အခန်း ၂၁၄၆
Vol. 133 Ch. 2146
အခန်း (၂၁၄၆) ဂူကောင်းကင်အဆင့် သို့ တက်လှမ်းရန် ကြိုးပမ်းခြင်း
တာ့လုံချင်းလင်မှာ အလွန်အန္တရာယ်ကြီးလှသူ ဖြစ်ရာ၊ ဝမ်ချောင်ထက် သူ၏အစွမ်းကို ပိုမို သိရှိသူ မရှိပါချေ။
တာ့လုံချင်းလင်သည် ယခုအခါ ရေတိမ်တွင် သောင်တင်နေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း၊ ဤစစ်ပွဲကြီးတွင် သူသည် မည်သို့ပင်ဖြစ်စေ ယိုကျိုးအရပ်သို့ မဖြစ်မနေ သွားရောက်ရပေလိမ့်မည်။ အကယ်၍ သူ့အား ထိုနေရာသို့ ရောက်ရှိသွားစေပြီး အဆုံးမရှိသော စစ်သည်အင်အားများကို စိတ်ကြိုက် ခိုင်းစေခွင့် ပေးလိုက်မည်ဆိုပါက၊ တာ့လုံချင်းလင်သည် တောထဲရောက်သွားသော ကျားတစ်ကောင်၊ ပင်လယ်ထဲရောက်သွားသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်၌ သူ ပေးစွမ်းနိုင်သော ခြိမ်းခြောက်မှုနှင့် ကိုင်တွယ်ရ ခက်ခဲမှုမှာ ယခုနှင့် မည်သို့မျှ နှိုင်းယှဉ်၍ ရနိုင်တော့မည် မဟုတ်ပါချေ။
ဝမ်ချောင်ယခု လောင်းကြေးထပ်နေသည်မှာ တာ့လုံချင်းလင် အနေဖြင့် ယွီစန်း၏ သံချပ်ကာမြင်းတပ်များနှင့် ပြည်သူများကို စွန့်ပစ်ကာ ယိုကျိုးသို့ တစ်ဦးတည်း မသွားဝံ့ဟုပင် ဖြစ်သည်။
ဤသို့ဖြင့် ဝမ်ချောင်အနေဖြင့် ဝူရှန်း၏ သံမဏိမြို့တော်တွင် စစ်တပ်တစ်ခု ချထားပြီး၊ အနောက် တာ့ခ်၏ စစ်သည်အင်အားများကိုပါ ပေါင်းစပ်လိုက်မည်ဆိုပါက၊ ထိုနေရာ၌ တာ့လုံချင်းလင်ကို ကြားဖြတ် ဟန့်တားနိုင်ကာ၊ သူ့အား ရှေ့နောက်မညီ ဖြစ်စေပြီး အရှေ့ဘက်သို့ အေးအေးဆေးဆေး ကူးမလာနိုင်အောင် ပြုလုပ်နိုင်မည် ဖြစ်၏။
ဝူရှန်းရှိ ထိုဒုတိယ စစ်မြေပြင်မှာ ဝမ်ချောင်မှ တာ့လုံချင်းလင်အား ပိတ်လှောင်ရန် စီစဉ်ထားသော ကျော့ကွင်းပင် ဖြစ်ပေရာ လောကတစ်ခွင် ကျော်ကြားလှသော ထိုပြိုင်ဘက်ကင်း စစ်ဗျူဟာရှင်အား သူ၏စွမ်းအားများကို မထုတ်ဖော်နိုင်အောင် မဖြစ်မနေ ပြုလုပ်ရပေမည်။
ဤအချက်မှာ ဝမ်ချောင်အတွက် အလွန် အရေးကြီးလှပေသည်။
“ဒါပေမဲ့ ယွီစန်း လူမျိုးတွေက ပေတုံးမြို့နဲ့ အနောက်တောင်ဘက် နယ်ခြားစောင့်စစ်ဌာနချုပ် ကနေတစ်ဆင့် တောင်ဘက်ကို ဆင်းလာမယ်ဆိုရင် ဘယ်လို လုပ်မလဲ”
နန်းဆောင်အတွင်း၌ အခွန်ဝန်ကြီးသည် ဝမ်ချောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေလျက် အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
အခွန်ဝန်ကြီးဌာနသည် တစ်ပြည်လုံးရှိ ပြည်သူများအတွက် တာဝန်ယူရသူ ဖြစ်ရာ၊ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားပါက အကျိုးဆက်မှာ ခန့်မှန်း၍ မရနိုင်ပါချေ။ လုံရှီနှင့် အနောက်တောင်ဘက် ဒေသများမှာ စစ်မီးအတွင်း ပထမဆုံး ကျရောက်သွားပေလိမ့်မည်။ ထိုအခါ ပြည်သူများ ဒုက္ခပင်လယ် ဝေရမည်ဖြစ်သလို၊ မည်သူကမျှ ထိုကဲ့သို့သော ပေးဆပ်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပါချေ။
