အခန်း (၂၀၁-၂၀၂)
Vol. 12 Ch. 201-202
အခန်း (၂၀၁) သံမဏိစစ်သည်များ
ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်၏ ကျောပေါ်တွင် လိုက်ပါလာရင်း မိမိကိုယ်မိမိပင် သတိမထားမိလိုက်ဘဲ မြောက်ဖျားဒေသ၏ ချောက်ကမ္ဘာအတွင်းမှ ထွက်ခွာလာခဲ့ကာ မြက်ခင်းပြင်ဒေသသို့ ရောက်ရှိလာခဲ့ချေပြီ။
မလှမ်းမကမ်း ရှေ့နားတွင်မူ ချင်ယွမ်ဖုန်းနှင့် နာရင်ထူးယားတို့ လမ်းခွဲခဲ့ကြသည့် ကုန်းမြင့်သာယာအရပ်တည်ရှိနေသည်။
“နာရင်ထူးယားတစ်ယောက် အခုဘယ်လိုနေမလဲမသိဘူး” ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူသည် နာရင်ထူးယားနှင့် ခန်အား ကယ်တင်ပေးခဲ့သည်မှာ မှန်သော်လည်း ခန်အဖို့ ယခင်ကဲ့သို့ အရှိန်အဝါမျိုး ပြန်လည်ရရှိရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
သို့သော်လည်း သစ္စာရှိသော လက်အောက်ငယ်သားများ ရှိနေသေးသည်ဖြစ်ရာ မြက်ခင်းပြင်ဒေသတွင် ကျွမ်းကျင်သော စစ်သည်တော်များ မည်သည့်အခါမျှ ရှားပါးသွားခြင်းမရှိပေ။
သို့ရာတွင် ပုယန်သည် ခန်အား အနိုင်ယူခဲ့ပြီးနောက် စစ်သည်တော်အမြောက်အမြားကို စုစည်းနိုင်ခဲ့သည်။
ထိုစစ်သည်တော်များမှာ ခန်နှင့်အတူ ကမ္ဘာကို သိမ်းပိုက်ရန် တိုက်ပွဲဝင်ခဲ့ကြသော ရဲစွမ်းသတ္တိရှိသူများဖြစ်ကြပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်ပင် ပြောင်မြောက်လှသည်။
ထို့ကြောင့်ပင် ခေတ္တခဏအတွင်း၌ ပုယန်သည် မြက်ခင်းပြင်ဒေသ၏ သြဇာအကြီးမားဆုံး စစ်ဘုရင် ဖြစ်လာခဲ့လေတော့သည်။
ခန်၏ သားတော်များသည်ကား ခန်အား ကယ်တင်ရန်အတွက် တစ်စုံတစ်ရာ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေခဲ့ကြသဖြင့် ယခုအခါတွင်မူ အကြီးအကျယ် ဒုက္ခရောက်နေကြရချေပြီ။
အကြောင်းမှာ ပုယန်သည် ၎င်းတို့ကို စတင်တိုက်ခိုက်ရန် အာရုံစိုက်လာသောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ ခန်ကျရှုံးသွားချိန်တွင် ၎င်းတို့သည် မြက်ခင်းပြင်ပေါ်ရှိ အင်အားအကြီးဆုံး အုပ်စုများထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။
ပုယန် မျှော်လင့်ထားသည့်အတိုင်းပင် မြက်ခင်းပြင်ပေါ်တွင် ပြင်းထန်သော တိုက်ပွဲငယ်များ တစ်ဖန်ပြန်လည် စတင်လာခဲ့ပြီး အဖွဲ့အစည်းတိုင်းသည် မြက်ခင်းပြင်၏ ဘုရင်ဖြစ်လာစေရန်အတွက် အချင်းချင်း တိုက်ခိုက်နေကြတော့သည်။
ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ကို စီးနင်းလျက် နေ့ညမပြတ် ခရီးနှင်လာခဲ့ရာ နာရင်ထူးယားနှင့် လမ်းခွဲခဲ့သည့်နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာကို ကျော်လွန်သွားပါက အဆုံးအစမရှိ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး ရှိနေပေသည်။
“သူတို့အားလုံး ဘေးကင်းကြလိမ့်မယ်လို့ ငါမျှော်လင့်တယ်” ဟု ချင်ယွမ်ဖုန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
