← Chapters

ကံအကျိုးဆက် ပိုးအိမ်နှင့် နောက်ဆုံးအိပ်မက်ဆိုး

Vol. 68 Ch. 879

ကံအကျိုးဆက် ပိုးအိမ်နှင့် နောက်ဆုံးအိပ်မက်ဆိုး

Vol. 68 Ch. 879

သစ်ပင်နတ်ဘုရား အဖိုးအို၏ စကားသံအဆုံးတွင် ၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။

စူးရွှမ်၏ မျက်ဝန်းများမှာ ကျုံ့ဝင်သွားပြီး စိတ်နှလုံးသားထဲတွင် တုန်လှုပ်သွားမိသည်။

တားမြစ်စူးမိသားစုသည် အဆုံးမဲ့ကပ်ဘေး ဖြစ်ပွားရခြင်း၏ အမှန်တရားကို အရင်ကတည်းက သံသယရှိခဲ့ကြသည်။ တစ်စုံတစ်ဦးက အမှောင်ထဲကနေ၍ တွန်းအားပေးနေသည်ဟု ထင်မြင်ယူဆခဲ့ကြသည်။

အမတနယ်မြေ၏ ရှေးဟောင်းမှတ်တမ်းများအရ ၊ အဆုံးမဲ့ကပ်ဘေး ဖြစ်ပေါ်လာရသည့် အဓိကအကြောင်းရင်းမှာ အုပ်စိုးရှင်အင်အားစု (၁၂) ဖွဲ့ ၊ အတုမရှိ အမတဂိုဏ်းကြီး (၃၆) ဂိုဏ်းနှင့် ထိပ်တန်း ကောင်းကင်ဂူ (၇၂)ခု တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

သို့သော် ထိုစစ်ပွဲမှာ ရုတ်တရက် ဆန်လွန်းပြီး မည်သည့် ကြိုတင်သတိပေးချက်မှ မရှိဘဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ မဟာလမ်းစဉ် သုံးထောင်ကို ဖျက်ဆီးရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ကြသလိုပင်။ ထိုစစ်ပွဲတွင် အမတဧကရာဇ်အဆင့် အထက်ရှိ တည်ရှိမှုများပင် ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။

အမတစိုးစံရာခေတ်၏ ထိပ်တန်းအင်အားစုများ ဖြစ်သည်နှင့် အလျောက် ၊ ၎င်းတို့အားလုံးသည် အလွန်ပင် ပါးနပ်ကြသူများ ဖြစ်ကြရာ ပုံမှန်အားဖြင့် ဤမျှအထိ အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုစဉ်က ၎င်းတို့အားလုံးသည် မိစ္ဆာစိတ်ဝင်နေသကဲ့သို့ မိမိတို့၏ အခြေခံအုတ်မြစ်များကိုပင် ရူးသွပ်စွာ အသုံးပြုခဲ့ကြပြီး၊ တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့သော အင်အားစုများနှင့်ပင် သေကျေပျက်စီးသည်အထိ တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် ဤအရာအားလုံးကို ခြယ်လှယ်ကာ ‌ ရှေ့သို့ တွန်းပို့နေသော နောက်ကွယ်က လက်တစ်စုံ ရှိနေရမည်ဟု သံသယဖြစ်စေသည်။

"အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်က အစားထိုးခံလိုက်ရတယ်....."

" ဒေဝလောကကြီး တစ်ခုလုံးဟာလည်း တကယ့် အစစ်အမှန် မဟုတ်ဘူးတဲ့လား....."

စူးရွှမ်၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ထိတ်လန့်စရာကောင်းသော အချက်တစ်ခုကို ကောက်ချက်ချမိလိုက်သည်။

သူတို့ တားမြစ်စူးမိသားစုသည် အမှောင်ထု မူလရင်းမြစ်ကမ္ဘာ နှင့် အမတနယ်မြေ ကောင်းကင်လမ်းစဉ်တို့ကို စုံစမ်းစစ်ဆေးခဲ့ဖူးသည်။

သို့သော် ဆက်စပ်မှုမရှိသော ဤအဖွဲ့အစည်းကြီး နှစ်ဖွဲ့သည် ကွယ်ရာတွင် ပူးပေါင်းကြံစည်မှုများ ရှိနေခဲ့သည်။

ထိုစဉ်က နတ်ဘုရားလက်နက် အမတမျှော်စင် ဖျက်ဆီးခံလိုက်ရခြင်းမှာ အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်ချက်ပင် ဖြစ်သည်။

