← Chapters

စွန့်ပစ်ခံနယ်ရုပ်က ကစားပွဲရှင်ကို လှုပ်ခတ်နိုင်သလား၊ နိမ့်ကျသော သွေးမျိုးဆက်

Vol. 68 Ch. 884

စွန့်ပစ်ခံနယ်ရုပ်က ကစားပွဲရှင်ကို လှုပ်ခတ်နိုင်သလား၊ နိမ့်ကျသော သွေးမျိုးဆက်

Vol. 68 Ch. 884

ထိုစကားကြောင့် စူးချန်ကဲမှာ အံ့အားသင့်သွားသည်။

‘ဒါက ဘယ်လိုဖြစ်တာလဲ ၊ စနစ်က ဘာလို့ ဒီဆံပင်နက်နဲ့ မိန်းကလေးကို လက်ခံဖို့ သူ့ကို တိုက်တွန်းနေရတာလဲ....’

‘ပြီးတော့ ဒီမိန်းကလေးက အနာဂတ်မှာ သူ့အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လာမယ်တဲ့လား.... ‘

ရုတ်တရက်ဆန်သော စနစ်၏တာဝန်ကြောင့် စူးချန်ကဲမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

သူသည် စိတ်ထဲက သံသယများကို ထိန်းချုပ်လိုက်ပြီး စနစ်ကို မေးမြန်းလိုက်သည်။

"စနစ်... ဒီဆံပင်နက်နဲ့ မိန်းကလေး ပေါ်လာတာက အရမ်းထူးဆန်းသလို၊ သူမဆီက အရှိန်အဝါကလည်း အရမ်း နိမိတ်မကောင်းဘူး၊ သူမရဲ့ နောက်ခံက သာမန်တော့ မဟုတ်လောက်ဘူး"

"တကယ်လို့ သူမက အမှောင်ထုနဲ့ ပတ်သက်နေရင် ၊ သူမကို ဘေးမှာထားပြီး ပြုစုပျိုးထောင်ပေးတာက ရန်သူကို လက်သပ်မွေးသလို ဖြစ်မနေဘူးလား"

"ပြီးတော့ သူမကို ငါ့ဘေးမှာ ထားနိုင်ခဲ့ရင်တောင် သူမကိုယ်တိုင်ကရော ဆန္ဒရှိပါ့မလား"

"သူမက ဟန်ဆောင်ပြီး သဘောတူခဲ့ရင်တောင် တခြားရည်ရွယ်ချက်တွေ ရှိနေရင် ငါ့ကို မလိုအပ်ဘဲ ပြဿနာများစေလိမ့်မယ်”

စူးချန်ကဲ ပြောသည်မှာ သဘာဝကျသည်။ ဤမိန်းကလေး၏ ထွက်ပေါ်လာမှုသည် အလွန်ထူးဆန်းပြီး သူမ၏ အရှိန်အဝါမှာလည်း နိမိတ်မကောင်းပေ။ သူမကို အနီးအနားတွင် ထားရှိခြင်းသည် စူးချန်ကဲအတွက် ကောင်းကျိုးထက်ဆိုးကျိုးက ပိုများနေပုံရသည်။

သို့သော် စနစ်သည် စူးချန်ကဲ၏ အတွေးကို ကြိုသိနေသကဲ့သို့ ဆက်လက်ပြောကြားခဲ့သည်။

[ ပိုင်ရှင်အနေနဲ့ စိတ်ချလို့ရပါတယ်၊ စနစ်ရဲ့ စမ်းသပ်ချက်အရ ဒီဆံပင်နက် မိန်းကလေးငယ်ဟာ သင့်အတွက် အန္တရာယ်မရှိတဲ့အပြင် ကြီးမားတဲ့ အကျိုးကျေးဇူးကို ပေးနိုင်ပါလိမ့်မယ် ]

[ ပြီးတော့ ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ထူးခြားတဲ့စွမ်းအားက ပိုင်ရှင်ရဲ့ အနာဂတ် ဘေးဒုက္ခတွေကို ကျော်လွှားဖို့ ကူညီပေးနိုင်ပါလိမ့်မယ်]

