အခန်း ၂၁၄၉
Vol. 133 Ch. 2149
အခန်း (၂၁၄၉) ကမ္ဘာမြေ၏ ထူးခြားသော အပြောင်းအလဲ၊ နဂါးနက် အသွင်ပြောင်းလဲခြင်း
လီဟန် အပြင်ဘက်သို့ ထွက်လာသည့် အချိန်၌ သူ၏ ခြေအောက်ရှိ မြေကမ္ဘာ တစ်ခုလုံး မှာ ပြင်းထန်စွာ တုန်ခါနေဆဲ ဖြစ်၏။ နန်းတော်၏ နက်ရှိုင်းရာ နေရာများမှပင် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး၊ ကြောက်လန့်တကြား ဖြစ်နေကြသော နန်းတွင်းသူများနှင့် ကိုယ်လုပ်တော်များမှာလည်း နည်းပါးလှသည် မဟုတ်ချေ။ လီဟန်သည် လေထဲ၌ လွင့်စဉ်ကာ ကြွေကျပျက်စီးသွားသော အဖိုးတန် ကြွေပြားချပ်များ၏ အသံကိုပင် ကြားနေရပေသည်။
နန်းတော် တစ်ခုလုံး မှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
“အရှင်မင်းမြတ်... နန်းတော်ထဲမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ၊ အရှင်အနေနဲ့……”
အနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ လီကျင်းကျုံးသည် တိမ်တိုက်ပုံစံ ချည်ထည်ဝတ်ရုံကို ဆင်မြန်းထားလျက်၊ ရှေ့မှ လီဟန်အား ကြည့်ရင်း စကားကို ရုတ်တရက် ရပ်တန့်လိုက်မိသည်။
“မလိုတော့ဘူး”
လီဟန်၏ အမူအရာမှာ တည်ငြိမ်နေပြီး လက်ကို ဝှေ့ယမ်းကာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ငြင်းဆိုလိုက်သည်။
“ငါကိုယ်တော်က နိုင်ငံတစ်နိုင်ငံရဲ့ အရှင်သခင်ပဲ။ ဘယ်လို အချိန်မျိုးမှာမဆို ငါကိုယ်တော်ကတော့ ဒီနေရာကနေ အလွယ်တကူ ထွက်သွားမှာ မဟုတ်ဘူး”
သူသည် ဦးခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ၊ လီဟန်၏ အကြည့်များမှာ ကောင်းကင်ယံ၏ နက်ရှိုင်းရာနေရာဆီသို့ ရောက်ရှိသွားတော့သည်။ မဟာထန်၏ ကောင်းကင်ဘုံသားတော် ဖြစ်သည့်အလျောက်၊ နဂါးအရှိန်အဝါများ စုစည်းရာ ပုဂ္ဂိုလ်ဖြစ်သဖြင့်၊ လီဟန်သည် အလယ်ပိုင်းဒေသ၏ နဂါးအရှိန်အဝါ အပြောင်းအလဲများကို အခြားသူများထက် များစွာပိုမိုထက်မြက်စွာ ခံစားသိရှိနိုင်ပေသည်။ ကောင်းကင်ယံ၌ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်နှင့်အမျှ၊ လီဟန်၏ ကိုယ်တွင်းရှိ နဂါးအရှိန်အဝါ များမှာလည်း ပြင်းထန်စွာ တုန်ခါလာတော့သည်။
“ခမည်းတော်... ဒါဟာ ခမည်းတော် ပြောခဲ့တဲ့ အခိုက်အတန့်လား”
“ငါကိုယ်တော်ဟာ တိုင်းပြည်ကို ပျက်စီးစေမယ့် ဘုရင် မဟုတ်သလို၊ မဟာထန်မှာလည်း တိုင်းပြည် ပျက်စီးမယ့် နိမိတ် လုံးဝ မရှိဘူး။ ဘယ်လို ကပ်ဘေးမျိုးပဲ ကြုံလာပါစေဦး၊ ငါကိုယ်တော်က အစွမ်းကုန် တားဆီးပြီး ဒီလောက ပြည်သူအားလုံးအတွက် တိုင်းပြည်ရဲ့ တံခါးကို စောင့်ရှောက်ပေးသွားမယ်”
လီဟန်၏ ဝတ်ရုံမှာ တဖျပ်ဖျပ် လွင့်ပျံနေပြီး သူ၏မျက်ဝန်းထဲ၌မူ စူးရှလှသော အလင်းရောင်များ တစ်ဟုန်ထိုး ထွက်ပေါ်နေတော့သည်။
နန်းတော်၏ အနောက်တောင်ဘက်ရှိ မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်း၌မူ၊ ဝမ်ချောင်၏ကိုယ်ပွား မဟုတ်သော ပင်မခန္ဓာသည်လည်း ဤ ရှားပါးလှသော ကောင်းကင်ယံ အပြောင်းအလဲများကို သတိပြုမိနေပေသည်။
“ဒါက ကမ္ဘာ့အနှစ်သာရ ကို ထိခိုက်လာတာလား?”
