← Chapters

အခန်း ၂၁၅၂

Vol. 133 Ch. 2152

အခန်း ၂၁၅၂

Vol. 133 Ch. 2152

အခန်း (၂၁၅၂) နိုင်ငံအသီးသီး၏ မဟာမိတ်ပြုပွဲ

“မင်း ရောက်လာပြီလား။”

မိမိရှေ့မှောက်သို့ ရောက်ရှိလာသော ဝမ်ချောင်အား ကြည့်ရင်း၊ လီဟန်သည် ခေါင်းညိတ်ပြလိုက်ကာ တစ်ကိုယ်လုံး များစွာ ပေါ့ပါးသွားသကဲ့သို့ ရှိနေတော့သည်။

“အဆင်သင့် ဖြစ်ပြီလား”

“အရှင်မင်းမြတ်ရဲ့ အမိန့်တော်အတိုင်းပါ!”

ဝမ်ချောင်က တရိုတသေ လျှောက်တင်လိုက်သည်။

“ချွင်”

နောက်တစ်ခဏ၌ လီဟန်၏ အမူအရာမှာ တည်ကြည်သွားခဲ့ပြီး၊ သူ၏ခါးမှ ဧကရာဇ်၏ဓားကို အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဆွဲထုတ်လိုက်ကာ၊ ထက်မြက်လှသော ဓားဖျားဖြင့် ကောင်းကင်ယံသို့ ညွှန်ပြလိုက်လေသည်။

“ဟွမ်ထျန်းအထက်နတ်မင်းကြီး သက်သေအရာ တည်ပါစေ။ ယခု နိုင်ငံအသီးသီး ကျူးကျော်လာသောအခါ၊ ငါကိုယ်တော်သည် မဟာထန်ဧကရာဇ် အနေဖြင့်လည်းကောင်း၊ သူတော်စင်ဧကရာဇ်၏ ကိုယ်စားလှယ်အနေဖြင့်လည်းကောင်း၊ မျိုးနွယ်ခြားဘုရင် ဝမ်ချောင်အား ကျိုကျိုး မဟာဗိုလ်ချုပ်ကြီးအဖြစ် ကိုယ်တိုင် ခန့်အပ်လိုက်သည်။ စစ်တပ် သုံးတပ်စလုံးကို ဦးဆောင်ကာ ရန်သူများကို နှိမ်နင်းစေရမည်။”

“အရပ်ရပ်ရှိ ကာကွယ်ရေးဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ကြီးများ၊ ကျိုကျိုးရှိ အရာရှိအမှုထမ်း အားလုံးသည် ဝမ်ချောင်၏ အမိန့်ကိုသာ နာခံရမည်။ အမိန့်ဖီဆန်သူအား ကွပ်မျက်စေ”

“ဝမ်ချောင်... အမိန့်တော်ကို နာခံစေ”

ချွင်… စကားသံအဆုံးတွင် အေးစိမ့်လှသော အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက်၊ လီဟန်၏ လက်ထဲရှိ ဧကရာဇ်၏ဓား မှာ ရုတ်တရက် လှည့်ထွက်သွားကာ၊ မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်သော အရှိန်ဖြင့် သူ၏ရှေ့မှ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် စိုက်ဝင်သွားတော့သည်။

ထိုအခိုက်အတန့်၌ မြေကြီးမှာ တုန်ခါသွားဟန်ရှိခဲ့ပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာလည်း သိသိသာသာ တုန်လှုပ်သွားရ၏။

“ကျွန်တော်မျိုး ဝမ်ချောင်၊ အမိန့်တော်ကို နာခံပါတယ်”

ဝမ်ချောင်သည် ဦးခေါင်းကို နှိမ့်ချလျက် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ လျှောက်တင်လိုက်ရာ၊ ထိုကျယ်လောင်လှသောအသံမှာ ကောင်းကင်ယံအထိ ဟိန်းထွက်သွားတော့သည်။

စကားသံ မဆုံးသေးမီမှာပင်၊ ပင်လယ်အလား ပြိုင်ဘက်ကင်းလှသော အဟုန်တစ်ခုမှာ ဝမ်ချောင်၏ ကိုယ်ပေါ်မှနေ၍ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ထိုးတက်သွားတော့သည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ယံ အပြောင်းအလဲ အတွင်း၌လည်း၊ ကောင်းကင်နှင့် မြေကြီးမှာ ပြောင်းပြန်လှန်ခြင်း ခံလိုက်ရသည့်အလား ရှိပေသည်။ မရေမတွက်နိုင်သော ကောင်းကင်လျှို့ဝှက်ချက် ပညာရှင်များ၏ အမြင်၌မူ ကောင်းကင်တစ်ခုလုံးရှိ ကြယ်တာရာများကြားတွင် အလယ်ပိုင်းဒေသရှိ ဧရာမ ကြယ်တာရာကြီး တစ်လုံးမှာ စူးရှတောက်ပလာပြီး၊ ရုတ်တရက် ဇီဝေဧကရာဇ်ကြယ်၏ ဘေးမှနေ၍ မြောက်ဘက်သို့ စတင်ရွေ့လျားသွားသည်ကို မြင်တွေ့လိုက်ရခြင်းပင်။ ထိုကြယ်တာရာမှ ထွက်ပေါ်နေသော အေးစိမ့်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါမှာ ထက်မြက်လှသော ဓားရှည်တစ်စင်းအလား အရှေ့မြောက်ဘက်ဆီသို့ လှမ်းညွှန်ပြနေလျက် နိုင်ငံအသီးသီးအား ခြိမ်းခြောက်နေတော့သည်။

