အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
Chapter 33: စစ်ဆေးမှု။
ရုတ်တရက်။
စုယွမ် ထူးဆန်းသောလောကတစ်ခုထဲ ရောက်သွား၏။
သူ ငွေဖြူရောင်မြက်ခင်းများ၊ ငွေဖြူရောင်သစ်ပင်များနှင့် ကျောက်တုံးများကို အံ့သြတကြီးကြည့်နေမိသည်။
တစ်လောကလုံးက ငွေဖြူရောင်ဖြစ်နေလေသည်။ အလွန်ထူးဆန်းသည့်နေရာပါပင်။
သူ ဟိုနားဒီနားလျှောက်ကြည့်နေတုန်း၊ ငွေဖြူပုံရိပ်တစ်ခုက သူ့အရှေ့တွင် ပေါ်ပေါက်လာလေသည်။
"မင်းက ဘာတွေလျှောက်ရှာနေတာလဲ။"
ငွေရောင်မြေခွေးလေးက လေထဲမှပေါ်ပေါက်လာပြီး စုယွမ်ကို စိုက်ကြည့်လာသည်။
"ဟမ်၊ မင်းကဘယ်သူလဲ။"
စုယွမ်လည်း သတိထား၍ မေးလိုက်သည်။
"ငါဒါက ဒီလျှို့ဝှက်နယ်မြေရဲ့ဝိညာဉ်လေ၊ ဒီစမ်းသပ်ပွဲတစ်ခုလုံးကို တာဝန်ယူထားတာပေါ့။"
ငွေရောင်မြေခွေးလေးက ခေါင်းမော့ကာဆိုလာသည်။
"အဲ့ဒါဆိုရင် ငါဘယ်လို စမ်းသပ်မှုထဲကိုဝင်ရမလဲ။"
စုယွမ် သိချင်စွာမေးမြန်လိုက်၏။
"ဘိုးဘေးဆရာသခင်က စမ်းသပ်မှု၂ခုကိုချန်ထားခဲ့တယ်၊တစ်ခုက တိုက်ခိုက်ရေး ။ နောက်တစ်ခုက စာပေပြိုင်ပွဲ။ မင်းဘယ်တစ်ခုကိုရွေးချင်လဲ။ ငါမင်းကို တိုက်ခိုက်ရေးကိုရွေးဖို့အကြံပေးချင်တယ်၊ အားသာချက်က မြန်မြန်ပြီးတာမိုလို့လေ။ မင်းရဲ့ပြိုင်ဘက်တွေကလည်း တိုက်ခိုက်ရေးသားရဲတွေပါပဲ၊ အစပိုင်းအဆင့်တွေကသိပ်မခက်ဘူး။"
ငွေရောင်မြေခွေးလေးက ဆို၏။
စုယွမ် မျက်လုံးလှန်လိုက်၏။ လျှို့ဝှက်နယ်မြေ၏ဝိညာဉ်က ဤသို့အကြံပြုကတည်းက သူ စာပေကိုသာ ရွေးသင့်နေလေပြီ။ အကယ်၍ သူသာ ဒဏ်ရာရသွားလျှင် မည်သို့လုပ်ပါနည်း။ ဤနယ်မြေထဲသို့ သူက ခန္ဓာအစစ်နှင့်သာ ဝင်လာသည်လေ။
"ငါ စာပေပြိုင်ပွဲကိုရွေးတယ်။"
စုယွမ်ပြောလိုက်သည်။
မြေခွေးမှာ စွံ့အသွားရလျက်။
"ဒီလိုဆိုမှတော့ မင်းကိုယ်မင်းပြင်ထားတော့။ ပထမအဆင့်က အခြေခံအသိပဲ။"
စုယွမ်၏ရှေ့တွင် စားပွဲတစ်လုံးနှင့် အဖြူရောင်စာရွက်တစ်ခုမှာ မေးခွန်းများစွာဖြင့် လေထဲမှပေါ်လာသည်။
စုယွမ် စာရွက်ကို အဆုံးထိကြည့်လိုက်တော့ သူ နံပါတ်တစ်ထောင်ဆိုတာကို တွေ့လိုက်ရာ ချက်ချင်းကို အေးခဲသွားတော့၏။
"အခုရေတစ်ထောင်တောင်လား။"
စုယွမ်မှာ ကြောင်အလျက် ရေရွတ်မိရသည်။
"မင်းဘာသာ ဒါကိုရွေးခဲ့တာပဲ။ မြန်မြန်လုပ်။ ခိုးမချနဲ့နော်။ ငါဒီမှာ ကြည့်နေမှာ။"
မြေခွေးလေးမှာ ဘေးဘက်တွင် ဝင်ခွေကာ လွှင့်မြောနေလေသည်။
စုယွမ်မှု သူဟာ ကူးပြောင်းလာခဲ့တာတောင်မှ စာမေးပွဲဖြေရဦးမည်ဟု မထင်ထားခဲ့ပါချေ။
သူ စားပွဲပေါ်က စုတ်တံကိုယူ၍ စတင်ဖြေတော့သည်။
မေးခွန်းများစွာရှိသော်လည်း ယင်းတို့မှာ စုယွမ်၏အသိဥာဏ်ထက်ပို၍မကျော်လွန်သေးရာ သူ အများကြီးတွေးတောရန်မလိုအပ်ဘဲ အကြည့်တစ်ချက်နှင့်ပင် အဖြေများကိုစဥ်းစားနိုင်၏။
ဤသို့ဖြင့် စုယွမ်လည်း တည်ငြိမ်စွာ မေးခွန်းဖြေနေလျက် သူ့ယခင်ဘဝ၏ကျောင်းသားဘဝကို တစ်ခေါက်ပြန်သွားခြင်းဟုသာ တွေးနေလိုက်သည်။
မသိလိုက်ဘာသာနှင့် သုံးနာရီမှာ ကုန်ဆုံးသွား၏။
စုယွမ်လည်း အပျင်းကြောဆန့်၍ သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။"
ငွေဖြူရောင်မြေခွေးလေးက စုယွမ်စာဖြေနေသမျှကို စောင့်ကြည်နေတာဖြစ်သည်။ သူ့မှာ အစပိုင်းတွင် အထင်သေးနေသော်လည်း တဖြည်းဖြည်း အံ့သြလာကာ နောက်ဆုံးတွင် ထိတ်လန့်သွားပေသည်။ စုယွမ်၏အဖြေကို နမူနာအဖြေများနှင့်တိုက်ပြီးနောက် သူ့မှာ မနေနိုင်ဘဲ မေးမိရ၏။
"မင်းက မကောင်းဆိုးဝါးလား။"
"ဘာဖြစ်လို့လဲ။"
စုယွမ် မေးလိုက်သည်။
"မင်းဖြေတာ အကုန်မှန်နေတယ်လေ။"
ငွေဖြူရောင်မြေခွေးလေးက ရှုပ်ထွေးနေသည့်အမူအရာဖြင့် ပြန်ဖြေလာသည်။
"ဒါက အခြေခံအသိသက်သက်ပါပဲ၊ စာကြည့်တိုက်မှာ ရှိတဲ့ဟာတွေလေ။"
စုယွမ်ပြောလိုက်၏။
"မင်းက လတ်တလောမှာ အဖြေအကုန်မှန်တဲ့ ပထမဆုံးတပည့်ပဲ။"
မြေခွေးလေးက ဖြေးညင်းစွာ ပြောလာ၏။
"ဒါက ဘာမှမဟုတ်ပါဘူး။ ငါ့ကို ဘယ်သူက စာဖတ်ရတာကြိုက်ဖို့ပြောခဲ့လဲမသိပါဘူးကွာ။"
စုယွမ်က သွားဖြူဖြူများပေါ်သည်အထိ ပြုံးဖြီးဖြီးလုပ်ပြလိုက်သည်။
မြေခွေးက သူ့ကို စိုက်ကြည့်လာသည်။
"မင်းနာမည်က ဘာတဲ့လဲ။"
"စုယွမ်။"
စုယွမ် သာမန်လျှံကာသာ ပြန်ဖြေလိုက်၏။
