← Chapters

အခန်း ၂၁၆၀

Vol. 134 Ch. 2160

အခန်း ၂၁၆၀

Vol. 134 Ch. 2160

အခန်း (၂၁၆၀) ကံကြမ္မာ အုပ်ချုပ်ရေးမှူး၏ စွမ်းအား

တစ်ချိန်တည်းမှာပင် ကံကြမ္မာကျောက်တုံး၏အသံများမှာ ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ဆက်တိုက် မြည်ဟည်းသွားတော့သည်။

ထိုအသံနှင့်အတူ ဝုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ဝမ်ချောင်နှင့် အန်းလုရှန်းကြားရှိ နှင်းမုန်တိုင်းများ အားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့ရာ၊ ဝမ်ချောင်သည် မျက်နှာချင်းဆိုင်မှ အန်းလုရှန်း၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့နှင့် အဆက်မပြတ် ရှေ့သို့ တိုးလာနေသော စစ်တပ်တန်းကြီးများကို ထပ်မံမြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားသော နှင်းမုန်တိုင်းများနှင့် မြို့ရိုးပေါ်၌ ပြန်လည် ပေါ်ထွက်လာသော ဝမ်ချောင်အား မြင်တွေ့လိုက်ရသည့်အခါ၊ အန်းလုရှန်း၏ အမူအရာမှာ တောင့်တင်းသွားခဲ့ပြီး အသက်ရှူပင် ရပ်တန့်သွားလုမတတ် ဖြစ်သွားခဲ့ရသည်။

အန်းလုရှန်း၏ အနောက်တွင်မူ၊ မူလက အောင်ပွဲခံ အော်ဟစ်နေကြသော၊ များစွာ စိတ်လှုပ်ရှားနေကြသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာလည်း ချက်ချင်းပင် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ပြီး စကားတစ်ခွန်းမျှပင် မပြောနိုင်ကြတော့ပါချေ။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယခုအခိုက်အတန့်၌ အံ့ဩတုန်လှုပ်မှု အရှိဆုံးသောသူမှာ အန်းလုရှန်းပင် ဖြစ်တော့သည်။

သူသည် ကမ္ဘာ့သားတော်ဖြစ်သလို ကမ္ဘာကြီးကို ထိန်းချုပ်နိုင်သည့် ကံကြမ္မာရှင် တစ်ဦး မဟုတ်ပါလား။

ဝမ်ချောင်က ဘယ်လိုလုပ်ပြီး သူ့ကို ပြန်ပြီးဆန့်ကျင်နိုင်ရတာလဲ။

"ဒါ လုံးဝ မဖြစ်နိုင်ဘူး"

ခဏတာအတွင်းမှာပင် အန်းလုရှန်းသည် သတိဝင်လာခဲ့ပြီး သွားကြိတ်လျက် ဆိုလိုက်သည်၊ သူသည် ဝမ်ချောင်အနေဖြင့် မိမိအား ပြန်လည် ဆန့်ကျင်နိုင်သည်ကို လုံးဝ မယုံကြည်ပါချေ။

"မင်း ငါ့ရဲ့ကမ္ဘာ့စွမ်းအားကို ပြန်ပြီးဆန့်ကျင်နိုင်မယ်လို့ ငါ မယုံဘူး။ ထပ်ပြီး ကြည့်ကြသေးတာပေါ့"

အန်းလုရှန်း၏အမူအရာမှာ ရက်စက်ကြမ်းတမ်းလာခဲ့ပြီး လက်ဝါးကို အထက်သို့ မြှောက်လျက် ကမ္ဘာ့စွမ်းအားများအပေါ် ထိန်းချုပ်မှုကို ထပ်မံ တိုးမြှင့်လိုက်ပြန်သည်။

နောက်ထပ် ကျယ်လောင်သောမိုးကြိုးသံကြီး ထွက်ပေါ်လာခဲ့ပြန်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ မိုးကြိုးသံမှာ ယခင်ကထက် များစွာပိုမိုပြင်းထန်လှသလို၊ ကောင်းကင်ယံ၌လည်း တိမ်တိုက်များမှာ လိမ့်တက်လာခဲ့ပြီး ထိုဝဲဂယက်ကြီးမှာလည်း ပိုမို ပြင်းထန်စွာ လည်ပတ်လာတော့သည်။

