← Chapters

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း ၂၀၇ - လက်ဝါးတစ်ချက် သက်ဆင်းရုံဖြင့်... တားမြစ်နယ်မြေအားလုံး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခြင်း။

ပထမဆုံး ရရှိလိုက်သည့် ထိတ်လန့်တုန်လှုပ်မှုများ ပြယ်လွင့်သွားပြီးနောက်တားမြစ်နယ်မြေများနှင့် အဝေးသို့ ဖယ်ခွာသွားကြသော အဖွဲ့အစည်းအသီးသီးမှ ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများအားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားတက်ကြွသည့် အရိပ်အယောင်များ အထင်အရှား ပေါ်ထွက်လာတော့သည်။

လင်းချန်သည် ဤမျှအစွမ်းထက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ စွမ်းအားအစစ်အမှန်ကို အကုန်ထုတ်ဖော်ရန်ပင် မလိုဘဲ တားမြစ်နယ်မြေအရှင်သခင်များကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်မည်မှာ အသေအချာပင်။

ဤနည်းဖြင့် လင်းချန်သည် ထိုအရှင်သခင်များကို အကုန်မသတ်ရသေးမီ အထက်လောက ၏ ခေါ်ဆောင်ခြင်းကို ခံရမည်မဟုတ်တော့ပေ။

ထိုမိစ္ဆာကောင်များ၏ ကံကြမ္မာသည် ပျက်စီးခြင်းသို့ ရောက်ရှိရန် ကျောက်စာထွင်းသကဲ့သို့ အသေအချာ သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ပါပြီ။

ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများသည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ အသက်ရှူလိုက်ပြီး တားမြစ်နယ်မြေများအတွင်းရှိ လှုပ်ရှားမှုများကိုသာ အာရုံစိုက်ကြည့်ရှုနေကြတော့သည်။

ယခုအချိန်တွင် သူတို့အလိုချင်ဆုံးအရာမှာ ထိုအရှင်သခင်များ၏ ပျက်စီးခြင်းကို မိမိတို့မျက်စိဖြင့် ဒူးတင်ပေါင်တင် စောင့်ကြည့်ရန်ပင် ဖြစ်သည်။

တစ်ချိန်က သူတို့ကို ရန်ပြုခဲ့ပြီး တားမြစ်နယ်မြေထဲမှ ထွက်ကာ သူတို့နောက်ကွယ်ရှိ အဖွဲ့အစည်းများနှင့် လူမျိုးစုများကို သတ်ဖြတ်ဝါးမျိုရန် ကြံစည်ခဲ့ကြသည့် ထိုလူယုတ်မာများ နိဂုံးချုပ်သွားသည်ကို မြင်တွေ့ရမှသာ သူတို့ရင်ထဲတွင် အမှန်တကယ် ကျေနပ်အားရမှုကို ခံစားရမည် ဖြစ်သည်။

'တားမြစ်နယ်မြေထဲက အဲဒီလူယုတ်မာတွေ... သေတာတောင် နည်းသေးတယ်။'

လင်းချန်၏ အသံကို ထပ်မံကြားလိုက်ရသော တာအိုပြည်နယ် ၃၀၀၀ရှိ သက်ရှိဝေနေယျအပေါင်းသည်လည်း ဧကရာဇ်တစ်ပိုင်း ပညာရှင်များကဲ့သို့ တားမြစ်နယ်မြေအနက်ပိုင်း မြင်ကွင်းကို တိုက်ရိုက်မမြင်ရသော်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုတားမြစ်နယ်မြေအရှင်သခင်များသည် ယခုအချိန်တွင် ဧကရာဇ်၏ စီရင်ချက်ကို ခံယူနေရပြီဖြစ်ကြောင်းနှင့် ထိုစီရင်ချက်၏ ရလဒ်မှာ သေခြင်းတရားသာ ဖြစ်ရမည်ကို သူတို့ သိနေကြ၍ ဖြစ်သည်။

ထိုခဏ၌ပင်... ဆန်းကြယ်လှသောအင်အားကြီးတစ်ခုသည် တာအိုပြည်နယ် ၃၀၀၀ ၏ နယ်နိမိတ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် တားမြစ်နယ်မြေကြီးများ တည်ရှိရာ ကောင်းကင်ယံထက်၌ ကြီးမားလှသော စွမ်းအင်အလင်းမျက်နှာပြင်ကြီးတစ်ခု ဝုန်းကနဲ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ထိုအလင်းမျက်နှာပြင်ထဲတွင် ပေါ်လာသည့် မြင်ကွင်းမှာ အခြားမဟုတ် ထိုတားမြစ်နယ်မြေများ၏ အနက်ရှိုင်းဆုံးနေရာများပင် ဖြစ်သည်။

