← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 12 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 12 Ch. 211-212

အခန်း (၂၁၁)တိုက်ပွဲစတင်ခြင်း

“ဂိုဏ်းချုပ်၊ ကျွန်တော် ဘာလုပ်ပေးဖို့ လိုအပ်မလဲ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ဒုန်ဖန်းရှန့်မင်က ပြုံးလိုက်ပြီး “စိတ်မလောပါနဲ့ဦး၊ လောလောဆယ် နောက်တန်းမှာပဲ ခဏသွားနားနေလိုက်ပါ၊ မင်းနာမည်ခေါ်တဲ့အခါကျမှ စင်ပေါ်တက်ရုံပါပဲ၊ ဒါနဲ့ စကားမစပ်... ဒီတစ်ခေါက် ချီးမြှင့်မယ့် ဆုလာဘ်တွေက တော်တော်လေးကို ရက်ရက်ရောရော ရှိတယ်” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းအတွက်မူ ထိုဆုလာဘ်များအပေါ်တွင် ထူးထူးခြားခြား စိတ်ဝင်စားမှု မရှိပေ။ အမှန်စင်စစ် သူ၌ ယခုအချိန်တွင် မည်သည့်ဆုလာဘ်မှ မလိုအပ်တော့ချေ။

ကျင့်ကြံခြင်းပညာရပ်များကို ကြည့်မည်ဆိုလျှင်လည်း သူ့ထံတွင် ပိုမိုကောင်းမွန်သည့် ပညာရပ်များ ရှိနေပြီးသား ဖြစ်သည်။ တိုက်ခိုက်ရေးပညာများ၌လည်း ထိုနည်းအတိုင်းပင်။

လက်နက်များအဖြစ်ဆိုလျှင်လည်း ချင်ယွမ်ဖုန်း၏ လက်ဝယ်တွင် ရတနာလက်နက်ပေါင်း ကိုးဆယ့်ကိုးခုတောင် ရှိနေသည် မဟုတ်လော။

ထို့ကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် လောဘဇောဟူသည် မရှိဘဲ ဒုန်ဖန်းရှန့်မင်၏ မျက်နှာကို ထောက်ထားသောကြောင့်သာ ဤဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးတွင် ပါဝင်ဆင်နွှဲခြင်း ဖြစ်ပေသည်။

“နားလည်ပါပြီ” ဟု ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။

ဤအချိန်တွင် ဂိုဏ်းအတွင်း၌ လူသူထူထပ်လျက် အလွန်ပင် စည်ကားသိုက်မြိုက်နေချေပြီ။

ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးကို ဆေးနတ်ဘုရားဂိုဏ်း၏ နောက်ကျောဘက်ရှိ ဝမ်တောင်တန်းနှင့် ဂိုဏ်းကြားရှိ ကျယ်ပြောလှသော ကွင်းပြင်ကြီးတွင် ကျင်းပခြင်း ဖြစ်သည်။

ဤနေရာမှာ အလွန်တရာ ကျယ်ဝန်းလှပြီး ဆေးနတ်ဘုရားဂိုဏ်းမှလည်း ပရိသတ်ပေါင်း ထောင်ချီ၍ ဝင်ဆံ့နိုင်သည့် ပြိုင်ပွဲကွင်းပြင်ကြီးအဖြစ် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

ယခုအခါ အချို့သော ဂိုဏ်းများမှာ စောစီးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဂိုဏ်းတစ်ခုချင်းစီမှ ဤဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် တပည့်ပေါင်း ဆယ်ဂဏန်းကျော် စေလွှတ်ထားကြသလို တစ်ချိန်တည်းမှာပင် ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်တို့လည်း ရောက်ရှိလာကြသည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသောင်းချီနယ်မြေကို ဖွင့်လှစ်ရန်အတွက် ဤဂိုဏ်းချုပ်များ အားလုံး စုပေါင်းအင်အားဖြင့် ဆောင်ရွက်ကြရမည် ဖြစ်သောကြောင့်ပင်။

ချင်ယွမ်ဖုန်းသည်လည်း ထိုနေရာသို့ လျှောက်လှမ်းလာခဲ့ရာ ဆေးနတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးတစ်လေမျှ မတွေ့ရသဖြင့် ဘေးဘက်တွင် ခပ်ကင်းကင်း ရပ်နေလိုက်သည်။

မွန်းတည့်ချိန်ပင် မရောက်သေးသော်လည်း ဂိုဏ်းအားလုံးမှာ သတ်မှတ်နေရာ အသီးသီးတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ချင်ယွမ်ဖုန်းအနေဖြင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်များကိုပင် လှမ်း၍ မြင်တွေ့နေရ၏။

“ဒီနေ့ဟာ ဆယ်စုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီး ဖြစ်ပါတယ်၊ ဂိုဏ်းချုပ်အားလုံး ကျွန်တော်တို့ ဆေးနတ်ဘုရားဂိုဏ်းကို ကြွရောက်ချီးမြှင့်ပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ ဒါ့အပြင် ကျွန်တော်တို့ ဆေးနတ်ဘုရားဂိုဏ်းကနေ အနိုင်ရရှိသူတွေကို ချီးမြှင့်ဖို့အတွက် ရက်ရောလှတဲ့ ဆုလာဘ်တွေကိုလည်း ပြင်ဆင်ထားပါတယ်”