အကယ်၍ နတ်ဘုရားလက်နက် အမတမျှော်စင်သာ မပျက်စီးခဲ့ဘဲ သံသရာစက်ဝန်း စွမ်းအားများရှိသော မူလအမတလက်နက်များကို ဖန်တီးနိုင်ခဲ့မည်ဆိုပါက ၊ ဒေဝလောက၏ ကံအကျိုးဆက်များကို ဖြေရှင်းနိုင်ကာ အမှောင်ထုသည်လည်း မွေးဖွားလာလိမ့်မည် မဟုတ်ပေ။

သို့သော် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် ဆန့်ကျင်ဘက်လမ်းကို ရွေးချယ်ခဲ့ပြီး၊ နတ်ဘုရားလက်နက် အမတမျှော်စင်ကို အပြီးတိုင် ချေမှုန်းပစ်ခဲ့သည်။

ယင်းကြောင့် ဒေဝလောက၏ ကံအကျိုးဆက်များကို ထိန်းချုပ်နိုင်မည့်အရာ မရှိတော့ဘဲ အမှောင်ထု ဖြစ်ပေါ်လာစေရန် သွယ်ဝိုက်၍ ကူညီပေးခဲ့သည်။

ယခု သစ်ပင်နတ်ဘုရား အဖိုးအို ပြောသကဲ့သို့ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် အစားထိုးခံထားရသည်ဟု ဆိုပါက ၊ ဤအရာအားလုံးမှာ အဓိပ္ပာယ်ရှိသွားလေပြီ။

ကမ္ဘာဦးအစ အမတနယ်မြေ ကိုးခု စတင်ပေါ်ပေါက်လာချိန်မှာပင် ကောင်းကင်လမ်းစဉ်သည် ထိုအမည်မသိ ဖြစ်တည်မှုများ၏ အစားထိုးခြင်းကို ခံလိုက်ရပုံပေါ်သည်။

စစ်မှန်သော ကောင်းကင်လမ်းစဉ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ယခုရှိနေသော ကောင်းကင်လမ်းစဉ်မှာ အတုအယောင်သာ ဖြစ်သည်။

သူတို့သည် ထိုအမည်မသိ ဖြစ်တည်မှုများ၏ ရုပ်သေးရုပ်များသာ ဖြစ်ပြီး ၊ အမတနယ်မြေကို ကမောက်ကမဖြစ်အောင် ဖန်တီးနေကာ အမတနယ်မြေကို စောင့်ရှောက်နေသော အင်အားစုများကိုပင် ဆန့်ကျင်ခဲ့ကြသည်။

"ဒါပေမဲ့ အဲ့တာက ဘယ်သူလဲ....."

"ဒီအမည်မသိ တည်ရှိမှုက ဘာကြောင့် အဆုံးမဲ့ကပ်ဘေးကို ဖြစ်အောင် တွန်းအားပေးနေရတာလဲ”

"အမတနယ်မြေရဲ့ အထက်က ထူးဆန်းတဲ့ မူလရင်းမြစ်ကလား”

စူးရွှမ် တွေးမိလိုက်သည်။

သူတို့သည် အမတနယ်မြေ၏ အထက်လောကတွင် အမှောင်ထု၏ ခြေရာများကို တွေ့ရှိခဲ့ဖူးပြီး၊ ၎င်းမှာ အမတနယ်မြေရှိ အမှောင်ထုထက် များစွာ ပိုထူထပ်သည်။

ထို့ကြောင့် သူတို့သည် ၎င်းကို ထူးဆန်းသော မူလရင်းမြစ် သို့မဟုတ် အမှောင်ထု မူလရင်းမြစ်ဟု ခေါ်ဆိုကြသည်။

အကယ်၍ ဤအတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက ၊ တစ်ဖက်လူ၏ အကြံအစည်သည် အလွန်ပင် ကြီးမားလှပေသည်။

အဆုံးမဲ့ကပ်ဘေး မဖြစ်ပွားမီကတည်းက ကြံစည်မှုများကို စတင်ခဲ့ပြီး ၊ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်ကိုပင် မသိမသာ အစားထိုးနိုင်ခဲ့သည်။

မည်သို့သော တည်ရှိမှုမျိုးက ဤသို့ လုပ်ဆောင်နိုင်မည်နည်း။

ယခုအခါတွင် ထိုတည်ရှိမှုသည် ကပ်ဘေးနတ်ဘုရား နှင့် အဆင့်တူဖြစ်နေမလားဟုပင် သူ သံသယဖြစ်မိသည်။

အကယ်၍ ဤအတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက ၊ ကိစ္စများမှာ ပို၍ စိုးရိမ်စရာကောင်းသော အခြေအနေထဲသို့ ရောက်ရှိလာခဲ့ချေပြီ။

