အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
Chapter 39
စုယွမ်က မြွေသားတစ်ဖဲ့ကိုယူစားလိုက်ပြီး စွပ်ပြုတ်အရည်ကိုတောင် သောက်လိုက်သေးသည်။
“ကျစ်ကျစ်၊ ကောင်းလိုက်တာ၊ လန်းဆန်းသွားတာပဲ။ ဒါက ဝါးနုလေးတွေလိုမျိုး အရသာရှိတာနော်။ မိုက်ချက်ပဲ။”
စုယွမ်မှာ အူလှိုက်သဲလှိုက်ကို ပျော်မွေ့နေလျက် အသီးအရွက်သုံးပန်ကန်ကိုလည်း မုန်တိုင်းအလျင် အပြတ်ရှင်းတော့သည်။ ဝိညာဉ်ဟင်းလျာများမှာ နာမည်အတိုင်း ဝိညာဥ်စွမ်းအင်တို့ပြည့်နှက်နေ၏။ ယင်းတို့က အစာအိမ်ထဲရောက်သွားသည်နှင့် စုယွမ်၏မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ကလည်း အလိုအလျောက် တုံ့ပြန်လာလျက်၊ မရီဒျာန်ထဲရှိ ဝိညာဉ်စွမ်းအင်တို့ကို ဆန်းကြယ်ပကတိစွမ်းအင်အဖြစ် ပြောင်းပေးနေသည်။
“ဖြည်းဖြည်း။ ဖြည်းဖြည်းစားပါကွ။”
နျိုပင်မှာ အလျင်အမြန် စုယွမ်လက်ကို ဆွဲထားမိတော့သည်။
“အာ တောင်းပန်ပါတယ်။ ကျွန်တော် ဒီလောက်အရသာရှိတာကို မစားရတာအရမ်းကြာသွားလို့ပါ။”
စုယွမ်လည်း ကြောင်အစွာ ပြန်ဖြေမိ၏။ စိတ်ထဲတွင်လည်း သူ အမြန်စားလွန်း၍ တဖက်လူအတွက်တောင် မချန်မိကြောင်း ရှက်ရွံ့စွာ တွေးနေမိသည်။
“မဟုတ်ဘူး၊ မင်းက ချီစုဆောင်းခြင်းအဆင့်ရဲ့အစောပိုင်းအဆင့်ပဲရှိသေးတာမလား။ ထိပ်တန်းအဆင့်အသားတွေကို အများကြီးစားရင် အန္တာရယ်ရှိတယ်။ မင်း ကိုယ်ထဲ နှလုံးခုန်မြန်လာပြီး ချီစွမ်းအင်တွေ ကပြောင်းကပြန်ဖြစ်နေတာမခံစားရဘူးလား။”
“ဟင့်အင်း ... “
စုယွမ် ပြန်ပြောလိုက်သည်။
“မခံစားရဘူးလား။”
နျိုပင်က သူ့ကိုစိုက်ကြည့်လာသည်။
“မဖြစ်နိုင်တာ။ ငါ့လို ချီစုဆောင်းခြင်းအဆင့်ငါးရောက်နေတဲ့လူတောင် ဒီအသားကို ဖြည်းဖြည်းချင်းချေဖျက်ရတာ။”
“ကျွန်တော်တော့ ဘာမှမခံစားရဘူး။”
စုယွမ်မှာ ပြောရင်းဆိုရင်းဖြင့် အသားနှစ်ဖဲ့လောက် ယူစားလိုက်သေးသည်။
“မခံစားရဘူးလား။ ဒီအသားကပဲ မကောင်းတော့တာလား။”
နျိုပင် အသားတစ်ဖွဲ့ကိုယူ၍ စားကြည့်လိုက်သည်။ သူ ချက်ချင်းကို သူ၏ဒန်ထျန်နှင့်မရီဒျာန်များအတွင်း ထိုးထွက်လာသော ချီစွမ်းအင်တို့ကို ခံစားမိလိုက်သည်။ ချီပမာဏက သိပ်မများသည်တောင်မှ အကျိုးသက်ရောက်မှုကရှိဆဲဖြစ်သည့်အတွက် သူ၏ကျင့်စဥ်ဖြင့် အာရုံစိုက်ကာ သေချာချေဖျက်လိုက်ရသည်။
“ကောင်းသေးပါတယ်။”
နျိုပင် အံ့သြသွားရသည်။
