အခန်း ၂၁၆၈
Vol. 134 Ch. 2168
အခန်း (၂၁၆၈) မြို့စောင့်တိုက်ပွဲ (၄)
ယခုတစ်ကြိမ် စစ်သည်စုဆောင်းမှု လှုပ်ရှားမှုတွင် ပြည်သူတို့၏ တက်ကြွမှုမှာ မျှော်လင့်ထားသည်ထက် များစွာသာလွန်လှပေရာ၊ မဟာထန်၏ စစ်နတ်ဘုရားတစ်ဦး ဖြစ်သည့်အပြင် စစ်အင်အားစုအားလုံး၏ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည့်အလျောက်၊ ဤကဲ့သို့သော မကြုံစဖူး စစ်သည်စုဆောင်းမှု အခမ်းအနားကြီးကို ရင်ဆိုင်ရာ၌ သူသည် အဘယ်သို့လျှင် အေးအေးဆေးဆေး ရှိနေနိုင်ပါမည်နည်း။ သူသည်လည်း ထိုကိစ္စအတွင်း၌ သေချာပေါက် ပါဝင်ပတ်သက်ခဲ့ပေသည်။
ငရဲဘီး
ဤသည်မှာ ဝမ်ချောင်၏ လေးသောင်းသော စစ်သည်အင်အားဖြင့် ဖော်ထုတ်လိုက်သော စစ်အစီအရင်၏ အမည်ပင် ဖြစ်ကာ၊ တစ်ချိန်တည်းမှာပင် ၎င်းမှာ လောကပျက်သုဉ်းမည့် ခေတ်ကာလ၏ အဆင့်မြင့်ဆုံးသော စစ်အစီအရင်များထဲမှ တစ်ခုလည်း ဖြစ်ပေသည်။ ခွန်အားအရဆိုလျှင် အနည်းဆုံး အဆင့်လေးအတွင်းသို့ ဝင်ရောက်နိုင်ပါသော်လည်း၊ ဝမ်းနည်းစရာ ကောင်းသည်မှာ လောကပျက်သုဉ်းမည့် ခေတ်ကာလ၏ ထိပ်တန်း စစ်အစီအရင် ဆယ်ခုစာရင်းတွင်မူ ပါဝင်ခြင်း မရှိခဲ့ပါချေ။
အကြောင်းပြချက်မှာ အလွန်ပင် ရိုးရှင်းလှပေသည်။ ငရဲဘီးစစ်အစီအရင်ကြီးကို ဖော်ထုတ်ရန်အတွက် လိုအပ်သောအခြေအနေများမှာ အလွန်ပင် တင်းကျပ်လွန်းသောကြောင့်ဖြစ်ကာ စစ်သည်အင်အား သုံးသောင်းအောက် မနည်းရန် လိုအပ်သည့်အပြင်၊ ထိုသူများအားလုံးမှာ သေချာပေါက် သံချပ်ကာအပြည့် ဆင်မြန်းထားသော စစ်သည်များ ဖြစ်ရန် လိုအပ်ပြီး ခွန်အားအပေါ် တောင်းဆိုမှုမှာလည်း အလွန်ပင် မြင့်မားလှပေသည်။
သို့သော်လည်း လောကပျက်သုဉ်းမည့် ခေတ်ကာလတွင်မူ၊ ကုန်းမြေလောက တစ်ခုလုံး၏ ခွန်အားမှာ များစွာလျော့နည်းသွားခဲ့ပြီဖြစ်ရာ ထိပ်တန်း သံချပ်ကာအပြည့် ဆင်မြန်းထားသော စစ်သည် သုံးသောင်းကို စုစည်းရန်မှာ လုံးဝမဖြစ်နိုင်တော့ပါချေ။
စမ်းသပ်မှုများ ပြုလုပ်နိုင်ခြင်း မရှိသလို၊ အတည်ပြုချက်များလည်း မယူနိုင်ခဲ့သဖြင့် ထိုစာရင်းအတွင်း၌ ပါဝင်ခြင်း မရှိခဲ့ခြင်း ဖြစ်၏။
လောကပျက်သုဉ်းမည့် ခေတ်ကာလ၏ ထိပ်တန်းစစ်အစီအရင် ဆယ်ခုမှာမူ အခြေခံအားဖြင့် လက်တွေ့ လေ့ကျင့်မှုများ ရှိခဲ့သော အရာများသာ ဖြစ်ကြပေသည်။
ယခုအခါ မဟာထန်၏ နိုင်ငံတော်အင်အားမှာ တောင့်တင်းခိုင်မာနေလျက် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်ဖြစ်သည့်အပြင်၊ လုံလောက်သော စစ်သည် အရင်းအမြစ်များလည်း ရှိနေသဖြင့်၊ ဝမ်ချောင်သည် စစ်သည်အင်အား တစ်စုကို ခွဲထုတ်ကာ ဤ ငရဲဘီးစစ်တပ်ကြီးကို လေ့ကျင့်ပေးရန် စဉ်းစားခဲ့ခြင်းပင် ဖြစ်၏။
ငရဲဘီး၊ ဘီးပုံစံ ငရဲ
ဤစစ်တပ်ကြီး စောင့်ကြပ်နေသောနေရာမှာ သံမဏိခံတပ်၏ အဝင်ဝ ဖြစ်သလို၊ ငရဲပြည်၏ တံခါးဝလည်း ဖြစ်ပေသည်။