လူတိုင်း၏ အကြည့်များအောက်တွင် ကမ္ဘာနှင့် မြေကြီးကြား၌ မိုးကြိုးလျှပ်စီးများ ထပ်မံ ပေါ်ထွက်လာခဲ့ပြီး၊ ငှက်မွေးနှယ်ရှိသော ဧရာမ နှင်းပွင့်ကြီးများမှာလည်း ကောင်းကင်ယံ နက်ရှိုင်းရာ နေရာမှနေ၍ တစ်ဟုန်ထိုး ကျဆင်းလာပြန်သည်။ ဤတစ်ကြိမ်တွင်မူ တစ်နယ်မြေလုံး၏ အပူချိန်မှာ ယခင်ကထက် ပိုမိုဆိုးရွားစွာ ကျဆင်းသွားခဲ့ရ၏။

"မလုံလောက်သေးဘူး၊ မလုံလောက်သေးဘူး ဝမ်ချောင်... ငါ မင်းနဲ့ သံမဏိခံတပ်တစ်တပ်လုံးကို ရေခဲတုံးကြီး တစ်တုံး ဖြစ်သွားအောင် လုပ်ပြမယ်"

ကမ္ဘာနှင့်မြေကြီးကြား၌ လျင်မြန်စွာ ကြီးမားလာလျက် သံမဏိခံတပ်ဆီသို့ တစ်ဟုန်ထိုး လွှမ်းမိုးလာနေသော နှင်းမုန်တိုင်းများကို ကြည့်ရင်း၊ အန်းလုရှန်းသည် နာကျည်းစွာဖြင့် ကမ္ဘာ့စွမ်းအားများအပေါ် ထိန်းချုပ်မှုကို ထပ်မံတိုးမြှင့်လိုက်ပြန်သည်။

ထူထဲလှသော ကမ္ဘာ့စွမ်းအားများမှာ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး လက်တွေ့ဘဝအဖြစ်ပင် ပေါ်ထွက်လာသကဲ့သို့ ရှိနေပေရာ၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည်များပင်လျှင် ထို လျှိုဝှက်ဆန်းပြားသော စွမ်းအား တည်ရှိမှုကို ခံစားမိနေကြသဖြင့် မသိမသာ ထိတ်လန့်နေကြရသည်။

သံမဏိခံတပ် ကြီမှာ ပိုမိုကြီမားလှသော နှင်းမုန်တိုင်းကြီးအတွင်းသို့ ထပ်မံ ကျရောက်တော့မည့် အခြေအနေကို ကြည့်ရင်း၊ အခြားတစ်ဖက်မှ ဝမ်ချောင်၏ မျက်ဝန်းထဲ၌မူ လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခုသာ ဖြတ်ပြေးသွားခဲ့သည်။

"အန်းလုရှန်း... မင်း ဘာပဲလုပ်လုပ် အလကားပါပဲ၊ မင်းရဲ့ စွမ်းဆောင်ရည်တွေက ငါ့အတွက်တော့ ပြောပလောက်စရာ မရှိပါဘူး"

ဝမ်ချောင်သည် မြင့်မားလှသော နေရာမှနေ၍ အေးစိမ့်လှသော အသံဖြင့် လုံးဝဖုံးကွယ်ထားခြင်း မရှိသည့် လှောင်ပြောင်မှုနှင့် အထင်သေးမှုများကို ထုတ်ဖော်လိုက်သည်။

နောက်တစ်ခဏ၌ ဝမ်ချောင်သည် ခပ်သိမ်းသော နိမိတ်တို့ကို စိုးမိုးခြင်း၏ စွမ်းဆောင်ရည်ကို အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ တိုးမြှင့်လိုက်ရာ၊ ဝမ်ချောင်၏ အတွေးတစ်ချက်အတွင်းမှာပင် ကံကြမ္မာစွမ်းအင်များ သုံးစွဲရမှုမှာ (၁၀) မှ (၁၅) အထိ မြင့်တက်သွားတော့သည်။ တစ်စက္ကန့်လျှင် သုံးစွဲမှုမှာ (၅) မှတ်သာ တိုးလာသော်လည်း၊ ကံကြမ္မာအုပ်ချုပ်ရေးမှူး၏ စွမ်းဆောင်ရည်ကို ထည့်သွင်း တွက်ချက်မည်ဆိုပါက ခပ်သိမ်းသော နိမိတ်တို့ကို စိုးမိုးခြင်း၏ စွမ်းအားမှာ အနည်းဆုံး အမှတ် (၅၀) ခန့် တိုးတက်သွားခြင်းပင် ဖြစ်၏။

