အခန်း ၂၁၇၀
Vol. 134 Ch. 2170
အခန်း (၂၁၇၀) တပ်မနှစ်ရပ် အားပြိုင်ခြင်း
"အားးး"
နာကျင်စွာ အော်ဟစ်သံများမှာ မျက်နှာချင်းဆိုင်မှ တစ်ရက်ဆက်တည်း ထွက်ပေါ်လာတော့သည်၊ ဧရာမ ကြိတ်စက်ကြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မရေမတွက်နိုင်သော ယိုမင် သံချပ်ကာမြင်းတပ် စစ်သည်များမှာ တစ်ဦးပြီးတစ်ဦး လွင့်စဉ်သွားကြရသည်။
စစ်မြေပြင် ကောင်းကင်ယံ၌ ဖုံးလွှမ်းနေသော သွေးမှုန်များမှာ ထိတ်လန့်စရာကောင်းလှသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကြောင့် လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်းသည် စစ်မြေပြင် အလယ်ဗဟိုမှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
ကျယ်ပြန့်လှသော စစ်မြေပြင်တွင် ယခင်နှင့် နှိုင်းယှဉ်လျှင် ထို သောင်းနှင့်ချီသော မဟာထန် စစ်တပ်မှာ ယခင်ကကဲ့သို့ ခန့်ညားထည်ဝါမှုများ မရှိတော့ပါချေ။ မူလက ပြည့်စုံလှသော ဧရာမ ငရဲကြိတ်စက် စစ်အစီအရင်ကြီးမှာ ကြီးမားလှသော ဟာကွက်များ ပေါ်ထွက်နေခဲ့ပြီဖြစ်ကာ၊ စစ်သည်အင်အားမှာလည်း အနည်းဆုံး ခြောက်ထောင် ခုနစ်ထောင်ခန့် တစ်ဟုန်ထိုး လျော့နည်းသွားခဲ့ရပြီ ဖြစ်သည်။ သူတို့၏ ခြေအောက်ရှိ မြေပြင်ပေါ်တွင်လည်း အလောင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေတော့သည်။
စစ်ပွဲ စတင်ခဲ့သည်မှစ၍ ဤစစ်တပ်မှာ အရာရာကို ဖောက်ထွက်နိုင်စွမ်း ရှိနေခဲ့ပြီး မည်သည့် စစ်တပ်ကမျှ သူတို့၏ ပြိုင်ဘက် မဖြစ်ခဲ့ပါချေ၊ စစ်သည်အင်အား နှစ်သိန်းကို သုတ်သင်နိုင်ခဲ့ပါသော်လည်း မိမိတို့ဘက်မှ ထိခိုက်မှု နည်းပါးလှခြင်းကပင် သူတို့၏ ခွန်အားကို သက်သေပြနေခြင်း ဖြစ်၏။
ဤသည်မှာ ထိုစစ်တပ်ကြီးအနေဖြင့် ပထမဆုံးအကြိမ် ဤမျှလောက် ပြင်းထန်လှသော ထိခိုက်မှုမျိုးကို ခံစားလိုက်ရခြင်းပင် ဖြစ်တော့သည်။
ဒါ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ၌ ဖြစ်စေ၊ ကိုယ်ပိုင် အခြေအနေ၌ ဖြစ်စေ၊ ဤမဟာထန် စစ်တပ်မှာ သိသိသာသာပင် ကြီးမားလှသော ဒဏ်ရာများကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
ခြေလျင်တပ်နှင့် မြင်းတပ် ထိပ်တိုက်တွေ့ရာတွင် ကျင့်စဉ်အဆင့်ချင်း တူညီနေပါက မည်သည့် အခြေအနေမျိုးတွင်မဆို ခြေလျင်တပ်မှာ အသာမရနိုင်သည်မှာ သေချာပေသည်။
သို့သော်လည်း ထိုစစ်သည်လေးသောင်းအင်အားမှာ မည်မျှပင် ထိခိုက်မှု ရှိပါစေဦး၊ အနည်းဆုံးတော့ စက်ဝိုင်းပုံစံ ငရဲကြိတ်စက် စစ်အစီအရင်ကြီးမှာ ပြိုကွဲသွားခြင်း မရှိဘဲ တည်ရှိနေသေး၏။ ၎င်းနှင့် နှိုင်းယှဉ်လျှင်မူ သူတို့၏ ပြိုင်ဘက်ဖြစ်သော ယိုမင် သံချပ်ကာမြင်းတပ် မှာမူ ထိုမျှလောက် ကံမကောင်းပါချေ။
"အားးး"
