အခန်း ၂၁၅၇
Vol. 134 Ch. 2157
အခန်း (၂၁၅၇) ဒေါသတကြီးဖြစ်ခြင်း၊ ကျန်းရှို့ကွေး ပြန်လည်ပေါ်ထွက်လာခြင်း
ခဏအကြာတွင် သံမဏိမြို့ရိုးအောက်ရှိ ဝမ်ချောင်နှင့် မလှမ်းမကမ်းနေရာတွင် တဂျိမ်းဂျိမ်းမြည်သံနှင့်အတူ ခုနစ်မီတာ ရှစ်မီတာခန့် မြင့်မားသော ဧရာမသံမဏိပြားကြီး ရုတ်တရက်ပွင့်ထွက်သွားကာ အနောက်ဘက်ရှိ လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။
လျှို့ဝှက်လမ်းကြောင်းအတွင်း၌ မှောင်မည်းနေပြီး များမကြာမီမှာပင် ပုံရိပ်အချို့သည် လူတိုင်း၏မျက်စိရှေ့သို့ ပေါ်ထွက်လာသည်။
ထိုပုံရိပ်အချို့မှာ သံချပ်ကာဝတ်စုံများကို ဆင်မြန်းထားကြပြီး သိသိသာသာပင် မဟာထန်၏စစ်သည်များ ဖြစ်ကြသော်လည်း ရှေ့ဆုံးမှ ထွားကျိုင်းလှသောပုံရိပ်မှာမူ အထူးခြားဆုံးပင် ဖြစ်သည်။
သူသည် အခြားစစ်သည်များနှင့် ကြည့်ရသည်မှာ ကွဲပြားမှုမရှိဘဲ သံချပ်ကာကို ဆင်မြန်းထားသော်လည်း ကျောဘက်တွင် ဝတ်ရုံစတစ်ခု ပိုပါနေကာ မျက်နှာပေါ်တွင်မူ အေးစိမ့်လှသော ကြေးနီမျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသဖြင့် အလွန်ပင် လျှို့ဝှက်ဆန်းပြားနေပုံရသည်။
သို့သော်လည်း အာရုံအဖမ်းစားဆုံးမှာမူ ကြေးနီမျက်နှာဖုံးပေါ်မှ ပေါ်ထွက်နေသော မျက်ဝန်းတစ်စုံပင် ဖြစ်ပြီး ထိုမျက်ဝန်းများမှာ ဓားသွားကဲ့သို့ပင် စူးရှအေးစက်နေကာ အံ့ဩတုန်လှုပ်စရာအကောင်းဆုံးမှာမူ ထိုမျက်ဝန်းများအတွင်းမှ ထွက်ပေါ်နေသော ပင်လယ်လှိုင်းလုံးကြီးများအလား နက်ရှိုင်းလှသည့် နာကျည်းမုန်းတီးမှုများပင် ဖြစ်တော့သည်။
ထိုသူသည် လျှို့ဝှက်လမ်းကြောင်းအတွင်းမှ ထွက်လာပြီးနောက် ဦးခေါင်းကိုမော့ကာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုမျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသူ အားလုံးမှာ အာပုစစ် အပါအဝင် စိတ်ဝိညာဉ်များ ပြင်းထန်စွာ တုန်ခါသွားကြရပြီး ပင်လယ်လှိုင်းလုံးကြီးများအလား ပြင်းထန်လှသော ထိုမုန်းတီးမှု ခံစားချက်များအတွင်းသို့ ဝါးမြိုခြင်းခံရလုနီးပါး ဖြစ်သွားကြသည်။
""
"ဒီလူက ဘယ်သူလဲ"
ထိုရုတ်တရက် ပေါ်ထွက်လာသော ကြေးနီမျက်နှာဖုံးနှင့် ပုံရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ ရင်ထဲ၌ တုန်လှုပ်သွားကြရပြီး မသိစိတ်ဖြင့်ပင် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။
သူတို့သည် သံမဏိခံတပ်အတွင်း၌ နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သံမဏိခံတပ်အောက်ခြေတွင် ဤကဲ့သို့သော လူတစ်ယောက် ပုန်းအောင်းနေပြီး ဤမျှအထိ ထိတ်လန့်စရာကောင်းလိမ့်မည်ဟုမူ တစ်ခါမျှ မသိခဲ့ကြပါချေ။
