← Chapters

အခန်း ၂၁၄၈

Vol. 133 Ch. 2148

အခန်း ၂၁၄၈

Vol. 133 Ch. 2148

အခန်း (၂၁၄၈) ဂူကောင်းကင်အဆင့်၊ တစ်လှမ်းတည်းနှင့် ကောင်းကင်သို့ တက်လှမ်းခြင်း

ဤအခိုက်အတန့်၌ အချိန်များသည် အဆပေါင်းများစွာ နှေးကွေးသွားသကဲ့သို့ ရှိနေ၏။ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ၊ အဆက်မပြတ် ကျဆင်းနေသော ထို နှင်းပွင့်များမှာ ရုတ်တရက် အဆပေါင်းများစွာ ပေါ့ပါးသွားသကဲ့သို့ ရှိနေပြီး၊ ကျဆင်းနေသည့် အရှိန်မှာလည်း လိုက်ပါ နှေးကွေးသွားတော့သည်။

ဝမ်ချောင်၏ ဦးနှောက် နက်ရှိုင်းရာနေရာရှိ ရှုပ်ထွေးပြီး ပြန့်ကျဲနေသော ဂူကောင်းကင်အဆင့်နှင့် သက်ဆိုင်သည့် အသိပညာများ၊ စွမ်းအားများသည် တစ်စုံတစ်ရာသော ဆွဲဆောင်မှုကို ခံလိုက်ရသည့်အလား၊ ဝမ်ချောင်၏ စိတ်အာရုံထဲမှ စစ်တုရင်ခုံသဖွယ် ရှိနေသော မြို့တော် ပုံရိပ်ငယ်နှင့် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြတော့သည်။

ဤအခိုက်အတန့်၌ ဝမ်ချောင်သည် အလွန်ထူးခြားဆန်းပြားလှသော ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

“ဝုန်း!”

တစ်ခဏတာမျှသာ ကြာလိုက်သကဲ့သို့ ရှိသော်လည်း၊ အလွန်ကြာရှည်လှသော ရာစုနှစ်များစွာကို ဖြတ်သန်းသွားရသကဲ့သို့လည်း ရှိပေသည်။ မိုးကြိုးတစ်ချက် ပေါက်ကွဲထွက်လာသည့်အလား၊ မြို့တော်တစ်ခုလုံး ရှိ ပြည်သူများမှာ ကောင်းကင်နှင့်မြေကြီးကို တုန်ဟိန်းစေသော ပေါက်ကွဲသံကြီး တစ်ခုကို ကြားလိုက်ကြရသည်။ ကောင်းကင်ယံ မြင့်မားရာ အရပ်၌မူ၊ အချိန်အတော်ကြာ ပိတ်ဆို့နေခဲ့သော အတားအဆီးကို ချိုးဖျက်လိုက်ပြီးနောက်၊ ဝမ်ချောင်သည် နောက်ဆုံးတွင်မူ ပိုမိုမြင့်မားလှသော အဆင့်တစ်ခုသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သော်လည်း ဝမ်ချောင်၏ အရှိန်အဝါ တိုးတက်မှုနှုန်းမှာ အနည်းငယ် နှေးကွေးနေသေး၏။

“မလုံလောက်သေးဘူး။ ပိုပြီး မြင့်တဲ့ အဆင့်ကို သွားရမယ်!”

ဝမ်ချောင်၏ ရင်ထဲ၌ ဤအတွေး ဖြတ်ပြေးသွားသည်နှင့် တစ်ပြိုင်နက်၊ ဝုန်း ဟူသော အသံ၊ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး၊ အနောက် တာ့ခ်မှ ပြန်လည် ရောက်ရှိလာသော ပထမ ရှန်ထိုက်နှင့် ဒုတိယရှန်ထိုက်တို့မှာ မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်းမှနေ၍ ရုတ်တရက် ပျံထွက်လာကြပြီး ဝမ်ချောင်၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ပေါ်ထွက်လာကြတော့သည်။

