← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 12 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 12 Ch. 197-198

အခန်း (၁၉၇) အလင်းမဲ့ပျံလွှားဓားမြှောင်၏ စွမ်းအား

“ဒီမိန်းမဆိုး... မင်းမှတ်ထားလိုက်တော့”

ချင်ယွမ်ဖုန်းသည် ဆီးနှင်းလုံးများကို ရှောင်တိမ်းရင်း ပါးစပ်မှလည်း ပြန်လည်တုံ့ပြန်ရန် အလုပ်ရှုပ်နေချေသည်။

ကျိရှန့်မှာမူ သဘာဝအတိုင်းပင် စိုးရိမ်ပူပန်နေမိသည်။ သူမ၏ အသိဉာဏ်ထဲတွင် ချင်ယွမ်ဖုန်းက သူမကို နမ်းခဲ့သည်ကို သူမ၏ လက်အောက်ငယ်သား နှစ်ဆယ်ကျော်မှလွဲ၍ အခြားမည်သူမျှ မသိရှိကြပေ။

အကယ်၍သာ ချင်ယွမ်ဖုန်းက ဤကိစ္စကို လျှောက်ပြောလိုက်ပါက တစ်ရှန်းဝူအကယ်ဒမီလုံး သိသွားပေလိမ့်မည်။ ထိုသို့ဖြစ်လာမည့် အခြေအနေကို သူမအနေဖြင့် စိတ်ကူးပင် မယဉ်ဝံ့တော့ချေ။

သို့သော်လည်း သူမသည် ယခုတစ်ကြိမ်တွင် အားလုံးကို အသင့်ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

ကျိရှန့်သည် မျက်လှည့်ဆရာတစ်ဦးကဲ့သို့ လက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ လက်ထဲတွင် ကိုယ်တွင်းစွမ်းအင်များ ဝဲကရက်ထသလို ဖြစ်ပေါ်လာပြီး သူမ၏ လက်မောင်းတစ်ခုသဖွယ် မြေပြင်ပေါ်ရှိ စုပုံနေသော နှင်းများကို ရစ်ပတ်ကာ ဆီးနှင်းလုံးများအဖြစ်သို့ စုစည်းလိုက်ချေသည်။

ချင်ယွမ်ဖုန်းအနေဖြင့် တစ်စုံတစ်ယောက်က ကိုယ်တွင်းစွမ်းအင်ကို ဤမျှ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။ ကျိရှန့်သည် ကိုယ်တွင်းစွမ်းအင် အသုံးပြုမှုတွင် ပါရမီထူးချွန်သူတစ်ဦး ဖြစ်ပုံရပေသည်။

နောက်တစ်ခဏတွင် ဆီးနှင်းလုံး အများအပြားသည် လေထုကို ခွဲထွက်ကာ ချင်ယွမ်ဖုန်းထံသို့ တိုက်ခိုက်လာတော့သည်။

ချင်ယွမ်ဖုန်းသည် လေထဲတွင် ဘေးသို့ ရှောင်တိမ်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။

“စီနီယာအစ်မ... ဒီနှင်းလုံးတွေနဲ့ပဲ ကျွန်တော့်ကို ကိုင်တွယ်ဖို့ ကြံစည်နေတာတော့ မဟုတ်ဘူးမလား” ချင်ယွမ်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။

သို့သော်လည်း သူ့နားမှ ဝဲပျံသွားသော ဆီးနှင်းလုံးသည် သူ၏နောက်ကျောတွင် ရုတ်တရက် ပေါက်ကွဲသွားပြီး ဆီးနှင်းလုံးထဲမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချင်ယွမ်ဖုန်း၏ နောက်ကျောဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် နောက်ကျောတွင် စိမ့်ခနဲ ခံစားလိုက်ရပြီး ထိတ်လန့်တကြားဖြင့် ခန္ဓာကိုယ်ကို အောက်သို့ အရှိန်အဟုန်ဖြင့် နှိမ့်ချလိုက်ရသည်။

သို့သော်လည်း ထိုအနက်ရောင်အလင်းတန်းမှာ အလွန်တရာ မြန်ဆန်လှပေသည်။

ချင်ယွမ်ဖုန်းအနေဖြင့် သေစေနိုင်သော နေရာကို ရှောင်ကွင်းနိုင်ခဲ့သော်လည်း ၎င်းက ချင်ယွမ်ဖုန်း၏ ပုခုံးထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားခဲ့ချေပြီ။

၎င်းမှာ လုံးဝနက်မှောင်နေသော ဓားမြှောင်တစ်စင်းဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် ရွှေရောင်အစင်းကြောင်း နှစ်ကြောင်း ပါရှိလေသည်။

ချင်ယွမ်ဖုန်းသည် သွားကို တင်းတင်းကြိတ်ကာ ဓားမြှောင်ကို ဆွဲထုတ်ရန် လက်လှမ်းလိုက်သော်လည်း ထိုခဏ၌ပင် ဓားမြှောင်သည် ချင်ယွမ်ဖုန်း၏ ပုခုံးထဲမှ အလိုအလျောက် ပြန်လည်ထွက်ခွာသွားပြီး သွေးစက်များကို လွင့်စင်စေကာ ချင်ယွမ်ဖုန်း၏ လည်ပင်းဆီသို့ ဦးတည်ပျံသန်းလာပြန်သည်။

