အခန်း (၃၈၉-၃၉၀)
Vol. 38 Ch. 389-390
အပိုင်း(၃၈၉)
တာအိုစစ်သည်မိစ္ဆာအလံ
ဂူဒူအာ့စကားလုံးများကြောင့် သူတော်စင်သခင်တိတ်ဆိတ်သွားခဲ့သည်။
နှစ်တစ်ထောင်ကျော် ကျော်ကြားလာခဲ့ရခြင်းကြောင့် သူသည် သူ့ကိုယ်သူအထင်ကြီးစိတ် ၀င်နေခဲ့၏။
သို့သော်လည်း ဂူဒူအာ၏စကားများက မမှားမှန်း သူသိပေသည်။
သူ့ကိုစိတ်ရှုပ်သွားစေသာအရာမှာ ဂူဒူအာ့စကားအရ ကျန်းယန်နှင့်ချင်းယွင်ကျိတို့က တိုက်ပွဲ၏ အနှစ်သာရကို နားလည်ပုံပေါက်နေသောကြောင့် ဖြစ်၏။
ကျန်းယန်ကတော့ ထားပါဦး သူသည်သူ့ခွန်အားကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်တွင် ပြသခဲ့ပြီးသား ဖြစ်သည်။
သို့သော် ချင်းယွင်ကျိကရော။
ချင်းယွင်ကျိကဘာကြောင့် တိုက်ပွဲအနှစ်သာရကို နားလည်နေလဲ သူမသိခဲ့ပေ။
ထိုကိစ္စတွင် ထုတ်ပြောရမသော လျှို့ဝှက်ချက်များပါနေသောကြောင့် ဆရာတပည့်နှစ်ယောက်စလုံးက ရှင်းမပြခဲ့ကြပေ။
တခဏကြာအောင် စကားစမြည်ပြောပြီးနောက် သူတို့နှစ်ဖက်လုံး ထွက်ခွာသွားခဲ့ကြ၏။
ထိုစဉ် အခြားတစ်ဖက်တွင် တာအိုသခင် တိုက်ပွဲမှဆုတ်ခွာလာပြီးနောက် နှင်းတောင်တန်းအကြီးအကဲ၊ ကျိုးရွှမ်ရှန်း တို့နှင့်တွေ့ဆုံနေပြီ ဖြစ်သည်။
ကျိုးရွှမ်ရှန်း သူ့ကိုကြည့်ကာ မေးလိုက်၏။
“မင်းဘာလို့ တိုက်ခိုက်ခဲ့တာလဲ”
ထိုအရာသည် အပြစ်တင်ခြင်းမဟုတ်ပေ။ သူဖြေရှင်းချက်လိုချင်ခြင်းသာ ဖြစ်သည်။
တာအိုသခင်အေးအေးဆေးဆေးပြန်ပြောလိုက်၏။
“သူကငါ့တပည့်ကိုခိုးသွားလို့လေ ငါမပျော်ဘူး”
နှင်းတောင်တန်းအကြီးအကဲထူးဆန်းစွာ မေးလိုက်လေသည်။
“အဲ့တာကြောင့်ပဲလား”
တာအိုသခင်အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“ဟမ့် တကယ်လို့ စန်းစုန့်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်တော့မယ်ဆိုတာနဲ့ အဲ့ဒီလက်နက်တွေကို ချင်းရှု သုတေသနလုပ်ပြီးဖန်တီးထားတယ်ဆိုတာ သိသွားရင် ငါဘာလို့ဒီလောက်စိတ်တိုနေလဲ မင်းတို့နားလည်သွားလိမ့်မယ်”
သူထိုကိစ္စကိုတကယ်ယုံနေခဲ့ခြင်း ဖြစ်သည်။
နှင်းတောင်အကြီးအကဲနှင့်ကျိုးရွှမ်ရှန်းတို့ ရှုပ်ထွေးစွာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
အပေါ်ယံကြည့်လျှင် တာအိုသခင်သည် ဒီတစ်ခေါက်အတော်ကြီး နစ်နာသွားခဲ့ရခြင်း ဖြစ်သည်။ အနာဂတ်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နှင့် ပါရမီရှင်တစ်ယောက်ဆိုသည်မှာ နည်းနည်းနောနော ဆုံးရှူံးမှု မဟုတ်ပေ။
သို့သော်လည်း လန်ကျားအထွတ်အမြတ်မြေနှင့်အဇူရာတိမ်ဂိုဏ်းတို့၏ မဟာမိတ်ဖွဲ့ဆိုမှု ပြီးသွားသည့်နောက် သူတို့ကြား ရန်သူမိတ်ဆွေဆိုတာ ခွဲရခက်လာခဲ့သည်။
နောက်ဆုံးတွင် သူတို့နှင့်အတူအဇူရာတိမ်ဂိုဏ်းကို မျိုးစုံအကောက်ကြံခဲ့သော သူတော်စင်သခင်ပင် ဘက်ပြောင်းသွားပြီးနောက် သူတို့ကို စိတ်နေစိတ်ထားမကောင်းသူများဟု ပြောဆိုခဲ့သေးသည် မဟုတ်ပါလော။
