← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 38 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 38 Ch. 387-388

အပိုင်း(၃၈၇)

ကောင်းကင်တုန်စေသော မိစ္ဆာစွမ်းအား

ဂူဒူအာ ရှေ့တက်လာသည်ကိုမြင်သောအခါ ချင်းယွင်ကျိ နောက်ဆုတ်ပေးလိုက်ရုံသာ တတ်နိုင်တော့သည်။ သူကျန်းယန်ကိုသာ ဘာမှမပြောဘဲ တစ်ချက်ကြည့်လိုက်၏။

သူတော်စင်သခင်ရယ်မောလိုက်သည်။

“မင်းတပည့်က မင်းထိခိုက်မှာ စိုးရိမ်လို့ပါ ကြည့်ရတာ သူကမင်းခွန်အားကို အပြည့်အ၀မယုံကြည်ပုံပဲ ပြန်ရောက်မှ သင်ခန်းစာကောင်းကောင်းပေးလိုက်”

သူသည် ချင်းယွင်ကျိအား ကျန်းယန်ကိုရိုက်ဖို့မြှောက်ပေးနေခြငိးဖြစ်မှန်း သိသာလှသည်။

နောက်ဆုံးတွင် ကျန်းယန်သည်သူ့ကိုအကြိမ်များစွာလှည့်စားခဲ့သူ မဟုတ်ပါလား။

ဆရာတပည့်နှစ်ယောက်စလုံး သူ့ကိုဘာမှပြန်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချင်းယွင်ကျိကို ဆက်မတိုက်ခိုက်စေခြင်းမှာ လျှို့ဝှက်ချက်ကို ကာကွယ်ချင်၍ဖြစ်မှန်း သူတို့နှစ်ယောက်လုံး သိနေ၍ ဖြစ်သည်။

ထိုအခိုက်တွင် ဂူဒူအာ ချင်းယွင်ကျိနေရာကိုအစား၀င်ယူပြီး တာအိုသခင်ရှေ့တွင်ရောက်ရှိနေပြီ ဖြစ်၏။

တာအိုသခင်အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

“ကောင်းတယ် မင်းတို့ကောင်တွေဘယ်လောက်အစွမ်းအစရှိလဲ ကြည့်ရတာပေါ့”

ထို့နောက် သူ့လက်ထဲတွင် ရှေးဟောင်းဓားတစ်လက် ပေါ်လာခဲ့၏။

“အမတသတ်ဖြတ်ဓား” ချင်းယွင်ကျိ သတိပေးလိုက်လေသည်။

“အဲ့တာက သူ့ကိုယ်ပိုင်ရတနာ သူ့တာအိုနဲ့ချည်နှောင်ထားတာ အမတဓားလို့ခေါ်ပေမယ့် တကယ်က ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်သက်သက်ပဲ”

သူတော်စင်သခင်၀င်ပြောလိုက်၏။

“သူအဲ့တာကို နှစ်တစ်ထောင်လောက် သွန်းလုပ်ထားတာ အဲ့ဒီလက်နက်က အချိန်မရွေး အမတလက်နက်တစ်ခု ဖြစ်လာနိုင်တယ်”

ပြောနေရင်း သူကျန်းယန်ကို တစ်ချက်ကြည့်လိုက်လေသည်။

ထို‌ခွေးကောင်လေးသည် သူနှစ် ၈၀၀ ကြာအသုံးပြုခဲ့သော နဂါးလမ်းညွှန်စုတ်တံကို မလှိမ့်တပတ်လုပ်ပြီး ယူသွားသည် မဟုတ်ပါလော။

ကျန်းယန် အမြန်မေးလိုက်၏။

“ဒါဆို ဘယ်ဟာကပိုအားကောင်းလဲ အမတသတ်ဖြတ်ခြင်းဓားလား ဂူဒူအာရဲ့ မိစ္ဆာအလံလား”

ချင်းယွင်ကျိနှင့်ဂူဒူအာတို့ ခေါင်းခါလိုက်ကြသည်။ သူတို့နှစ်ယောက်လုံး မိစ္ဆာအလံ၏ဇာစ်မြစ်ကို မသိကြပေ။

ဂူယန်သာ အသံနက်ကြီးဖြင့် ၀င်ပြောလိုက်၏။

“မင်းတို့မြင်ခဲ့ရတဲ့ အလံက သူ့တကယ့်စွမ်းအားရဲ့ ၁၀ပုံတစ်ပုံပဲရှိသေးတယ် အဲ့ဒီဓားက အလံနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး”

ကျန်းယန်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“အလံက တကယ်ပဲ ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ”

