အခန်း (၂၀၃-၂၀၄)
Vol. 12 Ch. 203-204
အခန်း (၂၀၃) ဝိညာဉ်အစီအရင်
"ကောင်းပြီလေ... ငါ့ရဲ့ ကိုယ်တွင်းစွမ်းအင်တွေ အကြီးအကျယ် ကုန်ခန်းသွားမယ့်အချိန်ကို မင်းတို့က အမှောင်ထဲကနေ ချောင်းမြောင်းစောင့်ဆိုင်းနေကြတယ်ဆိုတာ ငါသိတာပေါ့။ ဒါပေမဲ့ မင်းတို့ကို အဲဒီလိုအခွင့်အရေးမျိုး ငါပေးမှာမဟုတ်ဘူး။
အခုချက်ချင်း မင်းရဲ့လူတွေအားလုံးကို ဂီရီလီတာနာမြစ်ဆီ စုရုံးလိုက်စမ်း။ အဲဒီနေရာမှာတင် သံမဏိစစ်သည်တွေနဲ့ ချုံခိုတိုက်ခိုက်ပြီး တစ်ယောက်မကျန် အကုန်အစင် သုတ်သင်ပစ်မယ်" ဟု ပုယန်က အေးစက်တည်ငြိမ်စွာ ဆိုလေသည်။
"ငါ့လူမျိုးအချင်းချင်း သစ္စာဖောက်ခိုင်းနေတာလား။ ဒါမျိုးကတော့ ဘယ်လိုမှ မဖြစ်နိုင်တာပဲ" ဟု မန်တာက ပုယန်ကို ခက်ထန်စွာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
ထိုအခါ ပုယန်က တဟားဟား ရယ်မောလိုက်ပြီး "ငါက မင်းနဲ့ ညှိနှိုင်းနေတာမဟုတ်ဘူး။ တကယ်လို့ မင်းသာ သဘောမတူဘူးဆိုရင် မင်းသားလေးရဲ့ အသက်ဟာလည်း ပျောက်ကွယ်သွားရုံပဲ ရှိတော့မှာပေါ့" ဟု ဆိုသည်။
"မင်း..." မန်တာသည် ဒေါသတကြီးဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။ သူ၏ ကျင့်စဉ်အဆင့်မှာ ပုယန်ထက် မြင့်မားသော်လည်း ယခုအချိန်တွင်မူ သူသည် အစွမ်းကုန် အကျပ်ရိုက်နေရပေပြီ။
ပုယန်က မန်တာကို တစ်ချက်ကြည့်လိုက်ပြီး "မစိုးရိမ်ပါနဲ့၊ မင်းကိုယ်တိုင် ဒါကို မလုပ်ဘူးဆိုရင်တောင် မင်းကိုယ်စား ငါလုပ်ပေးမှာပါ" ဟု ပြောလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ" မန်တာက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"ငါပြောတာက... မင်း ဒီနေရာကနေ အခုထွက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောတာ" ဟု ပုယန်က ရူးသွပ်စွာ ရယ်မောရင်း အော်ဟစ်လိုက်တော့သည်။
မန်တာ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ ဤနေရာသို့ ရောက်ရှိလာပြီးကတည်းက ပတ်ဝန်းကျင်ကို သူ အကဲခတ်ခဲ့ပြီးသား ဖြစ်၏။ သံမဏိစစ်သည် အနည်းငယ်နှင့် ပုယန်ကိုယ်တိုင်မှလွဲ၍ အခြားသူ မရှိဟု သူ ထင်မြင်ထားခဲ့သည်။
သို့သော်လည်း ပုယန်က ဤသို့ ရဲရဲဝံ့ဝံ့ ပြောဆိုနေသည်မှာ ဤနေရာတွင် ချုံခိုအင်အားများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှားလှပေသည်။
"ကြောက်တတ်တဲ့ ကောင်တွေ... အကုန်လုံး ထွက်လာခဲ့ကြစမ်း"
ပုယန်က မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်ရာ သူ၏ ကိုယ်တွင်းစွမ်းအင်များမှာ ရုတ်ချည်းပင် ပွင့်ထွက်သွားပြီး တဲနန်းတစ်ခုလုံးမှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်ပျက်စီးသွားတော့သည်။
အဝေးတစ်နေရာမှ အကဲခတ်နေသော ချင်ယွမ်ဖုန်းသည်လည်း တဲအတွင်းမှ အခြေအနေမှန်ကို မြင်တွေ့လိုက်ရပြီး သက်ပြင်းချမိတော့သည်။
"သူ့သားအတွက်ကြောင့်ကိုး... နှမြောစရာပါပဲ" ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့်လေသံဖြင့် ဆိုလိုက်၏။
မန်တာသည်လည်း တဲအပြင်ဘက်မှ အခြေအနေကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ သူ အစောပိုင်းက မြင်တွေ့ခဲ့ရသော သံမဏိစစ်သည် အနည်းငယ်သာမကဘဲ အခြားသော သံမဏိစစ်သည် တစ်ထောင်ကျော်တို့ကလည်း ထိုနေရာတစ်ခုလုံးကို ဝိုင်းရံထားကြပေသည်။