မြေပြင်ပေါ်ရှိ ကျိရှန့်၏ နဖူးပေါ်တွင် ချွေးစက်လေးများ ပေါ်လာသော်လည်း သူမ၏ နှုတ်ခမ်းထောင့်တွင်မူ အပြုံးဖျော့ဖျော့လေးတစ်ခု ဆွဲခွဲထားဆဲပင်။

ချင်ယွမ်ဖုန်းအတွက် သူမသည် ဤလက်ကွက်ကို အထူးတလည် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

“ဓားပျံပညာလား” ချင်ယွမ်ဖုန်း ထိတ်လန့်သွားမိသည်။ ဒဏ္ဍာရီလာ ဓားပျံပညာကို မြင်တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

အချို့သောသူများသည် ထူးကဲသော ပါရမီရှိကြပြီး သူတို့၏ ကိုယ်တွင်းစွမ်းအင်ကို လက်နက်များ၌ ကပ်ငြိစေကာ အရှင်သခင်၏ စိတ်အလိုအတိုင်း လက်နက်များကို လှုပ်ရှားစေနိုင်သည်။

သို့သော်လည်း ဤသည်မှာ အလွန်တရာ ခက်ခဲလှပေသည်။

သာမန်လူများသည် လက်နက်ကို အသုံးပြု၍ ကိုယ်ရံစွမ်းအင်ကိုသာ ထုတ်ဖော်နိုင်ကြသော်လည်း ဓားပျံပညာမှာမူ ကိုယ်တွင်းစွမ်းအင်ကို အသုံးပြု၍ လက်နက်ကို တိုက်ရိုက်ထိန်းချုပ်ခြင်း ဖြစ်သည်။

၎င်းမှာ ဝိညာဉ်လက်နက်နှင့် ဆင်တူသော်လည်း ဝိညာဉ်လက်နက်ကို ဝိညာဉ်ဖြင့် မောင်းနှင်ခြင်းဖြစ်ပြီး ဓားပျံပညာကိုမူ ကိုယ်တွင်းစွမ်းအင်ဖြင့် မောင်းနှင်ခြင်း ဖြစ်ချေသည်။

ဤအချိန်တွင် အခြားအရာများကို စဉ်းစားနေရန် အချိန်မရှိတော့ပေ။ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ မှိန်ပျပျ အလင်းတန်း သုံးခုမှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။

အလင်းတန်းတစ်ခုသည် အနက်ရောင်ဓားမြှောင်နှင့် ထိပ်တိုက်တွေ့ဆုံကာ ၎င်းကို ချက်ချင်းပင် လွင့်စင်သွားစေသည်။

၎င်းမှာ ချင်ယွမ်ဖုန်းက ရှန်းဝူအကယ်ဒမီ၏ ဘဏ္ဍာတိုက်မှ ရရှိခဲ့သော အလင်းမဲ့ပျံလွှားဓားမြှောင်ပင် ဖြစ်ချေသည်။

ဓားပျံပညာနှင့် နှိုင်းယှဉ်ပါက ဝိညာဉ်လက်နက်များသည် ပိုမိုတန်ဖိုးကြီးပြီး ပိုမိုမြန်ဆန်လှပေသည်။

မြေပြင်ပေါ်ရှိ ကျိရှန့်မှာမူ မျက်လုံးအစုံ ပြူးကျယ်သွားပြီး ချင်ယွမ်ဖုန်းတွင်လည်း ဤကဲ့သို့သော နည်းလမ်းမျိုး ရှိနေလိမ့်မည်ကို မယုံကြည်နိုင်ဖြစ်နေမိသည်။

သူမ ကြောင်အသွားသည့် ခဏချင်းတွင်ပင် အလင်းမဲ့ပျံလွှားဓားမြှောင်၏ ကျန်ရှိသော ဓားမြှောင်နှစ်စင်းမှာ ကျိရှန့်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး သူမ၏ မျက်လုံးအိမ်ရှေ့ တစ်လက်မအကွာတွင် ဝဲပျံနေတော့သည်။

“စီနီယာအစ်မ... မင်းက တကယ်ပဲ ငါ့ကို သတ်ဖို့ ရည်ရွယ်ထားတာလား။ ပြောစမ်းပါဦး... ငါကရော မင်းကို ပြန်သတ်သင့်လား” ချင်ယွမ်ဖုန်းက အေးစက်စွာ မေးလိုက်သည်။

ကျိရှန့်သည် ဓားပျံပညာတွင် ကျွမ်းကျင်မှု အားနည်းနေသေးသည်မှာ သိသာလှပေသည်။ ထို့ကြောင့် ခေတ္တမျှ အသုံးပြုလိုက်ရုံဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်အားလုံးနီးပါး ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။