“တိုက်ရိုက်သင်ကြားခွင့်ရ တပည့်တွေထဲက ပထမဆုရရှိသူဟာ ဆဋ္ဌမအဆင့် ရတနာလက်နက် တစ်ခုနဲ့ ကမ္ဘာမြေအဆင့် အလယ်အလတ် တိုက်ခိုက်ရေးပညာ တစ်စုံကို ရရှိပါမယ်”

“အတွင်းစည်းတပည့်တွေထဲက ပထမဆုရရှိသူဟာ ပဉ္စမအဆင့် ရတနာလက်နက် တစ်ခုနဲ့ ကမ္ဘာမြေအဆင့် အဆင့်နိမ့် တိုက်ခိုက်ရေးပညာ တစ်စုံကို ရရှိပါမယ်”

“အပြင်စည်းတပည့်တွေထဲက ပထမဆုရရှိသူဟာ စတုတ္ထအဆင့် ရတနာလက်နက် တစ်ခုနဲ့ လူသားအဆင့် အထက်တန်း တိုက်ခိုက်ရေးပညာ တစ်စုံကို ရရှိမှာ ဖြစ်ပါတယ်”

ဆုလာဘ်များကို ကြေညာလိုက်သည်နှင့် လူအများ၏ မျက်လုံးများမှာ အရောင်တောက်သွားကြလေသည်။ လူသားအဆင့် အထက်တန်း တိုက်ခိုက်ရေးပညာဆိုသည်မှာပင် အလွန်တရာ ရှားပါးလှသည် မဟုတ်လော။

တိုက်ရိုက်သင်ကြားခွင့်ရ တပည့်များဆိုလျှင် ကမ္ဘာမြေအဆင့် အလယ်အလတ် တိုက်ခိုက်ရေးပညာကို ရရှိဦးမည်ဖြစ်သည်။

ထို့အပြင် အပြင်စည်းတပည့်များပင်လျှင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ တန်ဖိုးရှိသည့် စတုတ္ထအဆင့် ရတနာလက်နက်ကို ရရှိနိုင်ပေရာ ဆေးနတ်ဘုရားဂိုဏ်းသည် အမှန်တကယ်ပင် ကြွယ်ဝချမ်းသာလှပေသည်။

ဤနေရာသို့ လာရောက်ကြသူ အားလုံးမှာလည်း ဆေးနတ်ဘုရားဂိုဏ်းမှ လက်ဆောင်အဖြစ် ပေးအပ်သည့် ဆေးလုံးများကို ရရှိကြသဖြင့် ဤခရီးမှာ အမှန်တကယ်ပင် တန်ဖိုးရှိလှသည်ဟု ဆိုရပေမည်။

ယှဉ်ပြိုင်ရန် စင်မြင့်စုစုပေါင်း တစ်ဆယ့်နှစ်ခုရှိပြီး တပည့်အဆင့် တစ်ခုချင်းစီအတွက် စင်မြင့်လေးခုစီတွင် တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

“ဒီပြိုင်ပွဲမှာ တပည့်အားလုံး အနေနဲ့ တစ်ဦးနဲ့တစ်ဦး ပညာစမ်းသပ်တဲ့ သဘောမျိုးနဲ့ပဲ ယှဉ်ပြိုင်ကြဖို့၊ ပြင်းထန်တဲ့ ဒဏ်ရာရတာမျိုး မဖြစ်ခင်မှာတင် ရပ်တန့်ကြဖို့နဲ့ အချင်းချင်း သဟဇာတမပျက်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ အကယ်၍ တစ်ဖက်လူကို တမင်တကာ ထိခိုက်အောင် လုပ်ဆောင်တယ်လို့ တွေ့ရှိရရင်တော့ ပြိုင်ပွဲဝင်ခွင့်ကို တိုက်ရိုက် ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုန်ဖန်းရှန့်မင်က ကောင်းကင်ယံသို့ ပျံတက်ရင်း အေးဆေးတည်ငြိမ်စွာ ပြောကြားလိုက်သည်။

အားလုံးကလည်း ဒုန်ဖန်းရှန့်မင်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြလေသည်။

“ကဲ... အခုဆိုရင် ပြိုင်ပွဲကို စတင်ပါပြီ၊ တရားမျှတမှု ရှိစေဖို့အတွက် မဲနှိုက်တဲ့ စနစ်ကိုပဲ အသုံးပြုသွားမှာပါ” ဟု ဒုန်ဖန်းရှန့်မင်က ဆိုလိုက်ရာ ဆေးနတ်ဘုရားဂိုဏ်းမှ အကြီးအကဲ သုံးဦးသည် ပြိုင်ပွဲစင်မြင့်များ၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

၎င်းတို့တစ်ဦးစီ၌ ပြိုင်ပွဲဝင် အားလုံး၏ အမည်များ ထည့်သွင်းထားသည့် သေတ္တာတစ်လုံးစီ ပါရှိသည်။ အကြီးအကဲများက အမည်နှစ်ခုကို တစ်ပြိုင်နက် နှိုက်ယူပြီး ထိုအမည်ပါသူ နှစ်ဦးမှာ ယှဉ်ပြိုင်ကြရမည် ဖြစ်ရာ အလွန်ပင် တရားမျှတမှု ရှိလှပေသည်။