ဝမ်ချောင်၏ ဘယ်ဘက်အနောက်တွင်ရှိသော မင်းဆရာဝမ်ကျုံးစစ် တစ်ဦးတည်းသာလျှင် စိတ်ဝိညာဉ်မှာ အနည်းငယ် လှုပ်ခါသွားခဲ့ရပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
အဘယ်ကြောင့်လဲ မသိသော်လည်း ထိုရုတ်တရက် ပေါ်ထွက်လာသောသူသည် သူ့အား မသိမသာ ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေသော်လည်း အနှစ်သာရပိုင်း၌မူ ကြီးမားလှသော ကွာခြားချက်များ ရှိနေပြန်ရာ ခဏတာအတွင်း၌ သူ စဉ်းစား၍ မရနိုင်ဘဲ ရှိနေသည်။
ထိုသူသည် လူတိုင်းအား ဦးခေါင်းမော့ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် များမကြာမီမှာပင် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဦးခေါင်းကိုငုံ့လျက် သံမဏိမြို့ရိုးပေါ်သို့ တိုက်ရိုက်တက်လာပြီး ဝမ်ချောင်၏ဘေးနားသို့ လျှောက်လှမ်းသွားတော့သည်။
"ခင်ဗျား ပင်ပန်းသွားပါပြီ"
ဝမ်ချောင်သည် အနည်းငယ်မျှ ကိုယ်ကိုကိုင်းလျက် အလေးပြုလိုက်ပြီး ထိုကြေးနီမျက်နှာဖုံး တပ်ဆင်ထားသောသူအား ကြည့်ကာ အလွန်ပင် ရိုသေလေးစားသော အမူအရာ ရှိနေပေသည်။
ခဏတာအတွင်းမှာပင် လူတိုင်း၏ရင်ထဲ၌ ပိုမို၍ ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာတော့သည်။
ယနေ့အချိန်အခါရှိ ဝမ်ချောင်၏ အဆင့်အတန်းအရဆိုလျှင် သူ့အနေဖြင့် ဤမျှအထိ ရိုသေလေးစားပြီး ခန့်ညားစွာ ဆက်ဆံရမည့်သူမှာ မည်သူဖြစ်နိုင်မည်နည်းဟု လူတိုင်းမှာ စဉ်းစား၍ပင် မရနိုင်ကြပါချေ။
"အရှင်... ဒီပုဂ္ဂိုလ်က ဘယ်သူလဲ"
ထိုအချိန်မှာပင် နားထဲသို့ အသံတစ်ခု တိုးဝင်လာခဲ့သည်။ ထုံလော့ဗိုလ်ချုပ်ကြီးအာပုစစ်က အသံကိုနှိမ့်ကာ မေးမြန်းလိုက်ခြင်းပင် ဖြစ်သည်။
"ခဏနေရင် မင်း သိရမှာပါ"
ဝမ်ချောင်က အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားလိုက်ပြီး အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပါချေ။
အာပုစစ် ဖြစ်စေ၊ ဝမ်ကျုံးစစ် ဖြစ်စေ အားလုံးမှာ အင်ပါယာအတွင်း အဆင့်အတန်း မြင့်မားလှသော ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသဖြင့် အမှန်တကယ်ဆိုလျှင် သူတို့အား ပြောပြသင့်ပါသော်လည်း ဝမ်ချောင်အနေဖြင့် ထိုသို့မလုပ်ဆောင်ခြင်းမှာလည်း သေချာပေါက် အကြောင်းပြချက် တစ်စုံတစ်ရာ ရှိရပေမည်။
ဝေးကွာလှသော အရပ်တွင်မူ နိုင်ငံအသီးသီးမှ စစ်တပ်ကြီးများ၏ အာရုံမှာလည်း မျက်နှာချင်းဆိုင်မှ အပြောင်းအလဲများဆီသို့ ရောက်ရှိသွားကြတော့ရာ သန်းနှင့်ချီသော အကြည့်များမှာ စွမ်းအားတစ်ခုအလား စုစည်းသွားခဲ့ပြီး ဝမ်ချောင်၏ ဘေးနားရှိ ကြေးနီမျက်နှာဖုံး တပ်ဆင်ထားသော ပုံရိပ်ဆီသို့ တစ်ညီတစ်ညွတ်တည်း ကျရောက်သွားကြတော့သည်။
"အဲဒီလူက ဘယ်သူလဲ?"