၎င်းသည် တစ်ချိန်က မြင့်မြတ်လှပါသည်ဆိုကာ အောက်ခြေလောကကို မောက်မာရိုင်းစိုင်းစွာ ကြည့်ခဲ့ကြသည့် တားမြစ်နယ်မြေအရှင်သခင်များ ယခုအခါ မမြင်နိုင်သော ဖိအားတစ်ခုကြောင့် မြေပြင်ပေါ်တွင် ကပ်လျက် သနားစရာကောင်းလောက်အောင် ဒူးထောက်ဝပ်စင်းနေရသည့် သနားစရာ မြင်ကွင်းကြီးပင် ဖြစ်သည်။

ကောင်းကင်တွင် ဧရာမအလင်းမျက်နှာပြင်ကြီး ပေါ်လာသည်ကို မြင်လျှင် ပြည်နယ် ၃၀၀၀ ရှိ ရေတွက်၍မရနိုင်သော သက်ရှိများအားလုံး အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်ကြတော့သည်။

သူတို့က ပြင်းထန်လှသော ကျားရဲကြီးများကဲ့သို့ သတ်မှတ်ထားသည့် အရှင်သခင်များမှာ ယခုအခါတွင်မူ ဤမျှလောက်အထိ အောက်ကျနောက်ကျ ဖြစ်နေရရှာပြီလား။

ခုနက လှုပ်ရှားသွားသည့် အင်အားမှာ ကောင်းကင်ဘုံတာအို ၏ စွမ်းအားဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကောင်းကင်ဘုံတာအိုကိုယ်တိုင်က တားမြစ်နယ်မြေထဲက မြင်ကွင်းများကို လူသားအားလုံး မြင်တွေ့နိုင်ရန် ထုတ်ဖော်ပြသပေးလိုက်ခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ ထိုတားမြစ်နယ်မြေအရှင်သခင်များကို နာကျည်းနေသည်မှာ လူသားများတင် မဟုတ်ဘဲ တာအိုပြည်နယ် ၃၀၀၀၏ ကောင်းကင်ဘုံတာအိုကိုယ်တိုင်ကလည်း ထိုကောင်များ ပျက်စီးသွားစေရန် အလိုရှိနေပုံရသည်။

ကောင်းကင်ဘုံတာအိုအတွက်မူ ထိုအရှင်သခင်များသည် လင်းချန် ပြောခဲ့သလို လောကကြီးကို ကိုက်ခဲဖျက်ဆီးနေသည့် ပိုးမွှားများသာ ဖြစ်ပေလိမ့်မည်။

အတိတ်ကာလ ရှေးဦးခေတ်မတိုင်မီတုန်းက လွမ်သည် မိမိ၏ ကျင့်ကြံမှုအောင်မြင်ရန်အတွက် ခေတ်တစ်ခေတ်လုံးရှိ သက်ရှိအားလုံးကို သတ်ဖြတ်ချေမှုန်းခဲ့ဖူးသည်။

ရှေးဦးခေတ်နောက်ပိုင်း ဧကရာဇ်ဖြစ်ရန် မဖြစ်နိုင်တော့သည့် ခေတ်တွင်မူ တားမြစ်နယ်မြေအရှင်သခင်များ ပေါ်ထွက်လာခဲ့သည်။

ဤအရှင်သခင်များသည် လွမ်၏ နည်းလမ်းအတိုင်း လိုက်နာကာ သက်ရှိကုဋေကုဋာတို့၏ အသက်ကို ယဇ်ပူဇော်ပြီး ရှည်လျားသော သက်တမ်းနှင့် ပိုမိုကြီးမားသော စွမ်းအားကို ရယူခဲ့ကြသည်။

တားမြစ်နယ်မြေအရှင်သခင်များသည် လွမ်နှင့် ထပ်တူထပ်မျှ ဖြစ်သော်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုက လွမ်လောက် မကြီးမားခဲ့ခြင်းသာ ဖြစ်သည်။

