အခန်း (၂၀၇-၂၀၈)
Vol. 12 Ch. 207-208
အခန်း (၂၀၇) လွင့်မျောတိမ်တိုက်နှင့် ကြွေလွင့်ပန်းများ
လုယွဲ့အင်ပါယာအတွင်းရှိ မြို့တိုင်း၌ မြို့၏လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် စနစ်တကျရှိစေရန် တာဝန်ယူရသည့် မြို့စားမင်းများ ရှိကြလေသည်။
သို့ရာတွင် ထိုမြို့စားမင်းများမှာ မြို့နေလူထု၏ ရွေးချယ်မှုနှင့် လုယွဲ့အင်ပါယာ ဧကရာဇ်မင်းမြတ်၏ ခန့်အပ်မှုကို ရရှိထားကြသော အစွမ်းထက်သည့် သိုင်းပညာရှင်များသာ ဖြစ်ကြ၏။
သို့သော်လည်း မြို့စားမင်းဟူသည် နယ်စားပဒေသရာဇ်များကဲ့သို့ပင် ဖြစ်ရာ သိုင်းပညာရှင်တို့သည် အုပ်ချုပ်သူတို့၏ အာဏာစက်ကို အရေးတယူ ရှိလှသည်မဟုတ်သဖြင့် ၎င်းတို့သည် များသောအားဖြင့် ဧကရာဇ်၏ အမိန့်အာဏာကို နာခံလေ့မရှိကြချေ။
ထိုအကြောင်းကြောင့် အင်ပါယာပိုင် နယ်နိမိတ်အတွင်း တည်ရှိနေသော်ငြားလည်း မြို့ပြအသီးသီးမှာ ဧကရာဇ်နှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေတော့သည်။
ဤသည်မှာ နိုင်ငံတိုင်းလိုလိုတွင် ကြုံတွေ့နေရသည့် အခြေအနေမျိုးဖြစ်ရာ ဧကရာဇ်မင်းမြတ်မှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ အမြဲလိုလို စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။
သို့သော်လည်း ထိုအခြင်းအရာများသည် ချင်ယွမ်ဖုန်းအတွက်မူ အရေးတယူ စဉ်းစားနေရမည့် အရာများမဟုတ်ပေ။ ၎င်းတို့ သုံးဦးသားသည် နန်ဝူးမြို့အတွင်းသို့ ဝင်ရောက်လာပြီးနောက် ဆေးဖော်စပ်သူများအသင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြ၏။
နန်ဝူးမြို့တွင် ချင်ယွမ်ဖုန်းသည် သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို ကူညီရှာဖွေပေးရန် အဖွဲ့အစည်း သုံးခုကို အကူအညီတောင်းခံထားခဲ့ရာ ဆေးဖော်စပ်သူများအသင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။
သူသည် ဆေးဖော်စပ်သူများအသင်းအတွင်းသို့ လှမ်းဝင်လိုက်စဉ် အပြင်သို့ ထွက်လာသည့် ဝမ်ကျင်နှင့် ထိပ်တိုက်တိုးလေတော့သည်။
"ဟော ... ဝမ်ကျင်ပါလား၊ လမ်းလျှောက်ရင်း ဘာတွေတွေးနေတာလဲကွ၊ နံရံနဲ့ ဝင်တိုက်မိမှာ မကြောက်ဘူးလား" ဟု ချင်ယွမ်ဖုန်းက စနောက်လိုက်၏။
ဝမ်ကျင်လေးမှာ မော့ကြည့်လိုက်ရာ ချင်သခင်လေး ဖြစ်နေသည်ကို တွေ့သဖြင့် ခေါင်းကို ကုတ်လျက် ရှက်ကိုးရှက်ကန်းနှင့် "ဪ ... ချင်သခင်လေးပါလား၊ ကျွန်တော် အတွေးလွန်သွားလို့ပါ၊ ခွင့်လွှတ်ပေးပါဦး" ဟု အလျင်အမြန် ဆိုလေသည်။
ဝမ်ကျင်၏ ရင်ဘတ်ပေါ်ရှိ ဆေးဖော်စပ်သူများအသင်း၏ တံဆိပ်ပြားပေါ်မှ သစ်ရွက်ပုံစံလေးမှာ သုံးခုမှ လေးခုသို့ ပြောင်းလဲသွားသည်ကို ချင်ယွမ်ဖုန်း သတိပြုမိသွားပြီး ခေတ္တမျှ မှင်သက်သွားရသည်။
"မင်းက စတုတ္ထအဆင့် ဆေးဖော်စပ်သူ ဖြစ်သွားပြီပေါ့လေ" ချင်ယွမ်ဖုန်းက မျက်လုံးအဝိုင်းသားနှင့် မေးလိုက်၏။
ဝမ်ကျင်က ခေါင်းကိုကုတ်လျက်ပင် "ဟုတ်ကဲ့ပါ ချင်သခင်လေး၊ လွန်ခဲ့တဲ့ နှစ်ရက်ကမှ အဆင့်တက်သွားတာပါ" ဟု ခပ်ရိုးရိုးပင် ဖြေကြားသည်။
"ဒါ တကယ့်ကို အထင်ကြီးစရာပဲကွာ" ဟု ဆိုကာ ချင်ယွမ်ဖုန်းက လက်မထောင်၍ ချီးကျူးလိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ တစ်စုံတစ်ခုကို ကြံစည်နေသကဲ့သို့ တောက်ပနေလေသည်။