သူ စုယွမ်ကို ထပ်ကြည့်လိုက်တော့ အနှီသူဟာ လေးငါးလုတ်လောက်တောင် ထပ်စားနေပြီပင်။
နျိုပင်လည်း ရုတ်တရက် အနည်းငယ်စိတ်ပူလာရ၏။ သူ စုယွမ်က ရုတ်တရက်ကြီး ထပေါက်ကွဲမည်ကို စိုးရိမ်သွားရသည်။ သို့သော် သူ စိုးရိမ်နေသောအရာမှာ ဖြစ်မလာချေ။ စုယွမ်က အသားတို့ကို အဆင်ပြေစွာစားသောက်နေဆဲဖြစ်ပြီး ထမင်းနှင့်ဟင်းရွက်ပန်းကန်ကိုပါ အပြောင်ရှင်းနေလေသည်။
နျိုပင်မှာ စားစရာအားလုံးအကုန်ကုန်သွားသည်အထိ စုယွမ်ကို ကြောင်အစွာသာ စိုက်ကြည့်မိတော့သည်။
“ဝပြီလား။”
နျိုပင် ကြောင်အစွာ မေးမိသည်။
“သုံးဆယ်ရာခိုင်နှုန်းလောက်တော့ ပြည့်ပါပြီ။”
စုယွမ်က သူ့ဗိုက်သူပွတ်သပ်လာသည်။
နျိုပင်၏နှုတ်ခမ်းထောင့်တို့မှာ တစ်ချက်တွန့်သွားရလျက် သူ အော်လိုက်သည်။
“တစ်ယောက်ယောက်၊ ဒီပုံစံအတိုင်း နောက်တစ်ခေါက်ထပ်ချပေး။”
စားပွဲထိုးကလည်း ရောက်လာပြီး စားပွဲပေါ်ရှိ ပြောင်ရှင်းနေသောပန်းကန်များကိုတွေ့တော့ အလွန်မြန်လွန်းသည့်အတွက် အံ့သြသွားခဲ့ရသည်။ သို့သော် သူ ချက်ချင်းပြုံး၍ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ၊ ခဏလောက်စောင့်ပါ။”
သိပ်၍မကြာ စားပွဲပေါ်တွင် ဟင်းလျာတို့တဖန်ပြည့်နှက်သွား၏။
ဤတစ်ကြိမ်တွင်မူ နျိုပင်က အံ့သြမနေတော့၊ သူလည်း စုယွမ်နှင့်အတူ ဝင်စားကာ အပြောင်ရှင်းနေလိုက်ပေသည်။
စားပြီးနောက် နျိုပင်လည်း သုံးဆယ်ရာခိုင်နှုန်းလောက်သာဗိုက်ပြည့်ကြောင်းခံစားလိုက်ရသည်။
အကြောင်းမှာကား ဟင်းလျာအများစုက စုယွမ်၏ဗိုက်ထဲ ရောက်သွားသောကြောင့်ပင်။
နျိုပင်ကတော့ အစားစားရာတွင် သူ စုယွမ်ထက် အနည်းငယ်အရှိန်နှေးနေသလို ခံစားလိုက်ရသည်။ သူ တစ္တေတစ်ကောင်ကိုတွေ့လိုက်ရသည့်အတိုင်း ခံစားနေရသည်။ ထို့အပြင် စုယွမ်ဟာ နည်းနည်းလေးကို အစာမှချီစွမ်းအင်တို့ကို ချေဖျက်နေပုံမပေါ်သည်က သူ့ကို ပို၍အံ့သြစေလေသည်။ သူသာ ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်က ဝိညာဉ်ရေးရာတောင်ထိပ်ကို ရောက်သွားတာကို သိမထားပါက စုယွမ်က ထိပ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်ဟု အမှတ်မှားသွားရပေမည်။ သို့သော် ဤစုယွမ်တွင် ထူးခြားသောခန္ဓာကိုယ်တစ်မျိုးရှိမည်ဟုသာ သူ ခန့်မှန်းလိုက်သည်။
စင်စစ်တွင်မူ စုယွမ်က အရှိန်တောင်လျော့စားနေခြင်းဖြစ်၏။ မဟုတ်ပါက နျိုပင်တစ်ယောက် တစ်လုတ်တောင် မစားလိုက်ရမှာ စိုးသောကြောင့်ပင်။