【ဒင်၊ ကျော်ကြားမှုအမှတ်+7】
စုယွမ်လည်း အံ့သြသွားပြီး မြေခွေးလေးကို ပြန်ကြည့်မိသည်။
"စုယွမ်၊ မင်းက တော်တော်ကိုထူးချွန်တယ်။ မင်း စာပေပြိုင်ပွဲရဲ့အဆင့်ငါးခုကို ကျော်လိုက်လို့ရတယ်။ အခု အဆင့်ခြောက်ကနေစဖြေပေါ့။"
ငွေရောင်မြေခွေးလေးက ဖြေသည်။
"အင်း။"
စုယွမ်လည်း သာမန်လျှံကာသာ ခေါင်းညိတ်လိုက်၏။
အဆင့်ခြောက်ဖြစ် ငါးဖြစ်စေ၊ သူ့အတွက်တော့ ဘာမှမကွာခြားပေ။ ပြန်ပေးမည့်ဆုမရှိသည့်အတွက် သူလည်း ဤပြိုင်ပွဲနှင့်ပတ်သက်၍ ဘာမှထူးထူးခြားခြားခံစားချက်မရှိ၊ ဒီအတိုင်း ဝင်ပြိုင်လိုက်ရုံသာဖြစ်၏။
နောက်တစ်ခိုက်တန့်တွင် လူသားပုံစံပုံရိပ်ယောင်တစ်ခုက သူ့ရှေ့ပေါ်လာ၏။ သူ ယင်းပုံရိပ်ယောင်ထဲရှိ မရီဒျာန်များနှင့်အတူ လည်ပတ်နေသောချီစွမ်းအင်တို့ကိုဖောက်မြင်နေရသည်။ သို့သော် ချီစွမ်းအင်တို့က တစ်နေရာတွင်ရပ်တန့်သွားပြီး ရှေ့မဆက်နိုင်ဖြစ်နေပေသည်။ ချီလည်ပတ်ရာလမ်းကြောင်းမှာ ရှုပ်ထွေးသော်ငြား စုယွမ်ကတော့ ချီစွမ်းအင်တို့က မရီဒျာန်ရေကြောတွင် ပိတ်မိနေတာကို သိပေ၏။ သူ၏မျက်ခွံတို့မှာ တွန့်လို့သွား၏၊ ဤသို့သော ခပ်ပေါပေါအမှားက မည်သို့ဖြစ်လာရသနည်း။
"ချီလည်ပတ်ခြင်းအခြေအနေကို အဆင်ပြေသွားစေမဲ့ အဖြေကို ပြောပြပေးပါ။"
ငွေဖြူရောင်မြေခွေးက မေးလာ၏။
"ဒါပဲလား။ အမှတ်၂ခုပြန်ဆုတ်ပြီး ချမ်မရီဒျာန်ထဲက ပြန်ဖြတ်လိုက်လေ။ ဒါပဲမဟုတ်ဘူးလား။"
ငွေဖြူရောင်မြေခွေး၏မျက်ဝန်းမှာ တောက်ပသွားပြန်၏။
"ပြီးပြည့်စုံတဲ့အဖြေပါပဲ။ နောက်မေးခွန်းတစ်ခုနားထောင်။"
ထိုလူပုံစံအရိပ်အယောင်သာထပ်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် အနီရောင်ချီစွမ်းအင်က လမ်းကြောင်း၏ဆယ်ပုံတစ်ပုံကို ဖြတ်သန်းပြီးဖြစ်သော်လည်း ခရုသွားသကဲ့သို့ နှေးကွေးနေသည်။
"မီးချီစွမ်းအင်ရဲ့လည်ပတ်မှုက နှေးကွေးနေပါတယ်။ ချောမွေ့စေမဲ့အကြံပြုချက်ကို ပေးပါ။"
မြေခွေးလေးကမေးလာ၏။
"လွယ်ပါတယ်။ နည်းနည်းလောက်ကျစ်လျစ်အောင်စောင့်လိုက်လေ။ အခုဒီချီစွမ်းအင်က တော်တော်လေးလျော့ရဲပြီး လုံလုံလောက်လောက်မသိပ်သည်းဘူးဖြစ်နေတာ။ နှေးနေတာပုံမှန်ပဲမဟုတ်လား။"
စုယွမ် ထောက်ပြလိုက်၏။
ငွေဖြူရောင်မြေခွေးလေးမှာ ခေတ္တတုန့်ဆိုင်းသွားလျက် ဤအဖြေမှာ သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည့်ပုံပင်။ သူ နမူနာအဖြေကိုကြည့်လိုက်၏။
【1. အားစိုက်ထုတ်ပြီး မြန်မြန်ပတ်စေလိုက်ပါ။
2. မီးချီစွမ်းအင်ကို လျော့ချလိုက်ပါ။
3. မရီဒျာန်များကို ပိုကျယ်စေလိုက်ပါ။ 4.လည်ပတ်တဲ့လမ်းကြောင်းကိုပြောင်းပြီး ...】
သူ စုယွမ်၏အဖြေက နမူနာမေးခွန်းထဲ မပါသည်ကို အတည်ပြုပြီး ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လက်တွေ့ပြပေးပါ။"
စုယွမ်လည်း ခေါင်းကုတ်ကာ ထရပ်လိုက်ပြီး လူပုံစံအရိပ်အယောင်၏အရှေ့လျှောက်လာလိုက်သည်။
"ဒါကို ဘယ်လိုထိန်းချုပ်လဲ။"
စုယွမ်လည်း မသိသဖြင့် မေးလိုက်ရ၏။
"ဝိညာဉ်အာရုံကိုသုံးပြီး ထိန်းချုပ်လို့ရတယ်။"
သူ လက်ကို ပုံစံထဲရှိ ချီစွမ်းအင်ကိုထိလိုက်ရာ ဝိညာဉ်စွမ်းအင်ဖြင့် တကယ်ထိန်းချုပ်လို့ရကြောင်းကို သိလိုက်သည်။
သူ စွမ်းအင်လည်ပတ်မှုကိုထိန်းချုပ်စုစည်းစေလိုက်ရာ စွမ်းအင်၏အရွယ်အစားမှာ နှစ်ဆသုံးဆ ပိုကြီးလာ၏။ ထို့နောက် သူ ဝိညာဉ်စွမ်းအင်ကို သေချာထိန်းချုပ်ကာ တက်ကြွသော အသေးစားမီးမြွေလေးဖြစ်လာစေလိုက်သည်။ ဤသို့ဖြင့် ယင်းမြွေလေးက မရီဒျာန်များထဲ စီးကူးကာ ခန္ဓာကိုယ်ထဲ တစ်ပတ်ပြည့်အောင်လည်နိုင်သွားတော့လေသည်။
ငွေရောင်မြေခွေးလေးက စုယွမ်လုပ်နေသည်များကို ကြည့်ရင်း အကြည့်များက ကြောင်အသွားရလေသည်။ သူ မျက်လုံးများပြူးကျယ်လျက် ရေရွတ်လာသည်။
"ဘယ်လိုလုပ်လိုက်တာလဲ။ ချီစွမ်းအင်က ဝိညာဉ်မြွေအဖြစ် ပြောင်းလဲလို့ရတာလား။ ဒါမှမဟုတ် မင်းက မီးသတ္တုကျမ်းဂန်ကို လေ့လာထားတာလား။"
စုယွမ်မှာ မြေခွေးလေးဖြစ်ပျက်နေပုံကို ကြည့်ပြီး ရှုပ်ထွေးသွားလျက် မေးလိုက်မိသည်။
"ဒီပြိုင်ပွဲက ဘိုးဘေးဆရာသခင်စီစဥ်ခဲ့တာမဟုတ်ဘူးလား။ ငါ ချီထိန်းချုပ်ပြလိုက်တာ အရမ်းအထင်ကြီးဖြစ်သွားလို့လားဟ။ ကျင့်ကြံဆင့်အမြင့်ပိုင်းအတွက်ဆိုရင် ဒါပုံမှန်ပဲလေ။"
