← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 38 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 38 Ch. 391-392

အပိုင်း(၃၉၁)

ပါရမီရှင်အဆင့်သတ်မှတ်ချက်

အထွတ်အထိပ်အဆင့်သတ်မှတ်ချက်ထွက်လာပြီး မကြာခင်တွင် ပါရမီရှင်အဆင့်သတ်မှတ်ချက်ကို အဇူရာတိမ်ဂိုဏ်းက ထုတ်ဝေခဲ့၏။

ရှင်းလင်းစွာပင် အဆင့် ၁ ကတော့ ကျိုးလင်ဖြစ်သည်။

ထုံးစံအတိုင်းပင် အောက်တွင်လည်း မှတ်ချက်တစ်ခုပါ၏။

“ကမ္ဘာကို ထွန်းလင်းသော နေအလင်းနတ်ဘုရားပညာရပ်”

အဆင့် ၂ကတော့ လင်းရှုဖြစ်သည်။

“ပြိုင်ဘက်ကင်း ထက်ရှသော ဓားစွမ်းအင်များ နေရာတိုင်းတွင်ပြည့်နှက်”

လက်ရှိအဇူရာတိမ်ဂိုဏ်းတွင် ရောက်ရှိနေသော ကုန်းရှို့ပင်းပင် စာရင်းထဲတွင်ပါလာခဲ့ပြီး သူကတော့ အဆင့် ၁၃ ဖြစ်၏။

သူထိုစာရင်းနှင့်ပတ်သက်ပြီး သိပ်စိတ်မကျေမနပ်မဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော် သူ့အထက်တွင်ရှိသော ကျိုးလင် လင်းရှု နှင့် လန်ချင်းဖုန်းတို့၏ ခွန်အားကို သူသိနေ၍ ဖြစ်သည်။ ထို့ကြောင့် သူလက်ခံနိုင်ပေသည်။

သို့သော် သူ့အောက်က မှတ်ချက်ကိုကြည့်လိုက်မိသောအခါတွင်တော့ သူဒေါသအိုး ပေါက်ကွဲသွားခဲ့၏။

“သူတော်စင်သခင်၏သား သူ့အဖေ၏နည်းစနစ်များကို အမွေဆက်ခံထားသည်”

ဒါလေးပင်။

ထိုစာကိုဖတ်ကြည့်ရုံနှင့် သူ့ကိုစော်ကားထားမှန်း လူတိုင်း မြင်နိုင်ကြပေလိမ့်မည်။

သူ့တွင် သူ့အဖေ၏အမွေအနှစ်ကိုဆက်ခံထားသည်ဟူသော အချက်ကလွဲပြီး ဘာထူးခြားတာမှ ရှိ‌မနေခြင်းပေလော။

ဒေါသထွက်နေသော ကုန်းရှို့ပင်းချက်ချင်း အဇူရာတိမ်သတင်းစာတိုက်ဆီရောက်သွားကာ လျူမင်ကို မေးခွန်းထုတ်လိုက်၏။

“ဒီစာရင်းကို ဘယ်သူလုပ်ထားတာလဲ ဒီမှတ်ချက်ကို ဘယ်သူရေးတာလဲ”

လျူမင် အေးအေးဆေးဆေးပြန်ပြောလိုက်သည်။

“အဲ့တာ စီနီယာအစ်ကိုကြီးရေးထားတာပါ”

“ကျန်းယန်လား”

“ဟုတ်ပါတယ်”

ကုန်းရှို့ပင်း ကြက်သေသေသွားခဲ့သည်။

အခြားသူများဆိုလျှင် သူအထွန့်တက်ချင်သော်လည်း ရေးထားသည်က ကျန်းယန်ဖြစ်နေခဲ့၏။

ကျန်းယန်သည် သူ့ကိုအကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့သူဖြစ်ပြီး ထပ်ခါထပ်ခါလည်း လှည့်စားနေသူဖြစ်ကာ အခုဆိုလျှင် ထိုကောင့်ကြောင့် သူအဇူရာတိမ်မြို့ထဲတွင်ပင် လာပုန်းနေခဲ့ရသည်။

အားလုံးက ကျန်းယန်ကြောင့်ပင်။

ဒါဆို ကျန်းယန်တွင် သူ့ကိုအကဲဖြတ်ခွင့် ရှိပါသလော။

ဒါပေါ့ သေချာပေါက် ရှိပေသည်။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်တွင် ကျန်းယန်သည် ပါရမီရှင်ဟုခေါ်သောသူများကို တစ်ယောက်ချင်းစိန်ခေါ်ပြီး ရိုက်ပြခဲ့၏။