ဝမ်ကျင်မှာ ချင်သခင်လေး၏ မျက်နှာပေးကို မြင်လိုက်ရသောအခါ ဆန်အိုးတွေ့သည့် ကြွက်ကဲ့သို့ အမူအရာဖြစ်နေသဖြင့် လင်းထျန်း၏ စကားများကို သတိရကာ အလိုအလျောက်ပင် ထိတ်လန့်သွားတော့သည်။
"ချင်သခင်လေးက အဘိုးလင်းကို လာရှာတာလား" ဟု ဝမ်ကျင်က စကားလမ်းကြောင်းကို အမြန်လွှဲလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ "ဟုတ်တယ်၊ အဘိုးလင်းနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ" ဟု ဆိုသည်။
"ဒါဆို ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ" ဝမ်ကျင်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ချင်သခင်လေးအား ဆေးဖော်စပ်သူများအသင်း၏ နောက်ဖေးဝင်းဆီသို့ လမ်းပြခေါ်ဆောင်သွားလေတော့သည်။
နောက်ဖေးဝင်းအတွင်း၌ အကြီးအကဲ အများအပြားမှာ သန့်ရှင်းစင်ကြယ်သော အရှိန်အဝါများဖြင့် အေးအေးလူလူ ထိုင်နေကြရာ မြင်ရသူအဖို့ ဘိုးဘွားရိပ်သာတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုသူများကို အထင်သေးရဲခြင်း မရှိပေ။ ထိုသူတို့မှာ အသက်အရွယ်ကြီးရင့်ကြသော်လည်း ရင်ဘတ်ပေါ်ရှိ တံဆိပ်ပြားများတွင် သစ်ရွက်ငါးခု သို့မဟုတ် ခြောက်ခုအထိ ရှိကြသော အလွန်အစွမ်းထက်သည့် ဆေးဖော်စပ်သူများ ဖြစ်ကြသောကြောင့်ပင်။
"အဘိုးလင်း ... ချင်သခင်လေး ရောက်လာပါတယ်" ဝမ်ကျင်သည် လင်းထျန်း၏ ဘေးသို့ အပြေးအလွှား သွား၍ ပြောလိုက်၏။
လင်းထျန်းမှာ ထိုစဉ်က အဘိုးအိုတစ်ဦးနှင့် စစ်တုရင်ကစားနေခြင်း ဖြစ်ပြီး ဂိမ်းတွင် ရှုံးနိမ့်တော့မည့် အခြေအနေကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် ဒေါသထွက်နေပုံရသည်။
"အဘိုးကြီးလင်း ... မင်းကတော့ ရှုံးနေကျအတိုင်းပါပဲလား၊ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ကြာရင်တောင် မင်း ငါ့ကို နိုင်မှာမဟုတ်ဘူး" ဟု မျက်နှာချင်းဆိုင်မှ အဘိုးအိုက တဟားဟား ရယ်မောလျက် ပြောဆိုနေသည်။
"ဘာတွေ လျှောက်ပြောနေတာလဲ" ဟု လင်းထျန်းက ဒေါသတကြီး ပြန်ပြောလိုက်၏။ ထိုစဉ် ဝမ်ကျင်၏ အသံကို ကြားလိုက်ရသည်နှင့် သူသည် စစ်တုရင်ခုံကို ဇောက်ထိုးလှန်ပစ်လိုက်ရာ စစ်တုရင်ရုပ်များမှာ ဟိုတစ်စ ဒီတစ်စ လွင့်စင်ကုန်တော့သည်။
"ဪ ... ငါ မတော်တဆ ဖြစ်သွားတာ၊ ဒီပွဲက မရေရာတော့ဘူး၊ ငါ ပြန်လာတဲ့အခါမှ နောက်တစ်ပွဲ ပြန်ကစားကြတာပေါ့" ဟု လင်းထျန်းက လူလည်ကျသည့် အမူအရာဖြင့် ဆိုကာ ချင်ယွမ်ဖုန်း၏ ရှေ့သို့ အမြန်ရောက်လာလေသည်။
ဟိုဘက်မှ အဘိုးအိုမှာလည်း ထိုအပြုအမူကို ကျင့်သားရနေပုံပေါ်ပြီး စိတ်ဆိုးသည့် အရိပ်အယောင်ပင် မပြချေ။ ချင်ယွမ်ဖုန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ဘဲ "အဘိုးလင်းက တကယ့်ကို ပျော်ပျော်နေတတ်တဲ့ စရိုက်ရှိတာပဲ" ဟု ဆိုလိုက်သည်။
"ကဲ ... ပြောစရာရှိတာ အမြန်ပြော၊ ဒါမှမဟုတ် လိုရင်းကိုပဲ ပြောစမ်း၊ ငါ ဟိုအဘိုးကြီးကို အပြတ်အသတ် ပြန်သွားနှိမ်ရဦးမှာ" ဟု လင်းထျန်းက ရှုံးသွားသည့်အတွက် မကျေမနပ် ဖြစ်နေဆဲ အမူအရာဖြင့် ခပ်စောစော ပြောလိုက်၏။