ဝမ်ချောင်အနေဖြင့်လည်း ဤအရာကို အသုံးပြုကာ၊ သံမဏိခံတပ်၏ နယ်ပယ်အတွင်းမှာမူ နိုင်ငံအသီးသီး၏ နယ်မြေဖြစ်သော်လည်း ၎င်းမှာ သူတို့အတွက် ပျက်သုဉ်းခြင်း တံခါးဝ ဖြစ်ကြောင်းကို သိရှိစေချင်ခြင်းပင်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ တပ်ဖွဲ့တွေ အားလုံး တစ်ဖက်လူရဲ့ ဒိုင်းလွှားလှည်းတွေကို အရင်ဆုံး ဖျက်ဆီးဖို့ကိုပဲ အဓိကထားကြစမ်း"
ဝမ်ချောင်က သူ၏ ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရင်း တစ်ချိန်တည်းမှာပင် ဆိုလိုက်လေသည်။
"ဟုတ်ကဲ့ပါ"
အနောက်ဘက်တွင်မူ အမိန့်ပေးစေလွှတ်သူ စစ်သည်တစ်ဦးမှာ အမိန့်ကို ရရှိသည်နှင့် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ငရဲဘီး စစ်အစီအရင်ကြီးမှာ အစွမ်းထက်လှပါသော်လည်း၊ ဝမ်ချောင်အတွက်မူ သတ်ဖြတ်နိုင်စွမ်း အပြင်းထန်ဆုံးနှင့် အထိတ်လန့်ဆုံးသော အရာမှာ စုဟန်ရှင်း၏ စစ်ရထားလေး တပ်ဖွဲ့သာ ဖြစ်နေဆဲပင် ဖြစ်၏၊ မျက်နှာချင်းဆိုင်မှ ဒိုင်းလွှားလှည်း တပ်ဖွဲ့များကိုသာ ဖျက်ဆီးနိုင်မည်ဆိုပါက၊ စုဟန်ရှင်း၏စစ်ရထားလေးများမှာ ထပ်မံ၍ အသုံးဝင်လာမည်ဖြစ်ကာ၊ တစ်ဖက်လူအား အဆပေါင်း များစွာ သုတ်သင်လျက် ရန်သူ၏ အထိအခိုက် ဆုံးရှုံးမှုများကို တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။
ဤစစ်ပွဲတွင် ဝမ်ချောင်အနေဖြင့် နိုင်ငံအသီးသီးအား ယနေ့အချိန်ရှိ မဟာထန်မှာ နိုင်ငံအသီးသီးမှ ထိပါး၍ ရသောအရာ မဟုတ်ကြောင်း သိရှိစေချင်ခြင်း ဖြစ်ကာ၊ အကယ်၍ မိုက်မဲစွာ စိန်ခေါ်လာမည်ဆိုပါက ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်ရန် ပြင်ဆင်ထားရမည် ဖြစ်ကြောင်းပင်။
စစ်မြင်းတို့၏ ဟိန်းဟောက်သံများ၊ ဓားနှင့်လှံများ ထိခတ်သံများ၊ ထို့ပြင် မရေမတွက်နိုင်သော လူတို့၏ သေလုမျောပါး နာကျင်စွာ အော်ဟစ်သံများမှာ တစ်သားတည်း ဖြစ်သွားခဲ့ကြပြီး တစ်စစ်မြေပြင်လုံး၌ ပဲ့တင်ထပ်နေတော့သည်။
မဟာထန် စစ်သည် လေးသောင်းမှာ ဤအခိုက်အတန့်၌ နတ်ဘုရား တားလျှင် နတ်ဘုရားကို သတ်၍၊ ဗုဒ္ဓ တားလျှင် ဗုဒ္ဓကို သတ်မည့်အလား ရှိနေကြတော့သည်။
ရှေ့တန်း စစ်မြေပြင်၏ရှုပ်ထွေးမှုများကို ငြိမ်သက်သွားအောင် လုပ်ဆောင်ပြီးနောက်တွင်မူ၊ လူတိုင်းက ထိုမဟာထန်စစ်သည် လေးသောင်းကို အလွယ်တကူ သုတ်သင်နိုင်လိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့ကြပါသော်လည်း၊ မည်သူက ထင်ထားပါမည်နည်း၊ စစ်တပ်ကြီး၏ အခြေအနေမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိဘဲ၊ အဆုံးမရှိ များပြားလှသော စစ်တပ်ကြီးမှာ မဟာထန်စစ်သည် လေးသောင်းများ၏ကြား၌ ပိတ်မိနေသကဲ့သို့ ရှိနေကာ၊ အထိအခိုက် သေဆုံးမှု အရေအတွက်မှာလည်း ဆက်လက် တိုးတက်နေဆဲ ဖြစ်ရာ၊ စစ်မြေပြင်တွင် နောက်ဆုံး၌ အပြောင်းအလဲ အသစ်တစ်ခု ပေါ်ထွက်လာတော့သည်။
"ဖယ်ကြစမ်း"