ဝမ်ချောင်၏ နားထင်မှ ဆံပင်ရှည်များမှာ လွင့်ပျံနေလျက်၊ သူသည် အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို ကြည့်ရင်း သူ၏ ရင်ထဲ၌ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။
ဝမ်ချောင်၏ အမြင်၌မူ ဤအရာမှာ ကောင်းကင်ယံ အပြောင်းအလဲဆိုသည်ထက် ပိုပေသည်။ ကောင်းကင်လျှို့ဝှက်ချက် ပညာရှင်များ၏ အမြင်၌ ဤကြီးမားလှသော မြေကမ္ဘာ တုန်ခါမှုများမှာ နဂါးအရှိန်အဝါ ကုန်ဆုံးခြင်း အစရှိသော အကြောင်းရင်းများ ရှိနိုင်သော်လည်း၊ ဝမ်ချောင်အတွက်မူ ဤ အပြောင်းအလဲ အားလုံးတွင် ရိုးရှင်းသော အဖြေတစ်ခုသာ ရှိပေသည်။
မြောက်ဘက်မှ အအေးလှိုင်းများမှာ အဆက်မပြတ် စီးဆင်းလာနေပြီး၊ အခြား ကမ္ဘာမှ စွမ်းအင်များမှာ ဤ ကမ္ဘာအတွင်း၌ အဆက်မပြတ် စုစည်းလာရာမှ၊ တဖြည်းဖြည်းနှင့် အဆုံးစွန်သော အမှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အရေအတွက်မှသည် အနှစ်သာရ ပြောင်းလဲမှုအဖြစ်သို့ ကူးပြောင်းသွားကာ၊ ဤကမ္ဘာ၏ အခြေခံအနှစ်သာရကို စတင် ထိခိုက်ပျက်စီးစေခြင်းကြောင့်ပင် ဤကဲ့သို့သော တုန်ခါမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်၏။
ထို့ပြင် ဤအရာ အားလုံးမှာ 'ထျန်း' နှင့် အနက်ရောင်ဝတ် အဖွဲ့အစည်းတို့နှင့် လုံးဝ ကင်းလွတ်ခြင်း မရှိပါချေ။
“မင်းတို့တွေ သိပ်ပြီး ကြာကြာ ပျော်နိုင်မှာ မဟုတ်ပါဘူး။ တစ်နေ့နေ့မှာ ငါ မင်းတို့ရဲ့ အစစ်အမှန် မျက်နှာဖုံးကို ခွာချပြီး အမြစ်ပြတ် ဖျက်ဆီးပစ်မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာတော့……”
ဝမ်ချောင်သည် ဦးခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး သူ၏ အကြည့်များမှာ အထပ်ထပ်သော အာကာသလွှာများကို ဖြတ်ကျော်လျက် ဝေးကွာလှသော ယိုကျိုး အရပ်မျက်နှာဆီသို့ ရောက်ရှိသွားတော့သည်။
“အရင်ဆုံးတော့ မင်းတို့ရဲ့ 'ကမ္ဘာ့သားတော်'ဆိုတဲ့ အကောင်ကို သတ်ပြီး ဒီစစ်ပွဲကို အဆုံးသတ်ရမယ်။ အန်းလုရှန်း.. မင်း အသင့်ပြင်ထားရဲ့လား”
“ဝုန်း!”