သူသည် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုလျှင်ပင် လုပ်ဆောင်နိုင်စွမ်းမရှိပေ။
ထိုစဉ်မှာပင် လူစုတစ်စုသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ပေါ်ထွက်လာသည်။
ဤလူစုမှာ အလွန်ပင် ထူးခြားဆန်းပြားလှပြီး မြက်ခင်းပြင်ဒေသခံတို့၏ ဝတ်စားဆင်ယင်မှုနှင့် လုံးဝကွဲပြားနေသည်။
၎င်းတို့သည် အနက်ရောင် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး ဝတ်ရုံအောက်တွင်မူ တောက်ပနေသော ငွေရောင်အကြေးခွံ သံချပ်ကာများ ရှိနေသည်။
ထို့ပြင် မျက်နှာပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော သံမျက်နှာဖုံးများကို စွပ်ထားကြသေးသည်။
သို့သော်လည်း ကိုင်ဆောင်ထားသော လက်နက်များမှာမူ မြက်ခင်းပြင်တွင် အသုံးများလှသော ဓားကောက်များပင် ဖြစ်သည်။
၎င်းတို့သည် ယဉ်ပါးအောင် လေ့ကျင့်ထားသော ဝံပုလွေများကို စီးနင်းထားကြသည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ချိုင်မှာလည်း ဖြည်းညင်းစွာ ရပ်တန့်သွားသည်။
“မင်းက ဘယ်ကလာတာလဲ” ထိုထူးဆန်းသော လူစုသည် ချင်ယွမ်ဖုန်းထံ ချဉ်းကပ်လာပြီး ခေါင်းဆောင်ဖြစ်သူက ရှေ့သို့တက်ကာ မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက မျက်ခုံးကို တွန့်လိုက်ရင်း “ငါလာခဲ့တဲ့နေရာက လာတာပဲ၊ ငါသွားမယ့်နေရာကို သွားမှာပေါ့” ဟု ပြန်ပြောလိုက်၏။
“မင်း ငါတို့ကို နောက်ပြောင်နေတာလား” ထိုသူသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ဓားကောက်ကို မြှောက်ကာ ချင်ယွမ်ဖုန်းကို ချိန်ရွယ်လိုက်သည်။
ဤလူအနည်းငယ်၏ ကျင့်စဉ်အဆင့်မှာ သိုင်းပညာရှင်အဆင့်မျှသာ ရှိသော်လည်း လူအင်အား များနေသောကြောင့် ဖြစ်နိုင်ရာ စာမဖွဲ့လောက်သော သတ္တိများ ထူးထူးခြားခြား ပြည့်လျှံနေကြသည်။
ချင်ယွမ်ဖုန်းက စကားတစ်ခွန်းမျှ မဆိုဘဲ ပြုံးလျက်သာ ရှေ့ရှိ လူတစ်ဒါဇင်ခန့်ကို အသာအယာ ကြည့်နေလိုက်သည်။
ထိုစဉ် နောက်ကွယ်မှ အခြားတစ်ယောက်က လမ်းလျှောက်လာပြီး “ခေါင်းဆောင်… စစ်သေနာပတိက ကျွန်တော်တို့ကို အလယ်ပိုင်းဒေသသား တစ်ယောက်ကို ရှာခိုင်းထားတယ် မဟုတ်လား။ အခု ဒီလူက အလယ်ပိုင်းဒေသသားလို့ ကျွန်တော်ထင်တယ်။ သူ့ကို ဖမ်းဆီးပြီးတော့ တာဝန်ကျေပွန်အောင် စစ်သေနာပတိဆီ အပ်လိုက်ကြရင် မကောင်းဘူးလား” ဟု အကြံပြုလေသည်။
ခေါင်းဆောင်ဖြစ်သူက ခေါင်းညိတ်လိုက်ပြီး “ဟုတ်တာပေါ့၊ မင်း… ဒီအလယ်ပိုင်းဒေသသားက ငါတို့စစ်သေနာပတိ ရှာနေတဲ့သူပဲ ဖြစ်ရမယ်။ ငါတို့နဲ့ ခဏလိုက်ခဲ့စမ်း”
“မင်းတို့ရဲ့ စစ်သေနာပတိ ဟုတ်လား” ချင်ယွမ်ဖုန်းက အနည်းငယ် အံ့အားသင့်သွားပြီး “မင်းတို့ရဲ့ စစ်သေနာပတိက ဘယ်သူလဲ” ဟု မေးလိုက်သည်။
“ဒါကတော့ အရှင်ပုယန် ပေါ့ကွ” ဟု ထိုအဖွဲ့ငယ်ခေါင်းဆောင်က အလွန်ပင် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဪ… ဒါကြောင့်ကိုး” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ “မင်းတို့က ပုယန်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နေလို့ ဒီလောက်တောင် မောက်မာနေကြတာပဲ”
“မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ။ အရှင်ပုယန်ရဲ့ နာမည်ကို ဒီအတိုင်း ခေါ်ရဲတယ်ဆိုတော့ မင်းက ပုန်ကန်တဲ့သူပဲ ဖြစ်ရမယ်”
အဖွဲ့ငယ်ခေါင်းဆောင်က အေးစက်စက် ပြောလိုက်ရင်း သူ၏ ဓားကောက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ နောက်ကွယ်မှ သိုင်းပညာရှင် တစ်ဒါဇင်ခန့်သည် ချင်ယွမ်ဖုန်းကို ဝိုင်းရံလိုက်ကြသည်။
ချင်ယွမ်ဖုန်း လှုပ်ရှားတော့မည့် အချိန်မှာပင် ကိုယ်တွင်းစွမ်းအင်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိသည်။
ဝေးလံသော ကုန်းမြင့်များပေါ်မှ ပုံရိပ်တစ်ခုသည် လျင်မြန်စွာ ပြေးဝင်လာပြီး မျက်တောင်တစ်ခတ်အတွင်း ဤနေရာသို့ ရောက်ရှိလာသည်။
“ခန်… မဟုတ်လား”
အဖွဲ့ငယ်ခေါင်းဆောင်သည် ထိုသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ရုတ်တရက် အာမေဍိတ်သံ ထွက်ပေါ်လာသည်။
၎င်းတို့ စီးနင်းထားသော ဝံပုလွေများမှာလည်း ခြိမ်းခြောက်မှုကို ခံစားလိုက်ရဟန်တူပြီး ဂနာမငြိမ် ဖြစ်လာကြသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်၊ မြက်ခင်းပြင်၏ ဘုရင်ဟောင်း မန်တာ ပင် ဖြစ်ချေသည်။
“မင်းတို့က ငါ့ကို ခန်လို့ မှတ်မိနေကြသေးတာပဲလား” မန်တာက ထိုသူများကို အေးစက်စက် ကြည့်လိုက်ပြီး “ငါ့ရဲ့ မိတ်ဆွေကို မင်းတို့က ဘာလုပ်မလို့လဲ” ဟု မေးလိုက်သည်။
“ဟင်း… ခန်လို့ ခေါ်တာက မင်းကို မျက်နှာသာပေးလို့ပါ။ အခု မင်းက မြက်ခင်းပြင်ရဲ့ ဝရမ်းပြေးတစ်ယောက်ပဲ၊ ဒီလောက်အထိ မောက်မာဖို့ ဘာအခွင့်အရေး ရှိနေလို့လဲ”
ထိုအဖွဲ့ငယ်ခေါင်းဆောင်သည် မိမိ၏ သေမင်းတမန် ကံကြမ္မာကို မသိဘဲ ရမ်းရမ်းကားကား ပြောဆိုလိုက်လေသည်။
မြက်ခင်းပြင်တစ်ခုလုံးကို စည်းလုံးစေခဲ့သော မန်တာကဲ့သို့သော သူတစ်ယောက်အနေဖြင့် ဤကဲ့သို့ ရန်စမှုကို လုံးဝ သည်းခံနိုင်စွမ်းမရှိပေ။
သူ၏ ကျင့်စဉ်အဆင့်မှာ ဤလူများထက် များစွာ သာလွန်လှသည်။
ချင်ယွမ်ဖုန်း မြင်လိုက်ရသည်မှာ မန်တာ၏ ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းနွဲ့သွားပြီးနောက် ဝိုင်းရံထားသော လူအားလုံးမှာ ၎င်းတို့၏ ဝံပုလွေများပေါ်မှ ပြုတ်ကျသွားကြသည်။
လူတိုင်းမှာ ထိုခဏ၌ပင် အသက်ပျောက်သွားကြရပြီး ဝံပုလွေများသည်လည်း တစ်ချက်မျှ ဟောင်မြည်ကာ ထွက်ပြေးသွားကြတော့သည်။
ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး မန်တာကို ကြည့်ကာ ပြုံးလိုက်သည်။
“ခန်… မတွေ့ရတာ ကြာပြီနော်”
“ဆယ်ရက်လောက်ပဲ ရှိပါသေးတယ်” မန်တာက သက်ပြင်းချရင်း ပြုံးလိုက်သည်။ “မင်းရဲ့ ကျင့်စဉ်အဆင့်က ထပ်ပြီး တိုးတက်လာပြန်ပြီပဲ။ ပြီးတော့ ငါက အခု ခန် မဟုတ်တော့ပါဘူး”
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။
