← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 12 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 12 Ch. 205-206

အခန်း (၂၀၅) အိမ်သို့ပြန်ခြင်း

ချင်ယွမ်ဖုန်းက ခေတ္တမျှ စဉ်းစားဆင်ခြင်လိုက်ပြီးနောက် “ဒါက တိုက်ခိုက်ရေးပညာ မဟုတ်ပါဘူး၊ မှော်လက်နက်တစ်ခုပါ၊ ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ ဒါကို သုံးနိုင်တဲ့သူဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိပါလိမ့်မယ်” ဟု ဆိုချေသည်။

“နှမြောစရာပါပဲလား၊ ငါတို့ မြက်ခင်းပြင်မှာလည်း မင်းဆီကလို အစွမ်းထက်တဲ့ လက်နက်တွေသာ ရှိခဲ့ရင် မြက်ခင်းပြင်ဒေသကြီး တစ်ခုလုံးကို ငါပြန်ပြီး စည်းလုံးအောင် လုပ်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး”

ထိုစကားက ချင်ယွမ်ဖုန်းကို တစ်စုံတစ်ခု သတိမူမိစေသော်လည်း လက်ရှိအချိန်တွင်မူ အချို့သောအရာများကို ဖြစ်မြောက်အောင် ဆောင်ရွက်ရန် မဖြစ်နိုင်သေးပေ။

“ကဲ... ဦးလေး၊ ကျွန်တော် သွားရတော့မယ် ထင်တယ်၊ ဒီမှာ တစ်ရက်တောင် ကြန့်ကြာနေပြီ” ဟု ချင်ယွမ်ဖုန်းက ခပ်တိုးတိုး ပြောလိုက်ရင်း “ကျွန်တော့်ကိစ္စတွေ ပြီးသွားရင် ဦးလေးနဲ့ နာရင်ထူးယားကို တွေ့ဖို့ ပြန်လာခဲ့ပါဦးမယ်” ဟု ဆိုသည်။

“ကောင်းပါပြီလေ၊ မင်းကို ဒီလို လိုဏ်ဂူထဲမှာပဲ နေခိုင်းမိတာ တကယ်ပဲ အားနာရပါတယ်၊ ဒါပေမဲ့ နောက်တစ်ခါ မင်းပြန်လာတဲ့အခါကျရင်တော့ အကောင်းဆုံး ဧည့်ဝတ်ပြုမှုမျိုးနဲ့ ငါ သေချာပေါက် ကြိုဆိုပါ့မယ်” ဟု မန်တာက လေးလေးနက်နက် ပြောလေသည်။

“ဒါတွေကို ကျွန်တော် စိတ်ထဲမထားပါဘူး” ချင်ယွမ်ဖုန်းက ပြုံးလျက် လိုဏ်ဂူထဲရှိ နာရင်ထူးယားကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ထွက်ခွာခဲ့တော့သည်။

နာရင်ထူးယား နိုးလာသောအခါတွင် သူမ၏ ဖခင်ကိုသာ တွေ့ရပြီး ချင်ယွမ်ဖုန်းကိုမူ မတွေ့ရတော့ပေ။

“အဖေ... ချင်ယွမ်ဖုန်း ဘယ်ရောက်သွားလဲ”

“သူ သွားပြီလေ” မန်တာက ပြုံးလျက် “ထူးယား... သမီးက ဒီလူငယ်လေးကို စိတ်ဝင်စားနေတာလား” ဟု မေးလိုက်သည်။

“အဖေကလည်း ဘာတွေ ပြောနေတာလဲ” ထူးယား၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားကာ “သမီးတို့က... မိတ်ဆွေတွေပါ...” ဟု ဆိုချေသည်။

“ဟားဟားဟား... ထူးယားက ငါနဲ့ လုံးဝမတူပါလား၊ ငါကတော့ သမီးအမေကို စိတ်ဝင်စားတုန်းက တိုက်ရိုက်ပဲ ဖွင့်ပြောခဲ့တာ၊ မိန်းကလေးပဲ ဖြစ်ဖြစ် ကိုယ်သဘောကျတဲ့ အမျိုးသားနောက်ကို လိုက်တဲ့အခါမှာ ပိုပြီး သတ္တိရှိသင့်တယ်၊ ဒီချင်ယွမ်ဖုန်းက တကယ်ကို မဆိုးဘူးလို့ ငါထင်တယ်”

မန်တာက ရယ်မောရင်း ပြောလိုက်ရာ ရှက်သွေးဖြန်းနေသော ထူးယားကို ကြည့်ရုံနှင့် သူမ လိမ်နေသည်ကို သိနေလေသည်။

ထူးယားက ခေါင်းငုံ့ထားရင်း “.. အဖေနဲ့ ဆက်မပြောတော့ဘူး၊ ဒါနဲ့ ချင်ယွမ်ဖုန်းက သူပြန်လာဦးမယ်လို့ ပြောသွားလား” ဟု မေးပြန်သည်။