ထိုသောင်းကျန်းနေသော နှင်းမုန်တိုင်းများမှာ ကမ္ဘာနှင့် မြေကြီးကို ဖုံးလွှမ်းလျက်၊ အဆုံးမရှိသော နှင်းမှုန်များကို သယ်ဆောင်ကာ သံမဏိခံတပ်ဆီသို့ ကျူးကျော်လာစဉ်၊ သံမဏိခံတပ်၏ မြို့ရိုးနှင့် ပေပေါင်း ဆယ်နှင့်ချီ၍ ဝေးကွာသော နေရာသို့ ရောက်ရှိသည့် အခိုက်အတန့်၌၊ ဝုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ ပုံသဏ္ဌာန် မရှိသော နံရံကြီးတစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံလိုက်ရသည့်အလား နှင်းမုန်တိုင်းများ အားလုံးမှာ ပေါက်ကွဲထွက်သွားတော့သည်။

ထိုစွမ်းအားမှာ မြို့ရိုးပေါ်၌သာ ရပ်တန့်မနေဘဲ လျင်မြန်စွာ ပြန့်ကားသွားခဲ့ပြီး၊ စစ်မြေပြင်တစ်ခုလုံးနှင့် အရှေ့မြောက်ဘက် နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရာ၊ ပြင်းထန်လှသော ထိခတ်မှုကြီးနှင့်အတူ အန်းလုရှန်းက ကမ္ဘာ့စွမ်းအားကို အသုံးပြု၍ ဖန်တီးလိုက်သော ပိုမိုအစွမ်းထက်လှသည့် နှင်းမုန်တိုင်းလှိုင်းကြီးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခြေဖျက်ခြင်း ခံလိုက်ရတော့သည်။

တစ်စစ်မြေပြင်လုံးမှာ ထပ်မံ၍ ကြည်လင်သွားခဲ့ရပြန်၏။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာချင်းဆိုင်မှ မဟာမိတ်တပ်ဖွဲ့ စစ်သည်များနှင့် ဗိုလ်ချုပ်များ အားလုံးမှာ အမူအရာများ တုန်လှုပ်သွားကြရပြီး၊ ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း၊ ခီတန်ဘုရင်နှင့် ရှီဘုရင်မ တို့မှာလည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြရင်း မျက်မှောင်များကို တင်းတင်းကြုတ်လိုက်ကြတော့သည်။

အသေးစိတ် အခြေအနေကို မသိရှိကြပါသော်လည်း၊ လက်ရှိအခြေအနေမှာ အန်းလုရှန်းအတွက် အလွန်ပင် ဆိုးရွားနေကြောင်းကိုမူ လူတိုင်း ခံစားမိနေကြခြင်းပင် ဖြစ်၏။

အခြားတစ်ဖက်ရှိ ထိုသူလေးဦး၏ ရှေ့မှောက်တွင်မူ၊ အန်းလုရှန်း၏ မျက်နှာမှာ အိုးဖင်ကဲ့သို့ပင် အလွန်အမင်း မည်းမှောင်နေတော့သည်။

သူသည် နဂါးနက်၏ ပူးကပ်မှုကို ရရှိပြီးကာစ ဖြစ်သဖြင့် အစွမ်းပြရမည့် အချိန်ဖြစ်ပါသော်လည်း၊ ပထမဆုံး တိုက်ပွဲမှာပင် ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပါချေ။ သူ၏ကောင်းကင်ယံကို ထိန်းချုပ်နိုင်သော စွမ်းဆောင်ရည်မှာ ဝမ်ချောင်အတွက်မူ အနည်းငယ်မျှပင် အသုံးမဝင်ဘဲ ရှိနေသည် မဟုတ်ပါလော။