“ဒါက ကျားဖြူ ပဲ! ကျားဖြူက မြို့တော်ကနေ ထွက်ခွာတော့မယ်!”

“စစ်ပွဲကြီး စတော့မယ်၊ ဒါဟာ သတ်ဖြတ်မှုတွေ စတင်တော့မယ့် နိမိတ်ပဲ။ ပြီးခဲ့တဲ့ တစ်ခေါက် ကျားဖြူ လှုပ်ရှားတုန်းက အာရပ်တစ်ပြည်လုံး ပျက်သုဉ်းသွားပြီး လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတယ်။ အခု ကျားဖြူ ပြန်ပြီး လှုပ်ရှားလာပြီဆိုတော့၊ ဒီတစ်ခါ လူဘယ်လောက်များများ ထပ်သေဦးမလဲ မသိနိုင်တော့ဘူး။”

“မြွေနဂါးအုပ်စုက နဂါးမင်းကို ဝါးမြိုဖို့ ကြိုးစားပြီး မဟာထန်ကို ကျူးကျော်တာဟာ ကျားဖြူရဲ့ သတ်ဖြတ်ခြင်းကြယ်ကို သွားပြီး ထိပါးလိုက်တာပဲ။ ကျားဖြူ လှုပ်ရှားလာပြီဆိုမှတော့ အရာရာက နောက်ပြန်လှည့်လို့ မရတော့ဘူး”

“ပြည်သူတွေ ဒုက္ခရောက်ကုန်တော့မှာပဲ၊ ပြည်သူတွေ ဒုက္ခရောက်ကုန်တော့မှာပါပဲ”

ဤအခိုက်အတန့်၌ အရပ်မျက်နှာ အသီးသီးမှ တစ်လောကလုံး ရှိ မရေမတွက်နိုင်သော ကောင်းကင်လျှို့ဝှက်ချက်ပညာရှင်များမှာ ဤမြင်ကွင်းကို ခံစားမိလိုက်ကြတော့သည်။

“ဝမ်ချောင်... အရာရာတိုင်းကို မင်းလက်ထဲပဲ အပ်လိုက်ပါတော့မယ်။”

စစ်သူကြီး ခန့်အပ်ခြင်း ပြီးဆုံးသွားသည့်အခါ၊ လီဟန်သည် မိမိရှေ့မှ ဝမ်ချောင်အား ကြည့်ရင်း သူ၏အရှိန်အဝါများမှာ များစွာလျော့ကျသွားခဲ့ပြီး၊ ဧကရာဇ် တစ်ဦး၏ မောက်မာမှုများ မရှိတော့ပါချေ။

နိုင်ငံတော်အရေးကို အရင်လုပ်ဆောင်ပြီးမှ မိသားစုအရေးကို လုပ်ဆောင်ရသည် မဟုတ်ပါလော။ ဧကရာဇ်၏တာဝန်များ ပြီးဆုံးသွားသည့်အခါ သူတို့မှာ ညီအစ်ကို သူငယ်ချင်းများသာ ဖြစ်ကြပေသည်။

“စိတ်ချပါ၊ နိုင်ငံအသီးသီးရဲ့ မြင်းခွာသံတွေကို ကျိုကျိုးထဲ ကျူးကျော်ခွင့် ငါလုံးဝ ပေးမှာ မဟုတ်ဘူး။ မဟာထန်ကို ထိပါးတဲ့သူဟာ ဘယ်လောက်ပဲ ဝေးဝေးမှာ ရှိနေပါစေ၊ သေချာပေါက် သုတ်သင်ပြရမယ်။ သူတို့အားလုံးကို အကောင်းအတိုင်း ပြန်လှည့်သွားခွင့် လုံးဝ မပေးစေရဘူး!”