သူ့လိုလူပင် အခုလောက် အရှက်မဲ့နိုင်လျှင် တာအိုသခင်က သူတော်စင်သခင်နောက်တစ်ယောက်ဖြစ်မလာနိုင်ဘူးဟု ပြောမရပေ။
တာအိုသခင်သူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
“နောက်ထပ်အကြောင်းပြချက်တစ်ခုလည်း ရှိသေးတယ် စမ်းသပ်ချက်တစ်ခုပဲ”
“စမ်းသပ်ချက်လား” သူတို့နှစ်ယောက် မေးခွန်းပြန်ထုတ်လိုက်ကြသည်။
တာအိုသခင်အသာအယာခေါင်းငြိမ့်ပြလိုက်၏။
“ငါကျိုးကျွင်းချန်ပြောတာကို တစ်ခါကြားဖူးတယ် သူနဲ့ချင်းယွင်ကျိတိုက်ခိုက်ခဲ့တုန်းက ချင်းယွင်ကျိရဲ့တာအိုပိုင်နက်ထဲကနေ မိစ္ဆာေတွ ထွက်လာတယ်တဲ့
အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းရဲ့ မိစ္ဆာတွေဆိုတာ အတုလား အစစ်လား ငါအမြဲသိချင်နေခဲ့တာ အတုဆိုရင် အဲ့တာက ချင်းယွင်ကျိတာအိုပိုင်နက်ကနေ ဖန်တီးထားတာတွေပဲ”
“အဲ့တာကြောင့် ဒီနေ့အခွင့်အရေးကိုသုံးပြီး ငါစမ်းသပ်ခဲ့တာ”
“ရလဒ်ကရော” ကျိုးရွှမ်ရှန်း အမြန် မေးလိုက်သည်။
အကယ်၍ အဇူရာတိမ်ဂိုဏ်း၏ မိစ္ဆာများကသာ အတုဖြစ်နေလျှင် ၀မ်လင်းဂိုဏ်းက တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်တော့ပေ။
တာအိုသခင်ခေါင်းခါပြလိုက်၏။
“ငါအဖြေမရှာနိုင်ခဲ့ဘူး
အစကနေအဆုံးထိ ချင်းယွင်ကျိက မိစ္ဆှာတွေကို အဓိကထားပြီးဖိနှိပ်နိုင်တဲ့ စွမ်းအားကိုပဲ ပြသွားခဲ့တယ်
တကယ်လို့ သူသာ မိစ္ဆာဖိနှိပ်တာအိုကို ကျင့်ကြံတာဆိုရင် ဘာလို့ သူ့တာအိုပိုင်နက်ထဲမှာ မိစ္ဆာတွေရှိနေတာလဲ
ပြီးတော့ အဲ့ဒီအဇူရာတိမ်ကုန်းေမြတုိက်ကြီးမှာ တိုက်ခိုက်ခဲ့တုန်းက သူ့ဘေးက မိစ္ဆာတွေက ကြောက်မက်ဖွယ်စွမ်းအားကို ပြသခဲ့တာ အမှန်ပဲ
အဲ့တာက ဒွိဟဖြစ်စရာပဲ”
ကျိုးရွှမ်ရှန်းနှင့်နှင်းတောင်အကြီးအကဲတို့ ခါးသက်သက်သာ ပြုံးနိုင်ကြတော့သည်။
သူတို့ အမှန်တရားကိုမသိမချင်း ဘာကိုမှ လက်လွတ်စပယ် မလုပ်ရဲကြပေ။
ယခုအခါ လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ဂိုဏ်းနှင့် ပူးပေါင်းသွားပြီဖြစ်သလို အခြားဂိုဏ်းကြီးများ၏ သဘောထားကလည်း မရေမရာဖြစ်နေသောကြောင့် လက်ရှိအချိန်တွင် ဘယ်သူကမှ အဇူရာတိမ်ဂိုဏ်းကို အပြစ်မပြုရဲကြသလို မိစ္ဆာများကိုလည်း သွားမစမ်းရဲကြပေ။
သူတို့ သေချာမသိဘဲ သွားစမ်းမိလျှင်လည်း မိစ္ဆာများကအစစ်များဖြစ်နေခဲ့လျှင် အားလုံး ပျက်ဆီးသွားကြရပေလိမ့်မည်။
ထို့ကြောင့် ဘယ်သူကမှ လောင်းကြေးမထပ်ရဲကြပေ။
“နှမြောစရာပဲ သူဒီနေ့ တာအိုပိုင်နက်ကိုသုံးမသွားဘူး မဟုတ်ရင် ငါတို့အမှန်တရားကို အတည်ပြုလိုက်နိုင်မှာ” ကျိုးရွှမ်ရှန်းနောင်တရဟန်ဖြင့် ပြောလိုက်သည်။
“စကားမစပ် အဲ့ဒီမိစ္ဆာတွေက ဘယ်လောက်သန်မာလဲ”
နောက်ဆုံးတစ်ခေါက် သူဂူယန်နှင့်တိုက်ခိုက်ခဲ့စဉ်က ထိုမိစ္ဆာ၏ မာကျောသောခန္ဓာကိုယ်က သူ့ကို ခေါက်းကိုက်စေခဲ့သည်။
ဤတစ်ကြိမ်တွင် တာအိုသခင်က ဂူဒူအာနှင့်အားကုန်သံုးတိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး သူ့တွင် သုံးသပ်ချက်အချို့တော့ ရှိသင့်ပေသည်။