"အဘိုးလင်း စိတ်မဆိုးပါနဲ့၊ မကြာခင်မှာ အဘိုး ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူနိုင်မှာပါ" ဟု ချင်ယွမ်ဖုန်းက မြှောက်ပင့်ပြောဆိုလိုက်ရာ လင်းထျန်း၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။
"ကျွန်တော် ဒီကို လာတာက သန့်စင်ခြင်းဆေးလုံး ကိစ္စအတွက်ပါ"
လင်းထျန်းက လက်ကို ခါယမ်းလိုက်ရင်း "ငါ ရှာမတွေ့ဘူး၊ အဲဒီ ဆေးဖက်ဝင် ပစ္စည်းတွေက အရမ်းကို အဖိုးတန်လွန်းတယ်၊ လွန်ခဲ့တဲ့ အချိန်တုန်းက ရှေးဟောင်းတောအုပ်ထဲမှာ မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင် ပေါ်လာတယ်လို့ ကြားမိပေမဲ့ အမှန်လား အမှားလားတော့ ငါ မသိဘူး" ဟု ပြောလေသည်။
"ဒါက အမှန်ပါပဲ" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် "အဲဒါကို ကျွန်တော် ရခဲ့ပါတယ်" ဟု ဆိုလိုက်၏။
လင်းထျန်း၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး "မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ဆိုတာ တကယ့် ပစ္စည်းကောင်းပဲ၊ လူလေး ... မင်း ငါ့ကို နည်းနည်းလောက် မျှဝေပေးဖို့ မစဉ်းစားဘူးလား"
ချင်ယွမ်ဖုန်းက မျက်လုံးပြူးကာ "ကျွန်တော် ပြောပြီးပြီလေ အဘိုးလင်း၊ ဒါက ကျွန်တော့်အသက်ကို ကယ်ဖို့အတွက်ပါ၊ အဘိုးက ဒါကိုတောင် ကျွန်တော့်ဆီကနေ လုယူချင်နေတာလား"
"အဲဒါလည်း ဟုတ်တာပဲ" လင်းထျန်းက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်လည်း မင်း ဆေးဖက်ဝင်ပစ္စည်းတွေ အကုန်မစုမိရင် အဲဒါကို ငါ့ကိုပဲ ပေးလိုက်ပါ၊ မင်းအတွက်လည်း သုံးစားရမှာ မဟုတ်တော့ဘူးလေ" ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းမှာ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားရတော့သည်။
"အဘိုးလင်းကတော့ တကယ့်ကို ပါးနပ်လွန်းတာပဲ"
လင်းထျန်းက ပြုံးလျက် ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ "အဓိက ဆေးဖက်ဝင်ပစ္စည်းတွေကို ငါ ရှာမတွေ့ပေမဲ့ နောက်ထပ် ပစ္စည်းတစ်ခုကတော့ ဒီနေ့ ချန်ဟုန်း ကုန်သည်ကြီးများအသင်းရဲ့ လေလံပွဲမှာ ပေါ်လာလိမ့်မယ်လို့ သတင်းကြားထားတယ်" ဟု ပြောသည်။
ချင်ယွမ်ဖုန်းက မတတ်သာသည့် အမူအရာဖြင့် ခေါင်းခါရင်း "အဲဒါကြောင့်ပဲ ကျွန်တော် လာခဲ့တာပါ" ဟု ဆို၏။
"ကောင်းပြီလေ၊ တခြား သတင်းအချက်အလက်တော့ ငါ ရှာမတွေ့တော့ဘူး" ဟု လင်းထျန်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်ပြီး "ဒါပေမဲ့ အဓိက ဆေးဖက်ဝင်ပစ္စည်းတွေ မဟုတ်တဲ့ တခြားပစ္စည်းတွေကိုတော့ ငါ ရှာပေးလို့ရပါသေးတယ်၊ အလွန်ဆုံး တစ်လအတွင်းမှာတော့ တစ်စုံစာရအောင် ငါ စုပေးနိုင်ပါတယ်" ဟု ကတိပေးသည်။
"ဒါဆိုရင်တော့ အဘိုးလင်းကို ကျေးဇူးအများကြီး တင်ပါတယ်" ချင်ယွမ်ဖုန်းက လက်အုပ်ချီ၍ အလေးပြုလိုက်ပြီး သူ၏ သိုလှောင်အိတ်အတွင်းမှ သန့်စင်သော နတ်ရေစင် တစ်ပုလင်းကို ထုတ်ကာ လင်းထျန်းအား ပေးလိုက်၏။
"ဒါကတော့ အဘိုးအတွက် ကျွန်တော့်ရဲ့ ဂါရဝပြု လက်ဆောင်ပါ"
"လူလေး ... မင်းကတော့ အကဲခတ် တော်တာပဲ"
လင်းထျန်းက ပြုံးလိုက်သော်လည်း ထို့နောက်တွင် ချင်ယွမ်ဖုန်းအား လူလည်ကျသည့် အပြုံးဖြင့် ကြည့်ကာ "အငယ်လေး ... ငါ ဒီနတ်ရေစင်ကို အသေအချာ သုတေသန လုပ်ထားတာ၊ ပြောစမ်းပါဦး ... မင်း ဒါကို ရေရောထားတာ မဟုတ်လား" ဟု မေးလိုက်သည်။
