ထိုနှစ်က လျှို့ဝှက်ချက်နှင့် အစစ်အမှန် မဟုတ်သော ကမ္ဘာလောက
Vol. 68 Ch. 878
ဝုန်း!
ခဏချင်းမှာပင်၊ ကြာပန်းဆီမီးအိမ်ထံမှ မြင့်မြတ်သန့်စင်သော အရှိန်အဝါများ ဝန်းရံထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို သန့်ရှင်းစင်ကြယ်သွားစေသည်။
"ဒါက....."
ထိုစွမ်းအားကို ခံစားလိုက်ရသည်နှင့် ၊ သစ်ပင်နတ်ဘုရား အဖိုးအို၏ မျက်ဝန်းများမှာ ကျုံ့ဝင်သွားပြီး အသံများပင် တုန်ယင်လာတော့သည်။ သူ၏ စိတ်ဝိညာဉ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေမိသည်။
"သေခြင်းရှင်ခြင်း သံသရာစက်ဝန်းစွမ်းအားလား”
အတိတ်က ဖြစ်ပွားခဲ့သော စွမ်းအားရှင်များ၏ တိုက်ပွဲကြောင့် သံသရာစက်ဝန်း မဟာလမ်းစဉ်သည် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ကျန်ရှိနေသော လမ်းစဉ်အငွေ့အသက်များပင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုနေ့မှစ၍ သံသရာစက်ဝန်း မဟာလမ်းစဉ်သည် လောကကြီးထဲမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။
သို့ဆိုပါက ၊ စူးရွှမ်၏ လက်ထဲမှ ကြာပန်းဆီမီးအိမ်သည် မည်သို့ကြောင့် သေခြင်းရှင်ခြင်း သံသရာစက်ဝန်းစွမ်းအားကို စုစည်းပေးနိုင်ရသနည်း။
သူ ဆက်လက်မစဉ်းစားရသေးမီမှာပင် ၊ စူးရွှမ်က ပြုံးလျက် ပြောလိုက်သည်။
"လူကြီးမင်း... ဒီကမ္ဘာဦးအစလျှို့ဝှက်ချက်နဲ့ အရောင်းအဝယ်ကို လုပ်ဖို့ ဆန္ဒရှိရဲ့လား”
သစ်ပင်နတ်ဘုရား အဖိုးအို၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ယှက်သန်းနေသည်။
သံသရာစက်ဝန်း စွမ်းအားသည် ကံအကျိုးဆက် စွမ်းအားများ၏ ရန်သူဖြစ်သည်ကို လူတိုင်း သိကြသည်။ ကံအကျိုးဆက်များကို သန့်စင်ရန်အတွက် သံသရာစက်ဝန်း စွမ်းအားမှာ မရှိမဖြစ် လိုအပ်သည်။
စူးရွှမ်သည် ဤကဲ့သို့သော နတ်ဘုရားလက်နက်ကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို မသိသော်လည်း၊ သူပြောသည်မှာ အမှန်ပင် ဖြစ်သည်။
ဤလက်နက်၏ အကူအညီဖြင့် သူတို့ လောကပြင်ပ ရှေးဟောင်းရွာသည် ကံအကျိုးဆက်များ၏ နှောင့်ယှက်မှုမှ အမှန်တကယ် လွတ်မြောက်နိုင်ခြေ ရှိသည်။
သစ်ပင်နတ်ဘုရား အဖိုးအိုသည် စူးရွှမ်ကို အလေးအနက် ကြည့်ကာ ဆိုလိုက်သည်။
"ကောင်းပြီလေ... ငါတို့ လောကပြင်ပ ရှေးဟောင်းရွာဟာလည်း ဒီကမ္ဘာဦးအစလျှို့ဝှက်ချက်ကြောင့်ပဲ ဆုတ်ယုတ်ခဲ့ရတာ....."