“ပြောတာပေါ့... သူလုပ်စရာရှိတာတွေ ပြီးရင် ငါတို့ကို တွေ့ဖို့ ပြန်လာခဲ့မယ်တဲ့” မန်တာက အားရပါးရ ရယ်မောလိုက်လေသည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ကို စီးနင်းကာ ဆေးနတ်ဘုရားဂိုဏ်းဆီသို့ အလျင်အမြန် ဦးတည်နေသည်။

လမ်းတစ်လျှောက်တွင် သူသည် ကင်းလှည့်နေသော သံမဏိစစ်သည်များစွာကို တမင်တကာ ရှောင်ကွင်းခဲ့သည်။

ပုယန်၏ အစီအစဉ် ပျက်စီးသွားခဲ့သော်လည်း သူသည် မြက်ခင်းပြင်တွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်နေဆဲပင် ဖြစ်သည်။

ခုနစ်ရက်အကြာတွင် ချင်ယွမ်ဖုန်းသည် ဝမ်တောင်တန်းသို့ ရောက်ရှိလာသည်။

ထို့နောက် ဝမ်တောင်တန်းကို ဖြတ်ကျော်ရန် တစ်ရက်ခန့် အချိန်ပေးခဲ့ရပြီး မြေနက်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ချင်ယွမ်ဖုန်းကို မြင်သောအခါ အံ့ဩဝမ်းသာ ဖြစ်သွားကြပြီး နောက်ဆုံးတွင် ငိုပင် ငိုမိကြတော့သည်။

“ဖုန်းအစ်ကို... နောက်ဆုံးတော့ ပြန်လာပြီပေါ့...” ရှောင်ချောင်သည် ငိုယိုကာ ပြေးလာခဲ့သည်။ မျက်ရည်များ ဝဲနေသော သူမ၏ မျက်နှာလေးကို ကြည့်ရသည်မှာ ရင်နာစရာ ကောင်းလှသည်။

ချင်ယွမ်ဖုန်းက ရှောင်ချောင်၏ ပခုံးကို ပုတ်ပေးလိုက်ရင်း “ကဲ... ကဲ... ရပါပြီ၊ ဘာမှမဖြစ်ပါဘူး၊ အစ်ကို ပြန်လာပြီ မဟုတ်လား” ဟု ချော့မော့လိုက်သည်။

“အစ်ကိုက တစ်လကျော်တောင် ပျောက်နေတာ၊ ညီမတို့ကို အရမ်း စိုးရိမ်အောင် လုပ်တယ်” ဟု ရှောင်ချောင်က အနည်းငယ် စိတ်ကောက်သည့် လေသံဖြင့် ဆိုသည်။

မြေနက်မြေတွင် သူတို့အတွက် ဘာမှ မလိုလေအောင် ပြည့်စုံသော်လည်း ချင်ယွမ်ဖုန်းအတွက်မူ အမြဲ စိုးရိမ်နေကြခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းချလိုက်ပြီး ရှောင်ချောင်ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

ထိုအချိန်တွင် ဒါချောင်သည်လည်း ချင်ယွမ်ဖုန်း၏ အနားသို့ ရောက်လာခဲ့ရာ သူမ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ရိပ်များဖြင့် ပြည့်နှက်နေသည်ကို မြင်ရသောကြောင့် ချင်ယွမ်ဖုန်းမှာ ခေါင်းခဲသွားရသည်။

“ကဲပါ... အခုတော့ အစ်ကို ဗိုက်ဆာနေပြီ၊ ရက်အတော်ကြာအောင် ကောင်းကောင်းမစားရသေးဘူး” ချင်ယွမ်ဖုန်းက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။

မှန်းဆထားသည့်အတိုင်းပင် ဒါချောင်နှင့် ရှောင်ချောင်တို့သည် ထိုစကားကို ကြားကြားချင်း ချင်ယွမ်ဖုန်းအတွက် ဟင်းချက်ရန် အပြေးအလွှား ထွက်သွားကြတော့သည်။

ချင်ယွမ်ဖုန်းသည် သူ့အခန်းထဲသို့ ပြန်ဝင်ကာ ကုတင်ပေါ်တွင် လှဲချလိုက်မှသာ အိမ်ပြန်ရောက်သည့် ခံစားချက်ကို ရရှိတော့သည်။

ခေတ္တမျှ အိမ်၏ နွေးထွေးမှုကို ခံစားပြီးနောက် ချင်ယွမ်ဖုန်းသည် အခန်းထဲမှ ထွက်လာကာ မြေနက်မြေသို့ ရောက်ရှိလာခဲ့သည်။

အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များသည် ထိုအချိန်တွင် ဝေဆာစွာ ပေါက်ရောက်နေကြပြီး အသက်ဝင်လှပနေသည်။

ထိုဆေးပင်များမှာ အမျိုးအစား စုံလင်လှရာ ဒါချောင်နှင့် ရှောင်ချောင်တို့ ရှာဖွေထားကြခြင်း ဖြစ်ဟန်တူသည်။