"အဘိုးက ဒါကိုတောင် သိတာလား" ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားရ၏။
လင်းထျန်းက နက်နဲသော အပြုံးဖြင့် "ဒါပေါ့ ... ၊ မင်း ငါ့ကို ရေမရောထားတဲ့ အစစ်အမှန် တစ်ပုလင်း ပေးနိုင်တဲ့နေ့ကျရင် မင်းအတွက် ငါ ဘာမဆို လုပ်ပေးမယ်" ဟု ဆိုသည်။
"ဒါကတော့ နောက်မှပဲ ဆွေးနွေးကြတာပေါ့" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်မိသည်။ လက်ရှိတွင် သူ၏ ထံ၌ သဘာဝ နတ်စမ်းရေ အများအပြား မကျန်တော့ချေ၊
အကယ်၍ စနစ်အတွင်း၌ လဲလှယ်မည်ဆိုလျှင်လည်း တစ်ပုလင်းကို ယုံကြည်မှုတန်ဖိုး တစ်သန်းအထိ ပေးရမည် ဖြစ်သည်။
"ကောင်းပြီလေ၊ တခြားကိစ္စ မရှိတော့ရင် ငါ ဟိုလူကြီးကို အပြတ်အသတ် သွားနိုင်ရဦးမယ်" ဟု လင်းထျန်းက တည်ကြည်သောအမူအရာဖြင့် ပြောဆိုလေသည်။
"အဘိုး ... စိတ်ကြိုက်သာ လုပ်ပါ" ချင်ယွမ်ဖုန်းသည် ခါးသက်သက် ပြုံးလိုက်ရင်း ဆေးဖော်စပ်သူများအသင်းမှ လှည့်ထွက်လာခဲ့တော့သည်။
အပေါက်ဝတွင် စောင့်ဆိုင်းနေကြသော ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ညီအစ်မ နှစ်ဦးမှာ ချင်ယွမ်ဖုန်း ထွက်လာသည်ကို မြင်သောအခါ အမြန်ပင် ခရီးဦးကြိုပြုကြ၏။
"ဖုန်းအစ်ကို ... ဘယ်လိုလဲ၊ အဆင်ပြေခဲ့ရဲ့လား" ဟု ချန်ဒါချောင်က မေးမြန်းသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါပြကာ "ထူးခြားတဲ့ သတင်းအချက်အလက်တော့ မရခဲ့ပါဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့ဦး၊ အခွင့်အရေး ရှိပါသေးတယ်" ဟု ဆိုသည်။
၎င်းတို့ သုံးဦးသည် ဆေးဖော်စပ်သူများအသင်းမှ ထွက်ခွာလာပြီးနောက် ပေါင်အန်းဆေးခန်းမသို့ သွားရောက်ကာ ဝမ်ရှူးကျူးနှင့် တွေ့ဆုံခဲ့သော်လည်း ရလဒ်မှာ အနုတ်သဘောဆောင်နေဆဲ ဖြစ်ရာ ချင်ယွမ်ဖုန်းမှာ စိတ်မသက်မသာ ဖြစ်သွားရလေသည်။
အမှန်စင်စစ် သူ၏ ကိုယ်တွင်းမှ ကောင်းကင်ဘုံသုဉ်း ‘ ဂူ ’ ကို ဖယ်ရှားနိုင်ရန်အတွက် ဆေးဖက်ဝင်ပစ္စည်းများ အားလုံးကို ရှာဖွေတွေ့ရှိရန်မှာ အလွန်ပင် အရေးကြီးလှပေသည်။
ဝမ်ယွန်းမှာ ချင်ယွမ်ဖုန်းအပေါ် လူမိုက်တစ်ယောက်ကဲ့သို့ ဆက်ဆံနေဆဲ ဖြစ်သော်လည်း ထင်မှတ်မထားဘဲ ချန်ဒါချောင်၊ ချန်ရှောင်ချောင်တို့နှင့်မူ အလွန်ပင် တည့်အောင် ပေါင်းသင်းနိုင်လေသည်။
၎င်းတို့မှာ အသက်အရွယ်ချင်းလည်း တူညီကြပြီး ထူးထူးခြားခြား လှပကြသူများ ဖြစ်ကြသဖြင့် လမ်းမပေါ်တွင် အတူတူ ရပ်နေကြသောအခါ မြင်ရသူအပေါင်းကို မှင်သက်စေလောက်သည့် အလှတရားတစ်ခုအဖြစ် တည်ရှိနေကြတော့သည်။
"အဘိုးလည်း အင်အားချိနဲ့သူတစ်ယောက်မို့ ဘာမှ မတတ်နိုင်ဘူးကွယ်၊ ဒီဆေးဖက်ဝင်ပစ္စည်းတွေက တကယ့်ကို အဖိုးတန်လွန်းလို့ ဘာသတင်းအစအနမှကို ရှာမတွေ့တာပါ" ဟု ဝမ်ရှူးကျူးက ရှက်ရွံ့သော အမူအရာဖြင့် ပြောဆိုသည်။
ချင်ယွမ်ဖုန်းက လက်ကို အမြန်ခါယမ်းလိုက်ပြီး "အဘိုးဝမ် ... မနောက်ပါနဲ့၊ အဘိုး ကျွန်တော့်ကို အခုလို ကူညီပေးတာကိုပဲ ကျွန်တော် အများကြီး ကျေးဇူးတင်လှပါပြီ" ဟု ပြန်လည် ပြောကြားလိုက်လေတော့သည်။
အခန်း ၂၀၈ - ကိုယ်လုပ်တော်