“စိတ်ချပါ၊ လုံရှီနဲ့ အနောက်တောင်ဘက်မှာ သံမဏိမြို့တော် နှစ်ခုကို ကြိုတင် တည်ဆောက်ထားပြီးသား ဖြစ်လို့ ယွီစန်းလူမျိုးတွေ တောင်ဘက်ကို ဆင်းလာမယ့် လမ်းကြောင်းအားလုံးကို ပိတ်ထားပြီးပါပြီ။ မျိုးနွယ်ခြားဘုရင်ဘက်ကလည်း အဲဒီ နေရာနှစ်ခုကို ဒူးလေးတပ်ဖွဲ့ဝင် ငါးထောင်စီ စေလွှတ်ထားသလို၊ ရှန်းကျွင်း ခြောက်သိန်းကလည်း အဲဒီဘက်ကို ချီတက်နေကြတာမို့ မကြာခင် ရောက်သွားကြပါလိမ့်မယ်။ ဒါ့အပြင် မာန်ရှဲ့ကျောက်ဘက်ကလည်း စစ်တပ်ကြီးနဲ့ အစွမ်းကုန် ပူးပေါင်း ကာကွယ်ပေးပါလိမ့်မယ်”
စကားဆိုလိုက်သူမှာ ဝမ်ချောင်မဟုတ်ဘဲ စစ်ရေးဝန်ကြီးကျန်းချိုးကျန့်ချုံးပင် ဖြစ်၏။
ဤအချက်ကို လူတိုင်း ကြိုတင် တွက်ချက်စဉ်ကတည်းက ထည့်သွင်း စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
လုံရှီနှင့် အနောက်တောင်ဘက် ဒေသများအတွက် အကြီးမားဆုံးသော ကာကွယ်ရေးတံတိုင်းမှာ ဖုန်းကျီယိုင်း၏ မာန်ရှဲ့ကျောက် စစ်တပ်ကြီးပင် ဖြစ်၏။
သို့သော်လည်း မာန်ရှဲ့ကျောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းငယ် အားနည်းနေသေးသလို၊ ခြေလျင်တပ်ကိုသာ အဓိက ထားခြင်းကြောင့် ခုခံကာကွယ်ရန်အတွက်သာ အဆင်ပြေသော်လည်း တိုက်စစ်ဆင်ရန်အတွက်မူ မလုံလောက်ပါချေ။ ထိုစဉ်က သူတို့သည် မာန်ရှဲ့ကျောက် စစ်တပ်အား မြောက်ဘက်သို့ ခေါ်ယူကာ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များကို အတူတကွ ရင်ဆိုင်ရန် စဉ်းစားခဲ့ကြသေးသည်။
သို့ရာတွင် ပထမအချက်မှာ မဟာထန်အနေဖြင့် ယခုအခါ စစ်သည်အင်အား တစ်သန်းကျော် ရှိနေပြီဖြစ်ရာ မာန်ရှဲ့ကျောက် စစ်တပ် လာရောက်ခြင်းမှာ အပိုဆောင်း အင်အားလောက်သာ ဖြစ်နေပေမည်။ ဒုတိယအချက်မှာ နှစ်ဖက် စစ်တပ်များ၏ အမျိုးအစား မတူညီခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပြဿနာများစွာ ရှိလာနိုင်သလို၊ မတော်တဆ ဖြစ်လာပါက ကူညီရာ မရောက်ဘဲ မဟာထန်စစ်တပ်ကိုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် သူတို့အား တောင်ဘက်တွင် ထားရှိကာ ယွီစန်းလူမျိုးများကို ကာကွယ်ခိုင်းခြင်းမှာ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်တော့သည်။
အကယ်၍ ယွီစန်းလူမျိုးများ ကျူးကျော်လာခဲ့လျှင်ပင် မာန်ရှဲ့ကျောက် လူမျိုးများအနေဖြင့် သူတို့အား အနိုင်တိုက်ရန် မလိုဘဲ အချိန်ဆွဲထားနိုင်လျှင်ပင် လုံလောက်လှပေသည်။