ကျယ်လောင်သော ဒေါသတကြီး ဟောက်သံတစ်ခုမှာ မိုးကြိုးတစ်ချက် ပစ်ချလိုက်သည့်အလား ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး စစ်မြေပြင်၌ အဆုံးမရှိသော လေလှိုင်းများကို ဖြစ်ပေါ်စေခဲ့ရာ၊ ထိုအသံမဆုံးမီမှာပင် မြင်းခွာသံခပ်စိတ်စိတ်များမှာ အနောက်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဝုန်း"
စစ်တပ်ကြီး၏ အလယ်ဗဟိုတွင် နိုင်ငံအသီးသီး၏ စစ်သည်များမှာ ရေလှိုင်းများအလား ဘေးသို့ ခွဲထွက်သွားကြပြီး၊ အနောက်ဘက်တွင်မူ သေမင်း၏အရှိန်အဝါများ ကောင်းကင်ယံအထိ ပျံ့နှံ့နေလျက်၊ သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်နေသော သောင်းနှင့်ချီသော စစ်တပ်ကြီးတစ်ခုမှာ တစ်ကိုယ်လုံး သံချပ်ကာများ ဆင်မြန်းထားကြပြီး၊ မျက်လုံးနှင့် နှာခေါင်းကိုသာ အပြင်သို့ ထုတ်ပြထားကြလျက်၊ တစ်ဦးချင်းစီမှာ အလွန်ပင် အေးစိမ့်လှသော အရှိန်အဝါများကို ထုတ်ဖော်နေကြကာ၊ မြန်ဆန်လှသော အရှိန်ဖြင့် ထူးခြားလှသော စစ်ကြောင်း ပုံသဏ္ဌာန်အတိုင်း ရှေ့တန်း စစ်မြေပြင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။
"ဘုန်း"
နိုင်ငံအသီးသီးမှ စစ်သည် တစ်ဦးချင်းစီမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ၊ ထိုထဲမှ စစ်မြင်းတစ်စီး၏ မြင်းခွာဖြင့် ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်၊ သတိမမူမိသော ထိခတ်မှု တစ်ခုသာ ဖြစ်ပါသော်လည်း၊ ပေါက်ကွဲထွက်လာသော စွမ်းအားများက ထိုစစ်သည်အား လေတိုက်၍ ပြတ်ထွက်သွားသော စွန်တစ်ခုအလား တိုက်ရိုက်ပင် လွင့်စဉ်သွားစေတော့သည်။
ထိုမြင်းခွာရိုက်ခတ်လိုက်သည့် နေရာတွင်မူ၊ သံချပ်ကာမှာပင် အတွင်းသို့ ချိုင့်ဝင်သွားခဲ့ရ၏။
ရှေ့မှ ထိုသံချပ်ကာမြင်းတပ်မှာမူ အရှိန်လျော့သွားခြင်း မရှိဘဲ ရှေ့သို့ ဆက်လက် တိုးဝင်နေဆဲဖြစ်ရာ၊ ခုနက တိုက်မိသွားသည်မှာ သစ်ရွက်တစ်ရွက်မျှသာ ဖြစ်သည့်အလားပင်။
"ဟိန်းးးးး"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သံမဏိခံတပ်ရှေ့မှ မဟာထန်တပ်ဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦး၏သူငယ်အိမ်မှာ ကျုံ့သွားခဲ့ပြီး မျက်နှာမှာလည်း ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
သန်မာတယ်
အလွန် သန်မာတယ်။
အနောက်ဘက်မှနေ၍ တစ်ဟုန်ထိုး ပြေးဝင်လာသော ဤသံချပ်ကာမြင်းတပ်၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်နေသော အရှိန်အဝါမှာ ကမ္ဘာနှင့် မြေကြီးကို ဖုံးလွှမ်းသွားခဲ့ပြီး၊ အခြားသော မြင်းတပ်များ လုံးဝမယှဉ်နိုင်သောအဆင့်တွင် ရှိနေပေသည်။
ဤသည်မှာ ထိပ်တန်း အဆင့်ရှိသော အထူးတပ်ဖွဲ့ တစ်ခုပင် ဖြစ်တော့သည်။
"ဟိန်းးးးး"