“ငါလည်း အိုပါပြီကွာ” ဝမ်ရှူးကျူးက တဟားဟားရယ်မောရင်း ပြောလိုက်သည်။ “ဒါပေမဲ့ အချိန်တွေ ရှိပါသေးတယ်၊ မင်း သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့ဦး”
“ကျွန်တော် နားလည်ပါပြီ” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ “ဒါဆိုရင် ကျွန်တော် အဘိုးဝမ်ကို အနှောင့်အယှက် မပေးတော့ပါဘူး။ ချန်ဟုန်း ကုန်သည်ကြီးများအသင်းဘက်ကို တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်”
ဝမ်ရှူးကျူးက ခေါင်းညိတ်ပြလိုက်ရာ ချင်ယွမ်ဖုန်းသည် ပေါင်အန်းဆေးခန်းမထဲမှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ချေသည်။
ထိုအချိန်တွင် ဒါချောင်၊ ရှောင်ချောင်နှင့် ဝမ်ယွန်းတို့သည် လမ်းဘေးတွင် ရပ်ကာ စကားစမြည် ပြောဆိုနေကြပြီး ဝမ်ချိုင်မှာမူ ခပ်ကြီးကြီး သာမန်ခွေးတစ်ကောင်ကဲ့သို့ ထိုနေရာတွင် ဝပ်နေလေသည်။
သို့သော်လည်း အခြေအနေအရပ်ရပ်ကို သတိမမူမိဘဲ လူအချို့မှာ သူတို့အနားသို့ လျှောက်လှမ်းလာကြ၏။
“အို... မိန်းကလေး သုံးယောက်စလုံးက တစ်တိုင်းပြည်လုံးမှာ ရှာမှရှားတဲ့ အလှပိုင်ရှင်လေးတွေပါလား။ ငါနဲ့အတူ လိုက်ခဲ့ပြီး ချမ်းချမ်းသာသာနဲ့ ဇိမ်ခံမနေချင်ကြဘူးလား”
ရောက်ရှိလာသူက ကာမရာဂစိတ်များဖြင့် ရယ်မောကာ ဒါချောင် အပါအဝင် အမျိုးသမီး သုံးဦးစလုံးကို ရမ္မက်ဇောများဖြင့် ကြည့်ရှုနေတော့သည်။
ဝမ်ယွန်းက ချက်ချင်းပင် ဒါချောင်နှင့် ရှောင်ချောင်တို့၏ ရှေ့တွင် ကာကွယ်ရပ်တည်လိုက်ပြီး “ဝမ်ချုံ... နင် ဘာလုပ်ချင်နေတာလဲ” ဟု မေးလိုက်သည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ဝမ်တာ ကုန်သည်ကြီးများအသင်းမှ ဝမ်ချုံ သခင်လေးပင်။ တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် သူသည် အလှအပများ ရှာဖွေရန် တစ်ဖန် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဘာလုပ်ရမှာလဲ” ဝမ်ချုံက ပြုံးလျက် “ဝမ်ယွန်း... မင်း ဒီလိုနေရာမှာ နေနေတာ နှမြောဖို့ကောင်းလိုက်တာ။ ငါနဲ့အတူ လိုက်ခဲ့ပြီး သက်သောင့်သက်သာ နေရတာက ပိုမကောင်းဘူးလား”
“ဟင်း... နင်လိုလူက ဆားမြက်ပင်နဲ့ ဘာများ ထူးခြားလို့လဲ” ဝမ်ယွန်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ ဝမ်ချုံသည် သူမကို တစ်ကြိမ်မက နှောင့်ယှက်ဖူးပုံရ၏။
ဝမ်ယွန်းမှာ သဘာဝအတိုင်း လှပသူဖြစ်ရာ ထိုသို့ဖြစ်သည်မှာ မဆန်းပေ။ သူမ၏ အဘိုးဖြစ်သူ ဝမ်ရှူးကျူးသည် နန်ဝူးမြို့တွင် အရှိန်အဝါ ကြီးမားသူ မဟုတ်ပါက ဝမ်ချုံမှာ အတင်းအဓမ္မ နည်းလမ်းများကို အသုံးပြုခဲ့သည်မှာ ကြာပြီ ဖြစ်တန်ရာသည်။
“ငါနဲ့ ဆားမြက်ပင်နဲ့က ကွာခြားချက်ကြီးမားလွန်းပါတယ်။ ငါက ဝမ်တာ ကုန်သည်ကြီးများအသင်းရဲ့ သခင်လေးလေ၊ ငါ့မှာ သုံးလို့မကုန်နိုင်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်” ဝမ်ချုံက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“အဲဒါတွေက နင့်အဖေရဲ့ ဝိညာဉ်ကျောက်တုံးတွေလေ။ နင်နဲ့ ဘာဆိုင်လို့လဲ။ နင်ကတော့ ဗိုက်ထဲက ထွက်လာကတည်းက ကံကောင်းလို့ သက်သောင့်သက်သာ နေရတာပဲ ရှိတာ” ဝမ်ယွန်းက ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်၏။