အကယ်၍ လွမ်သည် သစ်ပင်တစ်ပင်ဆိုလျှင် ဤအရှင်သခင်များသည် သစ်ကိုင်းများကို ကိုက်ဖြတ်နေသည့် ပိုးမွှားများပင် ဖြစ်သည်။

ကောင်းကင်ဘုံတာအိုသည် ယခင်က စည်းမျဉ်းများကြောင့် ဤအရှင်သခင်များကို ကိုယ်တိုင် အရေးယူနိုင်ခြင်း မရှိခဲ့ဘဲ လောကကြီးကို ကပ်ဘေးသင့်အောင် လွှတ်ထားခဲ့ရသည်။

ယခုအခါ လင်းချန်က ၎င်းကိုယ်စား အရေးယူပေးနေပြီဖြစ်ရာ ကောင်းကင်ဘုံတာအိုသည်လည်း သက်ပြင်းချနိုင်သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် တိုက်ပွဲကို ဝင်ရောက်မနှောင့်ယှက်ဘဲ တားမြစ်နယ်မြေအတွင်းရှိ မြင်ကွင်းများကိုသာ ထင်ထင်ရှားရှား ထုတ်ဖော်ပြသပေးရန် ရွေးချယ်လိုက်တော့သည်။

ဤသည်က တာအိုပြည်နယ် ၃၀၀၀ရှိ သက်ရှိအားလုံးကို အရှင်သခင်များအားလုံး တစ်ပြိုင်နက်တည်း အစုလိုက်အပြုံလိုက် ပျက်စီးသွားမည့် အနှိုင်းမဲ့မဟာမြင်ကွင်းကြီးကို မိမိတို့မျက်စိဖြင့် သေသေချာချာ မြင်တွေ့ခွင့် ရစေခဲ့သည်။

ဤမြင်ကွင်းသည် တာအိုပြည်နယ် ၃၀၀၀၏ သမိုင်းတွင် တစ်ခါမျှ မရှိဖူးသေးသည့် အရာဖြစ်ပြီး နောင်တွင်လည်း ရှိလာတော့မည်မဟုတ်သည့် မြင်ကွင်းမျိုးပင် ဖြစ်သည်။

ဤအရာကို ကိုယ်တိုင်မြင်တွေ့ခွင့်ရခြင်းမှာ တစ်သက်တာလုံးအတွက် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာပင် ဖြစ်တော့သည်။

ရှေးဟောင်းလင်းမိသားစု၏ ကောင်းကင်ယံထက်တွင်...

လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည် တစ်ဦးကိုတစ်ဦး လက်ချင်းပိုမိုမြဲမြံစွာ ဆုပ်ကိုင်ထားကြသည်။

ကောင်းကင်၏ အမြင့်ဆုံးနေရာရှိ လင်းချန်၏ ခန့်ညားလှသော ကျောပြင်ကို ကြည့်ရင်း သူတို့၏ မျက်နှာတွင် မကြုံစူးဖူးလောက်အောင် စိတ်လှုပ်ရှားဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

အတိတ်က မဟာဧကရာဇ်များစွာ မလုပ်ဆောင်နိုင်ခဲ့သောအရာကို ယခု သူတို့၏ သားဖြစ်သူ လင်းချန်က သူတို့၏ မျက်စိရှေ့မှောက်တွင်တင် အကောင်အထည်ဖော်တော့မည် မဟုတ်ပါလား။

လင်းချန်၏ ဤလုပ်ရပ်သည် နောင်လာနောက်သား မျိုးဆက်အဆက်ဆက်အထိ ကမ္ဘာတည်သရွေ့ အစဉ်အမြဲ ချီးမွမ်းထောပနာပြုခြင်း ခံရမည်ဖြစ်ပြီး ခေတ်တစ်ခေတ်၏ စစ်မှန်သော ဒဏ္ဍာရီတစ်ခု ဖြစ်လာပေတော့မည်။

လင်းရှောင်ကျိနှင့် အခြားသော ဧကရာဇ်တစ်ပိုင်း ဘိုးဘေးကြီးများသည်လည်း စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများကြောင့် မျက်နှာများ နီမြန်းနေကြသည်။

"ကြည့်ကြစမ်း... အဲဒါ ငါတို့ ရှေးဟောင်းလင်းမိသားစုရဲ့ မြင့်မြတ်တဲ့ နတ်ဘုရားသားတော်ပဲ ပြီးတော့ ငါတို့ လင်းမိသားစုကနေ မွေးဖွားသန့်စင်လာတဲ့အငယ်ဆုံး မဟာဧကရာဇ်ကြီးလည်း ဖြစ်တယ်။"

