အခန်း ၁၄၆၅
Vol. 99 Ch. 1465
အခန်း ၁၄၆၅ ငါ့ထံကို လာခဲ့ပါ
AMDနှင့် Intel တို့ ထိပ်တိုက်ရင်ဆိုင်နေကြချိန်တွင် ဖုန်းယွီသည် တရုတ်ပြည်သို့ ပြန်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် မပြန်မီတွင် သူသည် မိတ်ဆွေဟောင်း တစ်ဦးနှင့် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
"ဖုန်း... ခင်ဗျားရဲ့အိမ်ကို ငါ့ကို ဖိတ်ခေါ်တာက ခင်ဗျားအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာမှာကို မစိုးရိမ်ဘူးလား"
"ဟားဟားဟား... စိုးရိမ်ရမှာက ခင်ဗျားပါ၊ ကျွန်တော် မဟုတ်ပါဘူး။ စတီဗ် ထိုင်ပါ၊ ဒါက သူတို့ ပြင်ဆင်ထားတဲ့ ကော်ဖီပဲ၊ ခင်ဗျား နှစ်သက်မလားဆိုတာ မြည်းစမ်းကြည့်ပါဦး"
ဖုန်းယွီသည် လော့စ်အိန်ဂျလိစ်ရှိ သူ၏နေအိမ်တွင် ထိုစဉ်က Microsoft၏ ဥက္ကဋ္ဌနှင့် CEOဖြစ်သူ စတီဗ် ဘောလ်မာနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ဘောလ်မာသည် ထိုင်လိုက်ပြီးနောက် ပုံမှန်အတိုင်းပင် တည်ငြိမ်နေခဲ့ကာ၊ ကော်ဖီကို တစ်ငုံ သောက်လိုက်သည်။ သူသည် ထိုကော်ဖီကို အတော်ပင် နှစ်သက်ပုံရသည်။
"ဖုန်း... ခင်ဗျား ကျွန်တော့်ကို ခေါ်တွေ့တာက Lenovo-Kingsoft နဲ့ Microsoftတို့ကြားမှာ ပြန်လည် သင့်မြတ်ဖို့လား။ ကျွန်တော်တို့ ဈေးကွက်ကို ပြန်ပြီး ခွဲဝေကြမလို့လား”
"စတီဗ်.. ကျွန်တော်တို့ အချင်းချင်း အကဲစမ်းနေဖို့ မလိုပါဘူး၊ ဒါဟာ မဖြစ်နိုင်ဘူးဆိုတာကို ခင်ဗျား ကောင်းကောင်း သိပါတယ်။ ခင်ဗျားတို့ Microsoftဘက်က ရှုံးနိမ့်မှုကို ဝန်ခံပြီး ဈေးကွက်ရဲ့ တစ်ဝက်ကို ဖယ်ပေးမှသာ ဖြစ်နိုင်မှာပါ"
Microsoftဘက်က ဈေးကွက်တစ်ဝက်ကို ဖယ်ပေးရန် သေချာပေါက် သဘောတူမည် မဟုတ်ပါချေ။ လက်ရှိတွင် XOS စနစ်သည် အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဆိုစေဦးတော့၊ အသုံးပြုသူ အမြောက်အမြားမှာမူ Microsoft၏ စနစ်ကိုသာ ဆက်လက် အသုံးပြုနေကြဆဲ ဖြစ်သည်။
ထို့အပြင် Microsoftအနေဖြင့် ရှုံးနိမ့်မှုကို ဝန်ခံရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပါချေ။ အကယ်၍ ဘောလ်မာက သဘောတူခဲ့လျှင်ပင် ဘီလ် ဂိတ်စ်တို့က လုံးဝ သဘောတူကြမည် မဟုတ်ပါချေ။ ထို့ထက် ပိုသည်မှာ ဘောလ်မာကိုယ်တိုင်ကလည်း သဘောတူမည် မဟုတ်ခြင်းပင် ဖြစ်သည်။
"ဒါဆိုရင် ခင်ဗျား ကျွန်တော့်ကို ဘာဖြစ်လို့ ခေါ်တာလဲ”
ဘောလ်မာ၏ စိတ်အတွင်း၌မူ ခန့်မှန်းချက်အချို့ ရှိနေခဲ့သော်လည်း၊ သူကိုယ်တိုင် ပြောခြင်းနှင့် ဖုန်းယွီက ထုတ်ပြောခြင်းတို့မှာ ရလဒ်ချင်း တူညီလိမ့်မည် မဟုတ်ပါချေ။
