အခန်း ၂၁၆၆
Vol. 134 Ch. 2166
အခန်း (၂၁၆၆) မြို့စောင့်တိုက်ပွဲ (၂)
ယခုတစ်ကြိမ် နိုင်ငံအသီးသီး မဟာမိတ်အဖွဲ့တွင် အန်းလုရှန်းအား မဟာမိတ်ခေါင်းဆောင်အဖြစ် ထူးထူးခြားခြား သတ်မှတ်ပေးခဲ့ပြီး နိုင်ငံအသီးသီးကလည်း အန်းလုရှန်း ၏ အမိန့်များကို အပြည့်အဝ နာခံကြရပေရာ၊ အကယ်၍ မျက်နှာချင်းဆိုင်ရှိ ဤကဲ့သို့သော အခြေအနေအသေးအဖွဲလောက်ကိုပင် မဖြေရှင်းနိုင်ပါက နောက်ပိုင်းကိစ္စရပ်များမှာမူ ပြောနေရန်ပင် မလိုတော့ပါချေ။
"အရှင်သခင် စိုးရိမ်မနေပါနဲ့ဦး၊ ဒီကိစ္စအားလုံးကို ချွေနဲ့ ထျန်းဗိုလ်ချုပ်တွေဆီ အပ်လိုက်ရုံနဲ့တင် ဖြေရှင်းဖို့ လုံလောက်ပါတယ်"
ကောင်းရှန်းသည် သူ၏လက်ထဲရှိ အမွှေးတောင်ယပ်တောင်ကို ကိုင်စွဲထားလျက် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပါသော်လည်း တည်ငြိမ်မှု ပျက်ယွင်းသွားခြင်းမျိုးတော့ မရှိပါချေ။ သူ၏အကြည့်များကို လွှဲပြောင်းလိုက်ပြီး များမကြာမီမှာပင် ဘေးနားရှိ ချွေချန်းယုံနှင့်ထျန်းချန်းစီတို့အား လှမ်းကြည့်လိုက်သည်။
"ဗိုလ်ချုပ်တို့၊ ဒီကိစ္စကို မင်းတို့ဆီပဲ အပ်လိုက်ပါတော့မယ်"
ကောင်းရှန်းက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
"အင်း"
ချွေချန်းယုံနှင့်ထျန်းချန်ကျန်းတို့မှာ အရင်ဆုံး သတိဝင်လာခဲ့ကြပြီး သူတို့နှစ်ဦးမှာ အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ မြင်းပေါ်သို့ လျင်မြန်စွာ ခွတက်လိုက်ကြသည်။
"အရှင်သခင် ဒီကိစ္စကို ကျွန်တော်မျိုးတို့ဆီပဲ အပ်လိုက်ပါတော့"
ထိုသူနှစ်ဦးမှာ တည်ငြိမ်အေးဆေးသော အမူအရာများရှိနေကြလျက် အန်းလုရှန်းအား ကိုယ်ကိုကိုင်းကာ အလေးပြုလိုက်ကြပြီးနောက် မြင်းဗိုက်ကို အသာအယာညှပ်ကာ လျင်မြန်စွာ လှည့်ထွက်သွားကြတော့သည်။
ထိုသူနှစ်ဦး လှုပ်ရှားလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်းသည် အသာအယာ ခေါင်းညိတ်လိုက်မိပြီး သူ၏စိတ်မှာလည်းများစွာ ပြန်လည်ငြိမ်သက်သွားခဲ့ရ၏။
ယိုကျိုးမှာ စစ်သည်အင်အား တောင့်တင်းရုံသာမကဘဲ ဗိုလ်ချုပ်များမှာလည်း တိမ်တိုက်များအလား များပြားလှပေရာ၊ ချွေချန်းယုံနှင့်ထျန်းချန်ကျန်းတို့မှာ အလယ်ပိုင်းလွင်ပြင်၌ နာမည်ကျော်ကြားခြင်း မရှိကြပါသော်လည်း လက်တွေ့တွင်မူ စစ်ဗျူဟာပိုင်းဆိုင်ရာ၌ အလွန်ထူးချွန်သော အရည်အချင်းများ ရှိကြပေသည်။
အထူးသဖြင့် ကျန်းရှို့ကွေး၏ လက်အောက်တွင် ရှိနေခဲ့သော နှစ်ပေါင်းများစွာအတွင်း၌ အန်းလုရှန်းသည် ထိုသူအချို့အား အခွင့်အရေးယူကာ တိတ်တဆိတ် လေ့ကျင့်ပေးနေခဲ့ခြင်းဖြစ်ပြီး၊ အရှေ့ တာ့ခ် အင်ပါယာ၊ ရှီ၊ ခီတန်နှင့် ဂိုဂူလျော အစရှိသော နိုင်ငံများနှင့် ဆက်တိုက်ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း၌ ထိုသူတို့မှာ တစ်ဖက်တစ်လမ်းမှ ဦးဆောင်နိုင်သော အရည်အချင်းများကို အစောပိုင်းကတည်းက ပိုင်ဆိုင်ထားခဲ့ကြပြီ ဖြစ်သည်။