မဟာထန်တပ်ဖွဲ့၏ မျက်နှာချင်းဆိုင်၊ ကျယ်ပြန့်လှသော စစ်မြေပြင်တွင် မရေမတွက်နိုင်သော ယိုမင် သံချပ်ကာမြင်းတပ်သားတို့၏ အလောင်းများမှာ ဟိုတစ်စ ဒီတစ်စဖြင့် ပြန့်ကျဲနေတော့သည်။ သူတို့၏သေဆုံးပုံမှာ အလွန်ပင် ကျောချမ်းဖွယ် ကောင်းလှပေရာ အားလုံးနီးပါးမှာ သံမဏိ ဓားရှည်ကြီးများဖြင့် ခုတ်ပိုင်းခြင်း ခံထားရခြင်း ဖြစ်၏။ သေဆုံးသွားသော လူဦးရေမှာလည်း အနည်းဆုံး တစ်သောင်းခြောက်ထောင် တစ်သောင်းခုနစ်ထောင်ခန့် ရှိနေပေသည်။
ပို၍ အရေးကြီးသည့် အချက်မှာ ခုနက အားပြိုင်မှုအတွင်း၌ ဤ ယိုမင် သံချပ်ကာမြင်းတပ် တို့၏ စစ်ကြောင်းမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ခြင်းပင်။
စစ်အစီအရင်၏ ပံ့ပိုးမှု မရှိတော့ဘဲ မူလက တိုက်စစ်အရှိန်အဟုန်များလည်း ဆုံးရှုံးသွားသည့်နောက်တွင်မူ မြင်းတပ်သားများမှာ မြင်းပေါ်မှ ခြေလျင်တပ်သားများအဖြစ် ပြောင်းလဲသွားခဲ့ရပြီး၊ လက်တွေ့တွင်မူ ခြေလျင်တပ်သားများကိုပင် မယှဉ်နိုင်တော့ပါချေ။
"သတ်စမ်း "
သံမဏိခံတပ် ရှေ့မှောက်တွင် မဟာထန် စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦး၏ အကြည့်များမှာ အေးစိမ့်သွားခဲ့ပြီး သူ၏လက်ထဲမှ ဧရာမ ဓားရှည်ကြီးကို အထက်သို့ မြှောက်ကိုင်လိုက်ကာ၊ ယိုမင်စစ်အစီအရင်ကြီး ပျက်စီးသွားသည့် အခိုက်အတန့်မှာပင် စစ်တပ်ကြီးအား အရှိန်အဟုန် အပြည့်ဖြင့် တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။
အဆက်မပြတ်သော ကျယ်လောင်သော မြည်ဟည်းသံများနှင့်အတူ လူတိုင်း၏အကြည့်များအောက်တွင် ထိုဧရာမ ငရဲကြိတ်စက် စစ်အစီအရင်ကြီးမှာ အသားကြိတ်စက် တစ်ခုအလား ထပ်မံလည်ပတ်လာပြန်ပြီး၊ ရှေ့မှောက်တွင် ကျန်ရှိနေသော ယိုမင် သံချပ်ကာမြင်းတပ်သားများဆီသို့ တစ်ဟုန်ထိုး ဝါးမြိုတိုက်ခိုက်လိုက်တော့သည်။
အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ရန်သူကို အမြစ်ပြတ် သုတ်သင်ရမည်သာ ဖြစ်၏။
စစ်အစီအရင် ပျက်စီးသွားပြီ ဖြစ်ရာ ယခုအချိန်မှာမူ ယိုမင် သံချပ်ကာမြင်းတပ်သားများကို ကိုင်တွယ်ပြီး အောင်ပွဲရလဒ်များကို ချဲ့ထွင်ရန် အကောင်းဆုံးသော အချိန်ပင် ဖြစ်တော့သည်။
"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
"ယိုမင် သံချပ်ကာမြင်းတပ်က ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားရတာလဲ။ သူတို့က ကြိတ်စက်ကို အသေအချာ ထိန်းချုပ်ထားနိုင်ခဲ့တာ မဟုတ်လား"
"ဒါက ငါတို့ ယိုကျိုးက နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ ထိပ်တန်း စစ်တပ်ကြီးပဲလေ၊ ဘယ်လိုလုပ်ပြီး နာမည်မရှိတဲ့ တပ်ဖွဲ့တစ်ခုကို ရှုံးရမှာလဲ"
"မဖြစ်နိုင်ဘူး၊ အဲဒီ ထန်စစ်တပ်ကို တားဆီးနိုင်မယ့် စစ်တပ် ဆိုတာ တကယ်ပဲ မရှိတော့ဘူးလား?"
...