"စတီဗ်... Microsoftဟာ အလုပ်လုပ်ဖို့ သိပ်ပြီး မသင့်တော်တဲ့ နေရာတစ်ခုလို့ ကျွန်တော် ခင်ဗျားကို ပြောခဲ့တာ မှန်မိသေးလား။ ဘီလ် ဂိတ်စ်ရဲ့ စရိုက်က ခင်ဗျားကို အာဏာအများကြီး ပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေပြီးသားပါ။ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ပေါလ်တောင်မှ အာဏာ အများကြီး မရှိပါဘူး၊ သူက Microsoftအပေါ်မှာ သူ့ရဲ့ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခု ခတ်နှိပ်ထားနိုင်ရုံပဲ ရှိတာပါ"
"ဖုန်း... ကျွန်တော်က Microsoftရဲ့ ဥက္ကဋ္ဌနဲ့CEO ဖြစ်နေပါပြီ၊ နောင်တစ်ချိန်မှာ ဘီလ် အနားယူတဲ့အခါ ကျွန်တော် ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဖြစ်လာမှာပါ၊ Microsoftရဲ့ ဥက္ကဋ္ဌကြီးပေါ့"
ဖုန်းယွီက ပြုံးလိုက်ရင်း "စတီဗ်... ဘီလ်က ခင်ဗျားထက် တစ်နှစ်ပဲ ကြီးတာပါ၊ သူ အနားယူတဲ့အချိန်မှာ ခင်ဗျားကော အလုပ်လုပ်နိုင်ဦးမှာ သေချာလို့လား။ အခုအချိန်မှာ ခင်ဗျားဟာ Microsoftရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်နေပေမဲ့၊ ခင်ဗျားရဲ့ ဒီရာထူးမှာ တကယ်တမ်း အာဏာ ဘယ်လောက် ရှိလို့လဲ။ ဘယ်လောက်များများသော ကိစ္စတွေကို ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်နိုင်လို့လဲ”
"ဘီလ် ဂိတ်စ်က အခုထိ ဘုတ်အဖွဲ့ဥက္ကဋ္ဌ လုပ်နေတုန်းပဲ၊ ကုမ္ပဏီရဲ့အရေးကြီးတဲ့ ကိစ္စတိုင်းမှာ သူ့ရဲ့သဘောတူညီချက် လိုနေတုန်းပဲလေ။ ကျွန်တော် ဥပမာတစ်ခု ပေးမယ်၊ Microsoft တရုတ်ပြည်ရဲ့ တာဝန်ခံကို ခင်ဗျားကိုယ်တိုင် ခန့်အပ်ပိုင်ခွင့် ရှိသလား”
"ဖုန်း... အဆင့်မြင့် အရာရှိတွေကို ခန့်အပ်တာဟာ ဘုတ်အဖွဲ့ရဲ့ သဘောတူညီချက်ကို ရယူရမှာလေ၊ ခင်ဗျား ပေးတဲ့ ဥပမာက သိပ်ပြီး မဆီလျော်ပါဘူး" ဘောလ်မာက ပြန်လည် ချေပလိုက်သည်။
"ဒါဆိုရင် ဒုတိယဥက္ကဋ္ဌရော တရုတ်ခွဲဝေမှုရဲ့ ဒုတိယဥက္ကဋ္ဌကို၊ ရုံးချုပ်ရဲ့ ဥက္ကဋ္ဌနဲ့ CEOဖြစ်သလို ကုမ္ပဏီမှာ တတိယမြောက် မဲပေးပိုင်ခွင့် အများဆုံး ဒါရိုက်တာဖြစ်တဲ့ ခင်ဗျားမှာ ခန့်အပ်ပိုင်ခွင့် ရှိသလား။ ဒါမှမဟုတ် ခင်ဗျား အဆိုပြုတဲ့သူကရော အတည်ဖြစ်နိုင်ပါ့မလား” ဖုန်းယွီက ပြုံးလျက် မေးမြန်းလိုက်သည်။
ဘောလ်မာ တိတ်ဆိတ်သွားခဲ့ရသည်။ ဖုန်းယွီ ပြောသော ကိစ္စမှာ လက်တွေ့ဘဝတွင် တစ်ကြိမ်မက ဖြစ်ပွားခဲ့ဖူးသည်။ သူသည် အဆင့်မြင့် အရာရှိ ရာထူးအချို့အတွက် အကြံပြုခဲ့ဖူးသော်လည်း၊ တစ်ဦးတည်းသာ အတည်ဖြစ်ခဲ့ပြီး ထိုသူမှာလည်း ဘီလ်ကိုယ်တိုင် သဘောကျသောသူ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။
