← Chapters

ကံအကျိုးဆက်များ ယိုစိမ့်လာခြင်းနှင့် ဧကရာဇ်ငါးပါး ပါဝင်လာခြင်း

Vol. 68 Ch. 882

ကံအကျိုးဆက်များ ယိုစိမ့်လာခြင်းနှင့် ဧကရာဇ်ငါးပါး ပါဝင်လာခြင်း

Vol. 68 Ch. 882

ဘုန်း!!!

လောကပြင်ပ ရှေးဟောင်းရွာသည် ကံအကျိုးဆက် စွမ်းအားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်နှင့်အမျှ ၊

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် ချက်ချင်းပင် အပြင်သို့ ယိုစိမ့်ထွက်လာပြီး၊ ဝူထျန်းသင်္ချိုင်းတွင်းသည်လည်း တဖြည်းဖြည်း ပြိုကျလာသည်။

"ဒါ... ဒါက ဘာတွေ ဖြစ်ကုန်တာလဲ"

ထွက်ပေါက်တွင် စောင့်ဆိုင်းနေသော မျိုးနွယ်စုခေါင်းဆောင် ရှင်းကျွယ်မှာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး၊ ဟင်းလင်းပြင်ချောက်နက်ကြီးရှိရာဘက်သို့ ထိတ်လန့်စွာဖြင့် ကြည့်လိုက်မိသည်။

သူ၏မျက်စိရှေ့မှ ကြယ်တာရာနယ်မြေမှာ မှန်တစ်ချပ်ကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေပြီး၊ အတွင်း၌ အာကာသမုန်တိုင်းများ ကြမ်းကြမ်းတမ်းတမ်း ရိုက်ခတ်နေကာ ဟင်းလင်းပြင်ချောက်နက်ကြီးမှာလည်း မျက်ဝါးထင်ထင် ပြိုကျပျက်စီးနေသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ အာကာသအက်ကြောင်းများထဲမှ ကံအကျိုးဆက် စွမ်းအားများ တိုးဝှေ့ထွက်ပေါ်လာပြီး၊ ကမ္ဘာကြီးတစ်ခုလုံးကို နိမိတ်မကောင်းသော ကံအကျိုးဆက်များဖြင့် ဖုံးလွှမ်းသွားမတတ် ဖြစ်လို့နေသည်။

မျိုးနွယ်စုခေါင်းဆောင်ရှင်းကျွယ်မှာ သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားစွမ်းအားများကို အသက်သွင်းကာ ခုခံရန်ပင် မမီလိုက်တော့ပေ။

ဝုန်း!

ရုတ်တရက် ပို၍ပြင်းထန်သော ကံအကျိုးဆက် မုန်တိုင်းတစ်ခုက အတွင်းမှ တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ကောင်းကင်အထိ မြင့်မားသော လှိုင်းလုံးကြီးများကဲ့သို့ မျိုးနွယ်စုခေါင်းဆောင်ရှင်းကျွယ်ကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။

"သွေးအန်သံ..."

ပြင်းထန်သော စွမ်းအားများ၏ ထိုးနှက်မှုကို ခံလိုက်ရသဖြင့် သူသည် ပါးစပ်အပြည့် သွေးများအန်ထွက်လာပြီး အသက်ရှုသံများပင် အားနည်းလာခဲ့သည်။

“ ဒါ ဘာလို့ ဒီလိုဖြစ်ရတာလဲ"

ရှေ့က မြင်ကွင်းသည် မျိုးနွယ်စုခေါင်းဆောင်ရှင်းကျွယ်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

သူတို့ စောင့်ရှောက်လာခဲ့သော လျှို့ဝှက်နယ်မြေသည် အဘယ့်ကြောင့် ရုတ်တရက် ပြိုကျပျက်စီးလာရသနည်း။

လျှို့ဝှက်နယ်မြေအတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့လေသနည်း။ စူးရွှမ်သည်လည်း အန္တရာယ်များနှင့် ကြုံတွေ့နေလေသလော။

ဤအချက်ကို တွေးမိပြီး မျိုးနွယ်စုခေါင်းဆောင်ရှင်းကျွယ်၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့လာခဲ့သည်။

အကယ်၍ စူးရွှမ်သာ ဤနေရာတွင် သေဆုံးသွားပါက ၊ တားမြစ်စူးမိသားစု၏ အမျက်ဒေါသကို သူတို့ ကြယ်တာရာနတ်ဘုရားသားရဲမျိုးနွယ်စု အနေဖြင့် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်။

ဝုန်း!