ထိုသူအချို့မှာ စစ်တပ်ကြီးအတွင်းသို့ ပျောက်ကွယ်သွားခဲ့ကြပြီး စစ်မြေပြင်တစ်ခုလုံးမှာလည်း လျင်မြန်စွာပင် အပြောင်းအလဲများ ပေါ်ထွက်လာတော့သည်။
"စစ်တပ်အားလုံး အမိန့်ကို နာခံ၊ ရှေ့သို့ချီတက်ခြင်းကို ရပ်တန့်စမ်း"
“ရှေ့တန်းက စစ်သည်တွေ ဘေးနှစ်ဖက်ကို ခွဲထွက်လိုက်ကြ"
“ဒိုင်းလှည်းတပ်ဖွဲ့တွေ အားလုံး ချီတက်ခြင်းကို ရပ်ပြီး ကာကွယ်ရေးအတွက် ပြင်ဆင်ကြစမ်း"
"ယိုမင်တပ်ဖွဲ့ကို ထွက်ခွာဖို့ ပြင်ခိုင်းလိုက်"
များမကြာမီမှာပင် ချွေနှင့် ထျန်းဗိုလ်ချုပ်နှစ်ဦး၏ လှုပ်ရှားမှုများနှင့်အတူ အမိန့်များမှာ တစ်ခုပြီးတစ်ခု ကျဆင်းလာတော့သည်။
ထိုသူနှစ်ဦး၏ အမိန့်နှင့်အတူ အနောက်ဘက်မှ ရှေ့သို့ အဆက်မပြတ် တိုးဝင်လာနေကြသဖြင့် ရှုပ်ထွေးမှုများ ပိုမိုကြီးထွားလာစေသော စစ်တပ်ကြီးမှာ အမိန့်ကို ရရှိသည်နှင့်တစ်ပြိုင်နက် ရှေ့သို့ချီတက်ခြင်းကို ချက်ချင်းပင် ရပ်တန့်လိုက်ကြသည်။
ရှေ့ဆုံးတန်းရှိ စစ်တပ်ကြီးမှာ မူလက ရှုပ်ထွေးပရမ်းပတာ ဖြစ်နေပါသော်လည်း ယခုအခါ အမိန့်ကို ရရှိလိုက်သည့်အခါ အဓိကမှီခိုရာကို ရှာတွေ့သွားသည့်အလား ရှိနေကြပြီး၊ ပထမဦးဆုံးအနေဖြင့် အနောက်ဘက်ဆုံးရှိ စစ်သည်များမှာ ဘေးနှစ်ဖက်သို့ စတင်ရွှေ့လျားလိုက်ကြကာ ထို့နောက်တွင်မူ အနောက်မှရှေ့သို့ အစဉ်လိုက်အတိုင်း အလယ်မှနေ၍ ဘေးသို့ ခွဲထွက်သွားကြတော့သည်။
ရှုပ်ထွေးနေသော စစ်သည်များမှာ ရှင်းလင်းတိကျသော အမိန့်ကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားကြမည်ဖြစ်သလို အမိန့်တော်အတိုင်းလည်း လိုက်နာဆောင်ရွက်ကြမည် ဖြစ်သည်။
ဤအချက်ကို ချွေချန်းယုံက အလွန်ပင် တိကျစွာ မြင်နိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ယိုကျိုးဘက်မှ အကြီးမားဆုံးသော တုံ့ပြန်မှုမှာ ဤအရာတော့ မဟုတ်ပါချေ။
နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များ၏ အနောက်ဘက် မိုးကုတ်စက်ဝိုင်းဆီမှနေ၍ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဧရာမ ကျောက်တုံးကြီးတစ်ခုမှာ လိမ့်တက်လာလျက် ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်သွားကာ၊ ကောင်းကင်ယံ၌ ဧရာမ အကွေးအဝိုက်ကြီးတစ်ခုကို ဖန်တီးလိုက်ရင်း စစ်မြေပြင်တစ်ခုလုံးကို ကျော်ဖြတ်လျက် သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ တစ်ဟုန်ထိုး ကျရောက်လာတော့သည်။