သူသည် ကုမ္ပဏီ၏ အုပ်ချုပ်မှုပိုင်းတွင် အမည်ခံ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်စေဦးတော့၊ အမှန်စင်စစ်တွင်မူ အာဏာမှာ များစွာ ကန့်သတ်ခံထားရသည်။ ကုမ္ပဏီအတွင်း၌ သူ၏ စကားပြောပိုင်ခွင့်မှာ ပေါလ် အယ်လန်ကိုပင် မမီပါချေ။ ပေါလ် အယ်လန်မှာ ကုမ္ပဏီ၏ ဒုတိယမြောက် အကြီးဆုံး ရှယ်ယာရှင်နှင့် တည်ထောင်သူ တစ်ဦးဖြစ်သော်လည်း၊ ဘောလ်မာမှာမူ ကုမ္ပဏီ၏ အမည်ခံ ဒုတိယ ခေါင်းဆောင်သာ ဖြစ်နေခဲ့သည်။
သို့သော် သူ၏ဤဒုတိယ ခေါင်းဆောင်နေရာမှာ အမှန်တကယ်ပင် အမည်ခံမျှသာ ဖြစ်နေခဲ့ရသည်။
သေချာသည်မှာ လက်တွေ့ကျသော အကျိုးကျေးဇူးများတော့ ရှိနေပါသည်။ ၎င်းမှာ ဥက္ကဋ္ဌနှင့် CEO ရာထူးကို ပူးတွဲ တာဝန်ယူထားသဖြင့် မြင့်မားသော လစာငွေများ၊ Microsoft၏ ရှယ်ယာ ဆုလာဘ်များနှင့် ရှယ်ယာ ဝယ်ယူခွင့်များကို ရရှိနိုင်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဤအရာများသည် ဘောလ်မာ အလိုရှိသောအရာ မဟုတ်ပါချေ၊ သူသည် ယခုအခါတွင် ငွေကြေးအတွက် ပူစရာမလိုတော့ဘဲ သူ၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရှိနေပြီ ဖြစ်သည်။ သူသည် ပိုမိုများပြားသော အာဏာကိုသာ အလိုရှိခဲ့ပြီး၊ Microsoftအား သူ၏ ဦးဆောင်မှုအောက်တွင် ပိုမိုမြင့်မားသော တောင်ထိပ်များဆီသို့ ပို့ဆောင်ပေးချင်ခဲ့ခြင်း ဖြစ်သည်။
ဘီလ် ဂိတ်စ်၏ လက်ဝေခံ ရုပ်သေးရုပ် တစ်ရုပ်အဖြစ် အခြားသူများ၏ ရှုမြင်ခြင်းကို သူ မလိုလားပါချေ၊ သူ၏ ဥက္ကဋ္ဌ အာဏာမှာ အခြား ကုမ္ပဏီများ၏ CEOများ၏ အာဏာနှင့် များစွာ ကွာခြားမှု မရှိသလို ဖြစ်နေခဲ့သည်။
"စတီဗ်... အခု လူတွေ ခင်ဗျားအပေါ် ဘယ်လို ပြောနေကြလဲဆိုတာ ခင်ဗျားလည်း ကြားဖူးမှာပါ။ Microsoftအပေါ်မှာ ထားခဲ့တဲ့ ခင်ဗျားရဲ့ ကျေးဇူးတရားတွေဟာ ဒီလောက်ပဲ မဖြစ်သင့်သလို၊ ခင်ဗျားရဲ့ အရည်အချင်းတွေဟာလည်း အခုလိုမျိုးပဲ ပြသနေရမှာ မဟုတ်ပါဘူး"
"အခြားသော ကုမ္ပဏီကြီးတွေရဲ့ ဥက္ကဋ္ဌ ဒါမှမဟုတ် CEO တွေကို ကြည့်လိုက်ပါဦး၊ သူတို့မှာ ဘယ်လောက်အထိ အာဏာရှိကြလဲ။ သူတို့ရဲ့ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုက ကုမ္ပဏီကို ကိုယ်စားပြုနိုင်ကြတယ်။ ဒါပေမဲ့ ခင်ဗျားကော... အဲဒီလို လုပ်နိုင်ရဲ့လား”
"အခြားသူတွေက Microsoftလို့ ပြောလိုက်ရင် ဘီလ် ဂိတ်စ်ကိုပဲ အမြဲ ပြေးမြင်ကြတယ်၊ ဒါမှမဟုတ်ရင်လည်း ပေါလ် အယ်လန်ကိုပေါ့၊ ဒါပေမဲ့ ဘယ်သူက ခင်ဗျားကို သတိရလို့လဲ။ ဒါဟာ အခြား ကုမ္ပဏီတွေမှာဆိုရင် စဉ်းစားလို့တောင် မရနိုင်တဲ့ ကိစ္စပဲ။ CEO ဆိုတာ လူထု မီဒီယာတွေရဲ့ မျက်စိထဲမှာ ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ဖြစ်ရမှာလေ၊ စကားပြန်ပေးရတဲ့ စက်ရုပ်တစ်ရုပ်ပဲ မဖြစ်သင့်ဘူး!"