[ အကယ်၍ ပိုင်ရှင်အနေနဲ့ ဒီမိန်းကလေးကို ဘေးနားထားပြီး ပြုစုပျိုးထောင်ရန် သဘောတူပါက၊ စနစ်အနေနဲ့ ပိုင်ရှင်ကို ကူညီပြီး ဒီမိန်းကလေးရဲ့ နတ်အသိစိတ်ပင်လယ်ထဲမှာ အထူးအမှတ်အသားတစ်ခုကို ထည့်သွင်းပေးပါ့မယ်]

စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စူးချန်ကဲသည် အနည်းငယ် စဉ်းစားလိုက်သည်။

စနစ်သည် သူ့အား ဤမိန်းကလေးကို လက်ခံ၍ ပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်ရှိနေသည်ကို အရူးတစ်ယောက်ပင် သိနိုင်သည် ။

စနစ်သည် ဤမျှ အခိုင်အမာ ပြောနေသဖြင့် သူ့ဘက်က ထပ်ပြီး ငြင်းဆန်နေပါက ယဉ်ကျေးမှု မရှိရာ ရောက်ပေတော့မည်။

အမှန်စင်စစ် သူကိုယ်တိုင်လည်း သိချင်နေသည်။ ဤမိန်းကလေးငယ်သည် အနာဂတ်တွင် သူ့အတွက် မည်သို့သောအထောက်အပံ့ ဖြစ်လာနိုင်သနည်း။

သူသည် ကောင်းကင်ဘုံ၏ အမှန်တရားများကို မသိသေးသော်လည်း၊ ယင်းနှင့် ပတ်သက်လာလျှင် သာမန်လူများ ပါဝင်ပတ်သက်နိုင်စွမ်း မရှိသည်မှာ သေချာသည်။

ဤမိန်းကလေးငယ်သည် မည်သို့သော နောက်ခံနှင့် စွမ်းအားများကို ပိုင်ဆိုင်ထားသနည်း။

"ကောင်းပြီ၊ စနစ် မင်းက ဒီလောက်တောင် ပြောနေမှတော့ ငါသဘောတူတယ်"

စူးချန်ကဲ၏ စကားသံအဆုံးတွင်၊

ဝီ!

ဟင်းလင်းပြင်၌ လှိုင်းတံပိုးများ ထသွားပြီး ၊ လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် အရှိန်အဝါတစ်ခုသည် ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်ကာ ဆံပင်နက် မိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် ထိုမိန်းကလေးငယ်၏ ခန္ဓာကိုယ်အတွင်း၌ မိမိနှင့် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ သူနှင့် ထိုမိန်းကလေးငယ်ကြား ဆက်သွယ်ပေးမည့် တံတားတစ်ခုကို တည်ဆောက်လိုက်သကဲ့သို့ပင်။

စနစ်၏ စွမ်းအားများသည် မိန်းကလေးငယ်၏ ကိုယ်ထဲသို့ စီးဝင်သွားသည်နှင့် သူမ၏ ကိုယ်ပေါ်မှ နိမိတ်မကောင်းသော အရှိန်အဝါများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ ယခင်ကကဲ့သို့ ကြောက်စရာမကောင်းတော့ပေ။

"ထားလိုက်ပါတော့... ဒီမိန်းကလေးက ထူးဆန်းနေပေမဲ့ သူမကို ကြယ်တာရာပင်လယ်ထဲမှာ ဒီအတိုင်း ပစ်ထားခဲ့လို့တော့ မဖြစ်ဘူး"

စူးချန်ကဲက လော့ရန်ယွီကို ပြောလိုက်သည်။

"သူမကို ငါတို့ဘေးမှာပဲ အရင်ထားလိုက်ရအောင်"

လော့ရန်ယွီကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

လက်ရှိတွင် ဤမိန်းကလေးငယ်မှာ သတိမေ့မြောနေသဖြင့် သူမကို ကြယ်တာရာသားရဲ ပင်လယ်ထဲတွင် ပစ်ထားခဲ့မည်ဆိုပါက၊ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

မိန်းကလေးငယ်ကို အမတလှေ၏ အခန်းတစ်ခုတွင် သေချာနေရာချပေးပြီးနောက် စူးချန်ကဲသည် အမတလှေကို တောက်ရွှီမြို့ရှိရာဘက်သို့ ဆက်လက် မောင်းနှင်သွားတော့သည်။

.........