မိစ္ဆာများအကြောင်းပြောသောအခါ တာအိုသခင်၏အမူအရာ လေးနက်သွားခဲ့၏။
“သူတို့က မျှော်လင့်ထားတာထက် ပိုကြောက်စရာကောင်းတယ်…ဒါပေမယ့် မိစ္ဆာတစ်ကောင်တည်းသာဆို ကြောက်စရာမလိုဘူး လက်ထဲမှာသာ အမတလက်နက်ရှိနေရင် ငါတို့တိုက်ခိုက်လို့ရတယ်”
ကျိုးရွှမ်ရှန်းနှင့်နှင်းတောင်အကြီးအကဲတို့လည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။
တကယ့်ပြဿနာက အဇူရာတိမ်ဂိုဏ်းတွင် မိစ္ဆာဘယ်နှစ်ကောင်ရှိနေသလဲ သေချာမသိရခြင်း ဖြစ်၏။
ကံဆိုးစွာဖြင့် သူတို့သုံးယောက်လုံး ထိုကိစ္စကို အတည်မပြုနိုင်ခဲ့ကြပေ။
အကြမ်းဖျင်းဆွေးနွေးပြီးနောက် သူတို့နှစ်ယောက် ထိုနေရာမှ ထွက်ခွာသွားခဲ့ကြလေသည်။
ထိုစဉ် ကျန်းယန်တို့ အဇူရာတိမ်ဂိုဏ်းဆီ ပြန်ရောက်လာခဲ့ကြ၏။
ရောက်ပြီး မကြာခင်တွင် ကျန်းယန် မိစ္ဆာများအား တားမြစ်နယ်မြေဆီ လိုက်ပို့ခဲ့လေသည်။
အထဲရောက်သောအခါ သူချက်ချင်းထွက်မသွားဘဲ ထိုအစား ဂူဒူအာကိုကြည့်ကာ မေးလိုက်၏။
“စီနီယာ စီနီယာ့ခွန်အားကို အပြည့်အ၀ပြန်မရသေးဘူးမလား”
“ဒါပေါ့ ဘယ်ရဦးမလဲ” ဂူဒူအာ သက်ပြင်းချလိုက်သည်။
“မဟာ၀င်္ကပါရဲ့ ဖိနှိပ်မှုအောက်မှာ ငါတို့အသက်ရှင်အောင်နေနိုင်ခဲ့ပေမယ့် ငါတို့ခွန်အားကတော့ အများကြီး လျော့ကျသွားခဲ့ရတယ်
အခုငါ့ရဲ့စွမ်းအားက ငါ့ပုံမှန်စွမ်းအားရဲ့ တစ်၀က်တောင်ပြန်မရသေးဘူး မဟုတ်ရင် အဲ့ဒီငတုံးတာအိုသခင်က ဒီနေ့လွတ်သွားနိုင်မယ် ထင်လား”
“ဒါဆို အမြန်ပြန်ကောင်းအောင်လုပ်လိုက်ပါ” ကျန်းယန် ချက်ချင်းပြောလိုက်သည်။
“စီနီယာဘာပဲလိုလို ကျွန်တော် ကူရှာပေးမယ်”
ချက်ချင်းဆိုသလို မိစ္ဆာငါးယောက်လုံး သူ့ကို စိုက်ကြည့်လိုက်ကြ၏။
အရင်လို ချင်းယွင်ကျိသူတို့ကို စောင့်ကြည့်မနေမှန်း ဂူဒူအာလည်း သတိထားမိသွားခဲ့သည်။ ယခုအခါ ကျန်းယန်တွင် ဝိညာဉ်ငြိမ်းအေးအလံရှိနေပြီဖြစ်ပြီး သူတို့ကိုလည်း ပိုယုံကြည်လာပြီဖြစ်သောကြောင့် ချင်းယွင်ကျိက သူတို့လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အများကြီး လျှော့ပေးထားခဲ့ခြင်း ဖြစ်၏။
သူတို့ကိုစောင့်ကြည့်မနေမှန်း သိသွားမှ ဂူဒူအာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းတို့ကမ္ဘာရဲ့ ကောင်းကင်နဲ့မြေပြင်နိယာမတွေက ငါတို့အတွက် ကျင့်ကြံဖို့ မသင့်တော်ဘူး ငါတို့က ဘယ်လိုလုပ် ငါတို့ခွန်အားကို ပြန်ရနိုင်ပါတော့မလဲ
ငါတို့အတွက်တစ်ခုတည်းသော မျှော်လင့်ချက်က မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေကို ဖွင့်လှစ်ပြီး ဒီပတ်ပတ်လည် ပတ်၀န်းကျင်တစ်ခုလုံးကို ငါတို့နဲ့ သင့်တော်သွားအောင် ပြောင်းပစ်ဖို့ပဲ အဲ့တာမှသာ ငါတို့ခွန်အားကို ပြန်ရနိုင်လိမ့်မယ်
ကံဆိုးစွာနဲ့ မင်းကနောက်ဆုံးတစ်ခေါက်တုန်းက ငြင်းခဲ့တယ်လေ”
ကျန်းယန် ဆွံ့အသွားခဲ့သည်။
ဒါကြောင့် သူတို့ကငါ့ကို မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေ အတင်းဖွင့်ခိုင်းနေခဲ့တာကိုး။
