အခန်း ၂၁၆၉
Vol. 134 Ch. 2169
အခန်း (၂၁၆၉) ငရဲတံခါးဝ
ဝုန်းခနဲ မြည်ဟည်းသွားသော အသံကို မည်သူမျှ ဖော်ပြရန် မစွမ်းသာချေ။ တပ်ဖွဲ့နှစ်ခု ထိပ်တိုက် ဝင်တိုက်လိုက်သည့် အခိုက်အတန့်တွင် မြေပြင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး၊ ရှေ့တည့်တည့်ရှိ တောင်တန်းကြီးတစ်ခုအလား မြင့်မားလေးလံလှသော သံမဏိခံတပ်ကြီးပင်လျှင် တဂျိမ်းဂျိမ်းနှင့် တုန်လှုပ်သွားခဲ့ရသည်။
ယိုကျိုး သံချပ်ကာမြင်းတပ်ဘက်တွင်မူ လူတိုင်းသည် နောက်မဆုတ်စတမ်း စိတ်ဓာတ်ဖြင့် အင်အားအပြည့် သုံးကာ အစွမ်းကုန် ကျုံးဝါးလျက် တိုးဝင်လာကြသည်။ အခြားတစ်ဖက်တွင်မူ မဟာထန်၏ လေးသောင်းသော စစ်တပ်ကြီးသည်လည်း သူတို့၏ လက်ထဲရှိ ဧရာမ ဓားရှည်များကို တောအုပ်တစ်ခုအလား တစ်ပြိုင်နက်တည်း အထက်သို့ မြှောက်ကိုင်လိုက်ကြ၏။
ယိုကျိုး သံချပ်ကာမြင်းတပ်တို့၏ ထိတ်လန့်စရာကောင်းလှသော အရှိန်အဟုန်ကို ရင်ဆိုင်ရာတွင် မဟာထန် စစ်တပ်မှာ အနည်းငယ်မျှပင် ကာကွယ်ရန် စိတ်ကူးမရှိဘဲ၊ တိုက်စစ်ဆင်သည့် နည်းလမ်းကိုသာ အသုံးပြုလျက် ရှေ့သို့ အတူတူ တိုးထွက်ကာ ဆီးကြိုလိုက်ကြသည်။
ဘုန်း ဘုန်း ဘုန်း
အဆက်မပြတ်သော တိုက်ခိုက်သံများမှာ နားထဲတွင် မစဲမနား မြည်ဟည်းနေတော့သည်။ စစ်တပ်ကြီးအတွင်း၌ ထူထဲလှသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် မဟာထန် သံချပ်ကာ ခြေလျင်တပ် စစ်သည်တစ်ဦးသည် မြင်းဟိန်းသံကြီးနှင့်အတူ မြင်းခွာဖြင့် ကန်ကျောက်ခြင်းကို ခံလိုက်ရသည်။ အလွန်ကြီးမားလှသော ခွန်အားများက ထိုစွမ်းအားကြီးသည့် မဟာထန်စစ်သည်၏ သံချပ်ကာကို ချိုင့်ဝင်သွားစေခဲ့ပြီး၊ သံချပ်ကာအောက်မှ သွေးမှုန်များ ပန်းထွက်သွားကာ လူကိုယ်တိုင်မှာမူ လေထဲသို့ ပြတ်ထွက်သွားသော စွန်တစ်ခုအလား ပေဆယ်နှင့်ချီ၍ လွင့်စဉ်သွားတော့သည်။ ထို့နောက် ဝုန်းခနဲ မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ အနီးနားရှိ အခြားသော မဟာထန် စစ်သည်များကိုပါ လိုက်ပါ တိုက်မိသွားစေခဲ့သည်။
မြင်းတပ်တို့၏ တိုက်စစ်အရှိန်အဟုန်၊ စစ်ပွဲဆိုင်ရာ အလင်းကွင်းများ၏ပံ့ပိုးမှု၊ ယိုမင် သံချပ်ကာမြင်းတပ်တို့၏ ကိုယ်ပိုင်ခွန်အားနှင့် သူတို့၏ကိုယ်တွင်းမှ ဂန်ချီ စွမ်းအင်များ အားလုံးမှာ ဤတိုက်ခိုက်မှု တစ်ချက်အတွင်း၌ စုစည်းနေခြင်းပင်။ ဤကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် ကြီးမားလှသော စွမ်းအားကိုမူ ဤသံချပ်ကာအပြည့် ဆင်မြန်းထားသော ခြေလျင်တပ်များပင်လျှင် ခံနိုင်ရည် မရှိကြပါချေ။