အမတလှေသည် ကြယ်တာရာကောင်းကင်ယံမှ ပျောက်ကွယ်သွားသည်နှင့်အမျှ ၊

စကြဝဠာ၏ လျို့ဝှက်ထောင့်တစ်နေရာတွင် ရုတ်တရက်ဆိုသလို အလင်းတန်းများ လှိုင်းထသွားသည်။

ထို့နောက် မှုန်ဝါးဝါးအသွင်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ စူးချန်ကဲ ထွက်ခွာသွားသော လမ်းကြောင်းကို အဝေးမှ လှမ်းကြည့်နေသည်။

"ခုနက ဒီနေရာမှာ ကံအကျိုးဆက်တွေ နိုးထလာတဲ့ လက္ခဏာကို ငါခံစားမိလို့ ကြိုတင်ရောက်နေတာ၊ မမျှော်လင့်ဘဲ ဒီလိုအကျိုးကျေးဇူးကို ရလိုက်တာပဲ......"

"ဒီမိန်းကလေးက ကပ်ဆိုး အဲ့ကောင်နဲ့ ပတ်သက်နေတာလား..... မဟုတ်သေးဘူး၊ သူမဆီက စွမ်းအားတွေက ပြောင်းလဲသွားပြီ..... ဒေဝလောကရဲ့ ကံအကျိုးဆက်တွေကိုတောင် ဝါးမျိုနိုင်နေပြီပဲ....."

"သူမက အဲ့ဒီကောင့်ရဲ့ စွမ်းအားတွေကြားက မွေးဖွားလာတာ မှန်ပေမဲ့၊ တစ်ဖက်မှာတော့ ဘာမှ မပတ်သက်တော့ဘူးလို့ ပြောလို့ရတယ်......"

"စနစ်ကို သုံးပြီး ချန်ကဲကို ဒီမိန်းကလေးကို လက်ခံခိုင်းလိုက်တာ တန်သွားတာပဲ....."

"သူမရဲ့ ကိုယ်ထဲမှာ ငါ့ရဲ့ ဗလာနိတ္တိစွမ်းအားကို ထည့်သွင်းပေးလိုက်ပြီဆိုတော့၊ အခု သူမနဲ့ ချန်ကဲကြားမှာ အဆက်အသွယ်တွေ အများကြီး ရှိသွားပြီ၊ ကျန်တာကိုတော့ အချိန်ကိုပဲ အဆုံးအဖြတ် ပေးခိုင်းလိုက်ရအောင်"

ထိုသို့ပြောရင်း၊ ထိုဝတ်စုံဖြူနှင့် ပုံရိပ်သည် အမည်မဖော်ပြနိုင်သော နေရာတစ်ခုသို့ မော့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းသားထပ်တွင် လှောင်ပြုံးတစ်ခု လှစ်ဟသွားသည်။

"မင်းတို့က အမြဲတမ်း မာနကြီးလွန်းတယ်၊ စွန့်ပစ်ခံ နယ်ရုပ်လေး တစ်ခုက ကစားပွဲကို ဘယ်လိုများ လှုပ်ခတ်နိုင်မှာလဲလို့ ထင်နေတယ်မလား"

"ဟားး.. ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့"

..........

ကြယ်တာရာသားရဲ ပင်လယ်မှ ထွက်လာပြီးနောက် ပိုမိုတောက်ပသော ကြယ်တာရာနယ်မြေတစ်ခု ရှိသည်။

၎င်းမှာ ဟွမ်ကျီအမတနယ်မြေ၏ ရှေးအကျဆုံး နယ်မြေတစ်ခုဖြစ်သော ဖျောင်မြောင် ကြယ်တာရာနယ်မြေပင် ဖြစ်သည်။

ထိုနယ်မြေ၏ ဗဟိုချက်တွင် ကြယ်စုတန်းများစွာ ယှက်နွယ်နေပြီး၊ ကြယ်စုတန်းတိုင်းတွင် ကြယ်တာရာမြို့ပေါင်း ထောင်သောင်းချီ၍ တည်ရှိသည်။

အဓိကကျသော မြို့ကြီး (၃၃) မြို့မှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားပြီး ကြီးမားသော မြို့တော်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ ယင်းမှာ တောက်ရွှီမြို့ ပင် ဖြစ်သည်။