"ဒီလူတွေလောက်နဲ့ ငါ့ကို ဖမ်းဆီးထားနိုင်မယ်လို့ မင်းထင်နေတာလား" ဟု မန်တာက အေးစက်စွာ မေးလိုက်သည်။
"ဒါပေါ့... ဒါတင် ဘယ်ကမလဲ" ပုယန်က လှောင်ပြုံးပြုံးလိုက်ပြီး "မင်းရဲ့ ကျင့်စဉ်အဆင့်က မြင့်တယ်ဆိုတာ ငါသိတာပေါ့။ ဒါကြောင့် မင်းကို ကိုင်တွယ်ဖို့အတွက် ငါ တကယ်ကို အားစိုက်ထုတ်ထားရတာ" ဟု ဆိုသည်။
ကျင့်စဉ်အဆင့်ချင်း မယှဉ်နိုင်သဖြင့် ပုယန်သည် အခြားသော နည်းလမ်းများဖြင့် ဖိနှိပ်ရန် ကြံစည်ထားခြင်း ဖြစ်ပေသည်။
ထိုစဉ် သံမဏိစစ်သည်များထဲမှ လူရိပ်သုံးခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုသူတို့မှာ အလွန်အမင်း အိုမင်းရင့်ရော်နေကြပြီး ဇီဝိန်ချုပ်လုနီးပါး ဖြစ်နေသည့်အလား အသက်ဓာတ် ကင်းမဲ့နေပုံရသည်။
၎င်းတို့၏ ကျင့်စဉ်အဆင့်မှာလည်း ချင်ယွမ်ဖုန်းပင် အကဲမဖြတ်နိုင်လောက်အောင် ထူးဆန်းလှပြီး စွမ်းအားများမှာလည်း အတက်အကျ မမှန်ဘဲ ဖြစ်နေကြသည်။
"မှော်ဆရာနက်တွေလား..." ထိုသူ သုံးဦးကို မြင်လိုက်ရသောအခါ မန်တာက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "ငါ မှော်ဆရာနက်တွေ အားလုံးကို သတ်ပစ်ခဲ့တာ သေချာပါတယ်"
"ဟားဟားဟား... မန်တာ၊ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်း ဘယ်တုန်းကမှ တွေးခဲ့ဖူးမှာ မဟုတ်ဘူး။ ဒီနေ့တော့ မင်းကို သေမင်းထံ ပို့ဆောင်ပေးရမှာပေါ့" ဟု ခေါင်းဆောင်ဖြစ်သူ မှော်ဆရာနက်က ကြေးစည်ကွဲကဲ့သို့ အက်ရှရှအသံကြီးဖြင့် လှောင်ပြောင်လိုက်သည်။
ထိုခဏ၌ မန်တာ၏ ခြေဖဝါးအောက်တွင် ခရမ်းရောင်အလင်းတန်းများ ရုတ်ချည်း လက်ခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်တွင် ဝိညာဉ်အဆောင်ပုံရိပ် အမြောက်အမြား ပေါ်ပေါက်လာတော့သည်။
မန်တာ ရပ်နေသည့် နေရာမှာ ထိုဝိညာဉ်အဆောင်ပုံရိပ်အားလုံး၏ ဗဟိုချက် ဖြစ်နေပေသည်။
ဤမှော်ဆရာနက်များသည် ဝိညာဉ်အဆောင်ပုံရိပ်များကို အသုံးပြု၍ အစီအရင်ကြီးတစ်ခုကို ခင်းကျင်းထားကြခြင်း ဖြစ်၏။
ဝိညာဉ်အဆောင်ပုံရိပ်အားလုံးထံမှ ကြီးမားလှသော စွမ်းအင်များ ထွက်ပေါ်နေသည်။
ပုယန်က ဝူလန်နှင့် ဟာလာတို့ကို လက်တစ်ဖက်စီဖြင့် ဆွဲမလိုက်ပြီး ဝိညာဉ်အစီအရင် နယ်ပယ်အတွင်းမှ အမြန် ခုန်ထွက်လိုက်သည်။
မန်တာသည်လည်း ထိုနေရာမှ အမြန်ဆုံး ထွက်ခွာရန် ကြိုးပမ်းလိုက်၏။ သူသည် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိထားသော တစ်ဦးတည်းသော သိုင်းပညာရှင် ဖြစ်သဖြင့် ကောင်းကင်ယံသို့ ပျံတက်လိုက်ပါက သူ၏ အသာစီးရမည့် နယ်ပယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
သို့သော်လည်း မြေပြင်ထံမှ ပြင်းထန်သော ဆွဲအားကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုဆွဲအားမှာ အလွန်ပင် ကြီးမားလှသဖြင့် သူပင်လျှင် မတွန်းလှန်နိုင်ဘဲ ကိုယ်လုံးကြီးမှာ မြေပြင်ပေါ်သို့ ပြန်လည် ဆွဲချခြင်း ခံလိုက်ရတော့သည်။
မှော်ဆရာ သုံးဦးမှာမူ ဝိညာဉ်အစီအရင်၏ အစွန်းတစ်ဖက်စီတွင် ရပ်တန့်လိုက်ကြပြီး မျက်နှာတွင် ကြောက်မက်ဖွယ်ရာ အပြုံးများဖြင့် ဂါထာမန္တရားများကို ရွတ်ဖတ်နေကြသည်။
ဝိညာဉ်အစီအရင်ကြီးမှာ တဖျတ်ဖျတ် လက်လာပြီး ထူးဆန်းသော စွမ်းအင်များ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် မန်တာသည် သူ၏ ကိုယ်တွင်းစွမ်းအင်များမှာ တဖြည်းဖြည်း လျော့နည်းလာနေကြောင်း ခံစားလိုက်ရပေသည်။
"အား..."