မွေးမြူရေးခြံအတွင်းရှိ သားရဲများမှာမူ ယခင်အတိုင်းပင် ရှိနေကြသော်လည်း အခုအချိန်တွင် သူတို့အားလုံး ဤနေရာရှိ လူနေမှုဘဝကို ကျင့်သားရနေကြပြီ ဖြစ်သည်။

သူတို့ကို လွှတ်ပေးလိုက်လျှင်ပင် သတ်မှတ်ထားသော အချိန်တွင် ဤနေရာသို့ ပြန်လာကြလိမ့်မည်ဖြစ်သည်။

ထို့ပြင် ရေကန်ထဲမှ သန့်စင်သော နတ်ရေစင်ကို နေ့စဉ် သောက်သုံးနေရသဖြင့် ထိုသားရဲများ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အနည်းငယ် ပြောင်းလဲလာကာ ယခင်ကထက် များစွာ သန်မာလာကြသည်။

ရေကန်မှာလည်း ယခင်အတိုင်းပင် ဖြစ်သော်လည်း အတွင်းရှိ ငါးများမှာ များစွာ ဆူဖြိုးလာကြပြီး ဝိညာဉ်စွမ်းအင်များ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေကြရာ ယင်းမှာ သားရဲများအဖြစ်သို့ ကူးပြောင်းတော့မည့် လက္ခဏာပင် ဖြစ်သည်။

သို့သော်လည်း ရေကန်အတွင်းရှိ သဘာဝ နတ်စမ်းရေမှာ လုံးဝနီးပါး အရည်ဖျော်ခြင်း ခံထားရသဖြင့် အစွမ်းမှာ အလွန် အားနည်းနေသည်။ ချင်ယွမ်ဖုန်းက သူ့ထံတွင် ပါလာသော ကျောက်စိမ်းပုလင်းငယ်များထဲမှ သဘာဝ နတ်စမ်းရေများကို ထပ်မံ၍ လောင်းထည့်ပေးလိုက်သည်။

အမှန်စင်စစ် သူသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို တစ်ထိုင်တည်းနှင့် အကုန်သုံးစွဲခဲ့ပြီး ဖြစ်ရာ ထိုကျောက်တုံးများကို ပြန်လည် ရရှိအောင် အမြဲ ကြိုးစားနေရခြင်း ဖြစ်သည်။

အဆင့်ရှစ် ဝိညာဉ်ဆေးပင် အချို့သည်လည်း အလွန် လျင်မြန်စွာ ကြီးထွားနေကြသည်။ အထူးသဖြင့် ရွှေရောင်မိုးကြိုးပင်မှာ အတော်လေး ကြီးထွားလာပြီး ယင်းပေါ်ရှိ ရွှေရောင် လျှပ်စီးတန်းများမှာ ပို၍ပင် သိပ်သည်းလာချေသည်။

နတ်သက်ကြွေဆေးမြက်မှာ အရွက်သုံးရွက် ထွက်လာသည်မှာ ကြာပြီဖြစ်ရာ ချင်ယွမ်ဖုန်းက မညှာမတာပင် ဆွတ်ခူးလိုက်သည်။ ဤအရာသည် အသက်ကယ်ပေးနိုင်သော နတ်ဆေးပင်တစ်မျိုး ဖြစ်ပေရာသည်။

မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်သည်လည်း ဤနေရာတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနေသည်။ ချင်ယွမ်ဖုန်းသည် ထိုအပင်ပေါ်သို့ ကမ္ဘာမြေခြင်ဆီအရည် နှစ်စက်ခန့် ချပေးလိုက်မှသာ စိတ်အေးသွားတော့သည်။

ဤသည်မှာ သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် အဓိက လိုအပ်သော ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး အမှားအယွင်း မရှိစေရန် လိုအပ်သည်။

ယခုအခါ ချင်ယွမ်ဖုန်းတွင် သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် အဓိက ပစ္စည်းနှစ်မျိုး ဖြစ်သော မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်နှင့် ရေခဲဝိညာဉ်နဂါးပြာငှက်၏ အနှစ်သာရသွေးတို့ ရှိနေပြီ ဖြစ်သော်လည်း ကျန်ပစ္စည်းနှစ်မျိုးအတွက်မူ သတင်းအစအန မရသေးပေ။

မကြာမီမှာပင် ဒါချောင်နှင့် ရှောင်ချောင်တို့သည် ဟင်းပွဲအပြည့် ပြင်ဆင်လာကြပြီး ချင်ယွမ်ဖုန်းနှင့်အတူ စားသောက်ကြသည်။

ဒါချောင်နှင့် ရှောင်ချောင်တို့သည် စားသောက်နေရင်း ချင်ယွမ်ဖုန်းကို စိုက်ကြည့်ကာ မထိန်းနိုင်သော အပြုံးများဖြင့် မျက်နှာတွင် ဝေဆာနေကြသည်။

“နေပါဦး... မင်းတို့ နှစ်ယောက်က ဘာလို့ ဒီမှာပဲ တခိခိနဲ့ ရယ်နေကြတာလဲ” ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့် အဆုံး ခေါင်းခါရင်း မေးလိုက်သည်။