အန်းလုရှန်းသည် မျက်မှောင်ကြုတ်လိုက်ကာ မျက်လုံးများကို မှေးကြည့်လိုက်မိသည်။
ဝမ်ချောင်၏ ဤလုပ်ရပ်မှာ စေတနာနှင့် မဟုတ်ကြောင်း သိရှိနေပါသော်လည်း အန်းလုရှန်းအနေဖြင့် မသိစိတ်ဖြင့်ပင် အကြည့်များမှာ ဆွဲဆောင်ခြင်းခံလိုက်ရကာ ထိုကြေးနီမျက်နှာဖုံးနှင့် လူသားဆီသို့ ကျရောက်သွားခြင်းပင် ဖြစ်၏။
"ဒီကောင်က တကယ်တော့ ဘာလုပ်ချင်နေတာလဲ"
အန်းလုရှန်းက လေးနက်စွာ ဆိုလိုက်သည်။
ယခုအခါ သူသည် အတောင်အပံများ ပြည့်စုံနေပြီဖြစ်သလို အရှိန်အဝါများမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူတော်စင် ဧကရာဇ်၏ သေတမ်းစာပင်လျှင် သူ့အား ထိခိုက်မှု အကန့်အသတ်သာ ရှိတော့မည် ဖြစ်သဖြင့် အခြားအရာများကိုမူ သူ ဂရုစိုက်နေစရာ မလိုပါချေ။ ဝမ်ချောင်ဆီတွင် သူတော်စင် ဧကရာဇ်၏ သေတမ်းစာထက် ပိုမိုအစွမ်းထက်သော အရာရှိနေဦးမည်ဟု သူ လုံးဝ မယုံကြည်ပါချေ။
သူ၏အနောက်တွင်မူ ကောင်းရှန်းက စကားတစ်ခွန်းမျှ မဆိုပါချေ။ အန်းလုရှန်း၏ ဤစကားမှာ မိမိအား မေးမြန်းနေခြင်းဖြစ်ကြောင်း သူ သိရှိနေပါသော်လည်း ယခုအခါတွင်မူ သူသည် ဦးခေါင်းကိုသာ ခါယမ်းနိုင်တော့သည်။ ဝမ်ချောင်၏ အကြံအစည်များမှာ သူ၏အောက်တွင် ရှိမနေပါချေ။ ယခုအချိန်အထိ ကောင်းရှန်း၏ မည်သည့်တွက်ချက်မှုမှ ဝမ်ချောင်အပေါ်တွင် မအောင်မြင်ခဲ့ဖူးပါချေ။ ဝမ်ချောင်၏ အကြံအစည်များကိုမူ သူပင်လျှင် ထိုးဖောက်မြင်နိုင်စွမ်း မရှိပါချေ။
"ဒီကောင်က တကယ်တော့ ဘာတွေ လုပ်နေတာလဲ"
ယိုကျိုးမှ လူများသာမက ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင် နှင့် ရှီဘုရင်မတို့ အပါအဝင် နိုင်ငံအသီးသီး၏ အရှင်သခင်များ အားလုံးသည်လည်း မြို့ရိုးပေါ်ရှိ ဝမ်ချောင်အား အာရုံစိုက်နေကြခြင်းပင်။
ဝမ်ချောင်၏ဂုဏ်သတင်းမှာ ကုန်းမြေလောက တစ်ခုလုံးတွင် မိုးကြိုးသံအလား ဟိန်းထွက်နေသဖြင့် နိုင်ငံအသီးသီး၏ အရှင်သခင်များမှာ ဝမ်ချောင်နှင့် ပတ်သက်သော ကိစ္စရပ်များစွာကို ကြားဖူးခဲ့ကြသော်လည်း လူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ရသည်မှာမူ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်ရာ ယခုအခိုက်အတန့်တွင် ဝမ်ချောင်ဘာတွေ ကြံစည်နေသလဲဆိုသည်ကို မည်သူမျှ မသိရှိနိုင်ကြပါချေ။
သို့သော်လည်း ဝမ်ချောင်က လူတိုင်းအား အကြာကြီး စောင့်ခိုင်းမနေခဲ့ပါချေ။ နောက်တစ်ခဏ၌ လူတိုင်း၏ သံသယများ ပြည့်နှက်နေသော အကြည့်များအောက်တွင် မြို့ရိုးပေါ်ရှိ ထိုကြေးနီမျက်နှာဖုံး တပ်ဆင်ထားသော လျှို့ဝှက်ဆန်းပြားသူမှာ ရုတ်တရက် စကားပြောလာတော့သည်။
