သံသရာစက်ဝန်း နတ်ဘုရားသစ်ပင်
Vol. 68 Ch. 880
"ဒီကံအကျိုးဆက် ပိုးအိမ်က တကယ်တန်း ဘာများလဲ”
မိမိရှေ့တွင် နှလုံးသားတစ်ခုကဲ့သို့ ခုန်လှုပ်နေသော ထူးဆန်းသောအရာကို ကြည့်ရင်း ၊ စူးရွှမ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။
သစ်ပင်နတ်ဘုရား အဖိုးအိုသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စူးရွှမ်အား အကြောင်းစုံရှင်းပြခဲ့သည်။
..........
ခေတ္တအကြာတွင် ၊
သစ်ပင်နတ်ဘုရား၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စူးရွှမ်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
"ကံအကျိုးဆက် စွမ်းအားတွေ စုစည်းရာကနေ ဖြစ်လာတာလား.....”
အရိုးရှင်းဆုံး ပြောရလျှင် ၊ ဤကံအကျိုးဆက် ပိုးအိမ်ဆိုသည်မှာ ဒေဝလောက၏ ကံအကျိုးဆက် စွမ်းအားများစွာသည် နှစ်ကာလပေါင်းများစွာ စုစည်းသိပ်သည်းလာပြီးနောက် ပြောင်းလဲဖြစ်ပေါ်လာသော အရာပင် ဖြစ်သည်။
သို့သော် ကံအကျိုးဆက် စွမ်းအားများသည် ယေဘုယျအားဖြင့် နာကြည်းဝိညာဉ်အသွင်ဖြင့်သာ တည်ရှိလေ့ရှိသည်။
ပိုးအိမ်သဏ္ဌာန်ရှိသော ကံအကျိုးဆက်ကိုတော့ သူ တစ်ခါမျှ မကြားဖူးပေ။
ထို့အပြင် သစ်ပင်နတ်ဘုရား၏ ပြောကြားချက်အရ ၊ ထိုစဉ်က ကံအကျိုးဆက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသော ရွာသားများသည် နာကြည်းဝိညာဉ်များ ဖြစ်မသွားဘဲ ဤကံအကျိုးဆက် ပိုးအိမ်၏ အာဟာရများ ဖြစ်သွားခဲ့ကြရသည်ဟု ဆိုသည်။
ကွဲအက်သံ !
ရုတ်တရက် ကွဲအက်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
လူတိုင်း အသံလားရာသို့ အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။
ကံအကျိုးဆက် ပိုးအိမ်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့သော အမည်းရောင် အက်ကြောင်းများစွာသည် အဆက်မပြတ် ပျံ့နှံ့လာသည်ကို မြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ၊ ဒေဝလောက တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော ထူးဆန်းသည့် စွမ်းအားတစ်ခုသည် ထိုအက်ကွဲကြောင်းများမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ဤနေရာတွင် ရှိနေသော စူးရွှမ်နှင့် ရွာသားများသည် မိမိတို့၏ နှလုံးသားကို မမြင်ရသော လက်တစ်ဖက်က ဆုပ်ကိုင်ထားသည့်အတိုင်း ခံစားလိုက်ရပြီး၊ လူကို အသက်ရှုကျပ်စေသည့်အထိ ဖြစ်စေသည်။
"ဒါက......."
လူတိုင်း ထိတ်လန့်တကြား အော်ဟစ်ချိန်ပင် မရလိုက်ချေ။
ဝုန်း! ဝုန်း!