ကြီးမားလှသော ရှန်ထိုက်နှစ်ဦး၏ လက်ဝါးများမှာ ဝမ်ချောင်၏ ပခုံးနှစ်ဖက်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့ပြီး၊ ထိုစဉ်က သိမ်းပိုက်ခဲ့သော ထိုက်ချန်၏ ဂူကောင်းကင်အချက်အချာနှင့်အတူ ပြိုင်ဘက်ကင်းလှသော ကျင့်စဉ် အဟုန်များမှာ ဝမ်ချောင်၏ ကိုယ်တွင်းသို့ တစ်ဟုန်ထိုး စီးဝင်သွားတော့သည်။

ရှန်ထိုက် နှစ်ဦး၏ ကူညီမှုကြောင့် ဝမ်ချောင်၏ အဆင့်အတန်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ဂူကောင်းကင်အဆင့်အပေါ် နားလည်မှုမှာလည်း မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်း သောင်းချီ ခရီးရောက်သွားတော့သည်။

“ဝုန်း!”

သို့သော်ငြားလည်း ဤအရာမှာ ပြီးဆုံးသွားခြင်း မရှိသေးချေ။ ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ ဝမ်ချောင်၏ခန္ဓာကိုယ် အနောက်ဘက်၌ အလင်းနှင့် အရိပ်များမှာ တစ်ခုနှင့်တစ်ခု ထိခတ်သွားခဲ့ပြီး၊ ဟာလာဟင်းလင်းပြင်မှာ ပြောင်းလဲသွားကာ၊ ရွှေရောင်ဝင်းလက်ပြီး ခန့်ညားထည်ဝါလှသော ကောင်းကင်ဘုံ၃၃ထပ်မှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ အထပ်ထပ်သော မျှော်စင်မှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှပေသည်။

သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ ထိုကောင်းကင်ဘုံ၃၃ထပ်မှာ ရုတ်တရက် ပြိုလဲသွားခဲ့ပြီး အစိပ်စိပ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။

များမကြာမီမှာပင်၊ မသိမသာသော စွမ်းအားတစ်ခု၏ သက်ရောက်မှုကြောင့်၊ ထိုကောင်းကင်ဘုံ၃၃ထပ်မှာ ဝမ်ချောင် နားလည်သဘောပေါက်သွားသော ဂူကောင်းကင်စည်းမျဉ်းစွမ်းအားများနှင့် ကမ္ဘာ့စည်းမျဉ်းများကို ပေါင်းစပ်ကာ၊ နည်းလမ်းအသစ် တစ်မျိုးဖြင့် ပြန်လည် ပေါင်းစပ် ဖွဲ့စည်းလာတော့သည်။

ဤသည်မှာ သာမန် သုံးဆယ့်သုံးဘုံ မဟုတ်တော့သလို၊ သာမန် မဟာလော့ဝ်သိုင်းလည်း မဟုတ်တော့ပါချေ။ ၎င်းမှာ ကမ္ဘာ့စည်းမျဉ်း စွမ်းအားများဖြင့် ပြန်လည်တည်ဆောက်ထားသော ကောင်းကင်ဘုံ၃၃ထပ် အသစ် ဖြစ်ပေရာ၊ ခွန်အားမှာ ယခင်ကထက် များစွာသာလွန်နေတော့သည်။

အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက် စိတ်အာရုံ လှုပ်ရှားလိုက်ရုံမျှဖြင့် စည်းမျဉ်းအသစ်များဖြင့် တည်ဆောက်ထားသော၊ ရွှေရောင်ဝင်းလက်ပြီး ခမ်းနားလှသော ကျောက်စိမ်းနန်းဆောင်ကြီးတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

အစပိုင်းတွင် တစ်ထပ်သာ ရှိသေးသော်လည်း၊ ပေါက်ကွဲသံများနှင့်အတူ ဒုတိယအထပ်၊ တတိယအထပ်၊ စတုတ္ထအထပ်…… စသည်ဖြင့် လျင်မြန်စွာ တိုးပွားလာတော့သည်။ ခုနစ်ထပ်၊ ရှစ်ထပ်၊ ကိုးထပ်…… ဆယ့်တစ်ထပ်၊ ဆယ့်နှစ်ထပ်…… ကောင်းကင်ဘုံ၃၃ထပ်၏ ပြန်လည်တည်ဆောက်မှုဖြစ်စဉ်မှာ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုမြန်ဆန်လှပေသည်။