သို့သော်လည်း ထိုကျောက်တုံးများမှာ သံမဏိခံတပ်၏အတွင်းပိုင်းကို ပုံမှန်အတိုင်း ပစ်ခတ်တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ ထောင့်အနည်းငယ်ကို လွှဲပြောင်းလိုက်ကာ မျက်နှာချင်းဆိုင်ရှိ ထိုမဟာထန်စစ်တပ် လေးသောင်းဆီသို့ တိုက်ရိုက်ဦးတည်တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်၏။
"ဝုန်း"
ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ထိုဧရာမ ကျောက်တုံးကြီးမှာ ဖျက်ဆီးလိုသော စွမ်းအားများကို သယ်ဆောင်လျက် ကောင်းကင်ယံမှ ပြင်းထန်စွာ ကျဆင်းလာခဲ့ရာ၊ ကြီးမားလှသော ရိုက်ခတ်မှုလှိုင်းများကြောင့် မဟာထန်၏ သံချပ်ကာဝတ်စစ်သည် နှစ်ဆယ်ကျော်မှာ လွင့်စဉ်သွားခဲ့ရသည်။
ကျောက်တုံးကျရာ ဗဟိုချက်တွင်မူ မဟာထန် စစ်သည် ငါးဦး ခြောက်ဦးခန့်မှာ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ဧရာမ ကျောက်တုံးကြီး၏ တိုက်ရိုက်ထိမှန်ခြင်းကို ခံလိုက်ရပြီး၊ အသံများနှင့်အတူ ရင်ဘတ်အရိုးများ ကျိုးကြေသွားခဲ့ကာ သွေးများ ပန်းထွက်ကုန်ပြီး၊ သူတို့ကိုယ်ပေါ်ရှိ သံချပ်ကာများပင်လျှင် ပုံပျက်ရှုံ့တွသွားခဲ့ကာ ခန္ဓာကိုယ်များမှာ စုတ်ပြဲနေသော အိတ်ခွံများအလား ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြရသည်။
သို့သော်လည်း ဤအရာမှာ စတင်ခြင်းသာ ရှိသေးသည်။
ဘုန်း
ဘုန်း
ဘုန်း
အနောက်ဘက်မှ တစ်ချက်ပြီးတစ်ချက် မြည်ဟည်းသံများ ထွက်ပေါ်နေလျက် ထိုကျောက်တုံးကြီး၏ အနောက်တွင် ကျောက်တုံးများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပစ်လွှတ်ခြင်း ခံနေရကာ၊ ထိုမဟာထန်စစ်သည် လေးသောင်းများကြားသို့ ကျရောက်လာခဲ့သဖြင့် မဟာထန် စစ်တပ်အတွင်း၌ အထိအခိုက် ဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်လာစေတော့သည်။
ကျောက်တုံးတစ်တုံးချင်းစီမှာ အနည်းဆုံး အလေးချိန် ပေါင်ပေါင်း ရာနှင့်ချီ၍ ရှိနေသလို ပေါင်တစ်ထောင်နီးပါးအထိပင် ရှိနေပေသည်။
ဤကျောက်တုံးများမှာ မြင့်မားလှသော ကောင်းကင်ယံမှ ကျဆင်းလာခြင်းဖြစ်ကာ ကြီးမားလှသော အရှိန်အဟုန် စွမ်းအားများကြောင့် ရိုက်ခတ်မှု စွမ်းအားမှာ အနည်းဆုံး ပေါင် ငါးသောင်း ခြောက်သောင်းမှသည် ခုနစ်သောင်း ရှစ်သောင်းဝန်းကျင်အထိပင် ရှိနေပေသည်။
အောက်ခြေမှ စစ်သည်များအတွက်မူ ထိပ်တန်းကျွမ်းကျင်သော စစ်သည်များပင် ဖြစ်နေပါစေဦး၊ တားဆီးရန် ခက်ခဲလှပေရာ ထိုသူတို့အတွက်မူ ပြောနေရန်ပင် မလိုတော့ပါချေ။
"အဲဒါ ကျောက်ခဲပစ်စက်တွေပဲ"
ထိုဧရာမကျောက်တုံးကြီးများ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ မြို့ရိုးပေါ်ရှိ လူတိုင်းမှာ အမူအရာများ မသိမသာ တုန်လှုပ်သွားကြရပြီး ကော်ကျစ်ယီ၊ ချန်ပုရန်နှင့် စွန်ကျီမင်တို့မှာလည်း မျက်နှာချင်းဆိုင်မှ ဝမ်ချောင်အား တစ်ညီတစ်ညွတ်တည်း လှမ်းကြည့်လိုက်ကြသည်။
