အခန်း ၂၁၆၅
Vol. 134 Ch. 2165
အခန်း (၂၁၆၅) မြို့စောင့်တိုက်ပွဲ (၁)
နားစည်ကို ဖောက်ထွက်သွားလုမတတ် စူးရှလှသော အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။ မြို့ရိုးပေါ်တွင် သောင်းနှင့်ချီသော မဟာထန် နတ်မြားသမားများသည် တည်ငြိမ်အေးဆေးစွာဖြင့် ထပ်မံပစ်ခတ်လိုက်ကြရာ ၎င်းမှာ အလွန်ရိုးရှင်းလှသော လေ့ကျင့်ခန်းတစ်ခုကို လုပ်ဆောင်နေသည့်အလားပင် ရှိနေတော့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ပစ်မှတ်မှာ ပစ်မှတ်ပြားများ မဟုတ်တော့ဘဲ၊ သံမဏိခံတပ် အပြင်ဘက်ရှိ စိပ်လှစွာသော၊ ပင်လယ်ပြင်ကြီးအလား များပြားလှသည့် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးပင် ဖြစ်တော့သည်။ ထို့ပြင် သူတို့ ပစ်ခတ်လိုက်သော နယ်မြေမှာလည်း ရှေ့တန်းမှ စစ်သည်များဆီသို့ မဟုတ်ဘဲ၊ ပေ သုံးရာကျော် ဝေးကွာသော စစ်တပ်ကြီး၏ အနောက်ဘက်ပိုင်းဆီသို့ ဖြစ်၏။
ဘုန်း ဘုန်း ဘုန်း
နာကျင်စွာ အော်ဟစ်သံများသာ အဆက်မပြတ် ကြားလိုက်ရပြီး၊ နှင်းမှုန်များမှာ နေရာအနှံ့ ပေါက်ကွဲထွက်ကုန်ကာ ပေပေါင်း ဆယ်နှင့်ချီ၍ မြင့်မားစွာ လွင့်ပျံသွားတော့သည်၊ မျက်နှာချင်းဆိုင်တွင်မူ ကျိုင်းကောင်အုပ်ကြီးအလား စိပ်လှသော မြားမိုးများ ကျဆင်းလာခဲ့ရာ၊ စစ်တပ်ကြီး၏ အနောက်ဘက်ရှိ သောင်းနှင့်ချီသော ယိုကျိုးတပ် များ၊ ဂိုဂူလျော စစ်သည် များ၊ အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်များ၊ ခီတန် လူမျိုးများနှင့် ရှီ လူမျိုးများမှာ သွေးများ ပန်းထွက်လျက် မြေပြင်ပေါ်၌ တစ်ဦးပြီးတစ်ဦး ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံလိုက်ကြရတော့သည်။
ရှေ့တန်းရှိ ထောင်ချောက်များ ပြည့်နှက်နေသော သံမဏိလမ်းကြောင်းမှာ အရှိန်အဟုန်ဖြင့် ချီတက်လာနေသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးကို ရှုပ်ထွေးသွားစေခဲ့ပြီးသား ဖြစ်သလို၊ အနောက်ဘက်မှ သောင်းနှင့်ချီသော စစ်သည်များ သေဆုံးသွားမှုက ထိုရှုပ်ထွေးမှုများကို ပိုမိုကြီးထွားသွားစေခဲ့ရာ၊ ခဏတာအတွင်း၌ သံမဏိခံတပ်၏ ရှေ့မှောက် ပေငါးရာမှ ပေခုနစ်ရာ ဝန်းကျင်ရှိ နယ်မြေတစ်ခုလုံးမှာ ရှုပ်ထွေးပရမ်းပတာ ဖြစ်သွားခဲ့ရသည်။
အနောက်ဘက်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာမူ စိပ်လှစွာဖြင့် ပင်လယ်ပြင်ကြီးအလား ရှိနေပါသော်လည်း၊ ရှေ့တန်းမှ ပိတ်ဆို့မှုများကြောင့် ခဏတာအတွင်း၌ ဦးခေါင်းမရှိသော ယင်ကောင်များနှယ် ဖြစ်သွားခဲ့ကြပြီး အနီးသို့ လုံးဝတိုးကပ်မလာနိုင်ဘဲ ရှိနေတော့သည်။
သို့သော်လည်း ဤအရာများမှာ ပြီးဆုံးသွားခြင်း မရှိသေးပါချေ။
"ဝုန်း"
ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ သံမဏိခံတပ်၏ ဘေးတစ်ဖက်စီရှိ မြေအောက်မှနေ၍ သံမဏိ ယန္တရားကြီးနှစ်ခုမှာ မြေကြီးများနှင့် နှင်းမှုန်များကို သယ်ဆောင်လျက် မြေပြင်ပေါ်သို့ ထိုးထွက်လာတော့သည်။ ပေပေါင်း သုံးဆယ်ကျော် မြင့်မားလှသော ထူထဲသည့် သံမဏိပြားကြီးမှာ တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ရှည်လျားလှသော သံမဏိလမ်းကြောင်းကို ကျော်ဖြတ်လျက် ဧရာမ ကျင်းကြီး၏ အခြားတစ်ဖက်သို့ တိုက်ရိုက်ကျရောက်သွားတော့သည်။
သံမဏိခံတပ် ရှေ့တွင်မူ၊ သံချပ်ကာအပြည့် ဆင်မြန်းထားလျက် ဧရာမ ဓားရှည်များကို ကိုင်စွဲထားသော လေးသောင်းကျော်သော စစ်တပ်ကြီးမှာ ဘေးတစ်ဖက်စီရှိ ထိုသံမဏိပြား လမ်းကြောင်းများမှတစ်ဆင့်၊ ရှုပ်ထွေးနေပြီဖြစ်သော မျက်နှာချင်းဆိုင်မှ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးဆီသို့ တစ်ဟုန်ထိုး သွားရောက် တိုက်ခိုက်လိုက်ကြတော့သည်။
အဆက်မပြတ်သော သံမဏိများ ထိခတ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ မဟာထန်၏ သံချပ်ကာဝတ် စစ်သည်တစ်ဦးချင်းစီ၏ ခြေအောက်တွင် စစ်ပွဲဆိုင်ရာ အလင်းကွင်းများမှာ အလွန်ပင် လှပတောက်ပနေလျက်၊ မိုးအကုန် မှိုဦးထွက်သည့်အလား သူတို့၏ ခြေအောက်တွင် ရစ်ပတ်နေကြကာ၊ မုန်တိုင်းတစ်ခုအလား တစ်စစ်တပ်လုံး ဆီသို့ လျင်မြန်စွာ ပြန့်ကားသွားတော့သည်။
ကာကွယ်ရေး အလင်းကွင်း၊ အမြန်နှုန်း အလင်းကွင်း၊ ဓားရှည် အလင်းကွင်း၊ ဧရာမ ခွန်အား အလင်းကွင်း၊ မျောက်ဖြူ အလင်းကွင်း၊ ကျောက်တောင် အလင်းကွင်း…… အမျိုးမျိုးသော အလင်းကွင်းများ၏ အကူအညီအောက်တွင်၊ လေးသောင်းသော မဟာထန် သံချပ်ကာဝတ် စစ်သည်များ၏အရှိန်အဝါမှာ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး၊ တစ်ဦးချင်းစီမှာ ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားများအလား ရှိနေကာ၊ ရှေ့တန်းမှ သံမဏိဆူးချွန်များ ပြည့်နှက်နေသော ကျင်းလမ်းကြောင်းကို လျင်မြန်စွာ ကျော်ဖြတ်လိုက်ကြရင်း၊ နဂါးနှင့်ကျားများအလား မျက်နှာချင်းဆိုင်မှ စစ်တပ်ကြီးအတွင်းသို့ တိုးဝင်တိုက်ခိုက်လိုက်ကြတော့သည်။
"မဟာထန်ကို ထိပါးလာသူတိုင်း၊ ဘယ်လောက်ပဲ ဝေးဝေး သုတ်သင်ပစ်ရမယ်"
"သတ်စမ်း"
စကားအများကြီး မလိုအပ်ပါချေ၊ ရိုးရှင်းလှသော စကားလုံးအနည်းငယ်မှာပင် ပြိုင်ဘက်ကင်းလှသော အရှိန်အဝါနှင့် စိတ်ဓာတ်များကို ဖော်ပြနေတော့သည်။
မဟာထန် စစ်သည် တစ်ဦးချင်းစီမှာ ရေကာတာကျိုးသည့်အလား အရှိန်အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်နေကြပြီး၊ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ မြက်ပင်များအလား တစ်ဦးပြီးတစ်ဦး လဲပြိုကုန်ကြတော့သည်။
အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီးနောက် ယိုကျိုးစစ်သည်တစ်ဦးမှာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဧရာမ ဓားရှည်တစ်စင်း၏ ထိမှန်မှုကို ခံလိုက်ရသည်။ ထို ထိတ်လန့်စရာကောင်းလှသော ခွန်အားများက ညာဘက်ပခုံးမှနေ၍ ခုတ်ပိုင်းလိုက်ရာ၊ သံချပ်ကာကို ဖောက်ထွက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ် တစ်ဝက်ခန့်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းပစ်လိုက်တော့သည်။
ထိုယိုကျိုးစစ်သည်မှာ အော်ပင် မအော်နိုင်လိုက်ပါချေ၊ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေလျက် မျက်တောင်တစ်ခတ်အတွင်းမှာပင် အသက်ဇီဝ ပျောက်ကွယ်သွားခဲ့ရကာ၊ တွန်းလှဲခြင်းခံလိုက်ရသော သစ်သားတုံးကြီး တစ်ခုအလား မြေပြင်ပေါ်သို့ လေးလံစွာ လဲကျသွားပြီး လှုပ်ရှားခြင်း မရှိတော့ပါချေ။
တစ်ဦး၊ နှစ်ဦး၊ သုံးဦး…… သူ၏ အနောက်တွင်ရှိသော များပြားလှသည့် မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာလည်း တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ လဲပြိုကုန်ကြရာ၊ သူတို့သည် တစ်ဖက်လူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မယှဉ်နိုင်ဘဲ ရှိနေကြတော့သည်။
တစ်ဖက်တွင်မူ ရှုပ်ထွေးပရမ်းပတာ ဖြစ်နေလျက် စစ်ကြောင်းပုံသဏ္ဌာန် လုံးဝပျက်ယွင်းနေသော နိုင်ငံအသီးသီး၏ စစ်သည်များ ဖြစ်ကြပြီး၊ အခြားတစ်ဖက်တွင်မူ အဆင်သင့် ပြင်ဆင်ထားကြလျက် စိတ်ဓာတ်နှင့် ခွန်အား ပြည့်ဝနေသော မဟာထန် ၏ ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်နေကြရာ၊ နှစ်ဖက် အသေအလဲ တိုက်ခိုက်မှု၏ နောက်ဆုံး ရလဒ်မှာ မည်သို့ ဖြစ်လာမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
"သတ်စမ်း"
ကျယ်လောင်သော သတ်ဖြတ်လိုသော အော်ဟစ်သံများကြား၌၊ မဟာထန်၏ စစ်တပ်မှာ အရာရာကို ဖောက်ထွက်နိုင်စွမ်း ရှိနေလျက် ထက်မြက်လှသော ဓားသွား နှစ်စင်းအလား စစ်တပ်ကြီးအတွင်းသို့ ထိုးဝင်သွားကြတော့သည်။
ထိုလေးသောင်းသော မဟာထန် စစ်တပ်များ၏ တိုက်ခိုက်မှုအောက်တွင် ရှေ့တန်းရှိ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ ပို၍ရှုပ်ထွေးသွားခဲ့ရပြီး၊ ခဏတာအတွင်းမှာပင် မဟာမိတ်တပ်ဖွဲ့ စစ်သည် ထောင်နှင့်ချီ၍ ထိုနေရာ၌ပင် အသတ်ခံလိုက်ကြရသည်၊ ထို့ပြင် ပိုမိုများပြားလှသော မဟာထန်စစ်သည်များမှာ ထိုသံမဏိပြား လမ်းကြောင်းများကို ကျော်ဖြတ်လာသည်နှင့်အမျှ၊ နိုင်ငံအသီးသီး၏ အထိအခိုက် ဆုံးရှုံးမှုများမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာနေတော့သည်။
ဤတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုအတွင်း၌၊ ဝမ်ချောင်သည် နိုင်ငံအသီးသီးအား မဟာထန်၏ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားကို နောက်ဆုံးတွင်မူ လက်တွေ့ ပြသလိုက်ခြင်းပင် ဖြစ်၏။
ဤကဲ့သို့သော ထိပ်တိုက် ခြေလျင်တိုက်ပွဲမျိုး၌၊ မဟာထန် စစ်သည် တစ်ဦးချင်းစီ၏ ခွန်အားမှာ ယိုကျိုး၏ ထိပ်တန်း စစ်သည်များထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပါသော်လည်း၊ လက်တွေ့တွင်မူ သာလွန်ပင် နေသေးတော့သည်။
"၄"
"၃"
"၂"
ယခုအခိုက်အတန့်၌၊ သံမဏိခံတပ် ၏ မြင့်မားလှသော မြို့ရိုးပေါ်တွင် ဝမ်ချောင်သည် မျက်လုံးများကို အနည်းငယ် မှိတ်ထားလျက်၊ နှုတ်ခမ်းကို အသာအယာ ဟကာ နောက်ပြန် ရေတွက်ခြင်းကို စတင်နေတော့သည်။
ဝမ်ချောင် ဘာလုပ်နေသလဲဆိုသည်ကို မည်သူမျှ မသိရှိကြပါသော်လည်း၊ နောက်တစ်ခဏ၌ ဝမ်ချောင်က "၁" ဟု ရေတွက်လိုက်သည့် အချိန်တွင်မူ၊ လူတိုင်းသည် ဝမ်ချောင်၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားကြတော့သည်။
"ဝုန်း"
လူတိုင်း၏ အကြည့်များအောက်တွင် ထိုသံမဏိဆူးချွန် ကျင်းကြီးကို အားလုံး ကျော်ဖြတ်လာခဲ့ကြပြီဖြစ်သော လေးသောင်းသော မဟာထန် စစ်တပ်များမှာ၊ တစ်ချိန်တည်းမှာပင် သူတို့၏ လက်ထဲရှိ ဧရာမ ဓားရှည်များကို ပြိုင်တူမြှောက်လိုက်ကြရာ၊ လေးသောင်းကျော်သော ထို ဓားရှည်များမှာ နှင်းမုန်တိုင်းများကြား၌ အလင်းတန်းများကို တစ်ပြိုင်နက်တည်း ရောင်ပြန်ဟပ်လိုက်ကြပြီးနောက်၊ တစ်ညီတစ်ညွတ်တည်း အောက်သို့ ပြင်းထန်စွာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်ကြတော့သည်။
ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေသော မြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ထိုအခိုက်အတန့်၌ တစ်စစ်မြေပြင်လုံးမှာ ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားခဲ့ရ၏။
လူတိုင်း၏ အကြည့်များအောက်တွင်၊ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့်ပင်၊ ရှေ့တန်း စစ်မျက်နှာရှိ အနည်းဆုံး သုံးသောင်းကျော်သော နိုင်ငံအသီးသီး၏ စစ်သည်များမှာ ဧရာမ ဓားရှည်များဖြင့် ခုတ်ပိုင်းခြင်းကို ခံလိုက်ရကာ၊ တစ်ချက်တည်းဖြင့်ပင် သေဆုံးသွားခဲ့ကြရသည်။
သောင်းနှင့်ချီသော နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ များ တစ်ပြိုင်နက်တည်း လဲပြိုသွားမှုက၊ ထိုအရှိန်အဝါမှာ ကမ္ဘာနှင့် မြေကြီးကို ဖုံးလွှမ်းသွားခဲ့ပြီး တောင်ပြိုသံ၊ ပင်လယ်လှိုင်းသံများအလား အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်
လေထုအတွင်း၌ သွေးမှုန်များမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး၊ မြေပြင်ပေါ်တွင်လည်း သွေးများမှာ စိတ်ကြိုက် စီးဆင်းနေကာ မြေပြင်ပေါ်ရှိ ဖြူဖွေးလှသော နှင်းများကိုလည်း နီရဲသွားအောင် ဆေးဆိုးလိုက်တော့သည်။