ဒါ့အပြင် ကျန်းချိုးကျန့်ချုံး သည် ဝမ်ချောင်နှင့်လည်း ဆွေးနွေးခဲ့ဖူးသေးသည်။ အကယ်၍ လုံရှီနှင့် အနောက်တောင်ဘက် ဒေသများ အသိမ်းခံလိုက်ရလျှင်ပင် ဘာဖြစ်နိုင်သနည်း ဟူသော အချက် ဖြစ်၏။ တာ့လုံချင်းလင်၏ စွမ်းအားအရဆိုလျှင် မာန်ရှဲ့ကျောက်ဘက်မှ ရှုံးနိမ့်သွားခြင်းမှာ ကြိုတင် ခန့်မှန်းထားနိုင်သော ကိစ္စပင် ဖြစ်သည်။
သို့သော် နောက်ဆုံး ရလဒ်မှာ မဟာ အအေးလှိုင်းကြီး ဆိုက်ရောက်လာသည့် အခါတွင်မူ တာ့လုံချင်းလင် အနေဖြင့် ထိုနေရာကို သိမ်းပိုက်ခြင်းမှာ မည်သည့် အဓိပ္ပာယ်မှ မရှိသလို၊ အရှေ့မြောက်ဘက်ရှိ စစ်ပွဲကြီးအပေါ်တွင်လည်း များစွာ သက်ရောက်မှု ရှိမည် မဟုတ်ပါချေ။ သို့သော် သူ ပေးဆပ်ရမည့် အကျိုးဆက်မှာမူ ကြီးမားလွန်းလှပေလိမ့်မည်။
စစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ပြန်လည် စာရင်းရှင်းကြသည့် အခါတွင်မူ ယွီစန်းလူမျိုး အားလုံးမှာ သေတွင်းမှ လွတ်မြောက်ကြလိမ့်မည် မဟုတ်ပါချေ။
ပညာရှိတစ်ဦးအနေဖြင့် တာ့လုံချင်းလင်သည် ထိုနေရာကို ကျူးကျော်တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည် မဟုတ်ပါချေ!
“ဪ... ဒီလိုကိုး”
ကျန်းချိုးကျန့်ချုံး၏စကားကို ကြားလိုက်ရသည့်အခါ အခွန်ဝန်ကြီးမှာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်ပြီး စိတ်အေးသွားတော့သည်။
“အချိန်က သိပ်မကျန်တော့ဘူး၊ ငါတို့တွေ နောက်ထပ် လုပ်ဆောင်ရမယ့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အမြန်ဆုံး ဆက်ပြီး ဆွေးနွေးကြရအောင်!”
ထိုအချိန်၌ ဝမ်ချောင်၏ ဦးကြီးဖြစ်သူ ဝမ်ကန်က ဝင်ရောက် ပြောဆိုလိုက်သည်။
စစ်ပွဲဟူသည်မှာ စစ်တပ်နှစ်ခု သတ်ဖြတ်နေကြရုံမျှဖြင့် မရိုးရှင်းပါချေ။ အင်ပါယာ၏ ကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သလို၊ ပတ်သက်နေသည့် အချက်အလက်များမှာလည်း များပြားလွန်းလှပေသည်။
ဝမ်ချောင်သည်လည်း ခေါင်းညိတ်လိုက်ပြီး၊ အလယ်ရှိ စစ်မြေပြင်ပုံစံငယ်သဲမြေပုံကို ဝိုင်းပတ်ကာ လူတိုင်းမှာ အပြင်းအထန် ဆွေးနွေးကြတော့သည်။
အတန်ကြာပြီးနောက် အရာရာပြီးဆုံးသွားသည့်အခါ၊ လူတိုင်းမှာ ဝမ်ချောင်၏ မျိုးနွယ်ခြားဘုရင် အိမ်တော်မှ ထွက်ခွာသွားကြတော့သည်။
ဝမ်ချောင်သည် သူ၏မျက်မှောင်ကြားကို နှိပ်နယ်လိုက်ရင်း၊ လူတိုင်းကို ပို့ဆောင်ပြီးနောက်တွင်မူ အိပ်ဆောင်အတွင်းသို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာခဲ့သည်။
အင်ပါယာ တစ်ခုလုံး၏ ရှုပ်ထွေးလှသော ကိစ္စရပ်များကြောင့် သူ စိတ်ပူနေရသည့် အရာများမှာ များပြားလွန်းလှပေသည်။