ထိုစဉ် ပြင်းထန်သော အမတစွမ်းအား မုန်တိုင်းတစ်ခုသည် အာကာသ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဤနေရာသို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

ထို့နောက် အမတအလင်းတန်းငါးခု ထွက်ပေါ်လာခဲ့သည်။ လွင့်မျောနေသော အမတအလင်းတန်းများကြားမှ အမတဧကရာဇ်မင်း ငါးဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။

သူတို့ ပေါ်လာသည့် ထိုအခိုက်အတန့်မှာပင်၊

သိပ်သည်းလှသော အမတစွမ်းအားမုန်တိုင်းသည် သူတို့ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားပြီး ၊ ကြီးမားသော အကာအကွယ်အတားအဆီးတစ်ခုကို တည်ဆောက်ခဲ့လေ၏။

၎င်းသည် အပြင်သို့ ယိုစိမ့်ထွက်လာသော ကံအကျိုးဆက် စွမ်းအားများကို ထိန်းချုပ်လိုက်ရုံသာမက ဤနေရာတစ်ခုလုံးကိုလည်း အကုန်အစင် ပိတ်ဆို့ပစ်လိုက်သည်။

"စီနီယာတို့ကို ဂါရဝပြုပါတယ်"

မျိုးနွယ်စုခေါင်းဆောင်ရှင်းကျွယ်မှာ ထိတ်လန့်သွားသော်လည်း အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ ထိုအမတဧကရာဇ်မင်း ငါးဦးကို ချက်ချင်းလက်ငင်း ဂါရဝပြုလိုက်သည်။

သူ၏ ကျင့်ကြံမှုမှာလည်း အမတဧကရာဇ် အဆင့်ပင် ဖြစ်သော်လည်း သို့သော် သူသည် ကပ်ဘေးသုံးပါး အမတဧကရာဇ်မင်းသာ ဖြစ်သည်။

ဤငါးဦးမှာမူ မတူပေ။ သူတို့သည် ကပ်ဘေးကိုးပါး အမတဧကရာဇ်များ ဖြစ်ကြပြီး၊ အမတဧကရာဇ်မင်းများထဲတွင် ထိပ်တန်းအဆင့်ဖြစ်သည်။

ထို့အပြင် သူတို့ထံမှ စူးရွှမ်နှင့် အလွန် ဆင်တူသော အရှိန်အဝါတစ်ခုကိုလည်း သူ ခံစားမိသည်။

အများကြီး စဉ်းစားစရာမလိုပေ၊ ဤကပ်ဘေးကိုးပါး အမတဧကရာဇ်မင်း ငါးဦးမှာ တားမြစ်စူးမိသားစုမှ လူများပင် ဖြစ်ရမည်။

"မင်းရဲ့ မျိုးနွယ်စုဝင်တွေကို ခေါ်ပြီး ဒီကြယ်တာရာနယ်မြေကနေ အရင် ထွက်သွားလိုက်တော့”

ခေါင်းဆောင်ဖြစ်သူ အမတဧကရာဇ်မင်းက အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

"ကျန်တဲ့ကိစ္စတွေကို ငါတို့ ဖြေရှင်းလိုက်မယ်"

"ပြီးတော့ ဒီမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို တခြားလူတွေ သိသွားမှာကို ငါတို့ အလိုမရှိဘူး"

"ဟုတ်ကဲ့ပါ"

မျိုးနွယ်စုခေါင်းဆောင်ရှင်းကျွယ်၏ နဖူးတွင် ချွေးစေးများ ထွက်လာပြီး ခေါင်းကို အဆက်မပြတ် ညိတ်ကာ ပြန်လည်ဖြေဆိုလိုက်သည်။

"လူကြီးမင်းတို့ စိတ်ချပါ ဒီကိစ္စကို ကျွန်တော် ရင်ထဲမှာပဲ မြှုပ်နှံထားပါ့မယ်”

ဤကိစ္စမှာ သူတို့ ကြယ်တာရာနတ်ဘုရားသားရဲမျိုးနွယ်စု မှ ကိုင်တွယ်နိုင်သော ကိစ္စမဟုတ်တော့ပေ။ ထို့အပြင် ပါးနပ်သူတိုင်း ယနေ့ကိစ္စကို မည်သို့ လုပ်ဆောင်ရမည်ကို သိကြပေလိမ့်မည်။

..........