သူမတွင် ဒဏ်ရာရရှိခြင်း မရှိသော်လည်း ဤအချိန်တွင် ကျိရှန့်သည် အလွန်တရာ အားနည်းနေချေပြီ။ အလင်းမဲ့ပျံလွှားဓားမြှောင် ရောက်ရှိလာသည်ကိုပင် နောက်ကျမှ သတိပြုမိတော့သည်။

အကယ်၍သာ ချင်ယွမ်ဖုန်းသာ ဖြစ်ခဲ့ပါက ထိုဓားမြှောင်နှစ်စင်းသည် ကျိရှန့်၏ မျက်လုံးအိမ်ထဲသို့ စိုက်ဝင်သွားခဲ့ပြီးဖြစ်ပေလိမ့်မည်။

“မင်းမှာ သတ္တိရှိရင် သတ်လိုက်လေ။ မဟုတ်ရင်တော့ ငါ မင်းကို ပြင်းပြင်းထန်ထန် ကလဲ့စားချေမှာ သေချာတယ်” ကျိရှန့်က ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ ခက်ထန်စွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ရင်း “ကျွန်တော် ပြောမယ် စီနီယာအစ်မ... ကိစ္စက အဲ့လောက်အထိ မကြီးကျယ်ပါဘူး။ အခုတော့ မင်းက ကျွန်တော့်ကို တစ်ချက်ခုတ်၊ တစ်ချက်ထိုးပြီးပြီဆိုတော့ ကျွန်တော်တို့ ကျေအေးလိုက်ကြရအောင်။ နောက်နောင် ကျွန်တော့်ကို လာပြီး ရန်စနေဦးမယ်ဆိုရင်တော့ ကျွန်တော် တကယ်ပဲ အားနာနေမှာ မဟုတ်တော့ဘူး” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် အလင်းမဲ့ပျံလွှားဓားမြှောင် နှစ်စင်းသည် လေထဲတွင် နုနယ်သော မျဉ်းကြောင်းနှစ်ခုကို ချန်ရစ်ခဲ့ပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်လည်ဝင်ရောက်သွားတော့သည်။

“သွားပြီ”

ချင်ယွမ်ဖုန်းသည် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီးနောက် အဝေးသို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားလေသည်။

ကျိရှန့်မှာမူ နာကျည်းစွာဖြင့် မြေကြီးကို ခြေစောင့်နင်းလိုက်မိသည်။

သူမသည် ချင်ယွမ်ဖုန်းကို နောက်တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြန်ချေပြီ။

“အရှက်မရှိတဲ့ ကောင်စုတ်။ မင်းသာ ငါနဲ့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် သုံးကွက်အတွင်း မင်းကို ငါ အနိုင်ယူနိုင်တယ်” ဟု ကျိရှန့်က သွားကြိတ်ရင်း ပြောလိုက်သည်။

ချင်ယွမ်ဖုန်းမှာ မြင်သာသော်လည်း ဖမ်းမမိနိုင်သော ငါးလွှဲကျော်လေးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေချေသည်။

ယခုအခါ ချင်ယွမ်ဖုန်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ရာ သူမအနေဖြင့် အလွန်မကျေမနပ် ဖြစ်နေသော်လည်း ဘာမျှ မတတ်နိုင်တော့ပေ။

“ချင်ယွမ်ဖုန်း... တစ်နေ့ကျရင် မင်း ငါ့ကို ရှုံးနိမ့်စေရမယ်” ဟု ကျိရှန့်က အာဃာတဖြင့် အော်ဟစ်လိုက်လေသည်။

အတော်အတန် ဝေးကွာသော နေရာသို့ ပျံသန်းလာပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် သက်ပြင်းချနိုင်တော့သည်။

ကျိရှန့်နှင့် တိုက်ခိုက်နေစဉ်အတွင်း သူသည် အနည်းငယ်မျှပင် စိတ်မလျှော့ရဲခဲ့ပေ။ ထိုရူးသွပ်နေသော မိန်းမသည် ချင်ယွမ်ဖုန်းကို တကယ် သတ်ချင်နေခဲ့ခြင်း ဖြစ်သည်။

ဤအချိန်တွင် အလင်းရောင် အနည်းငယ် ထွက်ပေါ်နေပြီဖြစ်သည်။ တစ်ညလုံးတွင် ချင်ယွမ်ဖုန်းသည် ညဦးပိုင်း၌ သူ၏ တိုက်ခိုက်ရေးပညာများနှင့် အလင်းမဲ့ပျံလွှားဓားမြှောင်ကိုသာ ပြန်လည် စီစစ်နေခဲ့ပြီး ညနှောင်းပိုင်းတွင်မူ ကျိရှန့်နှင့် လုံးထွေးသတ်ပုတ်နေခဲ့ရသည်။

သူသည် အရှေ့ဘက် တံခါးငယ်မှတစ်ဆင့် အကယ်ဒမီအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် သူ၏ အိပ်ဆောင်သို့ ဖြည်းညင်းစွာ ပြန်လာခဲ့သည်။

ထိုအချိန်တွင် ဝမ်ဝူးနှင့် မာထျန်းတို့သည်လည်း နိုးနေကြပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်း လမ်းလျှောက်ဝင်လာသည်ကို မြင်သောအခါ သူတို့ အလွန်အံ့အားသင့်သွားကြသည်။

