိန်တိုအတွင်း ဖြစ်ပျက်သွားသည့် အပြောင်းအလဲများမှာ ကြီးမားလွန်းလှပေသည်။

အနောက် တာ့ခ် အင်ပါယာအနေဖြင့် မဟာထန်ဘက်သို့ ခိုလှုံသွားသည်မှာ ထားလိုက်ပါဦး၊ အဘယ်ကြောင့် အရှေ့ တာ့ခ်ကိုပါ တရားဝင် စစ်ကြေညာရသနည်း။ အရေးအကြီးဆုံးအချက်မှာ ထိုက်စန်းနှင့် ယွန်စန်းဟူသော ထိပ်တန်း ကျွမ်းကျင်သူ နှစ်ဦး၏ စွမ်းအား၊ ထို့ပြင် ရှာပိုလို ခါဂန်းနှင့် အီဖီဒီယွန်းတို့၏ အင်အားများကို ပေါင်းစပ်လိုက်လျှင်ပင် အစွမ်းကုန် အသာစီး ရနေပါလျက်နှင့်၊ အဘယ်ကြောင့် အနောက် တာ့ခ် မှာ နောက်ဆုံး၌ မဟာထန်ဘက်သို့ ပါဝင်သွားရပါသနည်း။ ဤကိစ္စအတွင်း၌ ရှင်းလင်း၍ မရနိုင်သော လျှို့ဝှက်ချက်များစွာ ရှိနေသည်မှာ ဧကန်မလွဲပင်။

ဝှစ်.. ဝှစ်..

အန်ယာလုရှန်းနှင့် အခြားသူများမှာ ဤသတင်းကြောင့် ထိတ်လန့်နေကြပြီး သတိမဝင်လာနိုင်သေးမီမှာပင် မျက်တောင်တစ်ခတ်အတွင်း အတောင်ပံခတ်သံများ ထပ်မံ ကြားလိုက်ရပြန်သည်။ လူတိုင်း မော့ကြည့်လိုက်သည့်အခါ နှင်းမှုန်များကြားမှနေ၍ အရှေ့ တာ့ခ် အင်ပါယာ၏ အမှတ်အသား ပါရှိသော သိန်းငှက်တစ်ကောင်မှာ ကောင်းကင်ယံမှ တစ်ဟုန်ထိုး ပျံဆင်းလာသည်ကို မြင်တွေ့လိုက်ရ၏။

ဤတစ်ကြိမ်တွင်မူ သတင်းပို့စစ်သည် လက်ခံရန် မစောင့်တော့ဘဲ၊ ချွေချန်းယုံက လက်ဝါးကို ဝှေ့ယမ်းကာ ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အရှေ့ တာ့ခ် ၏ သိန်းငှက်ကို သူ၏ လက်ထဲသို့ ဖမ်းယူလိုက်တော့သည်။ ချွေချန်းယုံသည် စာလိပ်ကို ဖွင့်ကြည့်လိုက်ရာ၊ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် သူ၏ ခိုင်မာလှသော မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။

“အရှင်သခင်... ဝူဆူမစ်ရှ် ခါဂန်းဆီက သတင်း ရောက်လာပါတယ်။ အခုလေးတင်ပဲ အနောက် တာ့ခ် အင်ပါယာ စစ်တပ်ကြီးက အရှေ့ တာ့ခ်ကို အကြီးအကျယ် ကျူးကျော် တိုက်ခိုက်နေပြီး၊ နယ်စပ်မှာလည်း ပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်နေပြီလို့ ဆိုပါတယ်။ အရှေ့ တာ့ခ်ဘက်က ဘာမှကြိုတင်ပြင်ဆင်မထားတာကြောင့် အကြီးအကျယ် ထိခိုက်နေပြီး စစ်သည် အမြောက်အမြား ဆုံးရှုံးနေရတာမို့၊ ကျွန်တော်တို့ဆီကို အရေးပေါ် အကူအညီ တောင်းခံထားပါတယ်”

မြို့ရိုးတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ရ၏။ မည်မျှပင် စိတ်ဓာတ် ခိုင်မာလှသော စစ်သူကြီး ဖြစ်ပါစေဦး၊ ဤအခိုက်အတန့်၌မူ အားလုံးမှာ မှင်တက်လျက်၊ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြတော့သည်။ အထူးသဖြင့် အန်းယာလုရှန်း၏ မျက်နှာမှာမူ အဆိုးရွားဆုံးသော အခြေအနေသို့ ရောက်ရှိနေပေပြီ။