ဝမ်ချောင်က လေးနက်စွာ ဆိုလိုက်ရာ သူ၏မျက်ဝန်းထဲ၌လည်း ရက်စက်လှသော အလင်းရောင်များ ပေါ်ထွက်နေတော့သည်။

ယခုအခါ မဟာထန်သည် မည်မျှအထိ အစွမ်းထက်နေပြီနည်း။ ယွီစန်းအား အနိုင်ယူခဲ့သလို၊ အာရပ်အားလည်း အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး၊ သေဆုံးသူ အရေအတွက်မှာ သန်းနှင့်ချီ၍ ရှိခဲ့သည် မဟုတ်ပါလော။ ဤမျှအထိ လုပ်ဆောင်ခဲ့ပါလျက်နှင့် နိုင်ငံအသီးသီးအား မခြိမ်းခြောက်နိုင်သေးသည်မှာ ထူးဆန်းလှပေသည်။

၎င်းမှာ နိုင်ငံအသီးသီး၏ ရည်မှန်းချက်များ ကြီးမားလွန်းနေခြင်းကြောင့် ဖြစ်စေ၊ သို့မဟုတ်ပါက မဟာထန်ဘက်မှ ရက်စက်မှု အားနည်းနေသဖြင့် သဘောထား ပျော့ပျောင်းလွန်းနေခြင်းကြောင့်ဖြစ်စေ တစ်ခုခု ဖြစ်ရပေမည်။ သို့သော် မည်သို့ပင်ဖြစ်စေ၊ သူသည် ဤအမှားကို သေချာပေါက် ပြုပြင်ပေးရပေလိမ့်မည်။

နောက်တစ်ခဏ၌ ဝမ်ချောင်သည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ မြင်းပေါ်သို့ ခုန်တက်လိုက်ကာ၊ တစ်ချိန်တည်းမှာပင် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်လေသည်။

“စစ်သည်တော် အားလုံး အမိန့်ကို နာခံ၊ ထွက်ခွာမယ်”

ဝမ်ချောင်၏အမိန့်အဆုံးတွင် မြေကြီးမှာ တုန်ခါသွားခဲ့ပြီး၊ လေ့ကျင့်ရေးကွင်း ပေါ်ရှိ သောင်းနှင့်ချီသော စစ်တပ်ကြီးမှာ ချက်ချင်းပင် လှုပ်ရှားလာတော့သည်။ မရေမတွက်နိုင်သော စစ်သည်များမှာ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေလျက်၊ အရှေ့မြောက်ဘက် ဆီသို့ လျင်မြန်စွာ ချီတက်သွားကြတော့သည်။

နိုင်ငံအသီးသီး၏ ကျူးကျော်မှုမှာ ဝမ်ချောင်နှင့် အင်ပါယာ၏ဒေါသကို ဆွပေးလိုက်ရုံတင်မကဘဲ၊ တစ်လောကလုံးရှိ သန်းနှင့်ချီသော မဟာထန်ပြည်သူများ၏ ဒေါသကိုလည်း လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်၏။

“သတ်စမ်း!”

“သတ်စမ်း!”

“သတ်စမ်း!”

အဆက်မပြတ်သော ဟိန်းဟောက်သံများကြား၌၊ မဟာထန်တစ်ခုလုံးသည်လည်း ဧရာမ စက်ယန္တရားကြီး တစ်ခုအလား ယခင်ကထက် အဆပေါင်း ရာနှင့်ချီသော အရှိန်အဟုန်ဖြင့် အစွမ်းကုန် လည်ပတ်လာတော့သည်။ အသစ်စုဆောင်းထားသော ဧရာမ စစ်သည်အင်အားများမှာ စီစဉ်ထားသည့်အတိုင်း အရပ်ရပ်ရှိ နယ်ခြားစောင့်တပ်များအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပူးပေါင်းကြတော့သည်။ စစ်သည် အနည်းငယ်မျှသာ အနောက်မြောက်ဘက်ရှိ ဝူရှန်း၏ သံမဏိမြို့တော်ဆီသို့ သွားရောက်ကြသော်လည်း၊ ကိုးဆယ်ရာခိုင်နှုန်း ကျော်သော စစ်တပ်ကြီးမှာမူ နှင်းမုန်တိုင်းများကို အံတုလျက် အရှေ့မြောက်ဘက်ဆီသို့ အမြန်ဆုံး ချီတက်သွားကြတော့သည်။

ရှန်ဝူတပ်၊ မိုဓားတပ်ဖွဲ့၊ ဝူရှန်း သံချပ်ကာမြင်းတပ် အစရှိသော မဟာထန်၏ အဆင့်မြင့်ဆုံး သံချပ်ကာမြင်းတပ်များ အားလုံး၊ ပါဟရာမ် ဦးဆောင်သော အန်ဂရာသံချပ်ကာမြင်းတပ်များ အပါအဝင် အားလုံးမှာ နေ့ညမပြတ် အရှေ့မြောက်ဘက် ဆီသို့ ဦးတည်သွားကြတော့သည်။

