← Chapters

အခန်း ၂၁၅၉

Vol. 134 Ch. 2159

အခန်း ၂၁၅၉

Vol. 134 Ch. 2159

အခန်း (၂၁၅၉) ခပ်သိမ်းသော နိမိတ်တို့ကို စိုးမိုးခြင်း ခပ်သိမ်းသော နိမိတ်တို့ကို စိုးမိုးခြင်း

တက်ကြွလှသော စစ်ဗုံသံများနှင့်အတူ တချွတ်ချွတ်မြည်သံများ ထွက်ပေါ်လာပြီး သံချပ်ကာများ တုန်ခါသွားခဲ့ကာ လူဦးရေ တစ်သိန်းကျော်ဖြင့် ဖွဲ့စည်းထားသော သံမဏိရေစီးကြောင်းကြီးတစ်ခုသည် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့အတွင်းမှနေ၍ ခန့်ညားထည်ဝါစွာ ထွက်ပေါ်လာပြီး ရှေ့သို့ စတင်ချီတက်လာတော့သည်၊ ခေတ္တမျှကြာပြီးနောက်တွင်မူ ဒုတိယမြောက် လူဦးရေ တစ်သိန်းကျော်ရှိသော စစ်တပ်ကြီးတစ်ခု ထပ်မံပေါ်ထွက်လာပြီး ရှေ့သို့ လိုက်ပါချီတက်လာပြန်သည်။

ထို့နောက်တွင်မူ တတိယမြောက်တပ်ဖွဲ့၊ စတုတ္ထမြောက်တပ်ဖွဲ့များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

စစ်တပ်ကြီး၏ အထက်ကောင်းကင်ယံ၌ စစ်အလံများစွာမှာ တဖျပ်ဖျပ် လွင့်ပျံနေကြပြီး လေထုမှာလည်း အလွန်ပင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေတော့သည်။

"ဟွန်း ရဲတိုက်ထဲမှာ ပုန်းအောင်းပြီး လိပ်လို ခေါင်းလျှိုနေရုံနဲ့ အသုံးဝင်မယ်လို့ ထင်နေတာလား?"

စစ်တပ်ကြီး၏ အလယ်ဗဟိုတွင် အန်းလုရှန်းသည် မျက်နှာချင်းဆိုင်မှ သံမဏိခံတပ်ကို လှမ်းကြည့်ရင်း အေးစိမ့်စွာ ပြုံးလိုက်မိသည်။

သူသည် မဟာထန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ယိုကျိုးတွင် ပုန်ကန်မှု စတင်ခဲ့ကတည်းက အရာရာကို အပြည့်အစုံ ပြင်ဆင်ထားခဲ့ပြီးသားပင် ဖြစ်သည်၊ ဝမ်ချောင်၏ ဤသံမဏိခံတပ် ဖြစ်စေ၊ မြို့ရိုးအတွင်းရှိ သောင်းနှင့်ချီသော မဟာထန်၏ စစ်ရထားလေးများ ဖြစ်စေ အားလုံးမှာ သူ၏ တွက်ချက်မှုအတွင်း၌ ရှိနေခဲ့ပြီးသားပင်။

ကျားဂူထဲကို မဝင်ဘဲ ကျားသားကို ဘယ်လိုရနိုင်မှာလဲ။

ကြီးမားလှသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်နှင့် ရင်ထဲက ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် သူသည် ဤနေရာ၌ မဟာထန်ကို အမြစ်ပြတ် ချေမှုန်းရမည်သာ ဖြစ်၏။

"အခုတော့ ငါကိုယ်တိုင် လှုပ်ရှားရမယ့်အချိန်ပဲ။ ဝမ်ချောင်... ဒီတစ်ခါတော့ မင်းကို အကြီးအကျယ် အံ့ဩသွားအောင် လုပ်ပေးရမယ်"

အန်းလုရှန်းသည် မျက်နှာချင်းဆိုင်သို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲ၌ အေးစိမ့်လှသော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီးနောက် သူ၏လက်ကို မြှောက်ကာ လေဟာနယ်သို့ ဆန့်ထုတ်လိုက်လေသည်။

"ဝုန်း"

မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့အထက် ကောင်းကင်ယံရှိ လူတိုင်းနှင့်အတူ ပါလာသော နက်မှောင်လှသည့် တိမ်တိုက်ကြီးများမှာ ရုတ်တရက်ဆိုသလို ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှသော အရှိန်အဟုန်ဖြင့် တောင်ဘက်ရှိ သံမဏိခံတပ် ဆီသို့ တစ်ဟုန်ထိုး လွင့်ပါးသွားတော့သည်။

ဤမျှသာမကဘဲ မြည်သံများနှင့်အတူ အန်းလုရှန်း၏ ဦးခေါင်းအထက်တွင် မိုးကြိုးလျှပ်စီးများမှာ တဖျပ်ဖျပ် လက်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေပေါင်း သောင်းနှင့်ချီ၍ ကျယ်ပြန့်လှသော ဧရာမ မိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီးတစ်ခုမှာ လူတိုင်း၏ အကြည့်များအောက်တွင် ပေါ်ထွက်လာတော့သည်။

ထိုအခိုက်အတန့်၌ စစ်တပ်ကြီးတစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ရ၏။

ကမ္ဘာ့စွမ်းအား။

နဂါးနက်နှင့် တစ်သားတည်း ဖြစ်သွားပြီးနောက်တွင်မူ အန်းလုရှန်းအနေဖြင့် ကမ္ဘာ့စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့ခြင်းပင်။

"သွားကြစမ်း"

အန်းလုရှန်း၏ အကြည့်များမှာ အေးစိမ့်သွားခဲ့ပြီး သူ၏ လက်ချောင်း ငါးချောင်းကို ဆန့်ထုတ်လျက် သံမဏိခံတပ် ရှိရာ အရပ်ဆီသို့ အသာအယာ တစ်ချက် ခါယမ်းလိုက်လေသည်။

"ဟူး"

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ကမ္ဘာနှင့် မြေကြီးကြား၌ နှင်းမုန်တိုင်းများမှာ တစ်ဟုန်ထိုး လိမ့်တက်လာခဲ့ပြီး တိမ်တိုက်များကြားမှ ကျဆင်းနေသော နှင်းပွင့်များမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမိုစိပ်လှလာကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကမ္ဘာကြီးမှာ ဖြူဖွေးသွားတော့သည်။

ဤမျှသာမကဘဲ အန်းလုရှန်းလှုပ်ရှားလိုက်သည့် အခိုက်အတန့်၌ လေထုမှာ ပြောင်းလဲသွားခဲ့ပြီး အပူချိန်မှာလည်း အလွန်အမင်း လျင်မြန်စွာ ကျဆင်းသွားခဲ့ရ၏။

"ဘုန်း"

မဟာမိတ်တပ်ဖွဲ့ကြီးနှင့် ပေပေါင်း ဆယ်နှင့်ချီ၍ ဝေးကွာသော နေရာတွင် ကြည်လင်လှသော မိုးသီးတစ်လုံးမှာ ရုတ်တရက် ပြုတ်ကျလာခဲ့ပြီး မြေပြင်ပေါ်၌ အသံမြည်အောင် ရိုက်ခတ်သွားခဲ့သလို၊ အဝေးဆီမှ သံမဏိခံတပ် ကြီးမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် ရေခဲလွှာများ ဖုံးလွှမ်းသွားတော့သည်။

အထူးဆန်းဆုံး အချက်မှာ အန်းလုရှန်း၏ ထိန်းချုပ်မှုအောက်တွင် ကမ္ဘာမြေ၏ အပူချိန်မှာ အလွန်အမင်း ကျဆင်းနေပါသော်လည်း စစ်မှန်သော သက်ရောက်မှုမှာမူ ချန်းကျိုးမှ ယင်ကျိုးအထိဖြစ်သော သံမဏိခံတပ် နယ်မြေတစ်ခုလုံး အတွင်း၌သာ ဖြစ်ပေါ်နေခြင်းပင် ဖြစ်၏။

အနီးနားတွင် ရှိနေသော နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာမူ အနည်းငယ်မျှပင် ထိခိုက်မှု မရှိဘဲ ရှိနေကြသည်။