အဝေးဆီတွင်မူ သောင်းနှင့်ချီသော ထိပ်တန်း သံချပ်ကာမြင်းတပ်တို့၏ အကြည့်များမှာ အေးစိမ့်နေလျက်၊ လှုပ်ရှားမှုများမှာလည်း တစ်ပုံစံတည်း ဖြစ်နေကြကာ ရှေ့သို့ အရှိန်မြှင့် တိုးဝင်လာကြစဉ်၊ သူတို့၏ဦးခေါင်းအထက်တွင်မူ အရှိန်အဝါများမှာ စုစည်းသွားခဲ့ပြီး၊ မရေမတွက်နိုင်သော ဟိန်းဟောက်သံကြီးတစ်ခုမှာ လောကကို တုန်ဟိန်းသွားစေတော့သည်။
ထို့နောက်တွင်မူ လူတိုင်းသည် ထိတ်လန့်စရာကောင်းလှသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုစစ်တပ်ကြီး၏ အထက်ပိုင်းတွင် အလင်းနှင့် အရိပ်များမှာ ပြောင်းလဲသွားခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို အေးစိမ့်လှသော ကမ္ဘာတစ်ခုမှာ မသိမသာ ပေါ်ထွက်လာခဲ့ရာ ထိုအတွင်း၌ အရိုးစုများ တောင်လိုပုံနေလျက် သွေးများမှာ စိတ်ကြိုက် စီးဆင်းနေကာ အဆုံးမရှိသော နာကျည်းနေသည့် ဝိညာဉ်များမှာလည်း ငိုကြွေးမြည်တမ်းနေကြပြီး၊ ထိုကမ္ဘာ၏ ပိုမိုနက်ရှိုင်းရာနေရာတွင်မူ နက်မှောင်လှသော ရေစီးကြောင်းကြီး တစ်ခုမှာလည်း ပြင်းထန်စွာ လှိုင်းထန်နေလျက် အဝေးဆီသို့ စီးဆင်းသွားနေတော့သည်။
ထိုနက်မှောင်လှသော ရေစီးကြောင်း၏ အထက်တွင်မူ မရေမတွက်နိုင်သော ဦးခေါင်းခွံများနှင့် ခြေပြတ် လက်ပြတ်များမှာ ပေါ်လိုက်မြုပ်လိုက် ဖြစ်နေကြ၏။
ဤထိတ်လန့်စရာကောင်းလှသော မြင်ကွင်းမှာ မည်သူ့ကိုမဆို ရင်ထဲ၌ တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
ယိုမင် သံချပ်ကာမြင်းတပ်။
ဤသည်မှာ အန်းလုရှန်းက အရှေ့မြောက်ဘက် ယိုကျိုးတွင် တိတ်တဆိတ် လေ့ကျင့်ထားသော ထူးခြားသည့် တပ်ဖွဲ့ပင် ဖြစ်တော့သည်။
ကျန်းရှို့ကွေး၏ လက်အောက်တွင် မူလက ထိပ်တန်း ရှောင်ဟုတပ်ဖွဲ့တစ်ခု ရှိခဲ့ပါသော်လည်း၊ ဝမ်းနည်းစရာ ကောင်းသည်မှာ ရှောင်ဟုတပ်ဖွဲ မှာ ကျန်းရှို့ကွေး အပေါ်တွင် အလွန်ပင်သစ္စာရှိလွန်းလှသဖြင့်၊ အန်းလုရှန်းအနေဖြင့် မယုံကြည်ရသောကြောင့် အရှေ့မြောက်ဘက် တိုက်ပွဲအတွင်း၌ ရှောင်ဟုတပ်ဖွဲ့ တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ခဲ့ခြင်း ဖြစ်၏။
မည်သည့် ကြီးမားလှသော အင်အားစုမဆို၊ ကိုယ်ပိုင် ထူးခြားသည့် တပ်ဖွဲ့များ မရှိခဲ့ပါက၊ ရှောင်ဟုတပ်ဖွဲ့ သို့မဟုတ် ရှန်ဝူတပ်ဖွဲ့တို့ကဲ့သို့ တစ်ဦးတည်းဖြင့် လူတစ်ဆယ်၊ သို့မဟုတ် လူတစ်ရာကိုပင် ရင်ဆိုင်နိုင်သော ထိပ်တန်း စစ်အင်အားများ မရှိပါက၊ တစ်လောကလုံး၌ အခြေခိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပါချေ၊ ထို့ကြောင့် ရှောင်ဟုတပ်ဖွဲ့ မရှိတော့သည့်နောက်တွင် အန်းလုရှန်းအနေဖြင့် ကိုယ်ပိုင် တပ်ဖွဲ့တစ်ခုကို သေချာပေါက် လေ့ကျင့်ရမည် ဖြစ်၏။
အမှန်စင်စစ်အားဖြင့် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက အန်းလုရှန်းသည် ဤအချက်ကို နားလည်ခဲ့ပြီးသားဖြစ်သလို၊ တစ်ချိန်တည်းမှာပင် လိုအပ်သော ပြင်ဆင်မှုများကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ယိုမင် သံချပ်ကာမြင်းတပ်ဆိုသည်မှာ သူ အစဉ်တစိုက် သည်းခံလျက် တိတ်တဆိတ် ပြင်ဆင်လာခဲ့သော ရလဒ်ပင် ဖြစ်တော့သည်။
