အခန်း (၂၀၈)
Vol. 21 Ch. 208
အခန်း ၂၀၈ - တားမြစ်နယ်မြေအရှင်သခင်များ၏ခေတ် နိဂုံးချုပ်သွားခြင်း။ တာအိုပြည်နယ် ၃၀၀၀ ၏ ပျက်စီးနေသော နိယာမစည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ခြင်း။
ကောင်းကင်ဖုံးလက်ဝါးကြီး သက်ဆင်းလာသည့် ထိုခဏ၌ပင်...
တားမြစ်နယ်မြေအရှင်သခင်များ အားလုံးသည် ၎င်းတို့၏ တားမြစ်နယ်မြေများနှင့်အတူ တာအိုပြည်နယ် ၃၀၀၀ အတွင်းမှ လုံးဝဥဿုံ ပျောက်ကွယ်သွားကာ ပြာမှုန့်အဖြစ်သို့ ချေမှုန်းခြင်း ခံလိုက်ရလေပြီ။
တာအိုပြည်နယ် ၃၀၀၀ အတွင်း၌ ရေတွက်၍မရနိုင်သော ကာလပတ်လုံး တည်ရှိနေခဲ့ပြီး မရေမတွက်နိုင်သော သက်ရှိဝေနေယျတို့၏ နှလုံးသားကို တုန်လှုပ်ချောက်ခြားစေခဲ့သည့် တားမြစ်နယ်မြေအရှင်သခင်များသည် ယနေ့တွင်မူ ၎င်းတို့၏ နိဂုံးနှင့် ရင်ဆိုင်သွားခဲ့ရပြီ ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ဖုံးလက်ဝါးကြီးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများသည် ကုန်ဆုံးသွားခြင်းမရှိသေးဘဲ ဆက်လက်၍ အရှိန်အဟုန် ပြင်းထန်နေဆဲပင်။
တားမြစ်နယ်မြေများ တည်ရှိခဲ့ဖူးသော နေရာများတွင် ဧရာမလက်ဝါးကြီးများကဲ့သို့သော စွမ်းအင်ရိပ်များသည် တုန်ခါနေဆဲဖြစ်ပြီး ကြောက်ခမန်းလိလိ စွမ်းအားများကို ထုတ်လွှတ်နေသည်။
တားမြစ်နယ်မြေများ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်များသည်လည်း သက်ရောက်မှုဒဏ်ကြောင့် လက်မအလိုက် အက်ကွဲပျက်စီးကုန်ပြီး ဝိညာဉ်လောကတစ်ခုလုံး ဆက်တိုက်တုန်ခါလျက် အက်ကြောင်းကြီးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
မိမိတို့ကိုယ်ကို လုံလောက်စွာ ဝေးကွာသောနေရာသို့ ဆုတ်ခွာခဲ့ပြီးပြီဟု ထင်မှတ်ထားကြသည့် ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများသည် ထိုကြောက်မက်ဖွယ် စွမ်းအားကြီး မိမိတို့ထံသို့ လျှံထွက်လာသည်ကို ခံစားလိုက်ရသည့်အခါ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကြတော့သည်။
သူတို့သည် ထပ်မံတွေးတောမနေတော့ဘဲ ပိုမိုဝေးကွာသောနေရာသို့ အသက်လုထွက်ပြေးနိုင်ရန် မိမိတို့၏ စွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြရသည်။
'မဟာဧကရာဇ်တစ်ပါးရဲ့ စွမ်းအားက ဒီလောက်အထိ တုန်လှုပ်စရာကောင်းတာလား...'
လက်ဝါးတစ်ချက်တည်းဖြင့် တားမြစ်နယ်မြေများကို ဖျက်ဆီးပစ်နိုင်ပြီး ဤမျှလောက်အထိ အရှိန်အဟုန် ကျန်ရှိနေသေးခြင်းမှာ...