ဆယ့်သုံးထပ်သို့ ရောက်ရှိသွားရုံမျှဖြင့် ဝမ်ချောင်၏ အရှိန်အဝါ ပြင်းထန်မှုမှာ ယခင်က အထပ်နှစ်ဆယ်ကျော်အဆင့်နှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သော်လည်း၊ ယခု ဝမ်ချောင်၏ အရှိန်အဝါ တိုးတက်မှုမှာ ရပ်တန့်သွားခြင်း မရှိသေးပါချေ။

ဤမျှသာမကဘဲ ထိုကောင်းကင်ဘုံ၃၃ထပ်အသစ်ကြီးမှာ ယခင်က တစ်ခါမျှ မရှိဖူးသေးသော အချိန်နှင့်အာကာသ လှိုင်းတစ်ခုကိုလည်း ထုတ်လွှတ်နေတော့သည်။

ဤသည်မှာ ဝမ်ချောင်တစ်ဦးတည်းသာ ပိုင်ဆိုင်သော စွမ်းဆောင်ရည် အသစ်ပင် ဖြစ်၏။

မဟာလော့ဝ်၏ ကောင်းကင်ဘုံ၃၃ထပ် နှင့် ဂူကောင်းကင်အချက်အချာတို့အား တစ်ခုတည်းအဖြစ် ပေါင်းစပ်နားလည်လိုက်ခြင်းမှာ၊ မဟာလော့ဝ်နတ်သိုင်းကို ဖန်တီးခဲ့သူပင်လျှင် တစ်ခါမျှ မတွေးမိခဲ့သော အချက်ပင် ဖြစ်တော့သည်။

“ဟူး!”

နှင်းမုန်တိုင်းများမှာ တစ်ညံညံ တိုက်ခတ်နေ၏။ ကောင်းကင်ယံ မြင့်မားရာ အရပ်မှ ဤ အပြောင်းအလဲများမှာ သာမန်ပြည်သူများအတွက်မူ အခြားသော ကမ္ဘာတစ်ခုတွင် ဖြစ်ပျက်နေသည့်အလား ဝေးကွာလွန်းလှသဖြင့် သူတို့၏ သိမြင်နိုင်စွမ်း နယ်ပယ်ထက် များစွာကျော်လွန်နေပေသည်။ သို့သော်လည်း အခြားသော သိုင်းသမားများအတွက်မူ ထိုသို့ မဟုတ်ပါချေ။

စုအိမ်တော်

စုကျန်းချန်သည် ဝါးကုလားထိုင် တစ်လုံးပေါ်၌ ထိုင်နေလျက် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်နေ၏။ ရုတ်တရက် ကောင်းကင်ယံမှ အပြောင်းအလဲများကို ခံစားမိလိုက်သည့်အခါ သူသည် တစ်ချက်လန့်သွားခဲ့ပြီး မျက်လုံးများကို ပြင်းထန်စွာ ဖွင့်လျက် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်မိသည်။

“ဒါက ဂူကောင်းကင်ပဲ…… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

စုကျန်းချန်သည် အဝါရောင် နဂါးမင်းနှင့် တိုက်ခိုက်ခဲ့ဖူးသူဖြစ်ရာ၊ယခုအခါ ဝမ်ချောင်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အဝါရောင် နဂါးမင်းနှင့် ဆင်တူနေကြောင်း သူ ခံစားလိုက်ရခြင်း ဖြစ်၏။