သူ့တွင်မှ အကဲဖြတ်ခွင့်မရှိလျှင် ဘယ်သူ့တွင်ရှိပါဦးမည်နည်း။

သို့သော် ကုန်းရှို့ပင်းအလွန်အမင်းဒေါသထွက်နေဆဲပင်။

ကျန်းယန်တမင်သက်သက် သူ့ကိုအနိုင်ကျင့်နေတာဟုပင် သူသံသယရှိနေခဲ့သည်။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူစိတ်အေးအေးထားနိုင်ဖို့ ကြိုးစားလိုက်၏။

“ဒါဆို ကျန်းယန်ကဘာလို့စာရင်းထဲ မပါတာလဲ” သူမေးလိုက်သည်။

လျူမင် လေးလေးနက်နက်ဖြေလိုက်၏။

“ကျွန်တော်အဲ့ဒီအကြောင်း စီနီယာအစ်ကိုကြီးကိုမေးခဲ့ပါတယ် အစ်ကိုကြီးပြောတာကတော့ စာရင်းထဲက သူတွေက နတ်ဝိညာဉ်အဆင့်တွေချည်းပဲတဲ့ သူကတော့ ဝိညာဉ်အခြေတည်အဆင့်ပဲရှိသေးတာတဲ့ အဲ့တော့ သူအဲ့စာရင်းထဲပါလာရင် စာရင်းထဲကသူတွေ လက်ခံမှာ မဟုတ်ဘူးတဲ့”

ကုန်းရှို့ပင်း ကျိန်ဆဲမိတော့မလိုပင် ဖြစ်သွားခဲ့သည်။

“ချီးကို ဝိညာဉ်အခြေတည်အဆင့်လား….”

ကျန်းယန်ဘာကြောင့် နတ်ဝိညာဉ်အဆင့်မရောက်သေးလဲ သူမသိသော်လည်း ဘယ်သူမှသူ့ကို သာမန်ဝိညာဉ်အခြေတည်အဆင့်ကို မဆက်ဆံကြတာကိုတော့ သူသေချာသိပေသည်။

“အခြားမေးစရာရှိသေးလား စီနီယာ” လျူမင် မေးလိုက်၏။

ကုန်းရှို့ပင်း အံကိုတင်းတင်းကြိတ်ကာ သူ့‌ဒေါသပေါက်ကွဲထွက်မလာအောင် ထိန်းနေခဲ့ရသည်။

အတန်ကြာအောင်ရပ်နေပြီးမှ သူခပ်တောင့်တောင့်ပြုံးလိုက်ပြီး

“ငါ့အောက်က မှတ်ချက်ကို ပြောင်းပေးလို့ရလား”

လျူမင်အေးအေးဆေးဆေးပြန်ဖြေလိုက်၏။

“စီနီယာအစ်ကိုကြီးပြောတာတော့ တစ်ယောက်ယောက်က အဆင့်နဲ့ပတ်သက်ပြီး မကျေနပ်ရင် သူ့အထက်ကလူကိုစိန်ခေါ်လို့ရတယ်တဲ့ တကယ်လို့ စီနီယာနိုင်ရင် အဆင့်တက်သွားလိမ့်မယ်

ပြီးတော့ မှတ်ချက်နဲ့ပတ်သက်ပြီးမကျေနပ်ရင်တော့ သူ့ကိုပဲ ကိုယ်တိုင် သွားရှာလိုက်ပါ သူစီနီယာနဲ့ ဆွေးနွေးပေးလိမ့်မယ်”

ကုန်းရှို့ပင်းလုံး၀တိတ်ဆိတ်သွားခဲ့လေသည်။

ကျန်းယန်သည် သူ့နှလုံးသားထဲမှ အရိပ်ဆိုးကြီးတစ်ခုဖြစ်နေပြီဖြစ်သောကြောင့် သူထိုကောင်နှင့် ထပ်‌မတွေ့ရဲတော့ပေ။

သူ့ကို တွေ့ဖို့တဲ့လား။

သူ့အတွက် ထိုကိစ္စနှင့်ပတ်သက်ပြီး အခွင့်အရေးရှိတော့ပုံ မပေါ်ပေ။

ကုန်းရှို့ပင်းခေါင်းငိုက်စိုက်ကျကာ အဇူရာတိမ်သတင်းစာတိုက်ထဲမှ ထွက်ခွာလာခဲ့လေသည်။

အိမ်ပြန်ရောက်သောအခါ သူ့စိတ်ဓာတ်ကျနေသော အမူအရာကို သူ့ဦးလေး ကုန်းရှန်သတိထားမိသွားခဲ့၏။

“ဘာဖြစ်ခဲ့လို့လဲ”

“ဘာမှမဟုတ်ပါဘူး…” ကုန်းရှို့ပင်း အားနည်းစွာ ပြန်ပြောလိုက်သည်။

သို့သော် ကုန်းရှန် သူ့လက်ထဲက ပါရမီရှင်စာရင်းကိုဖတ်ပြီးပြီဖြစ်သောကြောင့် အခြေအနေကို နားလည်သွားခဲ့၏။