“ဖုန်းအစ်ကို... မနေ့ညက ကျွန်တော် ဘယ်လိုဖြစ်ပြီး အိပ်ပျော်သွားတာလဲ” မာထျန်းက ဝေခွဲမရသော မျက်နှာပေးဖြင့် မေးလိုက်သည်။

“ကျွန်တော်လည်း အတူတူပဲ” ဟု ဝမ်ဝူးကလည်း ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ကာ “အခု ဘာမှမဖြစ်တော့ပါဘူး” ဟု ပြောလိုက်သည်။

ထိုခဏတွင် မာထျန်းသည် ချင်ယွမ်ဖုန်း၏ နောက်ကျောမှ ဒဏ်ရာကို ရုတ်တရက် မြင်သွားပြီး ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားကာ

“ဖုန်းအစ်ကို... မင်းဘာဖြစ်လာတာလဲ” ဟု မေးလိုက်သည်။

“အာ... အဲ့ဒါကို မပြောပါနဲ့တော့။ငါ မနက်ခင်း အပြေးလေ့ကျင့်ခန်း သွားလုပ်တယ်လို့ပဲ သဘောထားလိုက်ပါ” ဟု ချင်ယွမ်ဖုန်းက မတတ်သာဘဲ ပြောလိုက်သည်။

“မနက်ခင်း အပြေးလေ့ကျင့်တာလား။ အပြေးလေ့ကျင့်ရင်းနဲ့ ဒဏ်ရာရနိုင်လို့လား” မာထျန်းမှာ ဝေခွဲမရ ဖြစ်နေသော်လည်း ချင်ယွမ်ဖုန်း၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ ဆက်လက်၍ မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်သည်။

အိပ်ဆောင်တွင် စားသောက်ပြီးနောက် ချင်ယွမ်ဖုန်း၊ မာထျန်းနှင့် ဝမ်ဝူးတို့သည် စားသောက်ခန်းမသို့ သွားရောက်ကာ အရသာရှိသော အစားအစာများကို စားသောက်ခဲ့ကြသည်။

ချန်ပီယံလုပွဲ သုံးရက်အတွင်း သူတို့ ငတ်ပြတ်မနေခဲ့သော်လည်း ကောင်းကောင်းမွန်မွန်မူ မစားခဲ့ရပေ။

စားသောက်ခန်းမအတွင်းတွင် ချင်ယွမ်ဖုန်းသည် ကျိရှန့်ကို အဝေးမှ လှမ်းမြင်လိုက်ရသော်လည်း ကျိရှန့်သည်လည်း ကိစ္စကို မကြီးကျယ်စေချင်ပုံရသဖြင့် ချင်ယွမ်ဖုန်း ရှိနေခြင်းကို တိုက်ရိုက် လျစ်လျူရှုထားချေသည်။

သူတို့ စားသောက်နေစဉ်အတွင်း ဆရာမ ယီနန်သည် ရုတ်တရက် ရောက်ရှိလာပြီး ချင်ယွမ်ဖုန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမ မှာယူထားသော အစားအစာအားလုံးမှာ အပေါ့အပါးများသာ ဖြစ်ကြသည်။

မာထျန်းနှင့် ဝမ်ဝူးတို့သည် အဓိပ္ပာယ်ပါသော အပြုံးများကို အချင်းချင်း လဲလှယ်လိုက်ကြပြီး အခြားစားပွဲများသို့ သွားရောက် စားသောက်ကြတော့သည်။

“ယွမ်ဖုန်း... မင်း ထွက်သွားတော့မှာလား” ယခုအချိန်တွင် ယီနန်က တိုးညှင်းစွာ မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ဟုတ်ကဲ့... ကျွန်တော် ပြန်ဖို့ လိုအပ်ပါတယ်။ ကျောင်းတော်တွင်း ပြိုင်ပွဲမှာ ပါဝင်ဖို့ ဂိုဏ်းချုပ်ကို ကတိပေးထားခဲ့တာရှိသလို သန့်စင်ခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် အခြားသော ဝိညာဉ်ဆေးမြက်တွေကိုလည်း ရှာဖွေဖို့ လိုအပ်နေပါသေးတယ်” ဟု ပြန်ပြောလိုက်သည်။

ယီနန်က ခေါင်းညိတ်ရင်း “ကောင်းပါပြီ... မင်း ပြန်တဲ့လမ်းမှာ သတိထားရမယ်နော်။ မင်း ပြန်လာမှာကို ငါ အကယ်ဒမီမှာ စောင့်နေမယ်” ဟု ဆိုသည်။

ယီနန်သည် တစ်စုံတစ်ခုကို ပြောချင်သော်လည်း မြိုသိပ်ထားပုံရသည်ဟု ချင်ယွမ်ဖုန်း အမြဲ ခံစားနေရသည်။ “ဆရာမ... ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”

“ဘာမှမဟုတ်ပါဘူး” ယီနန်က ပြုံးလိုက်ကာ “မင်း ထွက်သွားတာကို ကြည့်ပြီး အနည်းငယ် နှမြောတသ ဖြစ်မိလို့ပါ” ဟု ပြောလိုက်လေသည်။

