အခန်း (၂၀၆)
Vol. 21 Ch. 206
အခန်း ၂၀၆ - မဟာဧကရာဇ် လင်းချန် တားမြစ်နယ်မြေများကို နှိမ်နင်းပေးတော်မူပါ။
လင်းချန်၏ မျက်နှာအမူအရာသည် အေးစက်တည်ငြိမ်နေပြီး သူ၏ ဗျာဒိတ်စကားသည် တာအိုပြည်နယ် ၃၀၀၀ ၏ ထောင့်စုံနေရာတိုင်းသို့ ထပ်မံ၍ ပဲ့တင်ထပ်သွားပြန်သည်။
ဤကောင်များသည် အသက်ဘေးမှ လွတ်မြောက်နိုင်ရန် ယခုထိ စိတ်ကူးယဉ်နေကြဆဲ ဖြစ်ရာ တကယ်ပင် အသိတရားကင်းမဲ့လှပေသည်။
သူတို့ တာအိုပြည်နယ် ၃၀၀၀ အတွင်း၌ သက်ရှိများကို အတုံးအရုံး သတ်ဖြတ်နေခဲ့စဉ်တုန်းက အပြစ်ပေးဆပ်ရန် မတွေးခဲ့ကြဘဲ မိမိတို့၏ သက်တမ်းကို ဆွဲဆန့်ဖို့ အပြစ်မဲ့သူများကို သတ်ဖြတ်စဉ်ကလည်း နောင်တမရခဲ့ကြချေ။
ယခု ဘေးဒုက္ခက မျက်မှောက်သို့ ဆိုက်ရောက်လာခါမှ ဟန်ဆောင်ပန်ဆောင် တောင်းပန်တိုးလျှိုးနေကြသည်။
လောကတွင် ဤမျှ လွယ်ကူသော အရာ ဘယ်မှာ ရှိပါမည်နည်း။
မင်းတို့က ပေးဆပ်ချင်တိုင်း လောကကြီးက ခွင့်လွှတ်ပေးရမည်လော။
လင်းချန် ကောင်းကောင်းနားလည်သည်။
ထိုတားမြစ်နယ်မြေအရှင်သခင်များ၏ တောင်းပန်မှုဆိုသည်မှာ အသက်ရှင်သန်လိုခြင်းနှင့် မိမိတို့ဖြစ်တည်မှုကို ဆက်လက်ထိန်းသိမ်းလိုခြင်းသက်သက်သာ ဖြစ်ပြီးသူတို့လက်ချက်ဖြင့် မတရားသေဆုံးခဲ့ရရှာသော ဝိညာဉ်များအတွက် စစ်မှန်သော နောင်တရခြင်း မဟုတ်ပေ။
လင်းချန်အနေဖြင့် ထိုသို့သော မိစ္ဆာကောင်များကို အသေခံသွားခဲ့ရသူများ ကိုယ်စား လုံးဝခွင့်မလွှတ်နိုင်ပါချေ။
သူ၏ စကားအဆုံးတွင် တောင်းပန်တိုးလျှိုးနေကြသည့် အရှင်သခင်များ၏ မျက်နှာများ ချက်ချင်း ပျက်သွားကြပြီး အသနားခံသံများ ဝုန်းကနဲ ရပ်တန့်သွားသည်။
လင်းချန်၏ ဆိုလိုရင်းမှာ သူတို့ကို လုံးဝအလွှတ်ပေးမည် မဟုတ်သည့်သဘောပင်။
သူတို့သည် ကာလကြာရှည်စွာ တာအိုပြည်နယ် ၃၀၀၀ ကို ဖိနှိပ်ခဲ့သော တားမြစ်နယ်မြေအရှင်သခင်များ ဖြစ်ကြရာ လင်းချန်က သူတို့ကို မျက်နှာသာ အနည်းငယ်မျှပင် မပေးချင်ဘူးလော။
သိက္ခာကို မြေလှန်ပြီး ဒူးထောက်ခဲ့ကြသော်လည်း လင်းချန်က သက်ညှာမည့် အရိပ်အယောင်မရှိပေ။
အနည်းဆုံး သူတို့ကို ကျွန်အဖြစ် အသုံးချလျှင်ပင် သူတို့၏ အစွမ်းအစဖြင့် အသုံးတည့်နိုင်ပါသေးသည်။
သို့သော် လင်းချန်တွင် ထိုသို့သော စိတ်ကူးမျိုး အစကတည်းက မရှိခဲ့ချေ။
'ဒီနေ့ ငါတို့တွေ တကယ်ပဲ သမိုင်းရဲ့ ပြာမှုတ်တွေ ဖြစ်သွားရတော့မှာလား...'