သူနေရခက်စွာ ပြုံးလိုက်၏။
“မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေအကြောင်းတော့ နောက်မှ ပြောကြတာပေါ့”
မိစ္ဆာများ ခေါင်းကိုသာ အကူအညီမဲ့စွာ ခါယမ်းလိုက်ကြလေသည်။
ကျန်းယန်မပူးပေါင်းလျှင် ထိုနယ်မြေကို ဖွင့်လို့ရမည် မဟုတ်ပေ။
ကျန်းယန် အကြောင်းအရာပြောင်းကာပြောလိုက်၏။
“စီနီယာ စီနီယာ့မိစ္ဆာအလံက အမတအဆင့်ကိုရောက်နေပြီမလား”
ဂူဒူအာ ဖြေရမည့်အစား ပြန်မေးလိုက်သည်။
“တကယ့် အမတလက်နက်ကဘာလဲဆိုတာ မင်းသိလား”
“အာ…မသိဘူး”ကျန်းယန် ရိုးရိုးသားသား ၀န်ခံလိုက်၏။
သူ့တွင် စိတ်ဝိညာဉ်လက်နက်များစွာ ပိုင်ဆိုင်ထားသော်လည်း အမတလက်နက်က ဘာလဲဆိုတာ သူအခုထိ မသိသေးပေ။
ဂူဒူအာ စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။
“မင်းတို့ ကျင့်ကြံခြင်းစနစ်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ဆိုတာ တာအိုနဲ့ပေါင်းစပ်လိုက်တာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆိုတာကတော့ ကောင်းကင်နဲ့မြေပြင်မှာ တာအိုကိုတည်ဆောက်တာ
စိတ်ဝိညာဉ်လက်နက်တွေဆိုတာ တာအိုနဲ့ပေါင်းစည်းထားတဲ့ လက်နက်တွေပဲ
အမတလက်နက်ဆိုတာကတော့ တာအိုကို ကိုယ်တိုင်တည်ဆောက်ထားတာ
ပြောရရင် အမတလက်နက်ထဲက တာအိုက ကမ္ဘာကြီးပေါ်မှာ အမှီအခိုကင်းစွာ ရပ်တည်နိုင်တယ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရဲ့ တာအိုလိုပဲ
အဲ့တာကြောင် အမတလက်နက်တွေမှာ ကြောက်စရာစွမ်းအားမျိုး ရှိနေတာ”
သူခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒါပေါ့ အမတလက်နက်ဆိုတာက အမတတွေခေါ်တဲ့ နာမည်တစ်ခုသက်သက်ပဲ အဲ့တာကို ငါတို့မိစ္ဆာမျိုးနွယ်မှာတော့ မိစ္ဆာလက်နက်လို့ခေါ်တယ် တစ္ဆေမျိုးနွယ်နဲ့ မွန်းစတားမျိုးနွယ်မှာလည်း သူတို့ကိုယ်ပိုင်နာမည်တွေရှိတယ်
ဒါပေမယ့် အဲ့ဒီလိုအခေါ်အဝေါ်တွေမဟုတ်ဘဲ စကြာ၀ဠာတစ်ခုလုံးခေါ်တဲ့ နာမည်တစ်ခုလည်း ရှိသေးတယ်
တာအိုစစ်သည် ဒါမှမဟုတ် တာအိုအသုံးအဆောင် တဲ့
ပြီးပြည့်စုံတဲ့ တာအိုကိုသယ်ဆောင်ထားတဲ့ လက်နက်ဒါမှမဟုတ်ရတနာပေါ့”
ဂူဒူအာသူ့လက်ထဲက မိစ္ဆာအလံကို ကြည့်လိုက်၏။
“ငါ့အလံကတော့ တာအိုစစ်သည်လို့ သတ်မှတ်နိုင်တယ်ဆိုရုံပါပဲ ငါဒါကို ပြီးပြည့်စုံအောင် မသန့်စင်ရသေးဘူး
ပိုအရေးကြီးတဲ့အချက်ကတော့ ဒါက ငါ့ကိုယ်ပိုင်လက်နက်ပဲ သူကငါ့လက်ထဲမှာပဲ စွမ်းအားအပြည့်အ၀ ထုတ်နိုင်မှာ
အခြားသူတွေလက်ထဲမှာဆို ငါ့တာအိုနဲ့ချိတ်ဆက်ထားတဲ့ သာမန်လက်နက်တစ်ခုပဲ ဖြစ်သွားလိမ့်မယ်”
အပိုင်း(၃၉၀)
အထွတ်အထိပ်အဆင့်သတ်မှတ်ချက်
ဂူဒူအာနှင့်အတန်ကြာအောင် ဆွေးနွေးပြီးမှ နောက်ဆုံးတွင် ကျန်းယန် တားမြစ်နယ်မြေထဲမှ ထွက်လာခဲ့သည်။
သူအဇူရာတိမ်တောင်ထွတ်သို့ ရောက်သောအခါ ချင်းယွင်ကျိ ပေါ်လာခဲ့၏။
“မင်းနောက်အစီအစဉ်က ဘာလဲ” သူစိတ်၀င်တစားမေးလိုက်သည်။