ထိုလွင့်စဉ်သွားသော စစ်သည်မှာ မြေပြင်သို့ မကျရောက်မီမှာပင် သူ၏ ဂန်ချီ အကာအကွယ်များ ပျက်စီးသွားခဲ့ရပြီး၊ အရိုးများ ကျိုးကြေကာ အတွင်းကလီစာများ ပေါက်ပြဲလျက် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
တစ်ဦး၊ နှစ်ဦး၊ သုံးဦး... နှစ်ဖက် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် စစ်သည် ရာနှင့်ချီ၍ လေထဲသို့ ရိုက်ထုတ်ခြင်း ခံလိုက်ရကာ မျက်နှာချင်းဆိုင်မှ မြင်းတပ်တို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ယိုမင် သံချပ်ကာမြင်းတပ်တို့ ပြသလိုက်သည့် ခွန်အားမှာ မည်သူ့ကိုမဆို မျက်မှောင်ကြုတ်ကာ တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် လေးသောင်းသော မဟာထန် သံချပ်ကာ ခြေလျင်တပ်များသည်လည်း သူတို့၏ ကိုယ်ပိုင်အစွမ်းထက်လှသော ခွန်အားကို ထုတ်ဖော်ပြသလိုက်ကြပြန်သည်။
ယိုမင် သံချပ်ကာမြင်းတပ်တို့၏ တိုက်စစ်အရှိန်မှာ အမှန်တကယ်ပင် ကြီးမားလှပါသော်လည်း၊ ၎င်းမှာ မိမိတို့ဘက်မှ ပေးဆပ်စရာ မလိုဟု မဆိုလိုပါချေ။
"ဝုန်း"
လျှပ်စစ်မီးပွင့်သည့်အလား မြန်ဆန်လှသော အရှိန်အတွင်း၌၊ ထိခတ်မိသည့် အခိုက်အတန့်တွင်ပင် ထွားကျိုင်းမတ်မတ်လှသော မဟာထန် ခြေလျင်တပ်သား တစ်ဦးသည် ကိုယ်ကို ရုတ်တရက် တိမ်းစောင်းလိုက်ရာ၊ မယုံနိုင်စရာ ကောင်းလှသော လျင်မြန်မှုဖြင့် ထိုသေစေနိုင်သည့် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဓားကို မြှောက်ကာ ခုတ်ပိုင်းလိုက်ရာ၊ ဘေးချင်းယှဉ် ဖြတ်ကျော်သွားသည့် ခဏချင်းမှာပင် သပ်ရပ်ပြတ်သားပြီး ပြင်းထန်လှသော နည်းလမ်းဖြင့် မြင်းပေါ်မှ ယိုမင် သံချပ်ကာမြင်းတပ်သားကို သတ်ဖြတ်လိုက်သလို၊ ထူထဲလှသော သံချပ်ကာ ဆင်မြန်းထားသည့် ယိုမင် စစ်မြင်းကြီးကိုပါ ပိုင်းဖြတ်လိုက်တော့သည်။
ခွန်အား တစ်ခုတည်းကပင် အရာရာကို အောင်နိုင်ခြင်း ပင် ဖြစ်သည်။
ခွန်အားမှာ တစ်စုံတစ်ရာသော အဆင့်သို့ ရောက်ရှိသွားသည့်အခါ နည်းဗျူဟာများစွာကို အသုံးပြုရန်ပင် မလိုအပ်တော့ပါချေ။
"ဝုန်း"
ထိုယိုမင် သံချပ်ကာမြင်းတပ်သားမှာ လူနှင့်မြင်း နှစ်ခြမ်းကွဲသွားခဲ့ရသော်လည်း၊ ကြီးမားလှသော အရှိန်အဟုန် စွမ်းအားများကြောင့် ပေဆယ်ကျော်အထိ မြေပြင်ပေါ်၌ လျှောတိုက်သွားပြီးမှသာ ရပ်တန့်သွားတော့သည်။ ကြီးမားလှသော ခွန်အားများကြောင့် စစ်မြေပြင်တွင် သွေးမှုန်များ တစ်ဟုန်ထိုး ပွင့်ထွက်သွားခဲ့ရရာ ကြည့်ရသည်မှာ အလွန်ပင် ကျောချမ်းဖွယ် ကောင်းလှပေသည်။
တစ်စီး၊ နှစ်စီး၊ သုံးစီး...