မြေခွေးလေးမှာ ပြောစရာစကားမဲ့သွားရလျက်။
"အဲ့ဒါ ကျင့်ကြံမြင့်တဲ့သူအတွက်သာမန်ပဲဆိုတာ မင်းသိသားပဲ။ မင်းက အခုမှ ချီစုဆောင်းခြင်းအဆင့်သုံးပဲရှိသေးတာမဟုတ်ဘူးလား၊ ဒီလောက်ထိ လုပ်နိုင်စရာမရှိဘူးလေ။ နောက်ပြီး ဒါတောင် မင်း မီးသတ္တုကျမ်းဂန်ကို မသိဘူးလို့ ငြင်းရဲသေးလား။"
စုယွမ် ဖြေရှင်းလိုက်၏။
"ချီစွမ်းအင်တွေ ခဏတုန်းကလည်ပတ်တဲ့လမ်းကြောင်းကနေဆိုရင် မီးစွမ်းအင်က ပြင်ပညှို့ယူခြင်းနည်းကိုသုံးပြီး အပြင်က ကောင်းကင်နဲ့မြေကြီးရဲ့ချီစွမ်းအင်ကို ညှို့ဖို့ကြိုးစားနေတာလေ။ အဲ့ဒီလိုလုပ်တာက သေချာပေါက် ချီလည်ပတ်တာကို နှောင့်နှေးစေမှာပဲကို။"
"အဲ့ဒီလောက်လွယ်လား။"
မြေခွေးလေးမှာ ပါးစပ်အဟောင်းစားဖြင့်။
"ကြည့်၊ ဒီလမ်းကြောင်းရဲ့ဆယ်ပုံတစ်ပုံကိုကြည့်ရင် နောက်ထပ်ရှေ့ဆက်ဖို့က မခက်ဖူးလား။ အဲ့ဒါကြောင့် ခဏနောက်ပြန်ဆုတ်လိုက်တာက သဘာဝကျတယ်လေ။ နောက်မှ ကျန်တဲ့ချီစွမ်းအင်တွေကို ထပ်ပေါင်းလိုက်တော့ အဆင်ပြေသွားတာပဲမလား။"
စုယွမ်က ပုံမှန်အတိုင်းသာ ရှင်းပြလာသည်။ ပထမဆုံးဒီလိုလုပ်ဟူ၍ တဖုံ၊ နောက် ဒီလိုရွေ့ဟူ၍တစ်မျိုးညွှန်ပြရင်း လုပ်ပြလိုက်ရာ နောက်ဆုံးတွင် အောင်မြင်သွားတော့သည်။
မြေခွေးလေးမှာ ကြောင်အလျက် မရီဒျာန်များကို ခဏခဏကြည့်နေမိသည်။ ဘယ်လိုဖြစ်ဖြစ် သူ နားမလည်နိုင်ကြောင်းအတည်ပြုပြီးနောက် ခေါင်းခါလိုက်ပြီး ဆိုလိုက်၏။
"ဒီကလေးက တခုခုတော့မူမမှန်ဘူး။"
"မင်းက ဒီနယ်မြေရဲ့ဝိညာဉ်မဟုတ်ဘူးလား။ ဘာလို့ ဒါတွေတွေးနေတာလဲ။ စမ်းသပ်တာကပြီးပြီလား။ ငါပြန်သွားချင်တယ်။ ငါ အသားဟင်းစားချင်လွန်းလို့ အလျင်လိုနေတာနော်။"
စုယွမ် ဘေးပတ်လည်ကိုကြည့်လိုက်တော့ ထွက်ရန်နေရာကိုမတွေ့ရော မြေခွေးအပေါ်ကိုသာ စိုက်ကြည့်လိုက်၏။
မြေခွေးလေးက လက်သည်းများကိုဆန့်ထုတ်လာပြီး သူ့ကို တားလာ၏။
"နေပါဦး၊ နေပါဦး။ မင်း ဒီအဆင့်ကိုအောင်မြင်သွားပြီ။ နောက်ထပ်အဆင့်သုံးခုကိုကျော်လိုက်လို့ရတယ်။ နောက်ဆုံးအဆင့်ကိုသာ တိုက်ရိုက်ဖြေလိုက်တော့၊ အဆင့်ကိုးကိုလေ။ ဘယ်လိုလဲ။"
"ကောင်းပြီလေ။ မြန်မြန်သာလုပ်။"
စုယွမ်ပြောလိုက်သည်။
မြေခွေးလေး၏အမူအရာက တည်ကြည်သွား၏။
"ငါ့နောက်လိုက်ခဲ့။"
"ဘယ်ကိုလဲ။"
စုယွမ်လည်း သိချင်သွား၍ မေးလိုက်သည်။
သို့သော် သူ မြေခွေးလေးနောက်လိုက်ရန်သာ တတ်နိုင်ပေ၏။ သူသွားနေရင်း အဝေးတစ်နေရာမှ အသံတစ်ခုကိုကြားလိုက်ရသည်။
ပို၍နီးလာလေလေ၊ အသံမှာ ပိုကျယ်လာ၏။ ထို့နောက်တွင် သူ သစ်ပင်ကြီးတစ်ခုကို ကျော်ပြီးနောက်တွင်မှ ကျယ်ပြန့်လှသောကောင်းကင်ပြင်ကြီးမှ ငွေမှင်ရောင်အရည်တို့ကိုစီးဆင်းနေသည်ကိုမြင်လိုက်ရသည်။ သူ နေရာတွင်ပင် ချက်ချင်း ကြောင်အသွားတော့သည်။
ငွေမှင်ရောင်ရေတို့မှာ အမြင့်တိမ်များကြားမှ စီးဆင်းလာပြီး ငွေရောင်ကန်ကြီးအတွင်း စီးဝင်သွားကြသည်။ ထိုနေရာတွင် ငွေရောင်မြူခိုးငွေ့တို့ကလည်း သန်းနေပြီး အိပ်မက်နယ်မြေအလား ရသကို ပေးစွမ်းလာ၏။
"ငါ အစောကတည်းက မေးချင်နေတာ။ ဘာလို့ ဒီနေရာက အားလုံးက ငွေရောင်ဖြစ်နေရတာလဲ။"
စုယွမ်မှာ သိချင်စိတ်ကြောင့် မေးလိုက်သည်။
"ဒါက ငွေဖြူဝိညာဥ်ရေတံခွန်လေ၊ ကောင်းကင်နဲ့မြေကြီးအကြား သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ အံ့ဖွယ်လတ်ဆောင်တစ်ခုပဲ။ ဒီရေတွေကို ငွေမှင်တောက်ရေလို့ခေါ်တယ်၊ ထိပ်သီးမြေကမ္ဘာအဆင့်ရှိတဲ့ရေပေါ့။ ဘိုးဘေးဆရာသခင်ပြောတာတော့ ထိပ်သီးနားလည်နိုင်စွမ်းရှိတဲ့သူတွေက ဒီရေတံခွန်ကိုလေ့လာရင်း ကောင်းကင်နဲ့မြေကြီးရဲ့သဘောတရားကို ရှာတွေ့နိုင်တယ်တဲ့။"
မြေခွေးလေးမှာ ခံစားချက်အပြည့်ဖြင့်ဆိုသည်။
"ထိပ်တန်းမြေကမ္ဘာအဆင့်ရေလား။ အရမ်းတန်ဖိုးရှိမှာပေါ့။"
စုယွမ်၏မျက်လုံးများ တောက်ပသွား၏။
ငွေဖြူရောင်မြေခွေးလေးမှာ စွံ့အသွားလျက်၊ ဤလူမှာ အဓိကအချက်ကို မကြားသည်လား။
"မင်း ရေကိုအပြင်ယူသွားလို့မရဘူး။ ယူသွားရင်လည်း သာမန်ရေအဖြစ်ပဲပြောင်းသွားမှာ။"
"ဘာလို့လဲ။ ဂိုဏ်းကအခြားသူတွေကရော ယူဖို့မလုပ်ဘူးလား။"
စုယွမ် သိချင်သွားရသည်။