ကျန်းယန်သည် သူတော်စင်သခင်ကို ထောင်ခြောက်ဆင်ခဲ့မှန်း သိနေသောကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ သူအတော်လေး သိချင်နေခဲ့၏။
ကျန်းယန် စပ်ဖြီးဖြီးပြုံးလိုက်သည်။
“ဦးလေးသူတော်စင်က ကမ္ဘာကြီးရဲ့ပညာရှင်တွေအကြောင်း တွက်ပေးပြီးသွားပြီဆိုတော့ ကျွန်တော်တို့က တရား၀င် အဆင့်သတ်မှတ်ချက်ထုတ်ဖို့ပဲ လိုတော့တာပေါ့”
သူထိုကိစ္စကို လုပ်ချင်နေတာကြာပြီဖြစ်သော်လည်း လတ်တလောတွင် အဇူရာတိမ်ဂိုဏ်းက ကမ္ဘာကြီး၏ အာရုံကိုဆွဲဆောင်ထားတာ များနေပြီဖြစ်သောကြောင့် ထိုအဆင့်သတ်မှတ်ချက်ကို ထုတ်လိုက်လျှင် ပြဿနာများ ဖြစ်လာနိုင်ပေသည်။
သို့သော် အခုလို သူတော်စင်သခင်အပေါ် အပြစ်ပုံချလိုက်လျှင်တော့ ကိစ္စများက မတူတော့ပေ။
ချင်းယွင်ကျိ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်မိသည်။
ဤကလေးသည် တကယ်ကြီး သူတော်စင်သခင်ထံမှ ရသလောက်ညှစ်ထုတ်နေခဲ့ခြင်း ဖြစ်၏။
ဤနှုန်းနှင့်ဆိုလျှင် စိတ်သောကကြောင့် သူတော်စင်သခင်၏ ဆံပင်များပင် ကျွတ်ထွက်လာနိုင်ပေလိမ့်မည်။
မဟုတ်သေးပေ။ ထိုစာရင်းထွက်လာလျှင် စာရင်းထဲက အဆင့်နိမ့်ပညာရှင်များက သူ့ကိုအဆက်မပြတ် စိန်ခေါ်ကျတော့မှာ သေချာပေသည်။
စာရင်းထဲရှိ အဆင့်မြင့်ကျင့်ကြံသူများက သည်းခံနိုင်လောက်သော်လည်း အဆင့်နိမ့်သူများကတော့ ကျိန်းသေပေါက် လာရောက်တိုက်ခိုက်ကြပေလိမ့်မည်။
ကမ္ဘာပေါ်ရှိ ပညာရှင်များအားလုံးနှင့်ပညာဖလှယ်နေရလျှင်လည်း ထိုကိစ္စက သူတော်စင်သခင်အတွက် အကြီးအကျယ် ခေါင်းကိုက်စရာတစ်ခု ဖြစ်လာနိုင်ပေသည်။
“အဆင့်သတ်မှတ်ချက် ထုတ်ပြန်ပြီးသွားရင် ငါ့အတွက်လည်း မိတ္တူတစ်စောင်ယူခဲ့ပေး” ပြောပြီးနောက် ချင်းယွင်ကျိ ပျောက်ကွယ်သွားခဲ့၏။
အပြစ်တင်ခံရမှာက သူမဟုတ်သောကြောင့် သူထိုပွဲကို ပျော်ပျော်ကြီးထိုင်ကြည့်ချင်နေခဲ့၏။
ထိုစဉ်ကျန်းယန်ကတော့ သူတော်စင်သခင်တွက်ပေးထားခဲ့သည့်အတိုင်းပင် ပညာရှင်များအဆင့်ကို တစ်ခုချင်းသေချာစာရင်းတွင် ထည့်နေခဲ့လေသည်။
ထို့နောက် သူထိုစာရင်းကို အဇူရာတိမ်သတင်းစာတိုက်က လျူမင့်ဆီပေးလိုက်ပြီး ထိုစာရင်းကို စက္ကူအကောင်းစားသုံးကာ ထုတ်ဝေဖို့ ညွှန်ကြားလိုက်၏။ စာရင်း၏ ခေါင်းစဉ်မှာ
“အထွတ်အထိပ်အဆင့်သတ်မှတ်ချက်များ” ဟူ၍ ဖြစ်သည်။
လျူမင်စိတ်လှုပ်ရှားစွာပင် ရိုက်နှိပ်လေတော့၏။
မကြာခင်တွင် ထိုစာရင်းကို နေရာအနှံ့အပြားတွင် ဖြန့်ချီနိုင်ခဲ့သည်။
အဇူရာတိမ်မြို့ထဲရှိ သူလျှိုများကလည်း ချက်ချင်းဆိုသလို ထိုစာရင်းကို သက်ဆိုင်ဂိုဏ်းများဆီ ပြန်ယူသွားခဲ့ကြ၏။
အထဲက အကြောင်းအရာကိုဖတ်ပြီးသောအခါ လူတိုင်းကြောင်အသွားခဲ့ကြသည်။
ကမ္ဘာ့အသန်မာဆုံး ပညာရှင်များရဲ့ စာရင်းတဲ့လား။
ဘယ်သူက ထိုသို့အဆင့်သတ်မှတ်ဖို့ သတ္တိရှိနေပါသနည်း။
အဇူရာတိမ်သတင်းစာက ထိုမျှအထိ အရည်အသွေးရှ်ိလာပေခြင်းလော။
သို့သော် ထိုစာရင်းအောက်က သူတော်စင်သခင်ကိုယ်တိုင် တွက်ချက်ထားသည် ဟူသောစာကို မြင်လိုက်ရသောအခါ ဘယ်သူမှ ဆက်မငြင်းရဲကြတော့ပေ။