တစ်ဦးချင်း ခွန်အားသက်သက်ကိုသာ ကြည့်မည်ဆိုပါက ဝမ်ချောင် လေ့ကျင့်ပေးထားသော စစ်တပ်မှာ ယိုကျိုးဘက်မှ အန်းလုရှန်းထက် အဘယ်ကြောင့် လျော့နည်းနိုင်ပါမည်နည်း။
အချိန်တိုအတွင်းမှာပင် ယိုမင် သံချပ်ကာမြင်းတပ် ထောင်နှင့်ချီ၍ မဟာထန် သံချပ်ကာ ခြေလျင်တပ်တို့၏ ဧရာမ ဓားရှည်များအောက်တွင် နှစ်ခြမ်းကွဲကုန်ကြလျက် ထိုနေရာ၌ပင် အသတ်ခံလိုက်ရတော့သည်။
ဤတစ်ကြိမ် တိုက်စစ်မှာ မည်သူထင်မှတ်ထားသည်ထက်မဆို ပိုမိုရက်စက်ကြမ်းတမ်းလှပေရာ ဝမ်ချောင်၏ခြေလျင်တပ်များ ဖြစ်စေ၊ ယိုကျိုးဘက်မှ ယိုမင်သံချပ်ကာမြင်းတပ်များဖြစ်စေ၊ ထိပ်တိုက်ရင်ဆိုင်ရုံမျှဖြင့် ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ကြရသည်။
သို့သော်လည်း ဤထိပ်တန်း တပ်ဖွဲ့ကြီး နှစ်ခုအတွက်မူ ဤသည်မှာ သေးငယ်လှသော ပေးဆပ်မှုမျှသာ ရှိသေး၏။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံး၏ အသေအလဲ တိုက်ခိုက်မှုမှာ ဆက်လက် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
ယခုတစ်ကြိမ်တွင်မူ တစ်ဦးချင်း တိုက်ခိုက်မှု မဟုတ်တော့ဘဲ၊ စစ်အစီအရင်ကြီး နှစ်ခုကြားမှ အားပြိုင်မှုပင် ဖြစ်တော့သည်။
သောင်းနှင့်ချီသော ယိုမင်သံချပ်ကာမြင်းတပ်တို့၏အထက်တွင်မူ၊ ထိုထိတ်လန့်စရာကောင်းလှသော ယိုမင် ထင်ယောင်ထင်မှား ပုံရိပ်မှာ ထပ်မံပေါ်ထွက်လာခဲ့ပြီး၊ နယ်ပယ်မှာ ပိုမိုကျယ်ပြန့်လာသလို ပို၍လည်း ရှင်းလင်းလာတော့သည်။ တစ္ဆေတစ်သောင်း ငိုကြွေးသံများမှာ ထိုအတွင်းမှ ထွက်ပေါ်လာခဲ့ရာ၊ ထိုအသံကို ကြားလိုက်ရသူတိုင်းသည် မိမိတို့၏ မျက်စိရှေ့တွင် အလောင်းချင်း ထပ်နေပြီး သွေးပင်လယ်ကြီး ဖြစ်ပေါ်နေသကဲ့သို့ ခံစားလိုက်ရကာ၊ အဆုံးမရှိသော သတ်ဖြတ်ခြင်း အရှိန်အဝါများက မျက်နှာကို ရိုက်ခတ်လာပြီး ယိုမင် ကမ္ဘာအတွင်းရှိ အဆုံးမရှိသော အရိုးစုများမှာ အသက်ဝင်လာကြလျက် အတွင်းမှနေ၍ ထွက်ပေါ်လာတော့မည့်အလား ရှိနေတော့သည်။
ဤမျှသာမကဘဲ ယိုမင် စစ်အစီအရင်၏ ပံ့ပိုးမှုအောက်တွင်၊ သောင်းနှင့်ချီသော ယိုမင် သံချပ်ကာမြင်းတပ်တို့သည် လူငါးရာလျှင် တစ်ဖွဲ့စီဖြင့် ဖွဲ့စည်းလိုက်ကြရာ၊ ၎င်းမှာ ထက်မြက်လှသော သွားဖုံးဘီးများအလား ဖြစ်သွားခဲ့ပြီး၊ အေးစိမ့်ရက်စက်လှသော နည်းလမ်းဖြင့် သူတို့၏ ပြိုင်ဘက်များကို ဖျက်ဆီးလိုက်ကြတော့သည်။
သတ်ဖြတ်နိုင်စွမ်း တစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါက ယိုမင် စစ်အစီအရင် အခြေအနေတွင် ရှိနေသော ယိုကျိုး စစ်တပ်ကြီးမှာ ဓားတောင်ကြီး တစ်ခုနှင့်ပင် အလားသဏ္ဌာန် တူနေတော့သည်၊ ၎င်းမှာ အသက်ဇီဝများကို သုတ်သင်သူ ဖြစ်သလို သေမင်း၏ တေးသွားကို တီးခတ်သူလည်း ဖြစ်ပေသည်။