“ခွေးကောင်တွေ”

အန်းယာလုရှန်းသည် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားသဖြင့် လက်ချောင်းများမှာ တချွတ်ချွတ် မြည်နေတော့သည်။

“အနောက် တာ့ခ်က မဟာထန်ဘက်ကို ဒီအတိုင်း အလွယ်တကူ ပါသွားမှာ မဟုတ်ဘူး။ တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ”

အန်းယာလုရှန်းသည် မြင့်မားလှသော မြို့ရိုးပေါ်မှနေ၍ အောက်ခြေရှိ သတင်းပို့စစ်သည်အား အေးစိမ့်စွာ ငုံ့ကြည့်လိုက်သည်။ ရာသီဥတုမှာ အလွန်အမင်း အေးစိမ့်နေပါသော်လည်း၊ မြေပြင်ပေါ်၌ ဝပ်တွားနေသော ထို ယိုကျိုး သတင်းပို့စစ်သည်၏ နဖူးပေါ်တွင်မူ ချွေးစေးများမှာ စိပ်လှစွာ ထွက်ပေါ်နေတော့သည်။

“ကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားတာမို့ အစစ်အမှန် အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကောလာဟလတွေအရတော့…… မဟာထန်ရဲ့ မျိုးနွယ်ခြားဘုရင်ကိုယ်တိုင် အနောက် တာ့ခ် မှာ ပေါ်လာတယ်လို့ သိရပါတယ်!”

“ဘာ?!”

ဤစကားကို ကြားလိုက်ရသည့်အခါ မြို့ရိုးပေါ်ရှိ လူတိုင်း၏မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။ ဝမ်ချောင်ဟုတ်လား… သူက ချန်းကျိုးက သံမဏိခံတပ်အတွင်းမှာ ရှိနေရမှာ မဟုတ်လား။ မိုင်ပေါင်း သောင်းချီ ဝေးကွာလှတဲ့ အနောက် တာ့ခ်မှာ ဘယ်လို ပေါ်လာနိုင်မှာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

“မြို့တော်က တိုက်ပွဲမှာ ထိုက်ရှီကို တိုက်ခိုက်တဲ့သူ လေးယောက် ရှိတယ်လို့ ကြားရတယ်။ ဝမ်ချောင်ကလွဲလို့ ကျန်တဲ့ သုံးယောက်က သူနဲ့ တစ်ပုံစံတည်းပဲတဲ့။ အခု ကြည့်ရတာတော့ အဲဒီကောလာဟလက အမှန်ပဲ ထင်တယ်။ မဟာထန်က အဲဒီပုဂ္ဂိုလ်ဟာ ကိုယ်ပွား နည်းစနစ် တစ်မျိုးမျိုးကို ကျင့်ကြံ အောင်မြင်ထားတာ ဖြစ်နိုင်ပါတယ်” ထျန်းချန်ကျန်း၏ အသံ ထွက်ပေါ်လာလေသည်။

ကိုယ်ပွား ဟုတ်လား။ ဤသည်မှာ ဒဏ္ဍာရီဆန်လှသော စွမ်းဆောင်ရည် ဖြစ်ပေရာ သိုင်းပညာ၏ နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်၏။ ထို့ကြောင့် အစောပိုင်းက သတင်းရရှိချိန်၌ သူတို့အားလုံးမှာ လုံးဝမယုံကြည်ခဲ့ကြချေ။ ထို့ပြင် ထိုက်ရှီ ဘက်ကလည်း မိမိကိုယ်ကိုယ် နတ်ဘုရားအဖြစ် သတ်မှတ်ထားကာ သာမန်လူသားများကို အရေးမစိုက်သဖြင့်၊ မြို့တော်မှ တိုက်ပွဲအကြောင်း အသေးစိတ်ကို သူတို့ မသိရှိခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုမူ အချို့သော အရာများကို မယုံကြည်ချင်သော်လည်း ယုံကြည်ရတော့မည် ဖြစ်၏။

“အရှင်သခင်... အခု ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ” တစ်စုံတစ်ဦးမှ အလွန်အမင်း ဖိအားများလှသော တိတ်ဆိတ်မှုကြား၌ မေးမြန်းလိုက်သည်။