မြို့တော်အတွင်း၌မူ၊ မရေမတွက်နိုင်သော ပြည်သူများမှာ မြောက်ဘက်သို့ ချီတက်သွားသော ထို နက်မှောင်လှသော စစ်တပ်ကြီးကို ငြိမ်သက်စွာ ကြည့်ရှုနေကြပြီး၊ လေထုမှာလည်း အလွန်အမင်း ဖိအားများ ပြည့်နှက်နေပေသည်။

“အဖိုး... ဒီစစ်ပွဲမှာ ကျွန်တော်တို့တွေ သေချာပေါက် နိုင်မှာ မဟုတ်လား”

လူအုပ်ကြားထဲမှ အသက်လေးငါးနှစ်အရွယ် ကလေးငယ်တစ်ဦးက၊ မိမိအား မြှောက်ချီထားသော အဖိုးဖြစ်သူအား ရုတ်တရက် မေးမြန်းလိုက်သည်။

“နိုင်မှာပေါ့၊ သေချာပေါက် နိုင်မှာပါ”

အဖိုးအိုက လေသံခပ်တိုးတိုးဖြင့် နှစ်သိမ့်လိုက်သော်လည်း၊ သူ၏ မျက်မှောင်ကြား၌မူ စိုးရိမ်ပူပန်မှုများ မသိမသာ အရိပ်ထင်နေပေသည်။

နိုင်ငံအသီးသီး၏ မဟာမိတ်ပြုမှုမှာ၊ ၎င်းမှာ ယိုကျိုး ပြဿနာ တစ်ခုတည်း မဟုတ်တော့ပါချေ။ ယခုအခါ ကျိုကျိုးမြေပြင်တစ်ခုလုံးရှိ လူတိုင်း သိရှိထားသည်မှာ ယိုကျိုး၊ ဂိုဂူလျော၊ ရှီ၊ ခီတန်၊ တာ့ခ်နှင့် ယွီစန်းအင်ပါယာတို့ အပါအဝင် မဟာထန်၏ ပတ်ဝန်းကျင်ရှိ အင်ပါယာ အားလုံးနီးပါးမှာ ဤ ပြင်းထန်လှသော မဟာထန်ဆန့်ကျင်ရေး တိုက်ပွဲအတွင်း၌ ပါဝင်လာကြခြင်းပင်။

မဟာထန်သည် တစ်ပွဲပြီးတစ်ပွဲ စစ်ပွဲများကို ရင်ဆိုင်ခဲ့ရသလို၊ ယခုအခါတွင်လည်း အာဏာလွှဲပြောင်းမှုနှင့်အတူ ဧကရာဇ်အသစ် နန်းတက်စ အချိန်ဖြစ်ရာ၊ နိုင်ငံတော်၏ အင်အားမှာ မတည်ငြိမ်သေးသဖြင့် အခြေအနေမှာ မဟာထန်အတွက် အလွန်ပင် ဆိုးရွားနေပေသည်။

“မျိုးနွယ်ခြားဘုရင်.. ဒီတစ်ပွဲတော့ အရှင်ကိုပဲ အားကိုးရတော့မှာပါ!”

လူအုပ်ကြားထဲမှ မရေမတွက်နိုင်သော လူများမှာ မြောက်ဘက်သို့ ချီတက်သွားသော ထို ဧရာမစစ်အလံကြီးကို ကြည့်ရင်း၊ သူတို့၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက်များ တဖျပ်ဖျပ် လက်နေကြတော့သည်။

လေပြင်းမုန်တိုင်းများကြား၌ မည်မျှပင် ဘေးအန္တရာယ်နှင့် အခက်အခဲများကို ရင်ဆိုင်ရပါစေဦး၊ မဟာထန်ဘက်မှမူ အလွယ်တကူ ယိုင်လဲသွားလိမ့်မည် မဟုတ်ကြောင်းမှာ၊ နှစ်ပေါင်းများစွာကတည်းက မဟာထန်ပြည်သူများ၏ရင်ထဲ၌ ခိုင်မာလှသော ယုံကြည်ချက် တစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

တောင်ပေါ်မှ မုန်တိုင်းများ မကျလာမီ လေပြင်းများ အရင် တိုက်ခတ်နေသကဲ့သို့ အင်ပါယာတစ်ခုလုံး၌ စစ်ပွဲ၏ အငွေ့အသက်များမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး၊ စစ်ပွဲကြီးမှာလည်း အချိန်မရွေး စတင်တော့မည် ဖြစ်သည်။