အဝေးဆီမှ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ယိုကျိုး စစ်သည်များ အားလုံးမှာ မှင်တက်သွားကြရသည်။
သူတို့တွေ တကယ်ကို ရူးသွပ်မတတ် ဖြစ်ကုန်ကြပြီ။
ယိုမင် သံချပ်ကာမြင်းတပ်၏ ခွန်အားမှာ သူတို့ အမြဲတမ်း ဂုဏ်ယူခဲ့ရသော အရာပင်၊ မိမိတို့ဘက်မှ စစ်တပ်ကြီးက သေချာပေါက် အနိုင်ရလိမ့်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်ခဲ့ကြသော်လည်း၊ နောက်ဆုံး ရလဒ်မှာမူ လူတိုင်း မထင်မှတ်ထားခဲ့သော အရာပင် ဖြစ်နေသည် မဟုတ်ပါလော။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဤအခိုက်အတန့်၌ ပြင်းထန်စွာ တုန်လှုပ်နေသူမှာ ယိုကျိုး စစ်သည်များသာ မဟုတ်ပါချေ၊ ထျန်းချန်ကျန်းသည် စစ်တပ်ကြီးအတွင်း၌ မတ်မတ်ရပ်နေလျက် သူ၏ မျက်လုံးများကို ပြူးကာ အလွန်အမင်း အံ့ဩတုန်လှုပ်နေတော့သည်။
ရှုံးနိမ့်မှုက မြန်ဆန်လွန်းလှသည်။
သူတို့နှစ်ဦးမှာ အနည်းငယ်မျှပင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မရှိခဲ့ပါချေ။
နောက်တစ်ခဏ၌ သူတို့နှစ်ဦးသည် အဝေးဆီမှ မြို့ရိုးပေါ်ရှိ ဝမ်ချောင်အား မော့ကြည့်လိုက်ကြသည်။
အစကတည်းက ယခုအထိ ဝမ်ချောင်သည် ဤစစ်သည်လေးသောင်းအင်အားကို သံမဏိခံတပ် ရှေ့တွင် နေရာချထားခဲ့ပြီး လုံးဝလှုပ်ရှားခြင်း မရှိခဲ့ပါချေ။ တိုက်ပွဲမှာ မည်မျှပင် ပြင်းထန်နေပါစေဦး၊ ရန်သူဦးရေမှာ မည်မျှပင် များပြားပါစေဦး၊ သူတို့နှစ်ဦး ရှုပ်ထွေးမှုများကို ငြိမ်သက်သွားအောင် လုပ်ဆောင်ပြီးနောက် ယိုမင် သံချပ်ကာမြင်းတပ်များကို စေလွှတ်လိုက်ချိန်မှာပင် ထိုစစ်တပ်မှာ အနည်းငယ်မျှ ပျက်ယွင်းသွားခြင်း မရှိခဲ့ပါချေ။
အစပိုင်းတွင် သူတို့နှစ်ဦးမှာ အနည်းငယ် နားမလည်ဘဲ ရှိနေခဲ့ပါသော်လည်း၊ ယခုအခါတွင်မူ သူတို့၏ ရင်ထဲ၌ ရုတ်တရက် အမှန်တရားကို သိမြင်သွားကြတော့သည်။
"တကယ်တော့... သူက အစောကြီးကတည်းက ကြိုတင်ခန့်မှန်းထားခဲ့တာပဲ..."
သူတို့နှစ်ဦးမှာ ရင်ထဲ၌ တိုးညှင်းစွာ ရေရွတ်လိုက်မိကြသည်။
ယခုအခိုက်အတန့်၌ သံမဏိခံတပ်၏ မြင့်မားလှသော မြို့ရိုးပေါ်တွင် ဝမ်ချောင်သည်လည်း ထိုသူနှစ်ဦး၏ အကြည့်များကို ခံစားမိလိုက်ပုံ ရပေသည်။ လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစိမ့်စွာ ပြုံးလိုက်ရင်း
"ဟွန်း… အရာရာကို အရိုးရှင်းဆုံးပဲ တွေးနေကြတာပဲ။ ငရဲကြိတ်စက် စစ်အစီအရင်က အစွမ်းအထက်ဆုံး မဟုတ်ရင်တောင်မှ၊ သာမန် ယိုမင် သံချပ်ကာမြင်းတပ် တစ်ခုတည်းနဲ့ ဖြိုခွဲနိုင်မယ့် အရာမျိုး လုံးဝ မဟုတ်ဘူး။ အနည်းဆုံးတော့ မင်းတို့တွေ မဖြိုခွဲနိုင်ဘူး"
ယိုကျိုးဘက်မှာမူ မိမိတို့တွင် အနိုင်ရရန် အခွင့်အရေး ရှိနေသေးသည်ဟု အမြဲတမ်း ထင်မှတ်နေခဲ့ကြပါသော်လည်း၊ ဝမ်ချောင်အတွက်မူ အစကတည်းကပင် နောက်ဆုံး ရလဒ်ကို သိရှိပြီးသားပင် ဖြစ်တော့သည်။