မန်တာက အော်ဟစ်လိုက်ရင်း မြေပြင်ကို လက်သီးဖြင့် အရှိန်ကုန် လွှဲရိုက်လိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။
သို့သော်လည်း ဝိညာဉ်အစီအရင်ကြီးမှာမူ မည်သို့မျှ မဖြစ်ဘဲ ဝူးဝူးဝါးဝါး အသံများပင် ထွက်ပေါ်လာသေးသည်။
အစီအရင်၏ အပြင်ဘက် မြေပြင်များမှာ အက်ကွဲသွားပြီး အဝေးသို့ပင် ပျံ့နှံ့သွားသော်လည်း အစီအရင်အတွင်းမှ ဧရိယာမှာမူ လုံးဝ ထိခိုက်ပျက်စီးခြင်း မရှိပေ။
ထို့အပြင် မှောင်မိုက်နေသော အမှောင်ထုအတွင်း၌ ခရမ်းရောင် အလင်းတန်း အမြောက်အမြားသည် ကြိုးများအလား မန်တာ၏ ကိုယ်ပေါ်သို့ ရုတ်ချည်း ရစ်ပတ်နှောင်ဖွဲ့လိုက်ကြတော့သည်။
အလင်းတန်းပေါင်း ထောင်ချီ၍ မန်တာကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားပေပြီ။
မန်တာက ဟိန်းဟောက်၍ ရုန်းကန်သော်လည်း အချည်းနှီးသာ ဖြစ်၏။
အလင်းတန်းများမှာ တစ်စတစ်စ ပိုမို တင်းကျပ်လာပြီး မန်တာကို မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားစေရန် ဆွဲချနေကြသည်။
"ဟားဟားဟား... မန်တာ၊ အရှုံးပေးလိုက်စမ်းပါ။ ဒီအလင်းကြိုး တစ်ချောင်းစီဟာ လူတစ်ယောက်ရဲ့ အသက်နဲ့ တူတူပဲ။ မင်းကို ကိုင်တွယ်ဖို့အတွက် ငါ လူပေါင်း ကိုးထောင့်ကိုးရာ ကိုးဆယ့်ကိုးယောက်ကို သတ်ခဲ့ရတာကွ" ဟု ပုယန်က ရက်စက်ကြမ်းကြုတ်သော အပြုံးဖြင့် ပြောလိုက်သည်။
မန်တာသည် အလွန်အမင်း အားအင်ကုန်ခမ်းနေသည့် ကြားမှ ခေါင်းကို တုန်တုန်ရင်ရင်ဖြင့် မော့လိုက်ပြီး "တိရစ္ဆာန်ကောင်... မင်းမှာ သတ္တိရှိရင် ငါ့ကို တိုက်ရိုက်လာရင်ဆိုင်စမ်း" ဟု ဆိုလိုက်၏။
"စိတ်မပူပါနဲ့၊ မင်းရဲ့ အလှည့်က နောက်မှပါ။ မင်းသေသွားပြီးရင်တော့ ဒီသတင်းကို မင်းရဲ့ လက်အောက်ငယ်သားတွေဆီ ဖြန့်လိုက်မယ်၊ ပြီးရင် သူတို့ကိုပါ တစ်ခါတည်း သုတ်သင်ပစ်မှာပေါ့။ အဲဒီအချိန်ကျရင်တော့ ဒီမြက်ခင်းပြင်ကြီး တစ်ခုလုံးဟာ ငါ့ရဲ့ လက်အောက်ကို ရောက်လာတော့မှာပေါ့" ဟု ပုယန်က အားရပါးရ ရယ်မောလိုက်သည်။
မန်တာ၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားရသည်။ ဤယုတ်မာသော ဝိညာဉ်အစီအရင်ကြီးကို သူ မဖောက်ထွက်နိုင်သလို သူ၏ ကိုယ်တွင်းစွမ်းအင်များမှာလည်း တဖြည်းဖြည်း စုပ်ယူခံနေရပြီး အစီအရင်အတွက် အာဟာရ ဖြစ်နေရပေပြီ။
ဤအတိုင်းသာ ဆက်သွားပါက သူသည် မကြာမီပင် အစွမ်းမဲ့သူ ဖြစ်သွားတော့မည် မဟုတ်လော။
"ထူးယား... ငါ တောင်းပန်ပါတယ်။ နောက်ဘဝကျမှပဲ မင်းကို ပြန်ပေးဆပ်ပါတော့မယ်" မန်တာသည် လက်လျှော့လိုက်သည့် အမူအရာဖြင့် ခေါင်းကို ငိုက်စိုက်ချလိုက်ပြီး အတိတ်က အကြောင်းအရာများကို ပြန်လည် အမှတ်ရနေတော့သည်။
ထိုအချိန်တွင် အဝေး၌ ပုန်းကွယ်နေသော ချင်ယွမ်ဖုန်းသည် စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ တကယ်လို့ သူသာ အခုဝင်မပါဘူးဆိုရင် မန်တာ တစ်ယောက် ဒီနေရာမှာတင် သေဆုံးသွားရပေလိမ့်မည်။