သူတို့၏ အစီအစဉ်အတွင်း၌ အနောက် တာ့ခ် အင်ပါယာမှာ အလွန် အရေးပါလှသော အစိတ်အပိုင်း တစ်ခု ဖြစ်၏။ အနောက် တာ့ခ် ကို ဆွဲဆောင်နိုင်မှသာ နိုင်ငံအသီးသီးမှာ သံမဏိတံတိုင်းကြီးအလား စုစည်းနိုင်မည်ဖြစ်သလို၊ စုစုပေါင်း အင်အားအရလည်း မဟာထန်ကို အသာစီး ရယူကာ အနိုင်တိုက်နိုင်မည် ဖြစ်သည်။ သို့သော် ယခုအခါ အနောက် တာ့ခ် မှာ မဟာထန်ဘက်သို့ ခိုလှုံသွားခဲ့ပြီ ဖြစ်ရာ၊ ၎င်းမှာ သူတို့၏ အစီအစဉ်များကို လုံးဝ ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။ ပို၍ ဆိုးရွားသည်မှာ နိုင်ငံအသီးသီး၏ လက်ရုံးတစ်ဖက်ကို အဖြတ်ခံလိုက်ရရုံတင်မကဘဲ၊ မူလက အင်အားကြီးမားလှသော ယွီစန်းအင်ပါယာမှာလည်း အနောက် တာ့ခ် ကြောင့် ကျန်ရှိနေသော နိုင်ငံအသီးသီးနှင့် ပြတ်တောက်သွားကာ တစ်ကိုယ်တည်း သီးခြား ဖြစ်သွားခဲ့ရခြင်းပင်။

ဤသည်မှာ နိုင်ငံအသီးသီးအတွက်မူ အဆိုးရွားဆုံးသော သတင်းပင် ဖြစ်၏။ ၎င်းမှာ မသိမသာဖြင့် အလွန်အမင်း ထက်မြက်လှသော စစ်ဗျူဟာရှင်တာ့လုံချင်းလင်၏ အကူအညီကို ဆုံးရှုံးလိုက်ရခြင်းနှင့်လည်း တူညီနေပေသည်။ တာ့လုံချင်းလင်အနေဖြင့် ယွီစန်းစစ်တပ်ကို စွန့်ပစ်ကာ ယိုကျိုးသို့ တစ်ဦးတည်း လာရောက်နိုင်မည် မဟုတ်သည်မှာ သေချာလှပေသည်။

လေထုမှာ ခဏချင်းအတွင်း တောင့်တင်းသွားခဲ့ပြီး အန်းယာလုရှန်း၏ ရင်ထဲ၌လည်း အေးစိမ့်မှုများ ဖြစ်ပေါ်လာတော့သည်။ လူတိုင်း၏ စိုးရိမ်မှုကို သူ မည်သို့ မသိဘဲ နေပါမည်နည်း။ သို့သော် ယခု အခြေအနေအရ၊ သူ စစ်တပ်လွှတ်၍ အရှေ့ တာ့ခ် ကို ကူညီပြီး အနောက် တာ့ခ်၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့လျှင်ပင်၊ လက်ရှိ ဆိုးရွားလှသော အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိတော့ချေ။

အန်းယာလုရှန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလျက် လှုပ်ရှားခြင်း မရှိဘဲ ရှိနေပေသည်။ လူတိုင်း ဘာလုပ်ရမှန်း မသိဘဲ တင်းမာနေချိန်၌၊ အတန်ကြာ နှုတ်ဆိတ်နေခဲ့သော အသံတစ်ခုမှာ လူတိုင်း၏နားထဲသို့ ရုတ်တရက် တိုးဝင်လာတော့သည် -

“အရှင်သခင်... အခု အခြေအနေကတော့ အရှိန်အဟုန် ကုန်ဆုံးသွားပြီလို့ ပြောလို့ ရပါတယ်။ အနောက် တာ့ခ်က အရှေ့ တာ့ခ် ကို တိုက်ခိုက်တာဟာ မဟာထန်ဆီကို သစ္စာခံကြောင်း သက်သေပြတာပဲ ဖြစ်ရမယ်။ ဒီလိုဆိုရင်တော့ အနောက် တာ့ခ် အင်ပါယာ အနေနဲ့ နိုင်ငံအသီးသီးဘက်ကို ပြန်လှည့်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