ရှေ့ဆုံးတွင်မူ ဝမ်ကျုံးစစ်နှင့် အာပုစစ်တို့သည်လည်း အမူအရာများ အနည်းငယ် လေးနက်နေကြ၏။
"တစ်ဖက်လူရဲ့ဗိုလ်ချုပ်က တကယ်ကို မရိုးရှင်းဘူးပဲ"
အာပုစစ်က မျက်လုံးများကို မှေးကြည့်လိုက်ရင်း ရှေ့တည့်တည့်သို့ ကြည့်ကာ ဆိုလိုက်သည်။
"ကြည့်ရတာတော့ ယိုကျိုးက အဲဒီသစ္စာဖောက်ဗိုလ်ချုပ် ထျန်းချန်ကျန်းဖြစ်လိမ့်မယ်"
ဝမ်ကျုံးစစ်သည်လည်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိရင်း ဆိုလိုက်လေသည်။
ကျောက်ခဲပစ်စက်ဆိုသည်မှာ မူလက မြို့သိမ်းရန်အတွက်သာ အသုံးပြုသော အရာဖြစ်ပါသော်လည်း၊ မြေပြင်တပ်ဖွဲ့များကို ရင်ဆိုင်ရန်အတွက် ကျောက်ခဲပစ်စက်များကို အသုံးပြုကာ ရှေ့တန်းစစ်တပ်ကြီး၏ ရှုပ်ထွေးမှုများ ပိုမိုကြီးထွားမလာအောင် တားဆီးပေးရန် စဉ်းစားနိုင်မှုမှာ တစ်လောကလုံးမှ အသိအမှတ်ပြုထားသော မဟာထန် စစ်နတ်ဘုရား ဝမ်ကျုံးစစ် ပင်လျှင် မျက်နှာချင်းဆိုင်မှ ထိုဗိုလ်ချုပ်မှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ဝန်ခံလိုက်ရတော့သည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ စစ်တပ်ကြီးကို ဖြန့်လိုက်၊ ပုန်းကွယ်ဖို့ သတိထားကြစမ်း"
ဝမ်ကျုံးစစ် ၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။
ကျောက်ခဲပစ်စက်များမှာ အရေအတွက် နည်းပါးလှပါသော်လည်း အကယ်၍ ကြိုတင်မကာကွယ်ထားပါက စစ်တပ်ကြီးအတွက် ကြီးမားလှသော အထိအခိုက် ဆုံးရှုံးမှုများကို သေချာပေါက် ဖြစ်ပေါ်စေနိုင်ပေသည်။
သို့သော်လည်း ဝမ်ကျုံးစစ်၏အသံမှာ ဆုံးသွားခြင်း မရှိသေးမီမှာပင်၊ ဝုန်းခနဲ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြန်ပြီး ဧရာမကျောက်တုံးကြီးတစ်ခုမှာ လိမ့်တက်လာလျက် ထပ်မံကျဆင်းလာပြန်သည်။ သို့သော်လည်း ယခုတစ်ကြိမ် ကျဆင်းလာသော ကျောက်တုံးမှာမူ ယခင်နှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။
လူတိုင်း၏အကြည့်များအောက်တွင် ထိုဧရာမကျောက်တုံးကြီးမှာ မဟာထန်စစ်တပ် လေးသောင်းဆီသို့ ကျရောက်သွားခြင်း မဟုတ်ဘဲ သံမဏိဆူးချွန်များ ပြည့်နှက်နေသည့် ကျင်းလမ်းကြောင်းဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့ခြင်းပင်၊ ထိုကြီးမားလှသော စွမ်းအားများက ရှည်လျားလှသော သံမဏိဆူးချွန်များကို တိုက်ရိုက်ပင် ကျိုးကွေးသွားစေခဲ့သလို ထက်မြက်လှသော သံမဏိဆူးချွန်များကလည်း ကျောက်တုံးကြီးကို ထိုးဖောက်ကာ တစ်စစီ ကြေမွသွားစေခဲ့ပြီး မရေမတွက်နိုင်သော ကျောက်တုံးစများနှင့် အပိုင်းအစများမှာ နေရာအနှံ့ လွင့်စဉ်သွားတော့သည်။
တစ်တုံး၊ နှစ်တုံး၊ သုံးတုံး……