အဖွဲ့အစည်းအသီးသီးမှ ရောက်ရှိနေကြသော ပညာရှင်များသည် ကောင်းကင်ထက်မှနေ၍ အနည်းငယ် နိမ့်ဆင်းကာ ဝပ်စင်းလိုက်ကြသည်။

၎င်းတို့သည် လင်းမိသားစုအား လုံးဝဦးညွတ် အရှုံးပေးကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။

သူတို့ ကောင်းကောင်းသိပါသည်။ ယခုအချိန်မှစ၍ တာအိုပြည်နယ် ၃၀၀၀တွင် ရှေးဟောင်းလင်းမိသားစု၏ စကားတစ်ခွန်းသည်သာ အတည်ဖြစ်တော့မည်။အကြောင်းမူကား ကောင်းကင်ထက်၌ ရှိနေသော ထိုတည်ရှိမှုသည်... လက်ရှိလောကတွင် အနှိုင်းမဲ့ အနိုင်မရှိဖြစ်နေသောကြောင့်ပင်။

ကျယ်ပြောလှသော ကောင်းကင်ယံထက်

တွင် လင်းချန်၏ မျက်လုံးအစုံ ထဲ၌ တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ဟင်းလင်းပြင် အလွှာလွှာကို ဖြတ်ကျော်ကြည့်ရှုရင်း သူသည် မတူညီသော တားမြစ်နယ်မြေများထဲ၌ ဒူးထောက်နေကြရရှာသော အရှင်သခင်များ၏ သနားစရာပုံစံများကို မြင်လိုက်ရသည်။

ယခင်က မသေမျိုးအရှင်သခင်၏ မောက်မာလှသော ပုံစံကို မြင်ဖူးခဲ့သည့် လင်းချန်သည် မသိစိတ်ဖြင့် လှောင်ပြုံးတစ်ခု ပြုံးလိုက်မိသည်။

"တစ်ချိန်တုန်းကတော့ မင်းတို့က တားမြစ်နယ်မြေအရှင်သခင်တွေ ဖြစ်ခဲ့ကြပြီး တားမြစ်နယ်မြေတွေကို စိုးမိုးကာ တာအိုပြည်နယ် ၃၀၀၀ကို ခြိမ်းခြောက်ခဲ့ကြတယ်..."

"ဒါပေမဲ့ အခု ငါ့မျက်စိထဲမှာတော့ မင်းတို့တွေက စိတ်ကြိုက်ဖိခြေပစ်လို့ရတဲ့ ဂျပိုးအုပ်စုတစ်စုထက် မပိုပါဘူး။"

"အခု မင်းတို့တွေ သေခြင်းတရားကို သွားပြီး လက်ခံလိုက်ကြတော့... ဘာလို့လဲဆိုတော့ မင်းတို့တွေကို သတ်ပြီးရင် ငါ့မှာ လုပ်စရာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးလို့ပဲ။"

"မင်းတို့ကို သတ်တာက... ငါ အဲဒီအလုပ် သွားလုပ်ရင်းနဲ့ လမ်းကြုံလို့ ရှင်းလင်းလိုက်တဲ့ အပိုအလုပ်မျှသာပဲ။"

ပြောပြီးသည်နှင့် သူသည် မိမိ၏ လက်ဝါးကို မြှောက်ကာ အောက်သို့ ဖြည်းညှင်းစွာ ဖိချလိုက်သည်။

၎င်းသည် မည်သည့် စွမ်းအင်အရှိန်အဝါကိုမျှ ဆော်သြခြင်းမရှိသလို ဟင်းလင်းပြင် တုန်ခါမှုများလည်း ထွက်ပေါ်မလာချေ။

ရိုးရှင်းပြီး သာမန်ကာလျှံကာ သက်ဆင်းမှုတစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း...