ထို သွေးများနှင့် အစုလိုက်အပြုံလိုက်ရှိသော အလောင်းများကြားတွင်၊ သံချပ်ကာအပြည့် ဆင်မြန်းထားလျက် ထက်မြက်လှသော ဓားရှည်များကို ကိုင်စွဲထားကြသည့် မဟာထန် စစ်သည် တစ်ဦးချင်းစီမှာ၊ ငရဲပြည်မှ ထွက်ပေါ်လာသော အသူရာ များအလား ရှိနေကြပြီး၊ မည်သူမျှ အနိုင်မတိုက်နိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေတော့သည်။
လေးသောင်းမျှသာ ရှိသော စစ်တပ်ကြီးမှာ မိမိတို့ထက် အဆပေါင်း ဆယ်နှင့်ချီ၍ များပြားလှသော ပြိုင်ဘက်များကို ရင်ဆိုင်ရာ၌၊ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိရုံသာမကဘဲ၊ တိုက်စစ်ကိုပါ အရင်ဦးစွာ စတင်လိုက်ကြပြီး ပြတ်သားလှသော အားသာချက်ကို ရယူလျက် ပြိုင်ဘက်ကို ကြေမွသွားအောင် လုပ်ဆောင်နိုင်မှုမှာ၊ ဤအရှိန်အဝါသည် မည်သူ့ကိုမဆို ရင်ထဲ၌ တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
အနောက်ဘက်တွင်မူ၊ အန်းလုရှန်းသည် မျက်လုံးများကို ပြူးလျက် ဤမြင်ကွင်းကို ငေးကြည့်နေမိပြီး အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ရှိနေတော့သည်။
"ခွေးကောင်တွေ"
"အသုံးမကျတဲ့ အမှိုက်တစ်သိုက်"
နောက်ဆုံးတွင်မူ၊အန်းလုရှန်းသည် သူ၏ မျက်နှာမှာ အလွန်ပင် မည်းမှောင်နေလျက် မနေနိုင်တော့ဘဲ ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။
သူသည် ဒိုင်းလွှားလှည်း တပ်ဖွဲ့များကို စေလွှတ်ကာ မဟာထန်၏ အစွမ်းအထက်ဆုံးသော စစ်ရထားလေးများကို ခြေဖျက်ခဲ့ပြီးသားပင် ဖြစ်သည်။ လေးသောင်းမျှသာ ရှိသော မဟာထန် စစ်တပ်ကိုမူ၊ ဒိုင်းလွှားလှည်း စစ်တပ်ကြီး တစ်ခုလုံး ရှေ့တိုးလာမှုနှင့်အတူ ဤမျှလောက် ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် ဝမ်ချောင် ချထားခဲ့သော ထိုစစ်သည်များကို အလွယ်တကူပင် မှုန့်မှုန့်ညက်ညက် ကြေသွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ မည်သူက ထင်ထားပါမည်နည်း၊ ထို လေးသောင်းသော စစ်တပ်ကြီးမှာမူ သူတို့၏ စစ်တပ်ကြီးအတွင်း၌ စိတ်ကြိုက် ခုတ်ပိုင်းသတ်ဖြတ်နေကြပြီး ဘယ်သူမှ မတားဆီးနိုင်သော နယ်မြေတစ်ခုအလား ဖြစ်နေတော့သည်။
ဤသည်မှာ အန်းလုရှန်း အနေဖြင့် စစ်မတိုက်မီက လုံးဝမထင်မှတ်ထားခဲ့သော အချက်ပင်ဖြစ်ရာ၊ သူ့အား အကြီးအကျယ် မျက်နှာပျက်သွားစေတော့သည်။
အန်းလုရှန်း၏အနောက်တွင်မူ၊ နိုင်ငံအသီးသီး၏ အရှင်သခင်များမှာလည်း အလွန်ပင် ထိတ်လန့်တုန်လှုပ်နေကြရ၏။
"တစ်ခါ ကြားဖူးတာထက် တစ်ခါ မြင်ဖူးတာက ပိုပြီး အစွမ်းထက်တယ် ဆိုတဲ့အတိုင်းပဲ၊ ငါကတော့ မူလက သူ့ရဲ့ဂုဏ်သတင်းကျော်စောမှုတွေက နည်းနည်းတော့ ချဲ့ကားထားတာ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့ ကြည့်ရတာတော့ ငါက သူ့ကို အများကြီး အထင်သေးခဲ့မိတာပဲ။"
ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းသည် ကျောဘက်၌ ဓားတို ခြောက်စင်းကို ထိုးစိုက်ထားလျက်၊ လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေသော ဂိုဂူလျော စစ်အလံကြီးအောက်တွင် မတ်မတ်ရပ်နေကာ၊ ရှေ့တန်းမှ မြင်ကွင်းကို ကြည့်ရင်း သူ၏မျက်ခွံများမှာ လှုပ်ခါနေလျက်ရှိပြီး သူ၏ရင်ထဲ၌လည်း ကြီးမားလှသော လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရပေသည်။
ဂိုဂူလျော အင်ပါယာ၏ ဂုဏ်သတင်း အကျော်စောဆုံးသော စစ်နတ်ဘုရားတစ်ဦး ဖြစ်သည့်အလျောက်၊ ယွန်းဂျယ်စိုးမွန်းသည် စစ်တိုက်ရုံသာမကဘဲ စစ်ပွဲများကို အလွန်ပင် နှစ်သက်သူလည်း ဖြစ်ပေသည်။ တစ်လောကလုံးရှိ များပြားလှသော ဗိုလ်ချုပ်များကြားတွင် သူ့အား အထင်ကြီးသွားအောင် လုပ်နိုင်သူမှာ အလွန်ပင် ရှားပါးလှပေရာ၊ မဟာထန် ဘက်တွင်မူ သူ့အား အမှန်တကယ် လေးစားသွားအောင် လုပ်နိုင်သူမှာ အန်းတုန်း မဟာကာကွယ်ရေးဗိုလ်ချုပ်ကျန်းရှို့ကွေးတစ်ဦးတည်းသာ ရှိခဲ့ခြင်းပင်။
ယခင်က နိုင်ငံအသီးသီး၏ ပူးပေါင်းတိုက်ခိုက်မှုများအောက်တွင် ယိုကျိုး၌ အခြေခိုင်အောင် လုပ်နိုင်ခဲ့သလို၊ မိမိ၏အင်အားသက်သက်ဖြင့် နိုင်ငံအသီးသီးကို ဆန့်ကျင်ကာ အားသာချက်ကိုပင် ရယူနိုင်ခဲ့သော ကျန်းရှို့ကွေးသည် တစ်ဦးချင်း ခွန်အား၌ ဖြစ်စေ စစ်ဗျူဟာပိုင်း၌ ဖြစ်စေ အလွန်ပင် ထူးချွန်လှသဖြင့် မည်သည့် အင်ပါယာ ဗိုလ်ချုပ်ကိုမဆို သူ့အား အလေးအမြတ် ထားရစေရန် လုံလောက်လှပေသည်။
သို့သော်လည်း ဝမ်ချောင်နှင့် ပတ်သက်၍မူ……
ယွန်းဂျယ်စိုးမွန်းအနေဖြင့် သူ့အား မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ပါချေ။
ယခုတစ်ကြိမ် နိုင်ငံအသီးသီး စုပေါင်းတိုက်ပွဲအတွင်း၌၊ ဝမ်ချောင်အနေဖြင့် လူကိုယ်တိုင် လှုပ်ရှားခြင်း မရှိသေးပါသော်လည်း၊ လေးသောင်းမျှသာ ရှိသော စစ်တပ်ကို စေလွှတ်လိုက်ရုံဖြင့် နိုင်ငံအသီးသီး ဘက်မှ အနည်းဆုံး ရှစ်သောင်းကျော်သော စစ်သည်များမှာ သေဆုံးသွားခဲ့ရပြီ ဖြစ်၏၊ သို့သော် ဝမ်ချောင်ဘက်မှမူ ထိခိုက်ဆုံးရှုံးမှု အလွန်ပင် နည်းပါးလှပြီး ပြောပလောက်စရာပင် မရှိပါချေ။
ယခုတစ်ကြိမ် မဟာထန်၏ စစ်အင်အား တိုးချဲ့မှုအတွင်း၌၊ ယွန်းဂျယ်စိုးမွန်းက မူလက ထင်မှတ်ထားခဲ့သည်မှာ မဟာထန်၏ စစ်သည်အင်အား တိုးတက်လာသည်နှင့်အမျှ စစ်သည်တို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း လိုက်ပါကျဆင်းသွားလိမ့်မည်ဟု ဖြစ်ပါသော်လည်း၊ ယခု မြင်တွေ့နေရသော အခြေအနေမှာမူ ထိုသို့ လုံးဝမဟုတ်သည်မှာ ထင်ရှားလှပေသည်။