ကမ္ဘာ့သားတော်တစ်ဦး ဖြစ်သည့်အလျောက်၊ အန်းလုရှန်းသည် ယခုအခိုက်အတန့်၌ မိမိ ပိုင်ဆိုင်သင့်သော စစ်မှန်သော ခွန်အားကို ခံစားနေရခြင်း ဖြစ်ကာ၊ သူသည် ကမ္ဘာ့အလိုဆန္ဒ တည်ရှိနေမှုကိုပင် ခံစားမိနေပေသည်။ မိမိနှင့် ဤကမ္ဘာကြီးကြားတွင် အလွန်ပင် ထူးခြားလှသော ဆက်နွှယ်မှုတစ်ခု ရှိနေသဖြင့် အန်းလုရှန်းသည် အရာရာတိုင်းကို မိမိစိတ်ကြိုက် ခြယ်လှယ်နိုင်စွမ်း ရှိနေကြောင်း ခံစားနေရခြင်းပင်။

တစ်ကမ္ဘာလုံးက မိမိဘက်မှာ ရပ်တည်နေမှတော့၊ ဘယ်သူက ငါ့ကို ယှဉ်နိုင်ဦးမှာလဲ?

အန်းလုရှန်းသည် လေထဲတွင် မြှောက်ထားသော သူ၏ညာဘက် လက်ငါးချောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ရာ မြည်သံများနှင့်အတူ အန်းလုရှန်း၏ထိန်းချုပ်မှုအောက်တွင် တစ်သံမဏိခံတပ် တည်ရှိရာ နယ်မြေ၏အပူချိန်မှာ ထပ်မံကျဆင်းသွားခဲ့ရပြန်သည်။ နှင်းမုန်တိုင်းကြီးများ ကျဆင်းရာ နယ်မြေမှာလည်း မဟာမိတ်တပ်ဖွဲ့ကြီး၏ ရှေ့မှောက်မှနေ၍ သံမဏိခံတပ် ဆီသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

ဤသို့ဖြင့် အန်းလုရှန်း၏ ထိန်းချုပ်မှုအောက်တွင် သံမဏိခံတပ် တည်ရှိရာ နယ်မြေ တစ်ခုတည်း သာလျှင် နှင်းမုန်တိုင်းများ၏ ဆိုးကျိုးကို ခံစားနေရခြင်း ဖြစ်တော့သည်။

"စစ်မှန်တဲ့ နဂါး "

"စစ်မှန်တဲ့ နဂါး "

"စစ်မှန်တဲ့ နဂါး "

...

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ယိုကျိုးတပ်များ အပါအဝင် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ များအားလုံးမှာ စိတ်ဓာတ်များ အကြီးအကျယ် တက်ကြွသွားကြရပြီး အောင်ပွဲခံ အော်ဟစ်သံများမှာ ကမ္ဘာမြေကြီး တစ်ခုလုံး ကို ဟိန်းထွက်သွားစေတော့သည်။

မိုးတိမ်များကို ခေါ်ယူနိုင်သလို ရာသီဥတုကိုလည်း ထိန်းချုပ်နိုင်စွမ်း ရှိနေမှတော့၊ အကယ်၍ ဤကဲ့သို့သော အန်းလုရှန်းကသာ အနာဂတ်၏ မြင့်မြတ်သောမြေအရှင်သခင်နှင့် စစ်မှန်သော နဂါးနတ်မင်းမဟုတ်ပါက၊ အခြား မည်သူ ဖြစ်နိုင်ပါမည်နည်း။

ဤအခိုက်အတန့်၌ မဟာမိတ်တပ်ဖွဲ့ စစ်သည်များအားလုံးမှာ အလွန်ပင်စိတ်လှုပ်ရှားနေကြတော့သည်။

အန်းလုရှန်း၏ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်နေ၏။

မတွေ့ရတာ သုံးရက်ရှိရင်တောင် မျက်စိတစ်ဆုံး လှမ်းကြည့်ရမယ် ဆိုတဲ့အတိုင်းပဲ၊ ဒီတစ်ခါတော့ သူက ဝမ်ချောင်ကို အကြီးအကျယ် အံ့ဩသွားအောင် လုပ်ပြရပေမည်။

"အရှင်"