ထိုကျောက်တုံးကြီး၏ အနောက်တွင် ကျောက်ခဲပစ်စက်များမှ ပိုမိုများပြားလှသော ကျောက်တုံးများမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး ကျင်းအတွင်းသို့ ကျရောက်ကုန်ကြတော့သည်။
"သူတို့ ဘာလုပ်နေကြတာလဲ"
အနောက်ဘက်မှ ချန်ပုရန်နှင့် အခြားသူများမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အလွန်ပင် အံ့ဩမှင်တက်သွားကြရသည်။
အကယ်၍ ပထမတစ်တုံးမှာ "ပစ်မှတ်လွဲချော်ခြင်း"ဖြစ်နိုင်သည်ဟု ဆိုပါက၊ ဤကဲ့သို့သော ပစ်မှတ်လွဲချော်သည့် ကျောက်ခဲပစ်စက်များမှာ အလွန်ပင် များပြားလွန်းနေသည် မဟုတ်ပါလော။
"သူတို့က ကျောက်ခဲပစ်စက်တွေကို သုံးပြီး ကျင်းကို မြေဖို့ဖို့ ကြိုးစားနေတာပဲ"
ထိုအချိန်မှာပင် ရှေ့ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်တော့သည်။
ဝမ်ကျုံးစစ်သည် ရှေ့တည့်တည့်သို့ ကြည့်ရင်း သူ၏အမူအရာမှာ လေးနက်နေလျက်ရှိပြီး သူ၏မျက်မှောင်များကြားတွင်လည်း ထူထဲလှသော စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု မသိမသာ ဖြတ်ပြေးသွားခဲ့ရသည်။
တစ်ဖက်လူမှာ သူ ထင်မှတ်ထားသည်ထက် များစွာပိုမိုအစွမ်းထက်လှပေသည်။ လက်ရှိ အခြေအနေအရ ကြည့်မည်ဆိုပါက မျက်နှာချင်းဆိုင်မှလူမှာ ကျောက်ခဲပစ်စက် တပ်ဖွဲ့ကို အုပ်စုနှစ်စု ခွဲလိုက်ခြင်းဖြစ်သည်မှာ ထင်ရှားလှပေရာ၊ တစ်စုက မဟာထန်စစ်တပ် လေးသောင်းကို တိုက်ခိုက်နေပြီး အခြားတစ်စုကမူ ကျောက်ခဲပစ်စက်များကို အသုံးပြုကာ ရှေ့တန်းမှ ကျင်းလမ်းကြောင်းကို ကျောက်ခဲများဖြင့် မြေဖို့ရန် ကြိုးစားနေခြင်းပင် ဖြစ်၏။
နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ များအတွက်မူ ယခုအခါ အကြီးမားဆုံးသော အတားအဆီးမှာ ရှည်လျားလှသော သံမဏိဆူးချွန်များ ပြည့်နှက်နေသည့် ထို ကျင်းလမ်းကြောင်းပင် ဖြစ်ပေရာ၊ ထိုကျင်းလမ်းကြောင်းကိုသာ မြေဖို့နိုင်မည်ဆိုပါက၊ လုံးဝအပြည့်အဝ မြေဖို့ရန် မလိုအပ်ဘဲ စစ်တပ်မှာ ချောမွေ့စွာ ဖြတ်သန်းသွားနိုင်မည်ဖြစ်သလို အရေအတွက် အားသာချက်ကိုလည်း ဆက်လက်ဖော်ထုတ်နိုင်မည် ဖြစ်သည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ မြားသမားတပ်ဖွဲ့ကို နှစ်စုခွဲလိုက်၊ တစ်ဝက်က လေထဲက ကျောက်ခဲတွေကို ပစ်ချဖို့အတွက် သီးသန့်ခွဲထုတ်လိုက်"
"ချန်ပုရန် ဒီကိစ္စကို မင်းဆီပဲ အပ်လိုက်ပါတော့မယ်"
ထိုအချိန်မှာပင် တည်ငြိမ်လှသော အသံတစ်ခုမှာ အေးအေးဆေးဆေးပင် ရှေ့ဘက်မှ ထွက်ပေါ်လာခဲ့ပြီးနောက် ဝမ်ချောင်က ရုတ်တရက် စကားဆိုလိုက်ခြင်းပင် ဖြစ်၏။
"ဟုတ်ကဲ့ပါ အရှင်"
ချန်ပုရန်မှာ အစပိုင်းတွင် တစ်ချက် မှင်တက်သွားခဲ့ပါသော်လည်း များမကြာမီမှာပင် သတိဝင်လာခဲ့ပြီး သူ၏မျက်နှာပေါ်တွင်လည်း ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာ ပေါ်ထွက်လာခဲ့ကာ အမိန့်ကို နာခံလျက် လှည့်ထွက်သွားတော့သည်။