မဟာထန်၏ အာရုံစိုက်မှုများအားလုံး ဝမ်ချောင်နှင့် ဤစစ်ပွဲကြီးအပေါ်သို့ ရောက်ရှိနေစဉ်၊ လူအများအပြား သတိမမူမိသည်မှာ၊ ဖြူဖွေးလှသော ကမ္ဘာနှင့် မြေကြီးကြား၌ လှပကျော့ရှင်းလှသော ပုံရိပ်တစ်ခုမှာ မြို့တော် အနောက်တောင်ဘက်ရှိ မြို့ရိုးပေါ်၌ ရပ်နေခြင်းပင် ဖြစ်၏။ သူမသည် ဇီးပန်းပုံစံ ဆီစိမ်စက္ကူထီး တစ်လက်ကို ဆောင်းထားလျက်၊ ကိုယ်ပေါ်တွင် ဖြူဖွေးလှသော ကရိန်းသားမွှေးဝတ်ရုံတစ်ထည်ကို ခြုံထားကာ ဝမ်ချောင်ထွက်ခွာသွားသော လမ်းကြောင်းဆီသို့ တိတ်ဆိတ်စွာ လှမ်းကြည့်နေတော့သည်။

“သခင်မလေး... အရှင်က……”

အနောက်ဘက်မှ လှပသော အစေခံမိန်းကလေး တစ်ဦးမှာ ရွှီချီချင်၏ ကျောပြင်ကို ကြည့်ရင်း စကားကို ရုတ်တရက် ရပ်တန့်လိုက်မိသည်။

“မလိုတော့ပါဘူး”

ရွှီချီချင်က အေးအေးဆေးဆေးပင် ဆိုလိုက်ရင်း သူမ၏ ဦးခေါင်းကို အသာအယာ ခါယမ်းလိုက်ရာ အစေခံမိန်းကလေး ဘာပြောချင်သနည်း ဆိုသည်ကို သူမ ကြိုတင် သိရှိနေပုံ ရပေသည်။

“ယောက်ျားကောင်း တစ်ယောက်ဆိုတာ လေးနဲ့မြားကို ကိုင်စွဲပြီး အရပ်မျက်နှာ အသီးသီးကို လှည့်လည်ကာ၊ တစ်လောကလုံး ကို ရည်မှန်းချက် ထားရမှာပဲ။ ဒီလို အချိန်မျိုးမှာ ငါတို့တွေ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေသင့်တော့ဘူး။ သူ့ကို အေးအေးဆေးဆေးပဲ သွားခွင့်ပြုလိုက်ရအောင်”

အနောက်မှ အစေခံမိန်းကလေးမှာ မှင်တက်သွားခဲ့ရပြီး စကားတစ်ခွန်းမျှ ပြန်လည် မပြောနိုင်တော့ပါချေ။

ကောင်းကင်နှင့် မြေကြီးကြား၌ လေပြင်းများကြားမှ နှင်းများမှာ တစ်ဖွဲဖွဲ ကျဆင်းနေစဉ်၊ ရွှီချင်ချင်သည် ထိုနေရာ၌ပင် ရပ်နေလျက် ဝေးကွာလှသော အရပ်ဆီသို့ ငြိမ်သက်စွာ လှမ်းကြည့်နေပြီး၊ ဝမ်ချောင်၏ပုံရိပ်မှာ မိုးကုတ်စက်ဝိုင်း အပြင်ဘက်သို့ ပျောက်ကွယ်သွားသည့်တိုင်အောင် အကြည့်ကို မလွှဲဘဲ ရှိနေတော့သည်။

“ဝုန်း! ဝုန်း! ဝုန်း!”

“ဝှစ်!”

“ဒုန်း! ဒုန်း! ဒုန်း!”

မဟာထန်၏ စစ်သည်အင်အားများမှာ နေ့ညမပြတ် သံမဏိခံတပ်ဆီသို့ စုစည်းရောက်ရှိနေကြစဉ်၊ အရှေ့မြောက်ဘက် ဒေသရှိ မဟာထန်၏ နယ်စပ်များ၌လည်း စစ်ဗုံသံများ မြည်ဟည်းနေလျက်၊ ခရုသင်းသံများမှာလည်း ကောင်းကင်ယံအထိ ပျံ့လွင့်နေတော့သည်။

တာ့ခ်၊ ဂိုဂူလျော၊ ရှီနှင့်ခီတန် အစရှိသော နိုင်ငံအသီးသီး အားလုံးမှာ အင်အားအလုံးအရင်းဖြင့် ထွက်ပေါ်လာကြပြီး၊ စုစုပေါင်း စစ်သည်ဦးရေ နှစ်သန်း ယိုကျိုးရှိ ကြိုတင်သတ်မှတ်ထားသော နေရာဆီသို့ မဟာမိတ်ပြုရန်အတွက် အဆက်မပြတ် ချီတက်နေကြခြင်းပင်။

စိပ်လှသော မြင်းခွာသံများမှာ ည၏ လေထုထဲ၌ အဝေးဆီသို့ လွင့်ပျံနေလျက်၊ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အရှေ့မြောက်ဘက် ယိုကျိုး ကောင်းကင်ယံထက်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများမှာလည်း အဆက်မပြတ် တိုးပွားလာနေတော့သည်။