"သစ္စာဖောက်ကောင်… မင်း ငါ့ကို မှတ်မိသေးရဲ့လား"
မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်လှသော ဟိန်းဟောက်သံကြီးသည် အဆုံးမရှိသော နာကျည်းမှုများကို သယ်ဆောင်လာလျက် လူတိုင်း၏ နားထဲတွင် တဂျိမ်းဂျိမ်း မြည်ဟည်းသွားတော့သည်။
မြို့ရိုးပေါ်တွင် ဝမ်ကျုံးစစ် နှင့် အာပုစစ် တို့မှာ သတိမဝင်လာနိုင်သေးမီမှာပင် ဝေးကွာလှသော အရပ်မှ အန်းလုရှန်း၊ ကောင်းရှန်းနှင့် ချွေချန်းယုံ တို့မှာမူ မျက်တောင်တစ်ခတ်အတွင်း မျက်လုံးများ ပြူးသွားခဲ့ကြရပြီး မိုးကြိုးပစ်ချခြင်း ခံလိုက်ရသည့်အလား မှင်တက်သွားကြတော့သည်။
"ဒါ သူလား… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အန်းလုရှန်းသည် အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိပြီး သူ၏မျက်နှာမှာလည်း များစွာဖြူလျော့သွားခဲ့ရသည်။
ဤအသံမှာ သူနှင့် အလွန်ပင် ရင်းနှီးလွန်းလှသဖြင့် အရိုးထဲအထိ စွဲထင်နေခဲ့ရာ ထိုသူ၏ စစ်မှန်သော မျက်နှာကို မြင်တွေ့ရန်ပင် မလိုဘဲ မှတ်မိနိုင်သည့် အဆင့်တွင် ရှိနေပေသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အချိန်များအတွင်း မရေမတွက်နိုင်သော နေ့ရက်များနှင့် ညပေါင်းများစွာတွင် သူသည် ဤအသံ၏ အရှိန်အဝါအောက်၌သာ အစဉ်အမြဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှင်သန်ခဲ့ရသောကြောင့်ပင်။
ယနေ့အချိန်တွင်မူ အန်းလုရှန်းသည် ရည်မှန်းချက်များ အောင်မြင်နေပြီဖြစ်သလို အရှိန်အဝါများလည်း ပြည့်စုံနေပြီဖြစ်ရာ မျက်နှာချင်းဆိုင်မှ ဝမ်ချောင်ကိုပင် သူသည် အနည်းငယ်မျှသာ စိုးရိမ်ပြီး ကြောက်ရွံ့ခြင်း မရှိပါချေ။ သူသည် ဤစစ်ပွဲကြီးကို အသုံးချကာ ဝမ်ချောင်အား တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်ပင် မျှော်လင့်ထားခဲ့သော်လည်း ဤအသံ တစ်ခုတည်းမှာမူ သူ အကြောက်ရွံ့ဆုံးသော အရာပင် ဖြစ်တော့သည်။
နောက်တစ်ခဏ၌ လူတိုင်း၏ အကြည့်များအောက်တွင် ထိုကြေးနီမျက်နှာဖုံးနှင့် လျှို့ဝှက်ဆန်းပြားသူမှာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်မှ ကြေးနီမျက်နှာဖုံးကို ဆွဲခွာလိုက်တော့သည်။
မျက်နှာဖုံးအောက်မှ ထိုမျက်နှာကို မြင်တွေ့လိုက်ရသည့်အခါ အရပ်မျက်နှာ အသီးသီးမှ လူတိုင်းမှာ အံ့ဩမှင်တက်ကာ ဆူညံသွားကြတော့သည်။
"ကျန်းရှို့ကွေး"
"ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ"
"သူက သေသွားပြီ မဟုတ်ဘူးလား"
"အဲဒီအဆိပ်က လုံးဝ ကုလို့မရတဲ့ အဆိပ်ပဲလေ၊ သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ?"