မြေခွေးလေးက ခေါင်းခါလာသည်။
"ငွေမှင်တောက်ရေကို ယူနိုင်ဖို့ဆိုရင် ငွေဖြူဝိညာဥ်ရေတံခွန်က သဘောတရားဆယ့်ရှစ်ခုကို နားလည်မှဖြစ်မှာ။ ဒါပေမဲ့ ဒီသဘောတရားတွေကိုနားလည်တဲ့သူတွေကလည်း ဒီရေတွေကို ဂရုမစိုက်တော့ဘူးလေ။ ဒါ့အပြင် ဒီစမ်းသပ်မှုထဲဝင်လာတဲ့သူတွေအကုန်က အခုမှဂိုဏ်းထဲ အသစ်ဝင်လာတဲ့သူတွေချည်းဆိုတော့ ယူသွားနိုင်တဲ့သူမရှိသေးဘူး။"
"ကောင်းပြီလေ။ မင်းဘာလို့ ဒီလိုခေါ်လာရတာလဲ။"
စုယွမ် မေးလိုက်သည်။
"သွားပြီးနားလည်အောင်လုပ်ရမယ်။ မင်းသာ ဒီရေတံခွန်းထဲက သဘောတရားတစ်စွန်းတစကိုဖြစ်ဖြစ် နားလည်နိုင်ခဲ့ရင် တကယ်ကိုနည််းနည်းလေးဖြစ်ပါစေ၊ အောင်မြင်တယ်လို့ယူဆမယ်။"
မြေခွေးလေးက ပြောလာသည်။
စုယွမ် ငွေဖြူဝိညာဥ်ရေတံခွန်ကိုကြည့်လိုက်၏၊ ထို့နောက် မြေခွေးလေးကိုတစ်ဖန်ပြန်ကြည့်ကာ မေးလိုက်သည်။
"ပြောစမ်းပါ၊ မင်း ငါ့အကြောင်းတွေသိနေပြီးငါရွေးချယ်တာတွေကို ချောင်းကြည့်ခဲ့တာလား။ ငါသာ အခြားအရာတွေကိုရွေးခဲ့ရင် မန္တန်အကြောင်း ဒါမှမဟုတ် လက်နက်သန့်စင်မှုအကြောင်းကို စစ်မှာမလား။"
မြေခွေးလေးက စုယွမ်ကို ဖတ်လို့မရသည့်မျက်ဝန်းများဖြင့်ကြည့်လာ၏။ ထို့နောက် မျက်တောင်ခက်ကာဆိုသည်။
"မင်းလို ချီစုဆောင်းခြင်းအဆင့်သုံးပဲရှိတဲ့ တပည့်၊လွန်ခဲ့သုံးလကမှ ကျင့်ကြံရေးစတင်တဲ့သူက လက်နက်သန့်စင်ချင်သေးတာလား။ မန္တန်အကြောင်းရော ဖြေချင်တာလား။ မင်းဝင်ပူးခံထားရတာလား။"
စုယွမ် ခေါင်းကိုသာခါလိုက်သည်။
"ဟုတ်ပါတယ်လေ။ ဘယ်လိုသိနိုင်မှာလဲ။"
"ဒီဟာက ဘယ်လောက်ကြာမှာလဲ။"
စုယွမ်မေးလိုက်သည်။
"အချိန်အကန့်အသတ်မရှိဘူး။"
မြေခွေးလေးက ဆိုလာ၏။
စုယွယ်မှာ အံ့သြမှုဖြင့် မြေခွေးလေးကိုလှည့်ကြည့်လာသည်။
"အဲ့ဒါဆိုရင် ဒီမှာ တစ်သက်လုံးနေချင်ရင်လည်း နေလို့ရတာလား။"
"မင်းဘာလုပ်ချင်လို့လဲ။"
မြေခွေးလေးမှာ စုယွမ်ကို ထိတ်လန့်တကြားကြည့်မိ၏။
"ငါ ဒီမှာပဲနေပြီး တသက်လုံးကျင့်ကြံသွားချင်လို့လေ။"
စုယွမ် ချက်ချင်ပြန်ပြောလိုက်သည်။
မြေခွေးလေးမှာ မဲ့ကျသွားရသည်။ သူ ပြောလိုက်၏။
"တကယ်တော့ အချိန်ကန့်သတ်ချက်ရှိတယ်။ ဒီနေရာက တစ်နှစ်တစ်ကြိမ်ဖွင့်တာ၊ နောက်နှစ်ဒီချိန်ဆိုရင် မင်း ပြန်ကန်ထုတ်ခံရမှာပဲ။"
"အဲ့ဒါဆိုရင်လည်း တစ်နှစ်နေတာပေါ့။"
စုယွမ် ဆုံးဖြတ်ချက်ချလိုက်သည်။
မြေခွေးလေးမှာ စုယွမ်ကို အထူးတဆန်းစိုက်ကြည့်လာ၏။
"မင်း အပြင်မြန်မြန်ပြန်ထွက်ပြီး အသားဟင်းစားချင်နေခဲ့တာမဟုတ်ဘူးလား။"
"အသားဟင်းလား။ အဲ့ဒါက ဘာလဲ။ မမှတ်မိတော့ဘူး။ ဒီက ငွေရောင်သစ်သီးတွေကလည်း အရသာရှိမဲ့ပုံပါ။"
"အဲ့ဒါ ငါ့ဟာတွေ။"
"ဟင်း၊ ဘာလို့ အဲ့ဒီလောက်ကပ်စီးနည်းနေတာလဲ။"
"ငါ မင်းကိုအထင်သေးခဲ့မိတာပဲ။"
ဤသို့ဖြင့် မြေခွေးတစ်ကောင်နှင့် လူတစ်ဦးတို့ဟာ အဆက်မပြတ် စကားများကြတော့လေသည်။
Chapter 34: အချိန်တစ်နှစ်။
ဆယ်ရက်ကြာမြင့်ပြီးနောက်။
သာလွန်တောင်ထိပ်၏အဓိကခန်းမတွင်။
သာလွန်တောင်ထိပ်သခင်ဝမ့်စစ်မင်က ကျင့်ကြံရေးပြီးဆုံးသွား၍ တောင်ထိပ်ရှိအရေးကိစ္စများကိုကိုင်တွယ်နေရင်း ရုတ်တရက်သတိရသွားလျက် တစ်ယောက်ယောက်ကို ခေါ်လိုက်သည်။
"ဒီကိုလာခဲ့။"
တပည့်တစ်ဦးက အမြန်ဝင်လာ၏။
"တောင်သခင်။"
"ဒီနှစ်ရဲ့အတွင်းဆောင်တပည့်ကဘယ်မှာလဲ။ ဘာလို့ သူ့အကြောင်းရေးထားတာမတွေ့တာလဲ။"
ဝမ့်စစ်မင်မေးလိုက်သည်။
"သူက အခုထိလျှို့ဝှက်နယ်မြေထဲမှာ ရှိနေတုန်းပါပဲ။"
တပည့်မှာ ခေါင်းကုတ်၍ဆိုလာသည်။
"အခုထိအဲ့ဒီထဲမှာပဲလား။"
ဝမ့်စစ်မင် အံ့သြသွားပြီး ပြန်မေးမိရ၏။
"ဟုတ်ပါတယ်။ ကျွန်တော် တောင်သခင်လန်ကို နေ့တိုင်းသတင်းပို့မေးတာပါ။ သူကလည်း လျှို့ဝှက်နယ်မြေဝင်ပေါက်ကိုနေ့တိုင်းသွားကြည့်ပြီးမှ အထဲမှာရှိသေးကြောင်း အတည်ပြုထားတာပါ။"
"ဘယ်လိုဖြစ်ရတာလဲ။"
ဝမ့်စစ်မင် အနည်းငယ်သိချင်လာရသည်။
"ကျွန်တော်လည်း သေချာတော့ .. "
တပည့်ဖြစ်သူမှာ ခေါင်းကိုသာခါလာ၏။
"ကောင်းပြီလေ။ သူထွက်လာတာနဲ့ ငါ့ဆီသာ အရင်ခေါ်ခဲ့။"
ဝမ့်စစ်မင် အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ။ ကျွန်တော်သေချာစောင့်ကြည့်နေပါ့မယ်။"
"အင်း။"