တစ်လှမ်းတည်းနှင့် ကောင်းကင်သို့ တက်လှမ်းခြင်း

စစ်မှန်သော တစ်လှမ်းတည်းနှင့် ကောင်းကင်သို့ တက်လှမ်းခြင်းပင် ဖြစ်တော့သည်။

အနုစိတ်နယ်ပယ် အဆင့်သို့ ရောက်ရှိနိုင်သော ကျွမ်းကျင်သူမှာ တစ်လောကလုံးရှိ အမှောင်နှင့် အလင်း အင်အားစုများ အားလုံး ပေါင်းလိုက်လျှင်ပင် နည်းပါးလှသည် မဟုတ်ချေ။ သို့သော်လည်း ဂူကောင်းကင်အဆင့်သို့ ရောက်ရှိနိုင်သူမှာမူ အနက်ရောင်ဝတ် အဖွဲ့အစည်းအပါအဝင် တစ်လောကလုံး၌ပင် အလွန် ရှားပါးလှပေသည်။

ယခုအခါ ဝမ်ချောင်သည် ဂူကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ ဤသည်မှာ စစ်မှန်သော တစ်လှမ်းတည်းနှင့် ကောင်းကင်သို့ တက်လှမ်းခြင်းပင်။ ယနေ့မှစ၍ တစ်လောကလုံးတွင် ဝမ်ချောင်အား ဖိနှိပ်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ကောင်းကင်ယံမှ အခြေအနေများကို ကြည့်ခြင်းအားဖြင့် ဝမ်ချောင်မှာ ယခုအချိန်အထိ အဆက်မပြတ် တိုးတက်နေဆဲဖြစ်ရာ၊ သူ နောက်ဆုံး မည်သည့် အဆင့်အထိ ရောက်ရှိသွားမည်နည်း ဆိုသည်မှာ မည်သူမျှ ခန့်မှန်းနိုင်စွမ်း မရှိတော့ပါချေ။

ယခုအခိုက်အတန့်၌ ကောင်းကင်ယံမှ အပြောင်းအလဲများကို စောင့်ကြည့်နေသူမှာ စူးအိမ်တော်မှ စုကျန်းချန် တစ်ဦးတည်း မဟုတ်ပါချေ။

“တကယ်ကို ကောင်းကင်က ချီးမြှင့်ထားတဲ့ ပါရမီရှင်ပါပဲ၊ အရှင်မင်းမြတ်... အရှင် လူမမှားခဲ့ပါဘူး”

ဝေးကွာလှသော အရှေ့မြောက်ဘက်ရှိ တော်ဝင်ဂူဗိမာန်ရှေ့တွင်၊ ကောင်းလီရှီသည် မြက်တဲလေးရှေ့၌ ထိုင်နေလျက်၊ ကောင်းကင်ယံမှ အပြောင်းအလဲများကို ခံစားရင်း ရင်ထဲ၌ သက်ပြင်းချကာ ဆိုလိုက်သည်။

သူသည် ဝမ်ချောင်နှင့် စကားပြောပြီးနောက်တွင် အရှိန်အဝါများကိုသာ ရုပ်သိမ်းထားခဲ့ခြင်း ဖြစ်ပြီး ပျောက်ကွယ်သွားခြင်း မဟုတ်ပါချေ။

ကောင်းအမတ်ကြီးပင်လျှင် မထင်မှတ်ထားခဲ့သည်မှာ၊ သူက သူတော်စင်ဧကရာဇ်၏ စကားအနည်းငယ်ကိုသာ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်ပါသော်လည်း၊ ဝမ်ချောင်မှာမူ ထိုစကားများမှတစ်ဆင့် ခွန်အားများကို စုပ်ယူကာ အတားအဆီးကို ဖြတ်ကျော်လျက် ဂူကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။

ရှေးခေတ်မှ ယနေ့အထိ ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် အဆင့်တက်လှမ်းနိုင်သူ တစ်ဦးမျှ မရှိခဲ့ဖူးပါချေ။

လက်ရှိ ဝမ်ချောင်၏ ကျင့်စဉ်အဆင့်အရဆိုလျှင်၊ မဟာထန်အင်ပါယာတစ်ခုလုံး၌ သူတော်စင်ဧကရာဇ်နှင့် မည်သည့်နေရာသို့ ရောက်နေသည် မသိသောတို့မှလွဲ၍ ဝမ်ချောင်အား ကျော်လွန်နိုင်သူ မရှိတော့ပါချေ။