ခြေလျင်တပ်ကို ရင်ဆိုင်ရာ၌ မြင်းတပ်တွင် အားသာချက်များ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်၊ ဤအချက်ကို ဝမ်ချောင်ကိုယ်တိုင်လည်း မငြင်းဆိုနိုင်ပါချေ၊ သို့သော် ထိုအချက်ကြောင့်ပင် ငရဲကြိတ်စက် စစ်အစီအရင်ကြီးကို လွယ်လင့်တကူ ဖြိုခွဲနိုင်လိမ့်မည်ဟု ယူဆနေမည်ဆိုပါက ၎င်းမှာ အလွန်ပင် ကလေးဆန်လှပေသည်။
အကယ်၍ အမှန်တကယ်သာ ထိုမျှလွယ်ကူနေမည်ဆိုပါက၊ ဝမ်ချောင်အနေဖြင့် အဘယ်ကြောင့် အချိန်နှင့် ခွန်အားများကို အသုံးချကာ ဤ သံချပ်ကာအပြည့် ဆင်မြန်းထားသော စစ်တပ်ကြီးကို သီးသန့် လေ့ကျင့်ပေးနေပါမည်နည်း။
"အားးး"
နာကျင်စွာ အော်ဟစ်သံများမှာ ရှေ့တည့်တည့်မှ အဆက်မပြတ် ထွက်ပေါ်နေတော့သည်၊ လှမ်းကြည့်လိုက်သည့်အခါ ရှေ့တန်း စစ်မြေပြင်တွင် ငရဲကြိတ်စက်၏ တိုက်ခိုက်မှုအောက်၌ ယိုမင် သံချပ်ကာမြင်းတပ်သား တစ်ဦးချင်းစီမှာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် စစ်အစီအရင်ကြီးအတွင်းသို့ ဝါးမြိုခြင်း ခံလိုက်ကြရသည်။ အေးစိမ့်လှသော အလင်းရောင်များ လက်သွားခဲ့ပြီး ဧရာမ ဓားရှည်ကြီးများ ကျဆင်းလာသည့်အခါ၊ ယိုမင် သံချပ်ကာမြင်းတပ်သား တစ်ဦးချင်းစီမှာ နာကျင်စွာပင် မအော်နိုင်လိုက်ဘဲ မြက်ပင်များအလား တစ်ဦးပြီးတစ်ဦး လဲပြိုကုန်ကြတော့သည်။
ဒါ့အပြင် စစ်သည်များ လဲပြိုသည့် အရှိန်မှာလည်း ယခင်ကထက် များစွာ ပိုမို မြန်ဆန်လှပေသည်။
သုံးထောင်
ခြောက်ထောင်
တစ်သောင်းတစ်ထောင်
...
အုပ်စုလိုက်ရှိသော ယိုမင် သံချပ်ကာမြင်းတပ်သားများမှာ သွေးအိုင်များအတွင်း၌ တစ်ဦးပြီးတစ်ဦး လဲပြိုကုန်ကြသည်။ နှစ်ဖက် စစ်တပ်မှာ အသေအလဲ တိုက်ခိုက်နေကြပြီး အင်အားစုများမှာလည်း တစ်ခုနှင့်တစ်ခု ရောယှက်နေသဖြင့် ထိုယိုမင် သံချပ်ကာမြင်းတပ်သားများ အနေဖြင့် ထွက်ပြေးချင်လျှင်ပင် အချိန်မရနိုင်တော့ပါချေ။
ဤမျှသာမကဘဲ ပြင်းထန်လှသော စစ်မြေပြင်တွင် အရပ်မျက်နှာ အသီးသီး၌ စစ်သည်များ ပြည့်နှက်နေသဖြင့် ထွက်ပြေးရန်မှာလည်း ထိုမျှ မလွယ်ကူပါချေ။
"ဝုန်း"
ဧရာမ ဓားရှည်များကို မြှောက်ကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ကြရာ၊ ခေတ္တမျှအတွင်းမှာပင် နောက်ထပ် ယိုမင် သံချပ်ကာမြင်းတပ်သား လေးငါးထောင်ခန့်မှာ ထိုနေရာ၌ပင် အသတ်ခံလိုက်ကြရသည်။
လူတိုင်း ထင်မှတ်ထားသကဲ့သို့ မဟုတ်ပါချေ၊ စစ်ပွဲ စတင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်ရမှု ဆိုသည်မှာ လုံးဝတည်ရှိမနေပါချေ။ ငရဲကြိတ်စက် စစ်အစီအရင်ကြီးအတွင်းသို့ ဝါးမြိုခြင်း ခံလိုက်ရသော ယိုမင်သံချပ်ကာမြင်းတပ်သား တစ်ဦးချင်းစီမှာ ချက်ချင်းပင် ခြောက်ဦး ခုနစ်ဦး သို့မဟုတ် ထိုထက်မကသော မဟာထန် သံချပ်ကာ ခြေလျင်တပ်သားတို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ တစ်ဦးချင်းစီ၏ ခွန်အားမှာ မည်မျှပင် မြင့်မားပါစေဦး အဓိပ္ပာယ် မရှိတော့ပါချေ။ ယိုမင် သံချပ်ကာမြင်းတပ်သား ဆယ်ဦးကျော် စုစည်းကာ ပူးပေါင်း တိုက်ခိုက်ခြင်း သို့မဟုတ် ပူးပေါင်း ကာကွယ်ခြင်းများ ပြုလုပ်ချင်ပါစေဦး၊ နောက်ဆုံး ရလဒ်မှာမူ အားလုံး အသတ်ခံရခြင်းပင် ဖြစ်တော့သည်။