"ဒီလူရဲ့ စစ်သည် လေ့ကျင့်ပေးနိုင်စွမ်းက ကျန်းရှို့ကွေးထက်တောင် အများကြီး ပိုပြီးသာလွန်နေဦးမယ် ထင်တယ်"
ယွန်းဂျယ်စိုးမွန်းက မိမိဘာသာ တိုးညှင်းစွာ ဆိုလိုက်မိသည်။
ရှစ်သောင်းသော စစ်သည်များ သေဆုံးမှုမှာ သန်းနှင့်ချီသော နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ များအတွက်မူ ခံနိုင်ရည်ရှိသော အဆင့်အတွင်း၌ ရှိနေပါသေးသော်လည်း၊ ဤတစ်ကြိမ် ထိပ်တိုက် ရင်ဆိုင်မှုအတွင်း၌ ပေါ်ထွက်လာသော၊ ထို မဟာထန် စစ်နတ်ဘုရား၏ စစ်သည် လေ့ကျင့်ပေးနိုင်စွမ်းမှာမူ အမှန်တကယ်ပင် အလေးအနက် ထားရမည့် အချက်ပင် ဖြစ်တော့သည်။
"စစ်နတ်ဘုရားဆိုတဲ့ ဂုဏ်သတင်းက တကယ်ပဲ အလကား မဟုတ်ပါဘူး၊ အမြဲတမ်း ခေါင်းကိုက်ရမယ့် ပြိုင်ဘက် တစ်ဦးပါပဲ"
ယွန်းဂျယ်စိုးမွန်းနှင့် မလှမ်းမကမ်း နေရာတွင်၊ အရှေ့ တာ့ခ်ဧကရာဇ် အူစုမီရှီ ခါဂန်းသည်လည်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။
သေချာပေါက် သံမဏိခံတပ်ကြီးကို တည်ဆောက်ထားပြီး ဖြစ်သဖြင့်၊ မြေပြင် အားသာချက်ကို အသုံးချကာ အကာအကွယ် သက်သက်သာ ပြုလုပ်နိုင်ပါသော်လည်း၊ သူသည် မြို့တံခါးကို တမင်တကာ ဖွင့်လှစ်လျက် တိုက်စစ်ကို အရင်ဦးစွာ စတင်ခဲ့ပြီး၊ မိမိတို့ထက် အဆပေါင်း ဆယ်နှင့်ချီ၍ များပြားလှသော ပြိုင်ဘက်ကိုလည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်ဝံ့ပေသည်။
ဝမ်ချောင်၏ကိုယ်ပေါ်တွင် ဝူဆူမစ်ရှ် ခါဂန်း ခံစားလိုက်ရသည်မှာ ပြတ်သားပွင့်လင်းလှပြီး အလွန်ပင် ပြင်းထန်လှသော တိုက်ခိုက်ရေး စတိုင်ပင် ဖြစ်၏။ ဤပုဂ္ဂိုလ်မှာ သေချာပေါက် မဟာထန်၏ ထိပ်တန်း တိုက်ခိုက်လိုသူနှင့် အပြင်းထန်ဆုံးသော ပုံစံရှိသူများထဲမှ တစ်ဦးပင် ဖြစ်တော့သည်။
စစ်ပွဲ စတင်ခဲ့သည်မှာ ခဏမျှသာ ရှိသေးပါသော်လည်း ဤမဟာထန် စစ်နတ်ဘုရားသည် သူ့အား အလွန်ပင် နက်ရှိုင်းလှသော အထင်ကြီးမှုများကို ပေးစွမ်းနေခဲ့ပြီ ဖြစ်၏။
ဝူဆူမစ်ရှ် ခါဂန်း၏ ရင်ထဲ၌ မသိမသာဖြင့် ကံကောင်းသွားသည်ဟုပင် ခံစားလိုက်ရသည်မှာ၊ ယွီစန်းနှင့် အနောက် တာ့ခ်တို့နှင့် နှိုင်းယှဉ်လျှင်၊ အရှေ့ တာ့ခ်သည် အနည်းနှင့်အများဆိုသလို ဝေးကွာလှသောနေရာတွင် ရှိနေသဖြင့်၊ အစောပိုင်းကာလများတွင် ထိုနိုင်ငံကြီး နှစ်ခုကဲ့သို့ပင် ဤမဟာထန် စစ်နတ်ဘုရား၏ နှိပ်စက်ခြင်းကို ခံရမည့်ဘေးမှ ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့်ပင်။
ပို၍အရေးကြီးသည့် အချက်မှာ မဟာထန်က အမှန်တကယ် အစွမ်းမပြမီမှာပင် နိုင်ငံအသီးသီးမှာ ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်ပေရာ၊ သို့မဟုတ်ပါက အရှေ့ တာ့ခ် တစ်နိုင်ငံတည်း၏ အင်အားသက်သက်ဖြင့်မူ၊ မဟာထန်၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာပေါက်ပင် ဖြစ်တော့သည်။