သူတော်စင်သခင်ကိုယ်တိုင်သည် ကမ္ဘာ့အသန်မာဆုံးပညာရှင်များတစ်ယောက်ဖြစ်သောကြောင့် သူ့တွင် ထိုသို့တွက်ချက်ပိုင်ခွင့် ရှိပေသည်။
မကြာခင်တွင် လူတိုင်းက ထိုစာရင်းကို အသည်းအသန်ရှာဖွေကြည့်ရှုကြတော့၏။
“အထွတ်အထိပ်အဆင့်သတ်မှတ်ချက်များ
၁။ ကျိုးရွှမ်းရှန်
အသက် : နှစ်ပေါင်း ၃၅၀၀
တာအိုအောင်မြင်ခဲ့သောသက်တမ်း : နှစ်ပေါင်း ၂၀၀၀
လက်ရှိအဆင့်: ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်
တိုက်ပွဲမှတ်တမ်း : လွန်ခဲ့သောနှစ် ၂၀၀၀ က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ထဲ ၀င်ရောက်ပြီးပြီးချင်းပင် သူသည် မြင့်မြတ်ဝိညာဉ်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ တုန်းက သူ ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်သို့ရောက်ခဲ့စဉ်က ထိုစဉ်က အဇူရာတိမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို အဆင့်တူတွင်စိန်ခေါ်ခဲ့ပြီး အနိုင်ရရှိခဲ့ပါသည်။
…..
သူတော်စင်သခင်၏ မှတ်ချက် : “ကျင့်ကြံခြင်းအဆင့်တွင် တုနှိုင်းမဲ့ပြီး တာအိုနည်းစနစ်တွင် ပြိုင်ဘက်ကင်းသည်။”
အဆင့် ၂။ ချန်ရှောင်ချူ(လက်ရှိ ရှို့ယိဘုရားကျောင်း ဂိုဏ်းချုပ်)
အသက်: နှစ်ပေါင်း ၂၉၀၀
တာအိုအောင်မြင်ခဲ့သော သက်တမ်း : နှစ်ပေါင်း ၂၀၀၀
လက်ရှိကျင့်ကြံခြင်းအဆင့် : ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်၊ ဓားကျင့်ကြံသူ
……..
သူတော်စင်သခင်၏ မှတ်ချက် : ဓားပညာတွင် ပြိုင်ဘက်ကင်းပြီး ထက်ရှမှုတွင် ပြိုင်ဘက်မဲ့သည်။
…….
အဆင့် ၁၅။ ကျိုးကျွင်းချန်
….
သူတော်စင်သခင်၏ မှတ်ချက် : ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အောက်က ဘယ်သူ့ကိုမှ မရှုံးနိုင်သလို ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်က ဘယ်သူ့ကိုမှလည်း မနိုင်ပါ။
မရေတွက်နိုင်သော ကျင့်ကြံသူများက ထိုစာရင်းကို စိတ်၀င်တစား ဖတ်ရှုနေခဲ့ကြ၏။
လူပေါင်းများစွာအတွက် ထိုကဲ့သို့သော ကျင့်ကြံခြင်းကမ္ဘာက ပညာရှင်ကြီးများအကြောင်းသိရှိရခြင်းက ပထမဆုံးအကြိမ် ဖြစ်နေခဲ့သည်။
အချို့ဆိုလျှင် ထိုနာမည်များကိုအရင်ကတစ်ခါမှ မကြားခဲ့ဖူးပေ။
ဘယ်ကျင့်ကြံသူက ကမ္ဘာ့ထိပ်သီးပညာရှင်များအကြောင်း မသိချင်ဘဲ နေပါမည်နည်း။
အချိန်တစ်ခုအကြာအထိ ထိုအထွတ်အထိပ်အဆင့်သတ်မှတ်ချက်အကြောင်းက ကမ္ဘာတစ်၀န်းလုံးတွင် လူပြောများစရာ ဖြစ်သွားခဲ့သည်။
ထိုစဉ် ဂိုဏ်းကိုယ်စားလှယ်များကလည်း ထိုမိတ္တူများကို သူတို့ဂိုဏ်းကိုယ်စီသို့ တတ်နိုင်သလောက်မြန်မြန် ပြန်ယူသွားခဲ့ကြ၏။
လန်ကျားအထွတ်အမြတ်မြေတွင် သူတော်စင်သခင် ထိုမိတ္တူကိုမြင်လိုက်သောအခါ ကြက်သေသေသွားခဲ့သည်။ အထူးသဖြင့် သူတော်စင်သခင်ကိုယ်တိုင်တွက်ချက်ထားသည် ဟူသောစာကို မြင်သောအခါတွင် ဖြစ်၏။
သူလေအေးများ ရှုသွင်းလိုက်မိပြီး တုန်ပင်တုန်ရီလာခဲ့သည်။