“အဲ့တာက အမတအစစ်တွေကို သတ်ပစ်ဖူးတယ်” ဂူယန်ပြောပြီးနောက် တိတ်ဆိတ်သွားခဲ့၏။

ကျန်းယန်လည်း ငေးကြောင်သွားခဲ့သည်။

ဂူဒူအာက အမတအစစ်များကိုသတ်ခဲ့ခြင်းလော ဒါမှမဟုတ် အလံကိုယ်တိုင်က သတ်ခဲ့ခြင်းလော။

သူဘယ်လိုမေးမေး ဂူယန်က ထပ်ရှင်းမပြတော့ပေ။

အနီးရှိ ချင်းယွင်ကျိနှင့်သူတော်စင်သခင်တို့လည်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့သည် တက်လှမ်းပြီးမှ အမတအစစ်များဖြစ်လာနိုင်မည်ဖြစ်ပြီး ထိုမိစ္ဆာကတော့ အမတအစစ်များကိုပင် သတ်ဖြတ်ဖူးခဲ့ခြင်း ပေလော။

အထူးသဖြင့် သူတော်စင်သခင်က ပိုတုန်လှုပ်သွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်းတွင် ထိုမျှစွမ်းအားကြီးသော မိစ္ဆာ ၁၅ကောင်ရှိနေလျှင် သူတို့ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းနေလိုက်ပါမည်နည်း။

ထို့နောက် သူဂူဒူအာ၏တိုက်ပွဲတွင်သာ အာရုံစိုက်ထားတော့သည်။

အမတသတ်ဖြတ်ခြင်း‌ဓားနှင့်ရင်ဆိုင်ရသော်လည်း ဂူဒူအာ တည်ငြိမ်နေခဲ့၏။

သူမိစ္ဆာအလံကို တစ်ချက်ဝေ့ယမ်းလိုက်ရာ တိုက်ပွဲနယ်မြေက ချက်ချင်း မည်းမှောင်သွားခဲ့သည်။ မိုင်‌ေပါင်းဒါဇင်များစွာအတွင်း မြူနှင်းများက ပြန့်ကျဲနေခဲ့၏။

လုံး၀မည်းမှောင်သွားခြင်းမဟုတ်သော်လည်း မီတာအနည်းငယ်အဝေးရှိ ဘယ်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ပေ။

“စစ်မြူ” ဂူယန် ကျန်းယန်ကို အေးအေးဆေးဆေးပြောလိုက်သည်။

ကျန်းယန် ချက်ချင်းနားလည်သွားခဲ့၏။ ထိုအရာက အလံ၏စွမ်းရည်များထဲမှ တစ်ခုဖြစ်ပုံပေါ်သည်။

ချင်းယွင်ကျိနှင့်သူတော်စင်သခင်တို့လည်း ပိုပြီး လေးနက်လာခဲ့ကြ၏။

သူတို့ပင်လျှင် မြူအတွင်း မီတာအနည်းငယ်‌ေလာက်ကိုသာ မြင်နိုင်ပြီး ထိုအပေါ်တွင်တော့ အမှောင်ထုကိုသာ မြင်နေကြရသည်။

နှင်းတောင်တန်းအကြီးအကဲနှင့် ကျိုးရွှမ်ရှန်းတို့လည်း ထို့အတူပင်။ အနက်ရောင်နယ်မြေထဲ စိုက်ကြည့်နေရင်း အထဲတွင် ဘာဖြစ်နေလဲဆိုတာ သူတို့မမြင်ရခဲ့ပေ။

သူတို့တာအိုစွမ်းအားကိုသုံးပြီး မြူများကိုဖယ်ရှားချင်သော်လည်း နားလည်မှုလွဲသွားမှာစိုးသောကြောင့် အကြားအာရုံကိုသာသုံးပြီး တိုက်ပွဲသံကို နားစွင့်နေခဲ့ကြရ၏။

ထိုစဉ် တာအိုသခင်ကိုယ်တိုင်လည်း လေးနက်လာခဲ့ရသည်။

သူ့ဓားပိုင်နက်က သူ့ပတ်ပတ်လည်တွင်ရှိနေခဲ့ပြီး အမတသတ်ဖြတ်ခြင်းဓားကလည်း သူ့လက်ထဲတွင် ရှိနေခဲ့၏။

သို့သော် သူကိုယ်တိုင်ပင်လျှင် မီတာ ၇၀ နောက်ပိုင်းကို မမြင်ရပေ။

ထိုအကွာအဝေးကိုကျော်လွန်သွားလျှင် သူ့ဓားဆန္ဒပင် ပျောက်ကွယ်သွားရသည်။

ထိုအခြေအနေနှင့်ကြုံရသောအခါသူမည်သို့ စိတ်အေးနိုင်ပါတော့မည်နည်း။

“တက်”

