အခန်း ၂၁၅၀
Vol. 133 Ch. 2150
အခန်း (၂၁၅၀) စစ်ပွဲကြီး စတင်တော့မည်၊ နိုင်ငံအသီးသီးမှ စစ်ကြေညာခြင်း
နဂါးနက်၏ မျက်ဝန်းအစုံမှ ထွက်ပေါ်လာသော ကြက်သွေးရောင် အင်အားများ စီးဝင်လာမှုနှင့်အတူ၊ အနက်ရောင် အငွေ့အသက် တိုင်လုံးကြီး၏ အစွမ်းကြောင့် အန်ယာလုရှန်း၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ လျင်မြန်စွာ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ အန်ယာလုရှန်း၏ ဦးခေါင်းအထက်တွင် အာကာသ လမ်းကြောင်းတစ်ခု ပွင့်ထွက်သွားပြီး၊ ရွှေရောင်ဝင်းလက်သော အနုစိတ်နယ်ပယ် အဆင့်စွမ်းအင်များမှာ ရေတံခွန်တစ်ခုအလား အန်ယာလုရှန်း၏ ကိုယ်တွင်းသို့ ဝုန်းခနဲ စီးဝင်သွားတော့သည်။
အနုစိတ်နယ်ပယ် အဆင့်။
ခဏတာမျှ အချိန်အတွင်းမှာပင် အန်ယာလုရှန်းသည် အဆင့်အတားအဆီးကို ချိုးဖျက်ကာ အနုစိတ်နယ်ပယ် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခင်က ကမ္ဘာ့သံချပ်ကာ၏ အကူအညီဖြင့် အနုစိတ်နယ်ပယ် အဆင့်သို့ ရောက်ရှိခဲ့ခြင်းနှင့် မတူဘဲ၊ ယခုတစ်ကြိမ်တွင်မူ အန်ယာလုရှန်းသည် အမှန်တကယ်ပင် သူ၏ကျင့်စဉ်အဟုန်များ တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်းဖြစ်ကာ၊ သံချပ်ကာ၏ အကူအညီ မပါဘဲ မိမိကိုယ်ပိုင် စွမ်းအားဖြင့် အနုစိတ်နယ်ပယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်၏။
ဤသည်မှာ အခြေခံ အနှစ်သာရ ပြောင်းလဲမှုပင် ဖြစ်တော့သည်။
"ဟားဟားဟား… သိပ်ကောင်းတာပဲ..."
မိမိ၏ ကိုယ်တွင်းမှ ပြိုင်ဘက်ကင်းလှသော စွမ်းအားများကို ခံစားလိုက်ရသည့်အခါ အန်ယာလုရှန်းသည် အားရပါးရ ရယ်မောလိုက်ရင်း အလွန်အမင်း တက်ကြွနေတော့သည်။
ဤအရာမှာ သူ တစ်ခါမျှ မခံစားဖူးသေးသော အစွမ်းထက် စွမ်းအားကြီးဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ အန်ယာလုရှန်း၏ခွန်အားမှာ ဆက်လက်၍ အဆက်မပြတ် တိုးပွားနေခြင်းပင်။
နောက်တစ်ခဏ၌ "နဂါးအသက်ရှူသံ" (လုံရှီ) နောက်တစ်ခု ထပ်မံထွက်ပေါ်လာပြန်ရာ၊ အန်ယာလုရှန်း၏ ကိုယ်ပေါ်တွင် တရှူးရှူးမြည်သံများနှင့်အတူ လျှပ်စစ်မီးပွင့်များ တစ်ကိုယ်လုံး ပျံ့နှံ့သွားတော့သည်။ အဝေးဆီမှ လှမ်းကြည့်လိုက်လျှင် ကောင်းကင်ယံမှ ကျဆင်းလာသော စွမ်းအားများသည် မသိမသာဖြင့် သေးငယ်သော နဂါးနက်တစ်ကောင်အဖြစ် စုစည်းသွားပြီး၊ အန်ယာလုရှန်း၏ကိုယ်ပေါ်တွင် ပတ်ခွေလျက် နေရာအနှံ့ လှည့်လည်နေသဖြင့်၊ သူ၏ ပုံရိပ်မှာ ခန့်ညားထည်ဝါပြီး မောက်မာလှကာ၊ အင်ပါယာ ဧကရာဇ် တစ်ဦး၏ အရှိန်အဝါများပင် မသိမသာ ထွက်ပေါ်နေတော့သည်။