ဤအခိုက်အတန့်မှစ၍ ဝမ်ချောင်သည် တစ်လောကလုံးရှိ ထိပ်တန်း အဆင့်မြင့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ စာရင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော တိုးတက်မှုမျိုးကို ကောင်းအမတ်ကြီးပင် မထင်မှတ်ထားခဲ့သဖြင့် သူ အလွန်ပင် ဝမ်းမြောက်နေမိတော့သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။ ဝမ်ချောင်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ပိုမို၍သန်မာလာခဲ့ရာ၊ တစ်ခဏတာမျှ အချိန်အတွင်းမှာပင် မြို့တော်တစ်ခုလုံးရှိ ပြည်သူများမှာ မသိမသာသော ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။ သို့သော် ခေတ္တမျှ ကြာပြီးနောက်တွင်မူ အရာရာမှာ ပျောက်ကွယ်သွားခဲ့ပြီး၊ ဝမ်ချောင်ပင်လျှင် ကောင်းကင်ယံထက်မှ ပျောက်ကွယ်သွားတော့သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။ အအေးလှိုင်းများမှာ တောင်ဘက်သို့ အရှိန်အဟုန်ဖြင့် ဆင်းလာနေပြီး၊ ရာသီဥတုမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမို အေးစိမ့်လာတော့သည်။ အရှေ့ဘက် ဒေသတစ်ခုလုံးရှိ နိုင်ငံအသီးသီးကြားတွင်၊ အရှေ့နှင့် အနောက် တာ့ခ်တို့ကြားမှ ခေတ္တမျှ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းမှလွဲ၍ အပြင်ပန်း၌ ငြိမ်သက်နေပါသော်လည်း၊ စစ်ပွဲ၏ အငွေ့အသက်များမှာမူ ယခင်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လာတော့သည်။

တိတ်တဆိတ်အားဖြင့် နိုင်ငံအသီးသီးမှာ စစ်သည်များကို လေ့ကျင့်ပေးခြင်း၊ ရိက္ခာများ စုဆောင်းခြင်းနှင့် စစ်တပ်ကြီးများကို ပြင်ဆင်ခြင်းများ လုပ်ဆောင်နေကြသည်။

ဝေးကွာလှပြီး တိမ်တိုက်များအထိ မြင့်မားလှသော ယွီစန်းအင်ပါယာမှသည် အရှေ့ဘက် ကမ်းရိုးတန်းရှိ ဂိုဂူလျော အင်ပါယာအထိ၊ အားလုံးမှာ ထိုနည်းတူပင် ဖြစ်၏။ ရာသီဥတုမှာ အလွန် အေးစိမ့်နေပါသော်လည်း၊ မြေပြင်ပေါ်၌ မီးခိုးများမှာ တစ်လိမ့်လိမ့် တက်နေလျက်၊ နိုင်ငံအသီးသီးမှာ လက်နက်များကို အလျင်အမြန် သွန်းလုပ်နေကြသလို စစ်သည်အင်အားများကိုလည်း အကြီးအကျယ် တိုးချဲ့နေကြသည်။

ဤသည်မှာ ယခင်က တစ်ခါမျှ မရှိဖူးသေးသော ထူးခြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။ နိုင်ငံအသီးသီးမှာ နှုတ်ဆိတ်နေကြသော်လည်း စစ်သည်အင်အား တိုးချဲ့သည့် လုပ်ငန်းစဉ်တွင်မူ နားလည်မှု ရှိစွာဖြင့် လုပ်ဆောင်နေကြခြင်း ဖြစ်၏။

မြေပြင်ပေါ်၌ စစ်ပွဲအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်နှင့်အမျှ၊ သာမန်လူသားများ မမြင်တွေ့နိုင်သော ကောင်းကင်ယံ အပြောင်းအလဲအတွင်း၌လည်း ထိုနည်းတူ ပြောင်းလဲမှုများ ဖြစ်ပေါ်နေတော့သည်။ ကြယ်တာရာများအတွင်း၌ နိုင်ငံအသီးသီး၏ နယ်မြေများမှာ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေပေသည်။