မိုးခြိမ်းသံအလား ပြင်းထန်သော ပေါက်ကွဲသံကြီးသည် လောကပြင်ပ ရှေးဟောင်းရွာ၏ အပြင်ဘက်မှ ဟိန်းထွက်လာလေသည်။
ဤကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် မြေပြင်မှာ တုန်ခါနေပြီး၊ လောကပြင်ပ ရှေးဟောင်းရွာ တစ်ခုလုံးမှာလည်း ပြင်းထန်သော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံနေရသကဲ့သို့ ယိမ်းထိုးနေသည်။
"ရွာသူကြီး ၊ သစ်ပင်နတ်ဘုရားကြီး”
ထိုစဉ် အပြင်ဘက်တွင် ကင်းစောင့်နေသော ရွာသားတစ်ဦးသည် ဘိုးဘေးခန်းမဆောင်ထဲသို့ ထိတ်လန့်တကြား ပြေးဝင်လာသည်။ သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"အပြင်.... အပြင်ဘက်မှာ....."
အခြေအနေ မဟန်သည်ကို သိလိုက်ရသဖြင့် စူးရွှမ်တို့လူစုသည် ဘိုးဘေးခန်းမဆောင်ထဲမှ ချက်ချင်း ပြေးထွက်လာခဲ့ကြသည်။
သို့သော် မြင်လိုက်ရသော မြင်ကွင်းသည် သူတို့၏ နှလုံးခုန်သံကို ရပ်တန့်လုနီးပါး ဖြစ်သွားစေသည်။
နိယာမ အတားအဆီး၏ အပြင်ဘက်တွင် ရှိနေသော ကံအကျိုးဆက် စွမ်းအားများသည် ကြမ်းတမ်းစွာ ရိုက်ခတ်နေပြီး ၊ လောကသစ်ပင်ကြီးမှ ဖန်တီးထားသော အကာအကွယ်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။
အဆုံးမရှိသော နာကြည်းဝိညာဉ်များသည် အကာအကွယ်၏ အပြင်ဘက်မှနေ၍ အော်ဟစ်နေကြသည်။
စူးရှသော အော်ဟစ်သံများနှင့် အဆုံးမရှိသော နာကြည်းမှု ကျိန်စာများသည် လူတိုင်း၏ နားစည်ကို သေမင်း၏ ခေါ်သံကဲ့သို့ အဆက်မပြတ် ရိုက်ခတ်နေသည်။
ကရက်... ကရက်...
ထိုစွမ်းအားများ၏ တိုက်ခိုက်မှုအောက်တွင် အကာအကွယ်သည် ဖိအားများကို မခံနိုင်တော့ဘဲ အချိန်မရွေး ပြိုလဲသွားနိုင်သည့်ပုံပေါ်သည်။
စူးရွှမ်သည် ကြေးညိုရောင် ဆီမီးအိမ်ကို ထုတ်ယူလိုက်စဉ် ၊ ဘေးနားရှိ သစ်ပင်နတ်ဘုရား အဖိုးအိုက သူ့ကို တားဆီးလိုက်သည်။
ထို့နောက် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"စူးလူကြီးမင်း... မင်းဆီမှာရှိတဲ့ သံသရာစွမ်းအားပါတဲ့ မူလအမတလက်နက်က တကယ်ပဲ ဒီလောက်များပြားတဲ့ ကံအကျိုးဆက် စွမ်းအားတွေကို သန့်စင်ပေးနိုင်မှာလား"
ထိုစကားကြောင့် စူးရွှမ်မှာ ရပ်တန့်သွားသည်။
ဤကံအကျိုးဆက် ပိုးအိမ်၏ အပြောင်းအလဲကြောင့် ဤကမ္ဘာရှိ ကံအကျိုးဆက် စွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းသော ဆွဲဆောင်မှုတစ်ခုကို ခံလိုက်ရသကဲ့သို့ ဤနေရာသို့ စုပြုံရောက်ရှိလာကြခြင်း ဖြစ်သည်။