“ပထမဆုံးပွဲစဉ်... ဖေးဟုန်းချိုင့်ဝှမ်းမှ ကျန်းရွှမ်းနဲ့ ကျောက်လုံတံခါးမှ ကျန့်ဟန်” ဟု ပထမဦးဆုံး ယှဉ်ပြိုင်ရမည့် အပြင်စည်းတပည့် နှစ်ဦးကို သတ်မှတ်လိုက်သည်။

အခြားသော အထဲစည်းတပည့်များနှင့် တိုက်ရိုက်သင်ကြားခွင့်ရ တပည့်များမှာလည်း ပထမဆုံး ပွဲစဉ်များအတွက် မဲနှိုက်၍ ပြိုင်ဘက်များကို သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

စုစုပေါင်း လူနှစ်ဆယ့်လေးဦးမှာ စင်မြင့်တစ်ခုလျှင် နှစ်ဦးစီဖြင့် စင်မြင့်တစ်ဆယ့်နှစ်ခုပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာကြပြီး ဂိုဏ်းပေါင်းစုံ၏ စောင့်ကြည့်မှုအောက်တွင် တိုက်ပွဲကို စတင်ကြလေသည်။

အတွင်းစည်းနှင့် အပြင်စည်းတပည့်များ၏ ပြိုင်ပွဲမှာ သူတို့၏ အခြေခံခိုင်မာမှုနှင့် အခြေအနေအလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်း အပေါ်တွင်သာ အဓိကထားကြသည်။ အဆင့်မြင့် နည်းပညာများမှာမူ များများစားစား မရှိလှပေ။

သူတို့အနေဖြင့် ကောင်းမွန်သည့် တိုက်ခိုက်ရေးပညာများကို တတ်မြောက်ထားလျှင်ပင် ထိုပညာရပ်များကို ထုတ်ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာ ကျင့်စဉ်များ လိုအပ်နေသေးသောကြောင့် ဖြစ်သည်။

သို့သော်လည်း တိုက်ရိုက်သင်ကြားခွင့်ရ တပည့်များအတွက်မူ အခြေအနေမှာ ကွာခြားလှ၏။ သူတို့၏ လှုပ်ရှားမှုများတွင် လေပြင်းနှင့် မိုးကြိုးတို့၏ အဟုန်များ ပါဝင်နေပြီး ကိုယ်ရံစွမ်းအင်များမှာလည်း ဟိုဒီပျံနှံ့နေကာ ကြည့်ရှုရသည်မှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ကံကောင်းသည်မှာ စင်မြင့်တစ်ခုချင်းစီမှာ လုံလောက်စွာ ကျယ်ဝန်းပြီး အစီအရင်များဖြင့် ကာရံထားသောကြောင့် တိုက်ပွဲ၏ အကျိုးသက်ရောက်မှုမှာ အပြင်ဘက်သို့ ထွက်ပေါ်မလာခြင်းပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် မိမိအား မည်သည့်အဆင့်တွင် သတ်မှတ်မည်နည်းဟု တွေးတောရင်း အနီးကပ် စောင့်ကြည့်နေမိသည်။

ထိုစဉ်မှာပင် အနီရင့်ရောင် ဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦးမှာ ချင်ယွမ်ဖုန်း၏ အနီးသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။ သူ၏ ဆံပင်ရှည်များကို စနစ်တကျ ချည်နှောင်ထားရာ အလွန်ပင် ခန့်ညားထည်ဝါသည့် ရုပ်ရည်ရှိပေသည်။

“ဂျူနီယာညီလေး၊ ငါ့အတွက် စားစရာ တစ်ခုခု သွားယူပေးလို့ ရမလား” ဟု ထိုသူက ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်လာကာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားပြီး မိမိ၏ ဝတ်စုံကို ပြန်ကြည့်လိုက်မိမှ အခြေအနေကို နားလည်သွားတော့သည်။

ယခုအခါ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ကြည့်ရသည်မှာ ဝေယျာဝစ္စတပည့် တစ်ဦးနှင့် အလွန်တူနေပေရာ ထိုသူက သူ့အား စားစရာ ခိုင်းခြင်းဖြစ်ပေသည်။

ထိုသူ၏ ဖုံးကွယ်ထားသော အရှိန်အဝါကို ကြည့်ရသလောက် မဟာဆရာနယ်ပယ် ပဉ္စမအဆင့်ခန့် ရှိမည်ဖြစ်ပြီး အနီရောင် ဝတ်စုံအရ သူသည် ဂိုဏ်းတစ်ခုခု၏ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

သူ၏ ဝတ်စုံ ရင်ဘတ်တွင် မီးလျှံပုံစံ ပန်းထိုးထားသော်လည်း မည်သည့်ဂိုဏ်းမှ တပည့်ဖြစ်သည်ကိုမူ တိတိကျကျ မသိရပေ။

“ရတာပေါ့ စီနီယာအစ်ကို၊ ခဏလောက် စောင့်ပေးပါဦး” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောဆိုကာ အမြန်ထွက်ခွာလာခဲ့သည်။

ဤအချိန်တွင် ဆေးနတ်ဘုရားဂိုဏ်းမှ တပည့်များမှာ လူပေါင်းထောင်ချီကို ဧည့်ခံရန်အတွက် ဟိုပြေးဒီပြေးဖြင့် အလွန်အလုပ်ရှုပ်နေကြသည်။