တစ်ချိန်က သက်ရှိအပေါင်းကို တုန်လှုပ်ချောက်ခြားစေခဲ့သော ထိုအရှင်သခင်များသည် ယခုအခါ မကျေမနပ် ဖြစ်နေကြသော်လည်း အကြွင်းမဲ့စွမ်းအားရှေ့တွင် အားကိုးရာမဲ့နေကြရသည်။
၎င်းတို့အမြင်တွင် တာအိုပြည်နယ် ၃၀၀၀ ၏ သက်ရှိများသည် ပုရွက်ဆိတ်ကဲ့သို့ ဖြစ်ခဲ့သော်လည်း မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသော လင်းချန်၏ မျက်စိထဲတွင်မူ သူတို့ကိုယ်တိုင်က ပုရွက်ဆိတ်အဆင့်မျှသာ ရှိတော့သည်။
ဧကရာဇ်တစ်ပိုင်း သည် မဟာဧကရာဇ် ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
သူတို့အတွက် ပုန်းစရာနယ်မြေ လုံးဝမရှိတော့ကြောင်း သိလိုက်ရသည့်အခါ တားမြစ်နယ်မြေအသီးသီးရှိ အရှင်သခင်များ၏ မျက်နှာတွင် ခါးသီးသော အပြုံးများသာ လွှမ်းမိုးသွားတော့သည်။
တစ်လောကလုံး၏ တောင်းဆိုသံ
တားမြစ်နယ်မြေများကို စောင့်ကြပ်နေကြသည့် ဧကရာဇ်တစ်ပိုင်း ပညာရှင်များ၏ မျက်နှာတွင်မူ အပြုံးများ ပိုမိုတောက်ပလာခဲ့သည်။
လင်းချန်၏ ပြတ်သားသော သဘောထားကြောင့် တားမြစ်နယ်မြေများ အားလုံး ကွယ်ပျောက်တော့မည့် မျှော်လင့်ချက်ကို သူတို့ မြင်လိုက်ရပြီဖြစ်သည်။
တာအိုပြည်နယ် ၃၀၀၀ သည် တားမြစ်နယ်မြေများ၏ ခြိမ်းခြောက်မှု မရှိတော့သော ခေတ်သစ်တစ်ခုသို့ ကူးပြောင်းတော့မည် ဖြစ်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိကုဋေကုဋာတို့သည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားစွာဖြင့် ရှေးဟောင်းလင်းမိသားစုရှိရာ အရပ်သို့ တညီတညွတ်တည်း အော်ဟစ်တောင်းဆိုလိုက်ကြတော့သည်။
"ကျွန်တော်မျိုးတို့ တောင်းဆိုပါတယ်... မဟာဧကရာဇ် လင်းချန် အမြန်ဆုံး အရေးယူ ဆောင်ရွက်ပြီး တားမြစ်နယ်မြေတွေကို နှိမ်နင်းကာ တာအိုပြည်နယ် ၃၀၀၀ ရဲ့ ငြိမ်းချမ်းရေးကို ပြန်လည် ထူထောင်ပေးတော်မူပါ။"
"မဟာဧကရာဇ် လင်းချန် တားမြစ်နယ်မြေတွေကို နှိမ်နင်းပေးတော်မူပါ။"
ထိုတောင်းဆိုသံကြီးသည် ကောင်းကင်ယံတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး လောကသားတို့၏ စုပေါင်းဆန္ဒအဖြစ် အင်အားကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။
လင်းချန်သည် ထိုအသံများကို ကြားရသောအခါ ခပ်ဖွဖွ ပြုံးလိုက်သည်။ သူတို့က မတောင်းဆိုလျှင်ပင် ဤအရှင်သခင်များကို သူ သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။
အတိတ်တုန်းက စွမ်းအားမပြည့်စုံသေး၍ မသေမျိုးအရှင်သခင် တစ်ယောက်တည်းကိုသာ ကြံစည်ခဲ့ရသော်လည်း ယခုအခါတွင်မူ သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့်ပင် လောကတွင် အနှိုင်းမဲ့နေပြီ ဖြစ်သည်။
လင်းချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အဝေးသို့ လှမ်း၍ ပြောလိုက်တော့သည်။
"တားမြစ်နယ်မြေတွေကို စောင့်ကြပ်နေကြတဲ့ ဧကရာဇ်တစ်ပိုင်း စီနီယာများအားလုံး... တိုက်ပွဲရဲ့ အရှိန်အဟုန်အောက်မှာ မပါသွားအောင် အခုချက်ချင်း တားမြစ်နယ်မြေတွေထဲကနေ ဖယ်ခွာပေးကြပါ။"
ထိုသတိပေးသံ ကြားသည်နှင့် စောင့်ကြပ်နေသော ဧကရာဇ်တစ်ပိုင်း ပညာရှင်များအားလုံးသည် တွေးတောမနေတော့ဘဲ မိမိတို့နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့သော နေရာများမှ ကမန်းကတန်း ထွက်ခွာသွားကြတော့သည်။
ဧကရာဇ်၏ အရှိန်အဝါ ဆိုသည်မှာ သူတို့ ရင်ဆိုင်နိုင်သော အရာမဟုတ်ပေ။
ဧကရာဇ်တစ်ပိုင်းများ ထွက်ခွာသွားကြသည်နှင့် တားမြစ်နယ်မြေအရှင်သခင်များသည်လည်း သွေးပျက်ကာ တားမြစ်နယ်မြေထဲမှ ရုန်းထွက်၍ ကြယ်တာရာကောင်းကင်ယံ ထဲသို့ ထွက်ပြေးရန် ပြင်ကြတော့သည်။
လောလောဆယ် ခွေးပြေးဝက်ပြေး ပြေးရပါစေဦးတော့ အသက်ရှင်ဖို့က အဓိကပင်။
သို့သော် သူတို့ လှုပ်ရှားမည်အပြုတွင်ပင်...
