အခန်း ၂၁၆၄
Vol. 134 Ch. 2164
အခန်း (၂၁၆၄) ထောင်ချောက်နှင့် အရပ်မျက်နှာအနှံ့ပစ်ခတ်ခြင်း
"ဝုန်း"
စစ်မြေပြင်၏ ကောင်းကင်ယံထက်၌ မိုးကြိုးတစ်ချက် ပစ်ချလိုက်သည့်အလား မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ နောက်တစ်ခဏ၌ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ၊ အလျား ဆယ်မီတာကျော် ရှည်လျားပြီး ထူထဲလှသော ဧရာမ မြားတံကြီးတစ်စင်းမှာ သံမဏိခံတပ်အတွင်းရှိ ပွင့်ဟနေသော အပေါက်တစ်ခုမှနေ၍ တစ်ဟုန်ထိုး ပန်းထွက်လာတော့သည်။
ပြင်းထန်လှသော အသံကြီးနှင့်အတူ၊ သံမဏိခံတပ် နှင့် ပေပေါင်း တစ်ရာကျော် အကွာအဝေးရှိ လေးလံလှသော ဒိုင်းလွှားလှည်း တစ်စီးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်စစီ ပွင့်ထွက်သွားခဲ့ရပြီး၊ ရှေ့မျက်နှာပြင်မှ ထူထဲလှသော သံမဏိပြားကြီးမှာလည်း စက္ကူချပ်နှယ် အလွယ်တကူ ဆွဲဖြဲခြင်း ခံလိုက်ရသည်၊ ဒိုင်းလွှားလှည်း တစ်ဆယ့်နှစ်စီးဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းစစ်အစီအရင်မှာလည်း ဤမြားတံ၏ ပစ်ခတ်မှုအောက်တွင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိဘဲ၊ လုံးဝတည်ရှိမနေသည့်အလား အစွမ်းမဲ့သွားခဲ့ရ၏။
သို့သော်လည်း ဤအရာမှာ စတင်ခြင်းသာ ရှိသေးသည်၊ ဒိုင်းလွှားလှည်း၏ အကာအကွယ် မရှိတော့သည့်နောက်တွင် အနောက်ဘက်မှ ဒိုင်းလွှားလှည်း စစ်သည် နာကျင်စွာ အော်ဟစ်လိုက်ကြရပြီး၊ စုတ်ပြဲနေသော အိတ်ခွံများအလား လေထဲသို့ လွင့်စဉ်သွားခဲ့ရကာ၊ မြားတံပေါ်ရှိ ထိတ်လန့်စရာကောင်းလှသော စွမ်းအားများက သူတို့အား သွေးမှုန်များအဖြစ် တိုက်ရိုက်ပင် အသွင်ပြောင်းသွားစေတော့သည်၊ မြားတံမှာမူ အရှိန်အဟုန် လျော့နည်းသွားခြင်း မရှိဘဲ အနောက်ဘက်ရှိ ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက် ဒိုင်းလွှားလှည်းများကို ဆက်လက် ရိုက်ခတ်သွားပြန်ရာ၊ အထိမှန်ခံရသော ဒိုင်းလွှားလှည်းများနှင့် စစ်သည်များ အားလုံးမှာ ချွင်းချက်မရှိဘဲ တစ်စစီ ကြေမွသွားကြရသည့် ရလဒ်နှင့်သာ ရင်ဆိုင်လိုက်ကြရတော့သည်။
မြားတံ၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှပေရာ ပေတစ်ထောင်ကျော်အကွာအဝေးအထိ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး၊ ထိုလမ်းကြောင်းတစ်လျှောက်လုံးတွင် ဒိုင်းလွှားလှည်းများ၊ ဒိုင်းလွှားလှည်း စစ်သည်များ သို့မဟုတ် အခြားသော တပ်ဖွဲ့ဝင်များ ဖြစ်စေ၊ အလင်းကွင်းများကို နင်းထားကြသည့် အစွမ်းထက် ဗိုလ်ချုပ်များဖြစ်စေ အားလုံးမှာ အပိုင်းပိုင်းအစစ ကြေမွသွားကြရပေသည်။