ကပ်ဘေးနတ်ဘုရား တစ်ပါးတည်းကိုပင် ရင်ဆိုင်ဖို့ ခက်ခဲလှပေရာ ၊ အကယ်၍ သူ့လို နောက်တစ်ယောက် ထပ်ရှိနေမည်ဆိုပါက သူတို့ တားမြစ်အင်အားစုကြီး သုံးဖွဲ့တည်းနှင့် ရင်ဆိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။

"ရွာသူကြီး... မကောင်းတော့ဘူး”

ထိုစဉ် ရွာအတွင်းမှ စိုးရိမ်တကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲဲ့သည်။

"ကံအကျိုးဆက် ပိုးအိမ်က ရုတ်တရက်ကြီး အပြောင်းအလဲ ဖြစ်နေပြီ ၊ ပိုးအိမ်ကနေ ထွက်လာတော့မယ့်ပုံပဲ"

ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံသည် မိုးမြေအနှံ့ ပဲ့တင်ထပ်သွားသည်။

သစ်ပင်နတ်ဘုရား အဖိုးအိုမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မျက်နှာမှာ ချက်ချင်း ဖြူလျော့သွားပြီး ခန္ဓာကိုယ်ပင် မရည်ရွယ်ဘဲ တုန်လှုပ်သွားမိသည်။

လေထဲတွင် ယိမ်းနွဲ့နေသော လောကသစ်ပင်ကြီးသည် ထိုစကားသံကြောင့် တောင့်တင်းသွားသကဲ့သို့ပင်။

ဤနေရာရှိ လေထုသည် တိတ်ဆိတ်စွာဖြင့် လွန်စွာ လေးလံလာခဲ့သည်။

ကံအကျိုးဆက် ပိုးအိမ် ဆိုသည်မှာ လောကပြင်ပ ရှေးဟောင်းရွာ၏ အကြီးမားဆုံး အိပ်မက်ဆိုးပင် ဖြစ်သည်။

မသိသင့်သော ကမ္ဘာဦးအစလျှို့ဝှက်ချက်ကို သိရှိခဲ့ခြင်းမှာ သူတို့ရွာ၏ ပျက်သုန်းခြင်းအစ ဖြစ်သော်လည်း ၊

ဤကံအကျိုးဆက် ပိုးအိမ်မှာမူ သူတို့၏ ရွာသား ထောင်ပေါင်းများစွာကို သေဆုံးစေခဲ့သည့် အဓိကအကြောင်းရင်း ဖြစ်ပြီး ၊ ဝူထျန်းသင်္ချိုင်းတွင်းအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့ရွာ၏ စွမ်းအားရှင်ကြီးများသည် သစ်ပင်နတ်ဘုရားကြီးနှင့်အတူ ဤပိုးအိမ်ကို အပြီးတိုင် ချိတ်ပိတ်ခဲ့ကြသည်။

သို့သော် အဘယ့်ကြောင့် ယခုလို ရုတ်တရက်ဆန်သော အပြောင်းအလဲမျိုး ဖြစ်လာရသနည်း။

ကံအကျိုးဆက် ပိုးအိမ်ထဲတွင် ‌ကြောက်မက်ဖွယ်ရာကောင်းသော အရာများ ကိန်းအောင်းနေ၏။ အကယ်၍ အထဲက အရာများသာ ထွက်ပေါ်လာပါက သူတို့ရွာတစ်ခုလုံး ပျက်စီးရုံသာမက

ဒေဝလောက တစ်ခုလုံးမှာလည်း ကံအကျိုးဆက်များ၏ လွှမ်းမိုးခြင်းကို ထပ်မံ ခံရပေလိမ့်မည်။

"ကံအကျိုးဆက် ပိုးအိမ်....”

စူးရွှမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး အသံလားရာဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ၎င်းမှာ လောကပြင်ပ ရှေးဟောင်းရွာ၏ ဘိုးဘေးခန်းမဆောင်ဘက်က ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူသည် ဤရွာထဲသို့ စတင် ဝင်ရောက်လာစဉ်ကတည်းက ၊ ထိုနေရာတွင် ကံအကျိုးဆက် စွမ်းအားများထက် ပို၍ ထူးဆန်းသော အရှိန်အဝါတစ်ခုကို ခံစားခဲ့ရသည်။

ထိုအရာမှာ ဤကံအကျိုးဆက် ပိုးအိမ်မှ ထွက်ပေါ်လာခြင်းပေလော။

...........