ကုန်းရှန် အသာအယာပြုံးကာ မေးလိုက်သည်။

“မင်းမင်းအဖေကို တကယ်နားလည်ဖူးလား”

“နားလည်တာပေါ့” ကုန်းရှို့ပင်း ခေါင်းငြိမ့်ပြလိုက်၏။

သူသူ့အဖေကို ဘယ်နားမလည်ဘဲ နေပါမည်နည်း။

ကုန်းရှန် ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး မင်းသူ့ကိုလုံး၀နားမလည်ဘူး”

သူအေးအေးဆေးဆေးဆက်ပြောလိုက်၏။

“မင်းအဖေက မင်းအခုလိုလုပ်နေသလိုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး ငါကသူ့ထက် အများကြီးငယ်တာမဟုတ်တော့ သူ့ကို ကောင်းကောင်းကြီး နားလည်တယ်

သူကသူတော်စင်သခင်အဖြစ် မွေးဖွားလာတာမဟုတ်သလို အဲ့ဒီပြိုင်ဘက်ကင်း နည်းစနစ်တွေကိုလည်း အစကတည်းက တတ်ထားတာမဟုတ်ဘူး”

သူပါရမီရှင်အဆင့်ကိုတစ်ချက်ကြည့်ကာ အဓိပ္ပာယ်ပါပါပြောလိုက်သည်။

“မင်းအဖေမင်းကိုသင်ပေးထားတဲ့ နည်းစနစ်တွေအပြင် မင်းဟာမင်းနားလည်ထားတဲ့ ကိုယ်ပိုင်နည်းစနစ်ဆိုတာ ရှိလား

မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို တည်ဆောက်ပြီးသွားပြီလား

မင်းလမ်းစဉ်ကို ရှာတွေ့ပြီးပြီလား

မင်းမှာဘာမှမရှိဘူးမလား

အရိုးသားဆုံးပြောရရင် ဒီအကဲဖြတ်မှုက မမှားဘူး”

ကုန်းရှို့ပင်းမျက်နှာ ဖြူဖျော့သွားခဲ့၏။

ထို့နောက် ကုန်းရှန် အဇူရာတိမ်သတင်းစာအဟောင်းတစ်ခုကိုထုတ်ကာ ထိုထဲက အကြောင်းအရာတစ်ခုကို လက်ညိုးထိုးပြလိုက်သည်။

“မင်းဒါကိုဖတ်ပြီးပြီလား”

ထိုစာ၏ခေါင်းစဉ်မှာ “အရင်းအမြစ်သီအိုရီ” ဖြစ်ပြီး ရေးသားသူမှာ ကျန်းချန်းရှန် ဖြစ်သည်။

“ကျွန်တော်ဖတ်ပြီးပြီ” ကုန်းရှို့ပင်း ဖြေလိုက်၏။

ကုန်းရှန် သက်ပြင်းချလိုက်သည်။

“အဲ့ဒီကလေးက သူ့လမ်းစဥ်ကို ရှာတွေ့သွားပြီ သူ့ကိုယ်ပိုင်တာအိုကို တည်ဆောက်နေပြီ

ဟူးးး အဲ့ဒီလိုပါရမီရှင်က အရင်တုန်းက လန်ကျားအထွတ်အမြတ်မြေအပိုင်ဖြစ်ခဲ့တာ နောက်ဆုံးတော့ အဇူရာတိမ်ဂိုဏ်းသားအဖြစ် အဆုံးသတ်သွားခဲ့ရတယ်”

သူကုန်းရှို့ပင်းကို လေးလေးနက်နက်ကြည့်လိုက်၏။

“မင်းအားလုံးကို လျစ်လျူရှုပြီး မင်းကိုယ်ပိုင်တာအိုကို ရှာဖွေဖို့ လိုတယ်

မဟုတ်ရင် မင်းဒီခေတ်မှာ နောက်ကျန်ရစ်ခဲ့လိမ့်မယ်”

“ဒါပေမယ့်…ကျွန်တော့်အဖေပြောတာက…” ကုန်းရှို့ပင်း တွန့်ဆုတ်နေခဲ့သည်။

ကုန်းရှန် ရုတ်တရက်ရယ်မောလိုက်၏။

“မင်းကမင်းအဖေကို စွဲလန်းလွန်းနေတာပဲ”

“သူက လေးစားအားကျဖို့ထိုက်တန်တဲ့သူဆိုပေမယ့် မင်းအတွက်တော့ အဲ့တာက အန္တရာယ်ပဲ”