ရက်အနည်းငယ်ကုန်ဆုံးသွား၏။
"ဟိုကလေးဘယ်လိုနေလဲ။"
"အခုထိထွက်မလာသေးပါဘူး ... "
နောက်ထပ်ရက်ဆယ်ရက် ထပ်မံကုန်ဆုံးသွားပြန်သည်။
ဝမ့်စစ်မင်မှာ ကျင့်ကြံပြီး၍ ကိစ္စများကိုဖြေရှင်းရန် ထွက်လာ၏။ သူ မေးစေ့ကိုပွတ်ကာ တွေးနေမိသည်။
"ဟမ်၊ ငါတစ်ခုခုများ မေ့သွားသလား။"
သူ တပည့်တစ်ယောက်ကို ဆင့်ခေါ်လိုက်ပြန်သည်။
"ငါတို့မှာ မဖြေရှင်းရသေးတဲ့ကိစ္စရှိလား။"
"မရှိပါဘူး။"
တပည့်က ဖြေလာသည်။
တစ်လကြာပြီးနောက်။
ဝမ့်စစ်မင် တစ်ခါတရံတွင်တော့ စုယွမ်ကိုသတိရသေးသော်လည်း အလုပ်အလွန်များနေသဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် မေ့လျော့သွားတော့သည်။
တဖြည်းဖြည်းနှင့် သူလည်း စုယွမ်အကြောင်းကို သတိမရတော့။
နှစ်ဝက်အကြာတွင် ထိုကိစ္စကို တာဝန်ယူရသောတပည့်မှာ အခြားနေရာကူးပြောင်းခံရပြီး အခြားတပည့်တစ်ယောက်က အစားထိုးလာ၏။ ဤသို့ဖြင့် နေရာပြောင်းသွားသောတပည့်ဟောင်းမှာ ဤကိစ္စအကြောင်း စုံစမ်းဖို့အကြောင်းကို လွဲပြောင်းပေးခဲ့ရန်မေ့သွားတော့လေသည်။
ဤသို့ဖြင့် စုယွမ်ဟူသောအမည်က သာလွန်တောင်ထိပ်၏စာရင်းဇယားများထဲ လုံးဝပျောက်ကွယ်သွားတော့၏။
ထိုကိစ္စကို တာဝန်ယူခဲ့သောတပည့်တောင်မှ စုယွမ်အကြောင်းကို လုံးဝမေ့သွားခဲ့သည်လေ။
ဤသို့ဖြင့် စုယွမ်မှာ ဂိုဏ်းထဲမရှိခဲ့လေသည့်အတိုင်း အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့၏။
ကျန်းဝေ့တစ်ယောက်ကသာ စုယွမ်အကြောင်းတွေးနေဆဲဖြစ်ပြီးသာလွန်တောင်ထိပ်သို့ အမြဲလာစုံစမ်းနေဆဲပင်။ သူက အစကတည်းက သာလွန်တောင်ထိပ်ကိုဝင်ချင်ခဲ့သော်လည်း အဆင့်နိမ်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များအတွက် ဝင်ခွင့်ရရန်မှာ အလွန်ခက်ခဲသွားခဲ့၏။
အမြဲတစေ ကျန်းဝေ့က လက်ဗလာဖြင့်သာ ပြန်ခဲ့ရ၏။
ကျိုးဝူယိုမှာ ပို၍ပင် သနားစရာကောင်းနေခဲ့၏။ သူက အစကတည်းက စုယွမ်အပေါ်ကိုသာ မှီခိုခဲ့ခြင်းဖြစ်သော်လည်း စုယွမ်ကတော့ ရုတ်တရက်ပျောက်သွားခဲ့၏။ သူ မလိုလားစွာဖြင့် အစေခံတပည့်ဖြစ်သွားခဲ့ရာ သူ့မိသားစု၏ထောက်ပံ့မှုကလည်း လုံးဝလျော့ကျသွားခဲ့သည်။ သူ့မှာ သူထောက်ပံ့မည်ဟုကတိပေးထားသော ၂၄ယောက်ကိုတောင် သေချာမပေးနိုင်တော့။
သို့သော် ကံကောင်းထောက်မစွာဖြင့် ကျန်းဝေ့က စုယွမ်၏ကြင်နာမှုကို မှတ်မိနေဆဲဖြစ်သဖြင့် ကျိုးဝူယိုကို ကူညီကာ ကတိပေးထားသောအရင်းအမြစ်များကို ကိုယ်စားပေးဆပ်ခဲ့၏။ ဤသို့ဖြင့် ကျိုးဝူယိုမှာ ကျန်းဝေ့ကို နားမလည်သေးသော်ငြား သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အနည်းငယ်ကောင်းလာခဲ့၏။
တစ်ချိန်တည်းမှာပင် ယဲ့ပိဖန်နှင့်လျှိုမူဝမ်တို့က ထိပ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်များထဲ ချွန်ထွက်ကာ အလွန်တရာထူးချွန်နေလျက်ရှိသည်။ များပြားစွာသော အရင်းအမြစ်များရှိလာသောကြောင့် သူတို့၏ကျင့်ကြံဆင့်မှာ ကောင်းကင်ပေါ်ထိ ထိုးတက်သွားတော့သည်။
တစ်နှစ်အတွင်းတွင် သူတို့ ချီစုဆောင်းခြင်းအဆင့်၏နောက်ဆုံးအဆင့်ကိုရောက်ရှိလာပြီး နာမည်ကျော်ကြားလာတော့၏။
သူတို့နှစ်ဦးက လောကအတွေ့အကြုံယူရန်အတွက် တောင်အောက်ကိုဆင်းသွားခဲ့ကြပြီး နာမည်တစ်လုံးတွင်ကျယ်စေခဲ့သည်။ အထူးသဖြင့် ယဲ့ပိဖန်မှာ အခွင့်အရေးများစွာကို တွေ့ကြုံခဲ့ရပြီး နတ်ဆိုးဂိုဏ်းနှင့်တောင် မရေမရာသောဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
ကျန့်ဟယ်လည်း လက်နက်ရေးရာတောင်ထိပ်သို့ရောက်ပြီး သိပ်၍မကြာ၊ ထိုသူမှာ လူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။ စုယွမ်ကဲ့သို့ပင်၊ သူက ဂိုဏ်းထဲတွင် ကွယ်ပျောက်လာပြီး လူများက သူ့ကို မမှတ်မိကြတော့ပေ။
လူတိုင်း၏တိုးတက်မှုက ကွဲပြားခြားနားလို့နေသော်လည်း ကျင့်ကြံရေးလောကသည်ကား မည်သည်များဖြစ်ဖြစ် ဆက်လက်လည်ပတ်နေဆဲပါပင်။
"ဝါး။"
"ရှောင်လီ၊ ငါတို့ ဒီနေ့ဘာစားကြမလဲ။"
စုယွမ်က သမ်းဝေနေရင်း မေးလာသည်။
"ငပျင်းကောင်၊ စားဖို့ပဲသိတယ်။ အိပ်လိုက်စားလိုက်နဲ့။ နိုးလာရင်လည်း ရေတံခွန်ကြီးပဲထိုင်ကြည့်နေရတာ၊ ကျင့်ကြံတာကိုမရှိဘူး။ ဘယ်လိုတောင် ပျင်းလွန်းတာလဲ။"