...
ဝေးကွာလှသော အရပ်တွင် ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင်နှင့် ရှီဘုရင်မတို့ အားလုံးမှာ အမူအရာများ ပြင်းထန်စွာ တုန်လှုပ်သွားကြရပြီး ယခင်ကကဲ့သို့ တည်ငြိမ်မှုများ မရှိတော့ပါချေ။ နိုင်ငံအသီးသီး၏ အရှင်သခင်များ အနောက်ရှိ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာပင် ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
အရှေ့မြောက်ဘက် နယ်မြေတစ်ခုလုံးရှိ နိုင်ငံအသီးသီးကြားတွင် ကျန်းရှို့ကွေး၏ ဂုဏ်သတင်းမှာ ဝမ်ချောင်ထက် များစွာ ပိုမို ကြီးမားလှပေသည်။
ဝမ်ချောင်သည် အစွမ်းထက်လှသော အာရပ်အား အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သဖြင့် နိုင်ငံအသီးသီးမှ သူ့အား စစ်နတ်ဘုရားဟု ခေါ်ဆိုကြသလို သူ့အား ကြောက်ရွံ့လွန်းလှသဖြင့် "စစ်မြေပြင် သတ်ဖြတ်သူ"ဟုပင် တင်စားခဲ့ကြသော်လည်း သူသည် အလွန်ဝေးကွာလှသော အရပ်တွင် ရှိနေခဲ့သူ ဖြစ်ရာ ယခင်က နိုင်ငံအသီးသီးနှင့် မည်သည့် တိုက်ခိုက်မှု အတွေ့အကြုံမျှ မရှိခဲ့ပါချေ။ သို့သော်လည်း ကျန်းရှို့ကွေးမှာမူ ထိုသို့ မဟုတ်ပါချေ။
ကျန်းရှို့ကွေး၏ ဂုဏ်သိက္ခာမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း နေ့စဉ်နှင့်အမျှ တဖြည်းဖြည်း တည်ဆောက်လာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံအသီးသီး၏ အရှင်သခင်များမှာ သူနှင့် အကြိမ်ကြိမ် ထိတွေ့ခဲ့ဖူးကြသလို သူ၏လက်အောက်တွင်လည်း အကြိမ်ကြိမ် အကြီးအကျယ် ရှုံးနိမ့်ခဲ့ဖူးကြသည်။
ကျန်းရှို့ကွေး၏ အနာဟောင်းများ ပြန်လည် ပေါ်ထွက်လာကာ ရောဂါဝေဒနာများ ပြင်းထန်လာခဲ့ပြီးနောက် နောက်ဆုံး ယိုကျိုးတိုက်ပွဲတွင် ဂိုဂူလျော ဧကရာဇ်ယွန်းဂျယ်စိုးမွန်းက အင်အားအလုံးအရင်းဖြင့် ထွက်ပေါ်လာကာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လျက် သူ့အား တစ်ချက်တည်းဖြင့် အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း မဟာထန် ဧကရာဇ်က ဒေါသတကြီးဖြင့် သူ့အား အန်းတုန်း ကာကွယ်ရေးဗိုလ်ချုပ်ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ပေရာ ထိုအခါမှသာ အရှေ့မြောက်ဘက်ရှိ နိုင်ငံအသီးသီးမှာ အန်းလုရှန်းနှင့် ပူးပေါင်းရန် သတ္တိရှိခဲ့ကြခြင်းပင်။
ဒါ့အပြင် အန်းလုရှန်းကလည်း သူ ကျန်းရှို့ကွေးအား တိုက်ကျွေးခဲ့သော အဆိပ်မှာ အရိုးထဲအထိ စိမ့်ဝင်သွားခဲ့ပြီဖြစ်ရာ ကုသ၍မရနိုင်တော့ကြောင်း ပြောဆိုခဲ့ဖူးသည်။ ၎င်းမှာ အလွန်ပင် ရက်စက်လှသော အဆိပ်တစ်မျိုး ဖြစ်ပေရာ ကျင့်စဉ်အဆင့် မြင့်မားလေလေ ဆိုးကျိုးမှာ ပိုမို ပြင်းထန်လေလေ ဖြစ်သဖြင့် ၎င်းမှာ လုံးဝ အဖြေမရှိသော အရာပင်။
ပို၍အရေးကြီးသည်မှာ အန်းလုရှန်းက ယခင်က ပြောဆိုခဲ့သည်မှာ ကျန်းရှို့ကွေးအား ကျိုးမြို့စားအဖြစ် ရာထူးလျှော့ချလိုက်ပြီးနောက် သူသည် အနက်ရောင်ဝတ် အဖွဲ့အစည်းမှ လူများကို စေလွှတ်ကာ သူ့အား သတ်ဖြတ်ခိုင်းခဲ့ပြီဖြစ်ကြောင်းပင်။ ထိုသို့ဆိုလျှင် ကျန်းရှို့ကွေးက ဘာကြောင့် ယခုအချိန်အထိ အသက်ရှင်နေနိုင်ရသေးသနည်း။
"သခင်ကြီး"
"သခင်ကြီး"
"ဒါ သခင်ကြီးပဲ ဒါက တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ?"