အခန်း (၁၉၈)ထွက်ခွာခြင်း

ချင်ယွမ်ဖုန်းသည် ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း “ဆရာမ စိတ်မပူပါနဲ့၊ ကျွန်တော် သေချာပေါက် အသက်ရှင်လျက် ပြန်လာခဲ့ပါ့မယ်” ဟု ဆိုလေသည်။

ယီနန်ကမူ “မင်းကို ငါယုံကြည်ပါတယ်” ဟု တိုးညင်းစွာ ပြောကြားခဲ့၏။

“ဩော် ဒါနဲ့ ၊ ကျွန်တော်တို့ စတွေ့တုန်းက ဆရာမကိုယ်ပေါ်က အမာရွတ်တွေကို ပျောက်အောင် လုပ်ပေးမယ်လို့ ပြောခဲ့ဖူးတယ်နော်” ဟု ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ ပြောဆိုရင်း သူ၏ သိုလှောင်အိတ်အတွင်းမှ နတ်သက်ကြွေဆေးမြက် တစ်ရွက်ကို ထုတ်ယူလိုက်ချေသည်။

ထိုဆေးမြက်ပင်သည် တစ်ကြိမ်လျှင် သုံးရွက်သာ ထွက်ရှိခြင်း ဖြစ်သည်။ ချင်ယွမ်ဖုန်းသည် တစ်ရွက်ကို မြက်ခင်းပြင်ရှိ ခန်အတွက် အသုံးပြုခဲ့ပြီးဖြစ်ရာ ယခုတစ်ရွက်ကို ယီနန်အား ပေးအပ်လိုက်သဖြင့် သူ၏လက်ဝယ်တွင် တစ်ရွက်သာ ကျန်ရှိတော့ပေတော့မည်။

“ဒါက...” ယီနန်သည် မှိန်ပျပျ အလင်းရောင် ထွက်ပေါ်နေသော ဆေးမြက်ရွက်ကို ကြည့်ကာ အလွန်တရာ အံ့အားသင့်သွားပြီး မျက်လုံးများပင် ဝိုင်းစက်သွားတော့သည်။ ထိုအပင်ငယ်ဆီမှ ကြီးမားလှသော စွမ်းအင်များကို သူမ ခံစားနေရသောကြောင့် ဖြစ်၏။

“ဒါက နတ်သက်ကြွေဆေးမြက်ရဲ့ အဖူးအပွင့် တစ်ရွက်ပဲလေ၊ ဒဏ်ရာတွေကို ချက်ချင်း သက်သာစေရုံတင်မကဘဲ အမာရွတ်တွေကိုပါ ပျောက်ကင်းစေနိုင်တယ်၊ အာနိသင်ကတော့ အရမ်းထူးခြားတာပေါ့” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ရှင်းပြလိုက်သည်။

“ဒါပေမဲ့... ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်...” ယီနန်သည် ချင်ယွမ်ဖုန်း ကမ်းပေးထားသော လက်ကို ပြန်လည် တွန်းဖယ်လိုက်ပြီး မျက်နှာတစ်ခုလုံးလည်း နီမြန်းသွားရှာသည်။

သို့သော် ချင်ယွမ်ဖုန်းကမူ လက်ကို ရဲဝံ့စွာ ဝေ့ယမ်းလိုက်ရင်း “မစိုးရိမ်ပါနဲ့၊ ကျွန်တော့်ဆီမှာ အများကြီး ကျန်ပါသေးတယ်၊ အရင်ကလည်း ကတိပေးခဲ့ဖူးတာဆိုတော့ အခုပဲ ပေးပါရစေ၊ နောက်ကျရင် ကျွန်တော် နတ်သက်ကြွေဆေးလုံးတွေ ဖော်စပ်နိုင်တဲ့အခါ ဆရာမအတွက် အများကြီး သိမ်းထားပေးဦးမှာပါ” ဟု ဆိုလေသည်။

ယီနန်သည် ချင်ယွမ်ဖုန်း၏ ပြုံးရွှင်သော မျက်နှာကို ကြည့်ကာ ထိုနတ်သက်ကြွေဆေးမြက်ရွက်ကို လက်ခံလိုက်ရတော့သည်။

“ကျေးဇူးတင်ပါတယ်” ဟု သူမက တိုးညင်းစွာ ဆို၏။

ချင်ယွမ်ဖုန်းကမူ “ဘာတွေ အားနာနေတာလဲ” ဟု ဆိုကာ ရယ်မောလိုက်လေသည်။

ထို့နောက် သူတို့နှစ်ဦးသည် အေးအေးလူလူပင် အတူတူ စားသောက်ပြီးနောက် လမ်းခွဲခဲ့ကြတော့သည်။