အေးအေးဆေးဆေးနိုင်လှသော ဂူဒူအာ့အသံက စစ်မြူထဲတွင် ဟိန်းထွက်လာခဲ့၏။

“ဝုန်း”

ပေါက်ကွဲမှုကြီးတစ်ခုက တိုက်ပွဲနယ်မြေကို တုန်ခါသွားစေခဲ့ပြီး အားလှိုင်းကြီးများက စစ်မြူထဲမှ တိုးထွက်လာခဲ့သည်။

တာအိုသခင် တွန့်ဆုတ်မနေရဲဘဲ ထိုအားလှိုင်းထွက်ပေါ်လာရာနေရာကို ဓားဖြင့် ပိုင်းလိုက်၏။

သူ့ကြောက်မက်ဖွယ်ဓားဆန္ဒအောက်တွင် သူ့ဆီပြေးတက်လာသော မိစ္ဆာများ ချက်ချင်း ဖျက်ဆီးခံလိုက်ကြရလေသည်။

ထိုအခိုက်တွင် ဂူဒူအာ ထပ်ပြောလိုက်ပြန်၏။

“ခြုံခိုတိုက်”

နောက်ထပ်ကြောက်မက်ဖွယ်မိစ္ဆာတစ်အုပ် စစ်မြူထဲမှ ထွက်လာပြန်ပြီး ဤတစ်ကြိမ်တွင်တော့ ကောင်းကင်ပေါ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

တာအိုသခင် ချက်ချင်းဆိုသလို ဓားကိုအထက်သို့မိုးကာ ခုတ်လိုက်ပြန်၏။

သို့သော် သူ့အာရုံက အထက်ဘက်ကမိစ္ဆာများဆီသာရောက်နေချိန်တွင် အောက်ဘက်မှမိစ္ဆာတစ်အုပ်က သူ့ဆီပြေး၀င်လာခဲ့ကြလေသည်။

ထိုမိစ္ဆာများ သူ့ဓားပိုင်နက်ထဲ၀င်လာမှ တာအိုသခင်သတိထားမိသွားခဲ့ပြီး ချက်ချင်း သူ့ပုံရိပ်က မီတာဒါဇင်အနည်းငယ်ဝေးသောအရပ်သို့ ဆုတ်သွားခဲ့၏။

သို့သော် သူမလွတ်သေးပေ။ ထိုနေရာတွင် သူပေါ်လာသည်နှင့် အေးစက်စက် အလင်းတစ်ချက်က လေထုကိုဖောက်ကာ သူ့ဆီတိုး၀င်လာပြန်သည်။

“သတ်ဖြတ်သူဗိုလ်ချုပ်”

တာအိုသခင်သည် မူချန်းရှန်လို အားနည်သူတစ်ယောက် မဟုတ်ပေ။ သူသည်ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရေးတွင် ထိပ်တန်းများကြားက ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်၏။

သူဓားကိုချက်ချင်း မြောက်ကာ ထိုအလင်းကိုရင်ဆိုင်လိုက်သည်။

“ဝုန်းး”

မိစ္ဆာအလံ၏ လှံထိပ်ဖျားက သူ့ဓားနှင့်ထိပ်တိုက်ရင်ဆိုင်မိသွားခဲ့၏။ ထိုအခါ နေရာအနှံ့သို့ အားလှိုင်းများပေါက်ကွဲထွက်သွားခဲ့လေသည်။ သို့သော် စစ်မြူများကတော့ မတုန်မလှုပ်ရှိနေဆဲပင်။

ဂူဒူအာကလည်း အခုထိ ပေါ်မလာသေးပေ။

ထို့နောက် ကျယ်လောင်လှသော စစ်ခရာသံက စစ်မြူထဲတွင် ပျံ့လွင့်လာခဲ့ပြန်သည်။

တာအိုသခင် သူ့သွေးများဆူပွက်လာသလို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲတွင် အန္တရာယ်ရှိသောခံစားချက်တစ်ခု ထိုးတက်လာခဲ့သည်။

“စစ်ခရာ” ဂူယန် တိတ်တဆိတ်ရေရွတ်လိုက်၏။

သူအခုလိုရှင်းပြနေခြင်းမှာ ကျန်းယန်သည် ဂူဒူအာ၏ နည်းစနစ်အချို့ကို သင်ယူနေမှန်း သိ၍ဖြစ်သည်။

ကျန်းယန်ချက်ချင်းနားလည်သွားခဲ့၏။ သူစွမ်းရည်သည် မိစ္ဆာအလံထဲတွင်ပါ၀င်သော ဒုတိယစစ်ပွဲနိယာမစွမ်းအား ဖြစ်သည်။