ကမ္ဘာ့စစ်မြေပြင် စင်မြင့်ထက်တွင် ဤ ယိုမင် သံချပ်ကာမြင်းတပ်တို့မှာ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်ပါသော်လည်း၊ သူတို့၏ ထိတ်လန့်စရာကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်မှာ မည်သည့် အင်အားစုကိုမဆို အံ့ဩမှင်တက်သွားစေရန် လုံလောက်လှပေသည်။
အခြားတစ်ဖက်တွင်မူ လေးသောင်းသော မဟာထန် သံချပ်ကာ ခြေလျင်တပ်တို့၏ အရှိန်အဝါမှာလည်း ချက်ချင်းပင် မြင့်တက်လာတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
မြေပြင်ကြီးမှာ တုန်ဟိန်းသွားခဲ့ပြီး၊ လေးသောင်းသော ခြေလျင်တပ်တို့၏ အထက် ကောင်းကင်ယံ၌ သွေးမှုန်များမှာ အနက်ရောင် မီးလျှံများနှင့် ရောထွေးလျက် ပန်းထွက်လာတော့သည်။ ထိုသွေးမှုန်များနှင့် အနက်ရောင် မီးလျှံများ၏ အလယ်ဗဟိုတွင်မူ၊ ကြီးမားလှသော အနီနှင့် အနက်ရောင် ရောယှက်နေသည့် ကျောက်ပြားဝိုင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ရာ၊ ၎င်း၏အချင်းမှာ ပေရာနှင့်ချီ၍ ကြီးမားလှပြီး တဂျိမ်းဂျိမ်းနှင့် အဆက်မပြတ် လည်ပတ်နေလျက်၊ ခပ်သိမ်းသော အရာဝတ္ထုများကို မှုန့်မှုန့်ညက်ညက် ကြေသွားအောင် ကြိတ်ခြေတော့မည့်အလား ရှိနေတော့သည်။
ထို ဧရာမကျောက်ပြားဝိုင်းကြီး၏ အနောက်တွင်မူ၊ ကျောက်ပြားဝိုင်းထက် ပိုမို ကြီးမားသော အမိုးခုံးပုံစံ တံခါးဝကြီးတစ်ခု မတ်မတ် တည်ရှိနေပြီး၊ ထိုအမိုးခုံး တံခါးဝ၏ ဘေးတစ်ဖက်စီတွင်မူ မည်သူမျှ ဖတ်ကြား၍ မရနိုင်သော စိပ်လှသည့် အနီနှင့် အနက်ရောင် ရှေးဟောင်း စာလုံးများနှင့် အမှတ်အသားများ ရှိနေပေသည်။ တံခါးဝ အတွင်းပိုင်းမှနေ၍ မိစ္ဆာဆိုးများနှယ် ဟိန်းဟောက်သံများမှာ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်နေခဲ့ရာ ကြားရသူတိုင်းအား ကြက်သီးမွေးညင်း ထသွားစေရန် လုံလောက်လှပေသည်။
ငရဲတံခါးဝ
ဤသည်မှာ ခပ်သိမ်းသော အသက်ဇီဝများ နောက်ဆုံးတွင် သွားရမည့် နေရာပင် ဖြစ်တော့သည်။
လေးသောင်းသော မဟာထန် သံချပ်ကာ ခြေလျင်တပ်တို့၏ ဦးခေါင်းအထက်တွင် ပေါ်ထွက်နေသော ငရဲကြိတ်စက် ထင်ယောင်ထင်မှား ပုံရိပ်မှာ ပြင်းထန်လှသော သေမင်း၏ အရှိန်အဝါများ ပြည့်နှက်နေလျက် တစ်နည်းအားဖြင့် ပြောရလျှင် မျက်နှာချင်းဆိုင်မှ ယိုမင်ထင်ယောင်ထင်မှား ပုံရိပ်ထက်ပင် ပိုမိုအစွမ်းထက်နေသေးတော့သည်။
တစ်ခုမှာ ယိုမင် ကမ္ဘာ…
အခြားတစ်ခုမှာ ငရဲကြိတ်စက်..