ပတ်ဝန်းကျင်ရှိ အခြားသူများမှာမူ ထိုအရာကို မခံစားမိကြသေးသော်လည်း၊ မြေပြင်ပေါ်မှ အန်ယာလုရှန်းအား အမြဲစောင့်ကြည့်နေသော ကောင်းရှန်းမှာမူ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မသိမသာ ခေါင်းညိတ်ပြလိုက်မိသည်။
"အောင်မြင်သွားပြီ။ ဒီအခိုက်အတန့်ကစပြီး 'လူနှစ်ယောက်'ရဲ့ကံကြမ္မာက စစ်မှန်တဲ့ တစ်သားတည်း ဖြစ်သွားပြီ။ နဂါးနက်က အရှင်သခင် ပဲ၊ အရှင်သခင် ကလည်း နဂါးနက်ပဲ"
ကောင်းရှန်းက သူ၏ ရင်ထဲ၌ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။
ယခင်က အန်ယာလုရှန်းသည် နဂါးနက်ကံကြမ္မာ ပါရှိသော်လည်း၊ ထိုနှစ်ခုကြားမှ ဆက်နွှယ်မှုမှာ ယခုကဲ့သို့ ခိုင်မာမှု မရှိသေးပါချေ။ အကယ်၍ ယိုကျိုးတွင် တစ်စုံတစ်ရာ ပြောင်းလဲသွားပါက သို့မဟုတ် ဒုတိယမြောက် ပုန်ကန်မည့် အင်အားစု ပေါ်ပေါက်လာပါက၊ နဂါးနက်ကံကြမ္မာမှာ အခြားသူဆီသို့ ကူးပြောင်းသွားနိုင်ခြေ ရှိပေသည်။
သို့သော်လည်း ထိုကြက်သွေးရောင် အင်အားစုများ အန်ယာလုရှန်း၏ကိုယ်ပေါ်သို့ ကျရောက်သွားသည့် အခါတွင်မူ အရာရာမှာ ပြောင်းလဲစရာ မရှိတော့ပါချေ။
နဂါးနက်ဟူသည် အန်ယာလုရှန်းတစ်ဦးတည်းသာ ဖြစ်နိုင်တော့မည်။
ထို့ပြင် အန်ယာလုရှန်းသည်လည်း အနာဂတ်၏ စစ်မှန်သော နဂါးနတ်မင်းနှင့် အလယ်ပိုင်းဒေသ၏အရှင်သခင်ဖြစ်လာရန် ကံပါလာခဲ့ပြီ ဖြစ်သည်။
"ဝုန်း…"
အတန်ကြာပြီးနောက်တွင်မူ အမိုးပေါ်တွင် ရပ်နေသော အန်ယာလုရှန်းသည် လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးထုတ်လိုက်ရာ၊ ရွှေရောင်အလင်းများ ရောယှက်နေသော အနက်ရောင် အငွေ့အသက်များမှာ မြစ်ရေအလား တိုင်လုံးကြီးတစ်ခုအသွင်ဖြင့် ပေပေါင်း သောင်းချီ အကွာအဝေးအထိ တည့်တည့်မတ်မတ် ထိုးထွက်သွားတော့သည်။ ဂျောက် ဟူသော အသံနှင့်အတူ၊ အနက်ရောင် အငွေ့အသက်များ ဖြတ်သန်းသွားသော နေရာရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်သွားခဲ့ပြီး၊ ရှည်လျားလှသော အနက်ရောင် အချိန်နှင့်အာကာသ အက်ကြောင်းတစ်ခုပင် ပေါ်ထွက်လာတော့သည်။