သို့သော်လည်း အပြင်ဘက်တွင် သံမဏိစစ်သည် တစ်ထောင်ကျော် ရှိနေသေးသည်။ ဤစစ်သည်များမှာ ချင်ယွမ်ဖုန်း နေ့လယ်က တွေ့ခဲ့ရသူများထက် ပိုမို အစွမ်းထက်ကြပြီး အများစုမှာ မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေကြသူများ ဖြစ်၏။
"တစ်ချက်တော့ လောင်းကြည့်ရမှာပဲ"
ချင်ယွမ်ဖုန်း၏ ခြေဖဝါးအောက်တွင် မြူဖြူများ ထွက်ပေါ်လာပြီး သူ၏ ကိုယ်လုံးမှာ ကောင်းကင်ယံသို့ ရုတ်ချည်း ပျံတက်သွားကာ ဝိညာဉ်အစီအရင်၏ အထက်တည့်တည့်တွင် ရပ်တန့်လိုက်သည်။
အထက်စီးမှ ကြည့်လိုက်သောအခါ ဝိညာဉ်အစီအရင်ကြီးကို ပိုမို ရှင်းလင်းစွာ မြင်တွေ့ရသည်။ အစီအရင်မှာ မန်တာကို တင်းတင်းကျပ်ကျပ် ပိတ်လှောင်ထားသော သင်္ကေတ ပေါင်းများစွာနှင့် တူလှပေသည်။
ထို့အပြင် ဝိညာဉ်အစီအရင်သည် အတွင်း၌ ပိတ်မိနေသူ၏ ကိုယ်တွင်းစွမ်းအင်များကို စုပ်ယူ၍ အစီအရင် ပျက်ပြယ်မသွားစေရန် ပြန်လည် ဖြည့်တင်းနေသည်။
ထို့ကြောင့် အစီအရင်အတွင်း ရောက်သွားသူသည် ချက်ချင်း မဖောက်ထွက်နိုင်ပါက အကျဉ်းကျနေသလို ဖြစ်သွားပြီး မည်သို့မျှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။
အစီအရင်၏ လည်ပတ်မှုမှာ မှော်ဆရာနက်သုံးဦးအပေါ်တွင် မူတည်နေသည်။ ၎င်းတို့၏ ဂါထာမန္တရားများနှင့် ဝိညာဉ်အစီအရင် ပေါင်းစပ်လိုက်သောအခါ ပိုမို ကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
"အောင်မြင်မလား၊ ရှုံးမလားဆိုတာ ဒီတစ်ချက်ပေါ်မှာပဲ မူတည်တော့တယ်"
ချင်ယွမ်ဖုန်းသည် အမြင့်ပေ တစ်ရာခန့်တွင် ရှိနေပြီး ညအမှောင်ထုက ဖုံးကွယ်ထားသဖြင့် မည်သူမျှ သတိမထားမိကြသေးပေ။
"အနန္တပုံရိပ်... ထွက်လာခဲ့စမ်း" ချင်ယွမ်ဖုန်းက ခေါ်လိုက်ရာ အနန္တပုံရိပ်သည် သူ၏ လက်ထဲတွင် ပေါ်ပေါက်လာသည်။
"ဒီအရာအဖြစ်ရော မင်း ပြောင်းလဲနိုင်မလား သိချင်မိပါရဲ့"
ချင်ယွမ်ဖုန်းသည် ကမ္ဘာမြေမှ ပစ္စည်းတစ်ခုကို စဉ်းစားလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
နောက်တစ်ခဏတွင် သူ၏ လက်ထဲ၌ အနန္တပုံရိပ်မှာ စတင် ပြောင်းလဲလာသည်ကို ခံစားလိုက်ရ၏။
သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အနန္တပုံရိပ်မှာ ဘဇူကာ ဒုံးပစ်လောင်ချာ တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
အခန်း (၂၀၄)ဘဇူကာ
ဤအရာကား ချင်ယွမ်ဖုန်း အလိုရှိနေသည့် အရာပင် ဖြစ်ပေသည်။ အနန္တပုံရိပ်သည် ဤကဲ့သို့သော ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
"ကမ္ဘာမြေသားတစ်ယောက် ဖြစ်ရကျိုးနပ်တာပဲ" ဟု ချင်ယွမ်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ လူရီသည်လည်း အတိတ်တစ်ချိန်က အနန္တပုံရိပ်ကို ဤပုံစံမျိုး ပြောင်းလဲအသုံးပြုခဲ့ဖူးဟန် တူပေသည်။
ဘဇူကာဟူသည် ကမ္ဘာမြေပေါ်တွင် လူတစ်ဦးတည်း ကိုင်ဆောင်နိုင်သည့် အပူစွမ်းအင်သုံး လက်နက်များထဲ၌ အဖျက်စွမ်းအား အကြီးမားဆုံး အရာတစ်ခုဖြစ်ပြီး တင့်ကားများနှင့် လေယာဉ်ပျံများကိုပင် အလွယ်တကူ ချေမှုန်းဖျက်ဆီးနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ယခုနေရာတွင်မူ ချင်ယွမ်ဖုန်း၌ ဒုံးကျည်များ မရှိဘဲ ဘဇူကာ တစ်ခုသာ ရှိနေခဲ့သည်။