ဆယ်ရက်ကျော် ကြာပြီးနောက်တွင်မူ၊ ထိုကဲ့သို့သော အေးစိမ့်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး နောက်ဆုံး၌ အနှစ်သာရ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

“ဝုန်း ဝုန်း ဝုန်း”

မွန်းတည့်အချိန်၌ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ မြို့တော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဂျောက် ဟူသော အသံနှင့်အတူ၊ အနောက်တောင်ဘက်ရှိ မြင့်မားလှသော မြို့ရိုးတစ်ခုမှာ ရုတ်တရက် ပြိုကျသွားခဲ့ပြီး အုတ်ခဲများနှင့် ကျောက်တုံးများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

တော်ဝင်နက္ခတ်ဗေဒနှင့် ကံကြမ္မာစောင့်ကြည့်ရေးဌာန တည်ရှိရာ နေရာ၌လည်း၊ ဂျောက် ဟူသော အသံနှင့်အတူ ဧရာမ နေနာရီပုံစံ ကြယ်ကြည့်စင်ကြီးမှာ အလယ်ဗဟိုမှနေ၍ ကွဲအက်သွားခဲ့ပြီး နှစ်ခြမ်း ကွဲထွက်သွားတော့သည်။

ချင်းထျန်းကျန့် အရာရှိ ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ ကောင်းကင်ယံ အပြောင်းအလဲများကို တွက်ချက်နေစဉ်၊ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ထိတ်လန့်တုန်လှုပ်လျက် မြေပြင်ပေါ်သို့ အစီအစဉ်မကျ လဲကျကုန်ကြတော့သည်။

“ဘာတွေ ဖြစ်နေတာလဲ? ကြယ်ကြည့်စင် ဆိုတာ အလယ်ပိုင်းဒေသရဲ့ နဂါးအရှိန်အဝါတွေ စုစည်းရာ နေရာဖြစ်သလို၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက ယွမ်ထျန်ကန်း ဆရာကြီး ကိုယ်တိုင် တည်ဆောက်ခဲ့တာပဲ။ ဒါက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ကွဲအက်သွားနိုင်ရတာလဲ?”

တစ်ကိုယ်လုံး ဖုန်မှုန့်များ ဖုံးလွှမ်းနေပါသော်လည်း လူတိုင်းမှာ မိမိတို့၏ အခြေအနေကို ဂရုမစိုက်နိုင်တော့ဘဲ၊ နှစ်ခြမ်းကွဲသွားသော ကြယ်ကြည့်စင်ကြီးကို ကြည့်ရင်း အလွန်အမင်း ထိတ်လန့်နေကြတော့သည်။

လွန်ခဲ့သော နှစ်ပေါင်း ရာချီက၊ ထိုက်ကျုံး ဧကရာဇ်ခေတ်ကာလမှ ယွမ်ထျန်ကန်း ဆရာကြီးမှာ၊ ချင်းထျန်းကျန့် အရာရှိ အားလုံးနှင့် တစ်လောကလုံးရှိ ပညာရှင်များ အလေးစားဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေရာ၊ သိုင်းပညာလောကရှိ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦးနှင့် တူညီလှပေသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မှ သွန်းလုပ်ခဲ့သော ကြယ်ကြည့်စင်မှာ အလွန်ပင် ခိုင်မာလှပေသည်။ တည်ဆောက်စဉ်ကတည်းက အသေအချာ တွက်ချက်ထားခဲ့ခြင်း ဖြစ်ရာ၊ ကောင်းကင်နှင့် မြေကြီး ပျက်စီးသွားလျှင်ပင် ၎င်းမှာ အနည်းငယ်မျှ ထိခိုက်လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း ယခုအခါ ကြယ်ကြည့်စင်ကြီးမှာ တစ်ခဏအတွင်း ပြိုပျက်သွားခဲ့ခြင်းမှာ တကယ်ပင် မယုံနိုင်စရာပင် ဖြစ်တော့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက ယွန်ဆရာကြီး သက်ရှိထင်ရှား ရှိစဉ်က ပြောခဲ့ဖူးတာကတော့... ‘နေနာရီ ရှိနေသရွေ့ မဟာထန်ထွန်းကားမယ်။ နေနာရီ ပျက်စီးရင်တော့ ကပ်ဘေးကြီး ဆိုက်ရောက်လိမ့်မယ်’ တဲ့။ ဒါကတော့ အဆိုးဆုံးသော နိမိတ်ပဲ!”