တာအိုပြည်နယ် ၃၀၀၀ ၏ နယ်နိမိတ်ကို ကျော်လွန်လွှမ်းမိုးနိုင်သော စွမ်းအားမျိုးပင် ဖြစ်ပေသည်။
ထိုဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများထက် ပိုမို၍ ထိတ်လန့်အံ့သြနေကြသူများမှာ ပြင်ပလောကရှိ အလင်းမျက်နှာပြင် များမှတစ်ဆင့် စောင့်ကြည့်နေကြသည့် တာအိုပြည်နယ် ၃၀၀၀ ၏ သက်ရှိများပင် ဖြစ်သည်။
ထိုဧကရာဇ်တစ်ပိုင်း ပညာရှင်များသည် မိမိတို့စောင့်ကြပ်နေသည့် တားမြစ်နယ်မြေတစ်ခုတည်း ပျက်စီးသွားသည်ကိုသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
အမှန်တကယ်တွင်မူ တားမြစ်နယ်မြေအားလုံးသည် တစ်ချိန်တည်းတစ်ပြိုင်နက်တည်းမှာပင် လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရခြင်းဖြစ်ကြောင်း သူတို့ မသိကြချေ။
သို့သော် ဧကရာဇ်တစ်ပိုင်းများ မမြင်နိုင်သော ထိုမြင်ကွင်းကို တာအိုပြည်နယ် ၃၀၀၀ ၏ သက်ရှိများကမူ အလင်းမျက်နှာပြင်များမှတစ်ဆင့် အတိုင်းသား မြင်တွေ့နေရသည်။
ထိုဧရာမ အလင်းမျက်နှာပြင်ကြီးများသည် မိုးကုတ်စက်ဝိုင်းအနှံ့ ပြန့်နှံ့နေသဖြင့် မမြင်ဘဲနေရန် မဖြစ်နိုင်ပါချေ။
နေရာတစ်ခုချင်းစီတွင် ပြသနေသည့် မြင်ကွင်းများမှာ ကွဲပြားနေသော်လည်း အခြားအရပ်မျက်နှာများရှိ မျက်နှာပြင်များကို အကဲခတ်ရန် ခက်ခဲမနေပေ။
သူတို့ အထင်အရှား မြင်လိုက်ရသည်မှာ... တားမြစ်နယ်မြေအားလုံးသည် တစ်ချိန်တည်းမှာပင် ထပ်တူညီသော ကောင်းကင်ဖုံးလက်ဝါးကြီးများ၏ ချေမှုန်းမှုကို ခံလိုက်ရခြင်းပင်။
လက်ဝါးတစ်ချက်... ရိုးရှင်းလှသော လက်ဝါးတစ်ချက်တည်းဖြင့် တားမြစ်နယ်မြေအားလုံးနှင့် အရှင်သခင်အားလုံး ကွယ်ပျောက်သွားခဲ့ရသည်။
ထိုလက်ဝါးချက် သက်ဆင်းမှုနှင့်အတူ တာအိုပြည်နယ် ၃၀၀၀ ၏ တားမြစ်နယ်မြေဆိုသည့် အရာများသည် သမိုင်းစာမျက်နှာထဲက စကားလုံးသက်သက်သာ ဖြစ်သွားခဲ့လေပြီ။
ဤမြင်ကွင်းကို ကိုယ်တိုင်မျက်မြင်ကြုံလိုက်ရသည့် တာအိုပြည်နယ် ၃၀၀၀ ၏ သက်ရှိအားလုံးမှာ မိမိတို့၏ ခံစားချက်ကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့နိုင်တော့ချေ။
ကြောက်မက်ဖွယ်ကောင်းခြင်း စိတ်ကူးမယဉ်နိုင်ခြင်း မယုံကြည်နိုင်လောက်ခြင်းတုန်လှုပ်ချောက်ခြားခြင်း... စသည့် ချဲ့ကားထားသော စကားလုံးများအားလုံးသည်ပင် ယခုဖြစ်ရပ်ကို အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိတော့ပါချေ။