“နောက်ထပ်တော့ ဂူကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာရတော့မယ်……”
ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး သူ၏ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားတော့သည်။
အင်ပါယာ တစ်ခုလုံးသည် သူ၏တွန်းအားပေးမှုကြောင့် ကဏ္ဍအသီးသီးမှ အားသာချက်များကို အစွမ်းကုန် ထုတ်ဖော်နေကြပြီ ဖြစ်သည်။ အဆုံးမရှိသော စစ်တပ်ကြီးမှာလည်း နေ့ညမပြတ် အရှေ့မြောက်ဘက်ဆီသို့ ချီတက်နေကြသလို၊ စစ်သည်လေ့ကျင့်မှုများမှာလည်း စနစ်တကျ ရှိနေပေပြီ။
သို့သော်လည်း ဝမ်ချောင်၏ စိတ်အတွင်းပိုင်း၌မူ အစဉ်အမြဲ နက်ရှိုင်းလှသော စိုးရိမ်မှုတစ်ခု ရှိနေဆဲပင်။
ထိုက်ရှီ…
ဝမ်ချောင်၏ ဦးနှောက်ထဲ၌ လူတစ်ယောက်၏ ပုံရိပ် ပေါ်လာတော့သည်။
ထိုက်စန်း မသေခင်က သူ၏ ဦးနှောက်ထဲမှ ဖမ်းယူရရှိခဲ့သော မှတ်ဉာဏ် အစအနများအရ၊ ထိုက်ရှီမှာ အောင်မြင်စွာ ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်သလို၊ ယခင်ကထက်လည်း ပိုမိုသန်မာလာခဲ့ပြီ ဖြစ်သည်။
ဂူကောင်းကင်အဆင့်ကို ဂူကောင်းကင်အဆင့်နှင့်သာ ရင်ဆိုင်နိုင်မည် မဟုတ်ပါလော။
အကယ်၍ သူသာ ဂူကောင်းကင်အဆင့်သို့ အမြန်ဆုံး မရောက်ရှိနိုင်ခဲ့ပါက၊ စစ်မြေပြင်တွင် ထိုက်ရှီပေါ်လာသည့် အခိုက်အတန့်၌ မဟာထန်ဘက်တွင် မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။ ထိုက်ရှီ၏စွမ်းအားအရဆိုလျှင် မဟာထန်ဘက်မှ ထိပ်တန်း စစ်သူကြီးများကို အမြစ်ပြတ် သတ်ဖြတ်ပစ်ရန်မှာ လွယ်လင့်တကူ ကိစ္စပင် ဖြစ်တော့သည်။
ထိုကဲ့သို့သော အကျိုးဆက်ကို မည်သူကမျှ ခံနိုင်ရည် ရှိကြမည် မဟုတ်ပါချေ။
ဤကဲ့သို့သော အချိန်ကျမှသာလျှင် ဝမ်ချောင်သည် သူတော်စင်ဧကရာဇ် မိန့်ကြားခဲ့သော “အနက်ရောင်ဝတ် အဖွဲ့အစည်းမှာ မဟာထန်ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ အန္တရာယ် ဖြစ်တယ်” ဟူသော စကား၏အဓိပ္ပာယ်ကို ပိုမို နက်နက်ရှိုင်းရှိုင်း ခံစားမိလာတော့သည်။
ထိုက်ရှီမှာ ယခုအချိန်အထိ ပေါ်မလာသေးသလို၊ ရှေ့တန်းစစ်စခန်းကိုလည်း သူ တိုက်ခိုက်ခြင်း မပြုသေးပါချေ။ သို့သော် ထိုသို့ ဖြစ်လေလေ၊ ဝမ်ချောင်၏ ရင်ထဲ၌ ပိုစိုးရိမ်လာလေလေပင် ဖြစ်၏။
ထိုက်ရှီယခု ပေါ်မလာခြင်းမှာ သူ၏စွမ်းအားများကို စုဆောင်းနေခြင်းသာ ဖြစ်ရမည်ဖြစ်ပြီး၊ နောက်ဆုံး အခိုက်အတန့်၌ စစ်ပွဲ၏အဖြေကို အပြီးသတ် သတ်မှတ်ရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနောက်ဆုံး အချိန်လေးအတွင်းမှာ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ဂူကောင်းကင်အဆင့်ကို ရောက်အောင် သွားရမယ်!”