ယခုအခိုက်အတန့်၌ သံမဏိခံတပ် အတွင်းမှာမူ လုံးဝကွဲပြားခြားနားလှသော မြင်ကွင်းတစ်ခု ရှိနေပေသည်။ နားထဲ၌ ရေခဲများ ခဲနေသော တချွတ်ချွတ် မြည်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိ၏။ အအေးလှိုင်းများ ဆိုက်ရောက်လာမှုကြောင့် သံမဏိခံတပ် အတွင်းရှိ အပူချိန်မှာ မူလကတည်းကပင် အလွန် နိမ့်ကျနေပါသော်လည်း၊ ယခုအခါတွင်မူ ထပ်မံ၍ ဒီဂရီဆယ်နှင့်ချီကာ ကျဆင်းသွားခဲ့ရပြီး ခံတပ်အတွင်းရှိ စစ်အလံများမှာပင် လျင်မြန်စွာ ခဲသွားခဲ့ရကာ နှင်းမှုန်များ ဖုံးလွှမ်းသွားတော့သည်။

မူလက လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနိုင်သော စစ်အလံများမှာ ယခုအခါတွင်မူ ရေခဲတိုင်များအလား ခဲနေကြပြီ ဖြစ်၏။

အလံတိုင်ပေါ်ရှိ အလံများသာမကဘဲ ရဲတိုက်အတွင်းရှိ သံမဏိ အဆောက်အဦးများအားလုံး၊ စစ်သည်တို့၏ ကိုယ်ပေါ်ရှိ သံချပ်ကာ မျက်နှာပြင်များ အားလုံးမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် ရေခဲထူထူများ ဖုံးလွှမ်းခြင်း ခံလိုက်ရသည်။

မဟာထန်၏ စစ်သည် ရွေးချယ်မှုမှာ အလွန်ပင် တင်းကျပ်လှသဖြင့် လူတိုင်း၏ ကိုယ်တွင်း၌ ထူထဲလှသော ဂန်ချီများ ရှိနေကြပြီး ကျင့်စဉ်အဆင့်မှာလည်း မနိမ့်လှပါသော်လည်း၊ ဤကဲ့သို့သော လွန်ကဲလှသော ပတ်ဝန်းကျင်မျိုး၌မူ ဂန်ချီများ သုံးစွဲရမှုမှာ အကြီးအကျယ် တိုးတက်လာမည်ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပေသည်။

ခဏတာအတွင်းမှာပင် မရေမတွက်နိုင်သော လူများ၏ အကြည့်များမှာ ဝမ်ချောင်ဆီသို့ တစ်ညီတစ်ညွတ်တည်း ရောက်ရှိသွားကြတော့သည်။

လူတိုင်းမှာ စိုးရိမ်ပူပန်မှုများ ရှိနေကြ၏။

တိုက်ပွဲမှာ စတင်ရုံမျှသာ ရှိသေးသလို နှစ်ဖက်စစ်တပ်မှာလည်း တရားဝင် ထိပ်တိုက်မတွေ့ရသေးမီမှာပင် စစ်တပ်ကြီးမှာ ဤကဲ့သို့သော လွန်ကဲလှသော ရာသီဥတုဆိုးကျိုးကို ခံစားနေရခြင်းမှာ လုံးဝမကောင်းသောကိစ္စပင် ဖြစ်တော့သည်။

ဝမ်ကျုံးစစ်၊ အာပုစစ်နှင့်ကျန်းရှို့ကွေးတို့ အားလုံးမှာ ကောင်းကင်ယံကို ကြည့်ရင်း လေးနက်သော အမူအရာများ ရှိနေကြ၏။

"ရာသီဥတုကို ထိန်းချုပ်ခြင်း" ဆိုသည်မှာ ယိုကျိုးဘက်မှ ပြသလာသော ဤစွမ်းဆောင်ရည်မှာ သိုင်းပညာနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို၊ ပုံမှန် စစ်ပွဲဆိုင်ရာ နယ်ပယ်ကိုလည်း ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ၊ ဤအရာမှာ သူတို့ ဝင်ရောက် စွက်ဖက်နိုင်သော နယ်ပယ် တစ်ခု မဟုတ်တော့ပါချေ။

"မိစ္ဆာကောင်"