မဟာထန်စစ်တပ် လေးသောင်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပုံမှန် နယ်ပယ်ကို များစွာ ကျော်လွန်နေပြီ ဖြစ်ရာ၊ သာမန်စစ်သည်များကို အသုံးပြုရုံဖြင့် တားဆီးရန် မဖြစ်နိုင်ပါချေ။
ထိပ်တန်း တပ်ဖွဲ့များကိုမူ ထိပ်တန်း တပ်ဖွဲ့များဖြင့်သာ ပြန်လည် ရင်ဆိုင်ရမည် ဖြစ်၏
ချွင် ချွင် ချွင်
စစ်မြင်းများမှာ တစ်ဟုန်ထိုး ပြေးဝင်လာကြစဉ်၊ သောင်းနှင့်ချီသော ယိုမင် သံချပ်ကာမြင်းတပ်တို့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာလည်း အဆက်မပြတ် ပြောင်းလဲနေတော့သည်၊ အဆက်မပြတ်သော သတ္တုများ ထိခတ်သံများကိုသာ ကြားလိုက်ရပြီး စစ်ပွဲဆိုင်ရာ အလင်းကွင်းများမှာ အမည်းရောင် အခိုးအငွေ့များ တလိမ့်လိမ့် ထွက်ပေါ်နေလျက် တစ်ခုပြီးတစ်ခု ထိုယိုမင် သံချပ်ကာမြင်းတပ်များ၏ ခြေအောက်မှနေ၍ ပန်းထွက်လာကြတော့သည်။ သောင်းနှင့်ချီသော ယိုမင် သံချပ်ကာမြင်းတပ်တို့၏ တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်ပေါ်လာသော အရှိန်အဝါများမှာမူ ဂျောက်ခနဲ အသံနှင့်အတူ တစ်ဆင့်ထက်တစ်ဆင့် ပိုမိုမြင့်မားသွားခဲ့ကာ၊ ထပ်မံ၍ အဆင့်ပေါင်းများစွာကို ကျော်လွန်သွားခဲ့ပြီး၊ စိတ်ဓာတ်နှင့် ခွန်အားများမှာလည်း အပြည့်အဝ ပြည့်စုံနေလျက် ဝမ်ချောင်၏ ထိုစစ်သည်လေးသောင်းနှင့်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိတော့ပါချေ။
ထို့ပြင် စစ်တပ်ကြီး တစ်ဟုန်ထိုး ချီတက်လာချိန်၌ ဖြစ်ပေါ်လာသော လေပြင်းများက သံမဏိခံတပ်၏မြို့ရိုးကို ရိုက်ခတ်လိုက်သည့်အခါတွင်မူ၊ ၎င်းမှာ လက်တွေ့ ဘဝအဖြစ်ပင် ပေါ်ထွက်လာသကဲ့သို့ ရှိနေလျက် "ဘုန်းဘုန်း" ဟူသော မြည်ဟည်းသံများကို ထုတ်လွှတ်နေသဖြင့်၊ မည်သူ့ကိုမဆို မျက်နှာများ ပျက်ယွင်းသွားစေရန် လုံလောက်လှပေသည်။
"အပြင်ပန်းမှာ ရိုးသားသလိုနဲ့ ရင်ထဲမှာတော့ ကောက်ကျစ်လှတာပဲ၊ လူတိုင်းက သူ့ကို အထင်သေးခဲ့ကြတာပဲ၊ ဒီလိုမျိုး စစ်တပ်ကြီးတစ်ခုကို လေ့ကျင့်ပေးနိုင်ခဲ့တာကတော့၊ လေ၊ တော၊ မီး၊ တောင် အစရှိတဲ့ စစ်သေနင်္ဂဗျူဟာ လျှို့ဝှက်ချက်တွေကို အကုန်သိရှိထားတာပဲ၊ ဒီအချက် တစ်ခုတည်းနဲ့တင် ဒီဟူလူမျိုးခွေးကောင်ဟာ တစ်လောကလုံးက ဘယ်လို ထိပ်တန်း ဗိုလ်ချုပ်နဲ့မဆို ယှဉ်နိုင်နေပြီပဲ"
"ကျန်းညီနောင်ရဲ့ စစ်သည်လေ့ကျင့်ရေး အနှစ်သာရတွေကို သူက အကုန်ခိုးယူသွားခဲ့ပြီပဲ"
ဝမ်ကျုံးစစ်က ရုတ်တရက် မနေနိုင်တော့ဘဲ သက်ပြင်းချရင်း ဆိုလိုက်မိသည်။
"ဟွန်း… အဲဒီနေ့က နိုင်ငံပေါင်းစုံ စားပွဲတော်မှာ ဒီခွေးကောင်က မျှော်စင်ပေါ်မှာ ကခဲ့တာ၊ အရှက်မရှိတဲ့ အမူအရာတွေ အကုန် လုပ်ပြခဲ့လို့၊ နန်းတော်ထဲက အမတ်တွေ အကုန်လုံးက ကျယ်လောင်စွာ လှောင်ပြောင်ခဲ့ကြတာလေ၊ အခုတော့ ကြည့်လိုက်စမ်းပါဦး၊ တကယ်တော့ ဘယ်သူက အလှောင်ပြောင်ခံရမယ့်သူ ဖြစ်နေသလဲဆိုတာကို"