...
ယခုအခိုက်အတန့်၌ အန်းလုရှန်း၏ အနောက်ရှိ ယိုကျိုးစစ်တပ်ကြီးမှာ အလွန်ပင် ရှုပ်ထွေးပရမ်းပတာ ဖြစ်နေတော့သည်၊ ဟူလူမျိုး သံချပ်ကာမြင်းတပ်များပင်လျှင် များစွာ ထိတ်လန့်နေကြရ၏။
ယိုကျိုး သံချပ်ကာမြင်းတပ်ခြောက်သိန်းမှာ မူလက စနစ်တကျ တန်းစီထားပါသော်လည်း ယခုအခါတွင်မူ မြို့ရိုးပေါ်၌ ပေါ်ထွက်လာသော ကျန်းရှို့ကွေးအား မြင်တွေ့လိုက်ရသည့်အခါ တစ်ခဏအတွင်းမှာပင် ရှုပ်ထွေးသွားကြတော့သည်။
အန်းလုရှန်းအနေဖြင့် ယိုကျိုး သံချပ်ကာမြင်းတပ် များအပေါ်တွင် စစ်မှန်သော ထိန်းချုပ်ခွင့်ကို ရရှိထားပါသော်လည်း ကျန်းရှို့ကွေး ဆယ်စုနှစ်ပေါင်းများစွာအတွင်း တည်ဆောက်ခဲ့သော ဂုဏ်သတင်းကျော်စောမှုကိုမူ သူသည် လွယ်လင့်တကူ ဖျက်ဆီးနိုင်ခြင်း မရှိပါချေ။ ထို့ကြောင့်လည်း သူသည် မည်သည့်နည်းနှင့်မဆို ကျန်းရှို့ကွေးအား အရင်ဆုံး ကိုင်တွယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။
"စောက်ကျိုးနည်း... ဘာတွေ ဖြစ်နေတာလဲ?"
အန်းလုရှန်း၏ မျက်နှာမှာ စိမ်းပုပ်သွားခဲ့ပြီး သူသည် အနောက်သို့ လှည့်ကာ ထျန်းချန်းစီအား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
ကျန်းရှို့ကွေး ပေါ်ထွက်လာခြင်းမှာ သူ၏ အစီအစဉ်များကို လုံးဝ ပျက်ပြားသွားစေခဲ့ပြီး သူ့အား ဘာလုပ်ရမှန်းမသိလောက်အောင်ပင် ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း သူ ရှင်းလင်းစွာ မှတ်မိနေသည်မှာ ထိုစဉ်က ကော်ကျိုးသို့ သွားရောက်ကာ ကျန်းရှို့ကွေးအား လုပ်ကြံရန် ကိစ္စကို ထျန်းချန်းစီ အား အပ်နှံခဲ့ခြင်းဖြစ်ကာ၊ ထျန်းချန်းစီ ဘက်မှလည်း ကျန်းရှို့ကွေးအား သေချာပေါက် သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြန်လည် သတင်းပို့ခဲ့သည် မဟုတ်ပါလော။
သို့သော်လည်း ယခု မြင်တွေ့နေရသော အခြေအနေမှာ တကယ်တော့ ဘာလဲ?