ဝမ်ချောင်၏သံမဏိခံတပ်နှင့် မိုင်ခြောက်ရာခန့် ဝေးကွာသောနေရာတွင်မူ၊ ဧရာမ စစ်အလံကြီး ခြောက်ခု (အကြီးလေးခု၊ အသေးနှစ်ခု)မှာ ဖြူဖွေးလှသော နှင်းများကြား၌ မတ်မတ်စိုက်ထူထားလေသည်။ ထို စစ်အလံများ၏ အောက်တွင်မူ၊ မုန်တိုင်းတစ်ခုအလား ပြိုင်ဘက်ကင်းလှသော အရှိန်အဝါများ ရှိနေကြသည့်ပုံရိပ်အချို့ စုစည်းနေကြ၏။

သူတို့၏အနောက်ဘက်တွင်မူ၊ မရေမတွက်နိုင်သော စစ်သည်တော်များနှင့် မြင်းတပ်များမှာ ပင်လယ်ကြီးအလား ရှိနေကြပြီး၊ ဤ သေးငယ်လှသော နေရာလေး၌ ယခုအခါ စစ်သည်အင်အား နှစ်သန်းကျော်မှာ စုစည်း ရောက်ရှိနေကြခြင်း ဖြစ်သည်။

“အချိန်တန်ပြီ!”

အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“ယွီစန်း ဘက်ကကော ယုံကြည်ရလို့လား။ ငါတို့တွေ တကယ်ပဲ သူတို့ရဲ့အလံကို စိုက်ထူထားဖို့ လိုအပ်လို့လား?”

“စိတ်ချပါ၊ တာ့လုံချင်းလင်ကတော့ သေချာပေါက် စစ်လွှတ်ပါလိမ့်မယ်။ ယွီစန်းရဲ့ စစ်သည်အင်အားတွေက ခဏ ပြတ်တောက်နေပေမဲ့လည်း၊ သူတို့က ငါတို့အတွက် မဟာထန်ရဲ့ စစ်အင်အားတွေကို ကြားဖြတ် ဟန့်တားပေးနိုင်လိမ့်မယ်။ ဒါ့အပြင် တာ့လုံချင်းလင်ရဲ့ အရည်အချင်းအရဆိုရင်၊ သူဟာ နောက်ဆုံးမှာ ပိတ်ဆို့မှုတွေကို ဖြတ်ကျော်ပြီး ငါတို့နဲ့ အောင်မြင်စွာ လာရောက်ပူးပေါင်းနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”

အန်ယာလုရှန်းက စကားဆိုလိုက်သည်။

သူသည် ယခင်အတိုင်းပင် ပုပုဖိုင့်ဖိုင့် ရှိနေပါသေးသော်လည်း၊ သူ၏ အကြည့်များကြား၌မူ လူတိုင်း မော့ကြည့်နေရမည့် အာဏာရှင် အရှိန်အဝါတစ်ခုမှာ အလိုအလျောက် ထွက်ပေါ်နေပေပြီ။ ယနေ့အချိန်တွင်မူ နိုင်ငံအသီးသီးမှ မည်သူကမျှ ဤ “ကျွန်ဖမ်းစစ်သူကြီး”အား အထင်မသေးဝံ့ကြတော့ပါချေ။ လူပြက်တစ်ယောက်နှယ် ရှိခဲ့သော ကျွန်ဖမ်းစစ်သူကြီး တစ်ဦးအနေဖြင့် ဤအဆင့်အတန်းသို့ ရောက်ရှိလာရန်မှာ လုံးဝ မဖြစ်နိုင်သလို၊ ယနေ့ခေတ် မဟာထန်၏ အင်ပါယာကို လက်ဝါးကြီးအုပ်ရန် ဤမျှအထိ ကြီးမားလှသော ရည်မှန်းချက်မျိုးလည်း ရှိနိုင်လိမ့်မည် မဟုတ်ပါချေ။

“အင်း”

အန်ယာလုရှန်း၏ စကားကို ကြားရသည့်အခါ အခြားသော ခေါင်းဆောင်ကြီးအားလုံးမှာ ခေါင်းညိတ်ပြလိုက်ကြသည်။

ယွီစန်း၏ စစ်သည်အင်အားများမှာ အနောက်မြောက်ဘက်၌ တစ်ဦးတည်း ကျန်ရစ်နေပါသော်လည်း၊ အန်းယာလုရှန်းကပင် ပြဿနာ မရှိဟု ဆိုပါက၊ ၎င်းမှာ သေချာပေါက် အဆင်ပြေမည်သာ ဖြစ်၏။