ထို့နောက် သူပိုပြီး အံ့ဩတုန်လှုပ်စရာကောင်းသော စကားတစ်ခွန်းကို ပြောလိုက်လေသည်။

“ဒီနေ့ကစပြီး သူပြောတာကို လုံး၀နားမထောင်နဲ့တော့

တွေးကြည့်စမ်းပါ မင်းကမင်းအဖေကိုတောင် ကလန်ကဆန်လုပ်နိုင်ရင် ဘယ်အရာက မင်းကိုထိန်းချုပ်ထားနိုင်တော့မှာလဲ

မင်းသာလုံလောက်အောင် သန်မာလာရင် သူတောင်မင်းကိုရိုက်နိုင်မှာမဟုတ်တော့ဘူ အနည်းဆုံးတော့ မင်းထွက်ပြေးလို့ ရတယ်ကွာ ဟုတ်တယ်မလား”

“အဇူရာတိမ်ဂိုဏ်းကမင်းကိုအဲ့ဒီကောင်မလေးကို မပေးဘူးလား

ဒါဆိုမင်းဟာမင်းယူလိုက်လေ

ကျန်းယန်က မင်းကိုအဆင့်သတ်မှတ်ချက်မှာ အနိုင်ကျင့်လား ဒါဆို မင်းကိုယ်တိုင်အဆင့်သတ်မှတ်ချက်ကို ပြင်လိုက်လေ”

“ဒါပေမယ့် အဲ့တာတွေအားလုံးကို လုပ်နိုင်ဖို့ ခွန်အားလိုတယ်”

“မင်းမှာလုံလောက်တဲ့ခွန်အားရှိမှသာ မင်းမှာရွေးချယ်ပိုင်ခွင့် ရှိလိမ့်မယ်”

ကုန်းရှို့ပင်း ထိုနေရာတွင် အတန်ကြာအောင် ရပ်နေခဲ့မိသည်။

ထို့နောက် နောက်ဆုံးတွင် သူအသာအယာ‌ဦးညွတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် ဦးလေးရှန် ကျွန်တော်တံခါးပိတ်ကျင့်ကြံခြင်း ၀င်တော့မယ်”

“သွားတော့” ကုန်းရှန် လက်ယမ်းပြကာ ပြောလိုက်သည်။

သူသည် အဇူရာတိမ်မြို့သို့ လန်ကျားအထွတ်အမြတ်မြေမှတပည့်များကို ကာကွယ်ရန်နှင့် တပည့်များ အဇူရာတိမ်ဂိုဏ်းဆီရောက်မသွားအောင်လုပ်ဖို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။

သို့သော် အခု ကုန်းရှို့ပင်း၏စိတ်အခြေအနေက ဆိုးရွားနေသောကြောင့် သူလမ်းကြုံ လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သည်။

ကုန်းရှို့ပင်းသည် တကယ့်ပါရမီရှင်တစ်ယောက်ဖြစ်၏။

သို့သော် သူသည် မွေးကတည်းက သူတော်စင်သခင်၏သားဟူသော လေးလံသည့် ၀န်ထုပ်၀န်ပိုးကြီးကို သယ်ဆောင်ထားခဲ့ရသည်။

ထို့ကြောင့် သူသည် သူတော်စင်သခင်ဟူသော အရိပ်မည်းကြီးအောက်မှ ရုန်းမထွက်နိုင် ဖြစ်နေခဲ့ရ၏။

ဒီတိုင်းသာဆက်သွားနေလျှင် သူ့အတွက် ပိုဆိုးလာဖို့သာ ရှိတော့သည်။

ထို့ကြောင့် သူတော်စင်သခင်က ကျန်းယန်ကိုသုံးကာ သွယ်ဝိုက်သောနည်းဖြင့် သူ့ကို ပုံသွင်းနေခဲ့ခြင်း ဖြစ်၏။

အခု ကုန်းရှန်က သူ့ကိုနောက်ထပ်တွန်းအားတစ်ခု ပေးခဲ့ပြန်ချေပြီ။

သူ့လမ်းစဉ်ကို ရှာတွေ့မတွေ့ကတော့ သူ့အပေါ်တွင်သာ မူတည်ပေတော့သည်။

ထိုစဉ် သူတော်စင်သခင် ပါရမီရှင်အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။

အကယ်၍ သူသာ အရင်က သူ့သားကိုအများကြီး ကာကွယ်ပေးမနေခဲ့လျှင်အခြေအနေများက များစွာ ပြောင်းလဲသွားနိုင်ပေလောက်သည်။

အခုတော့ သူ့သားတစ်ယောက် အဇူရာတိမ်မြို့တွင် သူ့ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့နိုင်ဖို့သာ သူမျှော်လင့်နေရတော့၏။

ပိုင်း(၃၉၂)