“ဖုန်းအစ်ကို ရှိနေမှပဲ ဒါက တကယ့် အိမ်တစ်အိမ်နဲ့ တူတာပေါ့” ဟု ဒါချောင်က ပြုံးလျက် ဆိုသည်။

ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး အစားကိုသာ ငုံ့စားနေမိတော့သည်။

ဒါချောင်နှင့် ရှောင်ချောင်တို့အတွက်မူ ချင်ယွမ်ဖုန်းမှာ မိသားစုဝင် တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ဖုန်းအစ်ကို... မြောက်ဘက် အစွန်အဖျား ဒေသမှာ ဘာတွေနဲ့ ကြုံခဲ့လဲဆိုတာ ပြောပြပါဦး၊ အဲဒီနေရာက ဘယ်လိုမျိုးလဲ” ဟု ရှောင်ချောင်က စူးစမ်းလိုစိတ်ဖြင့် ချင်ယွမ်ဖုန်းကို ကြည့်ကာ မေးလေသည်။

ချင်ယွမ်ဖုန်းသည် မြောက်ဘက် အစွန်အဖျား ဒေသအကြောင်းကို ဒါချောင်နှင့် ရှောင်ချောင်တို့အား ပြောပြရာ သူတို့ နှစ်ဦးလုံးမှာ အလွန် အံ့ဩသွားကြသည်။

သူတို့ စားသောက်ပြီးသွားသည့်တိုင် ရှောင်ချောင်မှာမူ ချင်ယွမ်ဖုန်းကို မေးခွန်းများ တရစပ် မေးနေဆဲပင်။ သူမသည် ပြင်ပလောကအကြောင်း၊ အထူးသဖြင့် မြောက်ဘက် အစွန်အဖျား ဒေသကဲ့သို့ ဆန်းကြယ်သော နေရာမျိုးကို အလွန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

“ကဲပါ... မင်းတို့ရဲ့ အဆင့်က မဟာဆရာနယ်ပယ်ကို ရောက်တဲ့အခါကျရင် အစ်ကိုက မင်းတို့ နှစ်ယောက်လုံးကို အပြင်ကို ခေါ်သွားပေးပါ့မယ်၊ ဘယ်လိုလဲ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။

ထိုစကားကို ကြားသောအခါ ရှောင်ချောင်၏ မျက်လုံးများမှာ တောက်ပသွားသည်။

သူမသည်လည်း ချင်ယွမ်ဖုန်းနှင့်အတူ စွန့်စားခန်း ထွက်ချင်သော်လည်း သူမ၏ ကျင့်စဉ်အဆင့် နိမ့်ပါးမှုကြောင့် ချင်ယွမ်ဖုန်းက အမြဲတစေ တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ သူမအတွက် ရည်မှန်းချက်တစ်ခု ရှိသွားပြီ ဖြစ်သည်။

ရှောင်ချောင်က ပျော်ရွှင်စွာ အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ရင်း ချင်ယွမ်ဖုန်းသည် မတတ်သာဘဲ သက်ပြင်းချလိုက်မိသည်။

“အော်... ဟုတ်သားပဲ၊ ရှောင်လင်... ဒီနေရာမှာ နေရာပြောင်း အစီအရင်တစ်ခု တည်ဆောက်လို့ ရတယ်လို့ အရင်က ပြောခဲ့တယ် မဟုတ်လား” ဟု ချင်ယွမ်ဖုန်းက ရုတ်တရက် မေးလိုက်သည်။

အကယ်၍ ဤနေရာတွင် နေရာပြောင်း အစီအရင်တစ်ခု ရှိခဲ့ပါက ချင်ယွမ်ဖုန်းသည် မည်သည့် နေရာသို့ ရောက်နေပါစေ ဤနေရာသို့ ချက်ချင်း ပြန်လာနိုင်မည်ဖြစ်ပြီး အခြားနေရာများတွင်လည်း နေရာပြောင် အစီအရင်များ ထားရှိခြင်းဖြင့် ဒါချောင်နှင့် ရှောင်ချောင်တို့သည်လည်း ထိုနေရာများသို့ သွားလာနိုင်မည် ဖြစ်သည်။

“ဟုတ်ကဲ့ သခင်... နေရာပြောင်း အစီအရင်အတွက် ယုံကြည်မှုတန်ဖိုး တစ်သန်း လိုအပ်ပါတယ်၊ နောက်ထပ် အစီအရင် ပြားတစ်ခုအတွက်လည်း ယုံကြည်မှုတန်ဖိုး တစ်သန်း လိုအပ်ပါတယ်” ဟု ရှောင်လင်က ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ပေါ်လာကာ အဖြေပေးလေသည်။

အခန်း (၂၀၆) ပြိုင်ပွဲကျင်းပရန် အကြိုည

"နေရာပြောင်း အစီအရင် ပြားဆိုတာ ဘာလဲ" ဟု ချင်ယွမ်ဖုန်းက စပ်စုလိုသော စိတ်ဖြင့် မေးမြန်းလိုက်သည်။