ကျန်းရှို့ကွေး၏ မျက်နှာမှာ စိမ်းပုပ်နေလျက် နာကျည်းစွာဖြင့် ဆဲဆိုလိုက်မိသည်။

အကယ်၍ ဝမ်ချောင်နှင့် ကြိုတင် သဘောတူထားခဲ့ခြင်း မရှိဘဲ၊ အရှေ့မြောက်ဘက် တိုက်ပွဲတွင် အရာရာတိုင်းကို အမိန့်တော်အတိုင်းသာ လုပ်ဆောင်ရမည်ဟု မရှိခဲ့ပါက၊ သူသည် ယခုအခါ မြို့ရိုးပေါ်မှနေ၍ ခုန်ဆင်းကာ အန်းလုရှန်းအား သွားရောက် သတ်ဖြတ်ပြီး ဖြစ်ရပေမည်။

"သေးငယ်တဲ့ လှည့်ကွက်လေးပါပဲ၊ စိတ်ထဲ ထားမနေပါနဲ့"

ထိုအချိန်မှာပင် နားထဲသို့ အသံတစ်ခု တိုးဝင်လာခဲ့ရာ ထို စကားတစ်ခွန်းက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။

"ဟူး….."

အေးစိမ့်လှသော လေပြင်းများမှာ တစ္ဆေတစ်သောင်း ငိုကြွေးနေသည့်အလား တစ်ညံညံ တိုက်ခတ်နေ၏။ ရှေ့တည့်တည့်ရှိ လူတိုင်း၏အကြည့်များအောက်တွင် မြို့ရိုးပေါ်၌ ဝမ်ချောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေလျက် ရှိ၏။ သူ၏ ကျောပြင်မှာ မတ်မတ်ရှိနေပြီး အဆုံးမရှိသော နှင်းမုန်တိုင်းများကို ရင်ဆိုင်နေသည့် သူ၏ ပုံရိပ်မှာ အလွန်ပင် ခန့်ညားထည်ဝါလှပေရာ ကမ္ဘာနှင့် မြေကြီးကြား၌ သူ့အား အခက်တွေ့စေနိုင်မည့် အရာ မရှိသည့်အလားပင်။

"ဒါက မင်းရဲ့အားကိုးရာလား"

ဝမ်ချောင်သည် တစ်ဖက်လူအား ကြည့်ရင်း အေးစိမ့်စွာ ပြုံးလိုက်သည်။

သူ၏စိတ်ဝိညာဉ် စွမ်းအားမှာ အလွန်သန်မာလှသဖြင့် အာရုံခံစားနိုင်စွမ်းမှာလည်း အခြားသူများထက် များစွာပိုမိုထက်မြက်လှပေရာ သူသည် အန်းလုရှန်း၏ ဦးခေါင်းအထက်တွင် ကြီးမားလှသော သဘာဝလွန် စွမ်းအားတစ်ခု စုစည်းနေကြောင်းကို ရှင်းလင်းစွာ ခံစားမိနေသလို ထိုစွမ်းအားမှာ ထူးခြားလှသော နည်းလမ်းတစ်ခုဖြင့် သံမဏိခံတပ်၏ အထက်ကောင်းကင်ယံကို ဖုံးလွှမ်းလျက် ဤနယ်မြေကို သက်ရောက်နေကြောင်းကိုလည်း သိရှိနေပေသည်။

ဤမျှသာမကဘဲ ဧရာမ သံမဏိခံတပ် တည်ရှိရာ နယ်မြေတစ်ခုလုံးသည်လည်း ထိုသဘာဝလွန် စွမ်းအားများအောက်တွင် တုန်ခါနေလျက်ရှိပြီး မြေအောက် နက်ရှိုင်းရာ နေရာတွင်လည်း စွမ်းအားတစ်ခု စုစည်းနေကာ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာတော့မည့်အလား ရှိနေပေသည်။

ထိုစွမ်းအားနှင့် ပတ်သက်၍ ဝမ်ချောင်အနေဖြင့် စိမ်းသက်နေခြင်း မရှိပါချေ။

ကမ္ဘာ့အလိုဆန္ဒ…

ကမ္ဘာကြီးကို ပြောင်းလဲရန်နှင့် သမိုင်းကို ပြောင်းလဲရန် ဆိုသည်မှာ လွယ်ကူလှသော ကိစ္စမဟုတ်ပါချေ။ အန်းလုရှန်းအနေဖြင့် ဤမျှအထိ သတ္တိရှိရှိဖြင့် မိမိအား ဆန့်ကျင်ဝံ့နေခြင်းမှာလည်း ကမ္ဘာ့အလိုဆန္ဒ ၏ စောင့်ရှောက်မှုကို အားကိုးနေခြင်းကြောင့် ဖြစ်သလို၊ အကြိမ်ကြိမ်အခါခါ မိမိ၏ လက်ဖဝါးအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမှာလည်း ထိုအချက်ကြောင့်ပင် ဖြစ်၏။