“မင်းအတော်ဆုံးပါပဲ။”
နျိုပင် စုယွမ်ကို လက်ခံထောင်ပြလိုက်သည်။
“မြောက်ပင့်နေပါပြီ၊ မြောက်ပင့်နေပါပြီ။”
စုယွမ်ပြောလိုက်သည်။
“နောက်တစ်ကြိမ် ကျွန်တော်ကျွေးပါမယ်။”
“ဟင်း၊ မင်းရဲ့နောက်တစ်ကြိမ်ရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူသိပါ့မလဲ။”
နျိုပင်မှာ ခါးသက်သက်ပြုံးလာ၏။
“ဒီတစ်ခေါက် ဝိညာဉ်ကျောက်တုံးဘယ်လောက်ကုန်သွားလဲသိလား။”
“ဘယ်လောက်ကုန်လဲ။”
စုယွမ် သိချင်သွားပြီးမေးလိုက်သည်။
“ဝိညာဉ်ကျောက်တုံး၁၃၀လေ။ ဒီအသားတွေချည်းပဲကို ၁၂၀ကုန်တယ်။”
နျိုပင် ပြောလိုက်သည်။
“အဲ့ဒီလောက်များလား။”
စုယွမ်၏မျက်လုံးများ ပြူးကျယ်သွားရသည်။
နျိုပင်က လက်ဝှေ့ယမ်းလိုက်သည်။
“ငါက ကျွေးတာပဲကို၊ တအားစိတ်ထဲမထားနဲ့။”
နျိုပင်၏မျက်လုံးများမှာ တွန့်ဆုတ်နေရလျက် နှလုံးသားထဲတွင်လည်း နာကျင်မှု အနည်းငယ်ခံစားနေရသည်။
“ဂိုဏ်းတူအစ်ကို၊ တပည့်တစ်ယောက်က ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ရလဲ။”
စုယွမ်မေးလိုက်သည်။
နျိုပင်မှာ တက်ကြွသွား၏။
“မင်း လူမှန်ကိုမေးမိတာပဲ။ အတွင်းဆောင်တပည့်တစ်ဦးက လတိုင်း ဝိညာဉ်ကျေက်တုံး၃၀ရတယ်။ ဒါပေမဲ့ ဒါက မလုံလောက်ဘူးလေ၊ အဲ့ဒီတော့ ဒီဂိုဏ်းတူအစ်ကိုနျိုက ဘာလုပ်လဲသိလား။”
“ဘာလုပ်လဲ။”
“လက်နက်သန့်စင်တယ်လေ။”
နျိုပင် ပြောလိုက်သည်။
စုယွမ် အံ့သြသွားရသည်။
“တကယ်မှန်းမရဘူးပဲ၊ ကျွန်တော်ထင်တာ အစ်ကိုက သားရဲဖမ်းတာလားလို့။”
“ဟင်း။ အဲ့ဒါကြီးက ကြမ်းတမ်းလွန်းပါတယ်ကွာ။”
လက်တွေ့တွင် နျိုပင်က သေရမည်ကို ကြောက်သည်လေ။
“အော်။”
“လက်ရှိမှာ ငါ့ရဲ့လက်နက်သန့်စင်တဲ့အစွမ်းက နည်းနည်းတိုးတက်လာတယ်။ အဲ့ဒါ့ကြောင့် ဂိုဏ်းအပြင်မှာ ဆိုင်တစ်ဆိုင်ဖွင့်မလားလို့။”
နျိုပင်ကဆိုသည်။
“ကောင်းပါတယ်။ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုပြောတော့ ဒီမှာပဲ ဆိုင်ဖွင့်လည်းရတယ်ဆို။”
စုယွမ်မေးလိုက်သည်။
“ဒီမှာက စျေးမြင့်ရောင်းဖို့ခက်တယ်လေ။ ရောင်းမထွက်ဖို့ကလည်းများတယ်။ ဆေးဝါးပစ္စည်းတွေနဲ့မတူတာက လက်နက်ဆိုတာ လူတိုင်းလိုလိုမှာ ရှိပြီးသားလေ။ ဒါပေမဲ့ အပြင်စျေးကွက်ကမတူဘူး။ တစ်ကိုယ်တည်းကျင့်ကြံသူအများစုက လက်နက်မရှိကြဘူး။ အဲ့ဒီတော့ စျေးကောင်းရောင်းရတာပေါ့၊ နောက်ပြီး အပြင်မှာက ကုန်ကြမ်းစုဖို့ ပိုလွယ်တယ်လေ။”
နျိုပင် ပြော၏။
စုယွမ် သံသယဝင်သွားပြီးမေးလိုက်၏။