ဝမ်ချောင်သည် သူ၏ ရင်ထဲ၌ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။
ဝီ…
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ စိတ်ဝိညာဉ်မှာ စည်းမျဉ်းကမ္ဘာအတွင်းသို့ တိုးဝင်သွားခဲ့ပြီး၊ ခန်းမဆောင်ကြီး တစ်ခုလုံးမှာလည်း ချက်ချင်း ပျောက်ကွယ်သွားကာ၊ ၎င်း၏နေရာတွင် အထပ်ထပ်သော ဟင်းလင်းပြင် တည်ဆောက်ပုံများနှင့် ပင့်ကူအိမ်များအလား တည်ရှိနေသော ကမ္ဘာ့စည်းမျဉ်းများဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။
ဝမ်ချောင် မြင်တွေ့နေရသော ဤအရာများကို အခြားသော သိုင်းသမားများသာ မြင်တွေ့ခွင့် ရမည်ဆိုပါက၊ လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားကြပေလိမ့်မည်။ မြူခိုးများကို ဖယ်ရှားကာ အနှစ်သာရကို တိုက်ရိုက် မြင်တွေ့ရသည့် ဤအဆင့်အတန်းမျိုးမှာ မရေမတွက်နိုင်သော သိုင်းသမားများ၏ အိပ်မက်ပင် မဟုတ်ပါလော။
သို့သော်လည်း ဤအရာများကို ကြည့်ရင်း ဝမ်ချောင်မှာမူ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိတော့သည်။
မြို့တော်မှ တိုက်ပွဲတွင် လီရွှမ်တု၏ အကူအညီကို ရရှိကာ ယခု အဆင့်အတန်းသို့ တက်လှမ်းနိုင်ခဲ့ကတည်းက၊ ဝမ်ချောင်၏ ဂူကောင်းကင်စည်းမျဉ်းများအပေါ် နားလည်မှုမှာ ဤနေရာ၌ပင် ရပ်တန့်နေခဲ့ပြီး၊ မည်သည့် အသွင်ပြောင်းလဲမှုမျိုးမျှ ထပ်မံ မရှိတော့ပါချေ။
ဝမ်ချောင်၏ ဤကဲ့သို့သော တိုးတက်မှုနှုန်းမှာ သာမန် သိုင်းသမားများအတွက်မူ အလွန် မြန်ဆန်လှသည်ဟုဆိုရမည် ဖြစ်သော်လည်း၊ ဝမ်ချောင်အတွက်မူ လုံလောက်ရန် ဝေးစွပါသေးသည်။
အချိန်က လူကို မစောင့်ပါချေ။ အကယ်၍ ဂူကောင်းကင်အဆင့်သို့ အောင်မြင်စွာ မဝင်ရောက်နိုင်ခဲ့ပါက၊ စစ်မြေပြင်သို့ ရောက်သည့်အခါ ထိုက်ရှီနှင့် တွေ့ဆုံရလျှင် သေတွင်းသို့ သက်ဆင်းရုံသာ ရှိတော့မည်။
“တကယ်တော့... ဘယ်လို လုပ်မှ ဂူကောင်းကင်အဆင့်ကို အောင်မြင်စွာ ရောက်ရှိနိုင်မှာလဲ?”