စစ်အစီအရင် ဖြိုခွဲခြင်း ခံလိုက်ရသော ယိုမင် သံချပ်ကာမြင်းတပ် တစ်ခုမှာ၊ မဟာထန် သံချပ်ကာ ခြေလျင်တပ်ကို ပြန်လည် ဆန့်ကျင်နိုင်စွမ်း လုံးဝ မရှိတော့ပါချေ။
"နောက်ဆုတ်ကြ အမြန် နောက်ဆုတ်ကြစမ်း"
ယိုမင် သံချပ်ကာမြင်းတပ်မှ ဗိုလ်ချုပ် တစ်ဦးချင်းစီမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။
စစ်ရှုံးလျှင် တောင်ပြိုသကဲ့သို့ပင်.. ဤသည်မှာ စစ်မှန်သော တောင်ပြိုသကဲ့သို့ ရှုံးနိမ့်ခြင်းပင် ဖြစ်တော့သည်။
ဤတစ်ကြိမ် အားပြိုင်မှုအတွင်း၌ လူတိုင်းမှာ အပြီးအပိုင် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်ကာ၊ အပြတ်အသတ် အနိုင်ရရှိသွားသော မဟာထန် တပ်ဖွဲ့ကို ရင်ဆိုင်ရာ၌ လူတိုင်းသာ အမြန်ဆုံး နောက်မဆုတ်ခဲ့ပါက စစ်တပ်တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခြင်း ခံရမည့် ဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"ဝုန်း"
ရှင်သန်ကျန်ရစ်သူ ယိုမင် သံချပ်ကာမြင်းတပ်သား အားလုံးမှာ အနည်းငယ်မျှ တွေဝေခြင်း မရှိတော့ဘဲ ရူးသွပ်စွာဖြင့် အနောက်သို့ ထွက်ပြေးကုန်ကြတော့သည်၊ သူတို့ ထွက်ပြေးနေကြစဉ်အတွင်းမှာပင် အနောက်ဘက်မှနေ၍ နာကျင်စွာ အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့ရာ နောက်ထပ် ယိုမင် သံချပ်ကာမြင်းတပ်သား ထောင်နှင့်ချီ၍ အနောက်ဘက်မှ လိုက်ပါလာသော မဟာထန် စစ်သည်များ၏ တိုက်ခိုက်မှုကို ခံလိုက်ရကာ ထိုနေရာ၌ပင် အသတ်ခံလိုက်ကြရပြန်သည်။
"ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ ပိုင်ကျန်ထော်လော့ကို အကြောင်းကြားလိုက် ပိုင်ရှုံထော်လော့ စစ်သည်တွေကို ထွက်ခွာဖို့ ပြင်ခိုင်းလိုက်"
"ရှေ့တန်းက စစ်တပ်တွေ အားလုံးကို အကြောင်းကြားလိုက်၊ ဘယ်လိုပဲ ဖြစ်ဖြစ် မဟာထန်ရဲ့ သံချပ်ကာ ခြေလျင်တပ်တွေကို တားဆီးကြစမ်း"
"အရှေ့ တာ့ခ် အင်ပါယာနဲ့ ဂိုဂူလျော အင်ပါယာတွေကို အကြောင်းကြားလိုက်၊ နောက်ပိုင်းကတော့ သူတို့တွေ စစ်လွှတ်ရမယ့် အလှည့်ပဲ အဲဒီ မဟာထန် တပ်ဖွဲ့ကို ဆွဲထားနိုင်မယ့် နည်းလမ်းကို ရှာကြစမ်း၊ သူတို့ကို ဒီနေရာမှာပဲ အသေခံခိုင်းရမယ် သူတို့တွေဟာ တင်းထားတဲ့ လေးညှို့ကနေ ပစ်လိုက်တဲ့ မြားတစ်စင်းဟာ အဝေးကို ရောက်တဲ့အခါ အရှိန်အဟုန် ကုန်ဆုံးသွားသလိုမျိုး ဖြစ်နေကြပြီ။ ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"
...