"ကံအကျိုးဆက် စွမ်းအားတွေက တကယ်ပဲ အပြင်ကို ယိုစိမ့်လာတာပဲ....."

ဟင်းလင်းပြင်အက်ကြောင်းများကြားမှ အဆက်မပြတ် ထွက်ပေါ်နေသော ကံအကျိုးဆက်စွမ်းအားများကို ကြည့်ရင်း တားမြစ်စူးမိသားစုမှ ကပ်ဘေးကိုးပါး အမတဧကရာဇ်မင်း ငါးဦး၏ မျက်လုံးများမှာ မသေချာမရေရာမှုများ ရှိနေခဲ့သည်။

စူးရွှမ်သည် ဝူထျန်းသင်္ချိုင်းတွင်းသို့ မဝင်ရောက်မီက ၊ တားမြစ်စူးမိသားစုထံသို့ သတင်းစကား ပေးပို့ခဲ့ပြီး ဖြစ်သည်။

ဝူထျန်းသင်္ချိုင်းတွင်းမှာ မတည်မငြိမ် ဖြစ်နေပြီး နောက်ဆုံးတွင် ကံအကျိုးဆက် စွမ်းအားများ အပြင်သို့ ယိုစိမ့်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ထို့ကြောင့် ကံအကျိုးဆက် စွမ်းအားများ ပျံ့နှံ့သွားပြီး ဟွမ်ကျီအမတနယ်မြေကို သက်ရောက်မှု မရှိစေရန် တားမြစ်စူးမိသားစုမှ သူတို့ကို ကြိုတင် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

"လက်နက်ထုတ်ကြစို့"

ခေါင်းဆောင်ဖြစ်သူ အမတဧကရာဇ်မင်းမှ အမိန့်ပေးလိုက်သည်နှင့် ၊

ဝုန်း!

ကျန်ရှိနေသော အမတဧကရာဇ်မင်း လေးဦးသည် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ သိပ်သည်းလှသော အမတစွမ်းအားများကို လည်ပတ်စေကာ သံသရာစက်ဝန်းစွမ်းအား ပါဝင်သော မူလအမတလက်နက်များကို ထုတ်ယူလိုက်ကြသည်။

စူးရွှမ်သည် ယခင်က နတ်ဘုရားလက်နက် အမတမျှော်စင်သို့ သွားရောက်စဉ်က သံသရာစက်ဝန်းစွမ်းအားများ ပါဝင်သော အမတလက်နက် အချို့ကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။

ထို့ကြောင့် ယိုစိမ့်လာသော ဤကံအကျိုးဆက် စွမ်းအားများကို သန့်စင်ရန်မှာ သူတို့အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။

မိုးမြေအနှံ့ ဖုံးလွှမ်းသွားသော သံသရာစက်ဝန်းစွမ်းအားများသည် မြစ်တစ်စင်းကဲ့သို့ စုစည်းသွားပြီး၊ ပြိုကျနေသော ကြယ်တာရာနယ်မြေကို အပြီးတိုင် ပိတ်ဆို့လိုက်သည်။

အလင်းတန်းများ ရောက်ရှိသွားလေရာ နေရာတိုင်းတွင် သောင်းကျန်းနေသော ကံအကျိုးဆက် မြူခိုးများမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ယိုစိမ့်လာသော ကံအကျိုးဆက် စွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွားပြီး၊ အချို့သော ထူးဆန်းသည့် စွမ်းအင် အကြွင်းအကျန်များသာ ကျန်တော့သည်။

ဤမြင်ကွင်းမှာ အမတဧကရာဇ်မင်း ငါးဦးကိုပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။

သူတို့သည် ကံအကျိုးဆက် စွမ်းအားများကို မြင်ဖူးခဲ့ကြပြီး၊ ယင်းမှာ သူတို့၏ ဘဝတစ်သက်တာတွင် ရင်ဆိုင်ရအခက်ခဲဆုံးသော ထူးဆန်းသည့် စွမ်းအားဖြစ်သည်။

ယခု ယိုစိမ့်လာသော ကံအကျိုးဆက်စွမ်းအားများမှာ အကြွင်းအကျန်များသာ ဖြစ်သော်လည်း၊ ယင်း၏ သဘောသဘာဝမှာ အဆုံးမဲ့ကပ်ဘေးကာလက ကံအကျိုးဆက်များနှင့် မခြားနားပေ။ သို့ပါလျက် အဘယ့်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် သန့်စင်သွားရသနည်း။

သူတို့ မသိလိုက်သည်မှာ...