ကောင်းကင်နှလုံးသားကျွန်းရောက်ရှိလာခြင်း

ကျန်းယန် မြို့ချဲ့ထွင်နေမှုကို စစ်ဆေးဖို့ အဇူရာတိမ်မြို့ဆီ ရောက်ရှိလာခဲ့၏။

မြို့သည် အဇူရာတိမ်ဂိုဏ်းအပြင်နားတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအခါ လီ ၃၀၀ ပတ်လည်အထိ ချဲ့ထွင်နေပြီဖြစ်သောကြောင့် နေထိုင်စရာနေရာများ ပိုမိုများပြားလာပေတော့မည်။

နေရာတိုင်းတွင် အလုပ်လုပ်နေသော ဆောက်လုပ်ရေးအလုပ်သမားကျင့်ကြံသူများကို မြင်သောအခါ ကျန်းယန် အတော်လေး စိတ်ကျေနပ်နေခဲ့သည်။

ကျန်းယန် ထိုခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကို မြို့တည်ဆောက်ရေး၌ ပါ၀င်ခွင့်ပြုလိုက်ခြင်းမှာ သူတို့တွင် အလုပ်သမား လစ်ဟင်းနေ၍ မဟုတ်ပေ။ သူ့ရည်ရွယ်ချက်မှာ ထိုမျှမရိုးရှင်းပေ။

မြို့ဆောက်လုပ်ရေးတွင် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများပါ၀င်နေသောကြောင့် မြို့ကို တည်ဆောက်ပြီးသွားလျှင်ဤမြို့သည် ထိုသူများ သူ့ခြေသူ့လက်ဖြင့် တည်ဆောက်ထားသော သူတို့အိမ်ဖြစ်ဖို့ ကျန်းယန် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

“စီနီယာအစ်ကိုကြီး ဒီရောက်နေတာပဲ” ကျန်းကျစ်ချိုး အမြန်ရောက်လာကာ ပြောလိုက်သည်။

“ပြဿနာတစ်ခုခုရှိလို့လား”

“အဇူရာတိမ်မြို့မှာ လူနှစ်ယောက်လောက်ကို အခြေချစေပြီးပြီလဲ” ကျန်းယန် မေးလိုက်၏။

အကြမ်းဖျင်းစဉ်းစားပြီးနောက် သူဖြေလိုက်သည်။

“ဆောက်လုပ်ရေးမှာ ပါ၀င်နေတာက လူတစ်သိန်းလောက်တော့ ရှိတယ် မြို့သူမြို့သားတွေနဲ့ ပြောင်းရွှေ့နေထိုင်သူတွေပေါင်းလိုက်ရင် လူဦးရေက ၂သိန်းလောက်တော့ ရှိလိမ့်မယ်

ပြီးတော့ လူပေါင်း ၆သောင်းလောက်က အခြေချနေထိုင်ဖို့ စာရင်းပေးထားကြတယ် လူ ၄သောင်းလောက်ကတော့ စာရင်းပေးမထားဘူး”

ကျန်းယန်တခဏတွေးပြီးနောက် ပြောလိုက်၏။

“ဒီအကြောင်း လူတိုင်းသိရအောင် ထုတ်ပြန်လိုက် အဇူရာတိမ်မြို့သစ်တည်ပြီးသွားရင် အခြေချနေထိုင်ဖို့ စာရင်း‌ေပးထားသူ‌ေတွအားလုံး အိမ်တွေအလကားရမယ်

အခြေခံတည်ဆောက်ခြင်းအဆင့်တွေကတော့ အခန်းတွေရမယ်

ရွှေအမြုတေအဆင့်တွေက ခြံ၀န်းလေးတွေရမယ်

ဝိညာဉ်အခြေတည်အဆင့်တွေကတော့ ဗီလာအသေးလေးတွေ ရကြလိမ့်မယ်

ပြီးတော့ နတ်ဝိညာဉ်အဆင့်တစ်ယောက်ယောက်က ဆောက်လုပ်ရေးအဖွဲ့ထဲပါပြီး မြို့ထဲမှာ အခြေချနေထိုင်ချင်တယ်ဆိုရင် သူ့ကို အကောင်းဆုံးဆိုတဲ့ ဇိမ်ခံအိမ်ရာမျိုး ဆောက်ပေးလိုက်

ဒါပေမယ့် သူတို့ကို သတိပေးထား အိမ်ကနေဖို့အတွက်ပဲ ရောင်း၀ယ်ဖောက်ကားလို့မရဘူး သူတို့မြို့ထဲကထွက်သွားရင် အိမ်ကို မြို့ကပြန်သိမ်းမယ်”

ကျန်းကျစ်ချိုးမျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့၏။

သူသည် အစက မြို့သစ်ထဲကအိမ်များကို အမြတ်များများဖြင့် ရောင်းဖို့စီစဉ်ထားခြင်းဖြစ်ပြီး အခုတော့ ထိုနေရာများကို အလကားပေးပစ်မည် တဲ့လား။