"အခု တားမြစ်စူးမိသားစုက သိချင်တယ်ဆိုမှတော့ ငါလည်း ပြောပြပါ့မယ်"
"ငါ့နောက်ကို လိုက်ခဲ့ပါ"
ပြောပြောဆိုဆိုနှင့် သစ်ပင်နတ်ဘုရား အဖိုးအိုသည် သူ၏ မူလခန္ဓာဖြစ်သော လောကသစ်ပင်ကြီးဆီသို့ ကျောခိုင်း၍ လျှောက်သွားသည်။
စူးရွှမ်လည်း နောက်မှ လိုက်ပါသွား၏။
လောကပြင်ပ ရှေးဟောင်းရွာသည် သူထင်ထားသကဲ့သို့ ထူးခြားဆန်းကြယ်မှုများ မရှိဘဲ လူသူကင်းမဲ့ကာ ခြောက်သွေ့နေသည်။
ထို့ထက် ပို၍ ထူးဆန်းသည်မှာ လောကပြင်ပ ရှေးဟောင်းရွာ၏ ဘိုးဘေးခန်းမဆောင်ဘက်မှ ထူးဆန်းသော စွမ်းအားအတတ်အကျကို သူ ခံစားမိခြင်းပင်။
၎င်းမှာ ကံအကျိုးဆက် စွမ်းအားများနှင့် အလွန်ဆင်တူသော်လည်း ၊ အပြင်ဘက်ရှိ ကံအကျိုးဆက် စွမ်းအားများထက် များစွာ ပို၍ပြင်းထန်သည်။
"ငါတို့ရွာရဲ့ ဘိုးဘေးခန်းမဆောင်ထဲမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို ချိတ်ပိတ်ထားတယ်၊ ခဏနေရင် မင်းကို အကုန်ပြောပြမယ်"
မကြာမီ သူတို့နှစ်ဦးသည် လောကသစ်ပင်ကြီး၏ အောက်သို့ ရောက်ရှိလာကြသည်။
လောကသစ်ပင်ကြီးမှာ စူးရွှမ် ထင်ထားသည်ထက် များစွာ ကြီးမားလွန်းသည်။သူ၏ ပင်စည် တစ်ခုတည်းကပင် တောင်ထိပ်ကြီးတစ်ခုလို ခမ်းနားထည်ဝါပြီး မြေအောက် အမြစ်များမှာလည်း တွန့်လိမ်နေသော နဂါးများကဲ့သို့ ပြန့်ကားနေသည်။
သို့သော် ဤရှေးဟောင်း သစ်ပင်ကြီးမှာ အလွန် ထူးဆန်းသည်။ သစ်မြစ်များမှာ အသက်ဝင်ပြီး စိမ်းလန်းစိုပြည်သော အဖူးသစ်ကလေးများ ထွက်နေသော်လည်း၊
သစ်ပင်၏ ထိပ်ပိုင်းမှာ ခြောက်သွေ့ညှိုးနွမ်းနေကာ သစ်ရွက်တစ်ရွက်ပင် မကျန်တော့ပေ။
ဤသည်မှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကြီးထွားခြင်း ဟူသော ဆန့်ကျင်ဘက် အခြေအနေ နှစ်ခုကို တစ်ပြိုင်နက် ပြသနေခြင်း ဖြစ်ရာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှသည်။
ဝုန်း!!