အခြားတစ်ဖက်တွင်မူ၊ ခီတန်ဘုရင်နှင့် ရှီဘုရင်မတို့မှာမူ အတွေးများစွာ မရှိပါသော်လည်း၊ မဟာထန် ဘက်မှ ပြသလိုက်သော တိုက်ခိုက်ရေးစွမ်းရည်နှင့် သတ်ဖြတ်နိုင်စွမ်းများက၊ သူတို့ နှစ်ဦးအား ရင်ထဲ၌ ပြင်းထန်စွာ တုန်လှုပ်သွားစေသည်မှာမူ အမှန်ပင် ဖြစ်၏။
"ရှီအာယာ... မျက်နှာချင်းဆိုင်ကလူက ငါတို့ ထင်ထားတာထက်တောင် ပိုပြီးတော့ ရင်ဆိုင်ရ ခက်ခဲနေပါလား"
ခီတန်ဘုရင်သည် သူ၏ကိုယ်ပေါ်ရှိ ဝံပုလွေသားရေဝတ်စုံကို အသာအယာ ဆွဲလိုက်ကာ မေးစေ့အောက်မှ မုတ်ဆိတ်မွှေးများမှာ တုန်ယင်နေလျက် ရှေ့တည့်တည့်သို့ ကြည့်ရင်း ရုတ်တရက် ဆိုလိုက်လေသည်။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက သူ၏မျက်ဝန်းထဲ၌ ကျယ်လောင်သော သတ်ဖြတ်လိုသော ဆန္ဒများမှာ ပေါ်ထွက်နေတော့သည်။
"ဒီလို ပြိုင်ဘက်မျိုးကမှ ပိုပြီးတော့ အရသာ ရှိတာပေါ့၊ မဟုတ်ဘူးလား"
မထင်မှတ်ထားဘဲ ရှီဘုရင်မက တစ်ခစ်ခစ် ရယ်မောလိုက်ပြီးနောက်၊ မျက်နှာချင်းဆိုင်မှ ဝမ်ချောင်အား လှမ်းကြည့်လိုက်ရာ၊ သူမ၏ လှပသော မျက်ဝန်းထဲ၌ အလင်းတန်းများ လှုပ်ခါနေလျက်ရှိပြီး၊ သူမ၏မျက်နှာပေါ်တွင်လည်း စိတ်ဝင်တစား ရှိနေသော အမူအရာများ ပြည့်နှက်နေတော့သည်။
"တကယ်ကို ကျွန်မရဲ့ရင်ကို ခုန်စေတဲ့ ယောက်ျားတစ်ယောက်ပဲ"
ရှီဘုရင်မသည် ထိုပုံရိပ်အား စိုက်ကြည့်လျက် ရုတ်တရက် သူမနှုတ်ခမ်းကို အသာအယာ ကိုက်လိုက်ရင်း သူမဘာသာ ရေရွတ်လိုက်လေသည်။
ဘေးနားရှိ ခီတန်ဘုရင်မှာမူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပါသော်လည်း၊ တစ်စုံတစ်ရာကိုမူ ပြောဆိုခြင်း မရှိပါချေ။
နိုင်ငံအသီးသီး၏ အရှင်သခင်များ၏ တုံ့ပြန်မှုများကို ထားလိုက်ဦး၊ ယခုအခိုက်အတန့်၌ ရှေ့တန်းတွင်မူ၊ ယိုကျိုးဗိုလ်ချုပ်များ အားလုံးသည်လည်း မျက်မှောင်ကြုတ်လိုက်ကြတော့သည်။
မဟာထန်စစ်တပ် လေးသောင်းမှာ ယခုအခါ ဘယ်သူမှ မတားဆီးနိုင်သော နယ်မြေတစ်ခုအလား ရှိနေပေရာ၊ အကယ်၍ ဤအရှိန်အဝါကို အမြန်ဆုံး မတားဆီးနိုင်ခဲ့ပါက၊ နောက်ပိုင်းတွင် စစ်ပွဲစသည်နှင့် အရေးနိမ့်သွားကာ စစ်သည်တို့၏ စိတ်ဓာတ်များ ပြိုကွဲသွားခဲ့မည်ဆိုပါက၊ နိုင်ငံအသီးသီး၏ ကံကြမ္မာကို လောင်းကြေးထပ်ထားသော ဤ အင်ပါယာများကြားမှ စစ်ပွဲကြီးမှာ တစ်ဝက်ခန့် ရှုံးနိမ့်သွားပြီဟု ဆိုရပေလိမ့်မည်။
"ကောင်းရှန်း"
ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။ အန်းလုရှန်းသည် ဦးခေါင်းကို ရုတ်တရက် လှည့်လိုက်ရင်း သူ၏ဘေးနားရှိ ကောင်းရှန်းအား လှမ်းကြည့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း၊ ခီတန်ဘုရင် နှင့် ရှီဘုရင်မ တို့သည်လည်း တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြတော့သည်။
******