သူတို့သည် လင်းချန်အနေဖြင့် တားမြစ်နယ်မြေအရှင်သခင်များကို မည်သို့နှိမ်နင်းမည်နည်းဆိုသည်ကို နည်းလမ်းမျိုးစုံဖြင့် စိတ်ကူးယဉ်ခဲ့ကြဖူးသည်။
သို့သော် ယခုကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်ဟုမူ တစ်ခါမျှ မတွေးဝံ့ခဲ့ကြချေ။
ဤသည်မှာ တကယ်ပင် လွန်လွန်းလှပေသည်။ မဟာဧကရာဇ်အဆင့် ပညာရှင်ဆိုလျှင်ပင် ဤမျှလောက်အထိ ကြောက်စရာကောင်းမနေသင့်ပါချေ။
အတိတ်ကာလတုန်းက ရှေးဟောင်းမဟာဧကရာဇ်များသည် တားမြစ်နယ်မြေအရှင်သခင် တစ်ယောက်တည်းကို ရင်ဆိုင်ရန်အတွက်ပင် လွန်စွာ အားထုတ်ခဲ့ကြရသည်။
ထို့အပြင် ထိုအရှင်သခင်တစ်ယောက်ကို နှိမ်နင်းပြီးသည်နှင့် ရှေးဟောင်းမဟာဧကရာဇ်ကိုယ်တိုင်လည်း အထက်လောက၏ ဆွဲငင်မှုကို မခံမရပ်နိုင်ဖြစ်ကာ ဟင်းလင်းပြင်ကို ခွဲဖျက်၍ ကောင်းကင်ဘုံသို့ ပျံတက် ခဲ့ကြရစမြဲ ဖြစ်သည်။
ရှုပ်ထွေးလှသော ခံစားချက်များစွာနှင့်အတူ တာအိူပြည်နယ် ၃၀၀၀ ၏ သက်ရှိများမှာ ရင်ထဲ၌သာ သက်ပြင်းချရင်း ရေရွတ်နိုင်ကြတော့သည်။
တာအိုဘိုးဘေး နဲမိစ္ဆာဘိုးဘေး တို့ကိုတောင် အနိုင်ယူခဲ့တဲ့ တည်ရှိမှုမို့လို့ပဲ... သူက တကယ်ကိုပဲ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လွန်းလှတယ်။
တားမြစ်နယ်မြေများနှင့် အရှင်သခင်များ တစ်ပြိုင်နက်တည်း ပျက်စီးသွားခြင်းကြောင့် ဧကရာဇ်တစ်ပိုင်းများ သွေးပျက်နေကြပြီး တာအိုပြည်နယ် ၃၀၀၀ ၏ သက်ရှိများမှာ စကားလုံးမရှိလောက်အောင် ခံစားချက်များ ရှုပ်ထွေးနေကြစဉ်...
ရှေးဟောင်းလင်းမိသားစု၏ အနွယ်ဝင်များနှင့် ပညာရှင်များ ထို့ပြင် ၎င်းတို့နှင့် မဟာမိတ်ဖွဲ့ရန် ရောက်ရှိနေကြသော အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များမှာမူ လက်ရှိတွင် စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြသည်။
လုံးဝဥဿုံ ဆွံ့အမှင်တက်သွားခြင်းပင်။ အမှန်တကယ်ပင်။ ရှေးဟောင်းလင်းမိသားစုအတွင်းရှိ ပညာရှင်တိုင်း၏ မျက်နှာတွင် အံ့ဩမှင်တက်နေသည့် အမူအရာများသာ လွှမ်းမိုးနေသည်။
ထိုဧကရာဇ်တစ်ပိုင်းများနှင့် ပြင်ပက သက်ရှိများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် လင်းချန်၏ လှုပ်ရှားမှုကို ပိုမိုနီးကပ်ပြတ်သားစွာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သူတို့ မြင်လိုက်ရသည်မှာ လင်းချန်သည် ကောင်းကင်ထက်မှနေ၍ သူ၏လက်ဝါးကို အောက်သို့ သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်ခြင်းသာ ဖြစ်သည်။