မိုးကြိုးသံကြီး တစ်ခုနှင့်အတူ၊ စူးရှလှသော လျှပ်စီးတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်ကျော်ကာ မြို့တော်အရပ်မှနေ၍ ဝေးကွာလှသော အရှေ့မြောက်ဘက်ဆီသို့ တစ်ဟုန်ထိုး ဦးတည်သွားတော့သည်။
ဤအခိုက်အတန့်၌ လှမ်းကြည့်လိုက်မည်ဆိုပါက၊ အရှေ့မြောက်ဘက်ရှိ ယိုကျိုးနယ်မြေမှာ အလယ်ပိုင်းဒေသနှင့် လုံးဝကွဲပြားခြားနားလှသော မြင်ကွင်းတစ်ခု ရှိနေပေသည်။
ယိုကျိုး ကောင်းကင်ယံ တစ်ပြင်လုံးမှာ နက်မှောင်လှသော တိမ်တိုက်ကြီးများဖြင့် ဖုံးလွှမ်းနေလျက် ရှိ၏။ အဝေးဆီမှ လှမ်းကြည့်လိုက်လျှင် အရှေ့ တာ့ခ်နယ်စပ်မှစ၍ ဂိုဂူလျော အင်ပါယာ၏ အဆုံးစွန် ဖြစ်သော အရှေ့ပင်လယ် တစ်ကြောအထိ၊ လိမ့်တက်လာသော အနက်ရောင် တိမ်တိုက်ကြီးများမှာ ယိုကျိုးအရပ်ဆီသို့ အဆက်မပြတ် စုစည်းလာနေကြသည်။ အလယ်ပိုင်းဒေသရှိ ကုန်ဆုံးနေသော နဂါးအရှိန်အဝါ များမှာပင် မသိမသာသော အင်အားတစ်ခု၏ ဆွဲဆောင်မှုကြောင့် ထိုနေရာသို့ ဦးတည် စုစည်းလာနေကြခြင်း ဖြစ်၏။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ယိုကျိုး ကောင်းကင်ယံထက်၌ မှောင်မိုက် နက်ရှိုင်းလှသော တိမ်တိုက်ကြီးများမှာ စုစည်းလျက်၊ မသိမသာဖြင့် ဧရာမ နဂါးနက်ကြီးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားကာ၊ အထက်၌ ဝဲပျံနေလျက် မဟာထန်မြို့တော်ရှိရာ အရပ်ဆီသို့ လက်သည်းများကို ဖြန့်ကာ ဟိန်းဟောက်နေသကဲ့သို့ ရှိပေရာ၊ ၎င်းမှာ အန်ယာလုရှန်းအား အားပေး ကူညီနေသည့်အလားပင်။
“ဝုန်း! ဝုန်း!”
တိမ်တိုက်များ၏ နက်ရှိုင်းရာ နေရာမှနေ၍ စူးရှလှသော လျှပ်စီးတန်းများမှာ တဖျပ်ဖျပ် လက်ခနဲ ဖြတ်သန်းနေပြီး၊ တဂျိမ်းဂျိမ်း မြည်သံများနှင့်အတူ ယိုကျိုး ကောင်းကင်ယံမှ ထိုနဂါးနက်ကြီးအား ပို၍ရက်စက် ကြောက်မက်ဖွယ်ကောင်းအောင် ပုံဖော်ပေးနေတော့သည်။
ယိုကျိုး နယ်မြေအတွင်းရှိ စစ်သည်အားလုံးနှင့် စစ်သူကြီးများမှာ ကောင်းကင်ယံကို မော့ကြည့်ရင်း မှင်တက်နေကြရ၏။
လူတိုင်းမှာ ရှင်းလင်းစွာ မြင်တွေ့နေရသည်မှာ၊ တိမ်တိုက်များ အထူထပ်ဆုံးနှင့် မိုးကြိုးလျှပ်စီးများ အပြင်းထန်ဆုံးသော နေရာမှာ အန်းတုန်း၏ ကောင်းကင်ယံထက် တည့်တည့်တွင် ဖြစ်သလို၊ ထိုနေရာမှာပင် နဂါးနက်၏ ဦးခေါင်း တည်ရှိရာ နေရာလည်း ဖြစ်ပေသည်။