သို့ရာတွင် ရှန်းဝူ စကြဝဠာ တိုက်ကြီး၌ ကမ္ဘာမြေတွင် မရှိသော အရာတစ်ခု ရှိနေသည်မှာ ဝိညာဉ်စွမ်းအင်ပင် ဖြစ်ပြီး ထိုဝိညာဉ်စွမ်းအင်များ စုစည်းနေသည့် အရာမှာ ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြပေသည်။
ချင်ယွမ်ဖုန်းသည် ချန်ဟုန်း ကုန်သည်ကြီးများအသင်း၌ နတ်ရေစင် အမြောက်အမြားကို လေလံတင်ရောင်းချခဲ့ဖူးရာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း သုံးသောင်းခန့် ရရှိခဲ့သော်လည်း ယခုအခါ နှစ်ထောင်ကျော်သာ ကျန်ရှိတော့သည်။
"အနန္တပုံရိပ်ရေ... ဒီတစ်ကြိမ်တော့ မင်းကိုပဲ အားကိုးရတော့မယ်" ဟု ချင်ယွမ်ဖုန်းက ပြောဆိုရင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ဘဇူကာထဲသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းလိုက်သည်။
ထိုအချိန်တွင် အနန္တပုံရိပ်အတွင်းရှိ အစီအရင်များက ဖြည်းညှင်းစွာ စတင်လည်ပတ်လာပြီး အချို့က ဝိညာဉ်ကျောက်တုံးများအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးကာ အချို့က စွမ်းအားကို မြှင့်တင်ပေးပြီး ကျန်အစီအရင်များကမူ ဝိညာဉ်စွမ်းအင် အားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် စုဆောင်းပေးနေကြသည်။
ချင်ယွမ်ဖုန်းသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့်ကို ဆက်တိုက်ဆိုသလို ထည့်သွင်းပြီးမှသာ ရပ်တန့်လိုက်တော့သည်။
ယခုအခါ အနန္တပုံရိပ် ဘဇူကာအတွင်း၌ ကြီးမားလှသော စွမ်းအင်လှိုင်းများ ပြည့်နှက်နေပြီ ဖြစ်သည်။
ဤစွမ်းအားသည် ကိုးဆင့်မြောက် မဟာဆရာနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အားမာန်အပြည့်ဖြင့် တိုက်ခိုက်မှုမျိုးနှင့် မခြားနားကြောင်း ချင်ယွမ်ဖုန်း ခန့်မှန်းမိသည်။
ချင်ယွမ်ဖုန်းသည် ဤဘဇူကာ၏ စွမ်းအားကို အံ့သြမိသလို တစ်ဖက်တွင်လည်း နှမြောတသဖြစ်ကာ ရင်ထဲ၌ နင့်ခနဲ ခံစားလိုက်ရသည်။
ဤအရာများကား ဖြူစင်ဝင်းပသော ဝိညာဉ်ကျောက်တုံးများဖြစ်ပြီး တစ်ထောင်တိတိပင် မဟုတ်လော။
"ကဲ... ပိုက်ဆံပုံပေးပြီး တိုက်တဲ့ ငါ့ရဲ့ တိုက်ကွက်ကို မြည်းစမ်းကြည့်ကြစမ်း" ဟု ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ပြီး ဘဇူကာကို ပခုံးပေါ် ထမ်းကာ ရုတ်တရက် ပစ်ခတ်လိုက်လေတော့သည်။
တောက်ပလှသော အလင်းလုံးကြီးတစ်ခုသည် ဘဇူကာအတွင်းမှ ပန်းထွက်သွားပြီး အောက်ဘက်ရှိ ဝိညာဉ်အဆောင်ပုံရိပ် အစီအရင်ဆီသို့ ဦးတည်ပျံသန်းသွားသည်။
ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် ချင်ယွမ်ဖုန်းပင်လျှင် ဆယ်လံခန့် နောက်သို့ လွင့်စင်သွားရပြီးမှသာ ဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ထိုအချိန်တွင် အလွန်ဝမ်းမြောက် ပျော်ရွှင်နေသော ပုယန်သည် မိမိခေါင်းပေါ်၌ ထူးခြားသော အရာတစ်ခုကို အာရုံခံမိလိုက်သည်။