ဝမ်ချောင်၏ လက်အောက်ရှိ လူတိုင်းမှာ ဝမ်ချောင်၏ အနောက်မှ လိုက်ပါကာ တိုက်စစ်ဆင်ရခြင်းကို ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်ထားကြပေရာ၊ ချန်ပုရန်မှာ အနောက်ဘက်၌ အမိန့်ကို စောင့်ဆိုင်းနေရသဖြင့် အစောပိုင်းကတည်းက စိတ်မရှည် ဖြစ်နေခဲ့သည် မဟုတ်ပါလော။
ချန်ပုရန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် မြို့ရိုးပေါ်တွင် လေးကြိုးများ ဆွဲတင်သံမှာ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြို့ရိုးပေါ်ရှိ နတ်မြားသမား တပ်ဖွဲ့မှာ သိသိသာသာပင် အုပ်စုနှစ်စု ကွဲသွားခဲ့ပြီး တစ်စုက ဆက်လက်ပစ်ခတ်ကာ အနောက်ဘက်ရှိ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ ကို တိုက်ခိုက်နေသလို၊ အခြားသော နတ်မြားသမား အုပ်စုတစ်စုမှာမူ လမ်းကြောင်းကို ပြောင်းလဲလိုက်ကြပြီး ကောင်းကင်ယံမှ ကျဆင်းလာသော ကျောက်တုံးများကို တိကျစွာ ပစ်မှတ်ထားကာ စတင်ပစ်ခတ်လိုက်ကြတော့သည်။
"ဘုန်း ဘုန်း"
အဆက်မပြတ်သော ပေါက်ကွဲသံများကိုသာ ကြားလိုက်ရပြီး၊ ထက်မြက်လှသော မြားတံများ၏ ပြင်းထန်လှသည့် စုပေါင်းပစ်ခတ်မှုကြောင့် စစ်မြေပြင်၏ ကောင်းကင်ယံထက်တွင် ကျောက်တုံးကြီးများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်ကုန်ကြတော့သည်။
ချန်ပုရန် ဝင်ရောက်လာမှုက ချက်ချင်းပင် အကျိုးသက်ရောက်မှုများကို ဖော်ပြနိုင်ခဲ့ပြီး၊ မရေမတွက်နိုင်သော ကျောက်တုံးစများနှင့် အပိုင်းအစများမှာ ကောင်းကင်ယံမှနေ၍ တစ်ဖွဲဖွဲ ကျဆင်းလာခဲ့ကြရာ ယခင်ကကဲ့သို့သော ခြိမ်းခြောက်မှုမျိုး မရှိတော့ပါချေ။
မျက်နှာချင်းဆိုင်တွင်မူ ချွေချန်းယုံနှင့်ထျန်းချန်ကျန်းတို့သည် စစ်တပ်ကြီးအတွင်း၌ မတ်မတ်ရပ်နေကြလျက် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထိုသူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး အမူအရာများမှာလည်း မသိမသာ မည်းမှောင်သွားခဲ့ရ၏။
တစ်ဖက်လူ၏ တုံ့ပြန်မှုမှာ သူတို့ ထင်မှတ်ထားသည်ထက် များစွာပိုမိုမြန်ဆန်လှပေသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ကျောက်ခဲပစ်စက်တပ်ဖွဲ့မှ ပြုလုပ်နိုင်သော လက်တွေ့သတ်ဖြတ်နိုင်မှုမှာ အလွန်ပင် အကန့်အသတ် ရှိသွားမည် ဖြစ်သလို၊ ဤမျှလောက် မကဘဲ ကျောက်ခဲများကို အသုံးပြုကာ ကျင်းကို မြေဖို့ရန် ကြိုးစားနေသည့် သူတို့၏ အတွေးမှာလည်း အောင်မြင်ရန် ခဲယဉ်းသွားပေလိမ့်မည်။