အရေးကြီးလှသော အခိုက်အတန့်၌ ချွေချန်းယုံသည် အမူအရာ လေးနက်သွားခဲ့ပြီး အချိန်တိုအတွင်း၌ အမိန့်များစွာကို ဆက်တိုက် ထုတ်ပြန်လိုက်လေသည်၊ နောက်ဆုံး စကားတစ်ခွန်းကို ဆိုလိုက်သည့် အခါတွင်မူ ချွေချန်းယုံ၏ မျက်ဝန်းထဲ၌ စူးရှလှသော အေးစိမ့်သည့် အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ထိုသောင်းနှင့်ချီသော မဟာထန် သံချပ်ကာ ခြေလျင်တပ်များမှာ ကြည့်ရသည်မှာ အရှိန်အဝါ ကြီးမားလှသလို အရာရာကို ဖောက်ထွက်နိုင်စွမ်း ရှိနေကြပါသော်လည်း၊ ချွေချန်းယုံ၏ ဗိုလ်ချုပ် တစ်ဦးအနေဖြင့် အာရုံခံစားမှုအရဆိုလျှင်မူ၊ ထိုအတွင်း၌ အခွင့်အရေး တစ်ခုကို သူ သတိပြုမိလိုက်ခြင်းပင် ဖြစ်၏။
ဤတပ်ဖွဲ့မှာ ယခုအချိန်အထိ အန်းတုန်း ကာကွယ်ရေးဗိုလ်ချုပ်အိမ်တော်၏ ယိုမင် သံချပ်ကာမြင်းတပ်များ အပါအဝင် စစ်သည်အင်အား နှစ်သိန်းကို သုတ်သင်နိုင်ခဲ့ပါသော်လည်း၊ ထိုကဲ့သို့သော တောက်ပလှသော အောင်မြင်မှုများ၏ အနောက်ကွယ်တွင်မူ ပေးဆပ်မှုများ လုံးဝမရှိခဲ့သည်တော့ မဟုတ်ပါချေ။
မည်မျှပင် အစွမ်းထက်လှသော စစ်တပ် ဖြစ်နေပါစေဦး၊ နောက်ဆုံးတွင်မူ သွေးသား ခန္ဓာကိုယ်များသာ ဖြစ်ကြပေသည်။
စစ်တိုက်သည်ဆိုလျှင် အထိအခိုက် ဒဏ်ရာရမှုများ သေချာပေါက် ရှိရပေမည်။
ခုနက တိုက်ပွဲအတွင်း၌ မဟာထန် သံချပ်ကာတပ်များ အနိုင်ရရှိခဲ့ပါသော်လည်း ၎င်းအတွက်ကြောင့်ပင် သူတို့သည် ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ကြရပြီ ဖြစ်ကာ၊ သူတို့၏ ခွန်အားမှာလည်း အကြီးအကျယ် ကျဆင်းသွားခဲ့ပြီဖြစ်ရာ ယခင်ကကဲ့သို့ ထိတ်လန့်စရာ မကောင်းတော့ပါချေ။
ဒါ့အပြင် စစ်တိုက်ခဲ့သည်မှ ယခုအထိ ယိုကျိုး ဘက်မှသာ အမြဲတမ်း ရှေ့ဆုံးမှ တိုက်ပွဲဝင်ခဲ့ကြသည်၊ ယိုမင်သံချပ်ကာမြင်းတပ်မှာလည်း ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ဤအရာမှာ ချွေချန်းယုံတို့ အုပ်စုက အူတူတူ ဖြစ်နေခြင်း မဟုတ်ဘဲ၊ လမ်းကြောင်းကို စမ်းသပ်သည့် အနေဖြင့် နိုင်ငံအသီးသီးအား ပြသလိုက်ခြင်းသာ ဖြစ်၏။
ဤစစ်ပွဲတွင် အနိုင်ရလိုပါက ယိုကျိုး၏ စစ်အင်အား သက်သက်ဖြင့်မူ လုံးဝ မဖြစ်နိုင်ပါချေ။ နိုင်ငံအသီးသီး စုပေါင်း လှုပ်ရှားမှသာလျှင် အောင်မြင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။
ယခုအချိန်အထိမူ နိုင်ငံအသီးသီးဘက်မှလည်း ငြင်းပယ်ရန် အကြောင်းပြချက်များ မရှိတော့ပါချေ။
"ဒုန်း ဒုန်း ဒုန်း"
အဆက်မပြတ်သော စစ်ဗုံသံများမှာ တုန်ဟိန်းသွားစေခဲ့ပြီး ချွေချန်းယုံ၏ အမိန့်များကို ရှေ့တန်း စစ်မျက်နှာဆီသို့ လျင်မြန်စွာ ပေးပို့လိုက်တော့သည်။