ထိုပြိုင်ဘက်ကင်းလှသော စွမ်းအားမှာ စစ်သူကြီးချုပ် အဆင့်ကိုပင် များစွာ ကျော်လွန်နေပြီဖြစ်ရာ၊ မည်သည့် ကျွမ်းကျင်သူကိုမဆို ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။
ဤအခိုက်အတန့်၌ အန်ယာလုရှန်းသည် ကမ္ဘာ့သံချပ်ကာကို ဆင်မြန်းထားလျက်၊ တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်ပေါ်နေသော အရှိန်အဝါများမှာ တောင်နှင့် ပင်လယ်အလား အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
"ဝမ်ချောင်... မင်း ငါ့အပေါ် ထားခဲ့တဲ့ အရှက်ရမှုတွေကို အဆပေါင်း တစ်ရာ ပြန်ပေးဆပ်စေရမယ်။ ဒီတစ်ခါတော့ မင်းအတွက် ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်တော့ဘူး။ မင်းရဲ့ သံမဏိခံတပ်ရော၊ မင်း ကာကွယ်ချင်နေတဲ့ မဟာထန်ရော၊ လီဟန်ပါမကျန် အားလုံးကို ငါ အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် လုပ်ပြီး လုံးဝ ဖျက်ဆီးပစ်မယ်"
အန်ယာလုရှန်းသည် အားရပါးရ ရယ်မောလိုက်ရင်း တစ်ကိုယ်လုံးမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေတော့သည်။
မြေပြင်ပေါ်တွင်မူ၊ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကောင်းရှန်းသည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ အန်ယာလုရှန်း၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားကာ၊ ဝတ်ရုံစကို မလျက် ဒူးထောက် ဝပ်တွားလိုက်ပြီး သူ၏ မျက်ဝန်းများမှာလည်း မီးတောက်များအလား စူးရှနေတော့သည်။
"အရှင်သခင်.. အချိန်တန်ပါပြီ!"
တစ်ချိန်တည်းမှာပင်၊ ချွေချန်းယုံ၊ ထျန်းချန်းစီနှင့် ထျန်းချန်ကျန်းတို့သည်လည်း တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားကြပြီး၊ လျင်မြန်စွာ ရှေ့သို့ တိုးလာကြလျက် စိတ်လှုပ်ရှားစွာဖြင့် တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။
"အရှင်သခင် ဧရာမ အင်ပါယာကြီး တည်ထောင်ဖို့ ဒီနေ့မှာ စတင်ရပါမယ်"
"အရှင်သခင် စစ်စတင် တိုက်ခိုက်ကြစို့"
လူတိုင်း၏ အော်ဟစ်သံများကို ကြားလိုက်ရသည့်အလား၊ ချက်ချင်းပင် အန်းတုန်းကို ဗဟိုပြုလျက်၊ နီးရာမှ ဝေးရာသို့ ယိုကျိုး သံချပ်ကာမြင်းတပ်ခြောက်သိန်းကျော်မှာ တစ်ညီတစ်ညွတ်တည်း ဒူးထောက်လိုက်ကြတော့သည်။
"အရှင်သခင်"
"အရှင်သခင်”
"အရှင်သခင်”
...