ထို မြားတံ ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်တွင် ပေတစ်ထောင်ကျော် ရှည်လျားလှသော နီရဲသည့် သွေးလမ်းကြောင်းကြီး တစ်ခု ကျန်ရှိနေခဲ့တော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပေါ်ထွက်လာတော့သည်။
"သတိထားကြ၊ ဧရာမ စစ်ရထားလေး"
စစ်မြေပြင်အတွင်း၌ မည်သူက အော်ဟစ်လိုက်သည်မသိသော်လည်း ထိုအသံမှာ အလွန်ပင် စူးရှလှပေသည်။
ဧရာမ စစ်ရထားလေး။
ဤအရာမှာ အနောက်မြောက်ဘက် တိုက်ပွဲအတွင်း၌ ဝမ်ချောင်က အာရပ်လူမျိုးများ၏ ဧရာမ သားရဲကြီး တပ်ဖွဲ့ကို ရင်ဆိုင်ရန်အတွက် တီထွင်ခဲ့သော ဧရာမ လက်နက်ကြီး ဖြစ်ကာ၊ ၎င်း၏ သတ်ဖြတ်နိုင်စွမ်းမှာ အခြားသော စစ်ရထားလေးများထက် အဆပေါင်း ရာနှင့်ချီ၍ သာလွန်လှပေသည်။
ဒါ့အပြင် ဤဧရာမ စစ်ရထားလေး များတွင် အသုံးပြုသော မြားတံများမှာလည်း အလွန်ပင် ကြီးမားလှပြီး စွမ်းအားမှာလည်း ထိတ်လန့်စရာ ကောင်းလှပေသည်။
အရှေ့မြောက်ဘက်ရှိ နိုင်ငံအသီးသီးမှ စစ်သည် အများစုမှာ ယခင်က ဝမ်ချောင်နှင့် တစ်ခါမျှ ထိပ်တိုက် မတွေ့ဆုံခဲ့ဖူးပါသော်လည်း၊ ဝမ်ချောင်၏ လက်အောက်ရှိ ထိုကဲ့သို့သော ထိပ်တန်း လက်နက်ကြီးများ အကြောင်းကိုမူ အလွန်ပင် ရင်းနှီးနေခဲ့ကြပြီ ဖြစ်၏။
မိမိတို့၏ ပြိုင်ဘက်မှာ ဝမ်ချောင်ဖြစ်ကြောင်း သိရှိခဲ့ရသည့် နေ့မှစ၍၊ မဟာမိတ်တပ်ဖွဲ့စစ်သည်အားလုံးမှာ တစ်နေ့နေ့တွင် ဤကဲ့သို့သော ထိတ်လန့်စရာ သတ်ဖြတ်ရေး လက်နက်ကြီးများနှင့် ရင်ဆိုင်ရလိမ့်မည်ကို သိရှိထားကြပြီး ဖြစ်ပေသည်။
သို့သော်လည်း ကြားသိရခြင်းနှင့် လူကိုယ်တိုင် မြင်တွေ့ရခြင်း၊ မိမိ၏ သွေးသား ခန္ဓာကိုယ်ဖြင့် လက်တွေ့ ခံစားရခြင်းတို့မှာ လုံးဝ ကွဲပြားခြားနားလှပေသည်။
စစ်တပ်ကြီး၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာသော ပေပေါင်း တစ်ထောင်ကျော် ရှည်လျားသည့် သွေးလမ်းကြောင်းကြီးကို ကြည့်ရင်း၊ မရေမတွက်နိုင်သော မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ မျက်နှာများ ဖြူလျော့သွားခဲ့ရပြီး ထိတ်လန့်မှုကြောင့် မျက်နှာများပင် ပျက်ယွင်းသွားကြတော့သည်။
သေးငယ်လွန်းလိုက်တာ…
အားနည်းလွန်းလိုက်တာ..