ယနေ့သည် ကျောင်းသားသစ်များ တရားဝင် အတန်းစတင်တက်ရောက်ရသည့် နေ့တစ်နေ့ ဖြစ်ပေသည်။ အစောပိုင်း သင်ခန်းစာများမှာ ကိုယ်တွင်းစွမ်းအင်နှင့် ကျင့်ကြံခြင်းဆိုင်ရာ အခြေခံ ဗဟုသုတများသာ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ရှန်းဝူအကယ်ဒမီမှ ချက်ချင်း ထွက်ခွာခြင်း မပြုသေးပေ။ သူသည် ရက်အနည်းငယ်ခန့် အတန်းတက်ပြီးမှသာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ထိုရက်ပိုင်းအတွင်း ချင်ယွမ်ဖုန်းသည် အချက်တစ်ချက်ကို သဘောပေါက်နားလည်သွားခဲ့သည်။ ယင်းမှာ ရှန်းဝူမျှော်စင်၏ အခြေခံ ရည်ရွယ်ချက်သည် သိုင်းပညာရှင်တို့၏ စိတ်အခြေအနေကို ပိုမိုခိုင်မာအောင် လေ့ကျင့်ပေးရန်ပင် ဖြစ်၏။

သိုင်းပညာရှင် အများအပြားသည် ကျင့်ကြံခြင်း အဆင့်အတန်း လုံလောက်စွာ ရှိနေသော်လည်း မိမိတို့၏ စိတ်အခြေအနေမှာ လိုက်ပါပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် အဆင့်တက်လှမ်းရန် ကြန့်ကြာနေတတ်ကြသည်။

ရှန်းဝူမျှော်စင်အတွင်းတွင် လူရီ ချန်ထားခဲ့သော တံလျှပ်အိပ်မက်များကို အသုံးပြုကာ မိမိ၏ စိတ်ဓာတ်ကို လေ့ကျင့်နိုင်ပေသည်။

ကျောင်းသား အများအပြားသည် ထိုမျှော်စင်အတွင်းရှိ တံလျှပ်အိပ်မက်များထဲတွင် မိမိတို့ အကြောက်ရွံ့ဆုံး အရာများကို မြင်တွေ့ရတတ်သဖြင့် အနည်းငယ် ထိတ်လန့်တုန်လှုပ်တတ်ကြသည်။

ရှန်းဝူမျှော်စင်ကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးပြီး တစ်ကြိမ်လျှင် သုံးလကြာမြင့်လေသည်။ ထိုသုံးလအတွင်း ကျောင်းသားများသည် အတွင်း၌ စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်နိုင်ကြပေသည်။

ရှန်းဝူမျှော်စင်၏ အထပ်မြင့်လေလေ အတွင်းရှိ တံလျှပ်အိပ်မက်များမှာ ပိုမို အစွမ်းထက်လေလေ ဖြစ်သည်။

အချို့သော သူများသည် ထိုတံလျှပ်အိပ်မက်များအတွင်း အဆုံးမဲ့ လမ်းပျောက်ကာ ပြန်လည် ရုန်းထွက်နိုင်ခြင်း မရှိတော့ဘဲ ထိုနေရာ၌ပင် အသက်ပျောက်ခဲ့ကြရသည်လည်း ရှိပေသည်။

ချင်ယွမ်ဖုန်း ရှန်းဝူမျှော်စင်၏ အထက်ဆုံးထပ်တွင် မြင်တွေ့ခဲ့ရသော အကြီးအကဲ အနည်းငယ်မှာ အကယ်ဒမီမှ ဆရာများပင် ဖြစ်ကြသည်။

သူတို့၏ သက်တမ်းမှာ ကုန်ဆုံးခါနီးဖြစ်နေသဖြင့် ရှန်းဝူမျှော်စင်၏ အစွမ်းကို အသုံးပြုကာ လက်ရှိ ကျင့်စဉ်အဆင့်ကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် လာရောက်ကြခြင်း ဖြစ်၏။

အကယ်၍ အဆင့်မတက်လှမ်းနိုင်ပါက ထိုသူတို့သည် ရှန်းဝူမျှော်စင်အတွင်း၌ပင် သေဆုံးသွားနိုင်ပေရာ ယင်းမှာ ရှန်းဝူအကယ်ဒမီအတွက် ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုသာ ဖြစ်ချေသည်။

သို့သော် ဤအရာမှာ ယခုအချိန်တွင် ချင်ယွမ်ဖုန်းအတွက် မလိုအပ်သေးပေ။ သူသည် ဤနေရာ၌ အချိန်ဖြုန်းနေရန် မဖြစ်နိုင်ချေ။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ကို ဖယ်ရှားပြီးမှသာ ရှန်းဝူမျှော်စင်၏ စွမ်းအားကို လာရောက် စမ်းသပ်ကြည့်တော့မည်ဟု ဆုံးဖြတ်ထားသည်။

ချင်ယွမ်ဖုန်း ထွက်ခွာသွားသည်ကို မည်သူမျှ မသိရှိကြသလောက်ပင်။ ကျောင်းသားသစ်များက ယီနန်အား မေးမြန်းသည့်အခါတွင်လည်း သူမက ခွင့်ယူထားသည်ဟူသော အကြောင်းပြချက်ဖြင့်သာ လှည့်ပတ် ပြောဆိုခဲ့သည်။