လက်ဖက်ရည်နှင့် ရေတို့ကို တည်ခင်းဧည့်ခံပေးရန်မှာ မရှိမဖြစ် လိုအပ်သည် မဟုတ်လော။

ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ မီးဖိုဆောင်သို့ သွားလိုက်ရာ ထိုနေရာတွင်လည်း အလွန်ပင် စည်ကားနေလေသည်။ ထိုနေရာသို့ မရောက်မီကပင် မွှေးကြိုင်လှသော ရနံ့များကို ရရှိနေသဖြင့် ချင်ယွမ်ဖုန်း၏ ဝမ်းဗိုက်မှာပင် တဂွဂွ မြည်လာတော့သည်။

သူသည် ဒီနေ့ စောစောနိုးခဲ့သော်လည်း မနက်စာ မစားရသေးဘဲ လာခဲ့ခြင်း ဖြစ်သည်။ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ညီအစ်မမှာလည်း မကြာမီ ရောက်ရှိလာပေတော့မည်။

ချင်ယွမ်ဖုန်းက သူတို့အား ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးကို လာရောက်ကြည့်ရှုရန် ဖိတ်ကြားထားရာ သူတို့အနေဖြင့် အလွန်ပင် ဝမ်းမြောက်နေကြသည်။

“ဟာ... စီနီယာအစ်ကို၊ ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ” ဟု ဝေယျာဝစ္စတပည့် တစ်ဦးက ချင်ယွမ်ဖုန်းကို မြင်သောအခါ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည်လည်း ဝေယျာဝစ္စတပည့် တစ်ဦးပင် ဖြစ်သော်လည်း ဂိုဏ်းအတွင်း၌မူ မည်သူကမျှ သူ့အား ထိုသို့ အဆင့်အတန်းမျိုးဖြင့် အမှန်တကယ် မဆက်ဆံကြတော့ချေ။

အရင်က ‘အသုံးမကျသူ’ ဟု ခေါ်ဆိုခဲ့ကြသော်လည်း ယခုအခါတွင်မူ ‘စီနီယာအစ်ကို’ ဟု ပြောင်းလဲခေါ်ဝေါ်နေကြပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းက လက်ယမ်းပြလိုက်ပြီး “ငါ့ကို ဂရုမစိုက်ပါနဲ့၊ တခြားဂိုဏ်းက စီနီယာအစ်ကို တစ်ယောက်က ဗိုက်ဆာတယ်လို့ ပြောလို့ စားစရာ လာယူတာပါ” ဟု ဆိုလေသည်။

“ကျွန်တော် လုပ်ပေးနိုင်ပါတယ်” ဟု ဝေယျာဝစ္စတပည့်က အလျင်အမြန် ပြောလိုက်သည်။ “စီနီယာအစ်ကိုက သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ရဦးမှာ ဆိုတော့ ကောင်းကောင်း အနားယူထားသင့်ပါတယ်”

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “မင်းဘာမင်း အလုပ်သွားလုပ်ပါ၊ ငါ့အတွက် စိတ်ပူနေဖို့ မလိုပါဘူး” ဟု ပြန်ပြောလိုက်သည်။

ထိုအခါမှ ဝေယျာဝစ္စတပည့်သည်လည်း မိမိအလုပ်ရှိရာသို့ အလုပ်ရှုပ်ရန် ထွက်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် မီးဖိုဆောင်အတွင်းသို့ လျှောက်လှမ်းသွားကာ ကောင်းမွန်လှသော မုန့်အချို့ကို တွေ့ရှိခဲ့သည်။ သူ အနည်းငယ် မြည်းစမ်းကြည့်ရာ အရသာမှာ တော်တော်လေး ကောင်းမွန်သဖြင့် အချို့ကို ယူလိုက်သည်။

“စီနီယာအစ်ကို၊ ဗိုက်ဆာနေပြီလား၊ ကျွန်ုပ်တို့ဆီမှာ အခုတင် ကင်ထားတဲ့ ဘဲကင် ရှိတယ်” ဟု တပည့်တစ်ဦးက ချင်ယွမ်ဖုန်း ဝင်လာသည်ကို မြင်လျှင် မြင်ချင်း အလျင်အမြန် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ဤတပည့်များ အားလုံးမှာ ဝေယျာဝစ္စတပည့်များ ဖြစ်ကြသည်။ သူတို့သည် မိမိတို့၏ ပါရမီမှာ မမြင့်မားလှသည်ကို သိကြသဖြင့် မီးဖိုဆောင်တွင် လုပ်ကိုင်ရသည်ကိုပင် ကျေနပ်နေကြခြင်း ဖြစ်သည်။

အမှန်စင်စစ် ဤနေရာမှာ အပြင်ဘက်ထက် အများကြီး ပို၍ ကောင်းမွန်လှပြီး ဂိုဏ်းကလည်း သူတို့အား လစဉ် ထောက်ပံ့ကြေးများ ပေးအပ်သေးသည် မဟုတ်လော။