ဤကဲ့သို့သော အခြေအနေမျိုးကို စစ်မတိုက်မီက သူ ဘယ်လိုမှ မတွေးဝံ့ခဲ့ပါချေ၊ အချိန်တိုအတွင်းမှာပင် ဝမ်ချောင်သည် ကမ္ဘာ့အလိုဆန္ဒကိုပင် ပြန်လည် ဆန့်ကျင်နိုင်စွမ်း ရှိသည့် အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ထို့ပြင် ဝမ်ချောင်၏အမူအရာမှာလည်း အလွန်ပင် တည်ငြိမ်နေလျက် အားစိုက်ထုတ်ရခြင်း မရှိသည့်အလား ရှိနေပေရာ၊ ကောင်းကင်ယံကို ထိန်းချုပ်ရာတွင် သူသည် အစွမ်းကုန် အသုံးမပြုရသေးကြောင်း ထင်ရှားလှပေသည်။

"သောက်ကျိုးနည်း"

ဤအခိုက်အတန့်၌ အန်းလုရှန်း၏ ရင်ထဲမှ ဒေါသများမှာ ဖော်ပြရန်ပင် ခက်ခဲလှပေသည်။

"ဟိန်းးးးး"

ဟာလာဟင်းလင်းပြင် နက်ရှိုင်းရာ နက်မှောင်လှသော တိမ်တိုက်များ၏ အထက်တွင်မူ၊ ကမ္ဘာ့စွမ်းအားများဖြင့် စုစည်းထားသော ထိုရွှေရောင်မျက်ဝန်းအစုံသည်လည်း အန်းလုရှန်း၏ရင်ထဲမှ ဒေါသများကို ခံစားမိလိုက်ပုံ ရပေသည်။ ၎င်းမှာ အဝေးဆီမှ မြို့ရိုးပေါ်ရှိ ဝမ်ချောင်အား စိုက်ကြည့်လျက် ခြိမ်းခြောက်နေသည့်အလား ဟိန်းဟောက်လိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်သည် ပုံသဏ္ဌာန် မရှိသော စွမ်းအားတစ်ခုမှာ တောင်ကြီးတစ်လုံးအလား လေးလံလှပြီး၊ အရပ်မျက်နှာ အသီးသီးမှ မိမိအား ဖိသိပ်လာကြောင်း ခံစားလိုက်ရသည်။

မသိမသာဖြင့် ဝမ်ချောင်သည် တစ်ကမ္ဘာလုံးက မိမိအား ဖိနှိပ်ရန် ကြိုးစားနေသည့်အလား ထင်ယောင်ထင်မှားပင် ဖြစ်ပေါ်လာခဲ့ရ၏။

ဤခံစားချက်နှင့် ပတ်သက်၍ ဝမ်ချောင်အနေဖြင့် စိမ်းသက်နေခြင်း မရှိပါချေ။

ကမ္ဘာ့ ချုပ်နှောင်မှု စွမ်းအား…

ဝမ်ချောင်သည် အန်းလုရှန်းထိန်းချုပ်ထားသော ကောင်းကင်ယံ အပြောင်းအလဲများကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့သလို၊ ကမ္ဘာ့စွမ်းအားများ၏ သက်ရောက်မှုများကိုလည်း ခြေဖျက်ခဲ့သဖြင့်၊ ကမ္ဘာ့အလိုဆန္ဒ၏ မကျေနပ်မှုကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရပြီး၊ ၎င်းမှာ တိုက်ရိုက်ပင် ဝင်ရောက် စွက်ဖက်ကာ ကမ္ဘာ့ချုပ်နှောင်မှု စွမ်းအားကို စိတ်ကြိုက် အသုံးပြုလိုက်ခြင်းပင် ဖြစ်၏။

ပတ်ဝန်းကျင်ရှိ အခြားသူများမှာ မြင်တွေ့နိုင်ခြင်း မရှိပါသော်လည်း၊ ဝမ်ချောင်ကမူ အဆုံးမရှိသော အလင်းနှင့် အရိပ်များမှာ တောင်ကြီးတစ်လုံး ပြိုကျလာသည့်အလား မိမိဆီသို့ တစ်ဟုန်ထိုး လွှမ်းမိုးလာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်၊ ပတ်ဝန်းကျင်ရှိ ဖိအားများမှာလည်း ခဏတာအတွင်းမှာပင် အဆပေါင်းများစွာ တိုးတက်လာခဲ့ရ၏။

ယခင်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့ချုပ်နှောင်မှုစွမ်းအား တိုးတက်လာမှုမှာ အဆပေါင်း ရာနှင့်ချီ၍ပင် ရှိနေတော့သည်။