၎င်းသည် လွန်စွာရိုးရှင်းသော လက်လှုပ်ရှားမှုတစ်ခုဖြစ်ပြီး မည်သည့် စွမ်းအင်လှိုင်းများ အရှိန်အဝါ တုန်ခါမှုများ သို့မဟုတ် ဟင်းလင်းပြင် ကမောက်ကမဖြစ်မှုများပင် ထွက်ပေါ်မလာခဲ့ချေ။
သို့သော် ထိုမျှ ရိုးရှင်းလှသော လက်ဝါးဝေ့ယမ်းမှုတစ်ခုက တာအိုပြည်နယ် ၃၀၀၀ ၏ နေရာအသီးသီးရှိ တားမြစ်နယ်မြေအားလုံးကို အမြစ်ပြတ် ဖျက်ဆီးပစ်လိုက်သည်။
တစ်လောကလုံးကို ကာလကြာရှည် ဒုက္ခပေးခဲ့သော တားမြစ်နယ်မြေအရှင်သခင်များသည်လည်း ထိုနေရာများနှင့်အတူ တစ်ပါတည်း သေဆုံးပျက်စီးသွားခဲ့ကြရပြီ။
ဤမျှကြီးမားလှသော ကွာခြားချက်နှင့် ပြင်းထန်လွန်းလှသော မြင်ကွင်းကြောင့်... လင်းဟောက်ရန်နှင့် အခြားသော ဧကရာဇ်တစ်ပိုင်း ဘိုးဘေးကြီးများအပါအဝင် ပညာရှင်အားလုံးမှာ စဉ်းစားတွေးခေါ်နိုင်စွမ်းများ ခေတ္တမျှ ဆုံးရှုံးကာ မှင်တက်နေကြရခြင်း ဖြစ်သည်။
'ဒီလောက်အထိ တောင် ချဲ့ကားဖို့ လိုလို့လား...'
လင်းချန်အနေဖြင့် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် ကျိုးကြောင်းဆင်ခြင်၍မရနိုင်လောက်အောင် သန်မာလာမည်ကို သူတို့ သိထားပြီးသား ဖြစ်သည်။
သို့သော် ဤမျှလောက်အထိ အဓိပ္ပာယ်မရှိအောင် စွမ်းအားကြီးမနေသင့်ပါချေ။
အနည်းဆုံးတော့ အားစိုက်ထုတ်တဲ့ပုံစံလေး ဖြစ်ဖြစ် ကြည့်ကောင်းမယ့် စွမ်းအင်အဆင်တန်ဆာလေးတွေ ဖြစ်ဖြစ် ပြသသင့်သည်မဟုတ်ပါလော။
ယခုမူ သာမန်လက်ဝါးဝေ့ယမ်းရုံမျှဖြင့် တားမြစ်နယ်မြေနှင့် အရှင်သခင်များ၏ ပြဿနာတစ်ခုလုံး ရှင်းလင်းသွားခဲ့လေပြီ။
ဤမျှကြီးမားလှသော လက်တွေ့နှင့် စိတ်ကူးအကြား ကွာဟချက်ကြောင့် လင်းမိသားစုအတွင်းရှိ မည်သူမျှ ချက်ချင်း စိတ်ပြန်မစုစည်းနိုင်ကြသေးချေ။
သူတို့သည် လင်းချန် လှုပ်ရှားသည်ကို မြင်ခဲ့ရသလို အလင်းမျက်နှာပြင်များထဲ၌ တားမြစ်နယ်မြေအားလုံး ပျက်စီးသွားသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် သူတို့သည် တာအိုပြည်နယ် ၃၀၀၀ ခုလုံးတွင် အကြီးမားဆုံးသော တုန်လှုပ်မှုကို ရရှိခဲ့သည့် လူစု ဖြစ်နေတော့သည်။
ဤသည်က သူတို့အတွက် ကံကောင်းခြင်းလော သို့မဟုတ် ကံဆိုးခြင်းလောဟူသည်ကိုပင် မဝေခွဲနိုင်တော့ချေ။
နောက်ဆုံးတွင် အလင်းမျက်နှာပြင်များထဲက မြင်ကွင်းများ နိဂုံးချုပ်သွားခဲ့ပြီးကောင်းကင်ဖုံးလက်ဝါးကြီး ကွယ်ပျောက်သွားကာ ဟင်းလင်းပြင်အလွတ်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။