ရွှေရောင်ဝင်းပပြီး ဆီဦးထွေနေသော ဘဲကင်ကို ကြည့်ရင်း ချင်ယွမ်ဖုန်းမှာ အတော်ပင် စားချင်စိတ် ပေါ်လာတော့သည်။ သူသည် ဘဲကင်တစ်ကောင်ကို တိုက်ရိုက်ယူလိုက်ပြီးနောက် မုန့်ပန်းကန်ကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

“စီနီယာအစ်ကို ချင်ယွမ်ဖုန်းက တကယ်ကို ထူးခြားတာပဲ၊ စားစရာကို ကိုယ်တိုင်တောင် လာယူတယ်၊ တချို့ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်တွေနဲ့ မတူဘူး၊ သူတို့ဆိုရင် စားစရာကို တခြားလူက လာပို့ပေးတာတောင် စောင့်နေကြတာ” ဟု ဝေယျာဝစ္စတပည့် တစ်ဦးက ပြုံး၍ ပြောဆိုလိုက်လေတော့သည်။

အခန်း (၂၁၂) စိုက်ပျိုးရေး

“ဟုတ်ပါရဲ့၊ အားလုံးသာ သူလိုမျိုးဆိုရင် ကျွန်တော်တို့လည်း ဒီလောက်ထိ ပင်ပန်းနေမှာ မဟုတ်ဘူး” ဟု အခြားတပည့်တစ်ဦးက သက်ပြင်းချရင်း ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် ကင်ထားသော ဘဲငှက်၏ ပေါင်တစ်ဖက်ကို ပြောင်စင်အောင် ကိုက်ဝါးစားသောက်ပြီးနောက် ဆေးနတ်ဘုရားဂိုဏ်း၏ နောက်ဘက်သို့ ဖြည်းညှင်းစွာ ပြန်လာခဲ့၏။

အခြားဂိုဏ်းမှ ထိုတပည့်မှာ စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေပြီး ချင်ယွမ်ဖုန်း ပြန်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားလေသည်။

“ရော့... စီနီယာအစ်ကို၊ ဒါ အစ်ကို့အတွက်” ချင်ယွမ်ဖုန်းက မုန့်များထည့်ထားသည့် ပန်းကန်ကို ထိုသူ့ထံ ကမ်းပေးလိုက်သည်။

ထိုသူမှာ အနည်းငယ် ကြောင်အသွားပြီး “မင်းကကျတော့ ဘဲကင်စားပြီး ငါ့ကိုကျ မုန့်တွေ ပေးတာလား” ဟု မေးရှာသည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ “ဘာလဲ... ပြဿနာရှိလို့လား”

“ငါက ဧည့်သည်လေဗျာ၊ ဧည့်သည်... နားလည်လား” ထိုသူက သူ၏ အနီရောင်ဝတ်စုံကို ထုတ်ကြွားသည့်အလား ရင်ဘတ်ကို တမင်မတ်လိုက်ရင်း ပြောသည်။

“နားလည်တာပေါ့၊ အခုလည်း စားစရာ ယူလာပေးတာပဲ မဟုတ်လား” ချင်ယွမ်ဖုန်းက စိတ်မရှည်သလို ပြောလိုက်ရင်း ဘဲကင်ကို နောက်တစ်ကိုက် ထပ်မံ ကိုက်လိုက်ပြန်သည်။

ထိုသူမှာ ဒေါသထွက်လုနီးပါး ဖြစ်သွားကာ “ဘယ်သူကများ ကိုယ်တိုင်ကျ ဘဲကင်စားပြီး ဧည့်သည်ကိုကျ မုန့်တွေ ကျွေးလဲ”

ချင်ယွမ်ဖုန်း ခဏမျှ စဉ်းစားလိုက်ပြီး “ကျွန်တော်က အသားစားရတာ ဝါသနာပါလို့ပါ”

ထိုသူမှာ အသက်ပင် ရှူရကျပ်သွားကာ “ငါလည်း အသားစားရတာ ဝါသနာပါတာပဲ”

ထိုသို့ပြောပြီးနောက် သူသည် ချင်ယွမ်ဖုန်းလက်ထဲမှ ဘဲကင်တစ်ဝက်ကို လုယူလိုက်လေတော့သည်။

ချင်ယွမ်ဖုန်း လန့်သွားပြီးမှ မျက်လုံးကို ကလန်ကလားလုပ်ကာ “အသားစားချင်ရင်လည်း စောစောက ပြောသားနဲ့၊ ကျွန်တော် ယူလာပေးမှာပေါ့၊ အခုတော့ ကျွန်တော့်ဟာကို လုစားပြီ”

“.. ရှီးမန်ဖုထံမှ အာဃာတတန်ဖိုး +၁၀၀ ရရှိသည်”

ချင်ယွမ်ဖုန်းက နှုတ်ခမ်းဆူလိုက်ကာ ဤလူမှာ တကယ်ပင် အလိုက်မသိတတ်သူဟု တွေးနေမိသည်။

စေတနာနှင့် စားစရာ ယူလာပေးပါလျက်နှင့် အမုန်းပွားခြင်းကို ခံလိုက်ရသည် မဟုတ်လော။

ရှီးမန်ဖုမှာမူ ယခုအချိန်တွင် ပို၍ပင် စိတ်ပျက်နေရှာသည်။

ဆေးနတ်ဘုရားဂိုဏ်းတွင် ဧည့်ဝတ်ပြုမှု လုံးဝနားမလည်သည့် ဝေယျာဝစ္စတပည့်မျိုး ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။