“အာရပ် ဘက်ကရော ဘယ်လိုရှိလဲ။ ကောင်းရှန်းကျစ်နဲ့ အန်းစီရှန်းတို့က တိုက်ပွဲပေါင်း ရာချီ ဆင်နွှဲခဲ့ဖူးတဲ့ ထိပ်တန်း စစ်သူကြီးတွေ ဖြစ်သလို၊ သူတို့ရဲ့ လက်အောက်က စစ်သည်တွေကလည်း အတွေ့အကြုံ ရင့်ကျက်ကြသူတွေပဲ။ အကယ်၍ အရေးကြီးတဲ့ အချိန်ကျမှ အဲဒီစစ်တပ်ကြီးက ငါတို့ရဲ့နောက်ကျောကနေ ရုတ်တရက် ထွက်ပေါ်လာမယ်ဆိုရင်၊ ငါတို့အတွက် အခြေအနေက အရမ်းဆိုးရွားသွားနိုင်တယ်”

ထိုအချိန်မှာပင် ဂိုဂူလျော ဧကရာဇ်ယွန်းဂျယ်စိုးမွန်းသည် သံချပ်ကာဝတ်စုံကို ဆင်မြန်းထားလျက် ရုတ်တရက် မေးမြန်းလိုက်သည်။

မဟာမိတ်ဖွဲ့ခြင်း မပြုမီ၌၊ အရာရာကို အသေအချာ စဉ်းစားရပေမည်။ တစ်စုံတစ်ရာ မှားယွင်းသွားပါက မည်သူမျှ တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပါချေ။ အထူးသဖြင့် အလယ်ပိုင်းဒေသ၏ ထိုစစ်သူကြီးချုပ်များကိုမူ ယွန်းဂျယ်စိုးမွန်း တစ်ဦးတည်းပင် မဟုတ်ဘဲ မည်သူကမျှ အထင်မသေးဝံ့ပါချေ!

အအေးလှိုင်းများ ဆိုက်ရောက်လာသည့် အခါတွင်မူ၊ ဂိုဂူလျော အင်ပါယာသည် နိုင်ငံ၏ ကံကြမ္မာကို လောင်းကြေးထပ်ထားခဲ့ပြီဖြစ်ရာ၊ ရှုံးနိမ့်ခြင်း၏ ပေးဆပ်မှုကိုမူ မည်သူကမျှ ခံနိုင်ရည် ရှိမည် မဟုတ်ပါချေ။

“စိတ်ချပါ၊ ငါတို့တွေ စတင် လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက်၊ ဖူလင် လူမျိုးတွေက စစ်တပ်တစ်ခုလုံးကို လွှတ်ပြီး အာရပ်ကို တိုက်ခိုက်ပါလိမ့်မယ်။ အဲဒီအခါ ကောင်းရှန်းကျစ်နဲ့အန်းစီရှန်းတို့ကို သူတို့တွေ ထိန်းချုပ်ထားနိုင်မှာပါ။ ဒါ့အပြင် ဘဂ္ဂဒက်ဘက်ကလည်း အဲဒီအချိန်ကျရင် စစ်သည်အချို့ လွှတ်ပေးပါလိမ့်မယ်။ အန်းစီရှန်းနဲ့ကောင်းရှန်းကျစ်တို့ကို အနိုင်မတိုက်နိုင်ရင်တောင်မှ၊ သူတို့ကို ဟန့်တားထားနိုင်ဖို့ကတော့ လုံလောက်ပါတယ်”

အန်ယာလုရှန်းသည် တောင်ကြီးတစ်လုံးအလား တည်ငြိမ်နေလျက်၊ စကားပြောဆိုပုံမှာလည်း အရာရာတိုင်းကို အသေအချာ တွက်ချက်ထားသည့် အငွေ့အသက်များ ထွက်ပေါ်နေပေသည်။

“ဒီလိုဆိုရင်တော့ ဘာပြဿနာမှ မရှိတော့ဘူး”

ယွန်းဂျယ်စိုးမွန်းအပါအဝင် လူတိုင်းမှာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြတော့သည်။

နောက်တစ်ခဏ၌ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ၊ ကြီးမားလှသော အင်အားစု ငါးခုမှ ခေါင်းဆောင်ကြီး ငါးဦး (ယောက်ျား လေးဦး၊ မိန်းမ တစ်ဦး)မှာ၊ တစ်ပြိုင်နက်တည်း သူတို့၏ ရင်ခွင်ထဲမှ ထက်မြက်လှသော လခြမ်းကွေးဓားများကို ဆွဲထုတ်လိုက်ကြပြီး၊ လက်ချောင်းထိပ်ကို တစ်ချက် လှီးလိုက်ကြတော့သည်။ နီရဲလှသော သွေးစက်များမှာ အောက်ဘက်ရှိ အရက်များ ပြည့်နှက်နေသော ရှေးဟောင်း လေးထောင့်အိုးကြီးအတွင်းသို့ အဆက်မပြတ် စီးကျသွားတော့သည်။