ချင်းထျန်းကျန့် အရာရှိ တစ်ဦးက မျက်နှာ ဖြူလျော့လျက် ဆိုလိုက်သည်။

“ကြယ်ကြည့်စင် ကို ထားလိုက်ပါဦး၊ ကောင်းကင်ယံ အပြောင်းအလဲတွေကို မြန်မြန် ကြည့်ကြစမ်း!”

လူတိုင်း ထိတ်လန့်နေစဉ်မှာပင်၊ ချင်းထျန်းကျန့် အရာရှိ တစ်ဦးက ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး လက်တစ်ချောင်းဖြင့် ကောင်းကင်ယံသို့ ညွှန်ပြလိုက်သည်။

ထို စကားတစ်ခွန်းကြောင့် လူတိုင်း၏ အာရုံမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး၊ အားလုံးမှာ ဦးခေါင်းကို မော့လျက် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ကြတော့သည်။ ကြယ်တာရာ ကမ္ဘာအတွင်း၌ သာမန်ပြည်သူများမှာ အပြင်ပန်းကိုသာ မြင်တွေ့နိုင်သော်လည်း၊ ချင်းထျန်းကျန့် အရာရှိများအတွက်မူ လုံးဝကွဲပြားခြားနားလှသော မြင်ကွင်းတစ်ခုကို မြင်တွေ့နေရခြင်း ဖြစ်၏။

ဤအခိုက်အတန့်၌ ကောင်းကင်ယံရှိ ကြယ်တာရာများမှာ မှိန်ဖျော့နေလျက်၊ အနောက်တောင်၊ အနောက်မြောက် နှင့် အရှေ့တောင် အရပ်မျက်နှာများမှ အနက်ရောင် အငွေ့အသက်များမှာ အရပ်မျက်နှာ အသီးသီးသို့ လှည့်လည်သွားလာနေကြပြီး ကြယ်တာရာများကို ဖုံးလွှမ်းထားတော့သည်။ ဤမျှသာမကဘဲ၊ မရေမတွက်နိုင်သော ကြယ်တာရာများမှာလည်း မိုးပေါက်များအလား ကောင်းကင်မှ ကြွေကျနေသည်ကို မြင်တွေ့လိုက်ရခြင်းပင်။

“ကြယ်တာရာတွေ ပြောင်းလဲကုန်ပြီ၊ ရှန်ကျိုး မြေပြင်ကြီးလည်း တုန်ခါနေပြီ။ ဒါဟာ အလယ်ပိုင်းဒေသ ရဲ့ ကံကြမ္မာ တွေ ကုန်ဆုံးတော့မယ့် ကပ်ဘေးကြီး ရဲ့ လက္ခဏာပဲ!”

လူတိုင်း၏ ရှေ့ဆုံးတွင်မူ၊ ချင်းထျန်းကျန့်၏ အကြီးအကဲမှာ ကောင်းကင်ယံကို ကြည့်ရင်း ရင်နာစွာဖြင့် ဆိုလိုက်လေသည်။

“ဝုန်း! ဝုန်း! ဝုန်း!”