သူက မော့ကြည့်လိုက်ရာ နေမင်းကြီးကဲ့သို့ တောက်ပနေသော အလင်းတန်းတစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ရပေသည်။
"ဒါက... ကြယ်ကြွေတာလား" ဟု ပုယန်က မျက်လုံးကို ကာရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဝိညာဉ်အဆောင်ပုံရိပ် အစီအရင် ဘေးရှိ မှော်ဆရာနက် သုံးဦးသည်လည်း ထိုအချိန်၌ မျက်လုံးများ ပွင့်လာကြပြီး အထက်သို့ မော့ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အလင်းလုံးကြီးသည် ဝိညာဉ်အဆောင်ပုံရိပ် အစီအရင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး မြည်ဟည်းသံကြီးနှင့်အတူ ပေါက်ကွဲသွားလေတော့သည်။
ပေါက်ကွဲမှုသည် မှော်ဆရာနက် သုံးဦးကို ချက်ချင်းပင် ဝါးမြိုသွားခဲ့သလို အနီးအနားရှိ သံမဏိစစ်သည်များကိုလည်း လွှမ်းခြုံသွားခဲ့သည်။
ကြီးမားလှသော မှိုပွင့်ပုံသဏ္ဌာန် မီးခိုးတိမ်တိုက်ကြီးသည် ကောင်းကင်ယံသို့ တက်လှမ်းသွားပြီး တစ်ခွင်တစ်ပြင်လုံးတွင် ဖုန်မှုန့်နှင့် မီးခိုးများဖြင့် ပြည့်နှက်သွားရသည်။
ကြီးမားလှသော ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် သံမဏိစစ်သည် ထောင်ပေါင်းများစွာသည် ယိုင်နဲ့ကာ လဲပြိုကုန်ကြသည်။
လွင်ပြင်ဝံပုလွေများမှာမူ မြေပြင်ပေါ်တွင် ဝပ်စင်းကာ တုန်ရီနေကြတော့သည်။
"... ပုယန်ထံမှ အာဃာတတန်ဖိုး +၁၀၀ ရရှိပါသည်။"
".. တုပုရှင်းထံမှ အာဃာတတန်ဖိုး +၁၀၀ ရရှိပါသည်။"
" အလီပင်ထံမှ အာဃာတတန်ဖိုး +၁၀၀ ရရှိပါသည်။"
ခဏချင်းအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုး တစ်သိန်းခန့် ရရှိလိုက်သည်။ ဤနေရာရှိ သံမဏိစစ်သည်တိုင်းက ယုံကြည်မှုတန်ဖိုးများကို အမြင့်ဆုံး ပမာဏအထိ ပေးဆောင်လိုက်ကြခြင်း ဖြစ်ပေသည်။
ပုယန်သည် မိမိရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်သက်နေပြီး အလွန်အမင်း ဒေါသထွက်လာတော့သည်။
"ဘယ်သူလဲကွ" ဟု ပုယန်က အော်ဟစ်လိုက်သော်လည်း ဤအချိန်တွင် သူ၏ အသံကို မည်သူမျှ မကြားနိုင်ကြချေ။
ပေါက်ကွဲသံကြောင့် လူတိုင်း၏ နားစည်များ ပြတ်ထွက်လုနီးပါး ဖြစ်နေကြရသည်။
မှိုပွင့်ပုံ မီးခိုးတိမ်တိုက်ကြီးသည် အတန်ကြာအောင် ရှိနေပြီးနောက် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
မှော်ဆရာနက် သုံးဦးမှာမူ လုံးဝ ခြေရာဖျောက် ပျက်စီးသွားကြပြီး မြူမှုန်မျှပင် မကျန်တော့ချေ။ သူတို့၏ ကျင့်စဉ်အဆင့်မှာ မူလကတည်းက မြင့်မားလှသည် မဟုတ်ဘဲ လူပေါင်း သောင်းချီ၏ အသက်ဓာတ်ကို စုပ်ယူထားသောကြောင့်သာ အစီအရင်ကြီးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အနီးအနားရှိ သံမဏိစစ်သည်များမှာလည်း ပေါက်ကွဲမှုအတွင်း သေဆုံးသွားကြရသည်။ ပေ သုံးရာခန့်ရှိသော နယ်မြေတစ်ခုလုံးမှာ မီးလောင်ကျွမ်းကာ မည်းမှောင်သွားပြီး ဝိညာဉ်အဆောင်ပုံရိပ် အစီအရင်မှာလည်း ချက်ချင်းပင် ပျက်စီးသွားလေတော့သည်။