ငွေရောင်မြေခွေးလေး၏အသံမှာ စုယွမ်၏နားထဲသို့ ဝင်ရောက်လာ၏။ ၎င်းက သူ့၏လက်သည်းလေးများဖြင့် စုယွမ်၏ခေါင်းကို အနည်းငယ်ကုတ်ခြစ်လာသေးသည်။
"ဟမ်း၊ ပိုပြင်းပြင်းလေ။ ငါ့ခေါင်းက ယားနေလို့။"
စုယွမ်ပြောလိုက်သည်။
မြေခွေးလေးမှာ စုယွမ်၏ပျင်းရိလွန်းမှုကြောင့် ပြောစရာစကားလည်း မရှိတော့ပါပေ။
သူပြောလာသည်။
"မင်း အချိန်ကုန်တော့မယ်လို့။"
စုယွမ်က မျက်လုံးလိမ့်၍ပြောလာသည်။
"မင်းအဲ့ဒီလိုမပြောနဲ့လေကွာ။"
"တစ်နှစ်ဆိုတဲ့အချိန်က ကုန်တော့မယ်ကွ။ မင်းဘာထင်နေလဲ။"
မြေခွေးလေးက အော်ဟစ်လာ၏။
ဤသည်ကိုကြားတော့ စုယွမ် မြေခွေးလေးကို တစ်ချက်ကြည့်၍ ပြုံးလိုက်သည်။
"မင်းက ငါနဲ့မခွဲချင်တာလား။"
မြေခွေးလေးက သူ့ကို နောက်ကျောသာခိုင်း၍ အေးစက်စက် နှာမှုတ်လာသည်။
"ဘယ်နားမခွဲနိုင်ဖြစ်နေတာ မြင်လို့လဲ။ ငါက မင်းထွက်သွားဖို့ကိုစောင့်နေတာ။"
"ကောင်းပြီလေ။ ငါက အစကတော့ ဒီကိုနှစ်တိုင်းပြန်လာပြီး မင်းကိုလာတွေ့မလို့ကို။ စိတ်မကောင်းစရာက ရှောင်လီက မတွေ့ချင်ဘူးထင်ပါတယ်။"
"မင်းအိပ်မက်မက်နေတာလား။ မင်းက ပြန်တောင်လာချင်သေးတယ်။"
မြေခွေးလေးက ပြန်လှည့်လာပြီး မျက်လုံးလှန်ပြလာသည်။
"ငါမလုပ်နိုင်ဘူး ထင်တယ်ပေါ့။"
စုယွမ် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
"ဒါပေါ့။"
ရှောင်လီ နှာမှုတ်လိုက်၏။
"ငါတို့အလောင်းအစားလုပ်ကြရင်ရော။"
"ဘာကို လောင်းမှာလဲ။"
မြေခွေးလေးမှာ သတိတကြီးဆိုလာသည်။
"ငါပြန်လာနိုင်မလားဆိုတာကိုလေ။ ငါသာ အောင်မြင်ခဲ့ရင် မင်းမှာရှိတဲ့လျှို့ဝှက်ရတနာတစ်ခုပေးရမယ်။ ဘယ်လိုလဲ။"
စုယွမ်က ရည်ရွယ်အမှန်ကို ထုတ်ပြလာ၏။
"မင်းရှုံးသွားရင်ရော။"
ရှောင်လီ မေးလာ၏။
"မပူပါနဲ့။ ငါ မရှုံးပါဘူး။"
စုယွမ်မှာ ရယ်မောလိုက်သည်။ ထို့နောက် သူ ထခုန်ကာ ဆန်းကြယ်ပကတိချီကို သူ့ခြေထောက်အောက်စုစည်းကာ တိမ်လွှာအဖြစ်ပုံပေါ်လျက် သူ့ကို ငွေဖြူဝိညာဥ်ရေတံခွန်ဆီသို့ သယ်ဆောင်သွားစေ၏။
"မင်းဘယ်ကိုသွားမလို့လဲ။"
ရှောင်လီက ဘေးတွင်ပျံသန်းရင်းလိုက်လာ၏။
စုယွမ်က ရေကန်နံဘေးတွင် ရပ်လိုက်ပြီး တင်ပျင်ခွေထိုင်ကာ ရှောင်လီကိုပြောလိုက်သည်။
"အခု ငါ သေချာကျင့်ကြံတော့မှာ။ မင်း ငါ့ကို ကာကွယ်ပေးထားနော်။"
"မင်းကလား။"
ရှောင်လီမှာ ပြန်ပက်ချင်ဆဲ။
သို့သော် ရုတ်တရုတ် သူ စုယွမ်၏အရှိန်အဝါများချက်ချင်း ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်၊ အနှီသူဟာ ရုတ်ချင်း ငွေဖြူဝိညာဥ်ရေတံခွန်နှင့်ချိတ်ဆက်နိုင်သွားသည့်အလား သူ၏အသံရှုသံများ ရေတံခွန်အောက် လုံးဝနှစ်မြောသွားလေသည်။
"ဒါ၊ဒါ၊ဒါ။ ဘာဖြစ်သွားတာလဲ။"
ရှောင်လီမှာ မျက်လုံးများ ပြူးကျယ်သွားရ၏။
သို့သော် သူ မသိလိုက်ဘာသာနှင့် အသက်တောင်အောင့်ထားမိလေတော့သည်။
စုယွမ် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: အနည်းငယ်ကျော်ကြား (133 / 1000)
【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်သုံး (33/ 100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားချိန် : ၃၃၀ရက်နှင့် ၆နာရီ။
【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ: သင်က သဘောဝတရားကို ရှုမြင်ရာတွင် အလွန်တော်လာမည်။ ထို့အတွက် ကောင်းကင်နှင့်မြေကြီး၏ဆန်းကြယ်မှုမှတဆင့် တာအိုပညာကို ပို၍လွယ်ကူစွာ ရှာဖွေနိုင်ပေမည်။
သူ လျှို့ဝှက်နယ်မြေထဲကို ဝင်ကတည်းက ကျော်ကြားမှုအမှတ်မှာ အချိန်တစ်ခုအထိ ဖြည်းဖြည်းချင်းတိုးလာခဲ့သည်၊ သို့လင့်ကစား အမှတ်၃၀လောက်တိုးလာပြီးချိန်တွင်မူ လုံးဝကိုရပ်တန့်သွားတော့၏။ သူ၏ကျင့်ကြံဆင့်မှာ ချီစုဆောင်းခြင်းအဆင့်သုံးတွင်သာ ရှိနေဆဲဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင်တော့ ဆန်းကြယ်ပကတိချီများစွာ စုပုံနေပြီပင်။
အကောင်းဆုံးကိစ္စကတော့ အလုပ်နှင့်ဖလှယ်နားနေမှုအတွက် သူ၏နားချိန်စုစုပေါင်းမှာ ရက်ပေါင်း၃၃၀တောင်ဖြစ်သွားခြင်းဖြစ်၏။
ဤတစ်ခေါက်တွင် မည်မျှအထိ ကျင့်ကြံဆင့်မြင့်လာနိုင်ပါနည််း။
စုယွမ်လည်း အချိန်မဆွဲတော့ဘဲ ငွေဖြူရေတံခွန်တွင် စိတ်နှစ်လိုက်တော့သည်။