သစ်ပင်နတ်ဘုရား အဖိုးအိုသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ၊ ခြောက်သွေ့နေသော နွယ်ပင်များသည် လောကသစ်ပင်ကြီးကနေ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ထပ်လျက် ကြီးမားသော အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးခဲ့သည်။
စူးရွှမ်မှာ ဘာမှ ဝင်မပြောခဲ့ပေ။ ကမ္ဘာဦးအစလျှို့ဝှက်ချက်မှာ အလွန် အရေးကြီးသဖြင့် သစ်ပင်နတ်ဘုရား အဖိုးအိုအနေဖြင့် အမည်မသိ တည်ရှိမှုများ၏ ခိုးယူနားထောင်ခြင်းမှ ကာကွယ်ရန် ဤသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
" အိုင်း... ဒီကမ္ဘာဦးအစလျှို့ဝှက်ချက်နဲ့ ပတ်သက်ပြီး ငါသိတာလည်း သိပ်မများဘူး"
"တကယ်တမ်း ဒီလျှို့ဝှက်ချက်ကို စောင့်ရှောက်ခဲ့ကြတာကတော့ အဲ့တုန်းက ကနဦး အမတဧကရာဇ်မင်း သုံးပါးနဲ့ ငါတို့ရွာရဲ့ လူကြီးငါးဦးပဲ"
"ဒါပေမဲ့ ငါသိသမျှ အကုန်လုံးကို စူးလူကြီးမင်းကို ပြောပြပါ့မယ်"
ထို့နောက်တွင် သစ်ပင်နတ်ဘုရား အဖိုးအိုသည် သူသိရှိထားသော ကမ္ဘာဦးအစလျှို့ဝှက်ချက်ကို စတင် ပြောပြခဲ့သည်။
အမှန်အားဖြင့် လောကပြင်ပ ရှေးဟောင်းရွာလေးမှ စောင့်ရှောက်နေသော လျှို့ဝှက်ချက်မှာ ကောင်းကင်ဘုံ၏ လျို့ဝှက်ချက်များကို ကြားဖြတ်ယူထားခြင်း မဟုတ်ဘဲ အမတနယ်မြေ၏ မဟာလမ်းစဉ်ကိုယ်တိုင်က သူတို့ကို လာရောက် အသိပေးခဲ့သော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး ပြီးဆုံးပြီးနောက်၊ အမတနယ်မြေ (၉) ခု စတင် ပေါ်ပေါက်လာကာ မဟာလမ်းစဉ်များ ဖြစ်ပေါ်လာခဲ့ပြီး ၊ ကမ္ဘာကြီးသည် ခေတ်သစ်တစ်ခုသို့ ကူးပြောင်းလာခဲ့သည်။
ထိုခေတ်ကာလကို ကမ္ဘာဦးအစဟု ခေါ်ဆိုကြသည်။
ထိုမှတစ်ဆင့် ကမ္ဘာပေါင်းများစွာ ကြာမြင့်ပြီးနောက် အမတနယ်မြေ (၉) ခုတွင် ပထမဆုံးသော သက်ရှိသတ္တဝါများ ပေါ်ထွက်လာခဲ့ရာ ၊ ၎င်းတို့ကို 'ကနဦးသက်ရှိ’ များဟု ခေါ်ပြီး လောကသစ်ပင်ကြီးမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။
ထိုနည်းတူစွာ လောကကြီးထဲတွင် ကောင်းချီးမင်္ဂလာ နယ်မြေများစွာ ပေါ်ထွန်းလာခဲ့သည်။ ထိုနယ်မြေများသည် မူလမဟာလမ်းစဉ်၏ စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
၎င်းတို့မှာ ဒေဝလောကတွင် ပထမဆုံး ပေါ်ထွက်လာခဲ့သော လျှို့ဝှက်နယ်မြေများဖြစ်ပြီး 'ကနဦး လျှို့ဝှက်နယ်မြေများ' ဟုလည်း ခေါ်ဆိုကြသည်။
လောကပြင်ပ ရှေးဟောင်းရွာသည် ထိုကနဦး လျှို့ဝှက်နယ်မြေများထဲမှ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်။