“ဂိုဏ်းတူအစ်ကိုက ကျွန်တော်ကို လက်နက်သန့်စင်တာသင်ပေးမလို့လား။”
“မဟုတ်ဘူး၊မဟုတ်ဘူး။”
နျိုပင် တီးတိုးပြောလာသည်။
“ဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုတာ သာမန်လျှံကာလုပ်လို့ရတဲ့အရာမဟုတ်ဘူး။ ငှားခ၊ အခွန်၊ ကျော်ကြားမှု အကုန်လုံးက ငွေကြေးအပေါ်မူတည်နေတာ။ နောက်ပြီး ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့အတွင်းဆောင်တပည့်တွေဆို မမြင်ရတဲ့မျက်နှာသာပေးခံရတာတစ်ခုရှိတယ်။ သူတို့ဆိုရင် စျေးသက်သက်သာသာနဲ့ ဆိုင်ငှားလို့ရတယ်။ နောက်ပြီး အတွင်းဆောင်ရဲ့တပည့်အမည်နဲ့ဆိုရင် အခွန်က ငါးဆယ်ရာခိုင်နှုန်းတောင် လျော့သေးတယ်။ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့အတွင်းဆောင်တပည့်ဆိုတာ အမှတ်အသားတစ်ခုပဲ၊ တစ်ကိုယ်တည်းကျင့်ကြံသူတွေက အဲ့ဒါကို အသိအမှတ်ပြုကြတယ် နားလည်လား။”
နျိုပင်က သူ့ကိုအကြည့်တစ်ချက်ပေး၍ စုယွမ်ကို ကိုယ့်ဘာသာ စဥ်းစားစေလိုက်သည်။
စုယွမ် နျိုပင်ကို ထူးဆန်းသည့်အမူအရာဖြင့် ပြန်ကြည့်လာပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က ချီစုဆောင်းခြင်းနှောင်းပိုင်းအဆင့်တောင်မရောက်သေးဘူးလေ။”
“ဟင်း။ ဒါက အရေးမကြီးပါဘူး။ အဲ့ဒီအပြင်ကလူတွေက ဘယ်လိုလုပ်သိမှာလဲ။”
နျိုပင် လက်ယမ်းလိုက်ပြီး ပြုံးပြလိုက်၏။
“မင်းသာ မင်းနာမည်ငှားပေးရင် ငါမင်းကို တစ်ဆယ်ရာခိုင်နှုန်းဝေစုပေးမယ်။ မင်းက ဘာမှလုပ်စရာမလိုဘူး၊ ဒီအတိုင်းနေရင်း လေထဲက အကျိုးအမြတ်ရလာမှာလေ။ တစ်လကို ဝိညာဉ်ကျောက်တုံးနှစ်ရာရဖို့ဆိုတာ ပြဿနာမဟုတ်တော့ဘူး။”
စုယွမ် နျိုပင်ကို ဆွံ့အစွာ စိုက်ကြည့်မိ၏။ သူ ဤကိစ္စက အဲ့ဒီလောက်မရှင်းသလို ခံစားလိုက်ရသည်။
“အခြားနည်းလမ်းတွေရော မရှိဘူးလား။”
စုယွမ် တွေးလိုက်သည်။
နျိုပင်မှာ ဝမ်းနည်းစွာဆိုလာသည်။
“ကြည့်ရတာ ငါ၊ နျိုပင်က ဆိုင်ဖွင့်ဖို့ ကိုယ့်ဘာသာပဲနည်းလမ်းရှာရတော့မယ် တူပါတယ်ကွာ။ ဟင်း။ ငှားခနဲ့ အခွန်တွေက အရမ်းမြင့်လွန်းပေမဲ့လည်း ငါဘာလုပ်နိုင်ဦးမှာလဲ။ ဒီအတိုင်း ဝိညာဉ်ကျောက်တုံးတစ်ရာလောက်သုံးရုံပဲရှိတော့တာပေါ့။”
စုယွမ်မှာ နှုတ်ခမ်းထောင့်များ မဲ့ကျသွားရသည််။
“ဂိုဏ်းတူအစ်ကို ခင်ဗျား ကြံစည်တာ များသွားပြီလားလို့လို့။ ကျွန်တော်က အခုမှဂိုဏ်းထဲဝင်လာတဲ့အသစ်ပဲရှိသေးတာကို။”