တောက်ရွှီမြို့၏ တည်နေရာမှာ အလွန်ထူးခြားသည်။ မြောက်ဘက်တွင် ကနဦးလျှို့ဝှက်နယ်မြေ ရှိပြီး၊ အနောက်ဘက်တွင် ဖျောင်မြောင် အမတတိုက်ကြီး ရှိကာ၊ အရှေ့ဘက်တွင်မူ အဆုံးမဲ့လျှို့ဝှက်နယ်မြေ နှင့် ထိစပ်နေသည်။

အဆုံးမဲ့လျှို့ဝှက်နယ်မြေသည် အောက်ကမ္ဘာ၏ နယ်မြေပေါင်းများစွာထဲတွင် ထိပ်တန်းက ပါဝင်ပြီး ၊ ထိပ်တန်း စွမ်းအားရှင် အများအပြားကို အမတနယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့ကြောင့် ၎င်းနှင့် အနီးဆုံးဖြစ်သော တောက်ရွှီမြို့သည် အဆုံးမဲ့လျှို့ဝှက်နယ်မြေမှ တက်လှမ်းလာသော စွမ်းအားရှင်များကို အမြဲ လက်ခံရရှိလေ့ရှိသည်။

ဒဏ္ဍာရီများအရ ယခင်က မိမိကိုယ်ကို ယန်ယွီဧကရာဇ် နှင့် ဝူယွမ်ဧကရာဇ် ဟု ခေါ်ဆိုသော ထိပ်တန်း စွမ်းအားရှင် နှစ်ဦးသည် အောက်ကမ္ဘာမှ အမတလောကသို့ တက်လှမ်းလာခဲ့ကြသည်။

သူတို့သည် မိမိတို့၏ စွမ်းအားဖြင့် အမတလောကတွင် ထိပ်တန်းအင်အားစု နှစ်ခုကို တည်ထောင်ခဲ့ပြီး နောက်ဆုံးတွင် အမတလောက၏ သာလွန်အင်အားစု (၁၈) ခုထဲမှ တစ်ခုအဖြစ်သို့ ရောက်ရှိစေခဲ့သည်။

ဤကဲ့သို့သော တောက်ပသည့် သမိုင်းကြောင်းများသည် အမတလောက တစ်ခုလုံးတွင် အလွန်ထင်ရှားသည်။

တောက်ရွှီမြို့သည် အောက်ကမ္ဘာမှ ပါရမီရှင်များ ပထမဆုံး ရောက်ရှိလာရာ နေရာဖြစ်သဖြင့် ၎င်း၏ ကြွယ်ဝမှုနှင့် စည်ကားမှုမှာ ပြောစရာ မလိုအောင်ပင်။

တောက်ရွှီမြို့သည် နယ်မြေအသီးသီး၏ လမ်းဆုံလမ်းခွ ဖြစ်သဖြင့် မူလကတည်းက စည်ကားနေပြီဖြစ်ရာ၊ ယခု ကနဦးလျှို့ဝှက်နယ်မြေ ပေါ်ထွက်လာချိန်တွင်မူ အမတလှေများ၊ ရတနာသင်္ဘောများနှင့် မပြတ်မကွက် ရှိနေတော့၏။

ဧရာမ မြို့တံခါးကြီးအောက်တွင် မြို့ထဲသို့ ဝင်ရန် တန်းစီနေသော အမတလှေတန်းကြီးမှာ နဂါးတစ်ကောင်ကဲ့သို့ ရှည်လျားလှပေသည်။

ရွှေအမတ အဆင့်ရှိသော စောင့်ရှောက်သူ အနည်းငယ်မှာ မြို့တံခါးကို စောင့်ကြပ်နေကြသည်။

"အောက်ကမ္ဘာက တက်လာတဲ့ ပါရမီရှင်တွေက ဘေးတံခါးကနေ ဝင်ကြ"

"ငါတို့ အမတနယ်မြေက ပါရမီရှင်တွေကတော့ အဓိက တံခါးကနေ အစီအစဉ်အတိုင်း ဝင်ကြပါ"

ဘေးတံခါးနှင့် အဓိကတံခါးမှာ မတူညီသော အဓိပ္ပာယ်များ ရှိနေခဲ့သည်။

ဤတောက်ရွှီမြို့သည် အောက်ကမ္ဘာမှ ပါရမီရှင်များနှင့် အမတနယ်မြေမှ ပါရမီရှင်များကို အဆင့်အတန်း ခွဲခြားလိုက်ခြင်းပင် ဖြစ်သည်။