ချင်ယွမ်ဖုန်းသည် ကျောင်းသားသစ်များကို ဦးဆောင်ကာ စီနီယာကျောင်းသားဟောင်းများကို အနိုင်ယူခဲ့သည့် ဒဏ္ဍာရီတစ်ခုကိုသာ ချန်ထားရစ်ခဲ့ပြီး သူ၏ ခွေးနှင့်အတူ အကယ်ဒမီမှ ထွက်ခွာသွားခဲ့လေပြီ။

ယခုအချိန်တွင်မူ ချင်ယွမ်ဖုန်းသည် မြောက်ဘက်စွန်းဒေသနှင့် ယန်ရုအင်ပါယာ ကြားရှိ ပင်လယ်ပြင် မြောင်းကြီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်း ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာလာသည်မှာ တစ်လကျော်ခန့် ရှိပြီဖြစ်ရာ ယခု ပြန်လည် ရောက်ရှိသွားပါက ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးနှင့် အချိန်ကိုက်ပင် ဖြစ်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် ပင်လယ်မြောင်းကြီးတစ်လျှောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေပြီး သူ၏ ဘေးတွင် ဝမ်ချိုင်က လိုက်ပါလာသည်။

ကောင်းကင်ယံမှ ကြည့်မည်ဆိုပါက လူနှင့်ခွေးမှာ အနက်ရောင် အစက်ကလေး နှစ်စက်ကဲ့သို့ပင်။

ဝမ်ချိုင်သည် ယနေ့တွင် သိသိသာသာ ထိုင်းမှိုင်းနေပြီး အိပ်ရာမှ မနိုးသေးသည့် ပုံစံမျိုး ပေါက်နေသဖြင့် ချင်ယွမ်ဖုန်း အလွန်တရာ နားမလည်နိုင် ဖြစ်နေရသည်။ ပုံမှန်အားဖြင့် ဝမ်ချိုင်မှာ ဤသို့သော အမူအရာမျိုး မရှိပေ။

ခဏမျှ လမ်းလျှောက်ပြီးနောက် ချင်ယွမ်ဖုန်းက ရုတ်တရက် ရပ်တန့်လိုက်သည်။

“ထွက်လာခဲ့တော့၊ မင်း အကယ်ဒမီကတည်းက ငါ့နောက်ကို တောက်လျှောက် လိုက်လာတာ ဘာကို လိုချင်လို့လဲ” ဟု ချင်ယွမ်ဖုန်းက ရုတ်တရက် အော်ဟစ်လိုက်လေသည်။

ချင်ယွမ်ဖုန်း၏ နောက်ကွယ်ရှိ နှင်းတောထဲမှ လူရိပ်တစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ထိုသူမှာ ကျူးကောက်တာ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ။

ကျူးကောက်တာသည် ရှန်းဝူအကယ်ဒမီ၏ ဆရာတစ်ဦး ဖြစ်သကဲ့သို့ သူသည် ယီနန်အား လိုက်လံ စည်းရုံးနေသည်မှာ တစ်ကျောင်းလုံး သိသည့် ကိစ္စဖြစ်သည်။

သို့သော် ယီနန်မှာ ကျူးကောက်တာကို မနှစ်သက်ဘဲ ချင်ယွမ်ဖုန်းနှင့်သာ ထူးထူးခြားခြား ရင်းနှီးနေသဖြင့် ကျူးကောက်တာ၏ ရင်ထဲတွင် အာဃာတများ ပြည့်နှက်နေခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်း ထွက်ခွာသွားသည့်အခါ သူသည် တိတ်တဆိတ် နောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်၏။

“ဩော်... ဆရာကျူး ပါလား၊ ကျွန်တော့်ကို အထူးတလည် လိုက်ပို့ပေးတာလား” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မေးမြန်းလိုက်သည်။

ကျူးကောက်တာ၏ မျက်နှာမှာမူ ကြောက်မက်ဖွယ်ကောင်းလှပြီး “ချင်ယွမ်ဖုန်း၊ ဟန်ဆောင်မနေနဲ့တော့၊ ငါ ဘာလုပ်ချင်လဲဆိုတာ မင်း သိပြီးသားပါ” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းက ပခုံးတွန့်လိုက်ရင်း “ဆရာကျူး၊ ကျွန်တော် အကယ်ဒမီက ဘယ်သူနဲ့မှ ရန်မဖြစ်ချင်ပါဘူး၊ အထူးသဖြင့် ဆရာတွေနဲ့ပေါ့” ဟု တုံ့ပြန်လိုက်သည်။

“ဒါပေမဲ့ ငါတို့ကြားက ရန်ငြိုးကတော့ စွဲမြဲသွားပြီ၊ အခု ငါတို့နှစ်ယောက်ထဲမှာ မင်း သေမလား၊ ငါ ရှင်မလား ဆိုတာပဲ ရှိတော့တယ်” ဟု ကျူးကောက်တာက ရက်စက်စွာ ပြောဆိုလိုက်သည်။

မနာလိုဝန်တိုစိတ်များက သူ့အား အသိတရား ကင်းမဲ့စေခဲ့ပြီ ဖြစ်သည်။ ချင်ယွမ်ဖုန်းမှာမူ ရင်ထဲတွင် သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိတော့သည်။