တိုက်ပွဲနယ်မြေအလယ်တွင် တာအိုသခင်အရပ်မျက်နှာပေါင်းစုံမှပေးသောဖိအားကို ခံစားနေခဲ့ရ၏။

သူ့ဘ၀တွင် ပထမဆုံးအကြိမ်အနေနှင့် သားကောင်ဖြစ်သွားသလို ခံစားရခြင်း ဖြစ်သည်။

ထိုခံစားချက်က သူ့ကိုအတော်လေး မသက်မသာဖြစ်နေစေခဲ့၏။

သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်ပြီး အသန်မာဆုံးသက်ရှိများထဲမှ တစ်ယောက်ဖြစ်ပေသည်။ ပုံမှန်အားဖြင့် သူသည် မုဆိုးသာလုပ်တတ်သူ ဖြစ်၏။

ယခုအခါ သူ့ရည်ရွယ်ချက်ကလည်း အောင်မြင်သွားပြီဖြစ်သောကြောင့် သူထိုမိစ္ဆာနှင့်တိုက်ခိုက်နေစရာ အကြောင်းမရှိတော့ဘူးဟု သူခံစားနေခဲ့ရသည်။

သူချက်ချင်းဆိုသလို အမတသတ်ဖြတ်ဓားကိုထုတ်လွှတ်ကာ ဘုရားကျောင်းဆီပြန်ဖို့ လမ်းတစ်ခု ဖောက်လိုက်၏။

သူလှုပ်ရှားလိုက်သည်နှင့် စစ်မြူများက ပြိုကွဲသွားသောကမ္ဘာကြီးတစ်ခုလို ပြိုကွဲသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် စစ်ချီသံများက အရပ်မျက်နှာအနှံ့မှ ပေါ်ထွက်လာခဲ့၏။

သတိထားနေသော တာအိုသခင်လည်း အားကုန်သုံး၍ ပြန်တိုက်ခိုက်လိုက်သည်။ ထိုအခါ ကောင်းကင်နှင့်မြေပြင်တွင်ပင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါ်လာခဲ့၏။

နောက်ဆုံးတွင် စစ်မြူထဲတွင်လည်း အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

တာအိုသခင် တုန့်ဆိုင်းမနေဘဲ ချက်ချင်းထိုအက်ကွဲကြောင်းထဲ၀င်ကာ ပျောက်ကွယ်သွားခဲ့၏။

သူလွတ်မြောက်သွားပြီးသည်နှင့် စစ်မြူကချက်ချင်းပြန်ပိတ်သွားပြီး အထဲတွင် ပိတ်မိနေသော ကောင်းကင်နှင့်မြေပြင်နိယာမများအားလုံးကို ရှင်းလင်းပစ်လိုက်လေသည်။

“အပြေးမြန်တယ်” ဂူဒူအာ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

ထို့နောက် သူ့အလံကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ စစ်မြူများ ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါမှသာ ထိုနယ်မြေအတွင်းရှိသဘာ၀နိယာမများကလည်း သဘာ၀အတိုင်း ပြန်လည်စီးဆင်းနိုင်သွားကြ၏။

ဂူဒူအာအလံကို သိမ်းလိုက်ပြီး ချင်းယွင်ကျိတို့ရှိရာဆီ လျှောက်လာခဲ့သည်။

သူကျန်းယန်ဆီရောက်သောအခါ အေးအေးဆေးဆေးပြောလိုက်၏။

“မင်းတို့ကမ္ဘာမှာ ဉာဏ်ကောင်းတဲ့လူကအများကြီးမရှိဘူးဆိုတာ ငါနားလည်သွားပြီ”

ချင်းယွင်ကျိနှင့်သူတော်စင်သခင်တို့ သူ့ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်ကြသည်။

ထိုမိစ္ဆာက ဘာကိုဆိုလိုချင်ပါသနည်း။

ကျန်းယန် မျက်တောင်ခတ်ကာ မေးလိုက်၏။

“တာအိုသခင်လား”

ဂူဒူအာ ထိုပုံရိပ်ထွက်ပြေးသွားသောအဝေးဆီကြည့်နေရင်း ပြောလိုက်သည်။

“ငါ့စစ်မြူထဲမှာ ပိတ်မိသွားတာတောင် သူကအဲ့မှာနေပြီး ငါ့ကိုတိုက်ခိုက်ဖို့ ကြိုးစားနေသေးတယ် ဒီလောက် ပြီးပြည့်စုံတဲ့ ပစ်မှတ် တစ်ခါမှ မမြင်ဖူးဘူး”

