ရွှေအမတ လေးဦးကို တစ်ချက်တည်းဖြင့် နှိမ်နင်းခြင်း
Vol. 68 Ch. 885
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အသံလားရာအရပ်သို့ အလိုအလျောက် မော့ကြည့်လိုက်ကြသည်။
မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိနိုင်သော အမတလှေတစ်စင်းသည် ကြယ်တာရာဟင်းလင်းပြင် ပြင်ပမှ တောက်ရွှီမြို့ရှိရာသို့ ဖြည်းညှင်းစွာ မောင်းနှင်လာနေသည်။
အမတလှေပေါ်တွင် ရစ်ဝဲနေသော နတ်ဘုရားမြူခိုးများမှာ အလွန်ထူးဆန်းပြီး ၊ ကျင့်ကြံသူများ၏ စူးစမ်းမှုကို တားဆီးထားသည့်အတွက် လှေအတွင်းရှိ မြင်ကွင်းကို မြင်တွေ့ရန် ခက်ခဲသည်။
သို့သော် အပြင်ပန်းသဏ္ဌာန်ကို ကြည့်ရုံမျှဖြင့် ဤအမတလှေကို စီးနင်းနိုင်သူမှာ သာမန်လူမဟုတ်ဘဲ အလွန်ချမ်းသာကြွယ်ဝသူ သို့မဟုတ် အဆင့်အတန်း မြင့်မားသူဖြစ်ကြောင်း သိနိုင်သည်။
"ဟင်....."
"ဒီအမတလှေကို တစ်နေရာရာမှာ မြင်ဖူးနေသလိုလိုပဲ"
ကျင့်ကြံသူအချို့က တီးတိုးပြောလိုက်ကြသည်။
သို့သော် အမတလှေကို ဝန်းရံထားသော နတ်ဘုရားမြူခိုးများမှာ အလွန်ထူထပ်လှသည့်အပြင် စိတ်အာရုံစူးစမ်းမှုကိုလည်း ခုခံနိုင်စွမ်း ရှိနေသည်။
သံသယဖြစ်နေသော ကျင့်ကြံသူများပင်လျှင် အမတလှေ၏ ပုံကြမ်းလောက်ကိုသာ မြင်တွေ့နိုင်ကြသည်။
အောက်ကမ္ဘာမှ ပါရမီရှင်များကို စောစောကမှ လှောင်ပြောင်နေခဲ့သော တောက်ရွှီမြို့ စောင့်များသည် ဤအမတလှေကို မြင်လိုက်ရချိန်တွင် မျက်နှာပျက်သွားကြသည်။
ဤကဲ့သို့သော အမတလှေကို စီးနင်းနိုင်သူမှာ အမတနယ်မြေ၏ အထင်ကရ မိသားစုကြီးတစ်ခုခုမှ ဖြစ်နိုင်သည်။
သို့သော် စူးချန်ကဲ ပြောသွားသော စကားကို ပြန်စဉ်းစားမိသောအခါ သူသည် ချက်ချင်းပင် စိတ်အေးသွားပြန်သည်။
မိမိကိုယ်ကို စူးမျိုးရိုး ဟု ခေါ်သော ဤလူသည်လည်း အောက်ကမ္ဘာမှ တက်လာသူဟု ပြောခဲ့သည် မဟုတ်လော။
အောက်ကမ္ဘာရှိ နယ်မြေအချို့မှာလည်း အလွန်ချမ်းသာကြွယ်ဝကြပြီး ယင်းတို့ထဲတွင် ချမ်းသာသော အင်အားစုများ ရှိနေတတ်သည်။ ဤအမတလှေကို စီးနင်းလာသူမှာ ထိုကဲ့သို့သော လူမျိုးဖြစ်ပေလိမ့်မည်။
အဲ့တော့ ဘာဖြစ်လဲ...