အော်ဟစ်သံများမှာ ပင်လယ်လှိုင်းသံများအလား ကမ္ဘာမြေကြီးတစ်ခုလုံးကို ဟိန်းထွက်သွားစေတော့သည်။
"အရှင်သခင်" ဟူသော စကားလုံး နှစ်လုံးမှာ မည်သူမဆို လွယ်လင့်တကူ အသုံးပြုနိုင်သော အရာမဟုတ်ပါချေ။ ကောင်းကင်ယံတွင် နေမင်းနှစ်စင်း မရှိနိုင်သလို၊ လူသားတို့တွင်လည်း "အရှင်"နှစ်ဦး မရှိနိုင်ပါချေ။ လူတိုင်းက အန်ယာလုရှန်းအား အရှင်သခင်ဟု ခေါ်ဆိုလိုက်သည့် အချိန်၌ အရာရာတိုင်းမှာ ရှင်းလင်းစွာ ပေါ်လွင်သွားခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်၌ လူတိုင်းသည် မိမိတို့၏ ရည်မှန်းချက်များကို ဖုံးကွယ်ထားခြင်း မရှိကြတော့ပါချေ။
ကောင်းကင်နှင့် မြေကြီးမှာ တိတ်ဆိတ်သွားခဲ့၏။
အန်ယာလုရှန်းသည် မြင့်မားလှသော နေရာမှနေ၍ အရာအားလုံးကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။ အဆုံးမရှိသော နှင်းမုန်တိုင်းများကြား၌ စနစ်တကျဖြင့် ဒူးတစ်ဖက် ထောက်နေကြသော၊ အရှိန်အဝါ ပြင်းထန်လှသော ယိုကျိုး သံချပ်ကာမြင်းတပ်ပေါင်း သိန်းနှင့်ချီသော စစ်သည်များကို ကြည့်ရင်း၊ အဝေးဆီမှ တောင်ကုန်းများပေါ်ရှိ ရွဲလော့ဟယ်စစ်သည်များကို ကြည့်ရင်း၊ သူ၏ ကိယ်တွင်းမှ ပွက်လောရိုက်နေသော စွမ်းအားများနှင့် ပတ်ဝန်းကျင်ရှိ စစ်သူကြီးများ၏ ပြင်းထန်လှသော စိတ်ဆန္ဒများကို သူ ခံစားလိုက်ရသည်။
"ဟူး"
အန်ယာလုရှန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်သော်လည်း၊ သူ၏ ရင်ထဲ၌မူ ပိုမို၍ ရူးသွပ်လာတော့သည်။ အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သော ရည်မှန်းချက်များမှာ ဤအခိုက်အတန့်၌ မြက်ရိုင်းများအလား အရှိန်အဟုန်ဖြင့် ပြန့်ကားလာခဲ့ရာ၊ မည်သို့မျှ ထိန်းချုပ်၍ မရနိုင်တော့ပါချေ။
"ချွင်!"
မသိမသာဖြင့် အန်းတုန်း၏ ကောင်းကင်ယံထက်တွင် စူးရှလှသော အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက်၊ အန်ယာလုရှန်းသည် သူ၏ခါးမှ ဓားရှည်ကို အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဆွဲထုတ်လိုက်ကာ၊ ထက်မြက်လှသော ဓားသွားဖြင့် ကောင်းကင်ယံသို့ ညွှန်ပြလိုက်လေသည်။
"စစ်သည်အားလုံး အမိန့်ကို နာခံကြ မဟာထန်ရဲ့ကံကြမ္မာ ကုန်ဆုံးသွားပြီ။ ဒီနေ့မှာ ငါတို့တွေ ဝမ်ချောင်ကို သတ်ပြီး၊ တရားမျှတမှု မရှိတဲ့ အုပ်ချုပ်သူတွေကို ဖြုတ်ချဖို့အတွက်... စစ်တိုက်ကြမယ်"
အန်ယာလုရှန်းက ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။
နောက်တစ်ခဏ၌ ယိုကျိုး သံချပ်ကာမြင်းတပ် ခြောက်သိန်းမှာ မီးလောင်ရာ လေပင့်လိုက်သည့်အလား ချက်ချင်းပင် ဆူပွက်လာကြတော့သည်။
"တိုက်မယ်! တိုက်မယ်! တိုက်မယ်!"
"တိုက်မယ်! တိုက်မယ်! တိုက်မယ်!"
"တိုက်မယ်! တိုက်မယ်! တိုက်မယ်!"
...