နှစ်ခုစလုံးတွင် တူညီသော အချက်မှာ သေဆုံးသူတို့၏ကမ္ဘာ ဖြစ်ခြင်းပင်၊ သို့သော် ကွဲပြားခြားနားသည်မှာ တစ်ခုက သတ်ဖြတ်ခြင်းကို အဓိကထားပြီး အခြားတစ်ခုမှာမူ ပျက်သုဉ်းခြင်းကို အဓိကထားခြင်းပင် ဖြစ်တော့သည်။
"ဝုန်း ဝုန်း ဝုန်း"
"သတ်စမ်း"
မြေကြီးမှာ မြည်ဟည်းနေလျက်၊ သတ်ဖြတ်လိုသော အော်ဟစ်သံများမှာ ဟိန်းထွက်နေတော့သည်။ သောင်းနှင့်ချီသော ယိုမင်သံချပ်ကာမြင်းတပ်တို့မှာ ထက်မြက်လှသော သွားဖုံးဘီးများအလား အလွန်ပင် ထိတ်လန့်စရာကောင်းလှသော နည်းလမ်းဖြင့် မျက်နှာချင်းဆိုင်မှ မဟာထန် သံချပ်ကာ ခြေလျင်တပ်များကို အဆက်မပြတ် ပိုင်းဖြတ်နေကြသလို၊ တစ်ချိန်တည်းမှာပင် မဟာထန် စစ်တပ်မှ ဖွဲ့စည်းလိုက်သော ငရဲကြိတ်စက် စစ်အစီအရင်ကြီးမှာလည်း စွမ်းအားအပြည့် ထွက်ပေါ်လာခဲ့ပြီး၊ မျက်နှာချင်းဆိုင်မှ ယိုမင် စစ်အစီအရင်ကြီးနှင့် အဆက်မပြတ် ပွတ်တိုက်ခြင်း၊ ရိုက်ခတ်ခြင်း၊ လည်ပတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်နေတော့သည်။
သတ်ဖြတ်သံများက အရာရာကို ဖုံးလွှမ်းသွားခဲ့ပြီး၊ တစ်စစ်မြေပြင်လုံး၏ ရှေ့တန်းတွင်မူ လေပြင်းများမှာ တစ်ညံညံ တိုက်ခတ်နေလျက် ရှိ၏။ မြေပြင်ပေါ်ရှိ ထူထဲလှသော နှင်းများမှာ သွေးစက်များ စွန်းထင်နေလျက်၊ နှစ်ဖက် စစ်တပ်တို့၏ တိုက်ခိုက်မှု စွမ်းအားများကြောင့် ဟာလာဟင်းလင်းပြင် အတွင်းသို့ လွင့်တက်သွားခဲ့ရကာ၊ မီတာ ဆယ်နှင့်ချီ၍ မြင့်မားလှသော သွေးမှုန်လှိုင်းကြီးများအဖြစ် စစ်မြေပြင်တစ်ခုလုံး၌ ဖုံးလွှမ်းနေတော့သည်။
ခဏတာအတွင်း၌ သတ်ဖြတ်သံများမှာ တစ်ညံညံ ရှိနေလျက်၊ စစ်မြင်းများမှာလည်း အဝင်အထွက် ရှိနေကြရာ၊ ထိုသွေးမှုန်များ၏ သက်ရောက်မှုကြောင့် လူတိုင်း၏ အမြင်အာရုံမှာ များစွာ ထိခိုက်သွားခဲ့ရသည်။
"ဟူး"
အေးစိမ့်လှသော လေပြင်းတစ်ခုမှာ စစ်မြေပြင်ကို ဖြတ်ကျော် တိုက်ခတ်သွားခဲ့ပြီး၊ တစ်စစ်မြေပြင်လုံးမှာမူ ဤအခိုက်အတန့်၌ ထူးထူးခြားခြား တိတ်ဆိတ်သွားခဲ့ရကာ၊ အကြည့်များ အားလုံးမှာမူ ဤစစ်တပ်ကြီး နှစ်ခုပေါ်သို့သာ စုပုံကျရောက်သွားကြတော့သည်။
စစ်မြေပြင်တွင် စွမ်းအားများမှာ တလိမ့်လိမ့် ထွက်ပေါ်နေလျက် သွေးမှုန်များမှာလည်း ဖုံးလွှမ်းနေသဖြင့် ခေတ္တမျှအတွင်းမှာပင် တိုက်ခိုက်နေကြသော နှစ်ဖက် စစ်တပ်မှလွဲ၍ အခြားသော စစ်တပ်များမှာ အနားသို့ လုံးဝ တိုးကပ်မလာနိုင်ဘဲ ရှိနေကြတော့သည်။
လူတိုင်းမှာ လေးနက်သော အမူအရာများ ရှိနေကြလျက် ဤတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြခြင်းပင်။
"ဝုန်း"