ဝမ်ချောင်သည် သူ၏ ရင်ထဲ၌ တိုးတိတ်စွာ မေးမြန်းနေမိသည်။
သူသည် စစ်မှန်သော ဂူကောင်းကင်အဆင့်နှင့် အမှန်တကယ် မဝေးလှတော့ကြောင်းကို ခံစားနေရသည်။ နောက်ဆုံးသော အဓိက အချက်တစ်ခုကိုသာ သိရှိလိုက်သည်နှင့် သူသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ရောက်နိုင်တော့မည် ဖြစ်၏။ ထိုက်ချန်၏ ဂူကောင်းကင်အချက်အချာ၊ လီရွှမ်တု ပေးအပ်ခဲ့သော အကူအညီများ၊ ထို့ပြင် မြို့တော်မှ တိုက်ပွဲတွင် ထိုက်ရှီနှင့် လီရွှမ်တုတို့ဆီမှ သူ နားလည်ခဲ့သော ဂူကောင်းကင်စည်းမျဉ်းများကို ပေါင်းစပ်ကာ ဂူကောင်းကင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေလျက်၊ ဝမ်ချောင်သည် သူ၏ ရှေ့မှောက်၌ ပေါ်ထွက်နေသော စည်းမျဉ်းကမ္ဘာနှင့် အချိန်နှင့်အာကာသ၏ အစစ်အမှန် ပုံရိပ် များကို ကြည့်ရင်း၊ သူ၏ ဦးနှောက်ထဲ၌ အဝါရောင် နဂါးမင်း၊ ထိုက်ချန်၊ ထိုက်ရှီ၊ လီရွှမ်တုနှင့် သူတော်စင်ဧကရာဇ်တို့၏ ပုံရိပ်များမှာ အဆက်မပြတ် ပေါ်ထွက်နေတော့သည်။
ဝမ်ချောင်ထိတွေ့ခဲ့ဖူးသော ဂူကောင်းကင်အဆင့်ကျွမ်းကျင်သူ အားလုံးနှင့် သူတို့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ဂူကောင်းကင်အဆင့် စွမ်းဆောင်ရည် အားလုံးမှာ၊ ဤအခိုက်အတန့်၌ ဝမ်ချောင်၏ မျက်စိရှေ့တွင် ရုပ်ရှင်ပြကွက်များအလား တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။
အချိန်နှင့်အာကာသ အလင်းကွင်းများမှာ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသည်ဖြစ်စေ၊ မှင်ကဲ့သို့ နက်မှောင်သည်ဖြစ်စေ၊ သို့မဟုတ်ပါက မှောင်ရွှေရောင် ဖြစ်နေသည်ဖြစ်စေ... ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်နေကြကုန်၏။
ထိုအချိန်နှင့်အာကာသ အလင်းကွင်းများ၏ အတွင်းပိုင်းမှာလည်း အူလမ်းကြောင်းကဲ့သို့ ကျဉ်းမြောင်းသည်ရှိသလို၊ လမ်းမကြီးတစ်ခုအလား ကျယ်ဝန်းသည်လည်း ရှိပေသည်။ သို့မဟုတ်ပါက အတွင်း၌ တွန့်လိမ်နေသော ကျောက်ဂူများအလား ရှိနေသည်ဖြစ်စေ၊ မှန်ချပ်တစ်ခုအလား ချောမွေ့နေသည်ဖြစ်စေ၊ တိုင်လုံးတစ်ခုအလား မတ်မတ် ရှိနေသည်ဖြစ်စေ……
ဤခရီးတစ်လျှောက်တွင် ဝမ်ချောင်ထိတွေ့ခဲ့ဖူးသော ဂူကောင်းကင်အဆင့် ကျွမ်းကျင်သူ အရေအတွက်မှာ လူအများစု တစ်သက်လုံး မြင်တွေ့နိုင်သည်ထက်ပင် များပြားလှပေသည်။ ပို၍ အရေးကြီးသည်မှာ ဝမ်ချောင်သည် အချိန်နှင့်အာကာသ လမ်းကြောင်းများ၏ အတွင်းပိုင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးသဖြင့်၊ အချိန်နှင့်အာကာသ စွမ်းအားများအပေါ် နားလည်မှုမှာ အဆင့်တူ အနုစိတ်နယ်ပယ် အဆင့်ကျွမ်းကျင်သူများထက် များစွာ သာလွန်နေခြင်းပင် ဖြစ်၏။