ထိုပေါက်ကွဲမှု၏ ဗဟိုချက်တည့်တည့်တွင် မန်တာသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ဝိညာဉ်အဆောင်ပုံရိပ် အစီအရင်၏ ချုပ်နှောင်မှု မရှိတော့သဖြင့် သူသည် လွတ်လပ်ခွင့် ပြန်လည်ရရှိသွားခဲ့ပြီ ဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိချေ။
"ဆုတ်ခွာကြစမ်း" ဟု ပုယန်က အော်ဟစ်လိုက်ပြီး သံမဏိစစ်သည် လူအုပ်ထဲသို့ ချက်ချင်း တိုးဝင်ကာ သူတို့နှင့်အတူ အမြန်ဆုံး ဆုတ်ခွာသွားတော့သည်။
ယခုအခါ မန်တာသည် လွတ်လပ်သွားပြီဖြစ်ပြီး မည်သူမျှ သူ့ကို မတားဆီးနိုင်တော့သဖြင့် ပုယန်သည် လိမ္မာပါးနပ်စွာဖြင့် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏ ရင်ထဲ၌ အာဃာတများ ပြည့်နှက်နေသည်။ သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
"မင်းပဲလား... အလယ်ပိုင်းဒေသသား" ပုယန်၏ မျက်လုံးများထဲမှ ဒေါသမီးများ ထွက်မတတ် ဖြစ်နေရသည်။
ယနေ့တွင် မန်တာသည် သေဆုံးရမည့် ကံကြမ္မာသို့ ဆိုက်ရောက်နေပြီ ဖြစ်သော်လည်း ဤအလယ်ပိုင်းဒေသသားက ထပ်မံ၍ နှောင့်ယှက်ဖျက်ဆီးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ပြီးခဲ့သည့် အကြိမ်ကလည်း ဤအလယ်ပိုင်းဒေသသားကပင် မန်တာကို ကယ်တင်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း သူပင် ဖြစ်နေပြန်သည်။
"တောက်... ငါ တကယ် မကျေနပ်ဘူး" ပုယန်သည် သွားများကို ကြိတ်ကာ ဒေါသတကြီးဖြင့်ပင် အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
"ကျေးဇူးတင်ပါတယ် ယွမ်ဖုန်း" ဟု မန်တာက ခပ်တိုးတိုးပြောရင်း ရုတ်တရက် သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။
ချင်ယွမ်ဖုန်း ထုတ်ဖော်လိုက်သည့် 'ပိုက်ဆံပုံပေးပြီး တိုက်တဲ့ တိုက်ကွက်' မှာ ကိုးဆင့်မြောက် မဟာဆရာတစ်ဦး၏ အားမာန်အပြည့် တိုက်ခိုက်မှု အဆင့်သို့ ရောက်ရှိနေပြီး ပေါက်ကွဲမှု၏ အတိုင်းအတာနှင့် ပြင်းအားမှာ ကိုးဆင့်မြောက် မဟာဆရာနယ်ပယ်ထက်ပင် ကျော်လွန်နေသည်။
ထို့အပြင် မန်တာသည် အစီအရင်အတွင်း၌ ဒဏ်ရာရရှိနေပြီး သူ၏ မူလစွမ်းအင် အများစုမှာလည်း စုပ်ယူခြင်း ခံထားရသဖြင့် ဤတိုက်ကွက်ကြောင့် ဒဏ်ရာရရှိသွားခြင်း ဖြစ်ပေသည်။
"ဦးလေး... အဆင်ပြေရဲ့လား" ချင်ယွမ်ဖုန်းက ရှေ့သို့ လှမ်းလာပြီး မန်တာကို ဖေးမလိုက်သည်။ "ခုနက တကယ်ကို စိုးရိမ်စရာပဲ။ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ဦးလေးရယ်... ကျွန်တော်က ဦးလေးကို ကယ်ချင်လို့ပါ"
"စိတ်မပူပါနဲ့... မင်း ငါ့ကို ထပ်ပြီး ကယ်တင်လိုက်တယ်ဆိုတာ ငါ သိပါတယ်" ဟု မန်တာက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ ပြောဆိုရင်း သူ၏ သားနှစ်ယောက်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
ထိုအချိန်တွင် ဝူလန်နှင့် ဟာလာတို့သည် ထိတ်လန့်တုန်လှုပ်နေမှုမှ မပြေသေးချေ။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ပေါက်ကွဲမှု အတိုင်းအတာအတွင်း မရှိခဲ့ဘဲ ပေါက်ကွဲမှု၏ ရိုက်ခတ်မှုကိုသာ ခံစားခဲ့ရသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာမျိုး မရရှိခဲ့ကြချေ။