ကြေးညိုရောင် ကြာပန်းဆီမီးအိမ်ထဲတွင် ပါရှိသော သံသရာစက်ဝန်းစွမ်းအားမှာ အကန့်အသတ် ရှိသည်။ ဤနေရာရှိ ကံအကျိုးဆက် အားလုံးကို သန့်စင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
စူးရွှမ်၏ အတွေးကို သိမြင်နေသကဲ့သို့ သစ်ပင်နတ်ဘုရား အဖိုးအိုသည် သက်ပြင်းတစ်ချက် ချကာ ဆက်ပြောလေသည်။
"စူးလူကြီးမင်း….. ငါတို့ လောကပြင်ပ ရှေးဟောင်းရွာလေးကတော့ ပြန်ပြင်လို့ မရတော့ဘူး၊ ကံအကျိုးဆက် စွမ်းအားတွေရဲ့ ဝါးမျိုမှုကို ခံရမှာဟာ ငါတို့ရဲ့ ကံကြမ္မာပဲ၊ ရှောင်လွှဲလို့ မရတဲ့ ကျိန်စာပဲ”
"ဒါပေမဲ့ ငါတို့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ ဒီကံအကျိုးဆက် ပိုးအိမ်ကို ချိတ်ပိတ်ထားဖို့ပဲ၊ သူ လောကကြီးထဲကို ဘယ်တော့မှ ထွက်မလာနိုင်ဖို့ပဲ”
"ဒီပိုးအိမ်ထဲမှာ အပြင်းထန်ဆုံး နာကြည်းမှုတွေ စုစည်းနေပြီး ၊ ငါတို့ရွာသား အမြောက်အမြားကိုလည်း အကျဉ်းချထားတာ......."
သစ်ပင်နတ်ဘုရား အဖိုးအိုသည် စူးရွှမ်ကို အလေးအနက် ဂါရဝပြုလိုက်ရင်း။
"အဆင်ပြေမယ်ဆိုရင်... စူးလူကြီးမင်းရဲ့ သံသရာစက်ဝန်း စွမ်းအားနဲ့ ဒီကံအကျိုးဆက် ပိုးအိမ်ကို နှိမ်နင်းပေးနိုင်မလား”
ဤစကား ထွက်လာသည်နှင့် ၊
စူးရွှမ်၏ မျက်လုံးများသည် အခြားရွာသားများဆီသို့ အလိုအလျောက် ကျရောက်သွားသည်။ သူတို့၏ သဘောထားကို တောင်းခံနေသည့်အလား။
ကြေးညိုရောင် ကြာပန်းဆီမီးအိမ်ထဲမှ သံသရာစက်ဝန်း စွမ်းအားသည် ဤနေရာမှ ကံအကျိုးဆက်များကို အကုန်မသန့်စင်နိုင်သော်လည်း၊
စူးရွှမ်အနေဖြင့် ထိုစွမ်းအားကို သုံး၍ လမ်းတစ်ခု ဖောက်ကာ ဤရွာသားများကို ဝူထျန်းသင်္ချိုင်းတွင်းထဲမှ ခေါ်ထုတ်သွားနိုင်သည်။
သို့သော် အကယ်၍ သံသရာစက်ဝန်းစွမ်းအား အားလုံးကို ကံအကျိုးဆက် ပိုးအိမ်ကို နှိမ်နင်းရန် အသုံးပြုလိုက်မည်ဆိုပါက၊ ယင်းမှာ သူတို့၏ ထွက်ပေါက်ကို ပိတ်လိုက်ခြင်းနှင့် တူပြီး အသက်ရှင်ရန် လမ်းစ မရှိတော့ပေ။
စူးရွှမ်အတွက် ကိစ္စမရှိချေ။ ဤခန္ဓာကိုယ်မှာ သူ၏ နိယာမကိုယ်ပွား တစ်ခုသာ ဖြစ်ပြီး၊ သူသည် အထူးပြုလုပ်ထားသော မဟာလမ်းစဉ် တည်နေရာပြောင်းရွေ့ခြင်း မှော်အဆောင်ကို အသုံးပြု၍ ဝူထျန်းသင်္ချိုင်းတွင်းမှ တိုက်ရိုက် ထွက်ခွာသွားနိုင်သည်။
သို့သော် ဤရွာသားများမှာ အသွေးအသားရှိသော ခန္ဓာကိုယ်များ ဖြစ်ကြသဖြင့် သံသရာစက်ဝန်း စွမ်းအားဖြင့် ဖောက်လုပ်ထားသော လမ်းမှတစ်ဆင့်သာ အပြင်သို့ ထွက်နိုင်ကြမည် ဖြစ်သည်။
.........