အောက်ကမ္ဘာမှ တက်လာသော ပါရမီရှင်အချို့မှာ မကျေမနပ် ဖြစ်နေကြသည်။

"ဘာဖြစ်လို့လဲ ငါတို့အားလုံး အမတနယ်မြေကို ရောက်လာပြီဆိုရင် အမတနယ်မြေသားတွေ မဟုတ်ဘူးလား"

"ဘာလို့ ငါတို့ကို အဆင့်အတန်း ခွဲခြားနေရတာလဲ"

"ဘာလို့ အမတနယ်မြေကလူတွေက အဓိကတံခါးက ဝင်ရပြီး ငါတို့ကျမှ ဘေးတံခါးက ဝင်ရမှာလဲ"

"ဟုတ်တယ် ငါတို့ အမတနယ်မြေကို ရောက်လာပြီးပြီပဲ တန်းတူအခွင့်အရေး မရထိုက်ဘူးလား"

အောက်ကမ္ဘာမှ တက်လာသော ကျင့်ကြံသူ အများအပြားက ဝိုင်းဝန်း ကန့်ကွက်ကြသည်။ သို့သော် မြို့စောင့်စစ်သည်များက ရိုးအီနေဟန်ဖြင့် လှောင်ပြုံးပြုံးနေကြသည်။

ဤအောက်ကမ္ဘာမှ တက်လာသူများသည် အမတနယ်မြေတွင် မည်သည့်နောက်ခံမှ မရှိကြသဖြင့် သူတို့ကို နှိပ်ကွပ်ရန်မှာ အလွန်လွယ်ကူသော ကိစ္စပင်။

"ဟားဟား..... မင်းတို့က မင်းတို့ကိုယ်မင်း ပါရမီရှိတယ်လို့ ထင်နေတာလား"

"ပါရမီရှိတာက ဘာလုပ်လို့ရမှာလဲ"

မြို့စောင့်စစ်သည် တစ်ဦးက ခနဲ့သော လေသံဖြင့် ဆိုလိုက်သည် ။

"ကျင့်ကြံတဲ့အခါမှာ နောက်ခံရှိဖို့ လိုတယ်၊ အင်အားရှိဖို့ လိုတယ်"

"ငါပြောမယ်... နောက်ခံမရှိရင် ပါရမီ ဘယ်လောက်ရှိရှိ အပြင်ရောက်ရင် ခေါင်းငုံ့ထားရမှာပဲ"

"ငါ ထပ်မပြောချင်တော့ဘူး၊ အောက်ကမ္ဘာကလူတွေ အားလုံး ဘေးတံခါးကနေ ဝင်ကြ"

"မဝင်ချင်ရင်လည်း ခွေးတိုးပေါက်ကနေ ဝင်ကြ"

ဘေးမှ ကြည့်နေသော အမတနယ်မြေမှ ပါရမီရှင်များကလည်း လှောင်ပြောင်သည့် မျက်နှာများဖြင့် ကြည့်နေကြသည်။

"ဟားး.... မင်းတို့က နိမ့်ကျတဲ့ နေရာကနေ မွေးဖွားလာတာဆိုတော့၊ မင်းတို့ရဲ့ သွေးမျိုးဆက်က နိမ့်ကျတယ်ဆိုတဲ့ အမှန်တရားကို လက်ခံလိုက်စမ်းပါ"

"အမတနယ်မြေကို ရောက်လာရုံနဲ့ တောကြက်ကနေ ဒေါင်းဖြစ်သွားမယ် ထင်နေတာလား"

"ဟားဟားဟား ဟာသပဲ"

အမတနယ်မြေမှ ပါရမီရှင်များမှ ဝိုင်းဝန်း လှောင်ပြောင်နေကြစဉ်၊

ကောင်းကင်ယံမှ ကြည်လင်ပြတ်သားသော အသံတစ်သံ ဟိန်းထွက်လာသည် ။

"အော်"

"ဒါဆိုရင်....."

" ကျုပ် စူး မျိုးရိုးကလည်း အောက်ကမ္ဘာကနေ တက်လာတာဆိုတော့၊ နိမ့်ကျတဲ့ သွေးမျိုးဆက်ပေါ့”

..........

All Chapters