အပိုင်း(၃၈၈)

လှည့်စားခံလိုက်ရပြန်တဲ့ သူတော်စင်သခင်

ဝာာအိုသခင် သူအခုမှလွတ်မြောက်လာခဲ့သောနေရာကို ပြန်လှည့်ကြည့်လိုက်သည်။ စစ်မြူထဲတွင် ဘယ်အရာမှ မရှင်ကျန်နိုင်တာကို တွေ့လိုက်ရသောအခါ သူပင်ကျောချမ်းသွားသလို ခံစားလိုက်ရသည်။

ထိုမိစ္ဆာအိုကြီးက တကယ်ပဲ ထိုမျှစွမ်းအားကြီးခြင်းပေလော။

သူအဇူရာတိမ်ဂိုဏ်းရှိရာဆီ ကြည့်နေရင်း အေးစက်စက်ထုတ်ပြောလိုက်၏။

“ဟမ့် ဒီကိစ္စကမပြီးသေးဘူး”

ပြောပြီးသည့်နောက် သူခပ်ဖြည်းဖြည်းပင် ဘုရားကျောင်းရှိရာအရပ်ဆီ ဆုတ်ခွာသွားခဲ့လေသည်။

သူထွက်သွားတာကိုမြင်မှ ချင်းယွင်ကျိ ကျန်းယန်ကို မေးလိုက်၏။

“သူနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေသလားလို့ ဘာမှားနေလဲ မင်းသိလား”

သူကိုယ်တိုင်နားမလည်တော့သောကြောင့် သူ့ဉာဏ်နီဉာဏ်နက်များသောတပည့်ကို အားကိုးရုံသာ တတ်နိုင်တော့သည်။

ကျန်းယန် သူတော်စင်သခင်ကိုကြည့်ကာ ပြုံးလိုက်ပြီး

“ဦးလေးသူတော်စင် ကျွန်တော်တို့နဲ့အတူ အဇူရာတိမ်ဂိုဏ်းကို လိုက်ခဲ့ဦးမလား”

“မလိုက်တော့ပါဘူး” သူတော်စင်သခင် ချက်ချင်းငြင်းလိုက်၏။

သူသည် အဇူရာတိမ်ဂိုဏ်းနှင့်မဟာမိတ်ဖွဲ့ထားသော်လည်း ဘယ်တော့မှ ထိုဂိုဏ်းထဲ သာမန်အတိုင်းလမ်းလျှောက်၀င်သွားမည် မဟုတ်ပေ။

အထူးသဖြင့် ဂူဒူအာ၏ကြောက်စရာစွမ်းအားကို မြင်ပြီးနောက် ဖြစ်သည်။ မိစ္ဆာများ ပတ်ပတ်လည်ဝိုင်းနေသောနေရာကို ၀င်သွားရခြင်းက အန္တရာယ်များလွန်းလှသည်။

“ဦးလေးသူတော်စင်က အလည်မလိုက်ဘူးဆိုမှတော့ ကိစ္စတွေကို ဒီမှာတင် ဆွေးနွေးကြတာပေါ့”

ကျန်းယန် ပုံမှန်အတိုင်းပင် စားပွဲနှင့်ကုလားထိုင်များကို ပင်လယ်ရေမျက်နှာပြင်ပေါ်တင်လိုက်ပြီး သူ့ဆရာနှင့်သူတော်စင်သခင်ကို ထိုင်ဖို့ပြောလိုက်၏။

သူ့ကျင့်ကြံခြင်းအဆင့်အရ ရေပေါ်ပစ္စည်းများတင်ဖို့ မခက်ပေ။

သူတော်စင်သခင်သတိထားကာ ထိုင်လိုက်ပြီး ကျန်းယန်ကို တစ်ချက်ကြည့်လိုက်သည်။

“မင်းငါ့ကို ထပ်အကောက်ကြံဖို့တော့ မဟုတ်ဘူးမလား”

ကျန်းယန်ရယ်မောလိုက်၏။

“စိတ်မပူပါနဲ့ ဦးလေးသူတော်စင် ကျွန်တော်တို့ကအခု မဟာမိတ်တွေဖြစ်နေပြီလေ ကျွန်တော်က ကိုယ့်လူကိုယ်ဘယ်တော့မှညယ မလှည့်စားဘူး”

သူတော်စင်သခင်အနည်းငယ်စိတ်အေးသွားခဲ့သည်။

သူ့ဘေးက ချင်းယွင်ကျိကတော့ ကျန်းယန်ကိုတိတ်တဆိတ်သာ ကြည့်လိုက်၏။

ဒါဆိုငါကရော မင်းဆရာ ငါကရော!