စကားပြောရသည်မှာ ကြာပါသော်လည်း လက်တွေ့တွင်မူ အလွန်ပင် မြန်ဆန်လှပေသည်။ လူတိုင်း အစိုးရိမ်ဆုံး ဖြစ်နေသည့် အချိန်တွင် ရုတ်တရက်ဆိုသလို စူးရှလှသော ဟိန်းဟောက်သံကြီး တစ်ခုမှာ ကမ္ဘာယံအထိ ဟိန်းထွက်သွားတော့သည်။ လူတိုင်း၏ အကြည့်များအောက်တွင် ထိုသွေးမှုန်များကြား၌ ဟာလာဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး ဧရာမ လူရိုးစုကြီးတစ်ခုမှာ တစ်ကိုယ်လုံးမှ အမည်းရောင် အခိုးအငွေ့များ တလိမ့်လိမ့် ထွက်ပေါ်နေလျက်၊ သွေးမှုန်များကြားမှ ရုတ်တရက် မတ်တပ်ရပ်လာခဲ့ရာ၊ အရိုးစုများမှာ မသိမသာ မြင်တွေ့နေရပြီး ရက်စက်ကြမ်းတမ်းသော နိမိတ်များကို ပြသလျက် မျက်နှာချင်းဆိုင်မှ ငရဲကြိတ်စက် ဆီသို့ ခုန်အုပ် တိုက်ခိုက်လိုက်တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စစ်တပ်ကြီး၏ အနောက်ဘက်တွင်မူ ယိုကျိုး စစ်သည် တစ်ဦးချင်းစီမှာ ကျယ်လောင်သောအောင်ပွဲခံ အော်ဟစ်လိုက်ကြတော့သည်။
ယိုမင် အရိုးစု၊
ဤသည်မှာ ယိုမင် စစ်အစီအရင်ကြီး အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် အခြေအနေဖြစ်ပြီး၊ ဤဧရာမ အရိုးစုကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ယိုမင်သံချပ်ကာမြင်းတပ်တို့၏ ခွန်အားမှာလည်း အကြီးအကျယ် တိုးတက်သွားမည်ဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ သူတို့ကို တားဆီးနိုင်မည့် အရာမှာ အခြေခံအားဖြင့် မရှိတော့ပါချေ။
"ဝုန်း"
နောက်တစ်ခဏ၌ ထင်မှတ်ထားသည့်အတိုင်းပင်၊ မရေမတွက်နိုင်သော လူများ၏ အကြည့်များအောက်တွင်၊ ထိုမီတာ ဆယ်နှင့်ချီ၍ မြင့်မားလှသော ဧရာမ လူရိုးစုကြီး၏ ဧရာမ လက်ဝါးကြီးမှာ ရုတ်တရက် ထိုးသွင်းလိုက်ရာ ဖြူဖွေးလှသော အရိုးစု လက်သည်းကြီးနှစ်ခုမှာ မျက်နှာချင်းဆိုင်မှ ငရဲကြိတ်စက်အတွင်းသို့ ပြင်းထန်စွာ စိုက်ဝင်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စစ်မြေပြင်တွင် အမြဲတမ်း ကြားနေရသော ထို ကျောက်ပြားဝိုင်း လည်ပတ်သံကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ ထိုဧရာမ ကျောက်ပြားဝိုင်းကြီးမှာလည်း သွေးမှုန်များကြားမှ ထောင့်တစ်ခု မသိမသာ ပေါ်ထွက်လာခဲ့ကာ ဟာလာဟင်းလင်းပြင်၌ လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်သွားတော့သည်။
"ငါတို့ နိုင်ပြီဟေ့ ဟားဟားဟား"
"သူတို့ကို အကုန် သတ်ပစ်ကြစမ်း"
"ယိုမင် သေချာပေါက် အောင်ရမယ်၊ အရှင်သခင်ကတော့ အနှိုင်းမဲ့ပဲ"
"သံမဏိခံတပ် ကို ချိုးဖျက်ပြီး မဟာထန်ကို အမြစ်ပြတ် သုတ်သင်ကြစမ်း"
...