သို့သော်ငြားလည်း၊ အနုစိတ်နယ်ပယ် အဆင့်မှ ဂူကောင်းကင်အဆင့်သို့မှာမူ ကြီးမားလှသော ကွာဟချက်ကြီးတစ်ခုရှိနေဆဲပင် ဖြစ်သည်။ နောက်ဆုံးသော အဓိက အချက်ကို မကျော်ဖြတ်နိုင်ပါက၊ လက်တစ်ကမ်း အကွာအဝေးမှာပင် မိုင်ပေါင်း သောင်းချီ၍ ဝေးကွာနေသကဲ့သို့ ရှိပေမည် နားလည်သွားခဲ့လျှင်မူ မိုင်ပေါင်း သောင်းချီ ဝေးကွာသည့်တိုင် လက်တစ်ကမ်း အကွာအဝေးသာ ဖြစ်ပေလိမ့်မည်။
“ဒါပေမဲ့... ဘယ်လိုလုပ်မှ အောင်မြင်နိုင်မှာလဲ”
ဝမ်ချောင်သည် မိမိဘာသာ တိုးတိတ်စွာ ရေရွတ်နေမိသည်။
အနုစိတ်နယ်ပယ် အဆင့်မှ ဂူကောင်းကင်အဆင့်သို့ ရောက်ရှိရန်အတွက် စုပ်ယူပြီး နားလည်ရမည့် ဂူကောင်းကင် သတင်းအချက်အလက်များမှာ အလွန်တရာ များပြားလွန်းလှပေသည်။ ပါရမီ ထူးချွန်လှသော သူတော်စင်ဧကရာဇ်ပင်လျှင် ထိုစဉ်က ခြောက်လကျော် အချိန်ယူခဲ့ရသည် မဟုတ်ပါလော။ သို့သော် ယခုအခါ ဝမ်ချောင်အတွက် ကျန်ရှိနေသော အချိန်မှာ ၁၀ ရက်ကျော်သာ ရှိတော့ပေရာ၊ ဤမျှ တိုတောင်းလှသော အချိန်အတွင်း ဂူကောင်းကင်အဆင့်ကို ဖြတ်ကျော်ရန်မှာ မည်သို့လျှင် လွယ်ကူပါမည်နည်း။
ဝမ်ချောင်သည် တစ်ဦးတည်း အတန်ကြာ တွက်ချက်နေသော်လည်း အဖြေရှာမရဘဲ ရှိနေသဖြင့်၊ သူ၏ ရင်ထဲ၌ ပိုမို၍ စိတ်ရှုပ်ထွေးလာတော့သည်။
အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက်၊ ဝမ်ချောင်သည် လျှပ်စီးတန်းတစ်ခုအလား နန်းဆောင်အတွင်းမှ ပျံထွက်သွားခဲ့ပြီး တံခါးပြင်ပတွင် ပျောက်ကွယ်သွားတော့သည်။
မြို့တော်၏ ကောင်းကင်ယံထက်တွင် အုံ့မှိုင်းလှသော တိမ်တိုက်များ ဖုံးလွှမ်းနေလျက်၊ ထို တိမ်တိုက်များကြားမှနေ၍ အေးစိမ့်လှသော လေပြင်းများနှင့်အတူ နှင်းမှုန်များမှာ မြို့တော် တစ်ပြင်လုံးဆီသို့ တဖွဲဖွဲ ကျဆင်းလာတော့သည်။
အအေးလှိုင်းများ တောင်ဘက်သို့ ဆင်းလာသည်နှင့်အမျှ၊ မြောက်ဘက်ရှိ မြို့တော်သည်လည်း နောက်ဆုံး၌ သက်ရောက်မှုများကို ခံစားလာရပြီဖြစ်ရာ၊ မြို့တော်တစ်ခုလုံး၌ ပထမဆုံးအကြိမ်အဖြစ် နှင်းပွင့်များ လွင့်ပျံလာခြင်း ဖြစ်၏။
သို့သော် မြောက်ဘက်ရှိ နိုင်ငံအသီးသီးနှင့် မတူညီသည်မှာ၊ မြို့တော်၏ ဤနှင်းမုန်တိုင်းမှာ သာမန် ဆောင်းရာသီတစ်ခုနှင့်သာ တူညီနေပြီး၊ ထိုမျှအထိ အလွန်အမင်း အေးစိမ့်ခြင်း မရှိသေးပါချေ။
နောက်တစ်ခဏ၌ တိမ်တိုက်များ၏ အောက်ဘက် ပေပေါင်း ဆယ်ချီ အကွာအဝေးရှိ နေရာတွင်၊ အလင်းရောင် တစ်ချက် လက်သွားပြီးနောက် ပုံရိပ်တစ်ခုမှာ ဟာလာဟင်းလင်း ပြင်ထဲ၌ ပေါ်ထွက်လာတော့သည်။ ထိုသူမှာ ဝမ်ချောင်ပင် ဖြစ်၏။
အေးစိမ့်လှသော လေပြင်းများ၏ တိုက်ခတ်မှုကြောင့် ဝမ်ချောင်သည် တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့ရပြီး သူ၏စိတ်မှာလည်း နောက်ဆုံးတွင် များစွာပြန်လည် တည်ငြိမ်သွားခဲ့ရသည်။
ဂူကောင်းကင်၊ အချိန်နှင့်အာကာသ၊ စည်းမျဉ်း၊ လောကတရား……