မဟာလမ်းစဉ်၏ ကံကြမ္မာကောင်းချီးများကို ရရှိထားပြီး၊ ကမ္ဘာဦးအစတွင် ဤ လောကပြင်ပ ရှေးဟောင်းရွာလေးသည် ဒေဝလောကတစ်ခုလုံး၏ ကံတရားဗဟိုချက် ဖြစ်လာခဲ့သည်။
ထိုသို့သော ကောင်းချီးများအောက်တွင် သူတို့ရွာလေးသည် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး၊ ရွာတွင် အမြစ်တွယ်နေသော လောကသစ်ပင်ကြီးမှာလည်း များစွာသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
သို့ဆိုလျှင် သူတို့သည် အဘယ်ကြောင့် ယခုလို ဆုတ်ယုတ်သွားခဲ့ရသနည်း။
ယင်း၏ အဓိက အကြောင်းရင်းမှာ သူတို့သည် မသိသင့်သောအရာကို သိရှိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ခေတ်ကာလတစ်ခုတွင် သူတို့ရွာမှ ကနဦး အမတဧကရာဇ်မင်း သုံးပါးသည် အခြားသော ကနဦး အမတဧကရာဇ်မင်း နှစ်ပါးနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော ကနဦး လျှို့ဝှက်နယ်မြေတစ်ခုသို့ သွားရောက်ခဲ့ကြသည်။
သို့သော် မျှော်လင့်မထားဘဲ သူတို့ငါးဦးစလုံးသည် အမည်မသိ ကြောက်မက်ဖွယ်ရာများနှင့် ကြုံတွေ့ခဲ့ရကာ ထိုနယ်မြေအတွင်းမှာပင် သေဆုံးသွားခဲ့ကြသည်။
သို့သော် ထျန်းရွှမ် အမတဧကရာဇ်မင်းသည် သူ မကွယ်လွန်မီက သတင်းစကားတစ်ခုကို ပြန်လည် ပေးပို့နိုင်ခဲ့သည်။
"သတင်းစကားလား”
"ဒါဆို... အဲ့ဒီသတင်းစကားက ခင်ဗျားတို့ရွာက စောင့်ရှောက်နေတဲ့ ကမ္ဘာဦးအစလျှို့ဝှက်ချက် ဖြစ်နေတာလား”
စူးရွှမ်သည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သစ်ပင်နတ်ဘုရား အဖိုးအို၏ စကားကို ဖြတ်မေးလိုက်သည်။
"ဟုတ်တယ်.... အဲ့ဒီသတင်းစကားက ငါတို့ရွာက စောင့်ရှောက်နေတဲ့ လျှို့ဝှက်ချက်ဆိုတာပဲ ၊ တကယ်လို့များ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ငါတို့ရွာအနေနဲ့ အဲ့ဒီလျှို့ဝှက်ချက်ကို မသိဖို့ပဲ ရွေးချယ်မိလိမ့်မယ်”
"ဒီလျှို့ဝှက်ချက်ကပဲ ငါတို့ရွာ ကျိန်စာသင့်ရတဲ့ အဓိက အကြောင်းရင်း ဖြစ်လာခဲ့တာပဲ......"
သစ်ပင်နတ်ဘုရား အဖိုးအိုသည် သက်ပြင်းတစ်ချက် ချပြီးနောက် ဆက်ပြောလေသည်။
"အဆုံးမဲ့ကပ်ဘေး ဖြစ်ပေါ်လာတာ၊ မဟာလမ်းစဉ် သုံးထောင် ပျက်စီးသွားတာတွေဟာ.... မတော်တဆမှု မဟုတ်ဘူး၊ ဖြစ်ကိုဖြစ်လာရမယ့် အရာတွေပဲ"
"အမတနယ်မြေ (၉) ခုရဲ့ ကောင်းကင်လမ်းစဉ်ဆိုတာဟာ တကယ်တမ်းတော့ အမတနယ်မြေမှာ ရှိသင့်တဲ့ ကောင်းကင်လမ်းစဉ် မဟုတ်ဘူး”
"ငါတို့ အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်ဟာ မမွေးဖွားလာခင်ကတည်းက အဲ့ဒီအမည်မသိ ဖြစ်တည်မှုတွေရဲ့ အစားထိုးခံလိုက်ရတာ”
"ဒီကမ္ဘာကြီး.... မဟုတ်ဘူး.... ဒေဝလောကကြီး တစ်ခုလုံးဟာ..... တကယ့် အစစ်အမှန်မဟုတ်ဘူး”