မြို့ရိုး၏ အနောက်ဘက်၌ မြေပြင်ပေါ်တွင် ထိုင်နေခဲ့သော ကောင်းရှန်းသည် ယခုအခါတွင်မူ ရုတ်တရက် မတ်တပ်ထရပ်လိုက်လေသည်။ သူ၏အမူအရာမှာလည်း လေးနက်နေပါသော်လည်း သူ၏အသံထဲတွင်မူ ရှင်သန်ခြင်း အရိပ်အယောင်များ မသိမသာ ပါဝင်နေပေသည်။

“လက်ရှိ အခြေအနေကို အဖြေရှာဖို့ဆိုရင် နောက်ဆုံးသော အခွင့်အရေး တစ်ခုပဲ ကျန်ပါတော့တယ်”

“ဘာလဲ”

ကောင်းရှန်း၏ ဤစကားများမှာ လူတိုင်း၏ ခန့်မှန်းချက်ကို ကျော်လွန်နေပေရာ၊ တစ်ခဏအတွင်းမှာပင် ရေနစ်နေသူ တစ်ဦးမှ ကယ်တင်မည့် မြက်ပင်ကို လှမ်းဖမ်းလိုက်ရသည့်အလား၊ အန်းယာလုရှန်း အပါအဝင် လူတိုင်းမှာ အနောက်ရှိ ကောင်းရှန်းဆီသို့ လှည့်ကြည့်လိုက်ကြတော့သည်။ ကောင်းရှန်းမှာ သိုင်းပညာ မရှိသော ပကတိ ပညာတတ်တစ်ဦး ဖြစ်သော်လည်း၊ ယိုကျိုး အသိုင်းအဝိုင်းအတွင်း၌ သူသည် ပိုမို၍ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေခဲ့ပြီဖြစ်ကြောင်း လူတိုင်း အသိအမှတ် ပြုထားကြရ၏။ သူ၏ အရေးပါမှုမှာ ချွေချန်းယုံနှင့်ထျန်းချန်ကျန်း တို့ထက်ပင် များစွာ သာလွန်နေပေပြီ။

“ဘာနည်းလမ်းလဲ” အန်းယာလုရှန်းက အမြန် မေးမြန်းလိုက်သည်။

“ကောင်းကင်ယံ အပြောင်းအလဲတွေနဲ့ ထီးနန်း အပြောင်းအလဲတွေမှာ ကိုယ်ပိုင် ကံကြမ္မာတွေ ရှိကြပါတယ်။ အလယ်ပိုင်းဒေသမှာ ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်တော့မှာက ကံကြမ္မာက သတ်မှတ်ထားပြီးသားမို့ ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး။ အဲဒီ ကပ်ဘေးကို ရင်ဆိုင်ရမယ့်သူကတော့ အရှင်သခင်ပဲ ဖြစ်ပါတယ်”

“ငါ့အနေနဲ့ နိုင်ငံအသီးသီးနဲ့ အလယ်ပိုင်းဒေသကနေ ပညာရှင်တွေ၊ ပုရောဟိတ်တွေကို စုစည်းထားပြီးပါပြီ။ နောက်ထပ် အချိန်အနည်းငယ် ကြာရင် တစ်လောကလုံး အပြောင်းအလဲကြီး ဖြစ်ပေါ်လာပြီး၊ အလယ်ပိုင်းဒေသရဲ့ နဂါးအရှိန်အဝါတွေက အကြီးအကျယ် တုန်ခါလာပါလိမ့်မယ်။ အရှင်သခင်ရဲ့ ကံကြမ္မာက နဂါးနက်နဲ့ သက်ဆိုင်နေပြီး အနာဂတ်ရဲ့ စစ်မှန်တဲ့ နဂါးနတ်မင်းပဲ ဖြစ်ပါတယ်။ ယိုကျိုးဟာလည်း အရှင်သခင်အတွက် အရှိန်အဝါတွေ စတင်ရာ မြင့်မြတ်တဲ့မြေပဲ ဖြစ်လိမ့်မယ်။ အပြောင်းအလဲကြီး ဖြစ်ပေါ်လာတဲ့အခါမှာ၊ ငါတို့က ကောင်းကင်ဘုံရဲ့ အချိန်အခါကို အသုံးချပြီး နဂါးနက် အရှိန်အဝါတွေကို အရှင်သခင်ဆီကို ပေါင်းစပ်ပေးပါ့မယ။”