"ခင်ဗျား Microsoftမှာ တကယ်ပဲ ပျော်ရဲ့လား။ ခင်ဗျားရဲ့ အိပ်မက်တွေကို တကယ်ပဲ အကောင်အထည် ဖော်နိုင်မှာလား”
ဖုန်းယွီ၏ စကားလုံးတိုင်းမှာ ပိဿာတစ်ထောင်ရှိသော တူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ ဘောလ်မာ၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားခဲ့ပြီး၊ သူ့အား ရင်ကျပ်ကာ အသက်ရှူရ ခက်ခဲစေပြီး ပိုမို၍ပင် ဖိနှိပ်ခံထားရသလို ခံစားစေတော့သည်။
မူလက သူသည် Microsoftသို့ အစောပိုင်းတွင် ဝင်ရောက်နိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူခဲ့သလို၊ တဖြည်းဖြည်းနှင့် Microsoft၏ ထိပ်တန်း ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ သူသည် နောင်တစ်ချိန်တွင် Microsoft၏ ကိုယ်စားပြု ပုံရိပ်တစ်ခု ဖြစ်လာမည်ဟုလည်း ယူဆထားခဲ့ဖူးသည်။
သို့သော်လည်း လက်တွေ့ဘဝက သူ့အား ပြင်းထန်သော ပါးရိုက်ချက်တစ်ခု ပေးအပ်ခဲ့လေပြီ၊ အခြားသူများက Microsoftအကြောင်း ပြောဆိုသည့်အခါ သူ့အကြောင်းကိုမူ ပြောဆိုသူ အလွန် ရှားပါးလှပေသည်။
ဘီလ် ဂိတ်စ်အနေဖြင့် အနားယူလိမ့်မည်ဟု သူ တွေးတောခဲ့ဖူးသော်လည်း၊ ဖုန်းယွီ ပြောသကဲ့သို့ပင် ဘီလ် ဂိတ်စ်မှာ သူ့ထက် တစ်နှစ်သာ ကြီးသည်ဖြစ်ရာ၊ ဘီလ် ဂိတ်စ်အနားယူချိန်တွင် သူ့ကိုပါ တစ်ပါတည်း အနားယူခိုင်းမည် မဟုတ်ပါလော။
ယခင်က ဘီလ် ဂိတ်စ်သည် CEO ရာထူးကို သူ့အား လွှဲပြောင်းပေးအပ်ခဲ့ခြင်းမှာ အနားယူလိုသော ဆန္ဒရှိခဲ့သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘီလ် ဂိတ်စ်သည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေသဖြင့် အခြားသော ရည်မှန်းချက်များ မရှိတော့ဘဲ၊ ပြိုင်ဘက်ကင်း အထီးကျန်နေခဲ့သောကြောင့်ပင်။
သို့သော် ယခုမူ အခြေအနေမှာ ကွဲပြားသွားခဲ့လေပြီ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှာ ပိုင်ရှင်ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ ရှေ့တွင်ရှိနေသော ပိုမိုငယ်ရွယ်သည့် ဖုန်းယွီ ဖြစ်သွားခဲ့လေပြီ။ ဘီလ် ဂိတ်စ်၏ဘဝတွင် ရည်မှန်းချက်အသစ်များ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး၊ ထိုရည်မှန်းချက်များမှာလည်း အချိန်တိုအတွင်း ပြီးမြောက်နိုင်မည့်အရာများ မဟုတ်ပါချေ။
ထို့ကြောင့် ဘီလ် ဂိတ်စ်အနားယူမည့် အချိန်မှာလည်း ကြန့်ကြာသွားတော့မည်ဖြစ်ရာ၊ သူသည် ထိုနေ့ရက် ရောက်လာသည်အထိ စောင့်ဆိုင်းနိုင်ပါဦးမည်လော။