အရာအားလုံး ပြီးဆုံးသွားသည့်အခါ ထိုဧရာမ အလင်းမျက်နှာပြင်ကြီးများသည် တစ်ချက်မျှ တုန်ခါသွားပြီး တာအိုပြည်နယ် ၃၀၀၀ ၏ ကောင်းကင်ယံထက်မှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်တွင် ပျောက်ကွယ်သွားသော အလင်းမျက်နှာပြင်များကို ငေးကြည့်ရင်း ပြင်းထန်လှသော ထိတ်လန့်မှုထဲတွင် နစ်မြုပ်နေခဲ့ကြသည့် တာအိုပြည်နယ် ၃၀၀၀ ၏ သက်ရှိဝေနေယျအပေါင်းသည်လည်း မိမိတို့၏ အသိစိတ်များကို တဖြည်းဖြည်းချင်း ပြန်လည်စုစည်းနိုင်လာကြသည်။
သို့သော်လည်း သူတို့၏ စိတ်အာရုံများမှာ ဝေဝါးနေဆဲဖြစ်ပြီး ခုနက မြင်တွေ့ခဲ့ရသည့် ပုံရိပ်များမှ လုံးဝဥဿုံ ရုန်းမထွက်နိုင်ကြသေးချေ။
သူတို့ မျှော်လင့်ထားခဲ့သည်မှာ အသစ်တက်လာသော မဟာဧကရာဇ်နှင့် တားမြစ်နယ်မြေအရှင်သခင်များအကြား သွေးချောင်းစီးမည့် မဟာတိုက်ပွဲကြီး ဖြစ်သော်လည်း လက်တွေ့တွင်မူ ၎င်းသည် လုံးဝဥဿုံ တစ်ဖက်သတ် ချေမှုန်းဖိနှိပ်ခြင်းသာ ဖြစ်ခဲ့သည်။
ဤကဲ့သို့သော ဖိနှိပ်မှုမျိုးက သူတို့၏ ကမ္ဘာ့အမြင်ကိုပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်သကဲ့သို့ ရှိတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုပြည်နယ် ၃၀၀၀ ၏ အနာဆိုးများနှင့် သွေးစုပ်ပိုးကောင်များအားလုံး ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
တားမြစ်နယ်မြေ ရာဂဏန်းနှင့် ၎င်းတို့၏ အရှင်သခင် တစ်ရာကျော်တို့က တာအိုပြည်နယ် ၃၀၀၀ ကို ခြိမ်းခြောက်ခဲ့သော ခေတ်ဆိုးကြီးသည် တိုက်ရိုက်ပင် နိဂုံးချုပ် ပျက်စီးသွားခဲ့လေပြီ။
ဤအချိန်တွင် ဝိညာဉ်လောက အနက်ပိုင်းသို့ ရောက်ရှိနေခဲ့ကြသော အဖွဲ့အစည်းအသီးသီးမှ ဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများသည်လည်း တာအိုပြည်နယ် ၃၀၀၀ ၏ ရုပ်ဝတ္ထုကမ္ဘာမြေဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။
ခုနက ဖြစ်ပျက်သွားခဲ့သော အကြောင်းအရာများကို အသေးစိတ် သိရှိလိုက်ရပြီးနောက် ထိုဧကရာဇ်တစ်ပိုင်း ပညာရှင်ကြီးများသည် မျှော်လင့်ထားသည့်အတိုင်း ထပ်မံ၍ ဆွံ့အမှင်တက်သွားကြပြန်သည်။
'ပျက်စီးသွားတာက တားမြစ်နယ်မြေတစ်ခုတည်း မဟုတ်ဘူး... တားမြစ်နယ်မြေအားလုံး တစ်ပြိုင်နက်တည်း ပျက်စီးသွားတာလား။'
သူတို့ ခံစားလိုက်ရသည်မှာ သူတို့အနေဖြင့် လင်းချန်၏ စွမ်းအားကို ခန့်မှန်းခဲ့ကြရာတွင် အလွန်အမင်း နိမ့်ကျစွာ ခန့်မှန်းမိခဲ့ခြင်းပင် ဖြစ်သည်။