အာပုစစ်က ဒေါသတကြီး ဆိုလိုက်လေသည်။
အကယ်၍ နန်းတော်ထဲမှ အမတ်များသာ မျက်စိမမှားခဲ့ကြပါက၊ အန်းယာလုရှန်း ကဲ့သို့သော သူက မိမိကိုယ်မိမိ ဤမျှအထိ ကြီးထွားလာအောင် လုပ်ဆောင်နိုင်ပါမည်နည်း၊ ဤမျှသာမက နိုင်ငံအသီးသီးကို စည်းရုံးကာ မဟာထန်ကို ပုန်ကန်ရန်ပင် အခွင့်အရေး ရရှိသွားခဲ့သည် မဟုတ်ပါလော။
အနောက်ဘက် မလှမ်းမကမ်း နေရာတွင်မူ၊ ကျန်းရှို့ကွေးသည် သံချပ်ကာကို ဆင်မြန်းထားလျက်၊ သူ၏မျက်နှာမှာ တစ်ချက် တစ်ချက် ပြာနှမ်းသွားလိုက် ဖြူလျော့သွားလိုက် ဖြစ်နေတော့သည်။
အာပုစစ်က နန်းတော်ထဲမှ အမတ်များကိုသာ ဆဲဆိုလိုက်ခြင်း ဖြစ်ပါသော်လည်း၊ သေသေချာချာ စဉ်းစားကြည့်မည်ဆိုပါက သူသည်သာ စစ်မှန်သော "စတင်ခဲ့သူ" နှင့် "အဓိက တရားခံ" ပင် ဖြစ်တော့သည်
အကယ်၍ သူသာ မောက်မာဝင့်ကြွားခြင်း မရှိဘဲ မျက်စိမမှားခဲ့ပါက၊ ယနေ့ မြင်တွေ့နေရသော မြင်ကွင်းမျိုး ဘယ်လိုလုပ် ပေါ်ထွက်လာပါမည်နည်း။
တစ်နည်းအားဖြင့် ပြောရလျှင် ယနေ့ရှိနေသော အခြေအနေမှာ သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင် ဖြစ်တော့သည်။
သို့သော်လည်း ထိုသို့ ဖြစ်နေခြင်းကြောင့်ပင် ကျန်းရှို့ကွေး၏ ရင်ထဲ၌ ပိုမို၍ ဒေါသထွက်နေရခြင်းပင်။
"တိရစ္ဆာန်ထက် မိုက်တဲ့ကောင် ဘယ်လိုပဲ ဖြစ်ဖြစ် ငါကိုယ်တိုင် မင်းကို သတ်ပြီး ဒီအမှားကို အဆုံးသတ်ပေးရမယ်"
ကျန်းရှို့ကွေးက သူ၏ရင်ထဲ၌ နာကျည်းစွာ ဆိုလိုက်မိသည် သူ၏ လက်နှစ်ဖက်မှာ တင်းတင်းဆုပ်ကိုင်ထားလျက် လက်ဆစ်များမှာ တဗြစ်ဗြစ် မြည်နေတော့သည်။ လက်သည်းများက အသားထဲသို့ စိုက်ဝင်သွားခဲ့ပြီး သွေးများ ထွက်ပေါ်လာသည်ကိုပင် သူ သတိမပြုမိတော့ပါချေ။
"မျိုးနွယ်ခြားဘုရင်... ရန်သူက အင်အားကြီးမားလှတယ်၊ စစ်တပ်ကြီးကို မြို့ထဲ ပြန်ရုပ်သိမ်းဖို့ လိုမလား၊ အခုဆိုရင် အချိန်မီပါသေးတယ်"
တည်ငြိမ်လှသော အသံတစ်ခုမှာ လူတိုင်း၏ နားထဲတွင် မြည်ဟည်းသွားတော့သည်၊ ဝမ်ကျုံးစစ်မှာမူ ကျန်းရှို့ကွေး၏ တုံ့ပြန်မှုများကို သတိမပြုမိဘဲ၊ သူ၏ အကြည့်များမှာ ရှေ့တည့်တည့်မှ ဝမ်ချောင်အား စိုက်ကြည့်လျက် မေးမြန်းလိုက်ခြင်းပင်။
သံချပ်ကာ ခြေလျင်တပ်လေးသောင်းဖြင့် နိုင်ငံအသီးသီး၏ စစ်သည် နှစ်သိန်း နီးပါးခန့်ကို သုတ်သင်နိုင်ခဲ့ခြင်းမှာ၊ အထိအခိုက် ဆုံးရှုံးမှု အချိုးအစားမှာ တစ်ချိုး လေးဆယ် (၁:၄၀) ခန့် ရှိနေပေရာ၊ ဤကဲ့သို့သော ရလဒ်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်၊ လက်ရှိ အခြေအနေတွင် နောက်ဆုတ်မည်ဆိုပါကလည်း ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ ဖြစ်သလို၊ နိုင်ငံအသီးသီး၏ အရှိန်အဝါကိုလည်း အကြီးအကျယ် ထိုးနှက်နိုင်ခဲ့ပြီ ဖြစ်၏။
"မလောပါနဲ့ဦး"