တားမြစ်နယ်မြေကြီးတစ်ခုချင်းစီ၏ အထက်တွင်မူ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သည့် ဧရာမလက်ဝါးကြီးတစ်ဖက်စီ ပုံသဏ္ဌာန်ပေါ်လာခဲ့ပြီး အရာအားလုံးကို ပြာချနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်ကာ ထိုတားမြစ်နယ်မြေအရှင်သခင်များ၏ အပေါ်သို့ အားပြင်းစွာဖြင့် ကျဆင်းလာတော့သည်။

ဤခဏ၌ တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိအားလုံးသည် ကောင်းကင်ထက်က အလင်းမျက်နှာပြင်မှတစ်ဆင့် ထိုမြင်ကွင်းကို ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။

တားမြစ်နယ်မြေများနှင့် နီးကပ်စွာ ရှိနေကြသော ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများမှာမူ မျက်နှာများ ပျက်သွားကြပြီး နောက်သို့ ပိုမိုဝေးကွာအောင် ကမန်းကတန်း ဆုတ်ခွာသွားကြတော့သည်။

ထိုကောင်းကင်ဖုံးလက်ဝါးကြီးအတွင်း၌ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး သူတို့ကိုပါ တစ်ပါတည်း အသက်ပျောက်သွားစေနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားများ ပါရှိနေသည်ကို သူတို့ အတိုင်းသား ခံစားမိနေ၍ ဖြစ်သည်။

အကယ်၍သာ ထပ်မဆုတ်ဘဲ အရှိန်ဟုန်အောက်တွင် ပါသွားပါက ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ ဖြစ်ပေတော့မည်။

ဧကရာဇ်တစ်ပိုင်းများ ဆုတ်ခွာသွားကြသည်နှင့် တစ်ပြိုင်နက်...

ထိုကောင်းကင်ဖုံးလက်ဝါးကြီးများသည် တားမြစ်နယ်မြေအသီးသီးရှိ အရှင်သခင်အားလုံး၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့လေပြီ။

လက်ဝါးကြီးများ ကျရောက်လာသောအခါ အရှင်သခင်များ၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် ထုံထိုင်းခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။

သူတို့၏ နိဂုံးက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မက်မက်ခဲ့ဖူးချေ။

အိပ်စက်ခြင်းမှ နိုးထလာခါစတွင် ဤလောက၏ လေမုန်တိုင်းကို သူတို့ စိတ်ကြိုက် ခြယ်လှယ်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ဤနိုးထခြင်းက သူတို့၏ နောက်ဆုံးသော ပျက်စီးခြင်းကို သယ်ဆောင်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

ထို့အပြင် လင်းချန်၏ စကားအရ သူသည် သူတို့ကို အလေးအနက်ပင် မထားခဲ့ချေ။

သူတို့ကို သတ်ခြင်းက လင်းချန်အတွက် လမ်းကြုံလို့ လုပ်လိုက်ရသည့် အပိုအလုပ် မျှသာ ဖြစ်သည်တဲ့လား။

ဤသည်က သူတို့အတွက် ဘယ်လောက်တောင် ရယ်စရာကောင်းပြီး သိက္ခာကျစရာ ကိစ္စဖြစ်ပါသနည်း။

သူတို့ ဂုဏ်ယူဝင့်ကြွားခဲ့ကြသည့် စွမ်းအားဆိုသည်မှာ မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသော လင်းချန်၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်မျှသာ ဖြစ်နေခဲ့ရှာသည်။

"ဂျိန်းးးးးးးးးး"

လောကကြီး စတင်ဖန်တီးစဉ်ကထက်ပင် ပြင်းထန်လှသော ပေါက်ကွဲသံကြီးသည် တာအိုပြည်နယ် ၃၀၀၀အတွင်းရှိ တားမြစ်နယ်မြေအားလုံးထဲမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့တော့သည်။

နောက်ဆုံးတွင်မူ ထိုတားမြစ်နယ်မြေကြီးများ တည်ရှိရာ ကမ္ဘာငယ် များသည်ပင် ထိုဒဏ်ကို မခံနိုင်တော့ဘဲ အပိုင်းပိုင်းအစစ ကွဲအက်ပျက်စီးကုန်တော့သည်။

တာအိုပြည်နယ် ၃၀၀၀အတွင်းရှိ တားမြစ်နယ်မြေအားလုံးသည်...

၎င်းတို့အတွင်းရှိ တားမြစ်နယ်မြေအရှင်သခင် အားလုံးနှင့်အတူ တစ်ချိန်တည်းမှာပင် လုံးဝဥဿုံ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲကာ ဟင်းလင်းပြင်အလွတ်ကြီးအဖြစ် ပျောက်ကွယ်သွားခဲ့ပါတော့သည်။

All Chapters