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်။
ရွာသားများသည် မျက်နှာအမူအရာများ မကောင်းကြသော်လည်း အားလုံးက ခေါင်းငုံ့ထားကြသည်။ ဤကိစ္စကို လက်ခံလိုက်သည့်အလား။
သူတို့သည် ဤကံအကျိုးဆက် ပိုးအိမ်၏ ကျိန်စာကို ကြောက်ရွံ့ကြသော်လည်း ပို၍ပင် မုန်းတီးကြသည်။
အကယ်၍ ထိုပိုးအိမ်သာ သူတို့၏ ဘိုးဘေးခန်းမဆောင်တွင် ကပ်ပါးကောင်အဖြစ် ကပ်ငြိမနေခဲ့ပါက၊ သူတို့ရွာလေးသည် ဤကဲ့သို့သော ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်လော။
" အဲ့တုန်းက ငါတို့ လောကပြင်ပ ရှေးဟောင်းရွာကနေ ကနဦး အမတဧကရာဇ်မင်း သုံးပါးတောင် ထွက်ပေါ်လာခဲ့တာ”
တောင်ဝှေးကို အားပြုထားသော ရွာသူကြီးသည် ကျန်ရွာသားများကို ကြည့်ကာ ရဲရင့်သော လေသံဖြင့် ဆိုလိုက်သည်။
"ငါတို့ရွာသားတွေအနေနဲ့ သေမှာကို ကြောက်နေမယ်ဆိုရင် ဘယ်လိုလုပ် သိက္ခာရှိပါတော့မလဲ"
ထို့နောက် သူသည် စူးရွှမ်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
"စူးလူကြီးမင်း... စိတ်ကြိုက်သာ လုပ်ပါ၊ ဒီကံအကျိုးဆက် ပိုးအိမ်ကို အပြီးတိုင် ချိတ်ပိတ်နိုင်မယ်ဆိုရင် ငါတို့ရဲ့ နောက်ဆုံးဆန္ဒ ပြည့်ဝတာပါပဲ"
"ဒီကိစ္စမှာ စူးလူကြီးမင်းကို ဆွဲထည့်လိုက်မိတာဟာ ကျုပ်တို့ရွာရဲ့ အပြစ်ပါပဲ”
"အကယ်လို့ နောင်ဘဝဆိုတာ ရှိခဲ့ရင် ငါတို့ရွာသားတွေဟာ လူကြီးမင်းရဲ့ အစေခံအဖြစ် ဒီကျေးဇူးကြွေးကို ဆပ်ပါ့မယ်”
ရွာသူကြီး၏ စကားသံအဆုံးတွင် ကျန်ရွာသားများမှာလည်း ဆုံးဖြတ်ချက် ချလိုက်ကြပြီ ဖြစ်သည်။
အားလုံးက စူးရွှမ်ကို ဦးညွတ်လျက် တစ်ပြိုက်နက် ဆိုလိုက်ကြသည်။
" လူကြီးမင်းရဲ့ ကြီးမြတ်တဲ့ကျေးဇူးကို စကားနဲ့တင် မပြောတော့ပါဘူး၊ နောင်ဘဝမှာ လူကြီးမင်းရဲ့ အစေခံအဖြစ် ဒီကျေးဇူးကြွေးကို ဆပ်ပါ့မယ်”
ရွာသားအားလုံး ဆုံးဖြတ်ချက် ချပြီးသည်ကို မြင်ပြီးနောက် ၊ စူးရွှမ်သည် သက်ပြင်းချလိုက်ကာ ဘာမှ ထပ်မပြောတော့ပေ။
သူသည် ကံအကျိုးဆက် ပိုးအိမ်၏ အောက်သို့ လျှောက်သွားပြီး ကြေးညိုရောင် ကြာပန်းဆီမီးအိမ်ကို ထုတ်ယူလိုက်သည်။
ဝီ!