“အဲဒီအချိန်ကျရင် အရှင်သခင်နဲ့နိုင်ငံအသီးသီးဟာ ကောင်းကင်နှင့်မြေကြီးရဲ့ ကံကြမ္မာ စောင့်ရှောက်မှုကို ရရှိသွားမှာ ဖြစ်သလို၊ စစ်တပ် ချီတက်တဲ့ အခါမှာလည်း နတ်ဘုရားတွေ ကူညီနေသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ယိုကျိုးတစ်ခုလုံးက စစ်သည်တွေရဲ့ ခွန်အားတွေလည်း အကြီးအကျယ် တိုးတက်လာမှာ ဖြစ်ပြီး၊ မဟာထန်ဘက်ကတော့ နေရာတိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာမှ အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ကောင်းကင်ဘုံရဲ့အချိန်အခါကို အသုံးချပြီး ထကြွတာဟာ အရှင်သခင်အတွက် အကောင်းဆုံးသော အခွင့်အရေးပါပဲ။”

“ကောင်းကင်ဘုံရဲ့ ဆန္ဒအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင်၊ အရှင်သခင်အနေနဲ့ နိုင်ငံအသီးသီးကို ဦးဆောင်ပြီး မဟာထန်ကို အနိုင်ယူနိုင်မှာ သေချာပါတယ်!” ကောင်းရှန်းက လေးနက်စွာ ဆိုလိုက်သည်။

ကောင်းကင်ဘုံ၏ဆန္ဒကို လိုက်နာဆောင်ရွက်ခြင်း ဆိုသည်မှာ လဟာပြင် စကားလုံး မဟုတ်ပါချေ။ ရှေးခေတ်ကတည်းက ခေတ်စနစ် အပြောင်းအလဲတိုင်းတွင် ထိပ်တန်း ပညာရှင်များမှာ ကံကြမ္မာ ပါလာသူများကို ခွန်အားတိုးတက်စေရန်နှင့် ပြိုင်ဘက်များကို အနိုင်ယူရန် နည်းလမ်း အမျိုးမျိုး ရှိခဲ့ကြသည် မဟုတ်ပါလော။ ကောင်းရှန်း၏ ဤနည်းလမ်းမှာလည်း အဖိုးတန်လှသော ရှေးဟောင်း ကျမ်းစာတစ်အုပ်မှ ရရှိထားခြင်း ဖြစ်ပေသည်။

“ဒီကိစ္စကိုတော့ မင်းဆီပဲ အပ်လိုက်ပါ့မယ်” အန်းယာလုရှန်းမှာ ခေတ္တ နှုတ်ဆိတ်နေပြီးနောက် နောက်ဆုံး၌ စကားဆိုလာတော့သည်။

ကောင်းရှန်း ပြောဆိုသောနည်းလမ်းများကို အန်းယာလုရှန်းအနေဖြင့် ဘာမှမသိနားမလည်သော်လည်း၊ မြို့တော်သို့ သွားရောက်စဉ်က နိုင်ငံပေါင်းစုံ စားပွဲ၌ သူတော်စင်ဧကရာဇ်၏ နဂါးအရှိန်အဝါကို ခိုးယူနိုင်ခဲ့သည့် ဖြစ်ရပ်ကို တွေ့ကြုံပြီးနောက်၊ အန်းယာလုရှန်းသည် အချို့သော လျှို့ဝှက်ဆန်းကြယ်လှသည့် အရာများမှာ အမှန်တကယ် တည်ရှိနေကြောင်းနှင့် သာမန်လူသားများ ခန့်မှန်းနိုင်သည်ထက် ပိုမိုအစွမ်းထက်ကြောင်းကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ယခု အခြေအနေမျိုးတွင်မူ အခြား နည်းလမ်းမရှိတော့သဖြင့် ကောင်းရှန်း၏နည်းလမ်းကိုသာ မျှော်လင့်ချက် ထားရတော့မည် ဖြစ်၏။

“ဟုတ်ကဲ့ပါ” ကောင်းရှန်းက ခေါင်းညိတ်လိုက်ပြီး စကားအများကြီး ဆက်မပြောတော့ချေ။ အချို့သော ကိစ္စများမှာ အချိန်တန်လျှင် မိမိဘာသာ သိရှိသွားကြလိမ့်မည် မဟုတ်ပါလော။

“ချွေချန်းယုံ... ထျန်းချန်ကျန်း... မင်းတို့ အခုချက်ချင်း စစ်တပ်လွှတ်ပြီး အရှေ့ တာ့ခ် ကို ကူညီဖို့ နည်းလမ်းရှာကြစမ်း” အန်းယာလုရှန်းက အခြားသူများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါ” ချွေချန်းယုံနှင့် ထျန်းချန်ကျန်းတို့မှာ ဦးညွှတ်လျက် ပြန်လည်ဖြေကြားလိုက်ကြသည်။