အချို့သော အချိန်များတွင်မူ သေးငယ်လှသော လျှပ်စစ်တန်းများမှာ လေဟာနယ်များကို ဖြတ်ကျော်လျက်၊ နဂါးနက်၏ နက်ရှိုင်းရာမှနေ၍ မြေပြင်ပေါ်ရှိ အန်းတုန်းပေါ်သို့ ပစ်ချနေသဖြင့်၊ ထိုနှစ်ခုကြား၌ လျှို့ဝှက်ဆန်းကြယ်သော ဆက်နွှယ်မှုတစ်ခု ရှိနေသကဲ့သို့ ခံစားရပေသည်။
တိမ်တိုက်များမှာ ပိုမိုစုစည်းလာသလို၊ နဂါးနက်မှာလည်း ပိုမိုကြီးမားလာခဲ့ရာ၊ မသိမသာဖြင့် လူတိုင်းအား အလွန်အမင်း ပြင်းထန်လှသော ဖိအားများကို ပေးစွမ်းနေတော့သည်။
“အချိန်တန်ပြီ……”
အန်းတုန်းရှေ့တွင် ကောင်းရှန်းသည် ကောင်းကင်ယံမှ သူ၏အကြည့်ကို ဖြည်းညင်းစွာ ပြန်လည် ရုပ်သိမ်းလိုက်ရာ၊ သူ၏ မျက်ဝန်းထဲ၌ စူးရှလှသော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ကမ္ဘာမြေ၏ ထူးခြားသော အပြောင်းအလဲ၊ နဂါးနက် အသွင်ပြောင်းလဲခြင်း
ကောင်းရှန်းသည် ရှေးဟောင်းကျမ်းစာများထဲတွင် ဤအကြောင်းအရာများနှင့် ပတ်သက်သော မှတ်တမ်းများကို ဖတ်ဖူးသော်လည်း၊ လက်တွေ့တွင်မူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။
ဤအရာမှာ တိမ်တိုက်များ စုစည်းရုံမျှလောက် မရိုးရှင်းပါချေ။ ထိုနဂါးနက်အတွင်း၌ လွန်ခဲ့သော တစ်ကြိမ် မြို့တော် ခရီးစဉ်အတွင်းက ခိုးယူခဲ့သော နဂါးအရှိန်အဝါ များ ပါဝင်နေသလို၊ အနာဂတ်တွင် အရှိန်အဝါများ စတင်ရာမြင့်မြတ်မြေဖြစ်လာမည့် ယိုကျိုးတစ်ခုလုံး၏ နဂါးအရှိခြန်အဝါများလည်း ပါဝင်နေပေသည်။ ထိုနှစ်ခု ပေါင်းစပ်သွားသည့်အခါတွင်မှ ဤ နဂါးနက်မှာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။
အရောင်မှာ နက်မှောင်နေပါသော်လည်း ကောင်းရှန်းကမူ ဂရုမစိုက်ပါချေ။ နဂါးနက်နှင့် စစ်မှန်သော နဂါးကြား၌ ပြတ်သားသော ခြားနားချက် မရှိပါချေ။
အဘယ်ကြောင့်ဆိုသော် စစ်မှန်သော နဂါးသည် တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားသဖြင့်၊ နဂါးနက် အနေဖြင့်သာ အလယ်ပိုင်းဒေသ တော်လှန်ပြောင်းလဲကာ လက်ရှိ အင်ပါယာကို ဖြုတ်ချရန် အခွင့်အရေး အနည်းငယ် ရှိနေသောကြောင့် ဖြစ်၏။
နဂါးနက်အနေဖြင့် စစ်မှန်သော နဂါးအား ဝါးမြိုနိုင်သည့်အချိန်သို့ ရောက်ရှိပါက၊ ၎င်းမှာလည်း အနှစ်သာရ ပြောင်းလဲသွားပြီး နဂါးနက်မှသည် စစ်မှန်သောနဂါးအဖြစ်သို့ ကူးပြောင်းသွားမည် ဖြစ်သည်။
အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကြားတွင်မူ အစဉ်အမြဲ သေချာရေရာသော အဖြေ မရှိပါချေ!