ဝမ်ချုံမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ဝမ်ယွန်းကို စူးစိုက်ကြည့်လိုက်သည်။ “ငါပြောလိုက်မယ်၊ အကောင်းပြောတုန်း နားထောင်စမ်း။ နင့်အဘိုးမှာ ဘယ်လောက်ပဲ အရှိန်အဝါ ရှိရှိ ငါ့ကိုတော့ တားနိုင်မှာ မဟုတ်ဘူး”
“ဒါနဲ့ ဒီမိန်းကလေး နှစ်ယောက်သာ ငါနဲ့ လိုက်ခဲ့မယ်ဆိုရင် ပိုတောင် ကောင်းသေးတယ်။ ငါတို့ အတူတူ ပျော်ပျော်ပါးပါး နေကြတာပေါ့” ဝမ်ချုံက ရမ္မက်ဇောဖြင့် တဟားဟား ရယ်မောလိုက်လေသည်။
ထိုစဉ် ချင်ယွမ်ဖုန်းက ဖြည်းညှင်းစွာ လျှောက်လာပြီး ဝမ်ချုံကို အေးစက်စက် ကြည့်လိုက်သည်။
“ဝမ်သခင်လေး... မင်းကတော့ တော်တော်လေး စိတ်အားထက်သန်နေပုံပဲနော်” ချင်ယွမ်ဖုန်းက လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။
“ဘယ်က အမှိုက်ကောင်က ငါ့ကိစ္စကို ဝင်ပါနေတာလဲ” ဝမ်ချုံက မထီမဲ့မြင် ပြုလျက် ခေါင်းမော့ကာ ချင်ယွမ်ဖုန်းကို ကြည့်လိုက်သည်။
သူ့အကြည့်မှာ မထီမဲ့မြင်ပြုရာမှ အံ့အားသင့်မှုသို့၊ ထိုမှတစ်ဆင့် ကြောက်ရွံ့တုန်လှုပ်မှုသို့ တစ်စက္ကန့်အတွင်း ပြောင်းလဲသွားချေသည်။
“ချင်... ချင်... ချင်ယွမ်ဖုန်း” ဝမ်ချုံက ထိတ်လန့်တကြား အာမေဍိတ်သံ ထွက်သွားသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “ဝမ်သခင်လေးက ကျွန်တော့်ကို မှတ်မိသေးတယ်ဆိုတော့ ရှားရှားပါးပါးပဲ။ ဒါပေမဲ့ မင်းရဲ့ အကျင့်ဟောင်းတွေက တစ်ဖန် ပြန်ပေါ်လာပြန်ပြီနဲ့ တူတယ်”
ဝမ်ချုံ၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း ရင်ဘတ်ကို မကောက်ကောက်အောင် မြှင့်လျက် “ချင်ယွမ်ဖုန်း... ဒီတစ်ခါတော့ ငါ မင်းကို လာဆွတာ မဟုတ်ဘူးနော်” ဟု ပြန်ပြောလိုက်သည်။
“ငါ့ကို လာမဆွဘူး ဟုတ်လား” ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒီမိန်းကလေး နှစ်ယောက်က ငါ့ရဲ့ ညီမလေးတွေပဲ၊ ဝမ်ယွန်းကတော့ ငါ့ရဲ့ ကိုယ်လုပ်တော်ပေါ့။ အဲဒါကို မင်း ဘာပြောချင်သေးလဲ”
“ကိုယ်လုပ်တော် ဟုတ်လား” ဝမ်ချုံက ဝမ်ယွန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ “အို... အံ့ဩစရာပါပဲ၊ မင်း ဘာလို့ ငါ့ကို လက်မခံတာလဲလို့ စဉ်းစားနေတာ။ တကယ်တော့ လူတစ်ယောက်က အရင်ဦးသွားတာကိုး”
“ချင်ယွမ်ဖုန်း... နင် ဘာတွေ လျှောက်ပြောနေတာလဲ” ဝမ်ယွန်း၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားကာ ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။
ချင်ယွမ်ဖုန်းက ချက်ချင်းပင် တောင်းပန်သည့် အပြုံးဖြင့် “စတာပါ... စတာပါ” ဟု ချော့မော့လိုက်ရ၏။
“ဟင်း” ဝမ်ယွန်းသည် ဒေါသတကြီးဖြင့် ပေါင်အန်းဆေးခန်းမထဲသို့ ပြန်ဝင်ပြေးသွားချေသည်။
ချင်ယွမ်ဖုန်းမှာ နှာခေါင်းကို ပွတ်သပ်ရင်း အနေရခက်သလို ခံစားလိုက်ရသည်။ သူ စောစောက ပြောလိုက်သည်မှာ တကယ်ပင် မသင့်တော်လှပေ။
“ကဲ... ဝမ်သခင်လေး၊ ဝမ်ယွန်းကိုတော့ မေ့လိုက်ပါတော့။ အဲဒီအစား ငါပဲ မင်းနဲ့ အဖော်လုပ်ပေးရမလား” ချင်ယွမ်ဖုန်းက အေးစက်စက် ပြောလိုက်သည်။
ဝမ်ချုံ၏ မျက်နှာမှာ ရွံရှာမှုများဖြင့် ပြည့်နှက်သွားသည်။ “ကောင်းပြီ... ငါ နားလည်သွားပြီ ချင်ယွမ်ဖုန်း။ ဒါကိုတော့ ငါ မှတ်ထားလိုက်မယ်”