ဤတစ်ကြိမ်တွင် ကျန်းယန် ဂူယန်နှင့်ဂူဒူအာအတွက်ပါ ခုံများချပေးပြီး ထိုင်ခိုင်းလိုက်သည်။

မကြာခင်တွင် သူတို့အားလုံး ပင်လယ်ရေမျက်နှာ‌ပြင်ပေါ် အေးအေးဆေးဆေး ထိုင်နေကြသောအနေအထားသို့ ရောက်ရှိသွားခဲ့ကြ၏။

“ဦးလေးသူတော်စင်” ကျန်းယန် စလိုက်သည်။

“ဦးလေးက တာအိုသခင်အကြောင်း ကျွန်တော်တို့ထက် ပိုနားလည်တယ်ဆိုတော့ သူ့ဒီနေ့တိုက်ခိုက်မှုနောက်မှာ ရည်ရွယ်ချက်တစ်ခုခုရှိနေတယ်ထင်လား”

သူတော်စင်သခင် သေချာမဖြေခင် တခဏစဉ်းစားနေခဲ့၏။

“သူကငါ့ထက်နည်းနည်း‌ေနာက်ကျပြီးမှ တာအိုကိုရရှိခဲ့တာဆိုပေမယ့် သူ့သက်တမ်းက ငါနဲ့အတူတူလောက်ပဲ ဒါပေမယ့် သူကဓားကျင့်ကြံသူတစ်ယောက်ဆိုတော့ ငါ့ထက်တိုက်ခိုက်ရေးစွမ်းအား ပိုကောင်းတယ်

ကမ္ဘာ့ထိပ်တန်းပညာရှင်တွေကို အဆင့်သတ်မှတ်လိုက်ရင် သူကထိပ်ပိုင်းနားမှာ ရှိနေမှာ သေချာတယ်”

“အို့” ကျန်းယန် စိတ်၀င်စားသွားခဲ့သည်။

“ဒါဆို ဘယ်သူက နံပါတ် ၁ လဲ ကျိုးရွှမ်ရှန်းလား”

“အပေါ်ယံမှာဆိုရင်တော့ ဟုတ်တယ်” သူတော်စင်သခင်လေးလေးနက်နက်ဖြေလိုက်သည်။

“သူက ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကိုရောက်နေပြီ တက်လှမ်းဖို့ ခြေတစ်လှမ်းပဲလိုတော့တာ

ဆိုတော့ သူ့ပထမနေရာက မေးခွန်းထုတ်စရာမလိုဘူး”

“သူ့နောက်ကရော” ကျန်းယန် အမြန်မေးလိုက်သည်။

“ဘယ်သူက ဘယ်သူ့ထက် ပိုသန်မာတာလဲ”

သူတော်စင်သခင် ကျန်းယန်ကိုထူးဆန်းစွာ တစ်ချက်ကြည့်လိုက်၏။

သူတို့သည် တာအိုသခင်အကြောင်း ဆွေးနွေးနေခြင်း မဟုတ်ပါလော။

ကျန်းယန်ချက်ချင်း ရိုးရိုးသားသားပြုံးပြလိုက်ကာ

“ကျွန်တော်က ကမ္ဘာကြီးရဲ့ ထိပ်တန်းပညာရှင်တွေအကြောင်း ပိုနားလည်ချင်ရုံပါ ကျွန်တော့်ဆရာက နောက်ပိုင်းမှ တာအိုရတာလေ ပြီးတော့ အခြားသူတွေနဲ့လည်းအဆက်အဆံသိပ်မရှိတော့ ကျေးဇူးပြုပြီး ဒီဂျူနီယာလေးကို ဉာဏ်အလင်းဖွင့်ပေးပါဦး ဦးလေးသူတော်စင်”

သူတော်စင်သခင်သံသယမရှိတော့ဘဲ ခေါင်းငြိမ့်ပြလိုက်ပြီး ကမ္ဘာကြီးပေါ်က ပညာရှင်များအကြောင်း တစ်ယောက်ပြီးတစ်ယောက် ပြောပြနေခဲ့၏။

အနီးရှိ ချင်းယွင်ကျိကတော့ တိတ်ဆိတ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူလည်းထိုအကြောင်းသိချင်၍ ဖြစ်သည်။

သို့သော် သူတော်စင်သခင်နောက်ထပ်ထောင်ချောက်တစ်ခုထဲ ကျရောက်နေပြီလို့လည်း သူခံစားမိနေခဲ့၏။