“ငါ့ကိုပြောစမ်းပါ၊ မင်း လတိုင်းဝိညာဉ်ကျောက်တုံးနှစ်ရာလောက် မရချင်ဘူးလား။”
နျိုပင်က စုယွမ်ကို တည့်တည့်စိုက်ကြည့်၍ မေးလာသည်။
“ဒါ .. ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်နာမည်ပဲ ငှားပေးနိုင်မှာနော်။”
စုယွမ် ပြောလိုက်သည်။
“အဲ့ဒီဆို သွားစာရင်းသွင်းကြမယ်။”
နျိုပင်မှာ စုယွမ်ကို ဆွဲခေါ်ကာ ဝိညာဉ်ကျောက်တုံး၁၃၀ကို သာမန်အတိုင်းသာ ပစ်ချခဲ့ပြီး အမြန်ထွက်လာခဲ့၏။
“ဟမ်၊ ဘာကိုစာရင်းသွင်းရမှာလဲ။ ရှင်းရှင်းပြောဦးလေ။”
စုယွမ် ထပ်မံစွံ့အသွားရပြန်ပေသည်။
Chapter 40: ဆိုင်ဖွင့်ခြင်း။
စုယွမ်မှာ နျိုပင်ကို နှစ်ရက်တာတောင် အဖော်ပြုခဲ့ရသည်။ ဤအတောအတွင်း နျိုပင်၏အားစိုက်ထုတ်မှုကြောင့် သူတို့ လုပ်စရာရှိသည့်ကိစ္စအားလုံးအဆင်ပြေပြီးမြောက်၍ ဆိုင်တစ်ဆိုင်ငှားနိုင်ခဲ့၏။
ယခုတွင် သူတို့နှစ်ဦးက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းအပြင်ရှိ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းစျေးအတွင်း ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နေကြခြင်းဖြစ်သည်။
အနှီဆိုင်မှာ မသေးငယ်လှချေ၊ ထိုအစား အရှေ့ဘက်တွင်ပင် မီတာတစ်ရာကျယ်ဝန်းပြီး နောက်ဘက်တွင်မူ ထိုထက်တောင် ကျယ်ဝန်းသေး၏။ အခန်းလေးခန်းကို ဖွဲ့စည်းထားပြီး ယင်းအခန်းတို့တွင် လက်နက်သန့်စင်ပေမည်။
စုယွမ်မှာ ဆိုင်ပေါ်ရှိ ဆိုင်းဘုတ်ကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။
ဆိုင်းဘုတ်ပေါ်တွင် စာလုံးခုနစ်လုံးရေးသားထား၏၊ စုယွမ်လက်နက်သန့်စင်ရေးဟူ၍။
ထို့အပြင် နောက်စာကြောင်းတစ်ကြောင်းလည်းရှိနေသေးသည်။ ၎င်းမှာ
“ဤဆိုင်မှာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့အတွင်းတပည့် စုယွမ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။” ဟူ၍ပင်။
စုယွမ်မှာ နျိုပင်ကို ကြောင်အစွာသာ စိုက်ကြည့်မိလျက် သူ၏ပါးစပ်မှာလည်း တွန့်သွားရ၏။
“ဂိုဏ်းတူအစ်ကို၊ ဒါ ခင်ဗျားပြောတဲ့ နာမည်ငှားမယ်ဆိုတာကြီးလား။ ဒါက အရမ်းမထင်ပေါ်လွန်းဘူးလား။”
နျိုပင်က လက်ဝှေ့ယမ်းကာ ဆိုလာသည်။
“ထင်ပေါ်ဖို့ဆိုတာ ငါတို့လက်ရှိလိုအပ်နေတဲ့အရာလေ။ မဟုတ်ရင် အခြားသူတွေက ဘယ်လိုလုပ်ငါတို့ကိုယုံမလဲ။ ငါတို့သာ ဒီဆိုင်းဘုတ်ကိုချိတ်ထားသရွေ့ လူတွေက အဆုံးမရှိရောက်လာမှာပဲ။”
စုယွမ်မှာ စွံ့အနေရ၏။