"မင်းက အနောက်ဘက်မှာပဲ ထိုင်ပြီး အခြေအနေကို ကြည့်နေပါ၊ ငါ ကိုယ်တိုင် ရှေ့တန်းကို သွားပြီး စစ်ဆေးလိုက်မယ်"
တစ်ချိန်တည်းမှာပင် နားထဲသို့ အသံတစ်ခု တိုးဝင်လာခဲ့ပြီး၊ ထျန်းချန်ကျန်းက မြင်းဗိုက်ကို အသာအယာ ညှပ်လိုက်ရင်း ရုတ်တရက် ရှေ့သို့ ထွက်ခွာသွားကာ မလှမ်းမကမ်းရှိ ချွေချန်းယုံအား ဆိုလိုက်လေသည်။
ချွေချန်းယုံက ခေါင်းညိတ်ပြလိုက်ရာ၊ များမကြာမီမှာပင် ထျန်းချန်ကျန်းမှာ လူနှင့်မြင်း တစ်သားတည်း ဖြစ်နေလျက် ရှေ့တန်း စစ်မြေပြင်ဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
စစ်သည်အင်အား နှစ်သန်းကျော်ထဲမှ လူဦးရေ သောင်းဂဏန်းအချို့ကိုသာ စေလွှတ်ခဲ့ရသေးသဖြင့် နှစ်ဖက်ဗိုလ်ချုပ်များ စစ်မြေပြင်အတွင်းသို့ ဝင်ရောက်ရမည့် အချိန်သို့ ရောက်ရှိရန်မှာ အဝေးကြီး လိုပါသေးသော်လည်း၊ ထျန်းချန်ကျန်း အနေဖြင့်မူ လူကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်ပါချေ၊ ရှေ့တန်းသို့ သွားရောက်ကာ စစ်သည်တို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရုံမျှဖြင့် နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များကို အားသွန်ခွန်စိုက် တိုက်ပွဲဝင်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
"ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ဝံပုလွေတပ်ဖွဲ့ကို ထွက်ခွာဖို့ ပြင်ခိုင်းလိုက်"
တစ်ချိန်တည်းမှာပင် အရှေ့ တာ့ခ် အင်ပါယာ၏ စစ်တပ်ကြီးအတွင်း၌ ပိလဲ့လီ၏ မျက်ဝန်းထဲ၌ စူးရှလှသော အလင်းရောင်တစ်ချက် လက်သွားခဲ့ပြီးနောက် ဆိုလိုက်လေသည်။
အအေးလှိုင်းများ ဆိုက်ရောက်လာမှုကြောင့် အရှေ့ တာ့ခ် အင်ပါယာ တည်ရှိရာ နယ်မြေမှာ များမကြာမီမှာပင် ရေခဲပြင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့မည်ဖြစ်ရာ၊ လက်ရှိတွင် စည်းလုံးညီညွတ်စွာဖြင့် မဟာထန်ကို အနိုင်တိုက်ပြီး သူတို့၏ မြင့်မြတ်သောမြေများကို သိမ်းပိုက်နိုင်မှသာလျှင် အအေးလှိုင်းများ၏ ဘေးအန္တရာယ်မှ ယာယီ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဒါ့အပြင် မဟာထန်တွင် မြို့ရွာများစွာ ရှိသလို ရိက္ခာများလည်း တောင်လိုပုံနေသည် မဟုတ်ပါလော၊ ဤအရာမှာ နိုင်ငံအသီးသီး လုံးဝ မယှဉ်နိုင်သော အချက်ပင်။
မဟာထန်ကိုသာ စတေးလိုက်မှသာလျှင် နိုင်ငံအသီးသီးသည် ယခုတစ်ကြိမ် အအေးလှိုင်း ဘေးအန္တရာယ်ကြီးမှ လွတ်မြောက်နိုင်ကြမည် ဖြစ်၏။