တက်ကြွလှသော အော်ဟစ်သံကြီးများမှာ လောကတစ်ခုလုံးကို ဟိန်းထွက်သွားတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အန်ယာလုရှန်း၏ ရင်ထဲ၌လည်း မောက်မာလှသော စိတ်ဆန္ဒများ တစ်ဟုန်ထိုး ပေါ်ထွက်လာပြီး အားရပါးရ ရယ်မောလိုက်တော့သည်။
သူ၏ လက်အောက်တွင် ပညာရှိနှင့် စစ်သူကြီးများ စုစည်းနေသလို၊ သိန်းနှင့်ချီသော စစ်တပ်ကြီးမှာလည်း အသင့်ဖြစ်နေပြီ ဖြစ်ရာ၊ ဤမျှအထိ အရှိန်အဝါ ပြင်းထန်နေပါမှ ကြီးမားလှသော အလုပ်ကြီးများ မအောင်မြင်မှာကို သူ ဘာများ ပူနေရဦးမည်နည်း။
"ထွက်ခွာကြစို့"
အန်ယာလုရှန်း၏အမိန့်အဆုံးတွင် ယိုကျိုး နယ်မြေတစ်ခုလုံးမှာ တုန်ခါသွားခဲ့ရပြီး၊ စစ်မြင်းများ၏ ဟီသံများနှင့်အတူ ယိုကျိုး သံချပ်ကာမြင်းတပ်ပေါင်း သိန်းနှင့်ချီ၍၊ တောင်ပေါ်မှ ဆင်းလာသော ကျားရိုင်းများအလား တဂျိမ်းဂျိမ်း မြည်သံများနှင့်အတူ တောင်ဘက်ရှိ မဟာမိတ်ဖွဲ့မည့် နေရာဆီသို့ တစ်ဟုန်ထိုး ချီတက်သွားကြတော့သည်။
အန်ယာလုရှန်းသည် စစ်တပ်ကြီးကို ဦးဆောင်ကာ ထွက်ခွာသွားချိန်၌ပင်၊ အခြား အရပ်မျက်နှာ တစ်ခုတွင်မူ။
ဂိုဂူလျော အင်ပါယာ။
ယွန်းဂျယ်စိုးမွန်းသည် ကျောဘက်၌ အနက်ရောင် ဓားရှည် ခြောက်စင်းကို ထိုးစိုက်ထားလျက်၊ သံချပ်ကာဝတ်စုံကို ဆင်မြန်းကာ၊ ဝမ်တူမြို့၏ မြင့်မားလှသော မြို့ရိုးပေါ်၌ ရပ်နေ၏။
မဟာထန်နှင့် နှိုင်းယှဉ်လျှင် ဂိုဂူလျောမှာ နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်သလို၊ ယွန်းဂျယ်စိုးမွန်းမှာလည်း စစ်မှန်သော နဂါးနတ်မင်း မဟုတ်ပါချေ။ သို့သော်လည်း နိုင်ငံတစ်ခု၏ အရှင်သခင်အနေဖြင့် ယွန်းဂျယ်စိုးမွန်း၏ ကိုယ်ပေါ်တွင်လည်း မသိမသာသော နဂါးအရှိန်အဝါအချို့ ရှိနေပေသည်။ ကမ္ဘာမြေကြီး အကြီးအကျယ် ပြောင်းလဲလာသည့်အခါတွင်မူ၊ ယွန်းဂျယ်စိုးမွန်းသည် ထိုနဂါးအရှိန်အဝါများ၏ ခံစားမှုမှတစ်ဆင့် အလယ်ပိုင်းဒေသ၏ နဂါးအရှိန်အဝါများ ပြိုလဲပျက်စီးနေသည်ကို ခံစားမိသလို၊ ယိုကျိုးနယ်မြေ၏ နဂါးအရှိန်အဝါများ အကြီးအကျယ် ထွန်းကားလာသည်ကိုလည်း ခံစားမိနေပေသည်။
ဤသို့ဖြင့် အခြေအနေများ ပြောင်းလဲလာမှုမှာ၊ ယွန်းဂျယ်စိုးမွန်းအတွက်မူ အရာရာမှာ အဖြေတစ်ခုဆီသို့သာ ဦးတည်နေခြင်းပင်။
"ဒီနေ့ကတော့ နောက်ဆုံးမှာ ရောက်လာခဲ့ပြီပေါ့!"