ပြောရမည်ဆိုပါက မိမိ အပြင်ပန်းတွင် ရင်ဆိုင်နေရသည်မှာ အန်းလုရှန်းဖြစ်ပါသော်လည်း လက်တွေ့တွင်မူ တစ်ကမ္ဘာလုံး နှင့် ရင်ဆိုင်နေရခြင်းပင် ဖြစ်တော့သည်။

"ဟွန်း… ကမ္ဘာ့အလိုဆန္ဒ ဆိုရင်ကော ဘာဖြစ်လဲ? အန်းလုရှန်း... မင်း ကမ္ဘာရဲ့ အကူအညီကို ရထားရင်တောင်မှ ငါ ကတော့ မင်းကို သေချာပေါက် သတ်ပြရမယ်"

ဝမ်ချောင်၏ အေးစိမ့်လှသော အသံမှာ နှင်းမုန်တိုင်းများကို ဖြတ်ကျော်လျက် မိုးကြိုးသံအလား စစ်မြေပြင် တစ်ခုလုံး ၌ ဟိန်းထွက်သွားတော့သည်။

"ရှူး"

နောက်တစ်ခဏ၌ လူတိုင်း သတိမဝင်လာနိုင်သေးမီမှာပင် ဝမ်ချောင်၏ မျက်ဝန်းထဲ၌ စူးရှလှသော အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး သူသည် ဦးခေါင်းကို မော့ကာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ရင်း လက်ဝါးတစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်လေသည်။ ထို့နောက် လူတိုင်း၏ အကြည့်များအောက်တွင် ဝမ်ချောင်သည် ကံကြမ္မာကျောက်တုံး၏ စွမ်းဆောင်ရည်ကို အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ စတင် အသုံးချလိုက်တော့သည်။

"ခပ်သိမ်းသော နိမိတ်တို့ကို စိုးမိုးခြင်း"

"ဝုန်း"

သံမဏိခံတပ်ကြီး၏ အထက်ကောင်းကင်ယံ၌ စူးရှတောက်ပလှသော ဧရာမ ငွေရောင်အစွမ်းတစ်ခုမှာ ရုတ်တရက် ထွက်လာခဲ့ပြီး မြောက်ဘက်အရပ်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ၎င်း၏ အနောက်တွင်မူ ကမ္ဘာနှင့် မြေကြီးကြား၌ လေထုမှာ ပြောင်းလဲသွားခဲ့ပြီး၊ မြို့ရိုးပေါ်တွင် ရပ်နေသော ဝမ်ချောင်၏တစ်ကိုယ်လုံးရှိ သံချပ်ကာများမှာ တုန်ခါသွားခဲ့ကာ၊ ပုံသဏ္ဌာန် မရှိသော စွမ်းအားတစ်ခုမှာ ဝမ်ချောင်အား ဗဟိုပြုလျက် ပင်လယ်ဒီရေလှိုင်းများအလား တစ်ဟုန်ထိုး ထွက်ပေါ်သွားတော့သည်။

ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး မြေကမ္ဘာ၏ ပုံစံငယ် တစ်ခုမှာ ချက်ချင်း ပေါ်ထွက်လာတော့သည်။ သံမဏိခံတပ်၊ သန်းနှင့်ချီသော စစ်တပ်ကြီး၊ အဆုံးမရှိသော လွင်ပြင်ကြီး၊ ဦးခေါင်းအထက်မှ နက်မှောင်လှသော တိမ်တိုက်များ၊ ကောင်းကင်ယံမှ ကျဆင်းနေသော နှင်းပွင့်များ…… အရာရာတိုင်းမှာ အလွန်ပင် မြန်ဆန်လှသော အရှိန်ဖြင့် အသက်ဝင်လှပစွာ ပေါ်ထွက်လာခြင်းပင်။