သူ မြက်ခင်းပြင်မှ ထွက်ခွာသွားစဉ်က ပဉ္စမအဆင့် မဟာဆရာနယ်ပယ်တွင်သာ ရှိသေးသော်လည်း ယခုအခါတွင်မူ ကျင့်စဉ်အဆင့်မှာ နောက်ထပ် တစ်ဆင့်သို့ တက်လှမ်းခဲ့ပြီ ဖြစ်သည်။
“သွားကြစို့၊ တခြားတစ်နေရာမှာ စကားပြောကြတာပေါ့။ အခုတလော ဒီနားမှာ ယင်ကောင်တွေ ခဏခဏ လာဝဲနေတတ်တယ်” ဟု မန်တာက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ယင်ကောင်များ ဆိုသည်မှာ ကင်းလှည့်နေသော ဤစစ်သည်တော်များကို ဆိုလိုခြင်းဖြစ်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြီး ခန်၏ နောက်မှ ကုန်းမြင့်များအတွင်းသို့ လိုက်ပါသွားသည်။
၎င်းတို့သည် ဘယ်ကွေ့ ညာကွေ့ဖြင့် လျှောက်လာခဲ့ကြရာ ကုန်းမြင့်များ၏ အလယ်ရှိ လိုဏ်ဂူတစ်ခုအနီးသို့ ရောက်ရှိလာသည်။
ဤအတောအတွင်း မန်တာနှင့် နာရင်ထူးယားတို့သည် ဤနေရာ၌ပင် နေထိုင်နေကြခြင်း ဖြစ်သည်။
“ထူးယား… ငါ ဘယ်သူ့ကို ခေါ်လာလဲဆိုတာ ကြည့်စမ်းဦး” မန်တာက ဟင်းချက်နေသော နာရင်ထူးယားကို ကြည့်ကာ ရယ်မောလျက် ပြောလိုက်သည်။
နာရင်ထူးယားက မော့ကြည့်လိုက်ရာ မန်တာ၏ နောက်ကွယ်ရှိ ချင်ယွမ်ဖုန်းကို ချက်ချင်း မြင်လိုက်ရပြီး သူမ၏ မျက်နှာပေါ်တွင် ပြုံးပန်းများ ချက်ချင်း ဝေဆာသွားသည်။
“ချင်ယွမ်ဖုန်း… နင် ပြန်လာပြီလား”
ထိုသို့ ပြောဆိုရင်း နာရင်ထူးယားသည် ပြေးလာကာ ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ် အနေရခက်သွားပြီး အူကြောင်ကြောင်ဖြင့်သာ ပြုံးနေမိသည်။ “ဟုတ်တယ်… ငါ ပြန်သွားတော့မလို့၊ လမ်းမှာ မင်းရဲ့ အဖေနဲ့ မတော်တဆ ဆုံခဲ့တာ”
နာရင်ထူးယားက ပြုံးလျက် ချင်ယွမ်ဖုန်းကို ၎င်းတို့၏ နေထိုင်ရာနေရာသို့ ဆွဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။
“အတော်ပဲ၊ ငါ စားစရာတွေ ပြင်ထားတယ်၊ မြန်မြန်လာစားပါ” ဟု နာရင်ထူးယားက ပြုံးရွှင်စွာ ပြောသည်။
မြက်ခင်းပြင်ဒေသမှ လူများသည် စိတ်ထားရဲရင့်ကြရုံသာမက ၎င်းတို့၏ စားသောက်မှုမှာလည်း အလွန်ပင် ခမ်းနားလှသည်။
လက်ဖြင့် နှိုက်စားနိုင်သော အသားများ အပြည့်ထည့်ထားသည့် ဇလုံကြီးတစ်လုံးကို ချင်ယွမ်ဖုန်း၏ ရှေ့တွင် ချပေးလိုက်သည်။
ဤအသားများမှာ မန်တာ ရှာဖွေလာသော တောကောင်သားများဖြစ်ပြီး အလွန်ပင် မွှေးကြိုင်လှသည်။
ချင်ယွမ်ဖုန်းသည် အစာစားချင်စိတ် တဖွဖွ ဖြစ်ပေါ်လာပြီး အားမနာတမ်းပင် စားသောက်တော့သည်။
“ဒါနဲ့ ဦးလေး…” ချင်ယွမ်ဖုန်းသည် အသားတစ်ဖဲ့ကို ဆွဲဖဲ့ကာ ပါးစပ်အပြည့်ဖြင့် မေးလိုက်သည်။ “အဲ့ဒီ သံမျက်နှာဖုံးတွေ စွပ်ထားတဲ့လူတွေက ပုယန်ရဲ့ လက်အောက်ငယ်သားတွေလား”
“ဟူး…” ခန်က သက်ပြင်းချလိုက်ရင်း လက်ရှိအသားကို ပြန်ချကာ နာရင်ထူးယား ချက်ထားသော စွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်သည်။
“ပုယန်က ဒါကို ကြိုတင်စီစဉ်ထားတာ ကြာပြီဖြစ်ရမယ်။ သူက သူ့ရဲ့ လက်အောက်ငယ်သားတွေ အားလုံးကို ဒီလို ဝတ်စုံတွေ လဲခိုင်းပြီး သံမဏိစစ်သည်များ လို့ အမည်ပေးထားတယ်။ အခုတော့ သူတို့က မြက်ခင်းပြင်ပေါ်မှာ ကြောက်စရာကောင်းတဲ့ အဖွဲ့အစည်း ဖြစ်နေပြီ”