လင်းချန်၏ လှုပ်ရှားမှုတိုင်းသည် သူတို့ နားလည်ထားသည့် ပါရမီရှင်ဆိုသည့် စကားလုံး၏ အောက်ဆုံးစည်းကို အစဉ်အမြဲ ကျော်လွန်ချိုးဖျက်ပြနေခဲ့သည်။
မြင့်မြတ်လှသော နတ်ဘုရားလှေကားအဆင့် ပါရမီရှင်များ သည် အလွန်အမင်း ရှုပ်ထွေးလှသော မျက်နှာအမူအရာများ ရှိနေကြသည်။
ယခုအချိန်တွင် သူတို့ မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။ အတိုချုပ်ပြောရလျှင် သူတို့၏ ရင်ထဲ၌ ခံစားချက်များက ရှုပ်ထွေးဆို့နင့်နေကြသည်။
ရှေးဟောင်းလင်းမိသားစု၏ ကောင်းကင်ယံထက်တွင်မူ လင်းချန်သည် မိမိ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်သည်။
သူသည် ယခုအခါ မိမိ၏ လက်ရှိစွမ်းအားကို သေသေချာချာ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ခုနက သူ တိုက်ခိုက်လိုက်စဉ်တုန်းက အမှန်တကယ်တော့ သူ၏ စွမ်းအား ဆယ်ရာခိုင်နှုန်းပင် မပြည့်သော အင်အားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုမျှဖြင့်ပင် ထိုတားမြစ်နယ်မြေအရှင်သခင်များသည် မည်သို့မျှ ပြန်လည်မခုခံနိုင်ဘဲ အမှုန့်ဖြစ်သွားခဲ့ကြရသည်။
အကယ်၍သာ သူ အားကုန်ထုတ်၍ တိုက်ခိုက်မည်ဆိုပါက မည်မျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ထွက်ပေါ်လာမည်ကို စိတ်ကူးရန်ပင် ခက်ခဲလှပေသည်။
လင်းချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး မိမိ၏ အတွေးအားလုံးကို ရုပ်သိမ်းကာ ပိုမိုမြင့်မားသော ကောင်းကင်ယံထက်သို့ လှမ်းမြော်ကြည့်လိုက်သည်။
နောက်တစ်ဆင့်အနေဖြင့်မူ...
အမှန်တကယ် အရေးကြီးသော အလုပ်ကို စတင်လုပ်ဆောင်ရတော့မည် ဖြစ်သည်။
တားမြစ်နယ်မြေအရှင်သခင်များဆိုသည်မှာ သူ မဟာဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည့် ခဏကတည်းကပင် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ချေ။
သူ ပြောခဲ့သလိုပင်။ နောင်ရေးအတွက် ပြဿနာမရှိစေရန် လမ်းကြုံ၍ ရှင်းလင်းလိုက်သည့် ဘေးထွက်အလုပ်မျှသာ ဖြစ်သည်။
ယခုအခါ ပြဿနာ၏ မြစ်ဖျားခံရာကို ရှင်းလင်းပြီးပြီဖြစ်ရာ အချိန်ဆွဲနေရန် မလိုတော့ပေ။
"ကောင်းကင်ဘုံတာအို ငါ အခုကစပြီး တာအိုပြည်နယ် ၃၀၀၀ ရဲ့ ပျက်စီးနေတဲ့ နိယာမစည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်တော့မယ်။"
"ဒီအတောအတွင်းမှာ တာအိုပြည်နယ် ၃၀၀၀ အတွင်း ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုအားလုံးကို ဘယ်လိုကပ်ဘေးမျိုးမှ မကျရောက်လာစေဖို့ မင်းဘက်ကနေ ထိန်းချုပ်ပေးထားပါ။"