ကျန်းယန် ပြုံးလိုက်သည်။

“လက်ငင်းရမယ့် အကျိုးကိုပဲ အာရုံစိုက်မထားနဲ့ ငါတို့မှာငွေကြေးလိုအပ်မနေဘူး အရေးကြီးတာက အဲ့ဒီလူတွေ မြို့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ပဲ

သူတို့ကို အိမ်ပေးလိုက်တယ်ဆိုတာ ဒီမြို့မှာနေအောင်လုပ်လိုက်တဲ့သဘောပဲ”

“ကျွန်တော်နားလည်ပါပြီ ချက်ချင်းစီစဉ်လိုက်ပါ့မယ်” ကျန်းကျစ်ချိုးနှေးကန်စွာ ပြန်ပြောလိုက်၏။

မကြာခင်တွင် ထိုကြေငြာချက်ထွက်ပေါ်လာခဲ့ပြီး ဆောက်လုပ်ရေးမြေတစ်ခုလုံး အောင်ပွဲခံသံများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

မရေတွက်နိုင်သော ကျင့်ကြံသူများက အမြဲတန်းနေထိုင်ခွင့်လျှောက်ရန် အဇူရာတိမ်မြို့အစိုးရရုံးဆီ အပြေးသွားနေခဲ့ကြ၏။

ဤသို့ဖြင့် ရက်အနည်းငယ်အတွင်း မြို့တွင်းအခြေချလိုသူသောင်းနှင့်ချီပြီး တိုးပွားလာခဲ့လေသည်။

ဆောက်လုပ်ရေးကို စစ်ဆေးပြီးနောက် ကျန်းယန် အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာခဲ့၏။

ဟူတလီသူ့ခြံ၀န်းထဲတွင် ပျင်းရိစွာ လှဲနေသည်ကိုတွေ့သောအခါ ကျန်းယန် သူ့ကို အသာအယာကန်ကျောက်လိုက်သည်။

“မင်းခွန်အားတွေကို ဒီမှာဖြုန်းမနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီ သွားအလုပ်လုပ် ပြင်းထန်တဲ့အလုပ်တွေလုပ်တာက မင်းကိုယ်ထဲက ဆေးစွမ်းအားချေဖျက်တဲ့နေရာမှာ အထောက်အကူပြုတယ်”

ထိုစကားကအဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပြီး ဟူတလီချက်ချင်းဆိုသလို အုတ်ခဲသယ်ဖို့ ထွက်ခွာသွားခဲ့၏။

ဟူတလီကို အလုပ်သမားဖြစ်လာအောင် လှည့်စားပြီးနောက် မြို့ထဲတွင် သူ့ကိုတွေ့ခွင့်တောင်းနေသည့် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရောက်နေမှန်း ကျန်းယန် ကြားလုိက်ရသည်။

သူအံ့အားသင့်သွားသည်မှာ ထိုလူက ကောင်းကင်နှလုံးသားကျွန်းမှဖြစ်နေသောကြောင့် ဖြစ်၏။

ကောင်းကင်နှလုံးသားကျွန်းသည် သူတို့နှင့်လီပေါင်းသိန်းချီဝေးသောအရပ်တွင် တည်ရှိခြင်းဖြစ်သောကြောင့် ရပ်ဝေးဧည့်သည်ဟု ဆိုရပေမည်။

ကျန်းယန် ချက်ချင်းသူတို့ကို ခွင့်ပြုလိုက်ပြီး အဇူရာတိမ်မြို့အပြင်တွင် သူတို့ကို ကြိုဆိုရန် လူများလွှတ်လိုက်လေသည်။

ကောင်းကင်နှလုံးသားကျွန်းမှလူများ ရောက်လာသောအခါ သူတို့ထဲတွင် ယိလင်ပါလာတာကို ကျန်းယန် တွေ့လိုက်ရ၏။

“တာအိုမိတ်ဆွေယိလင် မတွေ့တာကြာပြီနော် ကောင်းကင်နှလုံးသားကျွန်းက မိတ်ဆွေတွေအားလုံးကို ကြိုဆိုပါတယ်” ကျန်းယန်သူကိုယ်တိုင်ဦးဆောင်ကာ တောင်ပေါ်သို့ ခေါ်သွားရင်း ကြိုဆိုလိုက်လေသည်။

တာအိုပေါင်းစည်းခြင်းအဆင့်သည် အစောင့်အရှောက်အဖြစ် လိုက်လာတာ ထင်ရှားနေပြီး ထိုအဖွဲ့ကိုဦးဆောင်နေသူမှာ ယိလင် ဖြစ်ပေသည်။

“တာအိုမိတ်ဆွေကျန်းယန် မတွေ့တာ တကယ်ကြာသွားပြီပဲ” ယိလင်အသာအယာပြုံးကာ ပြောလိုက်၏။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲက နောက်ဆုံးတိုက်ပွဲမှာ ရှင်က ကျွန်မတို့ကို အတော်လေးလေးစားသွားစေခဲ့တာ”