“အဲ့လောက်တောင် အစွမ်းထက်တာလား” ချင်ယွမ်ဖုန်းမှာ အလွန်ပင် အံ့အားသင့်သွားရသည်။ “ဒါဆို ကျွန်တော်တို့ လမ်းခွဲပြီးကတည်းက ဦးလေးတို့ ဒီမှာပဲ တစ်ချိန်လုံး နေနေတာလား”
မန်တာက ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ငါလည်း အပြင်ထွက်ပြီး အခြေအနေတွေကို စုံစမ်းကြည့်ပါသေးတယ်။ ပုယန်က သံမဏိစစ်သည်တွေကို ဦးဆောင်ပြီး မြက်ခင်းပြင်တစ်ခုလုံးကို သိမ်းပိုက်နေတာ။ ပုယန်ကို အခုထိ ဆန့်ကျင်နေတဲ့ မျိုးနွယ်စုကြီး အနည်းငယ်တော့ ကျန်နေပါသေးတယ်”
အခန်း (၂၀၂) ထောင်ချောက်
“ဒါဆိုရင် ဦးလေးကရော ဘယ်လိုစီစဥ်ထားလို့လဲ” ဟု ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်ချေသည်။
မန်တာက ပြုံးလိုက်ပြီး “စိတ်မပူပါနဲ့၊ ငါက အိုမင်းသွားပြီဆိုပေမဲ့ အရင်လိုပဲ ထက်မြက်နေတုန်းပါပဲ၊ ငါ့ရဲ့ လက်အောက်ငယ်သားဟောင်းတွေကိုလည်း ဆက်သွယ်ပြီးပြီ၊ သူတို့တွေက မြက်ခင်းပြင်ပေါ်မှာ ဟိုတစ်စဒီတစ်စနဲ့ ပုန်းရှောင်နေကြတာ၊ ငါ ပြန်ထလာမယ့်အချိန်ကိုပဲ စောင့်နေကြတာလေ” ဟု ဆို၏။
“အို... ဒါဆိုရင် ဦးလေးက ကျားနှစ်ကောင် သတ်ပုတ်နေတာကို အသာလေး ထိုင်ကြည့်နေမယ့် သဘောပေါ့” ဟု ချင်ယွမ်ဖုန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“မှန်တာပေါ့၊ သူတို့တွေ အားကုန်အောင် တိုက်ခိုက်ပြီးတဲ့အထိ ငါက စောင့်နေမှာ၊ ပြီးမှပဲ အရှုပ်အထုပ်တွေကို ရှင်းပစ်မယ်၊ သာမန်အရပ်သားတွေအတွက်တော့ သနားစရာပါပဲ” ဟု မန်တာက အရေးမစိုက်ဟန်ဖြင့် ပြောဆို၏။
“ဒါပေမဲ့ အခုတော့ ငါ့ရင်ထဲမှာ အရင်က မြက်ခင်းပြင်ပေါ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ အချိန်တွေတုန်းကလိုပဲ တက်ကြွမှုတွေ ပြန်ပြည့်လာပြီ”
မန်တာ၏ လက်ရှိအစီအစဥ်မှာ ပုယန်နှင့် အခြားမျိုးနွယ်စုကြီးများ စစ်ဖြစ်ပွားသည်ကို စောင့်ဆိုင်းရန်ဖြစ်ပြီး နှစ်ဖက်စလုံး အင်အားချိနဲ့သွားသည့်အခါမှသာ အမြတ်ထုတ်ရန် ဖြစ်ပေသည်။
ပုယန်သည် မန်တာ၏ ရည်ရွယ်ချက်ကို သိရှိသော်လည်း ဘာမျှမတတ်နိုင်ပေ။ သူသည် ကျွံနေပြီဖြစ်သလို အသာစီးရနေသူလည်း ဖြစ်သည်။
အကယ်၍ သူက အခြားမျိုးနွယ်စုများကို မတိုက်ခိုက်လျှင်ပင် ထိုသူတို့က ပုယန်၏ သံမဏိစစ်သည်များ တည်ရှိနေမှုကို သည်းခံကြမည်မဟုတ်ပေ။
ထို့ကြောင့် ပုယန်အနေဖြင့် အခြားမျိုးနွယ်စုများကို တိုက်ခိုက်နေရသလို တစ်ဖက်မှလည်း မန်တာ၏ သဲလွန်စကို ရှာဖွေရုံသာမက မန်တာ ပြန်လည်အင်အားကြီးမားလာမည်ကိုလည်း ကြိုတင်ကာကွယ်နေရချေသည်။
လောလောဆယ်တွင် မြက်ခင်းပြင်ပေါ်၌ အပင်ပန်းဆုံးလူမှာ ဧကန်မုချ သူပင်ဖြစ်တန်ရာသည်။
“ဦးလေးရဲ့ တွက်ကိန်းက တကယ့်ကို ကောင်းတာပဲ၊ အဲ့ဒီအချိန်ကျရင် ကောက်ကျစ်တဲ့ ပုယန်ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါ” ဟု ချင်ယွမ်ဖုန်းက လက်မထောင်ပြရင်း ပြောလိုက်၏။