ရာသီဥတုမှာ အလွန်အမင်း အေးစိမ့်နေသဖြင့် စီးဆင်းနေသော ရေများပင် ခဲနေပါသော်လည်း၊ ခေါင်းဆောင်ကြီး ငါးဦး၏ သွေးစက်များမှာမူ နွေးထွေးနေလျက်၊ သွေးသားအရှိန်အဝါများ ပြည့်နှက်နေပေသည်။

ခေါင်းဆောင်ကြီးငါးဦး၏ သွေးများ အိုးအတွင်းသို့ အားလုံး ရောက်ရှိသွားသောအခါ... ဘေးတွင် အသင့်စောင့်နေသော ယိုကျိုး သံချပ်ကာမြင်းတပ် စစ်သည်အချို့သည် ရှေ့သို့ တိုးလာကြသည်။ ထို့နောက် 'ဖောက်' ဟူသော အသံနှင့်အတူ အိုးပတ်လည်ရှိ ဖားရုပ်စက်မောင်းများကို ဖွင့်လိုက်ကြရာ... သွေးနှင့် ရောယှက်နေသော ပြင်းထန်လှသည့် အရက်များမှာ အရက်ခွက်များအတွင်းသို့ အလိုအလျောက် စီးဝင်သွားတော့သည်။ စစ်သည်များသည် ထိုအရက်ခွက်များကို ခေါင်းဆောင်ကြီးငါးဦး၏ လက်ထဲသို့ ရိုသေလေးမြတ်စွာဖြင့် ဆက်သလိုက်ကြလေသည်။

“မဟာမိတ်ပြုပွဲ အောင်မြင်ပါစေ”

“မဟာမိတ်ပြုပွဲ အောင်မြင်ပါစေ”

“မဟာမိတ်ပြုပွဲ အောင်မြင်ပါစေ!”

အရက်ခွက်များမှာ တစ်ခုနှင့်တစ်ခု ထိခတ်သွားခဲ့ပြီးနောက်၊ ဤစကားကို ပြောဆိုအပြီးတွင် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ၊ အန်းယာလုရှန်း၊ ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း၊ ရှီဘုရင်မနှင့် ခီတန်ဘုရင်တို့မှာ မိမိတို့၏ လက်ထဲရှိ သွေးများ ရောယှက်နေသော အရက်များကို တစ်ဟုန်ထိုး မော့သောက်လိုက်ကြတော့သည်။

သွေးသစ္စာပြုခြင်း။

ဤအခိုက်အတန့်၌ မဟာမိတ်အဖွဲ့ကြီးသည် တရားဝင် ဖွဲ့စည်း အောင်မြင်သွားခဲ့ပြီ ဖြစ်၏။

နောက်တစ်ခဏ၌ ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင်နှင့် ရှီဘုရင်မတို့ အားလုံးမှာ ဦးခေါင်းကို လှည့်လိုက်ကြပြီး အန်ယာလုရှန်းဆီသို့ တစ်ညီတစ်ညွတ်တည်း လှမ်းကြည့်လိုက်ကြတော့သည်။

နိုင်ငံအသီးသီး၏ မဟာမိတ်အဖွဲ့ကြီးမှာ အားလုံး တန်းတူညီမျှ ရှိကြပြီး အဆင့်အတန်း မခွဲခြားထားဟု ဆိုနိုင်ပါသော်လည်း၊ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ်မူ လူတိုင်းမှာ အန်ယာလုရှန်းအား မသိမသာဖြင့် အသိအမှတ် ပြုထားကြပြီ ဖြစ်သည်။

အကယ်၍ အန်ယာလုရှန်းသာ အလယ်ဗဟိုမှနေ၍ ပေါင်းစပ် ညှိနှိုင်းပေးခြင်း မရှိခဲ့ဘဲ၊ နိုင်ငံအသီးသီးအား မိမိဘာသာ အစပြု၍ ဆက်သွယ်ခြင်း မရှိခဲ့ပါက၊ ဤ မဟာမိတ်အဖွဲ့ကြီး မှာ အောင်မြင်ရန် အလွန် ခက်ခဲလှပေလိမ့်မည်။

ဒါ့အပြင် အန်ယာလုရှန်းမှာ အန်းတုန်းကာကွယ်ရေးဗိုလ်ချုပ်ဖြစ်သဖြင့်၊ မဟာထန်အပေါ် နားလည်မှုမှာ နိုင်ငံအသီးသီးထက် များစွာပိုမိုနက်ရှိုင်းလှပေရာ၊ သူ ကိုယ်တိုင် ထွက်ပေါ်လာခြင်းက အရာရာကို ပိုမိုလွယ်ကူစေသလို၊ မဟာထန်အား အနိုင်ယူနိုင်မည့် မျှော်လင့်ချက်မှာလည်း များစွာ တိုးပွားလာစေခြင်းပင် ဖြစ်တော့သည်။

******

All Chapters