“ကျွန်တော်တော့ ဒါကြီးက ရှုံးမယ်လို့ဘာလို့ခံစားနေရတာလဲ။”
နျိုပင်ကတော့ ယုံကြည်မှုရှိနေဆဲပင်။
“ကောင်းကောင်းသာ နားနေချေ။ ဒီစီးပွားရေးက သေချာပေါက်အောင်မြင်မှာ။ ငါ အကုန်လုံးကို စီစဥ်ထားပြီးသား။”
နျိုပင်မှာ ယုံကြည်မှုအပြည့်ဖြင့် သူ ယခင်က သန့်စင်ထားသော လက်နက်တို့နှင့်အတူ စျေးနည်းနည်းဖြင့် ဝယ်ယူထားသည်း လက်နက်တို့ကိုပါ ခင်းကျင်းနေ၏။ ဤသို့ဖြင့် ဆိုင်ကို ရက်အနည်းငယ်အတွင်းတွင်ပင် ဖွင့်လှစ်ရန် စီစဉ်လိုက်ပေပြီ။
သုံးရက်ကြာပြီးနောက်။
နျိုပင်နှင့် စုယွမ်တို့က တံခါးဝ၏ဘယ်ညာတွင်ရပ်လျက် အပြင်သစ်ကိုင်းပေါ်ရှိ ငှက်ကလေးများကို အပျင်းပြေ ရေတွက်နေရသည်။
မီတာတစ်ရာကျော်ကျယ်ဝန်းသော ဆိုင်အတွင်း လူတစ်ဦးတစ်လေသော်မျှ မရှိပါချေ။
“အစ်ကိုပင်၊ ကျွန်တော့်အထင်တော့ ဆိုင်ဖွင့်တယ်ဆိုတာ တော်တော်လေးနည်းစနစ်လိုတဲ့အလုပ်ဗျ။ အစ်ကိုသာ ဒါကို ဒဲ့တိုးကြီးအဆင်ပြေသလိုလုပ်မယ်ဆို ဆက်မဖွင့်နဲ့တော့။”
စုယွမ်မှာ နျိုပင်ကို အားလျော့ပေးနေလိုက်သည်။
နျိုပင်ကတော့ မယုံကြည်နိုင်သည့်အမူအရာချိတ်ဆွဲထားလေ၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ အခြားဆိုင်တွေက အတွင်းတပည့်တွေရဲ့နာမည်ကို ချိတ်ထားတာမြင်သားပဲ၊ သူတို့ကိုဆိုရင် လေလွင့်ကျင့်ကြံသူတွေက အပြေးအလွှားဝယ်ကြတာလေ။ အခုကျမှ ဘာဖြစ်တာလဲ။”
နျိုပင်မှာ သူ့ဘဝကြီးတစ်ခုလုံးကိုပင် သံသယဝင်လျက် မေးခွန်းထုတ်မိနေသည်။
“သူတို့ အဲ့ဒီပုံပေါက်အောင်လူငှားထားလို့များလား။”
စုယွမ်က တစ်ခွန်းတည်းနှင့် လျို့ဝှက်ချက်ကို ဖွင့်ထုတ်လိုက်သည်။
“ဒါက ... မဖြစ်နိုင်ဘူးလားလို့။ ဒီလိုဆို သူတို့ဘယ်ပိုက်ဆံရတော့မှာလဲ။”
“အဲ့ဒါစီးပွားရေးဗျူဟာတစ်ခုပဲလေ။ အစ်ကို လူတွေမှာရှိတဲ့ အုပ်စုဖွဲ့နေလိုတဲ့စိတ်ဆိုတာကို သိလား။ ဆိုင်တစ်ဆိုင်မှာ လူများနေလေလေ၊ ပိုပြီးလူတွေကို ဆွဲဆောင်နိုင်တာပေါ့။ ဆိုင်မှာ လူမရှိရင် အခြားသူတွေလည်း လာဖို့အခွင့်အရေးနည်းသွားမယ်လေ။”
“ပြောရရင် အစ်ကိုဘာလို့ ပွဲတစ်ခုမစီစဥ်လိုက်ရမှာလဲ။”
စုယွမ် ပြောလိုက်၏။
“ပွဲလား။”
“ဥပမာပြောရရင် လျော့စျေးတို့၊ သုံးခုဝယ်တစ်ခုလက်ဆောင်တို့၊ ဝယ်သူကို ဆေးဝါးတို့ အဆောင်တို့လိုလက်ဆောင်တွေထည့်ပေးတာမျိုးလေ။”
စုယွမ် ပြောလိုက်သည်။
နျိုပင် ချက်ချက်ငြင်းလာ၏။