"ဂရုစိုက်မနေနဲ့တော့ ယိုမင်တပ်ဖွဲ့ကို လွှတ်လိုက်၊ အဲဒီလေးသောင်းမဟာထန်စစ်တပ်ကို တိုက်ရိုက်သတ်ပစ်ကြစမ်း၊ သူတို့တွေက အခု ကျင်းကို ကျော်ဖြတ်လာခဲ့ကြပြီဆိုတော့ သူတို့ကို ကိုင်တွယ်ဖို့အတွက် ကျင်းရဲ့သက်ရောက်မှုက မရှိတော့ဘူး၊ သူတို့ကို အကုန် သတ်ပြီးပြီဆိုရင် သူတို့ရဲ့အလောင်းတွေကို သုံးပြီးတော့ ကျင်းကို မြေဖို့ပစ်လိုက်မယ်"
ရှေ့ဆုံးတွင်မူ မြင်းကြီးတစ်ကောင်ပေါ်ရှိ ချွေချန်းယုံသည် အမူအရာမှာ အေးစိမ့်နေလျက် ရုတ်တရက် စကားဆိုလိုက်ရာ သူ၏အမူအရာကြားတွင်လည်း ထူထဲလှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါ်ထွက်နေတော့သည်။
အန်းလုရှန်း၏ လက်အောက်ရှိ နံပါတ်တစ် ဗိုလ်ချုပ် ဖြစ်သည့်အလျောက် ချွေချန်းယုံမှာ ပုံမှန်အချိန်များတွင်မူ တစ်စုံတစ်ရာကို မြင်တွေ့နိုင်ခြင်း မရှိပါသော်လည်း စစ်မြေပြင်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူ၏ကိုယ်ပေါ်ရှိ ကြမ်းတမ်းမှု၊ ရက်စက်မှုနှင့် အေးစိမ့်မှု အစရှိသော အရှိန်အဝါများမှာ အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဖြောင့်မတ်သူက ပစ္စည်းဥစ္စာကို မအုပ်ချုပ်သလို၊ ကြင်နာသူကလည်း စစ်တပ်ကို မအုပ်ချုပ်ပါဘူး"ဆိုသည့်အတိုင်းပင်၊ ချွေချန်းယုံ၏ စစ်တပ်ဦးဆောင်သည့် ပုံစံမှာ လက်တွေ့တွင်မူ လူအများ ထင်မှတ်ထားသည်ထက် များစွာပိုမိုရက်စက်လှပေသည်။
"နောက်ပြီး ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း။ စစ်တပ်ကြီး ထွက်ခွာမယ်၊ အစွမ်းကုန် တိုက်ခိုက်ကြစမ်း၊ နောက်ဆုတ်တဲ့သူရှိရင် သတ်ပစ်မယ်"
ချွေချန်းယုံ က ရှေ့တည့်တည့်သို့ ကြည့်ရင်း ထပ်မံ၍ ဆိုလိုက်ပြန်သည်။
"အခုဆိုရင် စစ်တပ်ကြီးက ပြန်ပြီး တည်ငြိမ်သွားပြီပဲ၊ အဲဒီ လေးသောင်းပဲရှိတဲ့စစ်တပ်က ငါတို့ရဲ့ စစ်သည် ဘယ်လောက်ကို တားဆီးနိုင်မလဲဆိုတာကို ငါ တစ်ချက်လောက် ကြည့်ရသေးတာပေါ့"
နောက်ဆုံး စကားတစ်ခွန်းတွင်မူ ချွေချန်းယုံ၏ မျက်ဝန်းထဲ၌ ထူထဲလှသော သတ်ဖြတ်လိုသည့် ဆန္ဒများ ဖြတ်ပြေးသွားခဲ့သည်။
မဟာထန်ဘက်မှ အခွင့်အရေးကို အရင်ဦးစွာ ရယူသွားခဲ့ပြီး သံမဏိဆူးချွန်များ ပြည့်နှက်နေသော ကျင်းလမ်းကြောင်းက နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည် အနည်းဆုံး တစ်သိန်းခန့်ကို သတ်ဖြတ်နိုင်ခဲ့ပါသော်လည်း၊ ယခုအခါတွင်မူ အရာရာတိုင်းမှာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီဖြစ်သလို ရှုပ်ထွေးမှုများကိုလည်း တားဆီးနိုင်ခဲ့ပြီ ဖြစ်ရာ၊ တစ်ဖက်တွင်မူ မဟာထန်၏ ထိုလေးသောင်းစစ်တပ်မှာ သူတို့သည် ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရပြီဖြစ်ကြောင်းကို လုံးဝမသိရှိကြသေးပါချေ၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ဘက်မှ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့အား မှုန့်မှုန့်ညက်ညက် ကြေသွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။