မန်တာက ခေါင်းညိတ်ပြကာ “မင်းကရော... ဘာလို့ ပြန်လာတာလဲ၊ ရှန်းဝူအကယ်ဒမီကို မဝင်ဘူးလား၊ မင်းကို အကယ်ဒမီက လက်မခံဘူးဆိုရင် အဲ့ဒါ သူတို့အတွက် အဆုံးရှုံးကြီးပဲ” ဟု မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “စိတ်မပူပါနဲ့၊ ကျွန်တော် ရှန်းဝူအကယ်ဒမီကို ဝင်ပြီးပါပြီ၊ ဒါပေမဲ့ တစ်နှစ် ခွင့်ယူထားလို့ပါ” ဟု ပြန်ပြောလိုက်၏။
မန်တာက အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး “ခွင့်ယူထားတယ် ဟုတ်လား၊ ငါ ရှန်းဝူအကယ်ဒမီ အကြောင်း ကြားဖူးပါတယ်၊ အဲ့ဒီက ထွက်လာတဲ့သူတိုင်းက တကယ့်ကို အစွမ်းထက်တဲ့သူတွေချည်းပဲ၊ မင်းက တကယ်ကြီး ခွင့်ယူခဲ့တာလား” ဟု မေးသည်။
“ဟားဟား... မတတ်နိုင်လို့ပါ” ဟု ချင်ယွမ်ဖုန်းက ရယ်မောရင်း “နောက်ပြီး ကျွန်တော် မကြာခင် ဆေးနတ်ဘုရားဂိုဏ်းကိုလည်း အမြန်ပြန်ရဦးမယ်၊ ဂိုဏ်းရဲ့ ပြိုင်ပွဲကြီးက စတော့မှာလေ” ဟု ဆို၏။
“မင်းကတော့ တကယ်ကို အလုပ်များတဲ့သူပဲ” ဟု မန်တာက ရယ်မောလိုက်သည်။ ချင်ယွမ်ဖုန်းနှင့် ရင်းနှီးလာလေလေ သူ၏ ထူးခြားသော အရှိန်အဝါကို ပို၍ ခံစားလာရလေလေ ဖြစ်ပေသည်။
သူတို့သုံးယောက်သည် ညနက်သည့်တိုင်အောင် စကားကောင်းနေကြပြီး အလွန်ပင် ပျော်ရွှင်နေကြချေသည်။
နာရင်ထူးယားသည်လည်း ယခုအခါ စိတ်အေးသွားပြီ ဖြစ်သည်။
မန်တာနှင့်အတူ ရှိနေစဉ်အတွင်း သူမ တစ်ခါမျှ မရရှိဖူးသည့် ဖခင်မေတ္တာကို ခံစားခဲ့ရသဖြင့် အလွန်ပျော်ရွှင်နေမိသည်။
ထို့နောက် သုံးယောက်သား လိုဏ်ဂူအတွင်း၌ ကျင့်ကြံခြင်းကို စတင်ကြတော့သည်။
မန်တာက ထိုနေရာတွင် အလယ်ပိုင်းဒေသကဲ့သို့ သစ်သားအိမ်အချို့ ဆောက်လုပ်ရန် စီစဉ်ထား၏။
နာရင်ထူးယား ကျင့်ကြံခြင်း အခြေအနေထဲသို့ ရောက်ရှိသွားချိန်တွင် မန်တာသည် ရုတ်တရက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူသည် မည်သူ့ကိုမျှ မနှိုးဘဲ လိုဏ်ဂူအပြင်ဘက်သို့ တိတ်တဆိတ် ထွက်ခွာသွားချေသည်။
သို့သော် ချင်ယွမ်ဖုန်းမှာမူ ကျင့်ကြံခြင်း အခြေအနေထဲသို့ မဝင်ရသေးပေ။ မန်တာ၏ အပြုအမူကို မြင်သောအခါ အလွန်အံ့အားသင့်သွားပြီး မန်တာ၏ နောက်သို့ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
မန်တာသည် တောင်ကုန်းပေါ်မှ ဆင်းသွား၏။ သိုင်းပါရဂူနယ်ပယ် အဆင့်ရှိသူတစ်ဦး၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။
ချင်ယွမ်ဖုန်းအနေဖြင့် မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုထားသော်လည်း မန်တာ၏ နောက်သို့ မနည်းလိုက်နေရချေသည်။
တစ်နာရီခန့် ကြာပြီးနောက် မန်တာသည် နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် တဲ နှစ်လုံး သုံးလုံးခန့် ရှိနေပြီး တဲများ၏ ပတ်ပတ်လည်တွင် ကင်းလှည့်နေသော မြက်ခင်းပြင် စစ်သည်များမှာ သံမဏိစစ်သည်များ ဖြစ်ကြသည်။
မန်တာသည် တည်ငြိမ်သော မျက်နှာထားဖြင့် ထိုနေရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွား၏။
အဝေးမှ လိုက်ပါလာသော ချင်ယွမ်ဖုန်းမှာမူ စိတ်လေးသွားရသည်။