တစ်ချိန်တည်းမှာပင် သူ၏စကားကို တုံ့ပြန်သည့်အလား၊ အနောက်တောင်ဘက်ရှိ တောင်တန်းကြီးများအတွင်း၌၊ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ မြင့်မားလှသော တောင်တန်းကြီးတစ်ခုမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ကျွတ် ကျွတ် ကျွတ်၊ မရေမတွက်နိုင်သော ကျောက်စများမှာ တောင်ကုန်းပေါ်မှ ပြိုကျလာခဲ့သလို၊ တောင်တန်းပေါ်ရှိ သစ်ပင်ကြီးများမှာလည်း တစ်ပင်ပြီးတစ်ပင် ကျိုးပျက်သွားကြတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထို ဧရာမ တောင်တန်းကြီးမှာ မသိမသာသော အင်အားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရသည့်အလား၊ ရုတ်တရက် အလယ်ဗဟိုမှနေ၍ ကွဲအက်သွားခဲ့ပြီး နှစ်ပိုင်း ပြတ်တောက်သွားတော့သည်။

လူအများအပြား သတိမမူမိသည်မှာ၊ ဤအခိုက်အတန့်၌ ထိုတောင်တန်း၏ နက်ရှိုင်းရာ နေရာတွင်၊ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဧရာမ နဂါးကြီးတစ်ကောင်မှာ သူ၏ ကိုယ်ထည်ကို ရုတ်တရက် မြှောက်လိုက်ကာ၊ နာကျင်ကြေကွဲဖွယ် ကောင်းလှသော ဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်ခြင်းပင် ဖြစ်၏။

တောင်တန်းများအတွင်း၌ ဝတ်ရုံရှည်များ ဆင်မြန်းထားသော ကောင်းကင်လျှို့ဝှက်ချက် ပညာရှင်များမှာ နေရာအသီးသီး၌ ပျံ့နှံ့နေကြရာ၊ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာမှာ ဖြူလျော့သွားကြတော့သည်။

အရှေ့တောင်၊ အနောက်မြောက်နှင့် လုံရှီဒေသများရှိ အရပ်မျက်နှာ အသီးသီး၊ တောင်တန်းများကြား၌လည်း တူညီသော ဖြစ်ရပ်များမှာ အဆက်မပြတ် ဖြစ်ပေါ်နေတော့သည်။ အချို့သော နေရာများတွင် တောင်တန်းများ ပြတ်တောက်သွားခဲ့သလို၊ အချို့သော နေရာများတွင် မြစ်ကြီးများမှာ လမ်းကြောင်း ပြောင်းလဲသွားကြပြီး၊ အချို့သော နေရာများတွင်မူ မြေပြင်၌ အက်ကြောင်းကြီးများ တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

မရေမတွက်နိုင်သော အိမ်ဂေဟာများမှာလည်း ထိုတုန်ခါမှုများကြား၌ တစ်လုံးပြီးတစ်ပင် ပြိုကျပျက်စီးကုန်ကြတော့သည်။

နန်းတော်၏ နက်ရှိုင်းရာနေရာ၊ ထိုက်ကျီနန်းဆောင် အတွင်းမှနေ၍ ကျွီ ဟူသော တံခါးဖွင့်သံနှင့်အတူ၊ လီဟန်သည် နဂါးဝတ်ရုံကို ဆင်မြန်းထားလျက်၊ သူ၏ လက်ထဲ၌လည်း စစ်ဆေးရန် ပြင်ဆင်နေသော လျှောက်တင်လွှာ တစ်စောင်ကို ကိုင်ထားကာ၊ လေးနက်သော အမူအရာဖြင့် အထဲမှ ထွက်ပေါ်လာခဲ့သည်။

သူ၏အနောက်တွင်မူ လီကျင်းကျုံးသည်လည်း အနီးကပ် လိုက်ပါလာခဲ့၏။

ကောင်းကင်ယံ အပြောင်းအလဲကြီးမှာ အလယ်ပိုင်းဒေသတစ်ခုလုံးကို သက်ရောက်နေပေရာ၊ နဂါးအရှိန်အဝါများ စုစည်းရာ နေရာဖြစ်သော နန်းတော်ကြီးမှာမူ အခြားသော ဒေသများထက် များစွာပိုမိုပြင်းထန်သော ရိုက်ခတ်မှုများကို ခံစားနေရခြင်းပင် ဖြစ်တော့သည်။

******

All Chapters