သူကျန်းယန်ဘာတွင်းတူးနေလဲ မသိသော်လည်း သူ့တပည့်အကြောင်း သူကောင်းကောင်းသ‌ိ‌ေပသည်။

ကျန်းယန်အပြုံးက ပိုပြီးရိုးသားလေလေ သူ့ထောင်ချောက်က ပိုပြီး ကြီးလေလေပင်။

ကမ္ဘာ့ထိပ်တန်းပညာရှင်များအကြောင်းပြောပြီးနောက် သူတော်စင်သခင် ချင်းယွင်ကျိကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်၏။

“မင်းက ငါတို့ကြားထဲမှာ တာအိုကိုနောက်ဆုံးမှအောင်မြင်ထားတာ ဘယ်သူမှလည်း မင်းတိုက်ခိုက်ရေးစွမ်းအားအကြောင်း မသိဘူးဆိုတော့ လတ်တလောတော့ မင်းကိုနောက်ဆုံးမှာပဲ ထားထားတာ”

“ဒါပေမယ့် ဒီနေ့တာအိုသခင်နဲ့တိုက်ပွဲအပြီးမှာ မင်းတိုက်ခိုက်ရေးစွမ်းအားကို ပြန်တွက်ချက်သင့်ပြီလို့ ငါခံစားရတယ်”

ချင်းယွင်ကျိပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

သူ့ပိုင်နက်ထဲကမိစ္ဆာ ၁၀ကောင်သည် အဇူရာတိမ်ဂိုဏ်း၏လျှို့ဝှက်ချက်ကြီးဖြစ်ပြီး လုံး၀ ပေါက်ကြား၍ မဖြစ်ပေ။

သူ့ဘေးက ကျန်းယန် ပျော်ရွှင်စွာ ပြောလိုက်၏။

“ဦးလေးသူတော်စင်ဒီနေ့ရှင်းပြတာတွေကို နားထောင်လိုက်ရမှပဲ ကျွန်တော့်အမြင်တွေ ကျယ်သွားရတော့တယ် အနာဂတ်မှာလည်း ဦးလေးသူတော်စင်ဆီက လမ်းညွှန်မှု‌ေတွ ထပ်လိုချင်ပါသေးတယ်

ဆိုတော့ ဦးလေးသူတော်စင် ဒီနေ့တာအိုသခင်ရဲ့တကယ့်ရည်ရွယ်ချက်က ဘာလို့ထင်လဲ”

သူ့ရည်ရွယ်ချက်က အောင်မြင်သွားသောအခါ ကျန်းယန် ချောမွေ့စွာပင် စကားလွှဲလိုက်၏။

သူတော်စင်သခင်လေးလေးနက်နက်ဖြေလိုက်သည်။

“သူ့အကြောင်းငါသိသလောက်တော့ ဒီနေ့လုပ်ရပ်က သူ့ပုံစံနဲ့ လုံး၀ကိုက်ညီတယ်

သူကဓားကျင့်ကြံသူတစ်ယောက်လေ ပြဿနာအများစုကိုသူက ဓားသုံးပြီးတော့ပဲ ဖြေရှင်းတတ်တာ

အဲ့တာကြောင့် ဒီနေ့တွေ့ဆုံပွဲကချင်းယွင်ကျိနဲ့ တိုက်ခိုက်ဖို့သက်သက် ရည်ရွယ်ထားတာလို့ ပြောလို့ရတယ်”

တစ်နည်းအားဖြင့်ဆိုသော် တာအိုသခင်သည် အနိုင်အရှုံးကို တိုက်ခိုက်ပြီး ဆုံးဖြတ်လိုခြင်း ဖြစ်သည်။

ကျန်းယန် တခဏတွေးပြီးနောက် ခေါင်းခါလိုက်ဧ။။်

“သူက ကျွန်တော့်ဆရာတစ်ယောက်တည်းနဲ့ တွေ့တာဆိုရင်တော့ ဒီရှင်းလင်းချက်က အဓိပ္ပာယ်ရှိပါတယ်

ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့မှာ ပညာရှင် ၃ယောက်ပါလာတာ မြင်ရဲ့သားနဲ့တောင် သူကတိုက်ခိုက်ချင်နေသေးတယ် အဲ့တာက ထူးခြားနေတယ်”

ရုတ်တရက် ဂူဒူအာပြောလိုက်သည်။

“အတည်ပြုချက် အဲ့တာက အတည်ပြုချက်တစ်ခုဖြစ်နိုင်တယ်”

“အို့” သူတော်စင်သခင်သူ့ကိုခပ်လှမ်းလှမ်းကြည့်လိုက်၏။

သူတို့နှစ်ယောက်သည် စားပွဲတစ်ခုတွင်အတူထိုင်နေခြငိးဖြစ်သော်လည်း သူတော်စင်သခင် ထိုမိစ္ဆာများနှင့် ခပ်လှမ်းလှမ်းတွင်သာ ထိုင်ပေသည်။