[သတိပေးချက်၊ အန္တရာယ်ရှိသည် Hostသည် ကမ္ဘာ့အလိုဆန္ဒ၏ တိုက်ခိုက်မှုကို ခံရတော့မည် ဖြစ်သည်]

ထိုအချိန်မှာပင် ဝမ်ချောင်၏နားထဲ၌ ကံကြမ္မာကျောက်တုံး၏ သတိပေးချက် မြည်ဟည်းလာခဲ့သည်။

ဤမျှလောက် ရုတ်တရက် ကျရောက်လာသော ချုပ်နှောင်မှု စွမ်းအားမှာ၊ ယခင်က ဝမ်ချောင်အတွက်ဆိုလျှင် အန္တရာယ်ရှိသော အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားစေနိုင်သလို တိုက်ရိုက်ပင် သေဆုံးသွားနိုင်ပါသော်လည်း၊ ယခုအခါတွင်မူ အခြေအနေမှာ ယခင်နှင့် လုံးဝမတူညီတော့ပါချေ။ ယခုအချိန်ရှိ ဝမ်ချောင်မှာမူ ယခင်ကဲ့သို့သော သူ မဟုတ်တော့ပါချေ။

ပတ်ဝန်းကျင်ရှိ အဆက်မပြတ် တိုးတက်လာလျက် အနုစိတ်အဆင့်ကိုပင် လျင်မြန်စွာ ကျော်လွန်သွားသော ထိုထိတ်လန့်စရာ စွမ်းအားများကို ခံစားရင်း ဝမ်ချောင်သည် သူ၏နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှင့်လိုက်ကာ အထင်သေးလှသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး၊ လက်နှစ်ဖက်ကို နောက်ပစ်ကာ လှုပ်ရှားခြင်းမရှိဘဲ ရပ်နေလေသည်။

"ကံကြမ္မာ အုပ်ချုပ်ရေးမှူး စွမ်းအားကို စတင် အသုံးချမယ်"

ဝမ်ချောင်၏နားထင်မှ ဆံနွယ်ရှည်များမှာ လွင့်ပျံနေလျက်၊ ကမ္ဘာ့အလိုဆန္ဒ၏ ကြီးမားလှသော တိုက်ခိုက်မှု ကျရောက်တော့မည့် အခိုက်အတန့်၌၊ သူသည် နှုတ်ခမ်းကို အသာအယာ ဟလျက် စကားလုံးအချို့ကိုသာ ဆိုလိုက်တော့သည်။

ဝုန်း…

ဝမ်ချောင်နှင့် ပေအနည်းငယ်မျှသာ ဝေးကွာသောနေရာသို့ ရောက်ရှိသည့် အခိုက်အတန့်၌၊ ထိုထိတ်လန့်စရာကောင်းလှသော စွမ်းအားကြီးမှာ လျင်မြန်စွာပင် တိမ်များ ကင်းစင်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး၊ ပိုမိုကြီးမားလှသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကြောင့် အမြစ်ပြတ် ခြေဖျက်ခြင်း ခံလိုက်ရတော့သည်။

အုပ်ချုပ်ရေးမှူး၏ ခန္ဓာကိုယ်…

ဤသည်မှာ ဝမ်ချောင်အသစ် ရရှိထားသော စွမ်းဆောင်ရည်ပင် ဖြစ်၏။

အနောက်မြောက်ဘက် တိုက်ပွဲတွင် ဝမ်ချောင်သည် ကုထိုက်ပိုင်အား အနိုင်ယူခဲ့သလို၊ အာရပ်ကိုလည်း အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သဖြင့် ထိုကြီးမားလှသော အောင်မြင်မှုများကြောင့် သူသည် ကံကြမ္မာကျောက်တုံး၏ သမိုင်းတစ်လျှောက် မကြုံစဖူးသော မျက်နှာသာပေးမှုကို ရရှိခဲ့ကာ၊ ကံကြမ္မာအုပ်ချုပ်ရေးမှူးဟူသော ဘွဲ့အမည်ကို ထူးထူးခြားခြား ချီးမြှင့်ခြင်း ခံခဲ့ရခြင်းပင် ဖြစ်၏။