ယွန်းဂျယ်စိုးမွန်း၏ တစ်ကိုယ်လုံးမှ မုန်တိုင်းတစ်ခုအလား ပြိုင်ဘက်ကင်းလှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ပြီး၊ သူ၏ လက်ချောင်းဖြင့် တစ်ချက် ခါယမ်းလိုက်ရာ၊ အန်ယာလုရှန်းဆီမှ ရောက်ရှိလာသော စာလိပ်မှာ ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ပြီး၊ မရေမတွက်နိုင်သော စက္ကူစများမှာ နှင်းပွင့်များအလား မြို့ရိုးပေါ်မှ လွင့်စဉ် ကျဆင်းသွားတော့သည်။
မြို့ရိုး၏အောက်ဘက်တွင်မူ၊ အဆုံးမရှိသော ဂိုဂူလျော စစ်သည်တော်များမှာ လက်နက်များကို ကိုင်စွဲလျက်၊ စနစ်တကျဖြင့် ရုပ်တုများအလား ရပ်နေကြပြီး၊ သူတို့၏ အေးစိမ့်လှသော သံချပ်ကာဝတ်စုံများမှာ အေးစက်လှသော လေပြင်းများကြား၌ ကောင်းကင်တုန်ဟိန်းမတတ် သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။
ဤအခိုက်အတန့်၌ လူတိုင်းမှာ ယွန်းဂျယ်စိုးမွန်း၏ အမိန့်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
"ချွင်"
ကောင်းကင်နှင့် မြေကြီးကြား၌ စူးရှလှသော ဓားမြည်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်၊ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းသည် ပထမဆုံးအကြိမ်အဖြစ် သူ၏ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်ကာ၊ မြို့ရိုးပေါ်၌ ရပ်နေလျက် အလယ်ပိုင်းဒေသ အရပ်ဆီသို့ လှမ်းညွှန်ပြီး သူ၏ရင်ထဲ၌ ဆယ်စုနှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့သော အသံကို ထုတ်ဖော်လိုက်တော့သည်။
"ငါ့ရဲ့ အမိန့်ကို ကြေညာလိုက်စမ်း... ငါ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်း ဒီနေ့မှာ မဟာထန်ကို တရားဝင် စစ်ကြေညာလိုက်တယ်!"
"တိုက်မယ်!"
"တိုက်မယ်!"
"တိုက်မယ်!"
ဝမ်တူမြို့ အောက်ခြေရှိ သတ်ဖြတ်သံများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေခဲ့ပြီး၊ ဂိုဂူလျော စစ်သည်တော်ပေါင်း တစ်သန်းမှာ ဓားရှည်များကို ကိုင်မြှောက်လျက် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ကောင်းကင်ယံအထိ ပျံ့လွင့်နေတော့သည်။
"ဒုန်း! ဒုန်း! ဒုန်း!"
စစ်ဗုံသံများ တဂျိမ်းဂျိမ်း မြည်ဟည်းလာခဲ့ပြီး သံချပ်ကာများလည်း တုန်ခါနေလျက်၊ ထို ခန့်ညားထည်ဝါလှသော စစ်ဗုံသံများကြား၌ ဂိုဂူလျော စစ်သည်တော် တစ်သန်းမှာ နောက်ဆုံး၌ တောင်ဘက်သို့ စတင် ချီတက်လာကြတော့သည်။
အရှေ့ တာ့ခ် အင်ပါယာ။
"ခါဂန်း... ဂိုဂူလျော အင်ပါယာဘက်ကနေ အချက်ပြလိုက်ပါပြီ"
နှင်းမုန်တိုင်းများကြားရှိ ရွက်ဖျင်တဲတော် အတွင်း၌၊ ကိုယ်လုံးထွားကျိုင်းလှသော ပုံရိပ်တစ်ခုမှာ ဒူးတစ်ဖက် ထောက်လျက် ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။
"ဟားဟားဟား ဟုတ်လား? ယွန်းဂျယ်စိုးမွန်း... မင်း ကတော့ တကယ်ပဲ တစ်စက္ကန့်တောင် မစောင့်နိုင်ဘူးပဲ"
ရွက်ဖျင်တဲတော် အတွင်းရှိ ပလ္လင်ပေါ်တွင် ထိုင်နေသော ဝူဆူမစ်ရှ် ခါဂန်းသည် မြေခွေးဖြူ ဝတ်ရုံကြီးကို ခြုံထားလျက်၊ လက်နှစ်ဖက်ဖြင့် ပလ္လင်လက်ရန်းကို ဖိကာ ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်ရာ၊ သူ၏ကိုယ်တွင်းမှ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါများ တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဝူဆူမစ်ရှ် ခါဂန်း၏ အကြည့်များမှာ လှည့်လည်သွားခဲ့ပြီး၊ သူ၏ ရှေ့မှောက်ရှိ တာ့ခ် အမျိုးသားဆီသို့ မကြာမီ ရောက်ရှိသွားတော့သည်။
"ပိလဲ့လီ... ဒီတစ်ကြိမ်တော့ မင်းကို ထပ်ပြီး ဒုက္ခပေးရဦးမှာပဲ!"