တကယ်တော့ ထိုအတွင်းစည်းတပည့်များမှာ လူသားတို့စားသည့် အစားအစာများကို မစားဘဲ ကျန်းမာရေးအတွက်သာ အာရုံစိုက်နေကြသူများဟု ချင်ယွမ်ဖုန်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ သူက မုန့်များကို ယူလာပေးခဲ့ခြင်းဖြစ်ပြီး မိမိနှင့် ဝါသနာတူသူကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူတို့နှစ်ဦးစလုံး မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လျက် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ဘဲကင်ကို အားပါးတရ ကိုက်ဝါးနေကြလေသည်။

ကံကောင်းထောက်မစွာဖြင့် ဘဲကင်မှာ အတော်အတန် ကြီးမားသဖြင့် နှစ်ယောက်လုံး ဗိုက်တစ်ဝက်ခန့် ပြည့်သွားကြသည်။

“ငါ့နာမည်က ရှီးမန်ဖု၊ မင်းနာမည် ဘယ်သူလဲ။ မင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဒါပေမဲ့ နှမြောဖို့ကောင်းတာက မင်းက ဝေယျာဝစ္စတပည့် တစ်ယောက် ဖြစ်နေတာပဲ”

ရှီးမန်ဖုက လက်ထဲမှ အရိုးကို လွှင့်ပစ်လိုက်ရင်း မေးလေသည်။

“ချင်ယွမ်ဖုန်းပါ” ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ပြန်ပြောလိုက်ပြီး အတွင်းစည်းတပည့်များဘက်မှ တိုက်ပွဲကို အကဲခတ်နေသည်။

ပထမအကျော့တွင် ပါဝင်နေသည့် အတွင်းစည်းတပည့်များထဲ၌ ချင်ယွမ်ဖုန်းနှင့် ရင်းနှီးသူတစ်ဦး ပါဝင်နေ၏။ ထိုသူမှာ ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲတွင် ချင်ယွမ်ဖုန်းကို အနိုင်ယူမည်ဟု ကြုံးဝါးခဲ့သည့် ချောင်ချန်းဟု ဖြစ်သည်။

သို့သော်လည်း နောက်ဆုံးတွေ့ခဲ့သည့် အချိန်ကကဲ့သို့ပင် ချောင်ချန်းဟုမှာ တိုးတက်မှု မရှိသေးဘဲ ဒုတိယအဆင့် မဟာဆရာနယ်ပယ်တွင်သာ ရှိနေဆဲ ဖြစ်သည်။

“ချင်ယွမ်ဖုန်း... ကောင်းပြီ၊ ငါ မင်းကို မှတ်ထားလိုက်မယ်။ ငါ့ရဲ့ မီးလျှံချိုင့်ဝှမ်းကို ဘာလို့ လာမဆက်သွယ်တာလဲ။ အနည်းဆုံးတော့ တရားဝင်တပည့် တစ်ယောက် ဖြစ်စေရမယ်လို့ ငါ အာမခံတယ်၊ ဘယ်လိုလဲ” ရှီးမန်ဖုက ပြုံးရင်း မေးသည်။

ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်သွား၏။ ရှီးမန်ဖုသည် အာဃာတဖြစ်ရာမှ မိမိကို စည်းရုံးသည့်အဆင့်သို့ မည်ကဲ့သို့ ရောက်ရှိသွားသည်ကို သူ နားမလည်နိုင်သော်လည်း တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

“မလာပါဘူး”

ရှီးမန်ဖုမှာလည်း အမှန်တကယ်ပင် အများကြီး တွေးနေခြင်း မဟုတ်ဘဲ ချင်ယွမ်ဖုန်းကို စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းသူဟု ထင်မှတ်၍သာ ဖြစ်သည်။

“နှမြောစရာပဲ၊ မင်း ဒီမှာ ဝေယျာဝစ္စတပည့် လုပ်ပြီး ဘာလုပ်နေတာလဲ” ရှီးမန်ဖုက မတတ်နိုင်သလို ပြောလိုက်သည်။

ချင်ယွမ်ဖုန်း ဘာမှ ပြန်မပြောဘဲ ကွင်းထဲမှ တိုက်ပွဲများကိုသာ ကြည့်နေမိသည်။

သူ၏ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးရန် ထိုက်တန်သည့် ပြိုင်ဘက်မျိုး မတွေ့ရသေးပေ။

နာရီဝက်ခန့် ကြာပြီးနောက် ပထမအကျော့ တိုက်ပွဲများအားလုံး ပြီးဆုံးသွားသည်။

အနိုင်ရသူများ နောက်တစ်ဆင့်တက်ပြီး ရှုံးနိမ့်သူများမှာ တိုက်ရိုက်ပင် ပြုတ်သွားကြသည်။

နားချိန်မရှိဘဲ အကြီးအကဲများက ဒုတိယအကျော့အတွက် အမည်စာရင်းများကို ချက်ချင်းပင် စတင်နှိုက်လေတော့သည်။

“မီးလျှံချိုင့်ဝှမ်းမှ ရှီးမန်ဖု နှင့် ဖေးဟုန်းချိုင့်ဝှမ်းမှ ကွမ်ဆော့”