"ခမည်းတော်... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ..." မန်တာ အနီးသို့ ရောက်လာသည်ကို မြင်သောအခါ ဟာလာက အလျင်အမြန် အော်ဟစ် တောင်းပန်လိုက်သည်။
ဝူလန်၏ မျက်နှာတွင်မူ သွေးများ စီးကျနေဆဲ ဖြစ်သော်လည်း သူ၏ နားရွက်မှာ ပေါက်ကွဲမှုအတွင်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်ရာ မည်သည့်အခါမျှ ပြန်လည် ပေါက်လာတော့မည် မဟုတ်ချေ။
"မင်းတို့နှစ်ယောက်... ထွက်သွားကြတော့" မန်တာက လက်ကို ဆန့်ထုတ်ကာ သူတို့အပေါ်ရှိ ကြိုးများကို ဖြည်ပေးလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။ "ငါ့ကို ခမည်းတော်လို့ ထပ်မခေါ်ကြနဲ့တော့"
"ခမည်းတော်... မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ... ကျွန်တော်တို့ ခဏတာ စိတ်မှားသွားလို့ပါ" ဟု ဟာလာက အလျင်အမြန် ရှေ့သို့ တိုးလာပြီး မန်တာ၏ ခြေထောက်ကို ဖက်တွယ်ထားလိုက်သည်။
ဝူလန်သည်လည်း အနီးသို့ ပြေးလာပြီး အလွန်သနားစရာ ကောင်းဟန်ဖြင့် တရှုံ့ရှုံ့ ငိုကြွေးနေတော့သည်။
သို့သော်လည်း မန်တာ၏ စိတ်နှလုံးမှာမူ ယခုအချိန်တွင် လုံးဝ တုန်လှုပ်ခြင်း မရှိတော့ချေ။ သူသည် သူ၏ သားနှစ်ယောက်အပေါ်တွင် လုံးဝ စိတ်ကုန်သွားခဲ့ပြီ ဖြစ်ပြီး ယခုလာရောက်ခြင်းမှာလည်း ကိစ္စအဝဝကို အပြတ်အသတ် ရှင်းလင်းရန်သာ ဖြစ်ပေသည်။
"သွားကြတော့။ မင်းတို့က ငါ့သားတွေလို့ နောက်နောင် မပြောကြနဲ့။ ငါ့မှာ မင်းတို့လို အရှက်မရှိတဲ့ သားတွေ မရှိဘူး"
မန်တာက အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် ချင်ယွမ်ဖုန်းနှင့်အတူ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
ဟာလာနှင့် ဝူလန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဖြည်းဖြည်းချင်း ထရပ်ကာ စောစောက ငိုယိုနေသည့် ပုံစံများကို ဖျောက်ပစ်လိုက်ပြီး မှောင်မိုက်သော ညအတွင်းသို့ တဖြည်းဖြည်း လျှောက်လှမ်း ပျောက်ကွယ်သွားကြသည်။
ချင်ယွမ်ဖုန်းသည် မန်တာ၏ နောက်မှ တိတ်တဆိတ် လိုက်ပါကာ လိုဏ်ဂူသို့ ပြန်လာခဲ့ကြသည်။ ထိုအချိန်တွင် ကောင်းကင်ယံ၌ အလင်းရောင် မှိန်မှိန်လေး သန်းလာပြီဖြစ်သော်လည်း နာရင်ထူးယားမှာမူ နိုးမလာသေးချေ။
"ချင်ယွမ်ဖုန်း... ငါ မင်းအပေါ်မှာ ကျေးဇူးတွေ အများကြီး တင်သွားပြီ။ ဘယ်လို ပြန်ဆပ်ရမှန်းတောင် ငါ မသိတော့ဘူး" ဟု မန်တာက တိုးညှင်းစွာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး "နာရင်ထူးယားနဲ့ ကျွန်တော်က သူငယ်ချင်းတွေပဲလေ... ဒါတွေကို ထည့်စဉ်းစားမနေပါနဲ့ ဦးလေး" ဟု ပြန်ပြောလိုက်သည်။
"ဒါကို နောက်မှပဲ ဆွေးနွေးကြတာပေါ့။ အခုလောလောဆယ်တော့ ငါ့မှာ မင်းကို ပြန်ပေးစရာ ဘာမှ မရှိသေးဘူး" ဟု မန်တာက အားကိုးရာမဲ့စွာ ပြောလိုက်သည်။ "ဒါနဲ့ စကားမစပ်... မင်း ခုနက သုံးလိုက်တဲ့ အလင်းလုံးကြီးက ဘာလဲ။ တိုက်ခိုက်ရေးပညာ တစ်ခုလား"