အမတနယ်မြေမှ ပါရမီရှင်များသည် အဓိကတံခါးမှဝင်ရန်နှင့် အောက်ကမ္ဘာမှ ပါရမီရှင်များသည် ဘေးတံခါးမှဝင်ရန်မှာ သူတို့ တောက်ရွှီမြို့၏ ရှေးယခင်ကတည်းက သတ်မှတ်ထားသော စည်းကမ်းဖြစ်သည်။
ဤစည်းကမ်းကို ဆန့်ကျင်ခြင်းသည် တစ်မြို့လုံးကို ရန်မူခြင်းပင် ဖြစ်သည်။
"အော်...အဲ့လိုကိုး”
ထိုမြို့စောင့်သည် မေးစေ့ကို မော့လိုက်ပြီး စူးချန်ကဲ၏ အမတလှေကို အလေးမထားဟန်ဖြင့် ကြည့်ကာ ဆိုလိုက်သည်။
"ကြည့်ရတာ ငါခုနက ပြောလိုက်တဲ့စကားက မင်းရဲ့ အနာကို စပ်သွားပုံပဲ ၊ အဲ့တာနဲ့ သူရဲကောင်းလုပ်ပြီး ထွက်လာတာပေါ့ ဟုတ်လား"
"ဟမ်၊ မင်းဟာမင်း အောက်ကမ္ဘာမှာ ဘယ်လောက်ပဲ ထင်ရှားခဲ့ပါစေ...ငါတို့ အမတနယ်မြေကို ရောက်ရင်တော့ ငါတို့ရဲ့ စည်းကမ်းကို လိုက်နာရမယ်"
"နိမ့်ကျတဲ့ သွေးမျိုးဆက်ဆိုတာ နိမ့်ကျတာပဲ....ဘေးတံခါးကနေ ဝင်ဖို့ပဲ ထိုက်တန်တယ်၊ မဝင်ချင်ဘူးဆိုရင်လည်း ချက်ချင်း လစ်လိုက်တော့၊ ဒါမှမဟုတ် ခွေးတိုး..."
ဝုန်း!
သူ စကားမဆုံးမီမှာပင် ၊ ဓားသွားသံသည် သူ့စကားကို ဖြတ်တောက်လိုက်သည်။
အေးစက်သော လရောင်ခြည်ပမာ တောက်ပသော ဓားစွမ်းအင်သည် အမတလှေအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာသည်။
"မင်းကများ...သတ္တိရှိလှချည်လား"
ကျန်ရှိနေသော မြို့စောင့် နှစ်ဦးမှာလည်း ချက်ချင်း တုံ့ပြန်လာကြပြီး ဒေါသတကြီး ဟောက်ကာ အမတစွမ်းအား အကာအကွယ်အတားအဆီး တစ်ခုကို တည်ဆောက်၍ ခုခံလိုက်ကြသည်။
ဝုန်း!!
တောက်ပသော ဓားအလင်းတန်းသည် တစ်ဖက်လူ၏ အကာအကွယ်ကို ထိမှန်သည်နှင့် ၊ ပြင်းထန်သော ဓားစွမ်းအင် မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
မြို့စောင့်များအနေဖြင့် ခုခံကာကွယ်နေကြသော်လည်း အဆုံးမရှိသော ဓားစွမ်းအင်လှိုင်းတံပိုးများသည် သူတို့ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားပြီး အပြစ်မဲ့သူအချို့ကိုပင် ထိခိုက်စေခဲ့သည်။
မြို့စောင့်များနှင့် နီးနီးကပ်ကပ် ရှိနေသော အမတလှေအချို့မှာ ထိမှန်သွားပြီး ၊ ကြောက်စရာကောင်းသော ဓားစွမ်းအင်များကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားလေ၏။
"သေစမ်း.... ဒီကောင်က ဘာလို့ ဒီလောက်တောင် အင်အားကြီးနေရတာလဲ"
ပြင်းထန်သော ဓားစွမ်းအင်များကြားတွင် ရှိနေသော ရွှေအမတ မြို့စောင့်များမှာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြူဖပ်ဖြူရော် မျက်နှာများဖြင့် ရှိနေကြသည်။
တစ်ဖက်လူ၏ အမတစွမ်းအားမှာ ကောင်းကင်အမတနယ်ပယ်မျှသာ ဖြစ်သည်မှာ သေချာပါလျက်နှင့် အဘယ့်ကြောင့် သူတို့ကို ဤမျှအထိ ဖိနှိပ်ထားနိုင်ရသနည်း။