“အဲ့ဒီခွေးကောင်လေးကို သေအောင်ရိုက်သတ်ပစ်မယ်ကွ”
သူ့သာမန်အတိုင်း ရှင်းပြချက်လေးကနေ အခုလိုစာရင်းမျိုးထိ ဖြစ်လာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
အခုတော့ သူ့ကိုအခြားကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များက ဘယ်လိုမြင်သွားပါတော့မည်နည်း။
များစွာသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ပြောကြမည်မှာ
“သူတော်စင်သခင်က သူ့ကိုယ်သူဘာကောင်ထင်လို့ ငါတို့ကိုတွက်ချက်ပေးရမှာလဲ ငါတို့သူနဲ့နည်းနည်းတော့ သွားဆွေးနွေးသင့်ပြီထင်တယ်”
များစွာသော ကပဘေးဖြတ်ကျော်ခြင်းအဆင့်များ သူနှင့်ဆွေးနွေးဖို့ တန်းစီနေသည်ဟု တွေးလိုက်မိရုံနဲ့တင် သူခေါင်းကိုက်လာခဲ့မိသည်။
သူထိုအကြောင်းပြောခဲ့မိသည်ကို သူအတော်ကြီး နောင်တရနေခဲ့မိ၏။
ကျန်းယန်သည် သူ့ကိုလှည့်စားသွားခဲ့ပြန်ချေပြီ။
သူ့အတွက်တစ်ခုတည်းသော စိတ်သက်သာစရာမှာ ကျိုးရွှမ်ရှန်းနှင့်တာအိုသခင်တို့ကို သူတွက်ချက်ပေးလိုက်ခြင်းက မျှတနေ၍ တော်သေးသည်။
ထိုနှစ်ယောက်သာ သူ့ကို လာစိန်ခေါ်လျှင် သူ့အတွက် မလွယ်လှပေ။
သူတော်စင်သခင် ချက်ချင်း အဇူရာတိမ်ဂိုဏ်းကိုသွားကာ ကျန်းယန်ကို ထုရိုက်ပစ်ချင်စိတ် ဖြစ်နေခဲ့၏။
လန်ကျားအထွတ်အမြတ်မြေက အကြီးအကဲများကလည်း သူ့ကိုထူးဆန်းစွာ ကြည့်ရှုနေခဲ့ကြသည်။
သူ့အမူအရာအရ သူတို့ဂိုဏ်းချုပ်၏ တွက်ချက်ပေးမှုသည် တစ်ခုခုမှားနေပြီဖြစ်မှန်း သိသာနေခဲ့၏။
အထူးသဖြင့် ကျိုးကျွင်းချန်အပေါ် မှတ်ချက်ဖြစ်သည်။
ထိုမှတ်ချက်ကြီးက ရက်စက်လွန်းလှ၏။
“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အောက်က ဘယ်သူ့ကိုမှ မရှုံးသလို ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အတွင်းက ဘယ်သူ့ကိုမှလည်း မနိုင်ပါ” ဟူသော မှတ်ချက်ကြီးက အတော်ကြီးက ရွဲ့စောင်းစောင်းနိုင်လှသည်။
“ဟူးးး” သူတော်စင်သခင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိ၏။
မေ့လိုက်ပါတော့ တစ်ကြိမ်ထပ်မနည်းလှည့်စားခံရနေရမှတော့ မထူးတော့ပါဘူး။
အကြိမ်များစွာ လှည့်စားခံရပြီးနောက် သူထိုအရာကို အသားပင်ကျလာခဲ့သည်။
ထို့နောက် သူအကြီးအကဲများကို ရုတ်တရက် လေးလေးနက်နက်ကြည့်လိုက်၏။
“ငါေတွးနေတာ ငါတို့ကျောင်းတော်သားပညာရှ်ိတွေဆိုတာ ဉာဏ်ကောင်းတဲ့သူတွေဖြစ်သင့်တာ ငါတို့ဦးနှောက်ကို ပိုသုံးရမယ်
ဘာလို့ငါတို့ကရော အဲ့ဒီလိုအရာမျိုး မဖန်တီးနိုင်ရမှာလဲ”
ကျားရှန်မျက်လုံးများ တောက်ပသွားခဲ့သည်။
“ကျွန်တော်တို့ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက် ဖန်တီးမယ်ဆိုရင်ရော
အဇူရာတိမ်ဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ဖန်တီးလိုက်ပြီမလား ကျွန်တော်တို့က တာအိုပေါင်းစည်းခြင်းအဆင့်နဲ့နတ်ဝိညာဉ်အဆင့် သတ်မှတ်ချက်တွေကို ဖန်တီးမယ်ဆိုရင်ရော”
တုရှန် သူ့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်သည်။