ယခုအခိုက်အတန့်၌ ဝမ်ချောင်သည် နတ်ဘုရားတစ်ပါးအလား အရှေ့မြောက်ဘက် နယ်မြေတစ်ခုလုံးရှိ မြေကမ္ဘာကြီးကို အထက်စီးမှ ငုံ့ကြည့်နေခြင်းပင်။

သူသည် ကမ္ဘာနှင့်မြေကြီးကြားရှိ စူးရှလှသော လျှပ်စစ်အလင်းတန်းများကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ အန်းလုရှန်းအား ဗဟိုပြုလျက် ထိတ်လန့်စရာ ကောင်းလှသော လျှပ်စစ်အလင်းတန်း တစ်ခုမှာ ကောင်းကင်ယံ အပြောင်းအလဲများကို သက်ရောက်နေခြင်းပင်။

ထို့ပြင် အန်းလုရှန်း၏ ဦးခေါင်းအထက် ကောင်းကင်ယံရှိ ဝဲဂယက်ပုံစံ တိမ်တိုက်များအတွင်း၌မူ၊ ရွှေရောင်ဝင်းလက်ပြီး အေးစိမ့်လှသော မျက်ဝန်းတစ်စုံကိုပင် မသိမသာ မြင်တွေ့နေရသေး၏။

၎င်းမှာ စစ်မှန်သော မျက်လုံးများ မဟုတ်ပါချေ၊ ဝမ်ချောင်အား ဦးတည်ထားသော ကမ္ဘာ့စွမ်းအားများ ပိုမိုပြင်းထန်လာကာ လက်တွေ့ဘဝအဖြစ် ပေါ်ထွက်လာခြင်းသာ ဖြစ်တော့သည်။

၎င်းမှာ ကမ္ဘာ့အလိုဆန္ဒပင် ဖြစ်တော့သည်။

အန်းလုရှန်းသည် ကမ္ဘာ့အလိုဆန္ဒ၏ ကူညီမှုကို ရရှိထားသဖြင့် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ အလွန်ပင် အစွမ်းထက်နေခြင်း ဖြစ်၏။

သို့သော်လည်း

"ဝုန်း ဝုန်း ဝုန်း"

ခဏတာမျှ အချိန်အတွင်းမှာပင် အန်းလုရှန်းစတင်လိုက်သော ကမ္ဘာ့စွမ်းအားမှာ၊ စစ်မြေပြင်၏ အလယ်ဗဟို၊ သံမဏိခံတပ်နှင့် ပေတစ်ထောင်ကျော်ဝေးကွာသော နေရာတွင် ကြီးမားလှသော ဆန့်ကျင်မှု စွမ်းအားတစ်ခုနှင့် ချက်ချင်း ထိပ်တိုက် တွေ့ဆုံသွားတော့သည်။ ထို စွမ်းအားမှာ ပြင်းထန်လှပေရာ အန်းလုရှန်းစတင်လိုက်သော ကောင်းကင်ယံ အပြောင်းအလဲ စွမ်းအားများထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပါချေ။

"ဘုန်း…"

အဆက်မပြတ်သော မြည်ဟည်းသံများနှင့်အတူ စစ်မြေပြင် တစ်ခုလုံးမှာ ဧရာမ စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရသည့်အလား အလယ်ဗဟိုမှနေ၍ ပွင့်ထွက်သွားခဲ့ပြီး၊ မူလက အဆုံးမရှိဘဲ သောင်းကျန်းနေသော နှင်းမုန်တိုင်းများမှာ ရုတ်တရက်ဆိုသလို တိမ်များကင်းစင်သွားခဲ့ကာ နှင်းများလည်း ရပ်တန့်သွားတော့ရာ၊ ယခင်ရှိခဲ့သော အရှိန်အဝါ၏ ဆယ်ပုံတစ်ပုံမျှပင် မရှိတော့လောက်အောင် လျော့နည်းသွားတော့သည်။