ထိုစဉ်က အသစ်ရရှိသော စွမ်းဆောင်ရည်များကို အသုံးပြုနိုင်ရန် သုံးလခန့် အချိန်ယူရမည်ဟု အချက်ပြခဲ့ပါသော်လည်း ထိုစစ်ပွဲကြီး ပြီးဆုံးသွားသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ သုံးလမကတော့ပါချေ။

ယခင်ရှိခဲ့သော ကံကြမ္မာထိန်းချုပ်သူနှင့် နှိုင်းယှဉ်လျှင် ကံကြမ္မာအုပ်ချုပ်ရေးမှူး၏ အကြီးမားဆုံးသော အပြောင်းအလဲမှာ အုပ်ချုပ်ရေးမှူး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခြင်းပင် ဖြစ်၏။

ကံကြမ္မာကျောက်တုံး၏ စွမ်းဆောင်ရည် သုံးစွဲမှုများကို လျှော့ချနိုင်ခြင်းနှင့် ကမ္ဘာ့အလိုဆန္ဒကို ပြန်လည်ဆန့်ကျင်နိုင်ခြင်းတို့မှာ အုပ်ချုပ်ရေးမှူး၏ ခန္ဓာကိုယ်၏ စွမ်းဆောင်ရည် တစ်ခုသာ ဖြစ်ပါသော်လည်း၊ အုပ်ချုပ်ရေးမှူး၏ ခန္ဓာကိုယ်သည် ကမ္ဘာ့ချုပ်နှောင်မှု၏ တိုက်ခိုက်မှုများကို လုံးဝကင်းလွတ်ခွင့် ရရှိထားခြင်းပင် ဖြစ်တော့သည်။

"အလကားပဲ မင်းက ကမ္ဘာ့အလိုဆန္ဒ ပဲဖြစ်ဖြစ် တခြား ဘာပဲဖြစ်ဖြစ်၊ ငါ့ရဲ့ ခြေဖဝါးအောက်မှာပဲ အသာတကြည် ဝပ်စင်းနေရလိမ့်မယ်"

ဝမ်ချောင်၏ကိုယ်မှာ လှုပ်ရှားခြင်းမရှိပါသော်လည်း သူ၏မျက်ဝန်းထဲ၌မူ ထိတ်လန့်စရာကောင်းလှသော အေးစိမ့်သည့် အလင်းရောင်များ ဖြတ်ပြေးသွားခဲ့သည်။

သူ၏စကားသံအဆုံးတွင် ခြေအောက်ရှိ မြေပြင်ကို ပြင်းထန်စွာ တစ်ချက် နင်းလိုက်ရာ၊ ပင်လယ်အလား ပြိုင်ဘက်ကင်းလှသော စွမ်းအားတစ်ခုမှာ မြေအောက်သို့ ထိုးဝင်သွားခဲ့ပြီး၊ မရေမတွက်နိုင်သော စမ်းချောင်းငယ်များအလား သံမဏိခံတပ်တစ်တပ်လုံး၏ မြေအောက်ရှိ ဧရာမ စစ်အစီအရင်ကြီးအတွင်းသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ကာ၊ ထိုဧရာမ မြေအောက်စစ်အစီအရင်ကြီးကို လျင်မြန်စွာ မောင်းနှင်လိုက်တော့သည်။

ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက်၊ တစ်ချိန်တည်းမှာပင် စစ်အစီအရင်ကြီး စတင်လည်ပတ်လာခဲ့ရာ၊ မြေအောက်၌ မီးတောင်တစ်ခုအလား ပေါက်ကွဲထွက်လာတော့မည့် ထိုကြီးမားလှသော စွမ်းအားကို အမြစ်ပြတ် ဖိနှိပ်လိုက်တော့သည်။

"ဘုန်း"

ဤအခိုက်အတန့်၌ လူတိုင်းသည် သံမဏိခံတပ်၏ မြေအောက်မှ မြည်ဟည်းသံကြီးကို ကြားလိုက်ကြရသော်လည်း၊ သံမဏိခံတပ်ကြီးတစ်ခုလုံးမှာမူ အနည်းငယ်မျှသာ တုန်ခါသွားခဲ့ပြီး အရာရာတိုင်းမှာ ပြန်လည် ငြိမ်သက်သွားခဲ့ရ၏။