ယိုကျိုး စစ်သည်တစ်ဦးချင်းစီမှာ ရူးသွပ်စွာ အော်ဟစ်လိုက်ကြသလို၊ အခြားသော နိုင်ငံအသီးသီးမှ စစ်သည်များမှာလည်း လိုက်ပါအော်ဟစ်လိုက်ကြတော့သည်။
ဤမဟာထန်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှပေရာ၊ အချိန်တိုအတွင်းမှာပင် မဟာမိတ်တပ်ဖွဲ့ဝင် အများအပြားကို သတ်ဖြတ်နိုင်ခဲ့ပါသော်လည်း၊ မည်မျှပင် အစွမ်းထက်ပါစေဦး နောက်ဆုံးတွင်မူ နိုင်ငံအသီးသီး၏ သုတ်သင်ခြင်းကို ခံရမည်သာ ဖြစ်သည် မဟုတ်ပါလော၊ ထိုမျှလောက် အစွမ်းထက်လှသော ကျောက်ပြားဝိုင်း စစ်အစီအရင်ကြီးမှာလည်း နောက်ဆုံးတွင်မူ ယိုမင် သံချပ်ကာမြင်းတပ်တို့၏ ခြေဖျက်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။
မြင်းပေါ်တွင်မူ ချွေချန်းယုံနှင့် ထျန်းချန်ကျန်းတို့သည်လည်း မသိမသာ ပြုံးလိုက်မိကြပြီး တစ်ကိုယ်လုံးလည်း များစွာပေါ့ပါးသွားခဲ့ရသည်။
"နိုင်ပြီ"
ချွေချန်းယုံက ရုတ်တရက် စကားဆိုလိုက်ရာ၊ စကားလုံး နှစ်လုံးတည်းကိုသာ ဆိုလိုက်ခြင်းပင်။
"နိုင်ပြီ"
မလှမ်းမကမ်း နေရာမှ ထျန်းချန်ကျန်းကလည်း လိုက်ပါ ဆိုလိုက်လေသည်။
ယခင်က တိုက်ပွဲမှာ အလွန်ပင် ရက်စက်ကြမ်းတမ်းလှပေသည်။ ယိုမင် စစ်အစီအရင်ကြီးနှင့် ငရဲကြိတ်စက် စစ်အစီအရင်ကြီးတို့မှာ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ရိုက်ခတ်ခဲ့ကြပြီး၊ ပေါက်ကွဲထွက်ပေါ်လာသော အရှိန်အဝါများမှာလည်း အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေရာ အချိန်တိုအတွင်းမှာမူ မည်သူကမျှ အသာမရဘဲ ရှိနေခဲ့ကြပါသော်လည်း၊ နောက်ဆုံးတွင်မူ ယိုကျိုးဘက်ကသာ နည်းဗျူဟာပိုင်း၌ သာလွန်သွားခဲ့ခြင်းပင်။
လူရိုးစုကြီးက ငရဲကြိတ်စက်ကို ထိန်းချုပ်လိုက်နိုင်ခြင်းမှာ၊ လက်တွေ့တွင် နှစ်ဖက် တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို ဖော်ပြလိုက်ခြင်းပင် ဖြစ်ရာ၊ သံသယဖြစ်ဖွယ် မရှိဘဲ ယိုကျိုးဘက်က နိုင်သွားခဲ့ပြီ ဖြစ်၏။
"ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ အလုံးစုံ တိုက်စစ်ဆင်ဖို့ ပြင်ကြစမ်း"
ချွေချန်းယုံက အေးစိမ့်စွာ ဆိုလိုက်ပြီး သူ၏ ၏နှုတ်ခမ်းထောင့်တွင် ရက်စက်လှသော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထိုမဟာထန်စစ်သည် လေးသောင်းတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသားပင် ဖြစ်တော့သည်။ စစ်အစီအရင် ပျက်စီးသွားပြီဖြစ်ရာ၊ ထိုသူများမှာ ခဏတာမျှပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါချေ၊ နောက်ပိုင်းတွင် သူ စဉ်းစားရမည်မှာ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များကို စုစည်းကာ မိမိတို့ ရှေ့မှောက်ရှိ ထို ဧရာမ သံမဏိခံတပ်ကြီးကို အမြစ်ပြတ် ချေမှုန်းရန်အတွက်ပင်။
"အခြားသော နိုင်ငံတွေကို ဆက်သွယ်လိုက်ပါ၊ မြို့သိမ်းတပ်ဖွဲ့တွေ ထွက်ခွာဖို့..."