“ဆေးနတ်ဘုရားဂိုဏ်းမှ ဝေယျာဝစ္စတပည့် ချင်ယွမ်ဖုန်း နှင့် ချန်းဟိုင်ဂိုဏ်းမှ အတွင်းစည်းတပည့် ဟဲအန်း”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် အခြားဂိုဏ်းမှ လူများမှာ ကြောင်အသွားကြပြီးနောက် ဟားတိုက်ရယ်မောကြလေတော့သည်။

“ဘာလဲ... ဆေးနတ်ဘုရားဂိုဏ်းမှာ လူကုန်သွားပြီလား။ ဝေယျာဝစ္စတပည့် တစ်ယောက်ကိုတောင် လူစာရင်းဖြည့်ဖို့ လွှတ်လိုက်ရတယ်ပေါ့”

“ဝေယျာဝစ္စတပည့်က အတွင်းစည်းတပည့်ကို ယှဉ်တိုက်မလို့လား၊ ဒါ သေတွင်းထဲ ဆင်းတာပဲ မဟုတ်လား”

ဝေယျာဝစ္စတပည့်ဆိုသည်မှာ ပါရမီ နိမ့်ပါးသူများဖြစ်ပြီး အတွင်းစည်းတပည့်များမှာမူ ထူးချွန်သည့် ပါရမီရှင် အနည်းငယ်သာ ဖြစ်သဖြင့် ၎င်းတို့နှစ်ဦးမှာ နှိုင်းယှဉ်စရာပင် မလိုပေ။

ခေတ္တမျှ ဝေဖန်သံများ ဆူညံသွားပြီး ဝေယျာဝစ္စတပည့် ချင်ယွမ်ဖုန်းကို မည်သူကမျှ အားမပေးကြချေ။ ချင်ယွမ်ဖုန်းနှင့် ယှဉ်ပြိုင်ရမည့် ဟဲအန်းပင်လျှင် မတ်တပ်ထရပ်လိုက်သည်။

“ကျွန်တော် ရှင်းပြချက် လိုချင်ပါတယ်၊ ကျွန်တော့်ကို ဘာလို့ ဝေယျာဝစ္စတပည့် တစ်ယောက်နဲ့ ယှဉ်ပြိုင်ခိုင်းရတာလဲ” ဟဲအန်းက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

ထိုအချိန်တွင် ဒုန်ဖန်းရှန့်မင်သည် ပြိုင်ပွဲကွင်းရှေ့သို့ ဖြည်းညှင်းစွာ ပျံသန်းလာပြီး မျက်နှာတွင် အပြုံးတစ်ခု ရှိနေလေသည်။

“အားလုံးပဲ စိတ်မလောကြပါနဲ့။ ချင်ယွမ်ဖုန်းဟာ ကျွန်တော့်ရဲ့ ဆေးနတ်ဘုရားဂိုဏ်းမှာ ဝေယျာဝစ္စတပည့် တစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ အရည်အချင်းက အတွင်းစည်းတပည့် တစ်ယောက်ထက် မနိမ့်ပါဘူး။

တကယ်လို့သာ သူ့ကို အပြင်စည်း ဒါမှမဟုတ် အတွင်းစည်းတပည့်တွေနဲ့ ယှဉ်ပြိုင်ခိုင်းမယ်ဆိုရင် ကျွန်တော့် ဆေးနတ်ဘုရားဂိုဏ်းက လူတွေကို နိုင်ထက်စီးနင်း လုပ်ရာကျနေပါလိမ့်မယ်” ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် ဆိုသည်။

“သူ့ရဲ့ စွမ်းအားက အတွင်းစည်းတပည့် အဆင့်ရှိတယ်ဆိုရင် ဘာလို့ အခုထိ ဝေယျာဝစ္စတပည့်ပဲ လုပ်နေရတာလဲ” ဟဲအန်းက သံသယများဖြင့် မေးပြန်သည်။

ဒုန်ဖန်းရှန့်မင်က ခေါင်းယမ်းလိုက်ကာ “အဲဒါကတော့... ကျွန်တော်ကိုယ်တိုင် ချင်ယွမ်ဖုန်းကို အတွင်းစည်းတပည့် ဖြစ်ဖို့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ သူက ငြင်းခဲ့လို့ပါ”

“ငြင်းတယ် ဟုတ်လား” ဟဲအန်း အံ့အားသင့်သွားရသည်။ သူသည် အတွင်းစည်းတပည့် တစ်ယောက် ဖြစ်လာရန် ထိုစဉ်က အလွန်အမင်း ကြိုးစားခဲ့ရသည် မဟုတ်လော။

ဟဲအန်း တစ်ယောက်တည်းတင်မကဘဲ ရောက်ရှိနေသည့် အခြားဂိုဏ်းမှ လူများအားလုံးလည်း အံ့ဩမှိုင်တွေ သွားကြသည်။ ထိုသို့သောသူမျိုး အဘယ်ကြောင့် ရှိနေရသည်ကို သူတို့ နားမလည်နိုင်ကြဘဲ ယင်းမှာ တကယ်ပင် ထူးဆန်းလှပေသည်။

“.. ဟဲအန်းထံမှ ထိတ်လန့်မှုတန်ဖိုး +၁၀၀ ရရှိသည်”