ဤကဲ့သို့သော အချိန်မျိုးမှာမူ မိမိ၏ အင်အားကို ဖုံးကွယ်ထားရမည့် အချိန် မဟုတ်သလို၊ တစ်ဦးနှင့်တစ်ဦး တွက်ကပ်နေရမည့် အချိန်လည်း မဟုတ်ပါချေ၊ ဘယ်လိုပဲ ဖြစ်ဖြစ် မဟာထန် ကို အမြန်ဆုံး အနိုင်ယူရမည်သာ ဖြစ်၏။
"ဟုတ်ကဲ့ပါ"
အမိန့်ပေးစေလွှတ်သူ စစ်သည်တစ်ဦးမှာ လျင်မြန်စွာ လှည့်ထွက်သွားပြီး အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ဝံပုလွေတပ်ဖွဲ့
ဤသည်မှာ အရှေ့ တာ့ခ် အင်ပါယာ ၏အဆင့်မြင့်ဆုံးသော တပ်ဖွဲ့များထဲမှ တစ်ခုဖြစ်ကာ၊ တိုက်ခိုက်ရေးစွမ်းရည်အရဆိုလျှင် အန်းလုရှန်း၏ ယိုမင် သံချပ်ကာမြင်းတပ်ထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပါချေ။
ယခုတစ်ကြိမ် မဟာထန်နှင့်အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရာ၌ အရှေ့ တာ့ခ်အနေဖြင့် အရာရာကို အရင်းအနှီး ပြုလိုက်ပြီ ဖြစ်တော့သည်။
"ကောင်းကျန့်... မင်း လှုပ်ရှားရမယ့် အလှည့် ရောက်ပြီ"
တစ်ချိန်တည်းမှာပင် ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းက မျက်လုံးများကို အနည်းငယ် မှေးကြည့်လိုက်ရင်း ရုတ်တရက် စကားဆိုလိုက်လေသည်။
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
ယွန်းဂျယ်စိုးမွန်း၏ စကားအဆုံးတွင် သူ၏ အနောက် ပေအနည်းငယ်မျှ အကွာအဝေး၌ ရှိနေသော၊ ကိုယ်ဟန် အနည်းငယ် သေးငယ်ပါသော်လည်း ဘယ်ဘက်မျက်တောင်ပေါ်တွင် အနီရောင်သန်းနေသည့် အနက်ရောင် အမာရွတ်ကြီး တစ်ခု ရှိနေကာ အလွန်ပင် ပြတ်သားထက်မြက်ပုံရသော ဂိုဂူလျော ဗိုလ်ချုပ်တစ်ဦးမှာ ချက်ချင်းပင် ရိုသေစွာ ပြန်လည် ထူးလိုက်လေသည်။
ကောင်းကျန့်…
ဂိုဂူလျော အင်ပါယာ၏ ယွန်းဂျယ်စိုးမွန်းလက်အောက်ရှိ စွမ်းအားကြီးလှသော ဗိုလ်ချုပ်တစ်ဦး ဖြစ်ကာ၊ ဗိုလ်ချုပ်အဆင့်သို့ မရောက်ရှိသေးပါသော်လည်း ဗိုလ်ချုပ် အဆင့်နီးပါး ကျင့်စဉ် အဆင့်မျိုး ရှိထားသူ ဖြစ်သည်။ ဒါ့အပြင် သူ၏အတွေ့အကြုံများမှာလည်း အလွန်ပင် နက်ရှိုင်းလှသလို ဓားသိုင်းပညာ၌လည်း ထူးခြားလှသော အောင်မြင်မှုများ ရှိထားသူ ဖြစ်ရာ၊ အင်ပါယာ ဗိုလ်ချုပ်တစ်ဦး မဟုတ်ပါသော်လည်း များစွာ ကွာခြားမှု မရှိပါချေ။
ပို၍အရေးကြီးသည်မှာ ကောင်းစန်းဝမ် သည် စစ်ဗျူဟာပိုင်း၌လည်း အလွန်ပင် ထူးချွန်သူ ဖြစ်သလို သူ၏လက်အောက်ရှိ စစ်သည်များမှာလည်း အလွန်ပင် ရက်စက်ကြမ်းတမ်းကြပြီး သေသည့်တိုင်အောင် တိုက်ပွဲဝင်မည့်သူများ ဖြစ်ကြကာ လုံးဝ နောက်ဆုတ်မည့်သူများ မဟုတ်ပါချေ။
မဟာထန် ပြသလိုက်သော ခွန်အားမှာ အလွန်ပင် အစွမ်းထက်လှပေရာ ဤကဲ့သို့သော အချိန်မျိုးမှာမူ မိမိ၏ အင်အားကို ဖုံးကွယ်ထားရမည့် အချိန် မဟုတ်တော့ပါချေ။
******