"ကျွန်တော်မျိုး အမိန့်အတိုင်း နာခံပါ့မယ်!"
ပိလဲ့လီသည် ကိုယ်ကိုကိုင်းလျက် အလေးပြုလိုက်ပြီး၊ သူ၏ ညာလက်သီးဖြင့် ဘယ်ဘက်ရင်ဘတ်ကို ပြင်းထန်စွာ တစ်ချက် ထုလိုက်ရင်း သူ၏အကြည့်များမှာလည်း ခိုင်မာလှပေသည်။ ထို့နောက် သူသည် လျင်မြန်စွာ မတ်တပ်ထရပ်လိုက်တော့သည်။
သူသည် ညာလက်ဖြင့် ကန့်လန့်ကာကို ပင့်မလျက် ရွက်ဖျင်တဲတော် ပြင်ပသို့ ထွက်ခွာလာခဲ့သည်။
"စစ်သူကြီး"
ပိလဲ့လီအား မြင်တွေ့လိုက်ရသည့်အခါ ရွက်ဖျင်တဲတော် တံခါးဝရှိ လှံရှည်ကို ကိုင်စွဲထားသော ခါဂန်း၏ ကိုယ်ရံတော် နှစ်ဦးမှာ ချက်ချင်းပင် ကိုယ်ကိုကိုင်းလျက် အလွန်အမင်း ရိုသေဟန်ဖြင့် ဂါရဝပြုလိုက်ကြသည်။
သို့သော်လည်း ပိလဲ့လီ မှာမူ သူတို့အား အနည်းငယ်မျှ ဂရုမစိုက်ပါချေ။
သူသည် ရှေ့သို့ နှစ်လှမ်းခန့် လှမ်းလိုက်ပြီးနောက် ရွက်ဖျင်တဲတော် ပြင်ပရှိ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်သည်။
တောင်ထိပ်မှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုပါက၊ အရှေ့ တာ့ခ် အင်ပါယာတစ်ခုမှာ ယခုအခါ နှင်းများဖြင့် ဖုံးလွှမ်းနေလျက်၊ လုံးဝနှင်းကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထို ဖြူဖွေးလှသော နှင်းကမ္ဘာကြီးအတွင်း၌မူ မရေမတွက်နိုင်သော အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်များမှာ လက်နက်များကို ကိုင်စွဲလျက်၊ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြရာ၊ ၎င်းမှာ ပင်လယ်ဒီရေလှိုင်းများအလား မိုင်ပေါင်း သောင်းချီ၍ ပြန့်ကားနေတော့သည်။
နှင်းမုန်တိုင်းများကြား… ယခုအခိုက်အတန့်၌ အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်များ အားလုံးမှာ စစ်သူကြီးများနှင့်အတူ ရွက်ဖျင်တဲတော် ရှိရာသို့ တစ်ညီတစ်ညွတ်တည်း လှမ်းကြည့်နေကြသည်။
မလှမ်းမကမ်းရှိ နေရာတစ်ခုတွင်မူ၊ အခြားသော စစ်သူကြီးအချို့မှာလည်း သံချပ်ကာမြင်းတပ်များကို ဦးဆောင်လျက် သူ၏အမိန့်ကို စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့ရပေသည်။
"ထွက်ခွာကြစို့"
ပိလဲ့လီ၏ မျက်ဝန်းထဲ၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး ရိုးရှင်းသော စကားနှစ်ခွန်းကိုသာ ဆိုလိုက်တော့သည်။
"ဝုန်း!"