“မလုပ်ဘူး။ ဒါတွေက ငါ မနည်းသန့်စင်ထားရတဲ့လက်နက်တွေလေ။ နောက်ပြီး ဝယ်ထားရတဲ့ဟာတွေကျတော့လည်း စျေးကနည်းတာမဟုတ်ဘူး။ လျော့စျေးပေးလိုက်ရင် ငါရှုံးမှာပေါ့။ နောက်ပြီး ဆေးဝါးတို့ဘာတို့အတွက်ကျ စျေးပေါပေါနဲ့ရဖို့ အဆက်အသွယ်ရှိတာမဟုတ်ဘူး၊ အဆောင်တံဆိပ်တွေရောပဲ။”
“ဟင်း၊ ခင်ဗျားရဲ့နွားလိုဦးနှောက်ကြီးက နည်းနည်းပါးပါး မတွေးတော့တတ်ဘူးလား။”
စုယွမ်ပြောလိုက်သည်။
နျိုပင်မှာ ပြောစရာစကားပျောက်ရှသွားရ၏။
“ကောင်းပြီလေ။ တစ်ခေါက်လောက် ကြိုးစားကြည့်ကြတာပေါ့။”
သုံးရက်ကြာပြီးနောက်။
တစ်ဆယ်ရာခိုင်နှုန်းလျော့စျေးမှာ မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမလာ၊ ယခုထိတိုင် ဝယ်သူမရှိသေးပါချေ။
စုယွမ်မှာ လမ်းပေါ်တွင်သွားလာနေကြသော လေလွင့်ကျင့်ကြံသူတွေကို ကြည့်ရင်း ထူးဆန်းသလို ခံစားလာရ၏။ အများစုမှာ ဆိုင်ကိုတစ်ချက်ကြည့်သည်၊ ထို့နောက် တံခါးပေါက်မှ ဆိုင်ထဲကို လှမ်းကြည့်ပြီးနောက် ဘာမှမလုပ်ဘဲ ပြန်၍လှည့်ထွက်သွားကြခြင်းဖြစ်၏။
နျိုပင်မှာ လေလွှင့်ကျင့်ကြံသူတစ်ဦးကို လှမ်းဆွဲ၍ ဘာကြောင့် မဝယ်သလဲမေးသောအခါ အဖြေမှာ နျိုပင်ကို စွံ့အသွားစေခဲ့သည်။
“ငါ ဒီစုယွမ်ဆိုတဲ့နာမည်ကို တခါမှတောင် ကြားဖူးတာမဟုတ်ဘူး။ ဘယ်လိုလုပ်ဝယ်ရဲမှာလဲ။ နောက်ပြီး အတွင်းဆောင်တပည့်ရဲ့ဆိုင်ဆိုကတည်းက စျေးကြီးလောက်မှာကို၊ ငါ မတတ်နိုင်ပါဘူး။”
နျိုပင်မှာ မေးပြီးမှ တော်တော်ကြောင်အသွားရ၏။
ဤအခြေအနေမှာ သူတွေးထားသည်နှင့် လုံးဝမတူပေ။
စုယွမ် နောက်ဆုံးတော့ နားလည်သွားချေပြီ။ အမှန်တကယ်တွင် အတွင်းဆောင်တပည့်တိုင်း စိတ်ထင်တိုင်း ဆိုင်ဖွင့်နိုင်ခြင်းမဟုတ်၊ ထိုအစား နာမည်တစ်လုံးရှိပြီးသည့် အတွင်းဆောင်တပည့်များကသာ ဆိုင်ဖွင့်ရန် အရည်အချင်းပြည့်မှီခြင်းဖြစ်သည်။
နျိုပင်တစ်ယောက် သူ့ကို ဘာမှမတွေးဘဲ ဆွဲခေါ်လာခြင်းမှာ အလွန်ရယ်သွေးဖွယ်သာ။ ဤနေရာရှိ ဘယ်သူကမှ အရူးလုပ်မရပါချေ။
နျိုပင်က ချက်ချင်းကို မီတာတစ်ရာအကျယ်အဝန်းလောက်ထိ ငှားကာဆိုင်ဖွင့်ထားခြင်းဖြစ်၏၊ ထိုလောက် ကြီးကျယ်နေခြင်းက လူတွေကို စျေးကြီးလောက်သည်ဟူသော ခံစားချက်မျိုးရစေသည်။ သို့ပေတည်း လက်တွေ့တွင်လည်း တကယ်ကို စျေးကြီးပါ၏။ နျိုပင်၏လက်နက်တို့မှာ လျော့စျေးချပြီးတာတောင်မှ အလွန်စျေးကြီးလွန်းလှသည်။ ထို့အပြင် နျိုပင်မှာ ကျော်ကြားသူလည်းဟုတ်မနေရာ ဝယ်သူမရှိ ခြောက်ကပ်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