"အလုပ်နှင့်ဖလှယ်နားနေမှု အသက်သွင်းစေ။"
တစ်ခဏချင်းတွင်း စွမ်းရည်မှာ လုပ်ဆောင်လာ၏။
သူ၏အတွေးများကလည်း အဆများစွာအရှိန်မြန်လာသည်။
သို့သော် စုယွမ် သဘောဝလောကကို မလေ့လာရသေးခင်တွင် ဒုတိယစွမ်းရည်ကလည်းပွင့်လာပြီး ဂုဏ်သတ္တိနှစ်ဆဖြစ်သွားတော့၏။
စုယွမ်၏ စိတ်အခြေအနေမှာ ပို၍အဆင့်မြင့်လာတော့သည်။
"ဒါက ... "
စုယွမ်မှာ ပါရမီစွမ်းရည်တစ်တွင်ပင် ဖုံးကွယ်ထားသော အစွမ်းရှိသေးကြောင်းသိလိုက်ရ၏။
နားချိန်၃၃၀ရက်ဖြင့် စွမ်းရည်ကိုအသက်သွင်းပြီးချိန်တွင် အချိန်ကိုချုံ့ပေးနိုင်သောစွမ်းရည်တစ်ခုထွက်ပေါ်လာခြင်းဖြစ်၏။ အစပထမတွင် ၃၃ရက်ကျင့်ကြံရမည်ဖြစ်သော်လည်း အလွန်ကြာရှည်နေသေးသည်ဖြစ်ရာ ဆယ်ဆထပ်လျော့လိုက်၏။ ထိုအခါတွင် ကျင့်ကြံချိန်မှာ ၃.၃ရက်အထိ ကျစ်လျစ်သွားတော့လေသည်။
ကြာချိန်ကို အတိုချုပ်ပြီးသည့်အခါ မူရင်းစွမ်းရည်က အဆများစွာထိုးတက်လာ၏။ အသက်တစ်ချက်ရှုချိန်မှာတင် စုယွမ်ဟာ အကြောင်းပြချက်များကို ခံစားမိလာရာ သူ၏စိတ်သန္တန်အလုံးစုံကို ငွေဖြူဝိညာဥ်ရေတံခွန်အပေါ်တွင်သာ နှစ်မြှုပ်ထားလိုက်၏။
တစ်ခဏချင်းတွင်း ငွေဖြူဝိညာဥ်ရေတံခွန်၏ယခင်အတိတ်ပုံစံများမှာ သူ့ခေါင်းတွင်း ဒီရေအလားထိုးတက်လာ၏။
စုယွမ်၏အမြင်အရဆိုလျှင် ငွေဖြူဝိညာဥ်ရေတံခွန်၏လမ်းကြောင်းပုံစံမှာ ကောင်းကင်နှင့်မြေကြီး၏နိယာမအတိုင်းပင်ဖြစ်ပြီး စုယွမ် နှစ်ခြိုက်သဘောကျစိတ်များပေါ်လာတော့သည်။
သူ၏ဝိညာဉ်အာရုံဖြင့် ငွေဖြူဝိညာဥ်ရေတံခွန်၏အပေါ်စူးစမ်းနေလျက်၊ ကောင်းကင်ထိပ်ရှိ ရေတံခွန်မှအစ ရေကန်အတွင်းကျရောက်သွားသည်အဆုံး လိုက်လံကြည့်ရှု၍ သူ့တစ်ကိုယ်လုံးမှာ တိမ်လွှာများကြားမှတဆင့် တဖန် မြေပြင်သို့ပေါ်သို့ ပြန်ကျသည်မှာ ကောင်းကင်ဘုံမှ ထုတ်ပယ်ခံလိုက်ရသည့်နှယ်။
ထူးဆန်းသောအာရုံနှင့် မှတ်ဥာဏ်များက ပွန်းတိုက်မိသွားရပြီး စုယွမ်၏အသိစိတ်ပင်လယ်ထဲဝယ် မရေတွက်နိုင်သော အမြင်အာရုံတို့က မီးတောင်သဖွယ်ပေါက်ထွက်လာရတော့သည်။
ဥာဏ်အလင်းပွင့်ခြင်းဟူသောစိတ်အသိမှာ သူ၏နှလုံးသားထဲသို့ တဟုန်ထိုးဝင်ရောက်လာ၏။
သူ ငွေဖြူရေတံခွန်မှ ပြင်းပျသောမီးအလင်း၊ နွေးထွေးသော နွေဦးလေပြေတို့နှင့်အတူ စူးရှသောရွှေရောင်မိုးစက်တို့ကိုပါ မြင်ယောင်လာရသည်။
ရှောင်လီမှာ စုယွမ်၏ခန္ဓာကိုယ်မှ ထွက်လာသော ၎င်းအံ့ဖွယ်စီးချက်၃ခုကိုကြည့်ကာ ထိတ်လန့်နေရ၏၊ ဤစည်းချက်များမှာ ကောင်းကင်နှင့်မြေကြီး၏ထူးဆန်းအံ့ဖွယ်ဖြစ်သော ငွေဖြူဝိညာဉ်ရေတံခွန်နှင့် ဆက်နွယ်နေသောအရာများပါပင်။
ဤလူနှင့်ရေတံခွန်တို့မှာ အချင်းချင်းဆက်သွယ်ချိတ်ဆက်မိသွားသည့်ပုံ၊ ငွေဖြူဝိညာဉ်ရေတံခွန်သည်ကား အသံတိတ်ဆရာတစ်ဆူကဲ့သို့ စုယွမ်ကို ကောင်းကင်နှင့်မြေကြီး၏လျှို့ဝှက်ချက်များကို သင်ကြားပြသနေလေသည်။
စုယွမ်၏ကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါတို့မှာ ကောင်းကင်ကိုပဲ ပြိုကွဲစေမတတ်ပြင်းထန်လာရပြီး ရှောင်လီကိုတောင် ဒါဇင်မီတာပေါင်းများစွာ ဆုတ်ခွာသွားစေသည်။
"အရှိန်အဝါအဆင့်။ သူ မန္တန်အဆင့်ကို ချက်ချင်းကျော်လိုက်တာပဲ။"
ရှောင်လီ လုံးဝအေးခဲသွား၏။
ကောင်းကင်နှင့်မြေကြီး၏အထက်ပိုင်းနိယာမများကို နားလည်ခြင်း၌ အဆင့်လေးခုရှိပေ၏။ ယင်းတို့မှာ မန္တန်အဆင့်၊ အရှိန်အဝါအဆင့်၊ အယူအဆအဆင့်နှင့် စိတ်ဝိညာဥ်အဆင့်တို့ပင်။
ထိုလေးဆင့်လုံးကိုပြီးမြောက်၍ စိတ်ဝိညာဥ်အဆင့်ရောက်ပါက နတ်ဘုရားတစ်ပါးစွမ်းအင်ကိုပင် ရနိုင်သည်ဟု ပြောစမှတ်ရှိေသးကြသည်။
မန္တန်အဆင့်သည်တောက် ပထမဆုံးသောအဆင့်ဖြစ်လင့်ကစား နားလည်တတ်ကျွမ်းရန် လွန်စွာခက်ခဲလွန်းလှ၏။ ထိုအဆင့်သို့ရောက်ရန် အများစုမှာ အနည်းဆုံး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိရန်လည်းလိုအပ်၏။
နောက်ပြီး အရှိန်အဝါအဆင့်ဆိုလျှင်ပို၍ပင် အလှမ်းဝေးလှသေးသည်။ ကောင်းကင်နှင့်မြေကြီးကို နားလည်ခြင်းဆိုသည်မှာ အောင်မြင်မှုအကြီးစားဖြစ်ပေရာ လူတစ်ဦးကသာ ကောင်းကင်နှင့်မြေကြီး၏နိယာမများကိုနားလည်သွားပါက မည်သည့်ကျင့်စဥ်ကျင့်သည်ဖြစ်စေ၊ အရှိန်အဟုန်မှာ ကောင်းကင်ထိတိုင်ထိုးတက်နိုင်၏။ အရှိန်အဝါအဆင့်မှရရှိသော အရှိန်အဝါဖြင့်ပင် ကျင့်ကြံရည်တူပြိုင်ပွဲများတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူကို ဖိနှိပ်ရန်လုံလောက်၏။