“အမိန့်ထုတ်ပြန်လိုက်စမ်း၊ စစ်အစီအရင်ကြီး ကို စတင်ဖို့ ပြင်ကြ”
ကောင်းရှန်းသည် သူ၏ ဝတ်ရုံစကို တစ်ချက် ခါယမ်းလိုက်ရင်း အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ အမိန့်ပေးလိုက်လေသည်။
ယခုအခါ ကမ္ဘာမြေကြီးမှာ အကြီးအကျယ် ပြောင်းလဲနေပြီး နဂါးနက်မှာလည်း သူ့အလိုလို အသွင်ပြောင်းလဲနေပြီ ဖြစ်ရာ၊ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ နှစ်ပေါင်း ထောင်ချီမှ တစ်ခါသာ ကြုံရတတ်သည် မဟုတ်ပါလော။ အကယ်၍ ယနေ့သာ လက်လွတ်လိုက်မည်ဆိုပါက၊ ယိုကျိုးကို အင်အားကြီးမားလာအောင် ပြုလုပ်ရန် ဤကဲ့သို့သော အရှိန်အဝါများကို အသုံးချခွင့် ထပ်မံ ရရှိတော့မည် မဟုတ်ပါချေ။
“အမိန့်အတိုင်းပါ!”
ကောင်းရှန်း၏ အောက်ဘက်တွင် ယိုကျိုး သံချပ်ကာမြင်းတပ် စစ်သည်တစ်ဦးက ပြန်လည် ဖြေကြားလိုက်ပြီး၊ လျင်မြန်စွာ မြင်းပေါ်သို့ တက်ကာ အဝေးဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။
ခဏတာမျှ အချိန်အတွင်းမှာပ ယိုကျိုး မြေပြင် တစ်ခုလုံး သည်လည်း တုန်ခါသွားခဲ့ရ၏။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ယိုကျိုး၏ နယ်စပ် ဒေသများ၊ အရပ်မျက်နှာ အသီးသီးရှိ နေရာတိုင်းမှနေ၍ အနက်ရောင် အငွေ့အသက်များမှာ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး၊ ကောင်းကင်ယံရှိ ရက်စက်လှသော နဂါးနက်နှင့် တစ်သားတည်း ဖြစ်သွားကြတော့သည်။
ထိုကောင်းကင်သို့ ထိုးတက်နေသော အနက်ရောင် အငွေ့အသက် တစ်ခုချင်းစီမှာ၊ အနက်ရောင် ဝတ်ရုံခြုံ ပညာရှင် ခုနစ်ဦး၊ ရှစ်ဦးခန့်စီ ပါဝင်သော အဖွဲ့တစ်ခုစီမှနေ၍ ထူးခြားသော ခြေလှမ်းကျင့်စဉ်များကို အသုံးပြုကာ စုစည်း ဖန်တီးထားခြင်း ဖြစ်၏။
သူတို့၏ အလယ်ဗဟိုတွင်မူ အချို့နေရာ၌ ဧရာမ အိုးကြီးတစ်လုံး၊ အချို့နေရာ၌ ကြေးအိုး တစ်လုံး၊ အချို့နေရာ၌ ထူးဆန်းသော သားရဲရုပ်တုတစ်ခု၊ သို့မဟုတ်ပါက ကြေးခွက်တစ်ခု အသီးသီး ထားရှိထားကြသည်။ ထိုအရာများမှာ ပုံသဏ္ဌာန် အမျိုးမျိုး ကွဲပြားနေပါသော်လည်း တူညီသောအချက်မှာ၊ ၎င်းတို့အားလုံးမှာ မှင်ကဲ့သို့ နက်မှောင်နေကြပြီး အလွန် ထူးဆန်း ဆန်းပြားလှသည့်ဟန် ရှိပေသည်။
ကောင်းရှန်းသည် မည်သည့်နေရာမှ ဤအနက်ရောင် ဝတ်ရုံခြုံပညာရှင်များကို စုစည်းခဲ့သနည်း မသိသလို၊ ဤထူးဆန်းလှသော အနက်ရောင် မှော်လက်နက်များကိုလည်း မည်သို့ စုဆောင်းခဲ့သနည်း မသိရပါချေ။ ဤအရာများဖြင့်သာ သူသည် ဤစစ်အစီအရင်ကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်၏။
စစ်အစီအရင် လည်ပတ်လာသည်နှင့်အမျှ၊ အနက်ရောင် မှော်လက်နက်များမှာ ကောင်းကင်ယံရှိ နဂါးနက်နှင့် အပြန်အလှန် ဟန်ချက်ညီသွားခဲ့ပြီး၊ နောက်ဆုံးတွင်မူ မသိမသာသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။