နျိုပင်ကတော့ အရှုံးမပေးချင်ဘဲ နောက်ထပ်နှစ်ရက် ဆက်လက်တောင့်ခံခဲ့သည်။
အဆုံးတွင်မူ နျိုပင် အရှုံးကို ဝန်ခံလိုက်ရ၏။
သူ စိတ်ပျက်လက်ပျက်ဖြင့် ကိုယ်ပိုင်လက်နက်များကိုတော့ ပြန်သိမ်းကာ လတ်တလောဝယ်ယူထားသောလက်နက်များကို ငွေပြန်လဲလိုက်၏။
စုယွမ်မှာ ကြောင်အနေဆဲ။
“အစ်ကိုပင်၊ ဒီဆိုင်ကရော ဘယ်လိုလုပ်မှာလဲ။”
“ငါတော့ ဆက်မဖွင့်တော့ဘူး။ ဒါပေမဲ့ နှစ်လစာတောင်ငှားပြီးသွားပြီ။ မင်းသာ တစ်ခုခုလုပ်ချင်စိတ်ရှိရင် လုပ်လိုက်။ မလုပ်ချင်ရင်လည်း ပစ်သာထားလိုက်။ အချိန်တစ်ခုရောက်ရင် ပိုင်ရှင်က ငှားခယူဖို့ လာလိမ့်မယ်။ ငှားခနဲ့အခွန်သာမပေးရင် သူတို့ဘာသာ ဒီဆိုင်ကို ပြန်သိမ်းသွားလိမ့်မယ်။ မင်းကို ဘာမှမထိခိုက်ဘူး။”
နျိုပင်ထွက်သွားပြီး စုယွမ်ကို ဤအတိုင်းသာ ထားရစ်ခဲ့လေသည်။
စုယွမ်မှာ ဟာလာဟင်းလင်းဖြစ်နေသောဆိုင်ကိုကြည့်ပြီး တော်တော်ကြာသည်ထိ ပြောစရာစကားပျောက်ဆုံးနေရသည်။
သူ ခေါင်းကိုသာ ခါလိုက်ပြီး ဆိုင်တံခါးကိုပိတ်ကာ ဂိုဏ်းကို ပြန်လာခဲ့၏။
ဆိုင်အတွက်ကိုမူ ကြိုက်သည့်သူသာဝင်ဖွင့်ပါစေတော့။
ဆေးဝါးဆိုင်ရာတောင်ထိပ်၊ အစေခံများတပည့်နေရာ၌။
ကျိုးဝူယိုမှာ အပတ်တကုတ် ဝိညာဉ်ပင်များကို အမျိုးအစားခွဲနေ၏။ သူ ဤအရာများကို ဆေးဖော်ချိန်မတိုင်မှီ ပြီးရန်လိုအပ်သည်။
တစ်နှစ်ကြာ အစေခံတပည့်အဖြစ် ထမ်းဆောင်ပြီးနောက်တွင် ကျိုးဝူယို၏စိတ်အခြေအနေမှာ ပိုပြီးတည်ငြိမ်လာခဲ့၏။
သူ ဝိညာဉ်အပင်များကို ခွဲခြမ်းပြီးနောက် ဆေးဖော်ရာအခန်းများဆီ အသီးသီးပို့လိုက်သည်။
ဆေးဖော်ရာအခန်းတစ်ခုတွင် အခြားအစေခံတပည့်နှစ်ဦးကလည်း အလုပ်ရှုပ်နေကြ၏။
သူတို့ထဲက တစ်ယောက် ကျိုးဝူယိုကို မြင်တော့ သူ့ဘေးရှိလူထံ တီးတိုးပြောလာသည်။
“ဟေး၊ မင်းဟိုမှာမြင်လား၊ ကျိုးဝူယိုလေ။ သူ ပြောတော့ သူက အပြင်ဆောင်တပည့်ဖြစ်လာမှာဆိုပြီး ပြောခဲ့တာ။ အခုထိ သူ့မှာ အခုထိအစေခံတပည့်ပဲ၊ ကျင့်ကြံဆင့်ကလည်း ငါ့လောက်ပဲ၊ ချီစုဆောင်းခြင်းအဆင့်နှစ်ပဲရှိသေးတယ်။”
“သူလား။ သူက သူ့ကိုယ်သူ အင်အားကြီးနောက်ခံရပြီထင်နေတာလေ။ နောက်တော့ ဘယ်သူထင်မှာလဲ၊ အဲ့ဒီနောက်ခံက ပျောက်သွားလိမ့်မယ်လို့။ တစ်နှစ်တောင်ကြာနေပြီဆိုတော့ မဖြစ်နိုင်တော့ပါဘူးကွာ။ အဲ့ဒီတုန်းက ငါတောင် သူ့နောက်လိုက်ဖြစ်ချင်ခဲ့တာ။”