မန်တာက ဘာကြောင့် သံမဏိစစ်သည်တွေနဲ့ ပတ်သက်နေရတာလဲဟု သူ မတွေးတတ်အောင် ဖြစ်နေမိသည်။
“တပ်မှူးက ခင်ဗျားကို စောင့်နေတာ ကြာပါပြီ” ဟု သံမဏိစစ်သည် တစ်ဦးက မန်တာ၏ အနားသို့ လျှောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
မန်တာက ထိုစစ်သည်ကို ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သံမဏိမျက်နှာဖုံးနောက်ကွယ်မှ မျက်နှာကို သူ မြင်နေရသကဲ့သို့ပင်။
“ငါ မင်းကို မှတ်မိတယ်၊ မင်း ငါ့လက်အောက်မှာ ရှိတုန်းက အခြားမျိုးနွယ်စုတွေကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ အမြဲတမ်း တိုက်တွန်းခဲ့တာ၊ ဒါပေမဲ့ ငါက သဘောမတူခဲ့ဘူးလေ” ဟု မန်တာက တည်ငြိမ်စွာ ပြောလိုက်သည်။
သံမဏိစစ်သည်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားချေသည်။
“ဟင်း... ခင်ဗျား သိနေတော့ရော ဘာဖြစ်လဲ၊ အခု ငါက သံမဏိစစ်သည် အဖွဲ့ဝင်တစ်ယောက်ပဲ၊ ဒီမြက်ခင်းပြင်က မကြာခင် ငါတို့လက်ထဲ ရောက်တော့မှာ”
“အဲ့ဒါ ပုယန်ရဲ့ လက်ထဲရောက်မှာပါ၊ မင်းလက်ထဲ ရောက်မှာမဟုတ်ဘူး” ဟု မန်တာက ခေါင်းခါရင်း ပြောကာ တဲအတွင်းသို့ တိုက်ရိုက် ဝင်သွားတော့သည်။
သံမဏိစစ်သည်မှာ ဘာမျှ ပြန်မပြောတော့ဘဲ တဲအပြင်ဘက်တွင် ဆက်လက် ကင်းစောင့်နေ၏။
ချင်ယွမ်ဖုန်းသည် အခြေအနေကို စုံစမ်းရန် သွားလိုသော်လည်း သံမဏိစစ်သည် အယောက်ပေါင်းများစွာက ထိုနေရာကို ဝိုင်းရံထားသည်ကို မြင်လိုက်ရသည်။
မှောင်ရိပ်အတွင်း၌လည်း နောက်ထပ် သံမဏိစစ်သည်များစွာ ထပ်မံ ရောက်ရှိလာကြချေသည်။
“ဒါတော့ မဟုတ်တော့ဘူး၊ မန်တာ ဒီကို ဘာလာလုပ်တာပဲဖြစ်ဖြစ်၊ ဒါက ထောင်ချောက်ပဲ” ဟု ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်။
ပုယန်သည် နောက်ဆုံးတွင် မန်တာကို ရှင်းထုတ်ရန် ကြံစည်နေပြီ ဖြစ်သည်။
မန်တာ အသက်ရှင်နေသရွေ့ သူသည် ပုယန်အတွက် မည်သည့်အချိန်တွင် ပေါက်ကွဲမည်မှန်းမသိသော အချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ပင်။
ထိုအချိန်တွင် မန်တာသည် တဲအတွင်းသို့ ဝင်သွားရာ ပုယန်က အထက်နေရာတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
“မင်းတကယ်လာတာပဲ” ဟု ပုယန်က ပြုံးလျက် ပြောလိုက်သည်။ “မင်းရဲ့ သားတွေက မင်းကို စွန့်ပစ်သွားခဲ့ရင်တောင် မင်းကတော့ သူတို့ကို အပြတ်မဖြတ်နိုင်သေးပါလား”
ပုယန်၏ ဘေးတွင် ကြိုးဖြင့် တုပ်နှောင်ခံထားရပြီး ဒူးထောက်နေရသူ နှစ်ဦး ရှိနေသည်။ ထိုသူတို့မှာ မန်တာ၏ သားများဖြစ်သော ဝူလန်နှင့် ဟာလာ တို့ပင် ဖြစ်ကြ၏။
ဝူလန်မှာ မန်တာ၏ ဒုတိယသားဖြစ်ပြီး ဟာလာမှာ သားအကြီးဆုံး ဖြစ်သည်။ သားအငယ်ဆုံးမှာမူ ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီးပြီ ဖြစ်သည်။
မန်တာ ဝင်လာသည်ကို မြင်သောအခါ ထိုနှစ်ဦးမှာ ချက်ချင်းပင် ငိုယိုကြတော့သည်။
“ခမည်းတော်... ကျွန်တော်တို့ကို ကယ်ပါဦး၊ ကျွန်တော်တို့ တကယ် မှားသွားပါပြီ...”