“ဝုန်း”
တစ်ခဏတာမျှသာ ကြာလိုက်သကဲ့သို့ ရှိသော်လည်း၊ အလွန်ကြာရှည်လှသော ရာစုနှစ်များစွာကို ဖြတ်သန်းသွားရသကဲ့သို့လည်း ခံစားရပေသည်။ ကောင်းကင်ယံရှိ နဂါးနက်သည် တစ်ကမ္ဘာလုံး၏ ကံကြမ္မာများကို စုပ်ယူကာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါတွင်မူ၊ ကောင်းရှန်း အချိန်အတော်ကြာ မျှော်လင့်နေခဲ့သောအရာမှာ နောက်ဆုံး၌ ဖြစ်ပျက်လာတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက်၊ တောင်ကုန်းတစ်ခုထက်ပင် များစွာပိုကြီးမားလှသော ထိုနဂါးနက်၏ ဦးခေါင်းကြီးမှာ ပါးစပ်ကို ဖွင့်လိုက်ကာ အဆုံးမရှိသော မိုးကြိုးလျှပ်စီးများ ရောယှက်နေသည့် အနက်ရောင် အငွေ့အသက် တိုင်လုံးကြီးတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။ ထိုတိုင်လုံးမှာ ခန့်ညားလှသော အရှိန်အဟုန်ဖြင့် အောက်ခြေရှိ အန်းတုန်းကာကွယ်ရေးချုပ်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ထိုအခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီးမှာ တိတ်ဆိတ်သွားခဲ့ပြီး၊ အရာခပ်သိမ်းမှာလည်း ငြိမ်သက်သွားခဲ့ရ၏။
ခေတ္တမျှ ကြာပြီးနောက်တွင်မူ မြေကမ္ဘာ တစ်ခုလုံးမှာ အက်ကွဲသွားသကဲ့သို့ ရှိနေပြီး၊ ထိုကြီးမားလှသော စွမ်းအားကြီးမှာ လှိုင်းလုံးကြီးများအလား အန်းတုန်းကို ဗဟိုပြုလျက် ယိုကျိုးတစ်ခုလုံးဆီသို့ လျင်မြန်စွာ လွှမ်းမိုးပျံ့နှံ့သွားတော့သည်။
ပုံသဏ္ဌာန်မရှိသော အနက်ရောင် တိမ်တိုက်များမှာ ဤတစ်ကြိမ်တွင်မူ ပင်လယ်ဒီရေလှိုင်းများအလား အမှန်တကယ်ပင် ခိုင်မာလာခဲ့ခြင်း ဖြစ်၏!
“အား”
အန်းတုန်းနှင့် အနီးဆုံးသော နေရာရှိ မြင့်မားလှသော မြို့ရိုးပေါ်၌ လှံရှည်ကို ကိုင်စွဲကာ သံချပ်ကာဝတ်စုံကို ဆင်မြန်းလျက် ကင်းစောင့်နေသော ယိုကျိုး စစ်သည်တော်တစ်ဦးမှာ၊ ရုတ်တရက် အနက်ရောင် အငွေ့အသက်များ သူ၏ကိုယ်တွင်းသို့ တိုးဝင်လာသည့် အခါတွင်မ၊ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရသည်။ သူ၏ဦးထုပ်ဆောင်းမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး ဆံပင်ရှည်များမှာလည်း ဖရိုဖရဲ လွင့်ပျံလာကာ၊ သူသည် ဝံပုလွေတစ်ကောင်နှယ် ဦးခေါင်းကို မော့လျက် ဆိုးရွားလှသော အော်ဟစ်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုယိုကျိုးစစ်သည်တော်၏ ကိုယ်တွင်းရှိ အရိုးများမှာ တချွတ်ချွတ် မြည်ဟည်းလာခဲ့၏။ သူသည် မူလက စစ်မှန်သော သိုင်းအဆင့်၏ ကျင့်စဉ်အဆင့်သာ ရှိသော်လည်း၊ ယခုအခိုက်အတန့်၌မူ သူ၏ အင်အားမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ စစ်မှန်သော သိုင်းအဆင့် ပထမအဆင့် မှသည် ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်…… နှင့် နောက်ဆုံးတွင်မူ စစ်မှန်သော သိုင်းအဆင့် သတ္တမအဆင့်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားတော့သည်။