ကမ္ဘာ့စွမ်းအား၏ တိုက်ခိုက်မှုမှာ ပုံသဏ္ဌာန်လည်း မရှိသလို အရာရာတိုင်းတွင်လည်း တည်ရှိနေပေရာ၊ မြေအောက်ပိုင်းသည်ပင်လျှင် ၎င်း၏ သက်ရောက်မှုနှင့် တိုက်ခိုက်မှု နယ်ပယ်အတွင်း၌ ရှိနေခြင်းပင်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ဝမ်ချောင်သည် ကမ္ဘာ့အလိုဆန္ဒနှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ခဲ့ဖူးသဖြင့် အစောပိုင်းကတည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ရှိခဲ့သလို၊ သံမဏိခံတပ်ကို စတင်တည်ဆောက်စဉ်ကတည်းက ဤအချက်ကို ကြိုတင် ခန့်မှန်းထားခဲ့သဖြင့် အပြည့်အဝ ပြင်ဆင်ထားခဲ့ခြင်းပင် ဖြစ်၏။

သံမဏိခံတပ် မြေအောက်ရှိ ထိုစစ်အစီအရင်ကြီးမှာ လွန်ကဲလှသော အအေးဓာတ်များကို ဆန့်ကျင်ရန်အတွက်သာ မဟုတ်ဘဲ၊ မြေအောက်မှ စွမ်းအင်များကို ဖိနှိပ်ရန်နှင့် ခြေဖျက်ရန်အတွက်လည်း ဖြစ်သလို၊ ကမ္ဘာ့အလိုဆန္ဒက အချိန်မရွေး ပြုလုပ်လာနိုင်သော တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက်လည်း ဖြစ်ပေသည်။

ကမ္ဘာ့အလိုဆန္ဒ၏ ဖုံးလွှမ်းမှုအောက်တွင် တောင်ပြိုခြင်းဖြစ်စေ၊ မီးတောင်ပေါက်ကွဲခြင်း သို့မဟုတ် ငလျင်လှုပ်ခြင်း ဖြစ်စေ အားလုံးမှာ အချိန်မရွေး ဖြစ်ပျက်လာနိုင်ပေရာ၊ ဝမ်ချောင်အနေဖြင့် မကာကွယ်ဘဲ မနေနိုင်ပါချေ။

"ခွေးကောင်"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်း၏မျက်နှာမှာ ဒေါသကြောင့် နီရဲသွားခဲ့ရ၏။

သူသည် ရှင်းလင်းစွာ ခံစားမိနေသည်မှာ၊ သံမဏိခံတပ်သည် ဝမ်ချောင်၏ ကိုင်တွယ်မှုအောက်တွင် အပ်ပေါက်မျှပင် မရှိတော့လောက်အောင် ခိုင်မာနေသဖြင့်၊ ကမ္ဘာ့အလိုဆန္ဒကဲ့သို့သော အရာပင်လျှင် အနည်းငယ်မျှပင် နည်းလမ်းမရှိဘဲ ဖြစ်နေရခြင်းပင်။

သူ၏ရင်ထဲ၌ ဒေါသထွက်နေပါသော်လည်း များမကြာမီမှာပင် အန်းလုရှန်းသည် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ချောင်နှင့် မဟာထန်၏ စစ်တပ်များကို အမြစ်ပြတ် ဖျက်ဆီးရပေမည်။

ကမ္ဘာ့စွမ်းအားကို အသုံးပြုကာ ကောင်းကင်ယံကို ထိန်းချုပ်ခြင်းမှာ သူ၏နည်းလမ်းများထဲမှ တစ်ခုသာ ဖြစ်ပါသော်လည်း ၎င်းမှာ အရာအားလုံး မဟုတ်ပါချေ။

"ကောင်းရှန်း... မြို့ကို တိုက်စမ်း"

အန်းလုရှန်း၏ မျက်နှာမှာ အုံ့မှိုင်းနေလျက် တစ်ဖက်မှ ကမ္ဘာ့စွမ်းအားများကို ဆက်လက် ထိန်းချုပ်ကာ ကောင်းကင်ယံ၌ ဝမ်ချောင်နှင့် အားပြိုင်နေသလို၊ အခြားတစ်ဖက်မှလည်း သူ၏ အနောက်ရှိ ကောင်းရှန်းဆီသို့ လှည့်ကာ အမြန်ဆုံး အမိန့်ပေးလိုက်လေသည်။