ဝမ်ချောင်၏ အမူအရာမှာ တည်ငြိမ်နေလျက် မျက်နှာပေါ်၌လည်း အနည်းငယ်မျှ လှုပ်ခါခြင်း မရှိပါချေ။
"အခုက နောက်ဆုတ်ရမယ့် အချိန် မရောက်သေးပါဘူး"
ဝမ်ချောင်၏အသံမှာ အကျယ်ကြီး မဟုတ်ပါသော်လည်း၊ ထိုလေသံအတွင်း၌မူ ပြင်းထန်လှသော ယုံကြည်ချက်များ ကိန်းအောင်းနေတော့သည်။
ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ၊ အင်ပါယာ၏ ဗိုလ်ချုပ်သုံးဦးစလုံးမှာ အမူအရာများ မှင်တက်သွားကြရသည်။ ခြေလျင်တပ်ဖြင့် မြင်းတပ်ကို ရင်ဆိုင်ရာ၌၊ မြေပြင် အားသာချက် မရှိသော အခြေအနေမျိုးတွင်မူ ခြေလျင်တပ်မှာ အကြီးအကျယ် အသာမရ ဖြစ်နေမည်မှာ သေချာပါသော်လည်း၊ ဝမ်ချောင်၏ ဆိုလိုရင်းအရဆိုလျှင်၊ ထို လေးသောင်းသော စစ်တပ်ကြီးမှာ တစ်ဟုန်ထိုး ပြေးဝင်လာနေသော သောင်းနှင့်ချီသည့် ယိုမင် သံချပ်ကာမြင်းတပ်များကို ရင်ဆိုင်ရန် လုံလောက်နေသည့်အလားပင်
ပို၍တွေးတောနေရန် အချိန်မရလိုက်ပါချေ၊ ထိုအချိန်မှာပင် ရှေ့တည့်တည့်မှ စူးရှလှသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး လောကကို တုန်ဟိန်းသွားစေတော့သည်။
"သတိထားကြစမ်း"
မဟာထန်စစ်သည် လေးသောင်းများမှာလည်း ရှေ့တန်းမှ အပြောင်းအလဲများကို သတိပြုမိလိုက်ကြပြီး၊ ခြိမ်းခြောက်မှုများကို မသိမသာ ခံစားလိုက်ရသဖြင့်၊ လျင်မြန်စွာပင် စစ်ကြောင်း ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်ကြရင်း ရန်သူကို ဆီးကြိုရန် ပြင်ဆင်လိုက်ကြတော့သည်။
ပေ သုံးထောင် (၃၀၀ကျန့်)
ပေ တစ်ထောင် (၁၀၀ကျန့်)
ပေ ခြောက်ရာ (၆၀ကျန့်)
နှစ်ဖက် အကွာအဝေးမှာ အလွန်ပင် မြန်ဆန်လှသောအရှိန်ဖြင့် နီးကပ်လာခဲ့ပြီး၊ တဂျိမ်းဂျိမ်း မြည်ဟည်းနေသော မြင်းခွာသံများမှာ မိုးကြိုးသံအလား အဆက်မပြတ် ထွက်ပေါ်နေလျက်၊ လေထုမှာလည်း အလွန်ပင် တင်းမာနေတော့သည်။
စစ်မြေပြင်တွင်မူ သံမဏိခံတပ် မြို့ရိုးပေါ်ရှိ မဟာထန် စစ်တပ်များ ဖြစ်စေ၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည်များ ဖြစ်စေ၊ လူတိုင်း၏ အကြည့်များမှာ ဆွဲဆောင်ခြင်း ခံလိုက်ရကာ၊ ထိုထိပ်တန်းစစ်တပ်ကြီး နှစ်ခုပေါ်သို့သာ တစ်ညီတစ်ညွတ်တည်း ကျရောက်သွားကြတော့သည်။
တိုက်ပွဲမှာ စတင်ရုံမျှသာ ရှိသေးပါသော်လည်း၊ နှစ်ဖက်စလုံး၏ ထိပ်တန်း တပ်ဖွဲ့များမှာမူ တရားဝင် ထိပ်တိုက် ရင်ဆိုင်တော့မည်ဖြစ်ရာ၊ ဤကဲ့သို့သော တိုးတက်မှု အရှိန်မှာ လူတိုင်း ထင်မှတ်ထားသည်ထက် များစွာပိုမိုမြန်ဆန်လှပေသည်။
"သူတို့ကို ဆွဲဖြဲပစ်ကြစမ်း"
အဝေးဆီတွင်မူ မြင်းပေါ်၌ ချွေချန်းယုံနှင့်ထျန်းချန်ကျန်းတို့သည် ရှေ့တည့်တည့်ကို စိုက်ကြည့်နေကြလျက် အကြည့်များမှာ အလွန်ပင် အေးစိမ့်နေတော့သည်။