ဝုန်း ဝုန်း ဝုန်း

သူတို့နှစ်ဦး လှည့်ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။ အရှေ့မြောက်ဘက်ဆီမှနေ၍ မြေကြီးမှာ တုန်ခါသွားခဲ့ပြီး နှင်းမှုန်များမှာ ကောင်းကင်ယံအထိ လွင့်ပျံသွားကာ၊ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါကြီးတစ်ခုမှာ တုန်လှုပ်စရာကောင်းလှသော အဟုန်ဖြင့် ယိုကျိုးဆီသို့ ဦးတည် လာနေတော့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော ဤအပြောင်းအလဲမှာ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တော့၏။ ပထမတစ်ချက်၌ လူတိုင်း မည်သည့်အရာမှ မမြင်တွေ့နိုင်သော်လည်း၊ နောက်တစ်ခဏ၌မူ

"ဟီးးးးး!"

တစ်ဝက်ခန့် ပုပ်သိုးနေသည့်အလား ရှိနေသော စစ်မြင်းတစ်ကောင်မှာ ကိုယ်ပေါ်၌ သံချေးတက်နေသော သံချပ်ကာများကို ဆင်မြန်းထားလျက်၊ အဆုံးမရှိသော နှင်းမုန်တိုင်းများကြားမှနေ၍ တစ်ဟုန်ထိုး ခုန်ထွက်လာတော့သည်။ ထိုမြင်း၏ ကျောပေါ်တွင်မူ ကိုယ်လုံးထွားကျိုင်းလှသော စစ်သည်တစ်ဦးမှာလည်း လူတိုင်း၏ မြင်ကွင်းအတွင်းသို့ ပေါ်ထွက်လာခဲ့၏။ ထိုခဏ၌ အကွာအဝေး တစ်ခုမှနေ၍ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ၊ ထိုမြင်းစီးစစ်သည်၏ မျက်ဝန်းထဲ၌ မီးတောက်များ လောင်ကျွမ်းနေသည့်အလား နီရဲနေခြင်းပင် ဖြစ်သည်။ ကြမ်းတမ်းမှု၊ ရက်စက်မှု၊ အေးစိမ့်မှု အစရှိသော ရှုပ်ထွေးလှသည့် မကောင်းသော ခံစားချက်များ အားလုံးမှာ ထို နီရဲလှသော မျက်ဝန်းတစ်စုံအတွင်း၌ စုစည်းနေတော့သည်။

ထိုလူသားသဏ္ဌာန် မြင်းစီးစစ်သည်၏ ကိုယ်ပေါ်မှနေ၍ လူတိုင်းမှာ မည်သည့် သက်ရှိ အငွေ့အသက်မျှ ခံစားရခြင်း မရှိပါချေ။

“ရွဲလော့ဟယ်…ရွဲလော့ဟယ်တွေပဲ” အဝေးဆီမှ အန်းတုန်းစစ်တပ်အတွင်းမှ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

အန်းတုန်း၏ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မူလက တိတ်ဆိတ်ငြိမ်သက်နေပြီး စစ်သည်များမှာလည်း စနစ်တကျ ရှိနေခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ ကျားရိုင်းတစ်အုပ်မှာ သိုးအုပ်အတွင်းသို့ ဝင်ရောက်လာသည့်အလား တစ်ယိုကျိုးလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သော ယိုကျိုး သံချပ်ကာမြင်းတပ်များမှာ၊ လေ့ကျင့်နေသော စစ်သည်သစ်များ အပါအဝင် အားလုံးမှာ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး၊ ကပ်ရောဂါဆိုးကြီးတစ်ခုကို ရှောင်ရှားနေသည့်အလား အလျင်အမြန်ပင် အနောက်သို့ ဆုတ်ခွာသွားကြတော့သည်။

ရွဲလော့ဟယ်..

ထိုက်ရှီ ကတိပေးထားခဲ့သော တတိယမြောက် ရွဲလော့ဟယ် စစ်သည် နှစ်သောင်းမှာ ဤအချိန်၌ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။ ဤအရာမှာ လူတိုင်း မထင်မှတ်ထားခဲ့သော အပြောင်းအလဲပင် ဖြစ်တော့သည်။

******

All Chapters