ထို့ပြင် သံမဏိခံတပ် ကြီးအပေါ်တွင် ဖုံးလွှမ်းနေသော လွန်ကဲလှသော အအေးဓာတ်များမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရ၏။ အလံတိုင်များပေါ်တွင် ဖြစ်စေ၊ မြို့ရိုးပေါ်တွင် ဖြစ်စေ၊ သံမဏိ အဆောက်အဦးများပေါ်တွင် ဖြစ်စေ ခဲနေသော ထို ရေခဲထူထူများမှာ တချွတ်ချွတ် မြည်သံများနှင့်အတူ လျင်မြန်စွာ အက်ကွဲသွားခဲ့ပြီး အောက်သို့ ပြုတ်ကျကုန်ကြတော့သည်၊ အပူချိန်မှာလည်း လျင်မြန်စွာ ပြန်လည် မြင့်တက်လာတော့သည်။

သံမဏိခံတပ် တစ်ခုလုံးမှာ အအေးလှိုင်းများ၏ သက်ရောက်မှုအောက်တွင် ရှိနေသေးသဖြင့် အေးနေသေးပါသော်လည်း၊ ယခင်ကကဲ့သို့ လွန်ကဲလှသော အအေးဓာတ်မျိုး မဟုတ်တော့ဘဲ လူသားတို့ ခံနိုင်ရည် ရှိသော အဆင့်အတွင်းသို့ ပြန်လည် ရောက်ရှိသွားခြင်း ဖြစ်၏။

[သတိပေးချက် Host သည် 'ကံကြမ္မာအုပ်ချုပ်ရေးမှူး'၏ စွမ်းဆောင်ရည်ကို စတင် အသုံးပြုလိုက်ပြီ ဖြစ်သည်]

['ကံကြမ္မာအုပ်ချုပ်ရေးမှူး' ဤသည်မှာ Host၏ စွမ်းဆောင်ရည်များအပေါ် အမြင့်မားဆုံးသော ချီးကျူးမှုပင် ဖြစ်သည်။ အာဏာပိုင်ခွင့်မှာလည်း ကံကြမ္မာထိန်းချုပ်သူထက် များစွာသာလွန်လှပေသည်။ ကံကြမ္မာအုပ်ချုပ်ရေးမှူး အနေဖြင့် ကံကြမ္မာစွမ်းအင်များ သုံးစွဲရမှုမှာ အကြီးအကျယ် လျော့နည်းသွားမည်ဖြစ်သလို၊ ကမ္ဘာ့အလိုဆန္ဒကိုလည်း ပြန်လည် ဆန့်ကျင်နိုင်စွမ်း ရှိမည် ဖြစ်သည်]

[ကံကြမ္မာ၏ အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်သည့်အလျောက် မိမိ၏ကံကြမ္မာကို မိမိကိုယ်တိုင်သာ စိုးမိုးရမည်ဖြစ်ရာ၊ ကမ္ဘာ့အလိုဆန္ဒ ဖြစ်စေ၊ သမိုင်း၏ ရေစီးကြောင်းကြီး ဖြစ်စေ မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။ ဤသည်မှာ Host၏ ခိုင်မာလှသော စိတ်ဓာတ်အပေါ် ချီးမြှင့်ခြင်းပင် ဖြစ်သည်]

[သတိပြုရန်၊ ခပ်သိမ်းသော နိမိတ်တို့ကို စိုးမိုးခြင်းသည် ကမ္ဘာ့အလိုဆန္ဒကို ပြန်လည် ဆန့်ကျင်နိုင်သော အစွမ်းထက် စွမ်းဆောင်ရည်တစ်ခု ဖြစ်ပါသော်လည်း၊ ကံကြမ္မာစွမ်းအင်များ ထပ်မံ သုံးစွဲရန် လိုအပ်ပေသည်၊ တစ်စက္ကန့်လျှင် ကံကြမ္မာစွမ်းအင် (၁၀၀) သုံးစွဲရမည် ဖြစ်သည်။ သို့သော် ကံကြမ္မာအုပ်ချုပ်ရေးမှူး၏ စွမ်းဆောင်ရည်ကြောင့် လိုအပ်သော ကံကြမ္မာစွမ်းအင်များမှာ များစွာ လျော့နည်းသွားခဲ့ပြီး၊ တစ်စက္ကန့်လျှင် ကံကြမ္မာစွမ်းအင် (၁၀) သာ သုံးစွဲရမည် ဖြစ်သည်၊ ယခုမှစ၍ စတင်တွက်ချက်နေပြီ ဖြစ်သည်]

...

******

All Chapters