"အရှင်သခင်... ကျွန်တော်မျိုး... ကျွန်တော်မျိုးလည်း မသိပါဘူး"
ထျန်းချန်းစီ ၏ နဖူးပေါ်တွင် ချွေးအေးများ ထွက်ပေါ်နေလျက် သူ၏ မျက်နှာမှာလည်း စက္ကူတစ်ချပ်နှယ် ဖြူလျော့နေတော့သည်။
ဤကိစ္စကို သူနှင့် အနက်ရောင်ဝတ် အဖွဲ့အစည်းဘက်မှ ပူးပေါင်းကာ ကျန်းရှို့ကွေးအား သုတ်သင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသော်လည်း လက်တွေ့တွင်မူ သူ့ဆီ၌ ထိန်းချုပ်ပိုင်ခွင့် များစွာမရှိခဲ့ပါချေ။ နောက်ပိုင်းတွင် အနက်ရောင်ဝတ် အဖွဲ့အစည်းဘက်မှ ကျန်းရှို့ကွေးအား သတ်ဖြတ်နိုင်ခဲ့ပြီဟု သတင်းပို့လာသည့်အခါ လူတိုင်းမှာလည်း ထပ်မံ မေးမြန်းခြင်း မပြုခဲ့ကြပါချေ။
ဤမျှသာမကဘဲ ကော်ကျိုးရှိ သူတို့၏ လျှို့ဝှက်သတင်းပေးများဆီမှ ရရှိသော သတင်းများအရလည်း ကျန်းရှို့ကွေး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ပါရှိသဖြင့် ထိုအချိန်မှစ၍ လူတိုင်းမှာလည်း ထပ်မံ စုံစမ်းခြင်း မပြုခဲ့ကြတော့ပါချေ။
"ခွေးကောင် ဒါ သေချာပေါက် သူ့ရဲ့ လက်ချက်ပဲ"
အန်းလုရှန်းသည် မြို့ရိုးပေါ်ရှိ ဝမ်ချောင်အား ကြည့်ရင်း နာကျည်းစွာဖြင့် ဆိုလိုက်သည်။
ယခု မြင်တွေ့နေရသော မြင်ကွင်းအရဆိုလျှင် ဤအရာ အားလုံးမှာ ဝမ်ချောင်နှင့် လုံးဝ ကင်းလွတ်ခြင်း မရှိနိုင်ပါချေ
"မင်းလို သစ္စာဖောက်ကောင်။ ငါ့အိမ်တော်က အစေခံတွေကို တိတ်တဆိတ် စည်းရုံးပြီး ငါ့ရဲ့ လက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ခဲ့တာ၊ ဒီလိုလုပ်ရုံနဲ့ မင်း ငါ့ကို သတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား"
ကျန်းရှို့ကွေးသည် မြို့ရိုးပေါ်တွင် မတ်မတ်ရပ်နေလျက် ဤစစ်ပွဲကြီး၏ ရှေ့တန်းစစ်မျက်နှာသို့ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်ကာ သူ၏ တစ်ကိုယ်လုံးမှနေ၍ ကျယ်လောင်သော သတ်ဖြတ်လိုသော အရှိန်အဝါများနှင့် ဒေါသများမှာ ပေါက်ကွဲထွက်ပေါ်နေတော့သည် -
"ငါဟာ တစ်သက်လုံး သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ မင်း လို သစ္စာဖောက်ကောင်အပေါ်မှာ မျက်စိမှားခဲ့တာပဲ၊ ယခုတစ်ကြိမ်မှာတော့ ငါ့လက်ထဲက ဓားရှည်ကို မင်းရဲ့ ကိုယ်ပေါ်မှာ တစ်လက်မချင်းစီ စိုက်ဝင်စေရမယ်၊ ငါမှားခဲ့တဲ့ အမှားကို ငါကိုယ်တိုင်ပဲ ပြန်ပြီး ပြင်ဆင်ရလိမ့်မယ်"
ကျန်းရှို့ကွေးသည် သွားကြိတ်လျက် ဆိုလိုက်ရာ ထိုအေးစိမ့်လှသော အသံကြီးမှာ လူတိုင်း၏ နားထဲတွင် ဟိန်းထွက်သွားခဲ့ပြီး ၎င်းမှာ ဓားသွားများအလား အေးစက်နေတော့သည်။
"မင်းက ဘယ်သူလဲ၊ ဒီမှာ လျှောက်ပြီး လိမ်မနေနဲ့"
"ဝမ်ချောင်... မင်းအနေနဲ့ ကြုံတဲ့လူတစ်ယောက်ကို ခေါ်လာပြီး ကာကွယ်ရေးဗိုလ်ချုပ်သခင်ကြီးအဖြစ် ဟန်ဆောင်ခိုင်းရုံနဲ့ ရမယ်လို့ မထင်နဲ့၊ ကျန်းကာကွယ်ရေးဗိုလ်ချုပ်ဆိုတာ ငါတို့ ယိုကျိုးတပ်အားလုံးရဲ့ အလေးစားရဆုံး ပုဂ္ဂိုလ်ပဲ၊ မင်းက ကြုံတဲ့လူတစ်ယောက်ကို ခေါ်လာပြီး လူတိုင်းကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား?"