ကျန်းယန်ဘာမှပြန်မပြောဘဲ နေရခက်စွာသာ ရယ်မောလိုက်သည်။

ထိုစဉ်က သူသည် လူတိုင်းကိုအမဲလိုက်ခဲ့ခြင်း ဖြစ်၏။ ဤနေရာမှာသာ ယိလင်မဟုတ်လျှင် သူလှောင်ပြောင်ပြီး ဖြစ်နေပေလိမ့်မည်။ သို့သော် ကောင်းကင်နှလုံးသားကျွန်းက ဘယ်ဘက်ကမှ မပါဘဲ အမြဲကြားနေဝါဒကိုသာ ကျင့်သုံးသောဂိုဏ်းဖြစ်သောကြောင့် ကျန်းယန် ယိလင်အပေါ် လေးစားမှု ရှိပေသည်။

ယိလင်အသာအယာသက်ပြင်းချလိုက်ကာ

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ရဲ့ နောက်ဆုံးနေ့တုန်းက ကျွန်မကပ်ဘေးကြီးတစ်ခုကို ကြိုမြင်လို့ လူတိုင်းကို သတိပေးဖို့ ကြိုးစားခဲ့သေးတယ်

ကံဆိုးစွာနဲ့ ဘယ်သူမှ နားမထောင်ခဲ့ကြဘူး

မဟုတ်ရင် အဲ့ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာခဲ့မှာမဟုတ်ဘူး”

ထိုတိုက်ပွဲတွင် များစွာသော ပါရမီရှင်များသေဆုံးသွားခဲ့ရခြင်းကြောင့် ကျင့်ကြံခြင်းကမ္ဘာကြီးသည် များစွာ နစ်နာခဲ့ရသည်။

ကျန်းယန် ယိလင်ကိုစိတ်၀င်တစားကြည့်လိုက်ကာ

“တာအိုမိတ်ဆွေက အနာဂတ်ကို ကြိုမြင်နိုင်တယ်လား”

ယိလင်ခေါင်းခါလိုက်၏။

“အနာဂတ်တစ်ခုလုံးကို မဟုတ်ပါဘူး တစ်ခါတလေ အနာဂတ်ရဲ့ အပိုင်းအစတစ်ချို့ကိုပဲ မြင်ရတာ”

ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။ ဤအရာက နိမိတ်ဖတ်ခြင်းနှင့်ပိုတူနေသလိုပင်။

ထို့နောက် သူထူးဆန်းစွာ မေးလိုက်၏။

“လတ်တလောရော ဘာပုံရိပ်မြင်ထားသေးလဲ”

ယိလင်အမူအရာ လေးနက်သွားခဲ့သည်။

“ကြောက်စရာကောင်းတဲ့ ပုံရိပ်တစ်ခုကို မြင်ခဲ့တယ်…ကောင်းကင်နဲ့မြေပြင်က ပြိုကွဲသွားပြီး မရေတွက်နိုင်တဲ့ သက်ရှိတွေ သေ‌ေကြ‌ေနကြတယ် ကုန်း‌ေမြတုိက်ကြီး‌ေတွလည်း တစ်စစီပြိုကွဲနေကြတယ် ဘယ်တုန်းကမှ ပေါ်မလာခဲ့ဖူး‌တဲ့ ကြောက်စရာမိစ္ဆာကြီးတွေ ဆင်းသက်လာတာကိုလည်း မြင်ခဲ့ရတယ်”

ကျန်းယန် အမူအရာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။

“အဲ့တာက ဘယ်နေရာမှာ ဖြစ်ခဲ့တာလဲ”

ယိလင်ခါးသက်သက်ပြုံးလိုက်၏။

“ပုံရိပ်တွေက ခဏလေးပဲပေါ်လာခဲ့တာ ဘယ်မှာဖြစ်နေတာမှန်း အတိအကျမသိဘူး အဲ့တာက ကျွန်မတို့ကမ္ဘာလားဆိုတာတောင် သေချာမသိဘူး

ဒါပေမယ့် လက်ရှိကျင့်ကြံခြင်းကမ္ဘာကြီးကို ကြည့်လိုက်တဲ့အခါ ထူးဆန်းနေတာဆိုလို့ အဇူရာတိမ်ဂိုဏ်းပဲ ရှိနေတယ်

အဲ့တာကြောင့် ကျွန်မလာခဲ့ရတာ”

အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကိုပိုင်ဆိုင်ထားသောဂိုဏ်းဖြစ်ပေသည်။ ထို့ကြောင့် သူ့အာရုံထဲက မိစ္ဆာများသာတကယ်ပေါ်လာမည်ဆိုလျှင် ထိုမိစ္ဆာများက အဇူရာတိမ်ဂိုဏ်းက မိစ္ဆာများနှင့် ဆက်စပ်နေနိုင်၏။