မကြာမီ စူးရွှမ်သည် သစ်ပင်နတ်ဘုရား အဖိုးအိုနှင့်အတူ ဘိုးဘေးခန်းမဆောင်သို့ ရောက်ရှိလာသည်။

ရှေးဟောင်း နတ်ဘုရားကျောက်တုံးများဖြင့် တည်ဆောက်ထားသော ခန်းမကြီးအတွင်း၌ မည်သည့် အမွှေးတိုင်နံ့မျှ မရှိသလို၊ မည်သည့် ကွယ်လွန်သူ တံ‌ဆိပ်ပြားမှ မရှိပေ။

ထူးဆန်းသော အငွေ့အသက်များသာ ရှိနေပြီး ငရဲဘုံတစ်ခုအလား ရှိနေခဲ့သည်။

ခန်းမကြီး၏ အလယ်ဗဟိုတွင် မည်းနက်သော ပိုးအိမ်ကြီးတစ်ခု ရှိနေပြီး၊ ကံအကျိုးဆက် စွမ်းအားများဖြင့် သက်ဝင်လှုပ်ရှားနေသည်။ ၎င်းကို ကြေးညိုရောင် နတ်ဘုရားသံကြိုးများစွာဖြင့် လေထဲတွင် ချိတ်ဆွဲထားသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ထိုပိုးအိမ်ကြီးသည် နှလုံးသားတစ်ခုကဲ့သို့ စည်းချက်ညီညီ ခုန်လှုပ်နေကာ ၊ အတွင်း၌ ကြောက်မက်ဖွယ်ရာ ကောင်းသော တစ်စုံတစ်ခုကို မွေးဖွားပေးနေသကဲ့သို့ ရှိနေခြင်းပင်။

"ဘာလို့ ဒီလို ဖြစ်ရတာလဲ.......”

ရွာသူကြီးနှင့် ကျန်ရှိနေသော ရွာသားကိုးဦးမှာ မျက်နှာများ ဖြူဖျော့နေကြသည်။

ဤရွာသားများထဲတွင် ကျင့်ကြံမှု အနိမ့်ဆုံးမှာပင် အမတဧကရာဇ်တစ်ပိုင်း အဆင့်များ ဖြစ်ကြသည်။

သို့သော် ယခုအခါ သူတို့အားလုံးသည် ထိုမည်းနက်နေသော ပိုးအိမ်ကြီးကို ကြည့်ရင်း တုန်လှုပ်ချောက်ချားနေကြသည်။

ကံအကျိုးဆက် ပိုးအိမ်သည် ဒေဝလောက၏ ကံအကျိုးဆက်စွမ်းအားများကို နှစ်ကာလပေါင်းများစွာ တိုင်အောင် စုစည်းရာမှ မွေးဖွားလာခဲ့ခြင်း ဖြစ်ပြီး၊ သူတို့ ရွာ၏ အကြောက်ဆုံး အရာလည်း ဖြစ်သည်။

ထိုစဉ်က ကံအကျိုးဆက် စွမ်းအားများသည် သူတို့၏ မဟာလမ်းစဉ်အကာအကွယ်ကို ချိုးဖျက်၍ ဤကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။

ရွာသား ထောင်ပေါင်းများစွာသည် အသက်စွန့်၍ ခုခံခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီး၊ ကံအကျိုးဆက် စွမ်းအားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

သို့သော် ကံအကျိုးဆက် စွမ်းအား၏ ဝါးမျိုခြင်းကို ခံလိုက်ရသော ထိုရွာသားများသည် ဒေဝလောကတွင် လေလွင့်နေသော နာကြည်းဝိညာဉ်များ ဖြစ်မသွားဘဲ၊ ဤကံအကျိုးဆက် ပိုးအိမ်အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ဤပိုးအိမ်သည် ကျိန်စာတစ်ခု ဖြစ်သလို၊ သူတို့ ရင်မဆိုင်ချင်သည့် အိပ်မက်ဆိုး တစ်ခုလည်း ဖြစ်သည်။

" ဒါက တကယ်ပဲ ဘာဖြစ်တာလဲ”

"အဲ့ဒီတုန်းက ငါတို့ရွာရဲ့ အကြီးအကဲငါးဦးက သူတို့ရဲ့ ကျင့်ကြံမှုတွေကို ယဇ်ပူဇော်ပြီးမှ ဒီပိုးအိမ်ကို ချိတ်ပိတ်နိုင်ခဲ့တာ....."

"အခု ဘာလို့ ဒီပိုးအိမ်က ပြန်နိုးထလာရတာလဲ”

ရွာသားတစ်ဦးမှာ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ပြောဆိုလိုက်သည်။

မျှော်လင့်ချက်ကလေး စတင်ပေါ်ပေါက်လာခါမှ စိတ်ပျက်အားငယ်မှုများက ရောက်ရှိလို့လာချေပြီ။

သူတို့ရွာလေးသည် မသိသင့်သောအရာကို သိခဲ့ရုံမျှဖြင့် ဤမျှအထိ အစပျောက်အောင် အသတ်ခံရမည်လော။

All Chapters