ဤကဲ့သို့သော တိုးတက်မှုမျိုးမှာ တကယ်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
တူညီသော အပြောင်းအလဲများမှာ အခြားသော ယိုကျိုး သံချပ်ကာမြင်းတပ်များ၏ ကိုယ်ပေါ်တွင်လည်း ဖြစ်ပေါ်နေတော့သည်။ တစ်ဦး၊ နှစ်ဦး၊ သုံးဦး…… တစ်ယိုကျိုး နယ်မြေ တစ်ခုလုံး အတွင်းရှိ စစ်သူကြီးများမှသည် သာမန် စစ်သည်များအထိ၊ အားလုံးမှာ ဤအခိုက်အတန့်၌ နဂါးနက် စွမ်းအား၏ ကူညီမှုကို ရရှိသွားကြပြီး၊ ခွန်အားများမှာလည်း အဆင့်ဆင့် မြင့်တက်လာကာ တိုးတက်မှုနှုန်းမှာ အံ့မခန်း ဖြစ်နေတော့သည်။
အန်းတုန်းကာကွယ်ရေးချုပ်၏ အမိုးပေါ်တွင်မူ၊ ချွေချန်းယုံ၊ ထျန်းချန်းစီနှင့် အခြားသူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေကြရ၏။
အစောပိုင်းက ကောင်းရှန်း ပြောဆိုခဲ့ဖူးသော်လည်း၊ ဤနဂါးနက် စစ်အစီအရင်မှာ ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု လူတိုင်း မထင်မှတ်ထားခဲ့ကြချေ။
ယိုကျိုးတစ်ခုလုံး၌ စစ်သည်တော် ခြောက်သိန်း တိတိ ရှိနေသည် မဟုတ်ပါလော။
လက်ရှိ အခြေအနေအရ စစ်သည်အားလုံးမှာ စွမ်းအားများ မြင့်တက်လာကြပြီး၊ အနည်းဆုံး အဆင့် နှစ်ဆင့်၊ သုံးဆင့်ခန့် တိုးတက်လာသလို၊ အချို့မှာမူ အဆင့် ခြောက်ဆင့်၊ ခုနစ်ဆင့်အထိပင် မြင့်တက်သွားကြသည်။
ချွေချန်းယုံနှင့် ထျန်းချန်းစီတို့ အပါအဝင် သူတို့၏ ကျင့်စဉ်အဆင့်မှာ အလွန် မြင့်မားနေပြီ ဖြစ်သဖြင့် နဂါးနက် စွမ်းအားမှာ သူတို့အတွက် များစွာသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့သော်လည်း၊ သူတို့သည်လည်း ဤအခိုက်အတန့်၌ စွမ်းအားများ မြင့်တက်လာကြောင်း ခံစားလိုက်ရသဖြင့် အံ့အားသင့်နေမိကြတော့သည်။
သို့သော်ငြားလည်း ဤအရာမှာ ပြီးဆုံးသွားခြင်း မရှိသေးပါချေ။ ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားသကဲ့သို့ ရှိပေရာ၊ ကောင်းကင်ယံရှိ ဧရာမ နဂါးနက်၏ ဘေးနား၌ ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခုမှာ ဘာမှမရှိရာမှနေ၍ ပေါ်ထွက်လာခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အနက်ရောင် အငွေ့အသက် တိုင်လုံးကြီးတစ်ခုမှာ မိုးကြိုးလျှပ်စီး တစ်ခုအလား အောက်သို့ ပစ်ချလာခဲ့ကာ၊ ယိုကျိုးစစ်တပ်ကြီး၏ ခွန်အားများကို တိုးမြင့်ပေးနေသော ထိုတန်းစီဇယားအတွင်းသို့ ပူးပေါင်းပါဝင်လာတော့သည်။