စနစ်အတွင်းရှိ အရာရာတိုင်းမှာ သူ့အတွက် အမြဲတမ်း အသစ်အဆန်း ဖြစ်နေတတ်သည် မဟုတ်လော။

"သခင်အနေနဲ့ ဒါကို ဘယ်နေရာမဆို ယူဆောင်သွားလို့ရတဲ့ အိတ်ဆောင် နေရာပြောင်း အစီအရင် တစ်ခုလို့ မှတ်ယူနိုင်ပါတယ်၊ ဒါပေမဲ့ အသုံးပြုနိုင်တဲ့ အကြိမ်အရေအတွက်ကတော့ ကန့်သတ်ချက်ရှိတယ်" ဟု ရှောင်လင်က အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားလေသည်။

"ဒါ တကယ့်ကို ကောင်းတဲ့ ပစ္စည်းပဲ၊ ဒါပေမဲ့ ဈေးကတော့ နည်းနည်းကြီးတယ်" ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့် အဆုံး သက်ပြင်းချရင်း ဆိုလိုက်မိသည်။

စနစ်အတွင်းမှ ပစ္စည်းတိုင်းမှာ ထိပ်တန်းအဆင့်များသာ ဖြစ်သော်လည်း အားနည်းချက်မှာ ဈေးနှုန်း အလွန်ကြီးမြင့်နေခြင်းပင် ဖြစ်၏။

ချင်ယွမ်ဖုန်း အပင်ပန်းခံ စုဆောင်းထားသည့် ယုံကြည်မှုတန်ဖိုးများမှာ နေရာပြောင်း အစီအရင် ပြား တစ်ခုနှင့် လဲလှယ်ရန်ပင် မလုံလောက်သေးပေ။

သို့သော်လည်း ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် လူသားသန်းပေါင်းများစွာ ရှိနေသည်ဖြစ်ရာ တစ်နေ့သောအခါတွင် ချင်ယွမ်ဖုန်း အနေဖြင့် မိမိအလိုရှိရာကို စိတ်ကြိုက် ရရှိနိုင်မည့်နေ့ ရောက်လာမည်မှာ ဧကန်မလွဲပင် ဖြစ်ပေသည်။

"ငါ ပိုပြီး ကြိုးစားရဦးမယ်" ဟု ချင်ယွမ်ဖုန်း တွေးတောရင်း အိပ်စက်ခြင်းသို့ ကျရောက်သွားတော့သည်။

ခရီးဝေးများစွာ သွားလာခဲ့ပြီးနောက် မိမိ၏ အိမ်ဂေဟာသည်သာ အကောင်းဆုံးသော အနားယူရာ နေရာဖြစ်ပေသည်။

နောက်တစ်နေ့ နံနက်တွင် ချင်ယွမ်ဖုန်း နိုးထလာပြီး ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကို ခေါ်ကာ ဆေးနတ်ဘုရားဂိုဏ်းသို့ ထွက်ခွာခဲ့သည်။

ဆေးနတ်ဘုရားဂိုဏ်းမှာ လက်ရှိတွင် ရက်အနည်းငယ်အတွင်း ကျင်းပတော့မည့် ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

ဆေးနတ်ဘုရားဂိုဏ်းသည် လုယွဲ့အင်ပါယာအတွင်း၌သာမက တိုက်ကြီးတစ်ခုလုံးတွင်ပါ အလွန်ကျော်ကြားသော ဂိုဏ်းတစ်ခုဖြစ်ပြီး များပြားလှသော ဆေးလုံးများနှင့် ဆေးဖော်စပ်သူများကြောင့် လူသိများလှပေသည်။

ဂိုဏ်းအတွင်း၌လည်း ဆေးဖော်စပ်သူများအတွက် အထူးလေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးလေ့ရှိသည်။

အကယ်၍ ထိုစဉ်က ချင်ယွမ်ဖုန်းအနေဖြင့် ဒုန်ဖန်းရှန့်မင်၏ ကမ်းလှမ်းချက်ကို လက်ခံပြီး တိုက်ရိုက်သင်ကြားခွင့်ရ တပည့်တစ်ဦး ဖြစ်လာခဲ့ပါက ယခုအချိန်တွင် သူသည် တစ်နေ့ကုန် ဆေးဖော်စပ်ခြင်း ပညာရပ်များကိုသာ လေ့ကျင့်နေရပေလိမ့်မည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ ဆေးဖော်စပ်ခြင်း ပညာရပ် တိုးတက်မှုမှာ အခြားသူများထက် နိမ့်ကျခြင်းမရှိရုံမျှမက ယခုအချိန်တွင် ပိုမိုသာလွန်နေပြီပင် ဖြစ်သည်။

ထို့ကြောင့် တိုက်ကြီးပေါ်ရှိ ဂိုဏ်းအသီးသီးမှ လူများသည် ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲသို့ ပါဝင်ဆင်နွှဲရန် လူလွှတ်ကြလေ့ရှိသည်။