ဤသည်မှာ လူတိုင်း ဤအခိုက်အတန့်၌ ခံစားလိုက်ရသော လက်တွေ့ကျလှသည့် ခံစားချက်ပင် ဖြစ်၏။
ဝမ်ချောင်တီထွင်လိုက်သော ထိုအရာများမှာ များပြားလှသော သိုင်းပညာ ကျွမ်းကျင်သူများကိုပင် နက်ရှိုင်းလှသော ဝမ်းနည်းမှုများကို ပေးစွမ်းနေတော့သည်၊ အဘယ်ကြောင့်ဆိုသော် သိုင်းပညာ အဆင့်အတန်း မည်မျှပင် မြင့်မားပါစေဦး၊ ဤကဲ့သို့သော ဧရာမ မြားတံကြီးများ၏ ရှေ့မှောက်တွင်မူ ရလဒ်မှာ အတူတူပင်ဖြစ်ကာ၊ အနည်းငယ်မျှပင် ပြန်လည် ဆန့်ကျင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်၏။
"ဝုန်း ဝုန်း ဝုန်း"
"ဝုန်း ဝုန်း ဝုန်း"
"ဝုန်း ဝုန်း ဝုန်း"
အစီအစဉ်ကျလှသော ပေါက်ကွဲသံကြီးများမှာ သံမဏိခံတပ်၏ အထက်ပိုင်းမှနေ၍ အဆက်မပြတ် ထွက်ပေါ်လာခဲ့ရာ၊ စစ်မြေပြင် ကောင်းကင်ယံ၌ စိပ်လှသော မိုးကြိုးများ တစ်ချက်ပြီးတစ်ချက် ပစ်ချလိုက်သည့်အလား ရှိနေတော့သည်။
တစ်စင်း၊ နှစ်စင်း၊ သုံးစင်း…… စုစုပေါင်း ဧရာမ မြားတံ လေးဆယ်ကျော်မှာ ခံတပ်အတွင်းမှနေ၍ တစ်ဟုန်ထိုး ပန်းထွက်လာခဲ့ပြီး၊ မျက်နှာချင်းဆိုင်မှ မဟာမိတ်တပ်ဖွဲ့များအတွင်း၌ သွေးလမ်းကြောင်းပေါင်း လေးဆယ်ကျော်ကို ဖန်တီးလိုက်ကြသည်၊ မြားတံများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မည်သည့် အသက်ဇီဝမျှ ရှင်သန်နိုင်ခြင်း မရှိဘဲ၊ လေထဲ၌ လွင့်ပျံနေသော သွေးမှုန်များနှင့် အပိုင်းအစများသာ ကျန်ရှိနေတော့သည်။
ထိုအခိုက်အတန့်၌ တစ်စစ်မြေပြင်လုံးမှာ ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရ၏။
လူတိုင်းမှာ ဤကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် ခွန်အားများကြောင့် မှင်တက်သွားကြရသလို၊ ပြိုင်ဘက်ကင်းလှသော သတ်ဖြတ်နိုင်စွမ်းများကြောင့်လည်း ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေကြရသည်။
"တကယ်ကို ကြောက်စရာကောင်းတဲ့ ခွန်အားပဲ"
မျက်နှာချင်းဆိုင်ရှိ စစ်တပ်ကြီးအတွင်း၌ ကိုယ်ဟန်ထွားကျိုင်းလှသော ခီတန်ဘုရင်သည် မျက်လုံးများကို ပြူးလျက် ဤစကားကို တိုးညှင်းစွာ ဆိုလိုက်မိသည်။
ဝမ်ချောင်အနေဖြင့် ယခုအချိန်အထိ လူကိုယ်တိုင် လှုပ်ရှားခြင်း မရှိသေးပါသော်လည်း၊ သူ၏ လက်အောက်ရှိ လက်နက် နှစ်မျိုးတည်းဖြင့်ပင် သူ့အား ဖျက်ဆီးရခက်လှသော စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုကို ပေးစွမ်းနေခဲ့ပြီ ဖြစ်၏။
ဤအခိုက်အတန့်၌ ဝမ်ချောင်မှာ အိပ်မက်ဆိုးတစ်ခုအလား သူ၏ဦးနှောက်ထဲ၌ နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပြီ ဖြစ်သည်။
စစ်မြေပြင်၏ ရှေ့တန်းတွင်မူ၊ မူလက အေးစိမ့်စွာ ပြုံးနေခဲ့သော၊ မောက်မာဝင့်ကြွားလှသော ရှန့်ကုန်းအကြီးအကဲသည်လည်း ယခုအခါတွင်မူ တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်ကာ ယခင်ကကဲ့သို့ မောက်မာမှုများ မရှိတော့ပါချေ။