အမိုးပေါ်တွင် အန်ယာလုရှန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပထမတွင် မှင်တက်သွားခဲ့သော်လည်း၊ များမကြာမီမှာပင် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား အားရပါးရ ရယ်မောလိုက်တော့သည်။
ကမ္ဘာ့စွမ်းအား။
အရေးကြီးသော အခိုက်အတန့်၌ ထိုရင်းနှီးလှသော ကမ္ဘာ့စွမ်းအားမှာ နောက်ထပ်တစ်ကြိမ် ပေါ်ထွက်လာခဲ့ပြီး၊ သူ၏ စစ်တပ်ကြီးအား ခွန်အားတိုးတက်စေရန် ကူညီပေးနေခြင်းပင် ဖြစ်၏။
ဤအခိုက်အတန့်၌ တစ်ကမ္ဘာလုံးကပင် သူ့အား ကူညီနေခြင်း ဖြစ်တော့သည်။
“ဝမ်ချောင်... မင်း မြင်လား။ မြင်လား တစ်လောကလုံးက ငါ့ဘက်မှာ ရှိနေတာပဲ။ မင်းက ဘာကို အားကိုးပြီး ငါ့ကို ပြန်တိုက်မှာလဲ”
အန်ယာလုရှန်းသည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း၊ သူ၏ မျက်ဝန်းထဲ၌ အလင်းရောင်များ စူးရှနေလျက် ဟားဟားတိုက်ကာ ရယ်မောလိုက်လေသည်။
“အရှင်သခင်.. အသင့်ပြင်ထားပါ”
ထိုအချိန်မှာပင် ကောင်းရှန်း၏ အသံမှာ နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
အန်ယာလုရှန်းမှာ ပထမတွင် မှင်တက်သွားခဲ့သော်လည်း၊ ကောင်းရှန်း၏ အကြည့်အတိုင်း ဦးခေါင်းကို မော့ကြည့်လိုက်ရာ၊ ကောင်းကင်ယံ နက်ရှိုင်းရာ နေရာရှိ ထိုဧရာမနဂါးနက်၏ မျက်ဝန်းအစုံမှာ သွေးကဲ့သို့ နီရဲလာခဲ့ပြီး၊ ရုတ်တရက် နေမင်းကြီးထက်ပင် အဆပေါင်းများစွာ ပိုစူးရှလှသော အလင်းတန်းများကို မှုတ်ထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ထိုဧရာမနဂါးဦးခေါင်းကြီးမှာ ဖြည်းညင်းစွာ လှည့်လာခဲ့ပြီး သူရှိရာ အရပ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လိုက်တော့သည်။
“ဒါက…”
အန်ယာလုရှန်းမှာ မှင်တက်နေလျက် သတိမဝင်လာနိုင်သေးမီမှာပင်၊ နောက်တစ်ခဏ၌ မိုးကြိုးပစ်ချလိုက်သံကြီးနှင့်အတူ၊ နဂါးနက်၏ မျက်ဝန်းအစုံအတွင်းမှ ထိုနီရဲလှသော အလင်းတန်းများမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ၊ ကြီးမားလှသော နီရဲသည့် လျှပ်စီးတန်း တစ်ခုအသွင်ဖြင့် အထပ်ထပ်သော အာကာသလွှာများကို ဖြတ်ကျော်လျက် အန်ယာလုရှန်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင်၊ အခြားသော အနက်ရောင် အငွေ့အသက် တိုင်လုံးကြီးတစ်ခုသည်လည်း အန်ယာလုရှန်း၏ကိုယ်ပေါ်သို့ လိုက်ပါ ကျရောက်သွားတော့သည်။
“အား”
အန်ယာလုရှန်း၏ တစ်ကိုယ်လုံးရှိ ဝတ်ရုံများမှာ စုတ်ပြဲထွက်သွားခဲ့ရပြီး၊ သူသည်လည်း အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ သို့သော်လည်း အခြားသူများနှင့် မတူညီသည်မှာ အန်ယာလုရှန်း၏ အသံထဲတွင်မူ အနည်းငယ်မျှ နာကျင်မှုများ ပါဝင်ခြင်း မရှိဘဲ၊ အဆုံးမရှိသော ပျော်ရွှင်ကြည်နူးမှုများသာ ကိန်းအောင်းနေတော့သည်။
******