ဝူထျန်းသင်္ချိုင်းတွင်းရှိ ကံအကျိုးဆက် စွမ်းအား အများစုမှာ ဝါးမျိုသန့်စင်ခံလိုက်ရပြီး ဖြစ်သည်။ ယခု အပြင်သို့ ထွက်လာသော စွမ်းအားများမှာ အလွန်သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သဖြင့် လုံးဝ အရေးမပါချေ။

.............

တစ်ချိန်တည်းမှာပင်။

အမတဧကရာဇ်မင်း ငါးဦး ရောက်ရှိလာပြီး ဤနယ်မြေကို ပိတ်ဆို့ နှိမ်နင်းလိုက်သော်လည်း ၊ ကံအကျိုးဆက် စွမ်းအားများသည် အလွန်ပင် ထူးဆန်းလှသဖြင့် အမတနယ်မြေရှိ စွမ်းအားရှင်အများစုသည် ၎င်းကို ခံစားသိရှိခဲ့ကြသည်။

သူတို့အားလုံးသည် မိမိတို့၏ နတ်အသိစိတ်များကို ကြယ်တာရာသားရဲ ပင်လယ် ရှိရာဘက်သို့ စူးစမ်းရန် စေလွှတ်လိုက်ကြသည်။

အဆုံးမဲ့ကပ်ဘေးကို ကြုံတွေ့ခဲ့ဖူးသော အချို့သော စွမ်းအားရှင်များမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

"ထူးဆန်းလိုက်တာ..... ခုနက အရှိန်အဝါက..... ဘာလို့ အဆုံးမဲ့ကပ်ဘေးကာလက ကံအကျိုးဆက် စွမ်းအားတွေနဲ့ အရမ်းတူနေရတာလဲ....."

"အဆုံးမဲ့ကပ်ဘေးက ပြီးသွားတာ ကြာလှပြီ၊ ကံအကျိုးဆက် စွမ်းအားတွေလည်း လောကကနေ ပျောက်ကွယ်သွားပြီပဲ..... ဘာလို့ ဒီလို ထူးဆန်းတဲ့ အရှိန်အဝါတွေ ထပ်ပေါ်လာရတာလဲ"

"ပြီးတော့.... အမတဧကရာဇ်မင်းတွေက သူတို့ရဲ့စွမ်းအားတွေနဲ့ ကြယ်တာရာသားရဲ ပင်လယ်ကို ပိတ်ဆို့ထားပုံပဲ၊ သူတို့ တကယ်ပဲ ဘာလုပ်နေကြတာလဲ"

လူတိုင်း သံသယဖြစ်နေကြသော်လည်း ၊ သူတို့သည် သူတို့၏ နတ်အသိစိတ်များကို ဟွမ်ကျီအမတနယ်မြေအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ မစူးစမ်းဝံ့ကြပေ။

ဟွမ်ကျီအမတနယ်မြေသည် တားမြစ်စူးမိသားစု၏ အခြေစိုက်ရာ နယ်မြေဖြစ်သဖြင့် ဤနယ်မြေကို လွန်လွန်ကျူးကျူး စူးစမ်းမိ၍ တားမြစ်စူးမိသားစုကို စော်ကားမိလျှင် အခြေအနေ မကောင်းနိုင်ပေ။

ဟွမ်ကျီအမတနယ်မြေတွင် တားမြစ်စူးမိသားစု ရှိနေသရွေ့ မည်သည့်ပြဿနာမှ ကြီးကြီးမားမား ဖြစ်လာနိုင်မည် မဟုတ်ပေ။

အကြောင်းရင်းမှာ အခြားမဟုတ်။ ဟွမ်ကျီအမတနယ်မြေ တစ်ခုလုံးတွင် တားမြစ်စူးမိသားစုသည် ပြိုင်ဘက်ကင်းပြီး အတုမရှိသောကြောင့်ပင် ဖြစ်သည်။

...........

All Chapters