ဤစမ်းသပ်မှု၏အဆင့်ကိုးမှာကား မန္တန်အဆင့်ကိုအနည်းငယ်လေး ဖမ်းယူနိုင်ရန်ပင် ရပေပြီ။ သို့သော် စုယွမ်သည်ကတော့ ကောင်းကင်ဘုံ၏နိယာမကိုကျော်လွန်ရန် တွေးတောနေသည်လား။ ချီစုဆောင်းခြင်းအဆင့်သုံးရှိသေးသူ၊စုယွမ်မှာ အရှိန်အဝါအဆင့်ကို တကယ်ကို နားလည်နိုင်သွားခဲ့သည်။ ထို့အပြင် ဤအရှိန်အဝါကလည်း ယခုမှာ အရှိန်အဝါအဆင့်ကို ရောက်ခဲ့သည့်ပုံမဟုတ်ပေ။
သူ၏အရှိန်အဝါမှာ တိုးတက်နေဆဲပင်။
ရှောင်လီမှာ ဦးနှောက်တစ်ခုလုံးအစိတ်စိတ်ဖြစ်သွားသည့်နှယ်။
စုယွမ်မှာ အရှိန်အဝါအဆင့်ကိုရောက်ရှိသွားသည့်အတွက် ငွေဖြူဝိညာဥ်ရေတံခွန်နှင့်ဆက်သွယ်ရာတွင် ပိုမိုလွယ်ကူလာခဲ့၏။သူဟာ မိခင်ရင်ခွင်သို့ပြန်လိုက်ရသည့်အတိုင်း သဘာဝတရားဟာ သူ့ကို စဥ်ဆက်မပြတ်အားဖြည့်ပေးနေခဲ့သည်။ အသိပညာများကလည်း ပို၍ထိုးထွင်းသိမြင်လာသလို စုယွမ်၏ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်မှုကလည်း ပို၍နက်နဲလာတော့သည်။
သူ၏အမြင်တွင် ငွေဖြူဝိညာဥ်ရေတံခွန်မှာ စီးနေသောမီးတောက်အသွင်ကူးပြောင်းသွား၏၊ ထို့နောက်တွင် နွေဦးလေပြေတို့ကဆော်သွေးလာလျက် မရေတွက်နိုင်သောရွှေရောင်ဓါးသွားတို့က မိုးအဖြစ် ရွာကျလာကြသည်။ ငွေဖြူဝိညာဥ်ရေတံခွန်ကို မတူညီသည့်အမြင်ဖြင့်ကြည့်လိုက်ခြင်းမှာ အမှန်တကယ်ကို မတူညီသောရသပေးစွမ်းလာလေသည်။
စုယွမ်မှထုတ်လွှတ်လာသောအရှိန်အဝါတို့ကလည်းလွန်စွာ ထက်မြပြတ်သားလာကာ မယုံနိုင်စရာ အခြေအနေတစ်ခုသို့ရောက်ရှိလာ၏၊ ထို့နောက်မှသာ တဖြည်းဖြည်းချင်းပြန်တည်ငြိမ်သွားတော့သည်။ ဤသည်မှာ အရှိန်အဝါကလျော့နည်းသွားခြင်းကြောင့်မဟုတ်ပါပေ၊ ထိုအစား စုယွမ်က ၎င်းအရှိန်အဝါကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သွားခြင်းကြောင့်သာ ဖြစ်၏။
ဤအခိုက်အတန့်လေးတွင် စုယွမ် အရှိန်အဝါအဆင့်ကိုကျော်လွန်ကာ ကောင်းကင်နှင့်မြေကြီး၏သဘောတရားအဆင့်ကို မြင်သွားသလိုထင်ရပေသည်။
သို့သော် သူ ကျန်ရှိသည့်အချိန်မှာ ကောင်းကင်နှင့်မြေကြီး၏သဘောတရားတစ်ခုကိုသာ နားလည်နိုင်လောက်တော့ကြောင်း ခန့်မှန်းမိသွားသည်။
သူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ စူးရှမိုးဓါးသွား တိုက်ခိုက်ရေးအတတ်ကိုသာ ရွေးချယ်လိုက်၏။
တိုက်ခိုက်ရေးဆိုသည်မှာ အကောင်းဆုံးအကာအကွယ်ပါပေ။
ငွေဖြူဝိညာဥ်ရေတံခွန်မှာ အပြင်တွင် ဘာမှမပြောင်းလဲသော်ငြား သူ့အမြင်တွင်တော့ မရေတွက်နိုင်သောရွှေရောင်ချည်မျှင်ရေကန်ကြီးအသွင် ပြောင်းလဲသွားလေပြီ။ ရွှေရောင်ချည်မျှင်တစ်ခုချင်းစီက လောကတွင်အချွန်ထက်ဆုံးဓါးသွားများဖြစ်သည့်နှယ် စုယွမ်၏ခန္ဓာကိုယ်ကို ထိုးဖောက်လာကြ၏။
စုယွမ်၏ခန္ဓာကိုယ်တွင် ချက်ချင်း ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားလေသည်၊ မရေတွက်နိုင်သောဒဏ်ရာတို့မှာ သွေးစက်တို့အန်ကျလာလျက် စုယွမ်မှာ ချက်ချင်း သွေးများရွဲရွဲနစ်နေသောလူအသွင်ပြောင်းသွားရသည်။
ရှောင်လီ၏အမူအရာမှာပြောင်းလဲသွားလျက် ၎င်းမှာ စိုးရိမ်တကြီးဖြင့် စုယွမ်၏ဒဏ်ရာများကို ကုသပေးရန် လုပ်တော့သည်။ သို့သော် ရှောင်လီ စုယွမ်နံဘေးကပ်လိုက်သည်နှင့် ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရသည်။ ထို့နောက် ရှောင်လီမှာ ချက်ချင်း ရွှေရောင်ချည်မျှင်ကြောင့် လွှင့်စင်သွားပြီး ဒဏ်ရာလည်းရသွားလေ၏။
စုယွမ်ကတော့ ဘာကိုမှ ခံစားရပုံမပေါ်။ လက်တစ်ဝှေ့ဖြင့်ပင် သူ ငွေဖြူဝိညာဥ်ရေတံခွန်ရှိရေများကို သယ်ယူကာ လောင်းချလိုက်သည်။ ထိုသို့ဖြင့် စုယွမ်၏ကိုယ်ပေါ်ရှိဒဏ်ရာတို့သည်လည်း ပြန်လည်သက်သာလာလေသည်။ စုယွမ်၏အသားအရေမှာ ငွေရောင်တောက်ပလာသလို ရေတစ်ပွက်ကလည်း ရှောင်လီထံစီးဆင်းလာလျက် သူ့ခန္ဓာရှိ ဒဏ်ရာကိုသက်သာစေသည်။
ဤသို့ဖြင့် ရှောင်လီမှာ ငွေမှင်တောက်ရေတို့စိုရွဲနေသော စုယွမ်ကိုသာ ဗလာသက်သက် ငေးမောကြည့်နေမိတော့သည်။