ခဏချင်းမှာပင် ၊ ကြာပန်းဆီမီးအိမ်မှ ပြန်လည်ဝင်စားခြင်းဆိုင်ရာ နိယာမအလင်းတန်းများစွာ ထွက်ပေါ်လာသည်။
ထိုစွမ်းအား၏ သက်ရောက်မှုကြောင့် ဟင်းလင်းပြင်ထဲတွင် မဟာလမ်းစဉ် ကြာပန်းပေါင်းများစွာ ပေါက်ဖွားလာလေ၏။
သိပ်သည်းလှသော ကြာပန်းများသည် ဆက်တိုက် ပေါက်ဖွားပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုကြာပန်းပင်လယ်ကြီး၏ အလယ်တွင် သံသရာခြောက်ပါးကို ကိုယ်စားပြုသော ရှေးဟောင်း တံခါးကြီး ခြောက်ချပ်သည် သံစရာစက်ဝန်း အလင်းတန်းများကြားမှ ဟောက်သံပြုကာ ပွင့်ထွက်လာသည်။
သံသရာ ဝဲဂယက် ခြောက်ခုသည် အတွင်း၌ ရိုက်ခတ်လှုပ်ရှားနေပြီး ၊ နောက်ဆုံးတွင် မိုးမြေတစ်ခွင်ရှိ အရာအားလုံးကို ထင်ဟပ်စေနိုင်သော သံသရာ လမ်းကြောင်းခြောက်ခု အဖြစ် ဖွဲ့စည်းသွားသည်။
"ရှင်ခြင်းရှိလျှင် သေခြင်းရှိရမည် ၊ ရုပ်ခန္ဓာ ပျက်စီးလျှင် ဝိညာဉ်သည် ပျောက်ကွယ်ရမည်၊ ဆောင်းဦးတွင် သစ်ရွက်များ ကြွေလွင့်သကဲ့သို့ ဥတုလေးပါးသည် အလှည့်ကျ ကူးပြောင်းရပေမည်”
စူးရွှမ်၏ စကားသံအဆုံးတွင် ကြီးမားလှသော ပြန်လည်ဝင်စားခြင်းဆိုင်ရာ သစ်ပင်ကြီးတစ်ပင်သည် ဟင်းလင်းပြင်ပေါ်တွင် ဖြည်းညှင်းစွာ အမြစ်တွယ်လာသည်။
သစ်ပင်၏ တစ်ဝက်မှာ ယင် ဖြစ်ပြီး သေခြင်းနှင့် ဖျက်ဆီးခြင်းကို ကိုယ်စားပြုသည်။ ကျန်တစ်ဝက်မှာ ယန် ဖြစ်ပြီး မွေးဖွားခြင်းနှင့် အစပြုခြင်းကို ကိုယ်စားပြုသည်။
ဤသည်မှာ ဒဏ္ဍာရီထဲက သံသရာစက်ဝန်း နတ်ဘုရားသစ်ပင်သာ ဖြစ်သည်။
ဤကဲ့သို့သော နတ်ဘုရားသစ်ပင်မျိုးမှာ သံသရာစက်ဝန်း မဟာလမ်းစဉ်အတွင်း၌သာ ပေါက်ရောက်လေ့ရှိသည်။
ယင်း၏ အမြစ်များသည် သံသရာနှင့် ပဲ့တင်ထပ်နိုင်ပြီး၊ သစ်ကိုင်းများသည် လောက၏ ယင်နှင့်ယန် ကို ထိုးဖောက်နိုင်ကာ၊ သစ်ပင်ပေါ်တွင် ပေါက်ရောက်နေသော မရေမတွက်နိုင်သော သစ်ရွက်များက သေဆုံးသွားသူများ နောင်ဘဝသို့ သွားရာတွင် လမ်းပြပေးမည့် ဆီမီးအိမ်များ ဖြစ်သည်ဟု အဆိုရှိကြသည်။