တားမြစ်နယ်မြေအားလုံးထဲ၌ အေးစက်လှသော ရယ်မောသံတစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။
"ငါက တားမြစ်နယ်မြေကို စောင့်နေတဲ့ စီနီယာတွေကိုပဲ ထွက်သွားဖို့ ပြောတာ... မင်းတို့က ဘာမို့လို့ ထွက်ဖို့ ပြင်နေကြတာလဲ။"
ထိုဗျာဒိတ်သံနှင့်အတူ ကြီးမားလှသော မဟာဧကရာဇ် ဖိအားကြီးသည် တားမြစ်နယ်မြေအားလုံးပေါ်သို့ တစ်ပြိုင်နက်တည်း သက်ရောက်လာခဲ့သည်။
တားမြစ်နယ်မြေအတွင်းရှိ နက်မှောင်သော မြူခိုးများ ဟင်းလင်းပြင်များနှင့် လောကနိယာမများအားလုံးသည် ခဏချင်းမှာပင် အရည်ပျော်ကာ ပျောက်ကွယ်ကုန်တော့သည်။
"ဝုန်းးး"
တာအိုပြည်နယ် ၃၀၀၀ ၏ မတူညီသော နေရာအသီးသီးရှိ တားမြစ်နယ်မြေအရှင်သခင်များ အားလုံးသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အရှိန်အဝါအောက်တွင် မြေပြင်ပေါ်သို့ ဒူးထောက်လျက် ဝပ်စင်းသွားကြရပြီး စင်တီမီတာမျှပင် မလှုပ်ရှားနိုင်ကြတော့ပေ။
ဤသည်မှာ မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသော လင်းချန်၏ ကြောက်မက်ဖွယ်ကောင်းလှသော အစွမ်းသတ္တိပင် ဖြစ်သည်။
အရှင်သခင်များမှာ အစွမ်းကုန် ရုန်းကန်နေကြသော်လည်း သူတို့၏ ကိုယ်တွင်းစွမ်းအားများကို လင်းချန်၏ ဖိအားက လုံးဝပိတ်ဆို့ ဖြတ်တောက်ထားသဖြင့် သာမန်လူများကဲ့သို့ အားနည်းသွားကြရသည်။
တားမြစ်နယ်မြေပြင်ပသို့ ရောက်ရှိနေကြသော ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း ထိတ်လန့်အံ့သြသွားကြသည်။
လင်းချန် အရှင်သခင်များကို နှိမ်နင်းနိုင်မည်ကို သူတို့ သိထားသော်လည်း ယခုကဲ့သို့ တာအိုပြည်နယ် ၃၀၀၀ ရှိ တားမြစ်နယ်မြေအရှင်သခင် အားလုံးကို တစ်ပြိုင်နက်တည်း စကားတစ်ခွန်းတည်းဖြင့် လှမ်း၍ ဖိနှိပ်ပစ်နိုင်လိမ့်မည်ဟုမူ တစ်ခါမျှ မတွေးဖူးခဲ့ကြပေ။
လင်းချန်သည် လင်းမိသားစုအတွင်း၌သာ ရှိနေသေးပြီး စွမ်းအင်များ ထုတ်ဖော်သည်ကိုပင် သူတို့ မခံစားရချေ။
ရှေးဟောင်းကျမ်းစာများထဲတွင် မှတ်တမ်းတင်ထားဖူးသော မည်သည့် မဟာဧကရာဇ်ကြီးမျှ ဤမျှ စွမ်းအားမကြီးမားခဲ့ဖူးပေ။ သူသည် သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင် အဖြစ် ယခုကဲ့သို့ စွမ်းအားအသစ်ဖြင့်ပင် ကမ္ဘာကြီးကို ကိုင်လှုပ်ပြလိုက်ပြီ ဖြစ်သည်။