နောက်တစ်ခဏ၌ မူလက တိတ်ဆိတ်ငြိမ်သက်နေသော ကမ္ဘာကြီးမှာ ရုတ်တရက် အသက်ဝင်လာသည့်အလား ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေသော မြည်ဟည်းသံကြီးနှင့်အတူ စစ်အလံများမှာ လွင့်ပျံလာခဲ့သည်၊။ စစ်မြင်းများ၏ ဟီသံများနှင့်အတူ သောင်းနှင့်ချီသော အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်များမှာ တစ်ဟုန်ထိုး တိုးဝင်လာကြကာ ယိုကျိုးအရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် အရှေ့ တာ့ခ် အင်ပါယာ နှင့် ယိုကျိုး၊ ဂိုဂူလျောတို့ကြားရှိ နေရာတွင် ရှီနှင့် ခီတန်နယ်မြေနှစ်ခုမှ စစ်သည်အင်အားများသည်လည်း ထိုနည်းတူ ထွက်ပေါ်လာကြတော့သည်။
ရှီနှင့် ခီတန်တို့မှာ မျိုးနွယ်စုကြီး နှစ်ခုသာ ဖြစ်သဖြင့် အရှေ့ တာ့ခ် အင်ပါယာ သို့မဟုတ် ဂိုဂူလျော အင်ပါယာတို့နှင့် မယှဉ်နိုင်ပါသော်လည်း၊ အရှေ့မြောက်ဘက် ဒေသ၌ နိုင်ငံအသီးသီး၏ အင်အားစုများမှာ ရှုပ်ထွေးလှပေရာ ထိုကဲ့သို့သော ကြားခံနယ်မြေတွင် ရှင်သန်နိုင်ခြင်းကပင် ရှီနှင့် ခီတန်တို့၏ ခွန်အားကို သက်သေပြနေခြင်း ဖြစ်၏။ မျိုးနွယ်စုကြီးနှစ်ခုမှာ စစ်သည်အရေအတွက် မများလှပါသော်လည်း၊ သူတို့၏ ကြမ်းတမ်းရက်စက်မှုမှာမူ နိုင်ငံအသီးသီးထက်ပင် သာလွန်နိုင်ခြေ ရှိပေသည်။
"သတ်စမ်း"
နှင်းများ ဖုံးလွှမ်းနေသော နန်းဆောင်ကြီးအတွင်း၌၊ ချန်ကူးကော့၏ မျက်နှာပေါ်တွင် ထူထဲလှသော ပါးသိုင်းမွှေးများ ပြည့်နှက်နေလျက်၊ သူ၏နှုတ်ခမ်းပေါ်မှ နှုတ်ခမ်းမွှေးများမှာပင် ကျစ်ဆံမြီးလေး နှစ်ခုအသွင်ဖြင့် အောက်သို့ တွဲလောင်း ကျနေတော့သည်။
သူသည် လက်ကို ပြင်းထန်စွာ တစ်ချက် ဝှေ့ယမ်းလိုက်ရင်း သူ၏လက်ထဲမှ ခီတန်ဓားကို ဆွဲထုတ်လိုက်ကာ၊ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
သူ၏ဘေးနားတွင်မူ၊ ထူးခြားလှသော နိုင်ငံခြားသား အလှတရားများ ပါရှိသည့် အမျိုးသမီးတစ်ဦးမှာ ရုတ်တရက် မြင်းနှင်ကာ ရှေ့သို့ တက်လာခဲ့ရာ၊ တစ်ခဏအတွင်းမှာပင် လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်တော့သည်။
******