အကြောင်းရင်းတစ်ခုမှာ အခြားဂိုဏ်းများနှင့် ထိတွေ့ဆက်ဆံရန်ဖြစ်ပြီး အခြားအကြောင်းရင်းမှာ ဂိုဏ်းတွင်းရှိ တပည့်များကို အချင်းချင်း ယှဉ်ပြိုင်စေကာ မည်သူက ပိုမိုထူးချွန်သည်ကို သိရှိနိုင်ရန် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ပထမဦးစွာ အိုင်ဖေးကို သွားရောက်ရှာဖွေလိုက်သည်။ အိုင်ဖေးမှာ ထူးချွန်သော ပါရမီကြောင့် အပြင်စည်းတပည့်အဆင့်မှ တိုးတက်လာပြီး ဂိုဏ်း၏ စီမံခန့်ခွဲသူများ၏ အသိအမှတ်ပြုခြင်းကို ခံနေရပြီဖြစ်သည်။

ဒုန်ဖန်းရှန့်မင် ကိုယ်တိုင်ပင် အိုင်ဖေးကို အလေးအနက်ထား၍ တန်ဖိုးထားလေသည်။

"ဖုန်းအစ်ကို၊ ဒီတောအတွင်း ဘယ်တွေများ ရောက်နေတာလဲ" ဟု ချင်ယွမ်ဖုန်းကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ အိုင်ဖေးက မေးမြန်းလိုက်သည်။

"ငါ မြောက်ဘက်အစွန်အဖျား ဒေသကို သွားခဲ့တာပါ" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။ "မင်း တော်တော်လေး အခြေအနေ ကောင်းနေတာပဲ၊ အခုဆို တိုက်ရိုက်သင်ကြားခွင့်ရ တပည့်တစ်ယောက် တောင် ဖြစ်နေပြီပဲ"

"ကျွန်တော်က ဖုန်းအစ်ကိုနဲ့ ယှဉ်ရင် အများကြီး လိုပါသေးတယ်" ဟု အိုင်ဖေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်ရင်း ဆိုသည်။ "အော်... ဒါနဲ့ ဖုန်းအစ်ကို၊ ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲက စတော့မှာ၊ အခုဆို တောင်ပေါ်ကို ဂိုဏ်းပေါင်းစုံက လူတွေ ရောက်နေကြပြီ"

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ တောင်ပေါ်တွင် စိမ်းသက်သော မျက်နှာများစွာကို သူ တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

ထို့ပြင် ထိုဂိုဏ်းများသည် ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲအတွက်သာ လာရောက်ကြခြင်း မဟုတ်ပေ။

အကြောင်းမှာ နတ်ဘုရားသောင်းချီနယ်မြေ ပွင့်တော့မည် ဖြစ်သောကြောင့်ဖြစ်သည်။ ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲပြီးဆုံးပါက ထိုလူများသည် ချက်ချင်းပြန်ကြမည်မဟုတ်ဘဲ နတ်ဘုရားသောင်းချီနယ်မြေဆီသို့ ဦးတည်ကြပေလိမ့်မည်။

ဆေးနတ်ဘုရားဂိုဏ်းသည် အတန်ငယ် ကျယ်ဝန်းသော်လည်း လူဦးရေ အလွန်အမင်း မများပြားလှသဖြင့် တော်သေးသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက ဂိုဏ်းပေါင်းစုံမှ လူများစွာ ရောက်ရှိလာသည့်အခါ နေရာထိုင်ခင်း လုံလောက်မည် မဟုတ်ပေ။

"ညီလေး၊ မင်းလည်း မဟာဆရာနယ်ပယ်ကို ရောက်နေပြီပဲ၊ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရနိုင်တာပေါ့" ဟု အိုင်ဖေး၏ တိုးတက်လာသော ကျင့်စဉ်အဆင့်ကို ကြည့်ကာ ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။

သို့သော် အိုင်ဖေးက မတတ်သာသလို ခေါင်းခါပြလိုက်သည်။ "ဒါက ပြောရခက်တယ် ဖုန်းအစ်ကို၊ ကျွန်တော်တို့ ဂိုဏ်းမှာ ပါရမီရှင်တွေက အများကြီးပဲ၊ ကျွန်တော့်အလှည့် ရောက်ပါ့မလားတောင် မသေချာဘူး"

လူတိုင်းက ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲတွင် မျက်နှာပန်းလှချင်ကြသည်သာ။ အကယ်၍ ထိုပွဲတွင် နာမည်ကျော်ကြားသွားပါက တစ်ရှိန်ထိုး လူသိများသွားမည် မဟုတ်လော။

ချင်ယွမ်ဖုန်းကမူ အတွေးနက်နေပေသည်။ ဤဂိုဏ်းပေါင်းစုံ ပြိုင်ပွဲသို့ တိုက်ကြီးပေါ်ရှိ ပထမတန်းစားနှင့် ဒုတိယတန်းစား အင်အားစုများစွာ လာရောက်ကြမည် ဖြစ်သည်။

ဤသည်မှာ ယုံကြည်မှုတန်ဖိုးများ ရရှိရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်နိုင်ပေသည်။