"ပုရွက်ဆိတ်အဆင့်ကများ"
စူးချန်ကဲသည် အေးစက်စွာ ပြုံးရယ်လိုက်ပြီး ပို၍ ကြောက်စရာကောင်းသော ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
တစ်ဖက်လူမှာ ရွှေအမတနယ်ပယ် ဖြစ်သော်လည်း အနိမ့်ဆုံးအဆင့် ရွှေအမတသာ ဖြစ်သည်။
ထို့အပြင် အထူးဆေးလုံးများဖြင့် ဤနယ်ပယ်သို့ အတင်းအကျပ် မြှင့်တင်ထားခြင်းဖြစ်ပြီး တောက်ရွှီမြို့၏ အပေါ်ယံ အကာအကွယ် စောင့်ရှောက်သူများသာ ဖြစ်ကြသည်။
စူးချန်ကဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး ထူးကဲသော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။
တစ်ချိန်တည်းမှာပင် သူသည် တားမြစ်အင်အားစုကြီးများ၏ ဆက်ခံသူလည်း ဖြစ်ရာ၊ ကောင်းကင်အမတနယ်ပယ်တွင်သာ ရှိသေးသော်လည်း ဤကဲ့သို့သော အဆင့်အတန်းမရှိသည့် ရွှေအမတများကို နှိမ်နင်းရန်မှာ အလွန်ပင် လွယ်ကူလှသည်။
ဝုန်း!!
ဒုတိယအကြိမ် ဓားစွမ်းအင်မုန်တိုင်း တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး ၊ ယင်းနှင့်အတူ ထိုနယ်မြေအတွင်း၌ နတ်ဘုရားဓားပေါင်းများစွာ ကျဆင်းလာသကဲ့သို့ အရာအားလုံးကို ခုတ်ဖြတ်ပစ်ခဲ့လေသည်။
“သွေးအန်သံ!”
ဘုန်း !
ရွှေအမတ မြို့စောင့်များ တည်ဆောက်ထားသော အကာအကွယ်သည် ဓားစွမ်းအင်များကြောင့် ကွဲအက်သွားပြီး အလင်းစများအဖြစ် ကောင်းကင်သို့ ပြန့်ကျဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ခုခံနိုင်စွမ်းကင်းမဲ့ကာ ဓားစွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်ထွက်သွားကြတော့သည်။
သူတို့သည် မြို့တံခါးနှင့် ပြင်းထန်စွာ ရိုက်မိသွားပြီး ဖုန်မှုန့်ထောင်းထောင်း ထသွားစေသည်။
ဤမြင်ကွင်းကို အစအဆုံး မြင်တွေ့လိုက်ရသော ကျင့်ကြံသူ အများအပြားမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ထောင်ပေါင်းများစွာသော မိုးကြိုးများသည် သူတို့၏ ဦးနှောက်ထဲတွင် လာရောက် ပစ်ချလိုက်သကဲ့သို့ပင်။
ရွှေအမတနယ်ပယ် မြို့စောင့်လေးဦးကို တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် လုပ်ခဲ့လေသလော။
အထူးသဖြင့် စောစောက ရိုင်းစိုင်းစွာ ပြောဆိုခဲ့သော ရွှေအမတမြို့စောင့်မှာ ခန္ဓာကိုယ်တစ်ခြမ်းလုံး ဓားစွမ်းအင်ကြောင့် သွေးအိုင်ထဲတွင် နစ်နေပြီး အသက်ငင်နေပြီ ဖြစ်သည်။
ရွှေအမတ လေးဦးသည် ကောင်းကင်အမတ တစ်ဦး၏ တိုက်ခိုက်မှုတစ်ခုတည်းကိုပင် ခုခံနိုင်စွမ်းမရှိခဲ့လေသလော။