မည်သည့် ခေတ်ကာလတွင်မဆို စစ်သည်တို့၏ ခွန်အားချင်း တူညီနေပါက၊ မြင်းတပ်၏ တိုက်စစ် စွမ်းအားမှာ ခြေလျင်တပ်ထက် များစွာသာလွန်လှပေသည်။ ပို၍ အရေးကြီးသည့်အချက်မှာ ဤယိုမင်သံချပ်ကာမြင်းတပ်ဆိုသည်မှာ လက်တွေ့တွင်မူ သူတို့ အစောပိုင်းကတည်းက စိတ်ကူးထားခဲ့ကြသော တပ်ဖွဲ့ဖြစ်ကာ၊ တစ်နေ့နေ့တွင် အစီအစဉ် ပျက်ပြားသွားပြီး ကျန်းရှို့ကွေးနှင့် လမ်းခွဲရမည်ဆိုပါက ရှောင်ဟုတပ်ဖွဲ့ကို ပြန်လည် ရင်ဆိုင်ရန်အတွက် ရည်ရွယ်ထားခြင်းပင်။
ယိုမင် သံချပ်ကာမြင်းတပ်ကို စတင် စိတ်ကူးစဉ်ကတည်းက၊ ရှောင်ဟုတပ်ဖွဲ့ကို စိတ်ကူးယဉ် ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သလို၊ လေ့ကျင့်မှု နည်းလမ်းများနှင့် လုပ်ငန်းစဉ်များမှာလည်း ရှောင်ဟုတပ်ဖွဲ့၏ လေ့ကျင့်မှု နည်းလမ်းများကို ကိုးကားပြီး ပေါင်းစပ်ထားခြင်း ဖြစ်ပေသည်။
သံချပ်ကာမြင်းတပ် တို့၏ တိုက်စစ် စွမ်းအားနှင့် ပတ်သက်၍မူ
လွန်ခဲ့သော ယိုကျိုးမှာ ရှိစဉ်ကတည်းက ချွေချန်းယုံနှင့်ထျန်းချန်ကျန်းတို့မှာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးကြပေသည်။ ယိုမင် သံချပ်ကာမြင်းတပ် စစ်သည်တစ်ဦးမှာ တစ်ဟုန်ထိုး ပြေးဝင်လာစဉ် အလင်းကွင်းများ၏ အကူအညီ ရှိနေပြီး အရှိန်အဟုန်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အခြေအနေမျိုးတွင်မူ၊ လူတစ်ရပ်ကျော် မြင့်မားလှပြီး ခိုင်မာသိပ်သည်းလှသော ရွှမ်ဝူကျောက်တုံး တစ်တုံးကိုပင် မှုန့်မှုန့်ညက်ညက် ကြေသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိသလို၊ သုံးပေကျော် ထူထဲလှသော သံမဏိပြား တစ်ချပ်ကိုပင် ချိုင့်ဝင်သွားအောင် လုပ်ဆောင်နိုင်ပြီး နက်ရှိုင်းလှသော လှံရာကြီး တစ်ခုကိုလည်း ချန်ထားနိုင်စွမ်း ရှိပေသည်။
ဝမ်ချောင်စေလွှတ်လိုက်သော ထိုသံချပ်ကာအပြည့် ဆင်မြန်းထားသည့် ခြေလျင်တပ်များမှာမူ သူတို့၏ကိုယ်ပေါ်တွင် ထူထဲလှသော သံချပ်ကာများကို ဆင်မြန်းထားကြပါသော်လည်း၊ သုံးပေကျော် ထူထဲလှသော သံမဏိပြားများထက် ပိုမိုခိုင်မာပြီး ပိုမိုအစွမ်းထက်လိမ့်မည်ဟု မည်သို့မှ မဖြစ်နိုင်ပါချေ
ဤအချက်အရဆိုလျှင် တစ်လောကလုံး၌ နံပါတ်တစ် စစ်နတ်ဘုရားဖြစ်သူနှင့် ရင်ဆိုင်နေရပါစေဦး၊ ထိုစစ်သည်လေးသောင်းအင်အားမှာလည်း သိသိသာသာပင် အစွမ်းထက်လှသော စစ်အစီအရင်တစ်ခုကို ပိုင်ဆိုင်ထားပါစေဦး၊ ယိုမင် သံချပ်ကာမြင်းတပ်အနေဖြင့်မူ အနည်းငယ်မျှပင် ကြောက်ရွံ့စရာ မလိုပါချေ။
"ဟီးးးး"
အဆက်မပြတ်သော စစ်မြင်းတို့၏ဟိန်းဟောက်သံများမှာ ကောင်းကင်ယံအထိ ဟိန်းထွက်သွားတော့သည်၊ ထိုသူနှစ်ဦး တွေးတောနေစဉ်အတွင်းမှာပင် ပေပေါင်း ခြောက်ရာ အကွာအဝေးမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကာ၊ ရှေ့တန်းတွင်မူ သောင်းနှင့်ချီသော ယိုမင် သံချပ်ကာမြင်းတပ်များမှာ အရှိန်အဟုန်ဖြင့် ရှေ့တည့်တည့်မှ လေးသောင်းသော မဟာထန်သံချပ်ကာ ခြေလျင်တပ်များနှင့် နောက်ဆုံးတွင်မူ ပြင်းထန်စွာ ထိခတ်တိုက်ခိုက်လိုက်ကြတော့သည်။
******