“မင်းကို ငါ စောင့်နေမှာပါ ဝမ်သခင်လေး။ ဒါပေမဲ့ မင်းရဲ့ ပစ္စည်းတွေက ငါ့ဆီမှာ ရှိနေသေးတယ်ဆိုတာကိုတော့ မမေ့နဲ့ဦး” ချင်ယွမ်ဖုန်းက ရယ်မောလိုက်သည်။
ဝမ်ချုံမှာ သွေးအန်မတတ် ခံစားရကာ လှည့်ထွက်သွားတော့သည်။
ဒါချောင်နှင့် ရှောင်ချောင်တို့မှာ ဝမ်ချုံနှင့် ချင်ယွမ်ဖုန်းတို့ကြားမှ ရန်ငြိုးအကြောင်းကို အလွန်သိချင်နေကြသဖြင့် ချင်ယွမ်ဖုန်းက ဝမ်ချုံအား ကျွန်အဖြစ် ရောင်းချကြောင်း စာချုပ်ကို အတင်းအဓမ္မ ရေးခိုင်းခဲ့သည့်အကြောင်းကို ပြောပြလိုက်လေသည်။
သူတို့နှစ်ဦးစလုံးက တဟားဟား ရယ်မောကြပြီး “ဒါဆို ဒီဝမ်ချုံက ဖုန်းအစ်ကို့ဆီမှာ ကျွန်အဖြစ် ရောင်းစားခံထားရတာပေါ့” ဟု ဆိုကြ၏။
“ဟားဟား... သူ့ထိုက်နဲ့သူ့ကံပါပဲ။ ဒီကျွန်စာချုပ်ရှိနေမှ သူ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း နေတတ်မှာ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် ချင်ယွမ်ဖုန်းသည် ပေါင်အန်းဆေးခန်းမသို့ ပြန်သွားကာ ဝမ်ယွန်းကို စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုက်ပြီး သူမ၏ ခွင့်လွှတ်မှုကို ရရှိပြီးမှ ထွက်ခွာခဲ့သည်။
ဝမ်ယွန်းမှာ အလွန်အံ့အားသင့်သွားမိသည်။ ချင်ယွမ်ဖုန်းက သူမကို တောင်းပန်လိမ့်မည်ဟု မထင်ထားခဲ့ဘဲ ချင်ယွမ်ဖုန်းအပေါ် ထားရှိသည့် သူမ၏ ခံစားချက်များမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ချေသည်။
ချင်ယွမ်ဖုန်းသည် ဒါချောင်နှင့် ရှောင်ချောင်တို့ကို ခေါ်ဆောင်ကာ ချန်ဟုန်း ကုန်သည်ကြီးများအသင်းသို့ သွားခဲ့သည်။ သို့သော် ထိုနေရာသို့ မရောက်မီ ချင်ယွမ်ဖုန်းသည် သူ၏ အဝတ်အစားကို ဝတ်ရုံနက် တစ်ထည်အဖြစ် ပြောင်းလဲဝတ်ဆင်လိုက်သည်။
ထို့အပြင်ဒါချောင်နှင့် ရှောင်ချောင်တို့ကိုလည်း သူတို့၏ ရုပ်ရည်ကို ဖုံးကွယ်ထားနိုင်သည့် ဝတ်စုံများ ဝတ်ဆင်ပေးလိုက်၏။
၎င်းအပြင် သူသည် ကမ္ဘာမြေခြင်ဆီအရည် တစ်ပုလင်းကို ထုတ်ယူကာ ပုံမှန်အတိုင်း ရောနှောကျိုချက်ပြီး ကျောက်စိမ်းပုလင်းငယ် တစ်ရာထဲသို့ ခွဲထည့်လိုက်သည်။
ယခုအခါ ဤကမ္ဘာမြေခြင်ဆီအရည်များမှာ အာနိသင် လျော့နည်းသွားပြီ ဖြစ်သော်လည်း ကုသနိုင်စွမ်းမှာမူ သိသိသာသာ ကောင်းမွန်နေဆဲပင် ဖြစ်သည်။
ကမ္ဘာမြေခြင်ဆီအရည်မှသာ ပေါက်ဖွားသည့် မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်သည်ပင် အဆင့်ရှတမ ဝိညာဉ်ပင်အဆင့်သို့ ရောက်ရှိနိုင်ပြီး ကျင့်စဉ်ဖောက်ပြန်ကာ ကျင့်စဉ်များ ဆုံးရှုံးသွားသူကိုပင် ကျင့်စဉ်များ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်သည်။
ထို့ကြောင့် ကမ္ဘာမြေခြင်ဆီအရည်၏ စွမ်းအားမှာ အထူးပြောနေရန်ပင် မလိုတော့ပေ။
သို့သော်လည်း အာနိသင် လျော့နည်းထားသည့် ပုံစံသစ်မှာ ပညာသင်နယ်ပယ်နှင့် သိုင်းပညာရှင် နယ်ပယ်တို့အတွက်သာ အကျိုးသက်ရောက်မှု ရှိနိုင်ပြီး ပိုမိုမြင့်မားသည့် နယ်ပယ်များအတွက်မူ အာနိသင်မှာ များစွာ လျော့နည်းသွားမည် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ယုံကြည်မှုအပြည့်ဖြင့် ဒါဒါချောင်နှင့် ရှောင်ချောင်တို့ကို ဦးဆောင်ကာ ချန်ဟုန်း ကုန်သည်ကြီးများအသင်းသို့ လျှောက်လှမ်းလာခဲ့သည်။