"တိုက်စမ်း"
ချွေချန်းယုံ ၏ အမိန့်တော်နှင့်အတူ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ လျင်မြန်စွာပင် အပြောင်းအလဲများ ပေါ်ထွက်လာတော့သည်။ စစ်တပ်ကြီး၏ အနောက်ဘက်တွင်မူ အမြဲတမ်း ငြိမ်သက်စွာ ရှိနေခဲ့ပြီး တောင်ကြီးတစ်လုံးအလား ခန့်ညားလှကာ အရှိန်အဝါမှာ အလွန်ပင် အေးစိမ့်လှသော စစ်တပ်တစ်ခုမှာလည်း လိုက်ပါလှုပ်ရှားလိုက်ကြပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် လေးကြိုးမှ လွတ်မြောက်သွားသော မြားတစ်စင်းအလား ရှေ့တန်း စစ်မြေပြင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာကြတော့သည်။
ယိုကျိုးနှင့် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ဘက်မှ အခြေအနေများကို ထားလိုက်ဦး၊ သံမဏိခံတပ်၏ ရှေ့မှောက်တွင်မူ ကျောက်ခဲပစ်စက်များ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးနောက် မဟာထန်စစ်တပ် လေးသောင်းမှာ ရှေ့သို့ ဆက်လက် တိုးဝင်နေလျက်ရှိပြီး၊ ဓားအလင်းတန်းများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သွေးများ ပန်းထွက်ကုန်ကာ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ တစ်တန်းပြီးတစ်တန်း နာကျင်စွာ အော်ဟစ်လျက် ဆက်တိုက် လဲပြိုကုန်ကြတော့သည်။
"အရှင်... အခုဆိုရင် စစ်တပ်ကြီးမှာ အမှီသဟဲပြုစရာ သဘာဝအတားအဆီး မရှိတော့သလို တစ်ဖက်လူကလည်း ပြန်ပြီးတည်ငြိမ်သွားပြီပဲ၊ အထိအခိုက် ဆုံးရှုံးမှုတွေ အရမ်းမများလာအောင် စစ်တပ်ကြီးကို ယာယီ နောက်ဆုတ်ခိုင်းဖို့ လိုအပ်မလား"
ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် အာပုစစ်က ရုတ်တရက် စကားဆိုလိုက်ခြင်းပင် ဖြစ်၏။
ယိုကျိုးတစ်ဝိုက်မှာ နိုင်ငံအသီးသီး၏ နယ်မြေဖြစ်ပေရာ ဤနေရာနှင့် ပတ်သက်၍ သူတို့မှာ မဟာထန်ထက် များစွာပိုမိုရင်းနှီးကြပေသည်။ အာပုစစ်၏အမြင်အရဆိုလျှင် လက်ရှိတွင် မိမိတို့ဘက်မှာ ခံစစ်အနေအထားတွင် ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ၊ လေးသောင်းသော စစ်သည်အင်အားဖြင့် တစ်ဖက်လူ၏ စစ်သည် တစ်သိန်းကျော်အထိ အထိအခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ခြင်းမှာ အလွန်ပင် ပြောင်မြောက်လှသော ရလဒ်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လက်ရှိ အခြေအနေ ကောင်းမွန်နေစဉ်မှာပင် ကျန်ရှိနေသော လေးသောင်းစစ်တပ်ကို မြို့အတွင်းသို့ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ခံတပ်၏ ခိုင်မာမှုကို အသုံးပြုကာ တစ်ဖက်လူကို ရင်ဆိုင်ခြင်းကသာ အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်တော့သည်။
******