"အမိန့်ထုတ်ပြန်လိုက်စမ်း၊ တိုက်စစ်ကို မြှင့်တင်ကြ"
ထိုအချိန်မှာပင် ရှေ့ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏၊ အန်းလုရှန်းသည် သွားများကို တင်းတင်းကြိတ်လျက် ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း ရုတ်တရက် ဆိုလိုက်ခြင်းပင် ဖြစ်သည်။
ဧရာမ မြားတံများ၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှသဖြင့် စစ်သည်တို့၏ စိတ်ဓာတ်ကိုပင် လှုပ်ခါသွားစေခဲ့ပြီ ဖြစ်ပါသော်လည်း၊ ယခုအချိန်ရှိ အကြီးမားဆုံးသော အားသာချက်မှာ မဟာမိတ်တပ်ဖွဲ့ များမှာ မြို့ရိုးအောက်သို့ မကြာမီ ရောက်ရှိတော့မည် ဖြစ်ခြင်းပင်၊ မြို့ရိုးပေါ်သို့သာ တက်နိုင်မည်ဆိုပါက ဝမ်ချောင်၏ ဧရာမ စစ်ရထားလေးများမှာ မည်မျှပင် အစွမ်းထက်ပါစေဦး၊ အသုံးဝင်တော့မည် မဟုတ်ပါချေ။
"ဝူး ——"
အေးစိမ့်လှသော ခရုသင်းသံကြီးမှာ စစ်မြေပြင်အတွင်း၌ လျင်မြန်စွာ မြည်ဟည်းသွားတော့သည်၊ ထိုအသံမှာ စိပ်လှသလို တိုက်တွန်းနှိုးဆော်နေသည့် အငွေ့အသက်များ ပြည့်နှက်နေတော့သည်။
ရှေ့တန်းတွင်မူ အမိန့်ကို ရရှိသည်နှင့်တစ်ပြိုင်နက် စစ်တပ်ကြီး အားလုံးမှာ ထိတ်လန့်မှုများကို အတင်းအကျပ် အောင့်အည်းလျက်၊ တစ်ဦးချင်းစီမှာ ဟိန်းဟောက်ကာ ရှေ့သို့ ထပ်မံ တိုးဝင်လာကြပြန်သည်၊ သူတို့အား ဆီးကြိုနေသည်မှာမူ ထူထဲလှသော ဧရာမ မြားတံကြီးများ တစ်စင်းပြီးတစ်စင်းပင် ဖြစ်ကာ၊ သေမင်း၏ အရှိန်အဝါများမှာ တစ်စစ်မြေပြင်လုံး ၌ အဆက်မပြတ် ပျံ့နှံ့နေတော့သည်……
"ဝမ်ချောင်.. ဒီတစ်ခါတော့ မင်းကို ငါ တကယ်ပဲ အထင်ကြီးသွားပြီ၊ မူလက မင်း ဒီဧရာမ စစ်ရထားလေးတွေကို ရှေ့တန်း အခြေစိုက်စခန်းဆီကို သယ်လာတာက အပိုအလုပ်တွေလို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ အခု ကြည့်ရတာတော့ မင်းက ဒီမြင်ကွင်းကို ကြိုတင် ခန့်မှန်းထားခဲ့တာ ဖြစ်ရမယ် မဟုတ်လား"
လေပြင်းများ တိုက်ခတ်နေစဉ် အာပုစစ်သည် ကြေးနီ သံချပ်ကာအပြည့်ကို ဆင်မြန်းထားလျက် နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါစွာဖြင့် သူ၏ဘေးနားရှိ ဝမ်ချောင်အား ရုတ်တရက် လှည့်ကြည့်ကာ ဆိုလိုက်သည်။
အင်ပါယာ၏ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး ဖြစ်သည့်အလျောက် သူသည် ဤ ဧရာမ စစ်ရထားလေးများ၏ ပစ်ခတ်မှုနောက်ပိုင်းတွင် တစ်စစ်မြေပြင်လုံး၏ လေထုမှာ ထူးခြားလှသော အပြောင်းအလဲများ ဖြစ်ပေါ်သွားကြောင်းကို ရှင်းလင်းစွာ ခံစားမိနေပေသည်၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ဘက်မှ စိတ်ဓာတ်များမှာ သိသိသာသာ ထိခိုက်သွားခဲ့ပြီဖြစ်ရာ၊ သူတို့သည် သံမဏိခံတပ် ဆီသို့ ဆက်လက် တိုးဝင်လာနေကြဆဲ ဖြစ်ပါသော်လည်း အရှိန်မှာမူ များစွာ နှေးကွေးသွားခဲ့ပြီ ဖြစ်၏။