အမိန့်တော်အဆုံးတွင်၊ အဝေးဆီမှ မူလက သံမဏိခံတပ်ဆီသို့ တန်းစီ ချီတက်လာကြသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးများမှာ လျင်မြန်စွာပင် ပြောင်းလဲသွားတော့သည်။

ရှေ့ဆုံးတန်းရှိ စစ်သည်များမှာ လျင်မြန်စွာ ဘေးဘက်သို့ ခွဲထွက်သွားကြပြီး အလယ်တွင် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ရာ၊ တစ်ချိန်တည်းမှာပင် အနောက်ဘက်မှနေ၍ ကျယ်လောင်သော မြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။

မြို့ရိုးပေါ်တွင် ဝမ်ချောင်၊ ဝမ်ကျုံးစစ်နှင့်အာပုစစ်တို့၏ အကြည့်များအောက်တွင်၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ များအတွင်းမှနေ၍ တဖျပ်ဖျပ် လက်နေသော အလင်းပြန်မှုများမှာ ရောင်ပြန်ဟပ်လာခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ယိုကျိုးစစ်သည်များမှာ သုံးယောက်တစ်ဖွဲ့စီဖြင့် လှည်းငယ်လေးများကို တွန်းကာ အဝေးဆီမှ မောင်းနှင်လာကြတော့သည်။

"အဲဒါ ဒိုင်းလွှားလှည်းတွေပဲ"

ထိုလှည်းငယ်လေးများကို မြင်တွေ့လိုက်ရသည့်အခါ မြို့ရိုးပေါ်ရှိ ဝမ်ကျုံးစစ်၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး ချက်ချင်းပင် မှတ်မိလိုက်လေသည်။

ဘီးများဖြင့် တွန်းရသော ထိုလှည်းငယ်လေးများမှာ၊ သံမဏိခံတပ်ရှိရာ အရပ်သို့ မျက်နှာမူလျက် သံမဏိပြားကြီးများကို မတ်မတ် စိုက်ထူထားကြရာ၊ ၎င်းမှာ ပုံမှန် မြင်တွေ့နေကျ ဒိုင်းလွှားလှည်းများ၏ အသွင်ပြောင်း ပုံစံငယ် တစ်ခုပင် ဖြစ်တော့သည်။

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်…… ခဏတာမျှ အချိန်တိုအတွင်းမှာပင် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ များအတွင်း၌ ဘာမှမရှိရာမှနေ၍ သောင်းနှင့်ချီသော ဤကဲ့သို့သော ဒိုင်းလွှားလှည်း ငယ်လေးများမှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"ဟွန်း… အသေအချာ ပြင်ဆင်လာခဲ့တာပဲပေါ့"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်က အေးစိမ့်စွာ ပြုံးလိုက်မိသည်။

စုဟန်ရှင်းဦးဆောင်သော စစ်ရထားလေး တပ်ဖွဲ့မှာ အကြိမ်ကြိမ်သော သွေးချောင်းစီး တိုက်ပွဲများကို ဖြတ်ကျော်ခဲ့ပြီးနောက် အစောပိုင်းကတည်းက တစ်လောကလုံး၌ နာမည်ကျော်ကြားနေခဲ့ပြီဖြစ်ရာ၊ အန်းလုရှန်းသည်လည်း ဤအချက်ကို ရှင်းလင်းစွာ သိရှိထားပြီး အပြည့်အဝ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။ ဤဒိုင်းလွှားလှည်း ငယ်လေးများမှာ သိသိသာသာပင် မဟာထန်၏ စစ်ရထားလေး တပ်ဖွဲ့ကို ပစ်မှတ်ထားခြင်းပင် ဖြစ်၏။

"သူ ဘာလုပ်ချင်တာလဲ။ စစ်ရထားလေးတွေရဲ့စွမ်းအားက အလွန် ပြင်းထန်တာပဲ၊ သူက သံမဏိပြား တစ်ချပ်တည်းနဲ့ စစ်ရထားလေးတွေရဲ့ ပစ်ခတ်မှုကို တားဆီးနိုင်မယ်လို့ ထင်နေတာလား?"

ဘေးနားရှိ ထုံလော့ဗိုလ်ချုပ်ကြီး အာပုစစ်မှာမူ မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏မျက်ဝန်းထဲ၌ သံသယများ ပြည့်နှက်နေတော့သည်။

******

All Chapters