မန်တာက သက်ပြင်းချလိုက်မိသည်။
သူ့တွင် သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိသော်လည်း နောက်ဆုံးတွင် သမီးဖြစ်သူကသာ အားကိုးထိုက်ချေသည်။
သားသုံးယောက်စလုံးမှာ သူ့နေရာကို မည်သို့ လုယူရမည်ကိုသာ တွေးတောနေကြပြီး တစ်ဦးနှင့်တစ်ဦး အမြဲတမ်း တိုက်ခိုက်နေကြသူများ ဖြစ်သည်။
“ဒီလိုဖြစ်မယ်မှန်း သိရင် အစကတည်းက ဘာလို့ လုပ်ခဲ့ကြလဲ” ဟု မန်တာက မတတ်သာသည့် လေသံဖြင့် ဆို၏။
“ခမည်းတော်... ကျွန်တော်တို့က ခမည်းတော်ရဲ့ သားတွေလေ၊ ခမည်းတော်က အစွမ်းထက်လွန်းနေတာ၊ ခမည်းတော် ရာထူးက ဆင်းပေးမယ့် အချိန်ကို စောင့်နေရင် ဘယ်နှနှစ်တောင် ကြာမယ်မှန်း မသိဘူး၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပါ၊ ကျွန်တော်တို့ တကယ် မှားသွားပါပြီ” ဟု ဟာလာက နောင်တရဟန်ဖြင့် မျက်ရည်ကျကာ ပြောလိုက်သည်။
“တော်စမ်း... မင်းတို့တွေက တကယ့်ကို ဆူညံလွန်းတယ်” ဟု ပုယန်က အေးစက်စွာ ပြောလိုက်ရာ ဟာလာနှင့် ဝူလန်တို့မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြပြီး အသက်ရှူရန်ပင် ကြောက်လန့်နေကြသည့်ပုံစံဖြင့် ငြိမ်ကျသွားကြသည်။
ပုယန်၏ လက်ထဲတွင် သူတို့ ကောင်းကောင်း နှိပ်စက်ခံထားရပုံ ရပေသည်။
သူတို့ ဤနေရာတွင် ရှိနေခြင်းမှာ ပုယန်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းကြောင့်ပင် ဖြစ်တန်ရာသည်။
“ပုယန်... မင်း တကယ်တမ်း ဘာလိုချင်တာလဲ” ဟု မန်တာက ထိုအချိန်တွင် ခပ်အေးအေး မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည်
သားဖြစ်သူ နှစ်ဦးကိုမူ အဆုံးရှုံးမခံနိုင်ပေ။
“ငါ လိုချင်တာက ရိုးရိုးလေးပါပဲ၊ မဟုတ်ဘူးလား၊ မင်းရဲ့ သားနှစ်ယောက် အသက်ရှင်စေချင်ရင် ငါပြောတာကို မင်း နားထောင်ရမယ်” ဟု ပုယန်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။
ယခင်က မှော်ဆရာတစ်ဦးကဲ့သို့ တည်ငြိမ်မှုမျိုး သူ့တွင် မရှိတော့ပေ။
“မဖြစ်နိုင်တာ” ဟု မန်တာက အေးစက်စွာ တုံ့ပြန်၏။ “မင်းရဲ့ အမိန့်တွေကို ငါ နာခံမှာ မဟုတ်ဘူး”
“ဟားဟားဟား” ဟု ပုယန်က ရယ်မောလိုက်ပြီးနောက် ဘေးရှိ ဓားကောက်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ အေးစက်သော အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားပြီး ဝူလန်၏ နားရွက်မှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့သည်။
ဝူလန်သည် နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်ကာ အဆက်မပြတ် အော်ဟစ်နေချေသည်။
“မင်း သားရဲ့ အသက်က ငါ့လက်ထဲမှာ” ဟု ပုယန်က အေးစက်စွာ ဆို၏။
“လူတွေက ပြောကြတယ်၊ အသက်ကြီးလာလေလေ သံယောဇဥ် ပိုကြီးလာလေလေတဲ့၊ မင်းတကယ့်ကို အိုသွားပြီပဲ”
“မှန်တာပေါ့” ဟု မန်တာက ခေါင်းညိတ်ပြသည်။ “ငါ အိုသွားပါပြီ၊ မဟုတ်ရင် မင်း မှော်ဆရာ လုပ်စားနေတာကို ဒီလောက်အကြာကြီး ငါ သည်းခံနေမှာ မဟုတ်ဘူး”