ထိုအချိန်မှာပင် ဘေးနားရှိ ကောင်းရှန်းက ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ကျန်းရှို့ကွေးပေါ်ထွက်လာခြင်းမှာ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များအတွက်မူ သေချာပေါက် ကြီးမားလှသော ထိုးနှက်ချက်တစ်ခုပင် ဖြစ်၏။ သူသည် စကားအနည်းငယ်မျှသာ ပြောဆိုရသေးပါသော်လည်း စစ်သည်တို့၏ စိတ်ဓာတ်ကို များစွာ လှုပ်ခတ်သွားစေခဲ့ပြီဖြစ်ရာ အကယ်၍ သူ့အား ဆက်လက် ပြောဆိုခွင့် ပေးထားမည်ဆိုပါက နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များအတွက် မည်မျှအထိ ထိခိုက်မှုများ ရှိလာမည်ကို မည်သူမျှ မသိနိုင်ပါချေ။
"မှန်တယ်.. မင်းက ကျန်းရှို့ကွေးမဟုတ်ပါဘူး၊ ငါတို့ ဒီလောက် လူအများကြီးက ငါတို့ရဲ့ မွေးစားဖခင်ကိုတောင် မမှတ်မိဘဲ နေပါ့မလား? ဝမ်ချောင်... မင်း ဒီမှာ လျှောက်ပြီး လိမ်ညာပြီး လူတွေကို မလှည့်စားနဲ့"
အန်းလုရှန်းသည်လည်း ဤအခိုက်အတန့်၌ သတိဝင်လာခဲ့ပြီးနောက် လိုက်ပါ အော်ဟစ်လိုက်တော့သည်။
"မှန်တယ်၊ မင်း က ကျန်းရှို့ကွေးမဟုတ်ဘူး၊ ဒီမှာ လျှောက်ပြီး လိမ်မနေနဲ့"
"ဝမ်ချောင်... မင်းက ကာကွယ်ရေးဗိုလ်ချုပ်သခင်ကြီးအဖြစ် လူတစ်ယောက်ကို ဟန်ဆောင်ခိုင်းရုံနဲ့တော့ ယိုကျိုးတပ်က မင်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး"
ချွေချန်းယုံ၊ ထျန်းချန်ကျန်းနှင့် အခြားသော ယိုကျိုးဗိုလ်ချုပ်များမှာလည်း တစ်ဦးပြီးတစ်ဦး လိုက်ပါ အော်ဟစ်လိုက်ကြတော့သည်။
လူတိုင်းမှာ ပါးစပ်မှ ထိုသို့ အော်ဟစ်နေကြပါသော်လည်း လက်တွေ့တွင်မူ လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေကြခြင်းပင်။
၎င်းမှာ ရုတ်တရက်ကြီး ဖြစ်လွန်းလှသည် မဟုတ်ပါလော။
အကယ်၍ လူတိုင်းကသာ စကားလမ်းကြောင်းကို အမြန်ဆုံး မပြောင်းလဲဘဲ ကျန်းရှို့ကွေး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ငြင်းဆိုခြင်း မပြုခဲ့ကြပါက အကျိုးဆက်မှာမူ ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်ပါချေ။
******