“.. ကျယ်ယုထံမှ ထိတ်လန့်မှုတန်ဖိုး +၁၀၀ ရရှိသည်”

... ခဏချင်းအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုး ရှစ်သောင်းကျော် ရရှိသွားသည်။ သူ၏ စိတ်ထဲတွင် ဝမ်းသာလုံးဆို့သွားရ၏။

ဤတစ်ကြိမ်တွင် ဒုန်ဖန်းရှန့်မင်က အကောင်းဆုံး ကူညီပေးလိုက်ခြင်းပင်။

“ဒါတင်မကသေးပါဘူး၊ ချင်ယွမ်ဖုန်းဟာ သန့်ရှင်းသောနယ်မြေရဲ့ ရှန်းဝူအကယ်ဒမီ စမ်းသပ်ပွဲကို အောင်မြင်ပြီး ရှန်းဝူအကယ်ဒမီထဲကို ဝင်ခွင့်ရရှိထားသူလည်း ဖြစ်ပါတယ်”

ဒုန်ဖန်းရှန့်မင်က ထုတ်ကြွားချင်ဇောဖြင့် ဆက်လက်ပြောကြားလိုက်သည်။

“ ကျင်းကျန့်ဝမ်ထံမှ ထိတ်လန့်မှုတန်ဖိုး +၁၀၀ ရရှိသည်”

“. ဟော့ချီကျန့်ထံမှ ထိတ်လန့်မှုတန်ဖိုး +၁၀၀ ရရှိသည်”

“. မီကျူးထံမှ ထိတ်လန့်မှုတန်ဖိုး +၁၀၀ ရရှိသည်”

... ယခုတစ်ခဏအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် နောက်ထပ် ယုံကြည်မှုတန်ဖိုး နှစ်သောင်းကျော် ထပ်မံရရှိခဲ့သည်။ ဤလှိုင်းတစ်ခုတည်းနှင့်ပင် ယုံကြည်မှုတန်ဖိုး တစ်သိန်း ရရှိသွားသဖြင့် ချင်ယွမ်ဖုန်းမှာ လွန်စွာ ဝမ်းမြောက်နေမိသည်။

နောက်ပိုင်းမှ ယုံကြည်မှုတန်ဖိုး ပေးကြသူများမှာ အခြားဂိုဏ်းများမှ အကြီးအကဲများ၊ ဂိုဏ်းချုပ်များနှင့် ထူးချွန်သည့် ပါရမီရှင်များ ဖြစ်တန်ရာသည်။

ရောက်ရှိနေသူ အများစုမှာ ရှန်းဝူအကယ်ဒမီ ဆိုသည်မှာ ဘာမှန်း မသိကြပေ။ သူတို့သည် မိမိတို့ဂိုဏ်းမှ အကြီးအကဲများ သို့မဟုတ် ဂိုဏ်းချုပ်များကို သံသယဖြင့် ကြည့်ကြသဖြင့် ၎င်းတို့က တပည့်များကို ရှန်းဝူအကယ်ဒမီ အကြောင်း စတင် ရှင်းပြကြလေတော့သည်။

“ကဲ... အခုဆိုရင် ချင်ယွမ်ဖုန်းက မင်းနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီပြီလား” ဒုန်ဖန်းရှန့်မင်က ဟဲအန်းကို ကြည့်ကာ မေးလိုက်သည်။

ဟဲအန်းမှာ ကပျာကယာ ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်နေမိသည်။ အကြီးအကဲထံမှ သန့်ရှင်းသောနယ်မြေ၏ ရှန်းဝူအကယ်ဒမီ အကြောင်းကို ကြားသိလိုက်ရပြီးနောက် သူသည် ချင်ယွမ်ဖုန်းကို ရုတ်တရက် ကြောက်ရွံ့သွားမိသည်။

ရှန်းဝူအကယ်ဒမီကို ဝင်ခွင့်ရသည့် သူများမှာ မည်ကဲ့သို့သော မိစ္ဆာကောင်များ ဖြစ်နေကြမည်နည်း။

ချင်ယွမ်ဖုန်း ဘေးတွင် ရပ်နေသည့် ရှီးမန်ဖုမှာလည်း မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကာ “မင်း... မင်းက တကယ်တော့ ဘယ်သူလဲ”

“ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဝေယျာဝစ္စတပည့် ချင်ယွမ်ဖုန်းပါ” ချင်ယွမ်ဖုန်းက ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

ရှီးမန်ဖုက မျက်လုံးကို ကလန်ကလားလုပ်ကာ “မင်းက ဝေယျာဝစ္စတပည့် ဆိုရင် အဲဒီ အတွင်းစည်းတပည့်တွေက ဘာတွေလဲ နေပါဦး... မင်းက ဘာလို့ အတွင်းစည်းတပည့် မလုပ်ဘဲ ဝေယျာဝစ္စတပည့်ပဲ လုပ်ချင်ရတာလဲ”

“ဘာလို့လဲဆိုတော့ ဝေယျာဝစ္စတပည့်တွေက စိုက်ပျိုးရေး လုပ်လို့ရလို့ပေါ့” ဟု ချင်ယွမ်ဖုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်လေသည်။

ရှီးမန်ဖုမှာ အံ့အားသင့်သွားကာ “စိုက်... စိုက်ပျိုးရေး ဟုတ်လား”

All Chapters