ထို့အပြင် တောက်ရွှီမြို့တံခါးရှေ့တွင် ဤကဲ့သို့ လက်နက်ထုတ်ရဲခြင်းမှာ မိမိအသက်ကို အဆုံးစီရင်လိုက်ခြင်းပင် ဖြစ်သည်။
သာလွန် အင်အားစုကြီး (၁၈) ခုပင်လျှင် တောက်ရွှီမြို့ကို ရန်မစဝံ့ကြဘဲ တားမြစ်အင်အားစုများပင် မျက်နှာသာ ပေးရသည်ဟု ကောလဟာလများ ထွက်ပေါ်လျက် ရှိသည်။
"ငါတို့ တောက်ရွှီမြို့ရှေ့မှာ ဘယ်သူကများ ဒီလောက်ထိ ရိုင်းစိုင်းရဲတာလဲ"
တောက်ရွှီမြို့၏ အနက်ရှိုင်းဆုံးနေရာမှ ခေါင်းလောင်းသံပမာ အသံတစ်သံ ဟိန်းထွက်လာခဲ့သည်။
ထို့နောက် ပို၍ကြောက်စရာကောင်းသော မဟာလမ်းစဉ် ဖိအားတစ်ခုသည် တောက်ရွှီမြို့အတွင်းမှ ပျံ့နှံ့လာပြီး ဤနေရာသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။
ထိုဖိအားကို ခံစားလိုက်ရသော ပါရမီရှင်များမှာ မျက်နှာမကောင်းကြတော့ပေ။
"ဒီအရှိန်အဝါက.... တောက်ရွှီမြို့ရဲ့ မြို့စောင့်တပ်မှူးလား"
"တောက်ရွှီမြို့ရဲ့ မြို့စောင့်တပ်မှုူးတိုင်းက အမတဘုရင်အဆင့်ရှိတယ်လို့ ကြားဖူးတယ်"
"သွားပြီ ဒီအောက်ကမ္ဘာက တက်လာတဲ့ကောင်တော့ သေချာပေါက် သွားပြီ"
"ဟားးး...... ခွန်အားတော့ ရှိသားပဲ၊ ဒါပေမဲ့ နောက်ခံကတော့ အဆင့်မရှိဘူး"
အချို့က လှောင်ပြောင်ကြသည်။
"အဆုံးစွန်ထိ ပြောရရင် အောက်ကမ္ဘာက တက်လာသူပဲလေ ၊ ပါရမီပဲရှိပြီး နောက်ခံမရှိဘဲ တောက်ရွှီမြို့ကို လာစော်ကားတာ ကိုယ့်သေလမ်းကို ရှာတာပဲ"
သို့သော် အမတနယ်မြေမှ ပါရမီရှင်များ၏ လှောင်ပြောင်မှုများနှင့် နှိုင်းယှဉ်ပါက အောက်ကမ္ဘာမှ တက်လာသော ပါရမီရှင်များမှာ ဒေါသတကြီး ဖြစ်နေကြသည်။
"မိတ်ဆွေတို့ ဒီအစ်ကိုကြီးက ငါတို့အတွက် ထွက်ပြောပေးလို့ ဒီလို ဘေးဒုက္ခနဲ့ ကြုံရတာ"
"ငါတို့ ဒါကို ဒီအတိုင်း ကြည့်နေမယ်ဆိုရင် ငါတို့ ကျင့်ကြံနေတဲ့ မဟာလမ်းစဉ်က ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
"မှန်တယ် တောက်ရွှီမြို့က ငါတို့ကို ဒီလို ခွဲခြားဆက်ဆံတာကို ဒီညီအစ်ကိုက တရားမျှတမှုအတွက် လုပ်ပေးတာ၊ ငါတို့က ဘယ်လိုလုပ် ပစ်ထားနိုင်မှာလဲ"
"ဟင်...ဒေဝလောက ပြန်လည်စတင်ရာခေတ်ကြီးမှာ တန်းတူညီမျှမှုက အဓိကပဲ၊ သူရဲကောင်းတွေက ဘယ်ကထွက်လာလဲ မေးစရာမလိုဘူး”
".........."
ဤဖြစ်ရပ်အပြီးတွင် ၊ အောက်ကမ္ဘာမှ တက်လာသော ပါရမီရှင်များမှာ အကြီးအကျယ် ဒေါသထွက်သွားကြသည်။
သူတို့သည် စူးချန်ကဲကိုလည်း သူတို့ကဲ့သို့ပင် နောက်ခံမရှိသော အောက်ကမ္ဘာသားတစ်ဦးဟု ထင်မှတ်ထားကြသည်။
အကယ်၍ တောက်ရွှီမြို့ဘက်မှ အရေးယူလာပါက၊ သူတို့သည် စူးချန်ကဲအတွက် တတ်နိုင်သမျှ အသနားခံပေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။
….