ဧရာမ စစ်ရထားလေးအစီးရေ လေးဆယ်ကျော်မျှဖြင့်ပင် ဤကဲ့သို့သော ရလဒ်ကို ရရှိနိုင်သည်ဆိုလျှင်၊ ဤအချက် တစ်ခုတည်းနှင့်တင် ဝမ်ချောင်၏ ဆုံးဖြတ်ချက်မှာ လုံးဝ မှားယွင်းခြင်း မရှိကြောင်း ထင်ရှားလှပေသည်
တစ်ဖက်လူ၏ စိတ်ဓာတ်နှင့်အရှိန်အဝါကို ထိုးနှက်ချင်သည်ဆိုပါက လူ မည်မျှ သတ်ဖြတ်နိုင်သလဲ ဆိုသည်မှာ အဓိက မဟုတ်ပါချေ။
ဝမ်ချောင်သည် ဤစကားကို ကြားလိုက်ရသည့်အခါ အေးအေးဆေးဆေးပင် ပြုံးလိုက်မိသည်။
သူသည် သေချာပေါက် ဤမြင်ကွင်းကို ကြိုတင် ခန့်မှန်းထားခဲ့ခြင်း ဖြစ်၏၊ အသေးစိတ် အခြေအနေများကို မသိရှိနိုင်ပါသော်လည်း၊ ဧရာမ သားရဲကြီးများကို သတ်ဖြတ်ရန် အသုံးပြုခဲ့သော ဤ ဧရာမ စစ်ရထားလေး များမှာ ဤစစ်ပွဲတွင် အသုံးဝင်လိမ့်မည်မှာ သံသယ ဖြစ်ဖွယ် မရှိပါချေ။
"ဧရာမ စစ်ရထားလေး လေးဆယ်ကျော်တည်းနဲ့တော့ သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး၊ ငါတို့တွေ လှုပ်ရှားရမယ့် အချိန်ရောက်ပြီ"
ထိုအချိန်မှာပင် ဘေးနားမှ တည်ငြိမ်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်၊ မင်းဆရာဝမ်ကျုံးစစ်သည် မျက်မှောင်ကြုတ်လိုက်ကာ ရုတ်တရက် စကားဆိုလိုက်ခြင်းပင်။
ဝမ်ချောင်၏ ဧရာမစစ်ရထားလေး များမှာ သတ်ဖြတ်နိုင်စွမ်း ကြီးမားလှပြီး အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပါသော်လည်း၊ လက်တွေ့တွင်မူ သန်းနှင့်ချီသော နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့နှင့် နှိုင်းယှဉ်လျှင် နွားတစ်ကောင်၏ အမွေးတစ်ပင်မျှသာရှိသဖြင့် ပြောပလောက်စရာ မရှိပါချေ၊ ဒါ့အပြင် စစ်ရထားလေး အရေအတွက်မှာလည်း နည်းပါးလွန်းလှသလို ပစ်ခတ်မှုအရှိန်မှာလည်း နှေးကွေးလှသဖြင့်၊ ဤစစ်ရထားလေးများသက်သက်ဖြင့်မူ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့တို့၏ တိုက်စစ်ကို တားဆီးရန် လုံးဝ မဖြစ်နိုင်ပါချေ။
ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်သည်။
အဝေးဆီတွင်မူ အကွာအဝေးမှာ ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်၏
ပေတစ်ထောင်
ပေရှစ်ရာ
ရှေ့ဆုံးမှ ယိုကျိုးစစ်သည်များမှာ သံမဏိခံတပ် ရှေ့ရှိ စစ်သည်များနှင့် အကွာအဝေးမှာ မီတာ ခြောက်ဆယ်ပင် မပြည့်တော့လောက်အောင် နီးကပ်နေပြီ ဖြစ်ပါသော်လည်း၊ မြို့ပြင်၌ တန်းစီထားသော ထိုလေးသောင်းကျော်သော မဟာထန်များမှာမူ မျက်နှာချင်းဆိုင်ကို စိုက်ကြည့်လျက်၊ မတ်မတ်ရှိလှသော သူတို့၏ခန္ဓာကိုယ်များမှာ မြစ်လယ်မှ ကျောက်တုံးကြီးများအလား လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်စွာ ရှိနေကြဆဲပင်။
မျက်နှာချင်းဆိုင်မှ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ ဧရာမ လှိုင်းလုံးကြီးများအလား ရှိနေလျက်၊ မိမိတို့အား အချိန်မရွေး ကြေမွသွားအောင် လုပ်နိုင်လိမ့်မည်ဟု ထင်ရပါသော်လည်း သူတို့မှာမူ အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ရှိနေကြတော့သည်။