“ဆရာကျူးရယ်၊ ဒီလိုပဲ လုပ်ရတော့မှာလား၊ ကျွန်တော်တို့ကြားမှာ မူလက ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး”

“မင်းက ငါ့ရဲ့ ယီနန်ကို လုယူသွားတယ်၊ ကျောင်းသားတွေ ရှေ့မှာလည်း ငါ့ကို အရှက်ရအောင် လုပ်တယ်၊ ဒီနေ့တော့ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ကျန်ရမယ်”

ဟု ကျူးကောက်တာက ကျယ်လောင်စွာ ဟစ်အော်လိုက်လေသည်။

သို့သော် ဤအရာများအားလုံးမှာ သူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်၏။ သူသည် အကယ်ဒမီအတွင်း လမ်းလျှောက်သည့်အခါ ကျောင်းသားများက ဆရာမယီနန်ကို လုယူခံလိုက်ရသူဟု ဝိုင်းဝန်း ကဲ့ရဲ့နေကြမည်၊ ယီနန်ကိုယ်တိုင်ကလည်း သူ့အား လှောင်ပြောင်နေလိမ့်မည်ဟု အထင်နှင့် ခံစားနေရခြင်း ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ မည်သည့် ကျောင်းသားမျှ သူ့အား မလှောင်ပြောင်ကြပေ။ ယီနန်၏ ကျူးကောက်တာအပေါ် ထားရှိသော သဘောထားမှာလည်း အရင်အတိုင်းပင် ငြင်းပယ်ထားဆဲ ဖြစ်သည်။

ဤအရာအားလုံးမှာ ကျူးကောက်တာ၏ မနာလိုစိတ်ကြောင့် ဖြစ်ပေါ်လာသည့် တံလျှပ်အိပ်မက်များသာ ဖြစ်ပေသည်။

နောက်ဆုံးတွင်မူ သည်းမခံနိုင်တော့သော ကျူးကောက်တာသည် ချင်ယွမ်ဖုန်းအား ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။

ချင်ယွမ်ဖုန်းကို ဤလောကမှ ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခြင်းဖြင့် မည်သူမျှ သူ့အား မကဲ့ရဲ့နိုင်တော့အောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ကျူးကောက်တာသည် သူ၏ သိုလှောင်အိတ်အတွင်းမှ ရှည်လျားသော ဓားတစ်လက်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။

ထိုဓားပေါ်တွင် အဆောင်လက်ဖွဲ့ သင်္ကေတများစွာ ပါရှိနေသဖြင့် ကြည့်လိုက်သည်နှင့် အလွန်တန်ဖိုးရှိသော ရတနာလက်နက် ဖြစ်ကြောင်း သိသာလှပေသည်။

ရှန်းဝူအကယ်ဒမီတွင် ဆရာဖြစ်ရန်အတွက် အနည်းဆုံး ပဥ္စမအဆင့် မဟာဆရာနယ်ပယ် အထက်တွင် ရှိရမည်ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင် ထူးချွန်သော အရည်အချင်းလည်း ရှိရပေမည်။

ကျူးကောက်တာသည် လက်နက်သွန်းလုပ်ခြင်း ပညာရပ်တွင် ထူးခြားသည့် နည်းစနစ်များ ရှိသောကြောင့် ရှန်းဝူအကယ်ဒမီ၏ ဆရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဤဓားမှာ ကျူးကောက်တာ၏ အဂုဏ်ယူရဆုံး လက်ရာဖြစ်ပြီး ဆဋ္ဌမအဆင့်ရှိသော ရတနာလက်နက် ဖြစ်သည့် ဝိညာဉ်သံမဏိဓားပင် ဖြစ်၏။

“ချင်ယွမ်ဖုန်း၊ သေဖို့ ပြင်ထားပေတော့”

ကျူးကောက်တာသည် ဓားကို ကိုင်ဆွဲကာ ချင်ယွမ်ဖုန်းထံသို့ ရုတ်တရက် ပြေးဝင်လာပြီး သူ၏ ဓားရှည်ဖြင့် အဝေးမှပင် ခုတ်ချလိုက်လေသည်။

လေထုအတွင်း၌ လင်းလက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော စွမ်းအင်များ ပါဝင်သည့် ဓားဆွဲ ခုတ်ချက်သည် ချင်ယွမ်ဖုန်းထံသို့ ပြင်းထန်စွာ တိုးဝင်လာတော့သည်။

ထူထဲသော ရေခဲပြင်ကြီးပင်လျှင် နက်ရှိုင်းသော မြောင်းကြီးတစ်ခုသဖွယ် ကွဲအက်သွားပြီး ချင်ယွမ်ဖုန်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လုယန့်ဓားမှာ သူ၏လက်ထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဓားကို အထက်သို့ ရုတ်တရက် ဝေ့ယမ်းလိုက်ရာ တောက်ပလှသော ဓားစွမ်းအင် အလင်းတန်းကြီးသည် ပြင်းထန်စွာ ထွက်ပေါ်သွားတော့ပေသတည်း။

All Chapters