ချွေချန်းယုံက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း၊ အခြားသော အမိန့်ပေးစေလွှတ်သူ စစ်သည်တစ်ဦးအား နိုင်ငံအသီးသီး၏ ဗိုလ်ချုပ်များနှင့် သွားရောက် ဆက်သွယ်ခိုင်းလိုက်လေသည်။
ယိုကျိုးသည် နိုင်ငံအသီးသီးမှ အသိအမှတ်ပြုထားသော မဟာမိတ်ခေါင်းဆောင် ဖြစ်သည့်အလျောက်၊ လူတိုင်း၏ ယုံကြည်မှုကို ရရှိရန်အတွက် ရှေ့ဆုံးမှနေ၍ တိုက်ပွဲဝင်ပြရန် လိုအပ်ပေသည်၊ သို့သော် ၎င်းမှာ နိုင်ငံအသီးသီး၏ ထိပ်တန်း ဗိုလ်ချုပ်များနှင့် အထူးတပ်ဖွဲ့များမှာ ယခုအချိန်အထိ လှုပ်ရှားခြင်း မရှိသေးဟုလည်း ဆိုလိုခြင်းပင် ဖြစ်တော့သည်။
သို့သော်လည်း ဤအခိုက်အတန့်၌၊ စစ်မြေပြင်၏ ရှေ့တန်းတွင်မူ အပြောင်းအလဲများ ထပ်မံ ပေါ်ထွက်လာခဲ့ရာ၊ လူတိုင်း မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်လာခဲ့တော့သည်။
"ဟိန်းးးးး"
မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ၊ သံမဏိခံတပ် ရှေ့မှ တလိမ့်လိမ့် ထွက်ပေါ်နေသော သွေးမှုန်များကြားတွင် ထိုယိုမင် စစ်အစီအရင်ကြီးမှ စုစည်းထားသော မီတာ ဆယ်နှင့်ချီ မြင့်မားသည့် ဧရာမ လူရိုးစုကြီး၏တစ်ကိုယ်လုံးမှာ တုန်ခါသွားခဲ့ပြီး၊ အလွန်ပင် နာကျင်လှသော အော်ဟစ်သံကြီး တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။ သူ၏ ဖြူဖွေးလှသော အရိုးစု လက်သည်းကြီး နှစ်ခုမှာ မူလက မျက်နှာချင်းဆိုင်မှ ငရဲကြိတ်စက်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါသော်လည်း၊ ယခုအခါတွင်မူ ရုတ်တရက်ဆိုသလို "ဖောင်း" ဟူသော အသံနှင့်အတူ ထိတ်လန့်စရာကောင်းလှသော စွမ်းအားတစ်ခုကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ရတော့သည်။
ဤမျှသာမကဘဲ ကျောက်ပြားဝိုင်းကြီးမှာ မြည်ဟည်းလျက် ထပ်မံလည်ပတ်လာချိန်တွင်မူ၊ ထိုဧရာမ လူရိုးစုကြီးမှာလည်း ထို ထိတ်လန့်စရာကောင်းလှသော စွမ်းအားများ၏ ရိုက်ခတ်မှုကြောင့် အပြီးတိုင် ကြေမွသွားခဲ့ရပြီး၊ တစ်ကိုယ်လုံးမှာ လေးစိတ်သာမက ရှစ်စိတ် ကွဲလျက် အပိုင်းပိုင်းအစစ ပွင့်ထွက်သွားတော့သည်။
လူရိုးစုကြီး၏ တားဆီးမှု မရှိတော့သည့်နောက်တွင်မူ၊ ဧရာမ ကျောက်ပြားဝိုင်းကြီးမှာ မြည်ဟည်းလျက်၊ လည်ပတ်နေလျက် ဧရာမ သားရဲကြီး တစ်ကောင်အလား၊ မျက်နှာချင်းဆိုင်မှ ယိုမင်သံချပ်ကာမြင်းတပ်များဆီသို့ ပြင်းထန်စွာ ရိုက်ခတ်တိုက်ခိုက်လိုက်ပါတော့သည်။
******