ဤအရာများကြားတွင် မည်သို့သော ဆက်နွှယ်မှုများ ရှိနေသနည်း၊ ဂူကောင်းကင်အဆင့်၏ အစစ်အမှန် အနှစ်သာရမှာ တကယ်တော့ ဘာလဲ။
ဝမ်ချောင်သည် သူ၏ ရင်ထဲ၌ တိုးတိတ်စွာ မေးမြန်းနေမိသည်။
သူ၏အကြည့်များမှာ ကောင်းကင်ယံကို ဖြတ်ကျော်ကာ၊ တိမ်တိုက်များကို ကျော်လွန်လျက်၊ အထပ်ထပ်သော အာကာသလွှာများကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် မြေကမ္ဘာပေါ်သို့ ကျရောက်သွားတော့သည်။ သူ ရပ်နေသော နေရာမှ ငုံ့ကြည့်လိုက်မည်ဆိုပါက မြို့တော်တစ်ခုလုံးမှာ သူ၏မြင်ကွင်းအတွင်းသို့ ရောက်ရှိနေပေသည်။
ဝမ်ချောင်သည် မြို့တော်အတွင်းရှိ အိမ်ဂေဟာများနှင့် လမ်းမပေါ်မှ လမ်းသွားလမ်းလာများကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရ၏။
သို့သော် နောက်တစ်ခဏ၌ ဝမ်ချောင်၏ အကြည့်များမှာ မြို့တော်၏ အရှေ့မြောက်ဘက်ဆီသို့ ရောက်ရှိသွားသည့် အခိုက်အတန့်၌၊ သူ၏ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ထွက်လာတော့သည်။
တစ်စုံတစ်ဦး၏ အကြည့်များမှာ မိမိအား စောင့်ကြည့်နေသကဲ့သို့ ဝမ်ချောင်မသိမသာ ခံစားလိုက်ရခြင်းပင် ဖြစ်၏။
“မျိုးနွယ်ခြားဘုရင်”
မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ အသံတစ်ခု ဝမ်ချောင်၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
“ကောင်းအမတ်ကြီး”
ဝမ်ချောင်၏ရင်ထဲ၌ တစ်ချက် တုန်လှုပ်သွားခဲ့ပြီး ထိုအသံကို ချက်ချင်းပင် မှတ်မိလိုက်သည်။
ယခုအခိုက်အတန့်၌ အရှေ့မြောက်ဘက်ရှိ နှင်းမှုန်များကြားမှနေ၍ မိမိအား စောင့်ကြည့်နေသူမှာ၊ သူတော်စင်ဧကရာဇ်အတွက် တော်ဝင်ဂူဗိမာန်ကို စောင့်ရှောက်ပေးနေသော ကောင်းအမတ်ကြီးမှလွဲ၍ အခြားသူ မည်သူ ရှိပါဦးမည်နည်း။
“မင်းက ဂူကောင်းကင်အဆင့်ကို နားလည်ဖို့ ကြိုးစားနေတာလား၊ နောက်ဆုံး တစ်ဆင့်ပဲ ကျန်တော့တာလား”
လေဟာနယ်လွှာများကို ဖြတ်ကျော်လျက်၊ ကောင်းအမတ်ကြီး၏သိစိတ်မှာ ဝမ်ချောင်၏ နားထဲသို့ ရောက်ရှိလာခဲ့ပြီး သူ၏ အသံထဲတွင်လည်း သံသယရိပ်အချို့ ပါဝင်နေပေသည်။
“ဟုတ်ကဲ့!”
ဝမ်ချောင်သည် ခေတ္တမျှ တွေဝေသွားပြီးနောက်၊ မကြာမီမှာပင် ခေါင်းညိတ်ပြလိုက်လေသည်။
လောကတစ်ခုလုံးမှာ ခဏချင်းအတွင်း တိတ်ဆိတ်သွားခဲ့ရပြီး၊ အတန်ကြာပြီးနောက်တွင်မှ ကောင်းအမတ်ကြီး၏ အသံမှာ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာတော့သည်။
“မယုံနိုင်စရာပဲ။ ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ မင်းက ဒီအဆင့်အထိ ရောက်နေပြီလို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”
ကောင်းအမတ်ကြီး၏အသံထဲတွင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးသံများ ပါဝင်နေပေတော့သည်။
******