မီတာ ငါးဆယ်
မီတာ လေးဆယ်ငါး
စစ်တပ်ကြီးမှာ လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။
ဤအခိုက်အတန့်၌ မျက်နှာချင်းဆိုင်မှ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ ဗိုလ်ချုပ်များပင်လျှင် မှင်တက်သွားကြရသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ပုံမှန် တုံ့ပြန်မှုတစ်ခုတော့ လုံးဝ မဟုတ်ပါချေ။
ဤမျှလောက် နီးကပ်လှသော အကွာအဝေးတွင် မြင်းတပ်များမှာပင် ချီတက်ရန် မဖြစ်နိုင်တော့ပါချေ။ ဒါ့အပြင် မဟာထန်၏စတိုင်အရဆိုလျှင် ဤသည်မှာ အခွင့်အရေးကို တစ်ဖက်လူအား တိုက်ရိုက်ပင် ပေးအပ်လိုက်ခြင်း ဖြစ်နေပေသည်။
ဒိုင်းလွှားလှည်းများမှာ ရှေ့သို့ ဆက်လက် တိုးဝင်နေလျက်၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာလည်း ဟိန်းဟောက်ကာ ရှေ့သို့ အဆက်မပြတ် တိုးထွက်လာကြတော့သည်
သို့သော်လည်း နောက်တစ်ခဏ၌၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ လေးသောင်းကျော်သော ထိုမဟာထန် စစ်တပ်များ လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေရသည့် အကြောင်းရင်းကို နောက်ဆုံးတွင်မူ သိရှိသွားကြတော့သည်။
နာကျင်စွာ အော်ဟစ်သံများသာ ကြားလိုက်ရပြီး ထိုလေးသောင်းကျော်သော စစ်တပ်ကြီးနှင့် အကွာအဝေး မီတာ သုံးဆယ်ခန့်သာ လိုတော့သည့် အချိန်တွင် မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ မူလက တည်ငြိမ်နေသော မြေပြင်မှာ ရုတ်တရက် ပြိုကျသွားခဲ့ပြီး၊ သံမဏိခံတပ်တစ်ခုလုံးကို ဝန်းရံထားသည့် အလျား ပေနှစ်ဆယ်ခန့် ရှိသော ဧရာမ ကျင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ မြို့ကို သိမ်းပိုက်ရန်သာ စိတ်အားထက်သန်နေကြသလို အရှိန်အဟုန်ဖြင့် မျက်နှာချင်းဆိုင်မှ လေးသောင်းကျော်သော မဟာထန် စစ်တပ်များကို ကြေမွသွားအောင် လုပ်ချင်နေကြသဖြင့် မြေပြင်ကို အနည်းငယ်မျှပင် သတိမပြုမိခဲ့ကြပါချေ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သော ဒိုင်းလွှားလှည်းများ၊ ဒိုင်းလွှားလှည်း စစ်သည်များ၊ အနောက်ဘက်မှ မြင်းတပ်များ၊ ခြေလျင်တပ်များ၊ သံချပ်ကာမြင်းတပ်များ၊ ဂိုဂူလျော စစ်သည်တော် တပ်ဖွဲ့များနှင့် ခီတန် ရဲစွမ်းသတ္တိရှိသူများ အားလုံးမှာ တစ်ပြိုင်နက်တည်း ကျင်းအတွင်းသို့ ကျရောက်သွားကြတော့သည်။