“ဆိုတော့ သူတို့ကိုတိုက်ရိုက်ကူးချမှာလား”
ကျားရှန် ချက်ချင်းလည်ကိုမတ်လိုက်ကာ
“အဲ့တာကို အကြံဉာဏ်ချေးငှားတာလို့ခေါ်တယ် ပညာရှိတွေရဲ့အလုပ်ကို ကူးချတာလို့ ပြောလို့မရဘူး”
သူတော်စင်သခင် ခေါင်းခါလိုက်၏။
“အဲ့ဒီလိုလုပ်လို့ အဓိပ္ပာယ်မရှိဘူး အဇူရာတိမ်ဂိုဏ်းက ဒါကိုအရင်လုပ်ပြီးပြီဆိုတော့ ငါတို့လိုက်လုပ်ရင် ငါတို့ဂုဏ်သိက္ခာထိခိုက်သွားလိမ့်မယ်
အဲ့ဒီအစား အခြားအသစ်တစ်ခုခုတွေးကြ”
အကြီးအကဲများချက်ချင်းဆိုသလို အတွေးနက်သွားခဲ့ကြသည်။
သူတို့ဘာကို ဖန်တီးရပါမည်နည်း။
ထိုစဉ် ကမ္ဘာတစ်၀န်းလုံးရှိ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ဒေါသထွက်နေခဲ့ကြ၏။
သူတို့ထဲတွင် ကျိုးကျွင်းချန်ကတော့ ဒေါသအထွက်ဆုံးပင်။
“အဲ့ဒီခွေးအိုကြီးက ငါ့ကိုတကယ်ကြီး စော်ကားရဲသလား”
အဆင့်သတ်မှတ်ချက်ကို ကိုင်ထားရင်း သူ့မျက်နှာပင်ဒေါသကြောင့် စိမ်းတက်လာခဲ့သည်။
၀မ်လင်းဂိုဏ်းက အကြီးအကဲများကတော့ သူ့ကို စာနာဟန်ဖြင့် ကြည့်ရှုနေခဲ့၏။
သူ့နေရာတွင် သူတို့ဆိုလျှင်လည်း ဒေါသမထွက်ဘဲ နေနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် ဤအရာက လူသိရှင်ကြားအရှက်ခွဲခြင်းသာ မဟုတ်ပါလော။
ကျိုးရွှမ်ရှန်း ကျိုးကျွင်းချန်ကိုတစ်ချက်ကြည့်ကာ အေးအေးဆေးဆေးညွှန်ကြားလိုက်လေသည်။
“တံခါးပိတ်ကျင့်ကြံပြီး မင်းခွန်အားကိုတိုးတက်ရေးမှာပဲ အာရုံစိုက်ထားလိုက် ပြီးရင် မင်းအဲ့ဒီအဖိုးကြီးကို သင်ခန်းစာသွားပေး”
သူထိုသို့ပြောနေသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စာနာမိနေခဲ့၏။
သို့သော်လည်း ကံဆိုးစွာဖြင့် ကျိုးကျွင်းချန်၏တိုက်ခိုက်ရေးစွမ်းအားက အလွန်အားနည်းမှန်း သူလည်း သိနေခဲ့သည်။
သူကိုယ်တိုင်ကတော့ စာရင်း၏ထိပ်ဆုံးတွင် ရှိနေခြင်းဖြစ်သောကြောင့် ထိုစာရင်းနှင့်ပတ်သက်ပြီး သူမကျေနပ်ခြင်း မရှိပေ။
အဆင့် ၁ က ဘာမပျော်ရွှင်စရာ ရှိပါမည်နည်း။
တကယ်တော့ ကျန်းယန် ထိုစာရင်းတွင်တမင်လျှော့ထားပေး၍သာ သူတော်စင်သခင် သိပ်ခေါင်းမကိုက်ရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် မဟာမိတ်များပင် မဟုတ်ပါလော။
ထိုစဉ် ကျန်းယန် လျူမင်ကိုညွှန်ကြားနေခဲ့၏။
“အခု အထွတ်အထိပ်အဆင့်သတ်မှတ်ချက်က ထွက်လာပြီဆိုတော့ ငါတို့တွေ အရင်ကပြင်ဆင်ထားတဲ့ အခြားအဆင့်သတ်မှတ်ချက်တွေကိုပါ ထုတ်လို့ရပြီ
ငါတို့လူတွေကို ကာကွယ်ထားပြီး အခြားသူအကုန်သာထည့်
အထူးသဖြင့် ငါတို့ရန်သူတွေကိုတော့ ဒေါသထွက်လွန်းလို့ မအိပ်နိုင်အောင်ထိဖြစ်သွားအောင် လုပ်ရမယ်”
လျူမင်စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ကာ
“စိတ်မပူပါနဲ့ စီနီယာအစ်ကိုကြီး ကျွန်တော်ချက်ချင်း စီစဉ်လိုက်ပါ့မယ်”
သူသည် ထိုအဆင့်သတ်မှတ်ချက်အတွက် ပြင်ဆင်ထားတာ ကြာပြီ ဖြစ်သည်။
အခုအပြစ်မှန်သမျှကို သူတော်စင်သခင်က ခံပေးမည်ဆိုမှတော့ ဘာမလုပ်ရဲစရာ ရှိပါတော့မည်နည်း။