ထိုအင်အားစုများမှ လူအများအပြား ရောက်မလာလျှင်ပင် ၎င်းတို့ ပြန်သွားသည့်အခါ သတင်းစကားများ ပြန့်နှံ့သွားပါက ယုံကြည်မှုတန်ဖိုးများ တိုးပွားလာမည်မှာ အမှန်ပင် ဖြစ်သည်။

ဤသို့ တွေးတောမိသောအခါ ချင်ယွမ်ဖုန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။ ဤဂိုဏ်းပေါင်းစုံ ပြိုင်ပွဲတွင် သူ တကယ့်ကို ထူးထူးခြားခြား စွမ်းဆောင်ပြရန် လိုအပ်နေပြီ ဖြစ်သည်။

"ကဲ... ညီလေး၊ ငါတို့ စကားခေတ္တ ရပ်ကြရအောင်၊ ငါ ဂိုဏ်းချုပ်ကို သွားရှာလိုက်ဦးမယ်" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။

အိုင်ဖေးက ခေါင်းညိတ်ပြရင်း ချင်ယွမ်ဖုန်း မိမိ၏ နေအိမ်မှ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။

ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ ပင်မခန်းမကြီးဆီသို့ လျှောက်လှမ်းလာခဲ့သည်။

ဂိုဏ်းချုပ်သည် လက်ရှိတွင် အခြားဂိုဏ်းများမှ အကြီးအကဲများ၊ ဂိုဏ်းချုပ်များနှင့် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေလေသည်။

ချင်ယွမ်ဖုန်း ရောက်ရှိလာသည်ကို မြင်လျှင် ဒုန်ဖန်းရှန့်မင်က အနည်းငယ် ခေါင်းညိတ်ပြပြီး နေရာမှ ထရပ်လိုက်သည်။

"အားလုံးပဲ၊ ကျွန်တော့်ကို ခဏလောက် စောင့်ပေးကြပါဦး"

"ဂိုဏ်းချုပ်ဒုန်ဖန်း၊ အေးအေးဆေးဆေးသာ ကြွပါ" ဟု အခြားသူများကလည်း အလျင်အမြန် ပြန်လည် ပြောဆိုကြသည်။

ဒုန်ဖန်းရှန့်မင်သည် ပင်မခန်းမအတွင်းမှ ထွက်လာပြီး ချင်ယွမ်ဖုန်းကို ပြုံးလျက် ကြည့်လိုက်သည်။

"မင်း မြောက်ဘက်အစွန်အဖျား ဒေသကို သွားတဲ့ခရီးမှာ ရှန်းဝူအကယ်ဒမီကို ဝင်ခဲ့သေးလား"

ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်တော် အခု ရှန်းဝူအကယ်ဒမီက ကျောင်းသားတစ်ယောက် ဖြစ်နေပါပြီ၊ ဒါပေမဲ့ တစ်နှစ် ခွင့်ယူထားတာပါ"

"ဟားဟားဟား... တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ရှန်းဝူအကယ်ဒမီကို တက်ခွင့်ရဖို့ဆိုတာ လူတိုင်း အလုအယက် ကြိုးစားနေကြရတာ၊ မင်းကတော့ ဝင်ပြီးတာနဲ့ ခွင့်တောင် ယူလိုက်သေးတယ်" ဟု ဒုန်ဖန်းရှန့်မင်က ရယ်မောရင်း ဆိုလေသည်။

ချင်ယွမ်ဖုန်းက ပခုံးတွန့်ပြလိုက်ကာ "အခြားနည်းလမ်း မရှိလို့ပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အသက်က ပိုအရေးကြီးတာကိုး"

"ဒါလည်း ဟုတ်တာပါပဲ၊ ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲက နောက်သုံးရက်ဆို စတော့မှာ၊ အဲဒီအချိန်ကျရင် အနည်းဆုံး ဂိုဏ်းပေါင်း သုံးဆယ်လောက် ရောက်နေလိမ့်မယ်၊ မင်းအနေနဲ့ အစွမ်းပြဖို့ လိုမယ်နော်" ဟု ဆိုကာ ဒုန်ဖန်းရှန့်မင်က ချင်ယွမ်ဖုန်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့ ဂိုဏ်းချုပ်၊ ကျွန်တော် အစွမ်းကုန် ပြသပါ့မယ်" ဟု ချင်ယွမ်ဖုန်းက 'အစွမ်းပြ' ဆိုသည့် စကားလုံးကို ခပ်နောက်နောက် အပြုံးဖြင့် အလေးအနက် ဆိုလိုက်သည်။

"ကောင်းပြီ၊ ဒါနဲ့ ငါ့ဆီ ဘာကိစ္စနဲ့ လာတာလဲ" ဟု ဒုန်ဖန်းရှန့်မင်က မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း "ဂိုဏ်းချုပ်ကလည်း နောက်နေပြန်ပြီ၊ ကျွန်တော် ဘာအတွက် လာရမှာလဲ၊ သန့်စင်ခြင်းဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေအတွက် လာတာပေါ့"