တစ်သံမဏိခံတပ် လုံးမှာ အရွယ်အစား ကြီးမားလှပေရာ ခန့်မှန်းရန်ပင် ခက်ခဲလှပေသည်၊ ၎င်းမှာ ချန်းကျိုးနှင့် ယင်ကျိုး နှစ်နေရာလုံးကို တိုက်ရိုက် ဖုံးလွှမ်းထားခြင်းဖြစ်ရာ၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့တို့၏ တိုက်ခိုက်ရေး မျက်နှာစာမှာလည်း အလွန်ပင် ကျယ်ပြန့်လှပေသည်။ သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် အနည်းဆုံး သောင်းနှင့်ချီသော မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ ဤဧရာမ ကျင်းကြီးအတွင်းသို့ ကျဆင်းသွားကြတော့သည်။
ဒါ့အပြင် ကျင်းအောက်ခြေတွင်လည်း မြေကြီးများ ရှိနေခြင်း မဟုတ်ပါချေ၊ ၎င်းမှာ သံနှင့် ကြေးများဖြင့် သွန်းလုပ်ထားသော သံမဏိလမ်းကြောင်းကြီးတစ်ခုဖြစ်ကာ၊ သံမဏိလမ်းကြောင်းပေါ်တွင် ပေတစ်ထောင်ကျော် ရှည်လျားသော သံမဏိ ဆူးချွန်များမှာ ခပ်စိပ်စိပ်ပြည့်နှက်နေပေသည်။ ထိုဆူးချွန်များမှာ အလွန်ပင် ထက်ရှသလို လှံတောကြီးတစ်ခုအလား ကောင်းကင်ယံသို့ ထိုးထွက်နေကြသဖြင့် မြင်ရသူတိုင်းအား ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။
"အား"
နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည် တစ်ဦးချင်းစီမှာ နာကျင်စွာ အော်ဟစ်လိုက်ကြရပြီး၊ ထက်မြက်လှသော ဆူးချွန်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ တစ်ဦးပြီးတစ်ဦး ထိုနေရာ၌ပင် ချိတ်ဆွဲခြင်း ခံလိုက်ရတော့သည်။
တစ်ခဏမျှ ထိတွေ့မှုအတွင်းမှာပင်၊ နှစ်ဖက်စစ်တပ်မှာ တရားဝင် တိုက်ပွဲမဆင်နွှဲရသေးမီမှာပင် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ ဘက်မှ အကြီးအကျယ် ထိခိုက်ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။
စစ်တပ်ကြီး၏ ရှေ့တန်းတွင်မူ တစ်ခဏအတွင်းမှာပင် ရှုပ်ထွေးပရမ်းပတာ ဖြစ်သွားခဲ့ရပြီး၊ ပို၍ဆိုးရွားသည့်အချက်မှာ အနောက်ဘက်ရှိ စစ်တပ်ကြီးမှာ မြင်တွေ့နိုင်ခြင်း မရှိသဖြင့် ရှေ့သို့ အဆက်မပြတ် တိုးဝင်လာနေကြဆဲဖြစ်ရာ၊ ရှေ့ဘက်မှလူများမှာ ပို၍ တွန်းထုတ်ခြင်း ခံလိုက်ရကာ သံမဏိဆူးချွန် ကျင်းကြီးအတွင်းသို့ ကျဆင်းကုန်ကြတော့ခြင်းပင်။
"ဝုန်း"
ဤအခိုက်အတန့်၌ မျက်နှာချင်းဆိုင်ရှိ သံမဏိခံတပ် ရှေ့တွင် တန်းစီထားသော လေးသောင်းကျော်သော မဟာထန် စစ်တပ်များသည်လည်း ရုတ်တရက် လှုပ်ရှားလိုက်ကြသည်။ ပြင်းထန်လှသော ဟောက်သံ တစ်ခုနှင့်အတူ၊ လေးသောင်းကျော်သော စစ်တပ်ကြီးမှာ သံချပ်ကာအပြည့် ဆင်မြန်းထားလျက် ဧရာမ ဓားရှည်များကို ကိုင်စွဲကာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြတော့သည်။
သို့သော်လည်း ဤ လေးသောင်းကျော်သော စစ်တပ်ကြီး မလှုပ်ရှားမီမှာပင် အစောဆုံး လှုပ်ရှားလိုက်သည်မှာ မြို့ရိုးပေါ်ရှိ သောင်းနှင့်ချီသော နတ်မြားသမား တပ်ဖွဲ့ပင် ဖြစ်တော့သည်။
ရှူး ရှူး ရှူး