“ရှင်တို့ ဂရုစိုက်ရမယ်နော်” ယိလင် လေးလေးနက်နက်သတိပေးလိုက်သည်။

သူမအမြင်တွင် မိစ္ဆာများကသာထိုမျှဆိုးရွားသော ဖရိုဖရဲဖြစ်ရပ်များ ဖြစ်လာအောင် လုပ်နိုင်ကြသူများ ဖြစ်၏။

ကျန်းယန် တိတ်ဆိတ်သွားခဲ့သည်။

သူ့ပုံစံက ကိစ္စများစွာကို တစ်ချိန်တည်းတွင် ဆုံးဖြတ်နေရသလိုပင်။

အတန်ကြာတိတ်ဆိတ်နေပြီးမှ သူနောက်ဆုံးတွင်ပြုံးလိုက်သော်လည်း သူ့အပြုံးက ထူးဆန်းနေခဲ့၏။

“ဂရုစိုက်သင့်တာ ကျွန်တော်တို့မဟုတ်ပါဘူး” သူယိလင်ကို ပြောလိုက်သည်။

“မိတ်ဆွေတို့အားလုံးပါ”

ယိလင်ကြောင်သွားခဲ့၏။

“ဘာကို ဆိုလိုတာလဲ”

အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကို လွှတ်ပေးဖို့ရည်ရွယ်ထားပြီး ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်သွားစေချင်နေပါသလော။

ကျန်းယန် ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာတုန်းက မိစ္ဆာတွေပြန်လာလိမ့်မယ်လို့ အားလုံးကို သတိပေးပြီးပါပြီ

ပြန်လာပြီးတဲ့နောက်လည်း ကျွန်တော်တစ်ကြိမ်ထပ်သတိပေးတယ်

အခုလည်း အဲ့ဒီအကြောင်းကိုပဲ ပြောနေတာပါပဲ အနာဂတ်မှာ နောက်ထပ်မိစ္ဆာတွေ ဆင်းသက်လာလိမ့်ဦးမယ်

ဒါပေမယ့် ဘယ်သူမှ ကျွန်တော့်ကိုမယုံကြဘူး”

“မိစ္ဆာတွေပြန်လာမှာလား” ယိလင် တုန်လှုပ်သွားခဲ့၏။

လွန်ခဲ့သောနှစ်တစ်ထောင်တုန်းက အဇူရာတိမ်ဂိုဏ်းသည် ထိုမိစ္ဆာများကြောင့် ဖျက်ဆီးခံရတော့မလို့ပင် ဖြစ်ခဲ့ရသည်။

အကယ်၍ နောက်ထပ်မိစ္ဆာများသာထပ်မံဆင်းသက်လာဦးမည်ဆိုလျှင် အကျိုးဆက်က စိတ်ကူးလို့မရအောင် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။

“အဲ့တာက တကယ်ပဲလား” ယိလင်အလောတကြီး မေးလိုက်၏။

“အဲ့ဒီသတင်းကို ဘယ်ကရခဲ့တာလဲ”

“မိစ္ဆာတွေ ကိုယ်တိုင်ဆီကပါပဲ” ကျန်းယန် လေးလေးန်နက်ဖြေလိုက်သည်။

“အရင်မိစ္ဆာတစ်သုတ်က တာ၀န်တစ်ခုထမ်းဆောင်ဖို့ မိစ္ဆာအရှင်လွှတ်လိုက်တဲ့ အသုတ်ပဲ

ဒါပေမယ့် နှစ်တစ်ထောင်ကြာပြီးတဲ့နောက်အထိ သူတို့တာ၀န်ကို မအောင်မြင်ကြသေးဘူး

အဲ့တာကြောင့် မိစ္ဆာအရှင်က ကျိန်းသေပေါက် မိစ္ဆာတွေထပ်လွှတ်လိမ့်မယ်

အဲ့တာက သေချာတယ်

ကျွန်တော်တို့က အားလုံးကို ပွင့်ပွင့်လင်းလင်းပဲသတိပေးခဲ့ပါတယ် ဒါပေမယ့် အားလုံးက နောက်နေတာလို့ပဲ ထင်နေကြတယ်

တာအိုမိတ်ဆွေယိလင် မိတ်ဆွေရဲ့အဆင့်အတန်းကထူခြားပါတယ် မိတ်ဆွေသာသတိပေးမယ်ဆိုရင် သူတို့‌ေနာက်ဆံုးမှ ယုံကြမှာပါ”

ထို့နောက် ကျန်းယန်အသာအယာပြုံးကာ ဆက်ပြောလိုက်သည်။

“ပြီးတော့ နောက်လာမယ့်ကပ်ဘေးကြီးအတွက်….ကျွန်တော်တို့ မဟာမိတ်ဖွဲ့ကြရအောင်”

All Chapters