ဒုန်ဖန်းရှန့်မင်က မတတ်သာသည့် အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။ "ငါတို့ ဆေးနတ်ဘုရားဂိုဏ်းက စုံစမ်းနေပေမဲ့ သန့်စင်ခြင်းဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ပင်မ ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရသေးဘူး"

"ဟူး... ကျွန်တော် သိသားပဲ၊ ဒီပစ္စည်းတွေက ရှာရလွယ်ပါ့မလား" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်သည်။ "ဒါဆိုရင်တော့ ကျွန်တော် ချန်ဟုန်း ကုန်သည်ကြီးများအသင်းကိုပဲ တစ်ခေါက် ထပ်ပြီး သွားမေးကြည့်ရတော့မှာပေါ့"

ရှန်းဝူအကယ်ဒမီ ကဲ့သို့သော သန့်ရှင်းသော နယ်မြေမျိုးတွင်ပင် ရေခဲဝိညာဉ်နဂါးပြာဌက် မှလွဲ၍ သန့်စင်ခြင်းဆေးလုံးအတွက် လိုအပ်သည့် ပင်မပစ္စည်းများအကြောင်း ဘာသတင်းမှ မရှိသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် စိတ်ဓာတ်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်ပြကာ "အော်... ဒါနဲ့၊ သန့်စင်ခြင်းဆေးလုံးအတွက် ပင်မပစ္စည်းတွေရဲ့ သတင်းကို မရသေးပေမဲ့ အခြားလိုအပ်တဲ့ ဆေးဖက်ဝင် ပစ္စည်းတစ်ခုကတော့ ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှာ ရှိနေတယ်၊ အဲဒါက ဒီနေ့ကျင်းပမယ့် လေလံပွဲမှာ ပါလာမယ့် ပစ္စည်းပဲ ဖြစ်ရမယ်"

"တကယ်လား၊ ဒါဆိုရင်တော့ ကျွန်တော် အဲဒါကို ရအောင် ယူရတော့မှာပေါ့" ဟု ချင်ယွမ်ဖုန်းက စိတ်ထဲမှ ဆိုလိုက်သည်။ "ဂိုဏ်းချုပ်၊ ကျွန်တော် အခုပဲ သွားလိုက်ပါဦးမယ်"

"သွားတော့... ပင်မပစ္စည်းတွေ မဟုတ်ပေမဲ့ ကျန်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကိုတော့ ဆေးနတ်ဘုရားဂိုဏ်းက ရအောင် ရှာဖွေပေးသွားမှာပါ၊ အတော်များများ ရှာတွေ့နိုင်မယ်လို့လည်း ငါ ယုံကြည်တယ်" ဟု ဒုန်ဖန်းရှန့်မင်က ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်" ဟု ချင်ယွမ်ဖုန်းက လက်အုပ်ချီ နှုတ်ဆက်ကာ တောင်အောက်သို့ အမြန် ဆင်းလာခဲ့တော့သည်။

တောင်အောက်တွင် ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် ဝမ်ချိုင်တို့ စောင့်ဆိုင်းနေကြသည်။

ယခုအခါ ချင်ယွမ်ဖုန်း ပြန်ရောက်လာပြီ ဖြစ်သဖြင့် သူသည် ချန်ညီအစ်မနှစ်ယောက်ကို လိုက်လံ ပို့ဆောင်ဖျော်ဖြေပေးလိုပေသည်။

"ကဲ... သွားကြစို့၊ ငါတို့ နန်ဝူးမြို့ကို သွားကြမယ်" ဟု ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဟေး... ပျော်စရာကြီး" ဟု ချန်ရှောင်ချောင်က ခုန်ပေါက်ရင်း ဆိုသည်။ "ဖုန်းအစ်ကို ထွက်သွားကတည်းက ကျွန်မတို့ အပြင်တောင် မထွက်ရသေးဘူး"

"ဒါဆို သွားကြတာပေါ့"

သူတို့ သုံးယောက်သား ဝမ်ချိုင်၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြပြီး နန်ဝူးမြို့ဆီသို့ ဦးတည် ထွက်ခွာခဲ့ကြသည်။

တစ်နာရီခန့် ကြာသောအခါ သူတို့ သုံးယောက်မှာ နန်ဝူးမြို့၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

နန်ဝူးမြို့သည် ခန့်ညားထည်ဝါစွာ တည်ရှိနေဆဲဖြစ်ပြီး မြို့တံခါးဝရှိ စစ်သည်တော်များမှာလည်း အခြားအင်ပါယာများမှ သူလျှိုများ မဝင်ရောက်နိုင်စေရန် ဖြတ်သန်းသွားလာသူများကို စေ့စေ့စပ်စပ် စစ်ဆေးနေကြလေသည်။

လုယွဲ့အင်ပါယာရှိ မြို့များနှင့် ပတ်သက်၍ အမှန်တကယ်ပင် စိတ်ဝင်စားဖွယ်ရာ ကောင်းလှပေသည်။

All Chapters