လျှပ်စစ်မီးပွင့်သည့်အလား မြန်ဆန်လှသော အရှိန်အတွင်း၌ နားထဲ၌ ကျိန်းစပ်သွားစေမည့် စူးရှလှသော အော်ဟစ်သံများမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ တစ်နေရာတည်းသို့ စုစည်းသွားခဲ့ရာ ပင်လယ်ဒီရေလှိုင်းကြီး တစ်ခုအလား ရှိနေတော့သည်၊ မရေမတွက်နိုင်သော လူများ၏ အကြည့်များအောက်တွင် သောင်းနှင့်ချီသော နတ်မြားသမားများမှာ လေးကို အစွမ်းကုန် ဆွဲတင်လျက် မြားများကို တင်လိုက်ကြရာ၊ အထူးပြုလုပ်ထားသော သံချပ်ကာဖောက် မြားတံများမှာ နှင်းမုန်တိုင်းများအလား ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး၊ ထို့နောက်တွင်မူ ကောင်းကင်တစ်နေရာမှနေ၍ သေမင်း၏အကွေးအဝိုက်များကို ဖန်တီးလိုက်ကြရင်း မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် မြေပြင်ပေါ်ရှိ ကျင်းများအတွင်းသို့ တစ်ဟုန်ထိုး ပစ်လွှင့်သွားတော့သည်။
ရွှီး ရွှီး ရွှီး
မြားတံများက သွေးသားများကို ထိုးဖောက်သွားသံမှာ အဆက်မပြတ် ထွက်ပေါ်နေတော့သည်၊ မူလက ကျင်းအတွင်း၌ ရှင်သန်ကျန်ရစ်သူ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည် အနည်းငယ် ရှိနေပါသော်လည်း၊ များစွာသော သူများမှာမူ သေဆုံးခြင်း မရှိသေးဘဲ အပြင်းအထန် ဒဏ်ရာရရှိနေကြခြင်းပင်။
သို့သော်လည်း ဤတစ်ကြိမ် တိုက်ခိုက်မှုအောက်တွင်မူ၊ ဧရာမ သံမဏိကျင်းကြီး အတွင်း၌ တစ်ခဏချင်းမှာပင် တိတ်ဆိတ်သွားခဲ့ရပြီး၊ တစ်နယ်မြေလုံး လွှမ်းခြုံထားသော တိုက်ခိုက်မှုအောက်တွင် မည်သည့်ရှင်သန်သူမျှ ကျန်ရှိမနေတော့ပါချေ။
ဤမျှလောက် နီးကပ်လှသော အကွာအဝေးတွင် နတ်မြားသမားများမှာ အခြေခံအားဖြင့် မြားတစ်စင်းမှ လွဲချော်ခြင်း မရှိပါချေ၊ မည်သည့် ကံကောင်းမှုမျှ ရှိနေလိမ့်မည် မဟုတ်ပါချေ
ဤမျှသာမကသေးဘဲ ဧရာမ ပေတစ်ထောင်ကျော် ရှည်လျားသော ဆူးချွန်များ ပြည့်နှက်နေသည့် သံမဏိလမ်းကြောင်းကြီးမှာ ဤအခိုက်အတန့်၌ ပုံသဏ္ဌာန် မရှိသော သဘာဝ အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ၊ မူလက သံမဏိခံတပ်ဆီသို့ တိုးဝင်လာသော နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ကြီးမှာ ဤနေရာ၌ ရပ်တန့်သွားခဲ့ရပြီဖြစ်သလို၊ အခြားသူများ၏ စိတ်ကြိုက် ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံရမည့် ပစ်မှတ်များဖြစ်သွားကြရတော့သည်။
ဤမျှလောက် နီးကပ်လှသော အကွာအဝေး
ဤမျှလောက် စိပ်လှသော အနေအထား
နတ်မြားသမား တပ်ဖွဲ့အနေဖြင့် လွဲချော်အောင် ပစ်ခတ်ချင်လျှင်ပင် မဖြစ်နိုင်ပါချေ
ပို၍အရေးကြီးသည်မှာ မြားသမား စစ်ကြောင်းမှာ စစ်ရထားလေး တပ်ဖွဲ့ နှင့် မတူညီပါချေ၊ ပစ်ခတ်သည့် ထောင့်နှင့် နယ်ပယ်မှာ အရပ်မျက်နှာ အနှံ့အပြား ဖြစ်ပေရာ၊ ယိုကျိုးဘက်မှ သောင်းနှင့်ချီသော သံမဏိ ဒိုင်းလွှားလှည်းများမှာ စစ်ရထားလေးများ၏ ထိတ်လန့်စရာ ပစ်ခတ်မှုများကို တားဆီးနိုင်ပါသော်လည်း၊ နတ်မြားသမားများ၏ မြင့်မားလှသော နေရာမှနေ၍ အထက်မှ ငုံ့ပစ်ခြင်းနှင့် အဝိုက်ပစ်ခြင်းများကိုမူ လုံးဝတားဆီးနိုင်စွမ်း မရှိပါချေ
******