ကျန်းယန် မျက်လုံးများကျဉ်းမြောင်းသွားခဲ့၏။

“စီနီယာဆိုလိုတာက…”

တာအိုသခင်စမ်းသပ်လိုသော အရာများစွာ ရှိပေသည်။

သူစမ်းသပ်လိုတာက ချင်းယွင်ကျိ၏ခွန်အားလော ဒါမှမဟုတ် သူ့တာအိုပိုင်နက်ထဲက မိစ္ဆာများအကြောင်းလော။

ထိုရည်ရွယ်ချက်သာဆိုရင်တော့ ယနေ့ တာအိုသခင်၏ပေါ်ပေါက်လာမှုက သူတို့ထင်ထားတာထက်ပင် ပိုအန္တရာယ်များနေပုံ ရသည်။

ကျန်းယန် ထိုကိစ္စအကြောင်းဆက်မပြောဖို့ ဆုံးဖြတ်လိုက်၏။ ထိုကိစ္စကို သူတော်စင်သခင်ရှေ့တွင် ဆွေးနွေးလို့ မဖြစ်ပေ။

ထို့ကြောင့် သူတမင်သက်သက် အကြောင်းအရာကို ပြောင်းလိုက်သည်။

သူတော်စင်သခင်လည်း ကျန်းယန်ကမဆွေးနွေးလိုတော့မှန်း သတိထားမိသွားကြောင့် ဆက်မပြောတော့ဘဲ ထိုအစား ဂူဒူအာကိုကြည့်ကာ မေးလိုက်၏။

“မင်းက အမတအစစ်တစ်ယောက်ကို သတ်ဖူးတယ်ဆို”

ဂူဒူအာ အသာအယာခေါင်းငြိမ့်ပြလိုက်သည်။

“အဲ့လိုပြောလို့တော့ရတယ်….ဒါပေမယ့် အဲ့ဒီအမတက အမတအဆင့်ကို ၀င်ရုံရှိသေးတာပါ ပြီးတော့ သူကငါဒီနေ့တိုက်ခိုက်ခဲ့ရတဲ့လူထက်လည်း ပိုတုံးတယ် ငါသူ့ကိုမသတ်ခင် သူကခွန်အားတွေအားလုံးကုန်အောင် သုံးပစ်ခဲ့တာ”

သူကြည့်စရာပင်မလိုဘဲ ထိုကိစ္စကိုထုတ်ပြောခဲ့သူက ဂူယန်မှန်း သိ၏။

သို့သော် သူသိပ်ဂရုမစိုက်ပေ။

သူတော်စင်သခင်ဂရုတစိုက်မေးလိုက်သည်။

“ဒါဆို…မင်းက အစစ်အမှန်အမတအဆင့်ကိုရောက်ပြီးသွားပြီလား”

အကယ်၍ ဂူဒူအာနှင့်အခြားမိစ္ဆာများကသာ အမတအစစ်များဆိုလျှင် အဇူရာတိမ်ဂိုဏ်း၏အင်အားကို ပြန်သုံးသပ်ဖို့ လိုနေချေပြီ။

ဂူဒူအာ ပြုံးကာ ကျန်းယန်ကို ကြည့်လိုက်၏။

“မင်းတို့ကမ္ဘာကလူတွေက တိုက်ပွဲရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကိုနားမလည်ကြဘူး ထင်တယ်

မင်းတို့က တာအိုနည်းစနစ်တွေနဲ့ ရတနာတွေအပေါ်မှာ မှီခိုလွန်းနေတယ်

အဲ့ဒီအကြောင်းပြောရရင် မင်းတို့ဆရာတပည့်နှစ်ယောက်ကတော့ အတော်လေး မျှတယ်”

ထို့နောက် သူသူ‌ေတာ်စင်သခင်၏မေးခွန်းကို တိုက်ရိုက်ဖြေလိုက်၏။

“ငါကမင်းတို့နဲ့ အဆင့်အတူတူပါပဲ မင်း‌တို့ခေါ်တဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအထွတ်အထိပ်အဆင့် ဖြစ်နိုင်တယ်

ဒါပေမယ့် ငါတို့မိစ္ဆာတွေက ငါတို့လမ်းကို သတ်ဖြတ်ခြင်းနဲ့ ဖောက်ခဲ့တာ အဲ့တာကြောင့် တိုက်ခိုက်ရေးဆိုတာဘာလဲ အတိအကျ နားလည်တယ်

အဲ့တာကြောင့်လည်း ငါတို့ခွန်အားက မင်းတို့ထက်အများကြီးသာနေတာ”

All Chapters