ယနေ့မှာ လေလံပွဲနေ့ ဖြစ်သောကြောင့် အပြင်ဘက်တွင် လူအနည်းငယ်သာ ရှိတော့သည်။
ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှ အရောင်းဝန်ထမ်း အမျိုးသမီးငယ် ရှောင်ယားမှာ ဧည့်သည်များကို ကြိုဆိုရန် ရပ်နေလေသည်။
ချင်ယွမ်ဖုန်း ရောက်ရှိလာသည်ကို တွေ့သောအခါ သူမသည် ချက်ချင်းပင် ခရီးဦးကြို ပြုလိုက်၏။
သူမသည် ချင်ယွမ်ဖုန်းကို ကောင်းစွာ မှတ်မိနေပြီး သူသည် အနက်ရောင်ကတ်ပိုင်ရှင် အထူးဧည့်သည်တော် တစ်ဦးဖြစ်ကြောင်း သိထားသည်။
“မင်္ဂလာပါရှင်... ခဏလောက် စောင့်ပေးပါဦး။ ကျွန်မ သွားပြီး တာဝန်ခံကို ခေါ်ပေးပါ့မယ်” ဟု ရှောင်ယားက လောလောလောလော ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး “မလိုပါဘူး။ ကျွန်တော့်ကို သီးသန့်ခန်းတစ်ခုဆီပဲ ခေါ်သွားပေးပါ။ ကျွန်တော် လေလံပွဲကို ပါဝင်ဆင်နွှဲချင်လို့ပါ” ဟု ပြောလိုက်၏။
ရှောင်ယားက ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်းကို လေလံရုံအတွင်းရှိ သီးသန့်ခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီးနောက် ဖြည်းညှင်းစွာ ဆုတ်ခွာသွားခဲ့ချေသည်။
ယနေ့ လေလံပွဲတွင် ငွေရောင်သစ်ခွပန်း ဟု အမည်ရသည့် ဝိညာဉ်ပင် တစ်ပင် ပါဝင်မည်ကို ချင်ယွမ်ဖုန်း သိထားသည်။
၎င်းမှာ အဆင့်ခြောက် ဝိညာဉ်ပင် အမျိုးအစား ဖြစ်ပြီး ပေါင်းစပ်နိုင်စွမ်း အလွန်မြင့်မားကာ သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။
ထိုအချိန်တွင် လေလံပွဲမှာ စတင်နေပြီ ဖြစ်သည်။ လင်ဇီအာသည် စင်မြင့်ပေါ်တွင် ကျော့ရှင်းစွာ ရပ်နေဆဲဖြစ်ပြီး သူမ၏ လက်ထဲရှိ ပစ္စည်းများကို လေလံတင် ရောင်းချနေသည်။
“ကဲ... မင်းတို့နှစ်ယောက် ဒီမှာ ခဏစောင့်နေကြ။ ငါ သန့်စင်သော နတ်ရေစင် သွားရောင်းလိုက်ဦးမယ်။ ငါ့မှာ ဝိညာဉ်ကျောက်တုံး သိပ်မကျန်တော့ဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“နားလည်ပါပြီ ဖုန်းအစ်ကို” ဟု ဒါဒါချောင်က ပြန်လည်ဖြေကြားသည်။
ချင်ယွမ်ဖုန်းသည် သီးသန့်ခန်းထဲမှ ထွက်ခွာကာ စင်္ကြံရှည်ကြီး တစ်လျှောက် လျှောက်လှမ်းလာခဲ့ပြီး လေလံပွဲ၏ နောက်ကွယ်ရှိ အကဲဖြတ် ပညာရှင် အဘိုးချန် ရှိရာသို့ ရောက်ရှိလာခဲ့သည်။
“မိတ်ဆွေ... ကျွန်တော်တို့ ထပ်ဆုံကြပြန်ပြီနော်” အဘိုးချန်သည် ချင်ယွမ်ဖုန်းကို မြင်တွေ့ရသောအခါ အံ့အားသင့်သွားသော်လည်း ဤလေလံပွဲတွင် ချင်ယွမ်ဖုန်း လိုအပ်သည့်အရာ တစ်ခုခု ရှိနေကြောင်းကို ချက်ချင်းပင် ရိပ်မိလိုက်သည်။
“မှန်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် ဒီပစ္စည်းတွေကို လေလံတင်ချင်လို့ပါ”
ချင်ယွမ်ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ သန့်စင်သော နတ်ရေစင် ပုလင်းပေါင်း တစ်ရာမှာ စင်ပေါ်သို့ ရောက်ရှိသွားသဖြင့် အဘိုးချန်၏ အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်သွားတော့သည်။
“မိတ်ဆွေ... စိတ်ချပါ။ ပုလင်းငါးဆယ်ကို လေလံတင်ပေးပါ့မယ်၊ ကျန်တဲ့ ပုလင်းငါးဆယ်ကိုတော့ ကျွန်တော်တို့ ချန်ဟုန်း ကုန်သည်ကြီးများအသင်းကနေ အမြင့်ဆုံး လေလံဈေးနဲ့ပဲ ဝယ်ယူပါ့မယ်” ဟု အဘိုးချန်က ပြောကြားလိုက်လေသည်။