ရဲလ်ဖ်ကို ကြည့်လိုက်ပါဦး၊ တစ်ချိန်က သူသည် ရဲလ်ဖ်ကို အလေးမထားခဲ့ပါချေ။ သို့သော် ယခုအခါတွင်မူ ရဲလ်ဖ်သည် Wind-Rain Holdings Group၏ CEO ဖြစ်နေခဲ့ပြီဖြစ်သလို၊ လူအတော်များများ၏ စိတ်အတွင်း၌လည်း အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေပြီ။ အရေးကြီးဆုံး အချက်မှာ Wind-Rain Holdings Groupအပေါ်တွင် ဖုန်းယွီ၏ လွှမ်းမိုးမှုများ ရှိနေစေဦးတော့၊ ဖုန်းယွီမှာမူ အခြားသူများအား အာဏာကို ရဲရဲဝံ့ဝံ့ လွှဲအပ်ပေးထားခြင်းပင် ဖြစ်သည်။
ရဲလ်ဖ်၏ ပိုင်ဆိုင်မှုနှင့် အဆင့်အတန်းများ တဟုန်ထိုး မြင့်တက်လာခြင်းမှာ တစ်စုံတစ်ရာကို သက်သေပြနေသည် မဟုတ်ပါလော၊ ထို့ပြင် ခါမီဒါ မာဆာအိုကော…
ကြားသိရသည်မှာ သူသည် ဖုန်းယွီနှင့် စတင်တွေ့ဆုံချိန်တွင် ဒေဝါလီခံထားရပြီး အလုပ်လက်မဲ့ ဖြစ်နေသော လူငယ်တစ်ဦးသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ဖုန်းယွီ၏ အကူအညီဖြင့် အဆင့်ဆင့် တိုးတက်လာခဲ့ပြီး၊ ဖုန်းယွီ၏ အပြည့်အဝ ယုံကြည်မှုကို ရရှိကာ Wind-Rain Holdings Group၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်လာခဲ့သည်။
ယခုအခါတွင် CEO ရာထူးကို ရဲလ်ဖ်ထံသို့ လွှဲပြောင်းပေးခဲ့သည် ဆိုစေဦးတော့၊ ခါမီဒါ မာဆာအိုမှာမူ လူအတော်များများ၏ အမြင်တွင် Wind-Rain Holdings Group၏ ကိုယ်စားလှယ်အဖြစ် ရှိနေဆဲ ဖြစ်သည်။ ခါမီဒါ မာဆာအို၏ လူမှုကွန်ရက်မှာလည်း အလျင်အမြန် ကျယ်ပြန့်လာခဲ့သလို၊ ပိုင်ဆိုင်မှုများမှာလည်း အဆမတန် တိုးတက်လာခဲ့သည်။
နှစ်အနည်းငယ်အတွင်းမှာပင်၊ သူအခြေအနေမှာ ဘောလ်မာကိုပင် မီလာခဲ့လေပြီ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဖုန်းယွီနှင့်အတူ အလုပ်လုပ်ခြင်းမှာ ဝင်ငွေ ပိုမိုရရှိနိုင်သလို၊ အောင်မြင်မှုများလည်း ပိုမိုကြီးမားနိုင်ပုံရသည်။
သို့သော်လည်း ယခုအချိန်တွင် ဖုန်းယွီ၏ လက်အောက်ရှိ အဓိက ကုမ္ပဏီကြီး နှစ်ခုစလုံးတွင် အဆင့်မြင့် အရာရှိများ ရှိနေခဲ့ပြီဖြစ်ရာ၊ အကယ်၍ သူသာ သွားခဲ့မည်ဆိုပါက ဖုန်းယွီအနေဖြင့် သူ့အား မည်သည့်နေရာကို ပေးအပ်နိုင်ပါမည်နည်း။ ထို့အပြင် သူ တစ်ဦးတည်း ရာထူးတက်လှမ်းသည့်အခါ အခြားသူများ၏ ထောက်ခံမှုကိုကော သေချာပေါက် ရရှိနိုင်ပါမည်လော။
သူသည် Microsoftတွင်မူ အမည်ခံ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်နေဆဲ ဖြစ်သည်။ ဤနေရာတွင် "ထိပ်တန်းပုဂ္ဂိုလ်" ဆိုသည့် စကားလုံးမှာ အငြင်းပွားဖွယ်ရာ ရှိနေစေဦးတော့… သို့သော် သူသည် ဤနေရာကို ပိုမို ရင့်ကျက်စွာ သိရှိထားသည် မဟုတ်ပါလား။
အကယ်၍ ဖုန်းယွီထံသို့ သွားရောက်ခဲ့ပြီး ကျရှုံးခဲ့မည်ဆိုပါက သူ၏ အနာဂတ်မှာ မည်သို့ ဖြစ်သွားပါမည်နည်း။
ဤအချိန်တွင် ဘောလ်မာတစ်ယောက် ဝေခွဲမရ ဖြစ်သွားတော့သည်။
...
******